← Chapters

အခန်း (၄၁၁-၄၁၅)

Vol. 28 Ch. 411-415

အခန်း (၄၁၁-၄၁၅)

Vol. 28 Ch. 411-415

Chapter 411

"ဘာ..."

ယဲ့ရီ၏စကားလုံးများသည် ရေပြင်ပေါ်သို့ကျသွားသည် ခဲတစ်လုံးအလား လှိုင်းဂယက်များစွာကို ဖြစ်ပွားသွားစေခဲ့သည်။

ထိုစကားလုံးများ သူတို့၏နားများအတွင်းသို့ ဝင်ရောက်လာချိန်တွင် မိုးခြိမ်းသံနှင့်တူညီနေကာ လက်ရှိနေရာတွင်ရှိနေသောလူများအားလုံးကို တိုင်လုံးကြီးများအလား နေရာမှာပင် တောင့်တင်းနေစေသည်။

ထိုလူများ အမှန်တကယ် သေဆုံးသွားခဲ့သလော....

"ရီအာ ဘာတွေဖြစ်ခဲ့တာလဲ"

ယဲ့နန်သည် ပြူးကျယ်နေသောမျက်လုံးတစ်စုံဖြင့် စူးစိုက်ကြည့်ကာ အလျင်စလိုမေးမြန်းသည်။

"မင်း မှားများမှားနေတာလား...သူတို့တွေက သိုင်းအင်ပါယာခုနစ်ယောက်လေ...ဘယ်လိုလုပ်ပြီးတော့ သူတို့ သေသွားနိုင်မှာလဲ"

"ဒါကအမှန်ပဲ...သူတို့ကို ဘယ်သူကသတ်နိုင်မှာလဲ"

"ပြီးတော့ မင်းက ဘယ်လိုလုပ်ပြီး ဒီကိစ္စကို သိနေတာလဲ"

တခြားသူများသည်လည်း အချင်းချင်းတိုင်ပင်ဆွေးနွေးလိုက်ကြကာ စူးစမ်းလိုသောအကြည့်များက ယဲ့ရီထံသို့ ကျရောက်နေသည်။

"ရှင်တို့ ဘာသံသယမှ ဝင်စရာမလိုဘူး...ဘာလို့လဲဆိုတော့ သူတို့သေဆုံးသွားတာကို ကျွန်မရဲ့မျက်လုံးနဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရလို့ပဲ"

ထိုစကားကိုပြောဆိုနေစဉ်တွင် ယဲ့ရီသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်၏။ မသိစိတ်မှာနေ၍ အဖြူရောင်ဝတ်စုံဝတ်လူငယ်၏ပုံရိပ်က သူမ၏စိတ်အတွင်း၌ ထင်ဟပ်လာကာ သူမက လေးစားကြည်ညိုသောအသံဖြင့် ပြောဆိုသည်။

"ပြီးတော့...သူတို့ကိုသတ်လိုက်တဲ့လူက မိုးထိမြင့်မားတဲ့စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက်ပဲ"

"ပြိုင်ဘက်ကင်းဆရာကြီး တစ်ယောက်လား"

လူတိုင်းသည် ပြူးကျယ်နေသောမျက်လုံးတစ်စုံဖြင့် ယဲ့ရီကို စူးစိုက်၍ ကြည့်လိုက်ကြသည်။

"အမှန်ပဲ ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက်"

ယဲ့ရီက တည်ကြည်လေးနက်စွာ အတည်ပြုလိုက်၏

"သူ သေမျိုးလောကထဲကို ရောက်နေတာက မြေပြင်ပေါ်ကို ဆင်းသက်လာတဲ့ နတ်ဘုရားတစ်ပါးလိုပဲ...သူ့ရဲ့လက်အောက်မှာ အဲဒီယောင်အဖွဲ့အစည်းက ပုရွက်ဆိတ်တွေလို ကြေမွှပျက်စီးသွားခဲ့တယ်"

အရာအားလုံးကို ပြန်လည်စဉ်းစားတွေးတောပြီးနောက် ယဲ့ရီသည် ယဲ့နန်နှင့်တခြားသူများကို ယခင်က ဖြစ်ပျက်ခဲသည့် ကိစ္စအားလုံးအား ချက်ကျလက်ကျနှင့်အသေးစိတ်ကျကျ ပြန်လည်ပြောပြလိုက်သည်။

"သာမန်သေမျိုးနည်းစနစ်တွေကို အသုံးပြုပြီးတော့ သူက အဲဒီလူခုနစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်"

"သူ့ရဲ့နည်းလမ်းတွေက သိုသိုသိပ်သိပ်နိုင်ပြီးတော့ ရိုးရှင်းမှုကိုပြန်ရောက်တဲ့အဆင့်မျိုးမှာရောက်နေပြီ...အဲဒီနည်းလမ်းက တကယ့်ကိုပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက်ရဲ့အရည်အချင်းမျိုးပဲ"

ယဲ့ရီ၏ဖော်ပြချက်များကို ကြားပြီးနောက် ယဲ့နန်နှင့်တခြားသူများသည် အံ့အားသင့်တုန်လှုပ်သွားကာ ထိုမြင်ကွင်းကို သူတို့၏မျက်လုံးများနှင့်မြင်တွေ့လိုက်ရသည့်အလား ပုံဖော်တွေးတောလိုက်ကြ၏။

ယဲ့မိသားစုရင်ဆိုင်နေရသော အကြပ်အတည်းကြီးသည် ယခုကဲ့သို့ ဖြေရှင်းပြီးသားဖြစ်သွားမည်ဟု သူတို့ တစ်ကြိမ်တခါမျှ မျှော်လင့်ထားမိခြင်းမရှိချေ။

"ရီအာ...အဲ့ဒီစီနီယာ ဘယ်ရောက်သွားတုန်း...ငါတို့က သူ့ကို အရိုအသေသွားပြုရမယ်...ပြီးတော့ငါတို့ယဲ့မိသားစုရဲ့ အသက်တွေကို ကယ်တင်ခဲ့တဲ့အတွက် သူ့ကိုကျေးဇူးတင်ကြောင်း ပြောဆိုရမယ်"

ယဲ့နန်က စိတ်အားထက်သန်စွာ ပြောဆိုသည်။ သူသည် ဤစီနီယာနှင့်တွေ့ဆုံရန် အလွန်အမင်း စိတ်အားထက်သန်နေလေ၏။

"သူ့ကိုကြည့်ရတာ ကွမ်ထန်းမြို့ကိုသွားပုံရတယ်”

ယဲ့ရီက နူးညံညင်သာစွာ ပြောဆိုသည်။

"ကွမ်ထန်းမြို့...ကောင်းတယ်..ရီအာ ငါတို့က အဲ့ဒီစီနီယာကို အရိုအသေပြုဖို့အတွက် ကွမ်ထန်းမြို့ကို အခုချက်ချင်း ထွက်ခွာကြမယ်"

ယဲ့နန်ကပြောဆိုကာ သူ့၏အသံ တုန်ရီနေသည်။

ထိုသို့ပြောဆိုပြီးနောက် သူသည် အနည်းငယ်မျှနှောင့်နှေးကြံ့ကြာနေခြင်းမရှိချေ။ သူသည် ယဲ့ရီကိုအတူခေါ်ဆောင်ကာ ကွမ်ထန်းမြို့ထံသို့ဦးတည်၍ထွက်ခွာခဲ့တော့သည်။

နှစ်နာရီခန့်ကြာပြီးနောက်....

ကွမ်ထန်းမြို့၏ဗဟိုကွင်းပြင်အတွင်း၌ တန်းစီနေသောလူတန်းရှည်ကြီးသည် နောက်ဆုံး၌ စစ်ဆေးခံ၍ပြီးဆုံးသွားလေပြီ။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ရီဖုန်းအောင်မြင်ပြီးနောက် နောက်ထပ်လူနည်းစုသာ စမ်းသပ်မှုကိုဖြတ်ကျော်နိုင်ခဲ့သည်။

"တိတ်တိတ်နေကြစမ်း"

နောက်ဆုံး၌ စစ်ဆေးရေးမှူးခေါင်းဆောင်သည် စင်မြင့်ပေါ်သို့တက်လှမ်းလာကာ သူ၏လက်ဝါးကိုအောက်သို့ဖိနှိပ်၍ မိုးခြိမ်းသံတမျှကျယ်လောင်သောအသံကြီးဖြင့် ပြောဆိုလိုက်သည်။

ဆူညံနေသော ဗဟိုကွင်းပြင်သည် ချက်ချင်းငြိမ်အတိကျသွားသည်။

"ရွေးချယ်ခံတွေ ဖြစ်လာတဲ့အတွက် မင်းတို့အားလုံးကို ဂုဏ်ပြုပါတယ်"

"တကယ်လို့ မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခုခုဖြစ်မလာဘူးဆိုရင်...မင်းတို့တွေက ငါတို့အဓိကဂိုဏ်းကြီးလေးဂိုဏ်းထဲကို ဝင်ရောက်နိုင်ပြီးတော့...အဲဒီဂိုဏ်းတွေရဲ့တပည့်တွေ ဖြစ်လာလိမ့်မယ်"

စစ်ဆေးရေးမှူးခေါင်းဆောင်သည် ရီဖုန်းတို့ရွေးချယ်ခံတစ်သိုက်ကို စူးစိုက်ကြည့်ကာပြောဆိုသည်။

ရွေးချယ်ခံတစ်စုသည် လှုပ်လှုပ်ရွရွဖြစ်သွားကာ သူတို့၏ငယ်ရွယ်နုနေသော မျက်နှာများပေါ်တွင်စိတ်လှုပ်ရှားမှုများဖြင့် ပြည်နှက်နေသည်။

"သေသေချာချာမတ်တတ်ရပ်ပြီးတော့ ရွေးချယ်ခံဖို့ကို စောင့်ဆိုင်းနေကြစမ်း"

စစ်ဆေးရေးမှူးခေါင်းဆောင်က အော်ဟစ်ကာ သူ့၏နောက်ရှိ အထက်ကောင်းကင်ယံသို့ ရိုသေလေးစားစွာလှည့်ကြည့်ပြီး ဦးညွှတ်ကာပြောဆိုလိုက်၏။

"ကျေးဇူးပြုပြီးတော့ အဓိကဂိုဏ်းကြီးလေးဂိုဏ်းရဲ့ဂိုဏ်းချုပ်တွေက တပည့်တွေကိုရွေးချယ်ပေးပါ"

သူ့၏အသံ ပြတ်တောက်သွားချိန်တွင် ကွင်းပြင်အတွင်း၌ရှိနေသော လူများအားလုံးသည် သူတို့၏ခေါင်းများကိုမော့၍ မိုးကောင်းကင်ယံသို့ကြည့်လိုက်ကြသည်။

ရုတ်တရက် ကွင်းပြင်၏အထက်ရှိမိုးကောင်းကင်ယံအတွင်း၌ လူရိပ်လေးရိပ်ထွက်ပေါ်လာကြောင်း သူတို့ သတိပြုမိသွားသည်။

သူတို့သည် လေထု၏အလယ်၌ မတ်တတ်ရပ်နေကာ သူတို့၏ဝတ်စုံများသည် လေတိုက်ခတ်ခြင်းမရှိဘဲ လူးလွန့်နေသည်။

သူတို့၏အရှိန်အဝါသက်သက်ဖြင့်ပင် ကြီးကျယ်ခမ်းနားမှုများဖြင့် ပြည့်နှက်နေကာ အံ့အားသင့်လေးစားသော အကြည့်အမြောက်အများကို ဆွဲဆောင်နိုင်ခဲ့သည်။

ထိုလူလေးယောက်သည် အမျိုးသားသုံးယောက်နှင့်အမျိုးသမီးတစ်ယောက် ဖြစ်သည်ကိုသာ သိရှိနိုင်ပေ၏။ သူတို့၏အစစ်အမှန်ပုံပန်းသွင်ပြင်များကိုမူ မထင်မရှားပုံသဏ္ဍာန်များဖြင့် ဝေဝါးဝါးသာ မြင်တွေ့နိုင်ပြီး သူတို့၏စွမ်းအားများဖြင့် ဖုန်းကွယ်ထားသည်မှာ သိသာထင်ရှားလှ၏။

သူတို့သည် မြောက်ပင်လယ်ကုန်းမြေ၏အဓိကဂိုဏ်းကြီးလေးဂိုဏ်းမှ ဂိုဏ်းချုပ်များပင်။

ထိုအဓိကဂိုဏ်းကြီးလေးဂိုဏ်းသည် မြောက်ပင်လယ်ကုန်းမြေ၏လူဘီလူးကြီးများဖြစ်ပြီး ချန်းဟိုင်တောင် ဟန်ထျန်းဓားအိမ်တော် တိမ်နဂါးတောင်ကြားနှင့်ထိုက်ရီတောင်ကြားဟု အမည်ရသည်။

ထိုဂိုဏ်များကို တောင်တစ်လုံး အိမ်တော်တစ်ခုနှင့် တောင်ကြားနှစ်ခုဟု စုပေါင်းခေါ်ဝေါ်သည်။

"ဒီတစ်ကြိမ် အသစ်ခေါ်ယူတဲ့တပည့်တွေက တကယ့်ကိုပဲ...."

ချန်းဟိုင်တောင်ဂိုဏ်းချုပ်သည် ရွေးချယ်ခံများကိုဝေ့ဝိုက်ကြည့်ပြီးနောက် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"ဒါကအမှန်ပဲ...ဒီလိုမျိုးတပည့်တွေကို အသစ်ခေါ်ယူရတဲ့အချက်ကိုကြည့်ရင် ငါတို့အဓိကဂိုဏ်းကြီးလေးဂိုဏ်း ဘယ်လောက်ထိ နိမ့်ပါးသွားမလဲဆိုတာကို တွေးကြည့်လို့ရတယ်"

ဟန်ထျန်းဓားအိမ်တော်ဂိုဏ်းချုပ်ကလည်း သူ၏ခေါင်းကို ခါယမ်းလိုက်၏။

"ရှေးဟောင်းခေတ်ကာလမှာ ကသောင်းကနင်းဖြစ်ပြီးတော့ အင်မော်တယ်မြစ်ကုန်းမြေက နိမ့်ကျသွားတယ်ဆိုပေမယ့် ဒီအတိုင်းအတာလောက်ထိတော့ ဆိုးရွားမသွားသင့်ဘူး...ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ မြောက်ပင်လယ်ကုန်းမြေမှာ အရည်အချင်းရှိတဲ့တပည့်တွေ တစတစ ပိုပြီးနည်းလာတာကို ငါ သတိပြုမိတယ်...တစ်ခုခုလွဲချော်နေပြီလို့ ငါ ခံစားနေရတယ်"

"ငါလည်း တစ်ခုခုလွဲချော်နေပြီဆိုတာ ခံစားမိတယ်"

တိမ်နဂါးတောင်ကြားဂိုဏ်းချုပ်က ထောက်ခံလိုက်သည်။

"နောက်ကြောင်းကိုပြန်ကြည့်ရင် လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က အတော်အသင့်အရည်အချင်းရှိတဲ့ တပည့်တွေကို ငါတို့ခေါ်ယူနိုင်ခဲ့သေးတယ်...ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကစပြီးတော့ ငါတို့က အရည်အချင်းရှိတဲ့ တပည့်တစ်ယောက်မှ မတွေ့ရတော့ဘူး...ဘာအကြောင်းကြောင့်မှန်း မသိရပေမယ့် အရည်အချင်းရှိတဲ့ တပည့်အရေအတွက်ကတဖြည်းဖြည်း ပိုပိုနည်းလာခဲ့တယ်..ဒါက ဖားတစ်ကောင် ဖြည်းဖြည်းချင်းပြုတ်ခံနေရတဲ့ခံစားချက်မျိုးပဲ"

သူတို့လေးယောက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ဤကိစ္စကို သူတို့အားလုံး ရှင်းရှင်းလင်းလင်းမမြင်တွေ့နိုင်စေရန် မြောက်ပင်လယ်ကုန်းမြေကို ထူထပ်သိပ်သည်းသော မြူခိုးများက လွှမ်းခြုံထားသည့်အလား သူတို့ ခံစားမိလေ၏။

"တော်ကြတော့....ဒီကိစ္စကို ဆက်ပြီးဆွေးနွေးစရာ မလိုသေးဘူး...ဒီတပည့်တွေကို ခွဲဝေယူဖို့အတွက် အရင်ပြောကြရအောင်"

ထိုက်ရီတောင်ကြားဂိုဏ်းချုပ်က ပြောဆိုသည်။

"ငါ ဒီတပည့်တွေကို အကြမ်းဖျဉ်းကြည့်ပြီးပြီ....သူတို့အားလုံးနီးပါးမှာ အဆင့်အနိမ့်ဆုံးပါရမီတွေပဲရှိတယ်...မတော်တဆကိစ္စတခုခုရှိမနေရင် ထူးချွန်တဲ့ပါရမီရှင်ဆိုလို့ အများကြီးပါလာမှာမဟုတ်ဘူး...သူတို့အတွက်နဲ့ ငါတို့က တိုက်ခိုက်ပြီး လုယက်ယူနေစရာမလိုဘူး...ဒါကြောင့် ငါတို့က သူတို့ကို သာမန်ကာလျှံကာပဲ ခွဲယူလိုက်ကြရအောင်"

ဟန်ထျန်းဓားအိမ်တော်ဂိုဏ်းချုပ်ကတည်ငြိမ်စွာပြောဆိုသည်။

တခြားသူများသည်လည်း ခေါင်းညိတ်လိုက်ကြကာ မည်သည့်ကန့်ကွက်ခြင်းမျှမရှိဘဲ သဘောတူညီလိုက်ကြသည်။

ထို့နောက် ဟန်ထျန်းဓားအိမ်တော်ဂိုဏ်းချုပ်က ပထမဆုံးစကားပြောဆိုကာ တည်ကြည်လေးနက်စွာ ထုတ်ပြန်ကြေညာလိုက်သည်။

"ပထမဆုံးအတန်းကလူတွေက ငါတို့ ဟန်ထျန်းဓားအိမ်တော်ကို ဝင်ရောက်နိုင်တယ်"

သူ့၏အသံတိတ်သွားသည်နှင့် ဟန်ထျန်းဓားအိမ်တော်မှ လူများရောက်လာကာ ထိုရွေးချယ်ခံများကို စာရင်းသွင်းလိုက်ကြသည်။

ပထမတန်းမှ ရွေးချယ်ခံများ၏မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားသောအမူအယာများ ချက်ချင်းထွက်ပေါ်လာသည်။

"ဒုတိယတန်းက ငါ့ရဲ့ထိုက်ရီတောင်ကြားကို ဝင်ရောက်နိုင်တယ်"

ထို့နောက် ထိုက်ရီတောင်ကြားဂိုဏ်းချုပ်မှပြောဆိုသည်။

"တတိယတန်းက ငါ့ရဲ့ချန်းဟိုင်တောင်ကို ဝင်ရောက်နိုင်တယ်"

ချန်းဟိုင်တောင်ဂိုဏ်းချုပ်က ဆက်လက်၍ ပြောဆိုလေ၏။

သူတို့၏အသံ ပြတ်တောက်သွားချိန်၌ ဂိုဏ်းနှစ်ဂိုဏ်းသည် ထိုရွေးချယ်ခံများကို စာရင်းသွင်းရန် အစီအစဉ်များ စတင်၍ပြုလုပ်ကြတော့သည်။

"အို ဘုရားရေ...အရမ်းချောမွေ့တာပဲ"

နောက်ဆုံးတန်းတွင် မတ်တပ်ရပ်နေသော ရီဖုန်းသည် အလွန်အမင်း စိတ်လှုပ်ရှားနေပေ၏။ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ရွေးချယ်ပြီးမှသာ သူသည် ဂိုဏ်းတစ်ဂိုဏ်းသို့ ဝင်ရောက်နိုင်မည်ဟု သူ တွေးတောခဲ့သည်။ ဤမျှထိ လက်လွတ်စပယ်နိုင်သော ရွေးချယ်မှုဖြစ်မည်ဟု သူ မျှော်လင့်မထားမိချေ။

ကြည့်ရသည်မှာ သူရှိနေသော နောက်ဆုံးတန်းသည်လည်း ရှေ့မှာအတန်းသုံးတန်းကဲ့သို့ ဂိုဏ်းအတွင်းသို့ ဝင်ရောက်နိုင်မည့်ပုံပင်။

တိကျသေချာစွာပင် တိမ်နဂါးတောင်ကြားဂိုဏ်းချုပ်၏အသံ ထွက်ပေါ်လာသည်။

"စတုတ္ထတန်းကလူတွေက ငါ့ရဲ့တိမ်နဂါးတောင်ကြားကို ဝင်ရောက်နိုင်တယ်"

စတုတ္ထတန်းမှ တပည့်များ၏မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားသောအမူအယာများ ထင်ဟပ်လာသည်။ အမှန်အားဖြင့် ရီဖုန်းသည် စိတ်အလှုပ်ရှားဆုံးလူဖြစ်ပေ၏။

ဤမြောက်ပင်လယ်သို့လာခဲ့သောခရီးတွင် ကိစ္စများသည် ဤမျှထိ အလွန်လွယ်ကူချောမွေ့နေမည်ဟု သူ မျှော်လင့်ထားမိခြင်းမရှိချေ။

ယခုချိန်၌ အရာအားလုံး အဆင်ပြေချောမွေ့သွားလေပြီ။

သူသည် ဤနေရာ၌ အချိန်အနည်းငယ်နေထိုင်ပြီးနောက် ဒုန်ရှန်းကျိုးသို့ပြန်ရောက်လာပါက ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်ရန် အရည်အချင်း​ပြည့်မီသွားပေမည်။ ထို့နောက် သူသည်စနစ်၏တာဝန်ကို ပြီးမြောက်ရန်အတွက် တပည့်များကိုလှည့်စား၍ခေါ်ယူကာ ကျင့်ကြံခြင်းလမ်းကြောင်းကို စတင်လျှောက်လှမ်းနိုင်ပြီး အစစ်အမှန်ဆရာကြီးတစ်ယောက် ဖြစ်လာပေမည်။

"ခဏနေအုံး"

သို့ရာတွင် ရီဖုန်းသည် သူ၏အနာဂတ်အတွက်အစီအစဉ်ဆွဲနေစဉ်မှာပင် တိမ်နဂါးတောင်ကြားဂိုဏ်းချုပ်၏အသံက ထပ်မံ၍ထွက်ပေါ်လာသည်။

"အဖြူရောင်ဝတ်စုံဝတ်ဆင်ထားတဲ့သူက ချွင်းချက်ပဲ...သူ့ကို ငါ လက်မခံနိုင်ဘူး"

"အဖြူရောင်ဝတ်စုံဝတ်ဆင်ထားတဲ့ တစ်ယောက်လား"

စတုတ္ထတန်းမှ ရွေးချယ်ခံများအားလုံး လှုပ်လှုပ်ရွရွဖြစ်သွားကာ အဖြူရောင်ဝတ်စုံဝတ်လူတယောက်ကို လှည့်ပတ်၍ရှာဖွေလိုက်ကြ၏။

ရီဖုန်းသည် လိုက်လံရှာဖွေလိုက်သော်လည်း မည်သူ့ကို​မျှ မမြင်တွေ့မိချေ။ ထို့နောက် လူတိုင်းသည် သူ့အားကြည့်နေသည်ကို သူသတိပြုမိသွားလေ၏။

ရီဖုန်းထံတွင် ဆိုးရွားသောအတိတ်နိမိတ်တစ်ခုရရှိလိုက်သည်။

ထို့နောက် သူ့၏ခေါင်းကို အောက်ငုံကာ တစ်ချက်ကြည့်လေသည်။

ဟင်...

အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော တစ်ယောက်မှာ သူ ဖြစ်နေသလော....

Chapter 412

"သူတို့အကုန်လုံးဝင်လို့ရပြီးတော့ ငါက ဘာလို့မရတာလဲ"

ရီဖုန်းက ကူကယ်ရာမဲ့စွာ မေးမြန်းလိုက်၏။

"ဘာလို့ မင်း ဝင်လို့မရတာလဲဆိုတာ... အကြောင်းအရင်းကို မင်း မသိဘူးလား"

တိမ်နဂါးတောင်ကြားဂိုဏ်းချုပ်က အလေးအနက်ထားသောလေသံဖြင့် တုံ့ပြန်မေးမြန်းသည်။

ရီဖုန်းသည် အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားပေ၏။

ထိုဂိုဏ်းချုပ်သည် သူ့ထံ၌ ပါရမီအရည်အချင်းမရှိသည်ကို အကြည့်တချက်ဖြင့် တွေ့မြင်သွားခဲ့သလော....

သူသည် ခါးသည်းစွာပြုံးလိုက်သော်လည်း လက်လျှော့အရှုံးပေးလိုခြင်းမရှိချေ။ ထိုကြောင့် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ပြောဆိုသည်။

"ငါ့မှာတကယ်ကိုပဲ ပါရမီမရှိပေမယ့်...မင်းရဲ့ဂိုဏ်းထဲကိုဝင်ချင်တဲ့ စိတ်ဆန္ဒက တကယ့်ကိုရှိနေတာပါ...မင်းက ချွင်းချက်တခုထားပြီးတော့ လက်ခံပေးဖို့ ငါ မျှော်လင့်မိတယ်"

ရီဖုန်း၏သဘောထားကြောင့် တိမ်နဂါးတောင်ကြားဂိုဏ်းချုပ် အနည်းငယ်အံ့အားသင့်သွားသည်။

သာမန်အခြေအနေများအောက်တွင် လူအများစုသည် ပြင်းပြင်းထန်ထန်ငြင်းဆန်ကာ သူတို့ထံတွင် အရည်အချင်းမရှိကြောင်း ဝန်ခံကြမည်မဟုတ်ချေ။ သို့ရာတွင် ရီဖုန်းသည် ထိုကိစ္စကိုတိုက်ရိုက်ဝန်ခံလိုက်သည်။ ဤကဲ့သို့စိတ်နေသဘောထားမျိုးသည် အမှန်တကယ်ကိုအဖိုးတန်ရှားပါးပေ၏။

သူက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။

"ငါ တောင်းပန်ပါတယ်...တိမ်နဂါးတောင်ကြားက ပါရမီအရည်အချင်းမရှိတဲ့လူတွေကို လက်မခံဘူး...ဒီစံနှုန်းကို ငါတို့က အရင်ကတစ်ကြိမ်တစ်ခါမှ မချိုးဖောက်ဖူးတဲ့အတွက် တိမ်နဂါးတောင်ကြားက မင်းကို လက်ခံနိုင်မှာမဟုတ်ဘူး...ဒါပေမဲ့ မင်း တခြားဂိုဏ်းတွေကိုမေးကြည့်နိုင်တယ်"

ထိုသို့ပြောဆိုပြီးနောက် သူသည် နံဘေးရှိ လူသုံးယောက်ကို စောင်းငဲ့ကြည့်ကာ နူးညံ့ညံ့သာစွာပြောဆိုလိုက်၏။

"ဒီလူငယ်လေးမှာ ပါရမီအရည်အချင်းမရှိဘူးဆိုပေမယ့် သူ့ရဲ့ကိုယ်ကျင့်တရားနဲ့စိတ်နေသဘောထားကိုကြည့်ရင် သူ့ကိုပြုစုပျိုးထောင်ပေးလို့ရနိုင်တယ်...ငါရဲ့တိမ်နဂါးတောင်ကြားမှာ ဘိုးဘေးတွေချမှတ်ထားတဲ့စည်းမျဉ်းတွေ ရှိနေတာကြောင့် ချိုးဖျက်လို့မရဘူး...ဒါပေမဲ့ မင်းတို့တွေက ချွင်းချက်တစ်ခုထားပြီးတော့ သူ့ကို လက်ခံပေးလိုက်ပါလား"

ထိုအခြင်းအရာကိုကြည့်ပြီး ရီဖုန်း၏အကြည့်သည် တခြားဂိုဏ်းချုပ်သုံးယောက်ထံသို့အလျှင်အမြန်ပြောင်းရွှေ့သွားသည်။

"ငါ တောင်းပန်ပါတယ်...ငါ့ရဲ့ဟန်ထျန်းဓားအိမ်တော်မှာလည်း တူညီတဲ့စည်းမျဉ်းတွေရှိနေတယ်"

ဟန်ထျန်းဓားအိမ်တော်ဂိုဏ်းချုပ်က အမူအယာကင်းမဲ့စွာ ပြောဆိုသည်။

"ငါ့ရဲ့ထိုက်ရီတောင်ကြားက အရင်ကလောက် အဆင့်အတန်း မမြင့်မားတော့ဘူးဆိုပေမယ့် သာမန်သေမျိုးတစ်ယောက်ကို လက်ခံတဲ့အဆင့်မျိုးထိရောက်အောင်တော့ မနိမ့်ကျသေးဘူး"

ထိုက်ရီတောင်ကြားဂိုဏ်းချုပ်က တိုက်ရိုက်ငြင်းဆန်လိုက်၏။

"တကယ်တော့ ငါ့ရဲ့ချန်းဟိုင်တောင်ကလည်း မင်းကို လက်ခံလို့ရမှာမဟုတ်ဘူး...တကယ်လို့ဒီနေ့ ငါတို့က မင်းကို ချွင်းချက်ထားလိုက်မယ်ဆိုရင် ကွင်းပြင်ထဲမှာရှိတဲ့ တခြားသူတွေကလည်းတူညီတဲ့တောင်းဆိုမှုမျိုးကို ပြုလုပ်လာကြလိမ့်မယ်...ငါတို့က အဲ့ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလဲ"

ချန်းဟိုင်တောင်ဂိုဏ်းချုပ်က သူ့၏လက်ကို ဝှေ့ယမ်းကာ ပြောဆိုသည်။

"ဒီနေ့ မင်းဒီနေရာကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲဆိုတာ ငါတို့မစုံစမ်းတော့ဘူး...မြန်မြန်ထွက်သွားတော့"

ဂိုဏ်းချုပ်လေးယောက် ပြောဆိုပြီးသည်နှင့်တစ်ချိန်တည်းမှာပင် ရီဖုန်း၏နံဘေးမှ တခြားရွေးချယ်ခံများသည် နံဘေးသို့ရှောင်ထွက်သွားကြသဖြင့် သူတစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။

ပတ်ဝန်းကျင်ရှိ ကွင်းပြင်အတွင်းမှလည်း ရီဖုန်းနှင့်ပတ်သက်၍ တီးတိုးတိုင်ပင်ဆွေးနွေးနေသံများ ထွက်ပေါ်နေသည်။

လူအုပ်ကြီး၏လစူးရှသောအကြည့်များကို တောင့်မခံနိုင်တော့သဖြင့် သူသည် ကူကယ်ရာမဲ့စွာ သက်ပြင်းတချက်ရှိုက်လိုက်၏။

ထို့နောက် သူသည် စိတ်ပျက်လက်ပျက်ဖြင့် လူအုပ်အကြားသို့တိုးဝင်ကာ ပျောက်ကွယ်သွားတော့သည်။

ရီဖုန်း၏အရေးကိစ္စသည် အဓိကဂိုဏ်းကြီးလေးဂိုဏ်းအတွက် သေးငယ်သောကြားကာလဖြစ်စဉ်တစ်ခုသက်သက်ပင်။ သူတို့သည် ဂိုဏ်းများသို့ပြန်သွားရန် ဟန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက် အရေးပေါ်သတင်းပို့မှုတစ်ခုကိုလက်ခံရရှိလိုက်ကြသည်။

"ဘာတွေ ဖြစ်နေတာလဲ"

ဂိုဏ်းချုပ်လေးယောက်က မေးမြန်းလိုက်၏။

"ဂိုဏ်းချုပ်လေးယောက်ကို သတင်းပို့ပါတယ်... ကင်းထောက်တွေဆီကရတဲ့ သတင်းတွေအရ ယောင်အဖွဲ့အစည်းက ယဲ့မိသားစုကို ပစ်မှတ်ထားနေပုံရတယ်...သူတို့က ဒီနေ့ ယဲ့မိသားစုကို တိုက်ခိုက်ဖို့ လှုပ်ရှားကြလိမ့်မယ်"

"ဘာ...."

ဂိုဏ်းချုပ်လေးယောက်လုံး ကူကယ်ရာမဲ့စွာ ထိတ်လန့်တုန်လှုပ်သွားသည်။

"ငါတို့ ဘာလုပ်သင့်လဲ""

ထိုက်ရီတောင်ကြားဂိုဏ်းချုပ်က ​မေးမြန်းသည်။

"ယဲ့မိသားစုနဲ့ငါတို့ဂိုဏ်းလေးဂိုဏ်းအကြားက ဆက်ဆံရေးက သာမန်ဆိုပေမယ့် ဒီတကြိမ်မှာ ငါတို့က သူတို့ကို ကယ်တင်သင့်တယ်"

ဟန်ထျန်းဓားအိမ်တော်ဂိုဏ်းချုပ်က ပြောဆိုသည်။

"အမှန်ပဲ...အဲ့ဒီယောင်အဖွဲ့အစည်းက ရုတ်တရက်ထွက်ပေါ်လာပြီးတော့ ဖန်းနဲ့ယွင်မိသားစုတွေကို ဖျက်ဆီးခဲ့တယ်...အခု သူတို့က ပိုပြီးအစွမ်းထက်တဲ့ ယဲ့မိသားစုကို မျက်စိကျနေပြန်ပြီ...အနာဂတ်ကျရင် ဘာတွေဆက်ဖြစ်အုံးမှာလဲ"

ချန်းဟိုင်တောင်ဂိုဏ်းချုပ်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"ဟုတ်တယ်...ယုန်တွေသေပြီးတော့ ငှက်တွေမျိုးတုန်းသွားတဲ့အချိန်ကျရင် နောက်ထပ် ငါတို့အလှည့်ဖြစ်လာမလားဆိုတာ...ဘယ်သူသိနိုင်မှာလဲ"

တိမ်နဂါးတောင်ကြားဂိုဏ်းချုပ်က ပြောဆိုလေ၏။

"ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ ကြီးမားတဲ့ လျှို့ဝှက်အကြံအစည်ကြီးတစ်ခု ရှိနေနိုင်တယ်"

"ငါတို့လေးယောက်လုံး တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေမှတော့ အချိန်ဆွဲမနေသင့်ဘူး...ယဲ့အိမ်တော်ကို အမြန်သွားပြီးတော့ သူတို့ကိုကယ်တင်ရမယ်"

ဟန်ထျန်းဓားအိမ်တော်ဂိုဏ်းချုပ်က ပြောဆိုသည်။

တခြားလူများသည် တည်ကြည်လေးနက်စွာခေါင်းညိတ်လိုက်ကြကာ တပည့်သစ်များလက်ခံသည့်ကိစ္စကို သူတို့၏လက်အောက်ငယ်သားများထံ လက်လွှဲပေးပြီး သူတို့သည် ယဲ့အိမ်တော်ထံသို့ဦးတည်၍အပြေးသွားလိုက်တော့သည်။

"ငါတို့ အရမ်းနောက်မကျသွားဖို့နဲ့ ယဲ့မိသားစုကတောင့်ခံထားနိုင်ဖို့ ငါ မျှော်လင့်မိတယ်"

သူတို့သည် လမ်းတလျှောက်လုံးအလျင်စလိုအပြေးသွားရင်း ကူကယ်ရာမဲ့စွာ သက်ပြင်းရှိုက်နေကြသည်။

သို့ရာတွင် လမ်းတဝက်အရောက်မှာပင် သူတို့သည် လေထု၏အလယ်၌ လူနှစ်ယောက်နှင့်ထိပ်တိုက်ရင်ဆိုင်မိလေ၏။

"ယဲ့နန်လား"

ထိုလူနှစ်ယောက်ကို မြင်တွေ့ပြီးနောက် သူတို့လေးယောက်လုံး အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားကာ မေးမြန်းလိုက်သည်။

"မင်းတို့က ဘယ်လိုလုပ်ပြီးတော့ ဒီနေရာကိုရောက်နေတာလဲ"

"ဒါက ငါပါ...မင်းတို့လေးယောက်က ဘာလို့ ငါ ဒီနေရာမှာ ရောက်နေတာလဲလို့ မေးရတာလဲ"

ယဲ့နန်က ပြန်လည်ချေပလေသည်။

"ယောင်အဖွဲ့အစည်းက မင်းတို့ယဲ့မိသားစုကိုပစ်မှတ်ထားနေတာ မဟုတ်ဘူးလား"

ဟန်ထျန်းဓားအိမ်တော်ဂိုဏ်းချုပ်က မေးမြန်းသည်။

"မင်းက ဘယ်လိုလုပ်ပြီးတော့ စိတ်အေးလက်အေးနဲ့ ဒီနေရာမှာ ထွက်ပေါ်လာနိုင်တာလဲ"

"ယောင်အဖွဲ့အစည်းက ငါတို့ယဲ့မိသားစုကို ပစ်မှတ်ထားနေတယ်ဆိုတာ အမှန်ပဲ"

ယဲ့နန်က ခေါင်းညိတ်ပြကာ ပြောဆိုသည်။

"ဒါပေမဲ့ မင်းတို့က ဘယ်လိုလုပ်ပြီးတော့ သိနေတာလဲ"

"ငါတို့ရဲ့ ကင်းထောက်တွေက သတင်းတွေ ရလာခဲ့တယ်...ငါတို့လေးယောက်က မင်းတို့ယဲ့မိသားစုကို ကူညီပေးဖို့အတွက် လာခဲ့တာပဲ ...ဒါပေမယ့် မင်းနဲ့ လမ်းတဝက်မှာတင် တွေ့ရမယ်လို့ငါတို့ မျှော်လင့်မထားမိဘူး"

ထိုက်ရီတောင်ကြားဂိုဏ်းချုပ်က ပြောဆိုလေ၏။

"ငါသိပြီ...ငါက မင်းတို့လေးယောက်ကို ကျေးဇူးအများကြီးတင်ပါတယ်"

ထိုစကားကိုကြားချိန်တွင် ယဲ့နန်က ကျေးဇူးတင်စကားပြောဆိုလိုက်သည်။

"ဒါပေမဲ့ မင်းတို့လေးယောက်လုံး စိတ်အေးအေးထားပါ...ငါတို့ယဲ့မိသားစုရဲ့အကျပ်အတည်းက ဖြေရှင်းပြီးသွားပြီ...ပြီးတော့ ယောင်အဖွဲ့အစည်းကလည်း ပျက်စီးသွားပြီ"

"ဘာ...."

"ယောင်အဖွဲ့အစည်းက ပျက်စီးသွားပြီလား"

ထိုစကားကိုကြားချိန်တွင် ဂိုဏ်းချုပ်လေးယောက်သည် အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားကာ အလျင်စလိုပြောဆိုလိုက်သည်။

"ဒါက ယဲ့နန်..မင်း ဖျက်ဆီးလိုက်တာလား"

"ငါ လုပ်နိုင်ပါစေလို့...ငါ ဆုတောင်းမိတယ်"

ယဲ့နန်သည် ထိုလူလေးယောက်ကို မျက်စောင်းထိုးကြည့်ပြီးနောက် ရှင်းပြလိုက်၏။

"ဒါက သူတို့အားလုံးကို ပိုက်ကွန်တစ်ခုတည်းမှာဖမ်းမိသွားသလို ဖြစ်သွားပြီးတော့....ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက်က လုပ်သွားခဲ့တာပဲ"

"ဘယ်လို ပြိုင်ဘက်ကင်ဆရာကြီးမျိုးလဲ...သူတို့ခုနစ်ယောက်လုံးက သိုင်းအင်ပါယာတွေမဟုတ်လား"

ယဲ့နန်သည် အေးစက်စက်နှာတချက်မှုတ်ကာ ယဲ့ရီကို ​အရိပ်အမြွတ်ပြပြီး ပြောဆိုသည်။

"ရီအာ....သူတို့ရဲ့အမြင်ကျယ်သွားအောင် အဲ့ဒီအချိန်တုန်းက အခြေအနေတွေ သူတို့ကိုပြောပြလိုက်စမ်း"

"ဟုတ်ကဲ့"

ယဲ့ရီက ခေါင်းညိတ်ပြသည်။

ထို့နောက် သူမသည် ထိုအချိန်တုန်းက ယောင်အဖွဲ့အစည်းမှ အဖွဲ့ဝင်များကို ရီဖုန်းမှ သတ်ဖြတ်ခဲ့သည့်မြင်ကွင်းအား ဂိုဏ်းချုပ်လေးယောက်ကို ပြန်လည်ပြောပြလိုက်သည်။

ထိုစကားများကိုနားထောင်ပြီးနောက် ဂိုဏ်းချုပ်လေးယောက်လုံး အံ့အားသင့်သွားသည်။

"လောကကြီးထဲမှာ ဒီလိုထိပ်သီးအစွမ်းထက်ကျင့်ကြံသူမျိုးရှိနေဦးမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

"အမှန်ပဲ...သေမျိုးနည်းလမ်းတွေနဲ့ သိုင်းအင်ပါယာခုနှစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်ဆိုတာ တကယ့်ကို မကြားဖူးတဲ့ကိစ္စပဲ"

"ဒီလိုအရည်အချင်းမျိုးနဲ့ဆိုရင် သူကအနည်းဆုံးတော့ လူသားအင်မော်တယ်နယ်ပယ်ရဲ့အထက်မှာရှိနေနိုင်တယ်"

"တကယ်လို့ ငါတို့က အဲ့ဒီစီနီယာကို တစ်ကြိမ်လောက်တွေ့ခွင့်ရပြီးတော့ သူနဲ့စကားပြောဆိုခွင့်ရမယ်ဆိုရင် ဒီဘဝမှာ ငါတို့အသက်ရှင်သန်နေရတာ တန်ဖိုးရှိသွားလိမ့်မယ်"

ဂိုဏ်းချုပ်လေးယောက်သည် မျှော်လင့်စောင့်စားနေသောအမူအယာများ​ဖြင့် ယဲ့ရီကိုကြည့်လိုက်ကြသည်။

"ယဲ့ရီ..အဲ့ဒီစီနီယာက အခုဘယ်နေရာမှာလဲဆိုတာ မင်း သိလား....သူ့ကို အရိုအသေပြုဖို့အတွက် ငါတို့ကို သူ့ဆီ မင်း ခေါ်သွားပေးနိုင်မလား"

"ကျွန်မရဲ့ခန့်မှန်းချက်အရဆိုရင် အဲ့ဒီစီနီယာက ကွမ်ထန်းမြို့ထဲမှာ ရှိနေလိမ့်မယ်"

ယဲ့ရီက ပြောဆိုသည်။

"ဘာ...."

"ကွမ်ထန်းမြို့လား"

ဂိုဏ်းချုပ်လေးယောက်လုံး အလွန်အမင်းအံ့အားသင့်တုန်လှုပ်သွားသည်။ ထိုစီနီယာသည် သူတို့ရှိနေခဲ့သည့် ကွမ်ထန်းမြို့အတွင်း၌ ရောက်ရှိနေမည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ တွေးထင်ထားမိခြင်းမရှိချေ။

"သွားကြားစို့...သွားကြစို့...ယဲ့နန်...ငါတို့ အခုချက်ချင်း စီနီယာဆီကို အလည်အပတ်သွားကြရအောင်"

သူတို့လေးယောက်သည် ယဲ့နန်ထက်ပင် ပို၍စိတ်လှုပ်ရှားနေကြသည်။

ယဲ့နန်ကခေါင်းညိတ်ပြကာ ယဲ့ရီကိုခေါ်ဆောင်၍ ဂိုဏ်းချုပ်လေးယောက်နှင့်အတူ ကွမ်ထန်းမြို့ထံသို့ ဦးတည်သွားလိုက်တော့သည်။

Chapter 413

မိုးကောင်းကင်ယံမှနေ၍....

နှင်းပွင့်များ တဖြည်းဖြည်း ကျဆင်းလာသည်။

မြေပြင်ပေါ်တွင် နှင်းများထူထပ်စွာလွှမ်းခြုံနေကာ နေရာအနှံ့အပြား၌ အဖြူရောင်နှင်းလွှာများရှိနေသည်။

ကွမ်ထန်းမြို့ပြင်မှ ဆယ်မိုင်ခန့်ဝေးကွာသောနေရာ၌.....

ငွေရောင်ကျားမျက်နှာဖုံးကို ဝတ်ဆင်ထားသောလူတစ်ယောက်သည် လေနှင့်နှင်းများအကြားမှ ထွက်ပေါ်လာသည်။ သူ့၏ယခင်ခြေတစ်လှမ်းသည် တစ်မိုင်ခန့်အဝေးတွေရှိနေသော်လည်း နောက်ထပ်ခြေတစ်လမ်းဖြင့် သူသည် ဤနေရာနှင့်ပေတရာအတွင်းသို့ ရောက်ရှိလာကာ သရဲတစ္ဆေတစ်ကောင်အလားပင်။

ရုတ်တရက်....

သူက ရပ်တန့်လိုက်သည်။

"အမှိုက်တစ်သိုက်ပဲ"

ငွေရောင်ကျားမျက်နှာဖုံးအောက်မှနေ၍ အသံနက်ကြီးတစ်သံ ထွက်ပေါ်လာသည်။

သူ၏လက်ကိုတချက် ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ ပေတစ်ရာပတ်လည်ရှိ ​နှင်းများအားလုံး လွင့်ထွက်သွားကာ မြေပြင်ပေါ်၌ မူလအဝါရောင်မြေသား ပေါ်လွင်လာခဲ့သည်။

ထိုအဝါရောင်မြေပြင်ပေါ်၌ အလောင်းခုနစ်လောင်း လဲလျောင်းနေသည်။

"ထကြစမ်း"

သူ့၏လက်ကိုထပ်မံ၍ ဝှေ့ယမ်းလိုက်ရာ လျှို့ဝှက်ဆန်းကြယ်သော အားလှိုင်းခုနစ်လှိုင်း ထွက်ပေါ်လာပြီး အလောင်းခုနစ်လောင်းအတွင်းသို့ စိမ့်ဝင်သွားသည်။

သို့ရာတွင်....

ထိုအလောင်းခုနစ်လောင်းထံမှနေ၍ မည်သည့်တုံ့ပြန်မှုမျှမရှိချေ။

"အမ်...."

မျက်နှာဖုံး၏အောက်မှနေ၍ ဇဝေဇဝါဖြစ်သွားသောအသံတစ်သံ ထွက်ပေါ်လာသည်။

ရုတ်ချည်းဆိုသလိုပင် သူ၏လက်ဝါးကိုထပ်မံ၍လှုပ်ရှားလိုက်ရာ အားလှိုင်းခုနစ်လှိုင်းထွက်ပေါ်လာပြီး အလောင်းများအတွင်းသို့ စိမ့်ဝင်သွားလေ၏။

သို့ရာတွင် သူမျှော်လင့်ထားသည်နှင့်ဆန့်ကျင်ဘက်ဖြစ်နေကာ အလောင်းခုနစ်လောင်းသည် မလှုပ်မယှက်ရှိနေဆဲပင်။

"ဒါက အကျိုးသက်ရောက်မှု မရှိဘူးလား"

ငွေရောင်ကျားမျက်နှာဖုံးအောက်ရှိ မျက်နှာပေါ်တွင်တည်ကြည်လေးနက်သော အရိပ်အယောင်များ ပေါ်လွင်နေသည်။ ထိုအသံကျရောက်လာပြီးနောက် သူသည် လေဟာနယ်ကိုဆုတ်ဖြဲကာ အတွင်းသို့ဝင်သွားသည်။

သွေးနီရောင်ကုန်းမြေပေါ်၌....

ဤနေရာရှိ လေဟာနယ်သည် ပုံပျက်နေပြီး ပတ်ဝန်းကျင်၌ ဖရိုဖရဲဖြစ်နေသည်။

မျက်နှာဖုံးစွပ်လူသည် ဤနေရာသို့ ရောက်ရှိလာပြီးနောက် မြေပြင်ပေါ်၌ ဒူးထောက်လိုက်၏။

"ဖျက်ဆီးခြင်းအရှင် ယောင်အဖွဲ့အစည်းပျက်စီးသွားပါပြီ"

"ပြန်လည်ရှင်သန်ခြင်းနည်းစနစ်လည်း ကျရှုံးသွားတယ်"

"မြောက်ပင်လယ်ကုန်းမြေကနေ မဟာတည်ရှိမှုကြီးတစ်ခု ရောက်လာတယ်လို့ ကျွန်တော် သံသယဝင်မိတယ်...ဒါက အရှင့်အတွက်အန္တရာယ်ဖြစ်လာနိုင်မလားလို့ ကျွန်တော် စိုးရိမ်ပူပန်မိတယ်"

သူက ရိုသေလေးစားစွာ ပြောဆိုသည်။

"ငါသိပြီ...ဒါက ဘာမှစိုးရိမ်ပူပန်နေစရာ မလိုအပ်ဘူး...အခုချိန်မှာ သူတို့ကို ခဏလွတ်ပေးထားလိုက်အုံး...ငါက ခဏလောက်အိပ်စက်ဖို့လိုအပ်နေတုန်းပဲ"

အသံနက်ကြီးတစ်သံက သွေးနီရောင်အကြားမှထွက်လာကာ မူရင်းဇစ်မြစ်နေရာကို မည်သူ​မျှ ခြေရာကောက်နိုင်မည်မဟုတ်ချေ။ သူသည် မျက်နှာဖုံးစွပ်လူ၏စကားများ မဟာတည်ရှိမှုကြီးဟုခေါ်ဆိုသူနှင့် ပတ်သက်သောကိစ္စများကို အနည်းငယ်မျှစိုးရိမ်ပူပန်ပုံမရှိချေ။

"ဟုတ်ကဲ့"

မျက်နှာဖုံးစွပ်လူသည် နောက်သို့ပြန်လှည့်ကာပျောက်ကွယ်သွားတော့သည်။

လေဟာနယ်သည်လည်း တည်ငြိမ်မှုပြန်လည်ရရှိသွားသည်။

"သောက်ချေးပဲ....ငါက ငွေအိတ်ဆယ်သုံးအိတ်အကုန်ခံခဲ့တာတောင် ဂိုဏ်းထဲကိုမဝင်နိုင်ခဲ့ဘူး ...ဘယ်လောက်တောင် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုလဲ"

ရီဖုန်းသည် ညည်းတွားကာ ငွေကိုချွေတာနိုင်ရန်အတွက် တည်းခိုခန်းမရှာတော့ဘဲ ပျက်စီးယိုယွင်းနေသော ဘုရားကျောင်းတစ်ကျောင်းအတွင်းသို့ ဝင်ရောက်လိုက်သည်။

သူသည် ထင်းခြောက်များကိုစုဆောင်းကာ မီးမွှေးပြီး သူ နွေးထွေးမှုရစေရန်အတွက် ရေနွေးအိုးတည်လိုက်သည်။

"ဟူး..."

"နောက်ဆုံးတော့ပြီးသွားပြီ"

ပွတ်ပွတ်ဆူနေသောလက်ဖက်ရည်အိုးကိုကြည့်ပြီး ရီဖုန်းက အနည်းငယ်ပြုံးလိုက်သ၏။ ထိုနောက် သူသည် ထိုအရာကို ကောက်ယူရန်ဟန်ပြင်လိုက်စဉ်မှာပင် အချိန်အတော်ကြာပျောက်ကွယ်နေသောအသံက သူ့၏စိတ်အတွင်း၌ မြည်ဟီးလာသည်။

"ဒင်..."

"လက်ခံသူကို ဂုဏ်ပြုပါတယ်...မင်းရဲ့လက်ဖက်ရည်ဖျော်စပ်တဲ့စွမ်းရည်က နတ်ဘုရားများနဲ့ယှဉ်ပြိုင်နိုင်တဲ့အဆင့်ကို ရောက်သွားပါပြီ...မင်းက တာဝန်တွေအကုန်လုံးကိုပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ရောင်ဝါကို ဆုလာဘ်အဖြစ်ရရှိသွားပါပြီ"

"တစ်ချိန်တည်းမှာပဲ:စနစ်ကိုလည်း အဆင့်မြှင့်တင်နိုင်ခဲ့တယ်"

"စနစ်ကို အဆင့်မြှင့်တင်တာလား"

ထိုအသံကိုကြားချိန်တွင် ရီဖုံးသည် စိတ်လှုပ်ရှားစွာဖြင့် ထခုန်လိုက်သည်။

သူသည် ရောင်ဝါကို ဆုလာလ်အဖြစ်ရရှိမည်အား သိရှိပြီးဖြစ်သော်လည်း စနစ်အဆင့်မြှင့်တင်မှုမှာမူ သူ့အတွက် လုံးလုံးလျားလျားအံ့အားသင့်ဖွယ်တစ်ခုပင်။

"ရောင်ဝါက ဘာအတွက်လဲဆိုတာ ငါမသိဘူး"

"ဒါမှမဟုတ် အဆင့်မြှင့်တင်ထားတဲ့စနစ်က ငါ့ကို ဘာတွေဆောင်ကျဥ်းပေးနိုင်မှာလဲ"

ရီဖုန်းထံတွင် မျှော်လင့်စောင့်စားခြင်းများနှင့် ပြည့်နှက်နေသည်။

"ဂုဏ်ယူပါတယ် လက်ခံသူ...စနစ်အဆင့်မြှင့်တင်မှု ပြီးဆုံးသွားပါပြီ"

အချိန်အတော်ကြာပြီးနောက် စနစ်၏အသံ ထပ်မံ၍ထွက်ပေါ်လာသည်။

ထိုစကားကိုကြားချိန်တွင် ရီဖုန်းက စိတ်အားထက်သန်စွာဖြင့် မေးမြန်းလိုက်၏။

"စနစ်....ရောင်ဝါက ဘာအတွက်လဲ"

"လက်ခံသူ...ကျေးဇူးပြုပြီးတော့ မင်းကိုယ်တိုင် စူးစမ်းလေ့လာကြည့်ပါ"

စနစ်၏အသံ ထွက်ပေါ်လာပြီးနောက် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

ရီဖုန်း၏နှုတ်ခမ်း မဲ့ရွဲ့သွားသည်။ သူသည် ထိုအရာကို သူကိုယ်တိုင် စူးစမ်းလေ့လာရုံသာတက်နိုင်ပေတော့မည်။

"ရောင်ဝါ...လာစမ်း"

သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

သို့ရာတွင် ဤသည်မှာ အသုံးမဝင်ချေ။

"ရောင်ဝါ..."

ရီဖုန်းက သူ့၏လက်ဝါးကိုမြှောက်ကာ ထပ်မံ၍အော်ဟစ်လိုက်သည်။

နောက်ဆုံး၌ ရွှေရောင်အလင်းတန်းတစ်တန်းက သူ့၏ခေါင်းထက်၌ ထွက်ပေါ်လာသည်။

"အိုး...ဒါက တုံ့ပြန်မှုရှိသားပဲ"

ရီဖုန်းက အလွန်အမင်းစိတ်လှုပ်ရှားသွားသည်။

"ဒီရောင်ဝါက ဘာအတွက်လဲဆိုတာ ငါ မသိသေးဘူး"

ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် ညည်းညူလိုက်သည်။

"ဖြစ်နိုင်တာတော့ ဒီရောင်ဝါက ငါ့ကို နာကျင်မှုမဖြစ်အောင် ကာကွယ်တားဆီးပေးနိုင်တာများလား"

ထိုသို့ပြောဆိုပြီးနောက် သူသည် အံ့တင်းတင်းကြိတ်ကာ မြေပြင်ပေါ်ရှိ သစ်သားတုတ်တစ်ချောင်းကိုကောက်ယူ၍ သူ၏ခေါင်းကို သူ ပြန်ရိုက်နှက်လိုက်၏။

ထိုရောင်ဝါသည်အနည်းငယ်မျှအလုပ်ဖြစ်ပုံမရဘဲ ရီဖုန်း၏ခေါင်းပေါ်၌ ကြီးမားသောဘုတစ်လုံး ကျန်ရစ်ခဲ့သည်။

"ယီးပဲ..."

ရီဖုန်းက သူ၏ခေါင်းကိုပွတ်သပ်ကာ ကျယ်လောင်စွာဆဲဆိုလိုက်သည်။

"ကြည့်ရတာတော့ ဒါကအကာအကွယ်ရောင်ဝါ ဟုတ်ပုံမရဘူး...ဖြစ်နိုင်တာတော့ ငါ့ရဲ့စကားတွေ တကယ်ဖြစ်လာမယ့်အရာများလား"

ရီဖုန်းသည် ထပ်မံ၍ကြိုးစားလိုက်၏။ သူသည်မတ်တတ်ထားရပ်ကာ ဘုရားကျောင်းတံခါး၏ပြင်ပသို့ ထွက်လေသည်။

"ငါ့အတွက် မိုးရွာချစမ်း"

သူ့၏ခေါင်းထက်ရှိ ရောင်ဝါနှင့်အတူ သူကမိုးကောင်းကင်ယံကိုကြည့်၍ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

သူ၏အသံကျရောက်သွားသည်နှင့် မိုးကောင်းကင်ယံအတွင်းရှိ တိမ်တိုက်များသည် မြင်နိုင်သောအရှိန်နှုန်းဖြင့် အပြင်းအထန်လှုပ်ရှားလာကာ တလိပ်လိပ်ထလာသည်။

ရီဖုန်းသည် မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားကာ အလွန်အမင်းစိတ်လှုပ်ရှားနေပြီး မျှော်လင့်ချက်အပြည့်ဖြင့် မိုးကောင်းကင်ယံကိုမော့ကြည့်လိုက်၏။

နောက်ဆုံး၌...

တိမ်တိုက်များမှနေ၍ မရေမတွက်နိုင်သောမိုးပေါက်များကျလာသည်။

"ဟား ဟား ဟား ဟား...ဒါက ငါပြောသမျှ တကယ်ဖြစ်လာစေမယ့်အရာပဲ"

ရီဖုန်းသည် မိုးကောင်းကင်မှကျဆင်းလာသော မိုးပေါက်များကို စူးစိုက်ကြည့်ကာစိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။

"ငါ ပြောသမျှ အမှန်တကယ်ဖြစ်လာတယ်"

"ဒါက တကယ့်ကို ငါ ဘာပြောပြော အမှန်ဖြစ်လာစေမယ့်အရာပဲ"

"ဒီစွမ်းရည်က အရမ်းအံ့အားသင့်စရာကောင်းတယ်"

စိတ်လှုပ်ရှားမှုကြောင့် ရီဖုန်းသည် ချမ်းစိမ့်လာမည်ကို စိုးရိမ်ထိတ်လန့်ခြင်း မရှိတော့ဘဲ သူ၏လက်နှစ်ဖက်ကိုဖြန့်ကားကာ မိုးကောင်းကင်ယံမှကျဆင်းလာသော မိုးရေစက်များကို ဆီးကြိုလိုက်၏။

မည်သို့ပင်ဆိုစေကာမူ...

ဤသည်မှာ သူ ဆင့်ခေါ်ခဲ့သောမိုးပင်....

"အမ်..."

ထိုအချိန်မှာပင် ရီဖုန်းက မျက်တောင်တစ်ချက်ခတ်လိုက်သည်။ မိုးကောင်းကင်ယံမှ ကျဆင်းလာသော မိုးရေစက်များကိုကြည့်ပြီး တစ်စုံတစ်ခုမှားယွင်းနေသည်ကို သူ ရုတ်တရက်ခံစားမိသည်။

"ဘာလို့ ဒါတွေက အရမ်းကြီးမားနေတာလဲ"

"သောက်ချီးပဲ...ဒါက မိုးမဟုတ်ဘူးဟ"

"ဒါက မိုးသီးတွေပဲ"

"အား..."

"သောက်ချီးပဲ ဒါက နာတယ်ဟ"

ရုတ်ချည်းဆိုသလိုပင် ရီဖုန်းသည် ကြီးမားသောမိုးသီးများ၏ ရိုက်ခတ်ခြင်းကိုခံရကာ သူ့၏နှာခေါင်းဖူးယောင်သွားပြီး သူ့မျက်နှာသည်လည်း အညိုအမဲစွဲသွားသည်။ သူသည် သူ၏ခေါင်းကိုငုံ့ကာ ထိုမိုးသီးများကိုရှောင်၍ ဘုရားကျောင်းပျက်အတွင်းသို့ အလျင်အမြန်ပြန်ပြေးလိုက်သည်။

"သောက်ချီးပဲ...သောက်ချီးပဲ...သောက်ချီးပဲကွာ"

ဘုရားကျောင်းအတွင်း၌ထိုင်နေရင်း ရီဖုန်းသည်သူ၏ခေါင်းပေါ်ရှိ ဘုများကိုစမ်းကာ သူ့၏မျက်နှာ အလွန်အမင်းသုန်မှုန်နေသည်။

Chapter 414

ရီဖုန်းသည် ဘုရားကျောင်းပျက်အတွင်း၌ ထိုင်ကာ ရောင်ဝါဆိုသည့်အရာကို ခေါင်းမာမာဖြင့်ဆက်လက်၍ စူးစမ်းလေ့လာလိုက်သည်။

တစ်နာရီ ...နှစ်နာရီကြာပြီးနောက်...

ဤသောက်ကျိုးနည်းရောင်ဝါ၏ ဖြစ်နိုင်ချေသော အကျိုးအာနိသင်များအားလုံးကို သူ နှံ့နှံ့စပ်စပ်လေ့လာခဲ့သည်။ သို့ရာတွင် သူ၏ခေါင်းထက်တွင် အလင်းတန်းတစ်တန်းတောက်ပနေသည်ကလွဲ၍ ဤအသုံးမဝင်သောအရာကြီးသည် လုံးလုံးလျားလျားအသုံးမဝင်ကြောင်း သူ နာကျင်စွာဖြင့် နားလည်သဘောပေါက်သွားလေပြီ။

အမှန်အားဖြင့်....

အကယ်၍ သူ ထိုအရာကိုစစ်စစ်ပေါက်ပေါက်စိစစ်ကြည့်ပါက အသုံးဝင်မှုအနည်းငယ်ရှိနေသည်။

ထိုအလင်းတန်းရှိနေသောကြောင့် အနည်းဆုံးအနေဖြင့် နွေရာသီအတွင်း၌ ​ညအချိန်တွင် သူလမ်းလျှောက်ရင်း မြွေများပေါ်မှ တက်နင်းမိမည်ကို ထိတ်လန့်ကြောက်ရွံစရာမလိုတော့ချေ။

မည်သည့်အရာမျှမရရှိခဲ့ဘဲ သူ၏မျှော်လင့်ချက်များ ပျက်သုဥ်းသွားပြီးနောက် ရီဖုန်းသည်စိတ်ပျက်လက်ပျက်ဖြင့် မြေပြင်ပေါ်၌ထိုင်ကာ စနစ်ကို ထပ်မံ၍စူးစမ်းလေ့လာလိုက်၏။

မည်သို့ပင်ဆိုစေကာမူ အစောပိုင်းက စနစ်ကိုအဆင့်မြှင့်တင်ခဲ့သည်မဟုတ်လော...

စနစ်သည် အဆင်မြှင့်တင်ပြီးနောက် သူ့အတွက်လုပ်ဆောင်ချက်အသစ်တချို့ ဆောင်ကျဥ်းပေးသင့်သည်မဟုတ်သော...

သို့ရာတွင် စနစ်သည် သူ့အား အရိုးစု ခရုကြီးနှင့် အချိန်မရွေးဆင့်ခေါ်၍ရသော သူ၏ခေါင်းထက်မှ အလင်းတန်းကြီးကို ဆုလာဘ်အဖြစ် ချီးမြင့်ခဲ့ခြင်းအပြင် သူ့ကို ဂီတတူရိယာများ စစ်တုရင် စာပေနှင့်ပန်းချီအစရှိသည်တို့ကို သင်ကြားပေးခဲ့ကြောင်း သူ ရုတ်တရက် အမှတ်ရသွားသည်။

ထို့ပြင် အပိုအနေဖြင့် တခြားလူများ၏ ပါရမီအရည်အချင်းကို ဆန်းစစ်နိုင်သည့် စွမ်းရည်ကိုလည်း သူ ရရှိခဲ့သည်။

တခြားစကားပြောင်းဆိုရလျှင် စနစ်၏လုပ်ဆောင်ချက်မှ ရည်ရွယ်ချက်တစ်ခုလုံးသည် တခြားလူများ၏ပါရမီအရည်အချင်းကိုဆန်းစစ်ရန်သက်သက်ပင်။

ထို့ကြောင့် ဤလုပ်ဆောင်ချက်သည် အစကတည်းကအကန့်အသတ်ရှိနေသောကြောင့် အဆင့်မြှင့်တင်ပြီးချိန်၌ မည်မျှထိ တိုးတက်သွားနိုင်မည်နည်း.....

သို့ရာတွင် သူ ထပ်မံ၍ ကြိုးစားကြည့်ရပေမည်။

ဖြစ်နိုင်သည်မှာ စနစ်ကိုအဆင်မြှင့်တင်ပြီးနောက် အရည်အချင်းဆန်းစစ်ခြင်းလုပ်ဆောင်ချက် တိုးတက်လာခြင်းဖြစ်နိုင်သည်။ ဥပမာအနေဖြင့် ထိုလုပ်ဆောင်ချက်သည် တခြားလူများ၏ပါရမီအရည်အချင်းကိုစစ်ဆေးခြင်းအပြင် ထိုလူ၏ကျင့်ကြံဆင့်နယ်ပယ် သို့မဟုတ် တခြားလျှို့ဝှက်ချက်များကို ဆန်းစစ်နိုင်ခြင်းဖြစ်ပေမည်။

သူ၏စိတ်အတွင်းသို့ ထိုအတွေးရောက်လာသည်နှင့်အတူ ရီဖုန်းသည် ဘုရားကျောင်း၏ပြင်ပသို့ တဖန်ပြန်၍ထွက်လိုက်၏။

သူသည် လေ့လာဆန်းစစ်ရန်အတွက် ပစ်မှတ်တစ်ခုကိုရှာဖွေနေဆဲမှာပင် လူရိပ်ခြောက်ရိပ်က ကွမ်ထန်းမြို့၏အထက်ကောင်းကင်ယံ၌ ဖြတ်သန်းသွားသည်။

သူတို့သည် မည်သူမည်ဝါများဖြစ်သည်ကို သူ မသိရှိသော်လည်း ပျံသန်းနိုင်သောမည်သူမဆိုကျင့်ကြံသူတစ်ယောက်ဖြစ်ပေမည်။ ထိုကြောင့် ရီဖုန်းသည် ဆန်းစစ်ခြင်းလုပ်ဆောင်ချက်ကိုအသက်သွင်းကာ ထိုလူခြောက်ယောက်ကို စူးစမ်းလေ့လာလိုက်သည်။

"ဒင်...ဆန်းစစ်ရမှာ အရမ်းပျင်းဖို့ကောင်းတယ်"

အချိန်တစ်ခဏကြာစောင့်ဆိုင်းပြီးနောက် စနစ်မှအသံ ထွက်ပေါ်လာသည်။

"အမ်..."

ဆန်းစစ်ဖို့အတွက် အရမ်းပျင်းဖို့ကောင်းတယ်ဟု ဆိုလိုက်သလော....

စနစ်၏အသံကိုကြားချိန်တွင် ရီဖုန်းသည် ချက်ချင်းကြက်သေသေသွားလေ၏။ သူ့၏စိတ်အတွင်း၌ မရေမတွက်နိုင်သော ဆဲဆိုမှုများကိုပြုလုပ်နေရင်း သူ၏နှုတ်ခမ်းများ တဆတ်ဆတ်တုန်ရီသွားသည်။

စနစ်သည်အဆင့်မြှင့်တင်ပြီးနောက် ရှိနေသည့်တစ်ခုတည်းသော လုပ်ဆောင်ချက်သည်လည်းအဆင့်မြင့်သွားမည်ဟု သူတွေးတောခဲ့သည်။

သို့ရာတွင် ဤကဲ့သို့ရလဒ်မျိုး ထွက်ပေါ်လာမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်ထားမိခြင်းမရှိချေ။

ယခုချိန်၌ ဆန်းစစ်ရန်အတွက်ပင် အလွန်ပျင်းနေသည်ဟု ထွက်ပေါ်လာခဲ့သလော....

သောက်ချီးပဲ...

ရိုက်စားစနစ်...

မင်းတို့တစ်မိသားစုလုံးကို ငါ ဒချိမယ်....

ဒေါသထွက်နေသော ရီဖုန်းသည် ဤချီးထုတ်စနစ်ကိုဆွဲထုတ်ကာ ရိုက်နှက်လိုသော်လည်း သူ့ထံ၌ လုံးလုံးလျားလျား အစွမ်းအစကင်းမဲ့နေသည်။

သူ၏ဒေါသကို ပုံချစရာနေရာရှာဖွေရင်း သူသည် ဓားတစ်လက်ကိုထုတ်ယူကာ အနီးအနားရှိ သားသတ်သမား၏စင်ပေါ်၌ တင်ထားသော ဝက်သေကောင်တစ်ခြမ်းကို အကြိမ်ရှစ်ဆယ်ကျော်ထိုးစိုက်ပြီးမှ ရပ်တန့်လိုက်သည်။

သူထွက်ခွာသွားချိန်တွင် ဝဖြိုးသောအမျိုးသမီးသားသတ်သမားသည် သူမ၏ဝက်သက်ဓားကိုမြှောက်ကာ အသားပေါင်ဝက်ခန့်သာကျန်တော့သော ဝက်သေကိုကြည့်နေသည်အား သူ မြင်တွေ့မိလေ၏။ ထို့နောက် သူသည် ထောင့်အကွယ်တစ်နေရာမှနေ၍ သူမထံသို့ ရွှေပြားတပြားကိုပစ်ပေးကာ ကျိန်ဆဲရင်းထွက်ခွာခဲ့တော့သည်။

လူခြောက်ယောက်သည် မိုးကောင်းကင်ယံအတွင်း၌ပျံသန်းကာ ကွမ်ထန်းမြို့တစ်မြို့လုံးကို စူးစိုက်၍ကြည့်လိုက်ကြသည်။

"စီနီယာရဲ့အရိပ်အယောင်ကိုတောင် ဘာလို့မတွေ့ရတာလဲ"

ဟန်ထျန်းဓားအိမ်တော်ဂိုဏ်းချုပ်က ကူကယ်ရာမဲ့စွာဖြင့် ယဲ့ရီကို မေးမြန်းသည်။

"မိန်းကလေးယဲ့...မင်း တစ်ခုခုများ လွဲချော်နေတာလား"

"ကျွန်မ ဘာမှလွဲချော်မနေဘူး...ကျွန်မက စီနီယာရဲ့ပုံပန်းသွင်ပြင်နဲ့နောက်ကျောပြင်ကို အတိအကျမှတ်မိတယ်...တကယ်လို့ ကျွန်မကသူ့ကို မြင်တွေ့ရမယ်ဆိုရင် အကြည့်တစ်ချက်နဲ့ သူ့ကိုမှတ်မိမှာ သေချာပေါက်ဘဲ"

ယဲ့ရီက သူမ၏ခေါင်းကို ခါယမ်းကာ ပြောဆိုသည်။

"ဒါဆိုရင် ကွမ်ထန်းမြို့ကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင် လှည့်ပတ်ကြည့်ပြီးတာတောင် ငါတို့က ဘာလို့ စီနီယာကို ရှာမတွေ့သေးတာလဲ....ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ"

တိမ်နဂါးတောင်ကြားဂိုဏ်းချုပ်ကလည်း မျက်မှောင်ကြုတ်ကာ ပြောဆိုလိုက်၏။

"ဒါကအမှန်ပဲ...ဖြစ်နိုင်တာတော့ စီနီယာက ငါတို့ကို မတွေ့ချင်တာများလား"

ထိုက်ရီတောင်ကြားဂိုဏ်းချုပ်က ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။

"ငါ့အထင်တော့ ဒါကဖြစ်နိုင်တယ်...ငါတို့လူခြောက်ယောက်က လူတစ်ယောက်တည်းကိုရှာနေတာ...တကယ်လို့ စီနီယာက သူ့ကိုရှာမတွေ့စေချင်ဘူးဆိုရင် ငါတို့ ဘယ်လောက်ရှာရှာ ဒါကနည်းနည်းလေးတောင် အသုံးဝင်မှာမဟုတ်ဘူး... မဟုတ်ရင် ငါတို့ သူ့ကိုရှာမတွေ့တဲ့ကိစ္စကဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ"

ချန်းဟိုင်တောင်ဂိုဏ်းချုပ်က ပြောဆိုလေသည်။

"စီနီယာက အခုလိုမျိုး တမင်သက်သက်ကြီးကျွန်မတို့ကို ရှောင်နေမယ်လို့ ကျွန်မမထင်ဘူး...သူက အရမ်းသနားကြင်နာတတ်ပြီးတော့ ဆက်ဆံဖို့လွယ်ကူတယ်"

ယဲ့ရီက သူမ၏ခေါင်းကိုခါယမ်းကာ ထင်မြင်ချက်ပေးသည်။

"ဒါဆိုရင် ဘာလို့လဲ"

ယဲ့နန်က မေးမြန်းသည်။

"ကျွန်မ အခုမှတ်မိပြီ"

ရုတ်တရက် ယဲ့ရီက ပျာပျာသလဲပြောဆိုသည်။

"ကျွန်မ စီနီယာကိုတွေ့တဲ့အချိန်မှာ သူက သူ့ကိုယ်သူ သာမန်သေမျိုးတစ်ယောက်လို့ သုံးနှုန်းပြီးတော့...သူ့ကို စီနီယာလို့မခေါ်ဖို့ ကျွန်မကို ပြောခဲ့တယ်...ဆိုလိုတာကတော့ သူကသူ့ရဲ့အဆင့်အတန်းကို နည်းနည်းလေးတောင် မပေါ်လွင်စေချင်ဘူး...ကျမတို့ အဆင်ခြင်မဲ့ပြီးပျံသန်းခဲ့တာက စီနီယာရဲ့သဘောထားနဲ့ သိသိသာသာကြီး ဆန့်ကျင်ဘက်ဖြစ်နေတယ်"

"အော်...ဒါဆိုရင် အဲဒါကြောင့်လား"

"မြန်မြန်လေး...မြန်မြန်အောက်ကိုဆင်းကြရအောင်"

ထိုစကားကိုကြားချိန်၌ လူတိုင်းသည် ချက်ချင်းနားလည်သဘောပေါက်သွားသည်။ သူတို့သည်မိုးကောင်းကင်ယံမှနေ၍ အောက်သို့အလျှင်အမြန်ဆင်းကာ တစ်ချိန်တည်းမှာပင် သူတို့၏အရှိန်အဝါများကို ဖုံးကွယ်လိုက်ကြ၏။

ထိုအချိန်မှာပင် အဓိကဂိုဏ်းကြီးလေးဂိုဏ်းမှဂိုဏ်းချုပ်လေးယောက်၏ ကျောက်စိမ်းအဆောင်လက်ဖွဲ့များ တစ်ပြိုင်နက်တည်း လင်းလက်တောက်ပလာသည်။

ထိုကျောက်စိမ်းအဆောင်လက်ဖွဲ့များအတွင်းမှ သတင်းစကားများကို ဖတ်ပြီးနောက် သူတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်ကြသည်။

သိသာထင်ရှားစွာပင်....

သူတို့လေးယောက်သည် တူညီသောသတင်းစကားကို လက်ခံရရှိခဲ့လေ၏။

"ဘာဖြစ်တာလဲ...တစ်ခုခုဖြစ်နေလို့လား"

ယဲ့နန်က မေးမြန်းလိုက်သည်။

"ယီရှန်းတောင်ကြားရဲ့ အထက်မိုးကောင်းကင်ယံမှာ ကောင်းကင်နဲ့မြေပြင်အကြားက မူမမှန်မှုတစ်ခု ထွက်ပေါ်လာတယ်...တကယ်လို့ ငါ့ရဲ့ခန့်မှန်းချက်သာမှန်မယ်ဆိုရင် ကောင်းကင်နဲ့မြေပြင်အကြားမှာရှိတဲ့ ရတနာတစ်ခု ထွက်ပေါ်လာတာပဲဖြစ်မယ်"

ထိုက်ရီတောင်ကြားဂိုဏ်းချုပ်က ပြောဆိုသည်။

"ဒါကအမှန်ပဲ...ကောင်းကင်နဲ့မြေပြင်ကြားမှာရှိတဲ့ ဒီမူမမှန်မှုကြောင့်ဖြစ်လာခဲ့တဲ့ လှုပ်ခတ်မှုတွေက အရမ်းကြီးမားတယ်....ပုန်းကွယ်နေတဲ့အင်အားစုတွေလည်း ထွက်ပေါ်လာကြပြီ... ငါတို့လေးယောက်လည်း ထွက်သွားရလိမ့်မယ်"

ဟန်ထျန်းဓားအိမ်တော်ဂိုဏ်းချုပ်က အလွန်ဝန်လေးနေသောလေသံဖြင့် ပြောဆိုသည်။

"တာဝန်က အရေးကြီးပါတယ်...မင်းတို့ကောင်တွေ သွားကြတော့"

ယဲ့နန်သည် မြောက်အရပ်ရှိ မိုးကောင်းကင်ယံကို မော့ကြည့်လိုက်သည်။ အမှန်တကယ်ကိုပင်မိုးကောင်းကင်ယံအတွင်း၌ မူမမှန်မှုများဖြင့်ပြည့်နှက်နေသည်။

သူတို့လေးယောက်သည် ထွက်ခွာသွားရန်ဝန်လေးနေသော်လည်း သူတို့ထံ၌ တခြားရွေးချယ်စရာမရှိတော့ချေ။ သို့ရာတွင် ထွက်ခွာမသွားမီ သူတို့သည် တည်ကြည်လေးနက်စွာဖြင့် ယဲ့နန်ကို တိုက်တွန်းနှိုးဆော်လိုက်၏။

"ငါတို့ အဲ့ဒီကိစ္စတွေကို ဖြေရှင်းပြီးတာနဲ့ချက်ချင်းပြန်လာခဲ့မယ်"

"အခုကတော့ စီနီယာကိုရှာဖို့ကိစ္စကို မင်းတို့နဲ့ပဲ ချန်ထားခဲ့ရတော့မယ်"

"တကယ်လို့ မင်းတို့က စီနီယာကိုရှာတွေ့မယ်ဆိုရင် ကျေးဇူးပြုပြီးတော့ ငါတို့ရဲ့ ရိုသေလေးစားမှုကို စီနီယာကို ပြောပြပေးပါ"

"နောက်ပိုင်းမှာ မင်းတို့တွေ စီနီယာနဲ့ရင်းနှီးကျွမ်းဝင်တဲ့အချိန်ကျရင် ငါတို့နဲ့မိတ်ဆက်ပေးဖို့ကိုမမေ့ပါနဲ့"

"မှတ်ထားနော်...မင်းတို့သေချာမှတ်ထားပေးပါ"

သူတို့လေးယောက်သည် ခြေလှမ်းသုံးလှမ်းခန့်လှမ်းပြီးနောက် နောက်သို့တစ်ခါပြန်လှည့်ကြည့်ကာ ယီရှန်းတောင်ကြားသို့ဦးတည်၍ ပျံသန်းသွားတော့သည်။

"အဖေ ကျွန်မတို့ စီနီယာကို ဘယ်လိုရှာကြမလဲ"

ဂိုဏ်းချုပ်လေးယောက် ထွက်ခွာသွားပြီးနောက် ယဲ့ရီက ကူကယ်ရာမဲ့စွာဖြင့် ယဲ့နန်ကိုမေးမြန်းလိုက်သည်။

"တကယ်လို့ မင်းရဲ့စိတ်နှလုံးသားက ရိုးသားဖြူစင်နေတယ်ဆိုရင် မင်းရဲ့ဆုတောင်းတွေ အမှန်တကယ် ဖြစ်လာလိမ့်မယ်...မင်းပြောတဲ့အတိုင်းဆိုရင် အဲ့ဒီစီနီယာမှာ အရမ်းမြင့်မားတဲ့အစွမ်းအစရှိနေမှာပဲ...တကယ်လို့ သူက ငါတို့နဲ့တွေ့ဖို့ မငြင်းဆန်ချင်ဘူးဆိုရင်...မကြာခင်မှာပဲ ငါတို့ သူနဲ့တွေ့ရလိမ့်မယ်"

ယဲ့နန်က နူးညံ့ညင်သာစွာ ပြောဆိုသည်။

ယဲ့ရီက ခေါင်းညိတ်လိုက်၏။

ထို့နောက် ယဲ့နန်နှင့်ယဲ့ရီတို့နှစ်ယောက်သည် ဦးတည်ချက်မဲ့စွာဖြင့် ဆက်လက်၍ရှာဖွေခဲ့ကြတော့သည်။

"မိန်းကလေး...ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ"

ယဲ့နန်တို့နှစ်ယောက်သည် လမ်းထောင့်တစ်နေရာသို့ ချိုးဝင်ပြီးနောက် ရင်းနှီးကျွမ်းဝင်သောအသံတစ်သံက နံဘေးမှထွက်ပေါ်လာသည်။

Chapter 415

ယဲ့ရီသည် ထိုစကားကိုကြားချိန်တွင်သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။

သူမက နံဘေးသို့ အလျင်စလိုလှည့်ကြည့်လိုက်၏။

တိကျသေချာစွာပင် သူမ၏နံဘေးရှိ ဘုရားကျောင်းပျက်၏တံခါးဝ၌ အဖြူရောင်ဝတ်စုံဝတ်လူတစ်ယောက် မတ်တတ်ရပ်နေကာ သူမကို ပြုံးပြနေသည်။

ဟူး....

ကြည့်ရသည်မှာ သူမ၏ခန့်မှန်းချက် မှန်ကန်ခဲ့ပုံပင်။ အစောပိုင်းက သူမတို့သည် ကွမ်ထန်းမြို့ပေါ်၌ဖြတ်သန်း၍ ပျံသန်းနေစဉ်တွင် စီနီယာဒေါသထွက်သွားခြင်း ဖြစ်ပေမည်။ ထို့ကြောင့်သူမတို့သည် မည်မျှထိ ကြိုးစားပမ်းစားရှာဖွေခဲ့သည်ဖြစ်စေ စီနီယာကို ရှာတွေ့ခဲ့ခြင်း မရှိချေ။

တို့နောက် ယခုလက်ရှိချိန်၌ သူမတို့သည်မြေပြင်ပေါ်သို့ဆင်းသက်ကာ သူမတို့၏ကျင့်ကြံဆင့်ကိုဖုံးကွယ်လိုက်သည်နှင့် စီနီယာကို ချက်ချင်းရှာဖွေတွေ့ရှိခဲ့သည်။

ဤသည်မှာ တိုက်ဆိုင်မှုတစ်ခု ဖြစ်နိုင်သလော ...

မဖြစ်နိုင်​ချေ။

စီနီယာသည် အမှန်တကယ်ကို အလွန်အစွမ်းထက်သည်ဟုသာ ပြောဆိုနိုင်သည်။ သူသည် တစ်စုံတစ်ယောက်မှ သူ့အားရှာမတွေ့စေလိုပါက လူခြောက်ယောက်သည်ကို ကွမ်ထန်းမြို့ကို စေ့စေ့စပ်စပ်ရှာဖွေခဲ့သည့်တိုင် စီနီယာကို ရှာတွေ့မည်မဟုတ်ချေ။

သို့ရာတွင် အကယ်၍ စီနီယာသည် တခြားသူများမှ သူ့အားရှာဖွေတွေ့စေလိုသည့်အချိန်၌ လမ်းမြှောင်လေးတစ်ခုအတွင်း၌ပင် သူနှင့် ပက်ပင်းတိုးနိုင်ပေမည်။

ဆရာကြီးသည် အမှန်တကယ်ကို ဆရာကြီးတစ်ယောက်ဖြစ်ကာ သဲလွန်စတစ်ခုမရှိဘဲထွက်ပေါ်လာကာ အရိပ်အယောင်မကျန်ရှိဘဲ ပြန်လည်ပျောက်ကွယ်သွားနိုင်သည်။

"ယဲ့ရီက စီနီယာကို အရိုအသေပြုပါတယ်"

ယဲ့ရီက အလျင်စလို ဦးညွှတ်အရိုအသေပြုလိုက်၏။

သူမ၏နံဘေးရှိ ယဲ့နန်သည်လည်း အချိန်မီအသိပြန်ဝင်လာသည်။ ဤသည်မှာ သူတို့ပြင်းပြင်းထန်ထန်ရှာဖွေနေသော ပြိုင်ဘက်ကင်းဆရာကြီးဖြစ်ပေမည်။

သူသည် နံဘေးသို့ တချက်စောင်းငဲ့ကြည့်လိုက်ရာ....

တိကျသေချာစွာပင် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသောလူငယ်သည် သာလွန်ထူးကဲပုံရကာ တခြားလောကမှရောက်ရှိလာသည့်အလားပင်။

သူ့၏ခန္ဓာကိုယ်တခုလုံးမှနေ၍ မည်သည့်ကျင့်ကြံဆင့်စွမ်းအားမျိုးမျှ ပေါ်လွင်နေခြင်းမရှိဘဲ ယဲ့ရီ၏ဖော်ပြချက်နှင့် တပ်တူထပ်မျှတူညီနေသည်။

ယဲ့နန်ကလည်း အလျင်စလို ဦးညွှတ်အရိုအသေပြုလိုက်၏။

"မင်း ကြည့်လိုက်အုန်း...ငါက မင်းရှေ့မှာ အမှိုက်ကောင်တချို့ကိုသတ်ခဲ့တာနဲ့ မင်းက ငါ့ကို စီနီယာလို့ ခေါင်းမာမာနဲ့ ခေါ်နေတော့တာပဲ...ဒါပေမယ့် ငါက တကယ့်ကို သာမန်သေမျိုးတစ်ယောက်လေ...သာမန်သေမျိုးတွေအကြားမှာ ကျင့်ကြံသူတွေလို အပြုအမူမျိုးတွေ လုပ်နေစရာ မလိုအပ်ပါဘူး"

ရီဖုန်းက မျက်မှောင်ကြုတ်လိုက်ကာ အလွန်အမင်း ဆွံ့အနေခဲ့သည်။

သူသည် တခြားလူများမှ သူ့အား စီနီယာဟုခေါ်ဆိုပါက ပျော်ရွှင်ဝမ်းမြောက်မိသော်လည်း သူ့ထံ၌ သင့်တော်သောအရည်အချင်း ရှိမနေချေ။

သင့်တော်သောအရည်အချင်းမရှိဘဲ ဤသို့ခေါ်ဆိုခံရခြင်း​မှာ သူ့၏အမြင်အရ သူ့၏ကြေကွဲဝမ်းနည်းမှုများကို တိုးစေရုံမှအပ တခြားအရာမရှိပေ။

အထူးသဖြင့် လွန်ခဲ့သောသောအချိန်အခိုက်အတန့်က စနစ်၏လှည့်စားမှုကို သူခံခဲ့ရသောကြောင့် ဤကိစ္စသည် သူ၏အနာပေါ်သို့ဆားလာဖြူးသကဲ့သို့ဖြစ်သွားသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

"အိုး....ဆရာကြီး...ဆရာကြီးကိုနှုတ်ဆက်ပါတယ်"

ရီဖုန်း စိတ်မကြည်မသာဖြစ်သွားသည်ကိုကြည့်ပြီး ယဲ့နန်နှင့်ယဲ့ရီတို့သည် သူတို့၏ခေါ်ဆိုသုံးနှုန်းမှုကို အလျင်စလိုပြောင်းလဲလိုက်ကြသည်။

သူတို့သည် သူတို့၏စိတ်နှလုံးသားများအတွင်းမှာနေ၍ နားလည်သဘောပေါက်ပြီးလေပြီ။ ဤဆရာကြီးသည် သူ့၏သာလွန်ထူးကဲသော သရုပ်မှန်ကို ထုတ်ဖော်ပြသလိုခြင်းမရှိသောကြောင့် သူတို့သည်လည်း ဆရာကြီးကိုအပြစ်မပြုမိစေရန် သတိပြုရပေမည်။

"အော် ဒါနဲ့ ဆရာကြီး...ငါ နင့်ကို မိတ်ဆက်ပေးပါရစေ"

ယဲ့ရီသည် တစ်စုံတစ်ခုကို အမှတ်ရသွားကာ ယဲ့နန်ကို ရီဖုန်းနှင့် အလျင်စလိုမိတ်ဆက်ပေးလိုက်၏။

"ဘာမှ မိတ်ဆက်ပေးနေစရာမလိုဘူး...သူက မင်းရဲ့အဖေပဲ ဖြစ်မယ်"

ရီဖုန်းက ပြုံးလိုက်သည်။

"ဆရာကြီးက တကယ့်ကို အံ့အားသင့်စရာကောင်းတာပဲ"

ယဲ့နန်တို့သည် အလွန်အမင်း ယုံကြည်လက်ခံသွားလေ၏။ ဆရာကြီးသည်အမှန်တကယ်ကိုပင် အံ့အားသင့်ဖွယ်ကောင်းကာ ဤကိစ္စကိုပင်သိရှိနေခဲ့သဖြင့် သူတို့အံ့အားသင့်သွားသည်။

ရီဖုန်းက မျက်လုံးစွေ၍ ကြည့်လိုက်သည်။

'ငါ့ဖင်ကြီးကိုပဲ အံ့အားသင့်ဖို့ ကောင်းနေလိုက်'

ဤဖခင်နှင့်သမီးဖြစ်သူတို့၏ ရုပ်ရည်များသည်တူညီနေသည် မဟုတ်လော။ အရူးမဟုတ်သောမည်သူမဆို တချက်ကြည့်ရုံဖြင့် ထိုကိစ္စကို ပြောဆိုနိုင်ပေမည်။

"ငါ့ရဲ့အဖေက ဆရာကြီးကို အရိုအသေပြုချင်တာကြောင့် ငါတို့က ကွမ်ထန်းမြို့ကိုအပြေးလာခဲ့တာပါ...ပြီးတော့ အဲဒီအချိန်တုန်းက ငါ့ရဲ့အသက်ကို ကယ်တင်ခဲ့တဲ့အတွက် ဆရာကြီးကိုကျေးဇူးတင်​စကား ပြောချင်လို့ပါ"

ယဲ့ရီက နူးညံ့ညင်သာစွာ ပြောဆိုသည်။

"ဟုတ်ပါတယ် ဆရာကြီး...ဒီတစ်ကြိမ်မှာ ငါကကိုယ်တိုင်လာပြီးတော့ မင်းကို ကျေးဇူးတင်စကား​ ပြောချင်လို့ပါ....မင်းက ငါရဲ့သမီးကိုကယ်တင်ရုံတင်မကဘူး...ငါတို့ယဲ့မိသားစုတစ်စုလုံးကို ကယ်တင်လိုက်တာပဲ"

ယဲ့နန်ကစိတ်ခံစားချက်အပြည့်ဖြင့် ပြောဆိုသည်။ သူ့၏မျက်နှာပေါ်တွင် အပြစ်ကင်းစင်ခြင်းများဖြင့် ပြည့်နှက်နေလေ၏။ သူသည် ရီဖုန်း၏ရှေ့၌ ဒူးထောက်ရန်ဟန်ပြင်လိုက်သည်။

ဤဖအေနှင့်သမီးဖြစ်သူသည် သူ့အား အထူးတလည်လာရောက်ရှာဖွေမည်ဟု ရီဖုန်း မျှော်လင့်မထားမိချေ။

သူတို့သည် အမှန်တကယ်ကို ရိုးသားပွင့်လင်းသူများဖြစ်ပေ၏။

သို့ရာတွင် ပြောရမည်ဆိုလျှင် ဤသည်မှာ အဓိပ္ပာယ်ရှိသည်။ အကယ်၍ ထိုနေ့တုန်းက ယဲ့ရီသာသေဆုံးသွားပါက သူမ သေဆုံးသွားသည့်အပြင် မိသားစုတစ်စုလုံးအတွက် ကြီးမားသောထိုးနှက်ချက်တစ်ခု ဖြစ်သွားမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။ ယဲ့ရီကိုကယ်တင်ခြင်းသည် သူတို့၏ယဲ့မိသားစုတစ်စုလုံးကို ကယ်တင်ခြင်းဖြစ်သည်ဟု ယဲ့နန် ပြောဆိုခြင်းမှာ အံ့အားသင့်ဖွယ်မရှိပေ။

အမှန်အားဖြင့် ရီဖုန်းသည် ဤကိစ္စကိုအနည်းငယ်မျှမှတ်သားထားခြင်း မရှိချေ။

မည်သို့ပင်ဆိုစေကာမူ သူ့၏အမြင်အရ သူသည် ယဲ့ရီကို ကယ်တင်ခဲ့ခြင်းမဟုတ်ပေ။

အကြောင်းအရင်းမှာ ယဲ့ရီသည် သူ့အားကူညီပေးလိုခြင်းကြောင့် ​အရင်ဆုံးပြေးဝင်လာခဲ့သူဖြစ်နေသောကြောင့်ပင်။ သူမသည် သူမ၏ဓားကိုဆွဲမထုတ်နိုင်မီ စိတ်လှုပ်ရှားခြင်းကြောင့်ရှုံးနိမ့်သွားခဲ့ခြင်းသာဖြစ်သည်။

"မင်းတို့နှစ်ယောက် အရမ်းယဉ်ကျေးနေစရာမလိုပါဘူး...ဒီကိစ္စက အတိတ်မှာကျန်ခဲ့ပြီ...ဒါကိုထပ်ပြီး မပြောကြနဲ့တော့"

ရီဖုန်းက အပြုံးတစ်ခုနှင့်အတူ သူ့၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ရီဖုန်းသည် ထိုကိစ္စကို အနည်းငယ်မျှမှတ်သားထားခြင်းမရှိဘဲ အမှုမထားသကဲ့သို့ အမူအယာမျိုးရှိသည်ကိုကြည့်ပြီး ယဲ့နန်သည် တိတ်တဆိတ် ကြည်ညိုလေးစားနေမိလေ၏။

ဆရာကြီးသည် အမှန်တကယ်ကို ဆရာကြီးတစ်ယောက်ပင်။

ယောင်အဖွဲ့အစည်းကို အမြစ်ပြတ်​ချေမှုန်းပြီး သူ၏ယဲ့မိသားစုတစ်စုလုံးကို ဘေးကပ်ဆိုးကြီးမှ ကယ်တင်ခဲ့သည့်တိုင် ဆရာကြီး၏မျက်လုံးအတွင်း၌ ထိုကိစ္စသည် ထည့်တွက်ရန် အနည်းငယ်မျှမထိုက်တန်ချေ။

သို့ရာတွင် စကားများစွာပြောဆိုမိပါက ဤဆရာကြီး စိတ်မကြည်မသာဖြစ်သွားမည်ကို စိုးရိမ်သဖြင့် သူသည် ကျေးဇူးတင်စကားထပ်မံ၍မပြောတော့ချေ။ သူသည် ရီဖုန်း၏သနားကြင်နာမှုကို သူ့၏စိတ်နှလုံးသားအတွင်း၌ တိတ်တဆိတ်မှတ်သားထားလိုက်တော့သည်။

"ဘုရားကျောင်းပျက်ထဲကိုဝင်ပြီးတော့ခဏလောက်ထိုင်ကြပါဦး..ငါရဲ့ငွေကြေးက အကန့်အသက်ရှိနေတာကြောင့် ငါက ဒီနေရာမှာပဲနေနိုင်တယ်"

ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။

"ဟုတ်ကဲ့"

သူတို့နှစ်ယောက်သည် ရိုသေလေးစားစွာ ခေါင်းညိတ်လိုက်ကြ၏။

သူတို့သည် ဤဘုရားကျောင်းပျက်အတွင်း၌နေထိုင်ခြင်းအတွက် ရီဖုန်းကိုအထင်အမြင်မသေးရုံသာမက ဆန့်ကျင်ဘက်အနေဖြင့် သူတို့သည် စိတ်အတွင်းမှကြိတ်၍ချီးမွမ်းနေမိသည်။

ဤကဲ့သို့ဘုရားကျောင်းပျက်တစ်ခုအတွင်း၌ နေထိုင်ခြင်းသည် ဆရာကြီးတစ်ယောက်၏ပုံစံဖြစ်နေနိုင်သည်။

သူတို့သုံးယောက်သည် မီးပုံနံဘေး၌ထိုင်ကာ စိတ်အေးလက်အေး စကားစမြည်ပြောဆိုလိုက်ကြသည်။

"ဆရာကြီးကို ကြည့်ရတာ...မြောက်ပင်လယ်ကုန်းမြေက ဟုတ်ပုံမရဘူး"

ယဲ့နန်က သတိကြီးစွာထား၍ မေးမြန်းသည်။

"ငါက ဒီဒေသခံမဟုတ်ဘူး"

ရီဖုန်းက နူးညံ့ညင်သာစွာပြောဆိုသည်။

"ငါက ဒုန်ရှန်းကျိုးကပဲ"

"ဒုန်ရှန်းကျိုးကလား"

ထိုစကားကိုကြားချိန်တွင် သူတို့နှစ်ယောက်လုံး၏မျက်လုံးများ ပြူးကျယ်သွားသည်။

သူတို့နှစ်ယောက်သည် ယခင်က ရီဖုန်း၏အကြောင်းကို တစ်ကြိမ်တခါမျှ မကြားခဲ့ဖူးသည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။ ဤစီနီယာသည် ဒုန်ရှန်းကျိုးမှရောက်လာခဲ့ခြင်းဖြစ်ပေ၏။

"ဆရာကြီးက အရမ်းဝေးတဲ့နေရာကနေ ရောက်လာတာ တကယ့်ကို အံ့အားသင့်စရာပဲ"

ယဲ့နန်က သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

"ဒီလောက်ဝေးကွာတဲ့နေရာကို ဖြတ်သန်းလာဖို့ဆိုရင် ဆရာကြီးက လမ်းတလျှောက်လုံး ကံကြမ္မာအကောင်းအဆိုးတွေ တော်တော်များများဖြတ်သန်းခဲ့ရမှာဘဲ...ဟုတ်တယ်မလား"

ဤကဲ့သို့မေးမြန်းလိုက်သည်မှာ ယဲ့နန်သည် ရီဖုန်းကို အထင်အမြင်သေးခြင်းကြောင့် မဟုတ်ချေ။

အကြောင်းအရင်းမှာ နယ်မြေနှစ်ခုကိုဖြတ်သန်းခြင်းသည် တစ်စုံတစ်ယောက်စိတ်ကူးယဉ်တွေးတောနိုင်သည်ထက် များစွာပို၍ခက်ခဲသောကြောင့်ပင်။

ဤနယ်မြေနှစ်ခုသည် မိုင်သောင်းနှင့်ချီကွာဝေးသည့်အချက်ကို ထည့်မပြောလျှင်ပင် တစ်စုံတစ်ယောက်သည် ထိုနယ်မြေနှစ်ခုကြားရှိပင်လယ်နက်ကို ဖြတ်ကျော်ရပေမည်။

ပင်လယ်နက်အတွင်းရှိ အန္တရာယ်များသည် ကြားရရုံဖြင့် လူအများအား ထိတ်လန့်ကြောက်ရွံ့စေသည်။ ထို့ပြင် ပင်လယ်ပြင်အတွင်း၌ တစ်စုံတစ်ယောက်ကို လမ်းပျောက်စေနိုင်သည့် ပင်လယ်ရေကြောင်း တားမြစ်နေရာများလည်း အမြောက်အများရှိနေလေ၏။

ထို့ကြောင့် မြောက်ပင်လယ်ကုန်းမြေ၏ သမိုင်းစဉ်တစ်လျှောက်တွင် မြောက်ပင်လယ်ကုန်းမြေမှ ဒုန်ရှန်းကျိုးနယ်မြေသို့ တိုက်ရိုက်ခရီးသွားသည့်လူဟူ၍ လူနည်းစုသာရှိသည်။

ထပ်တူထပ်မျှပင် ဒုန်ရှန်းကျိုး၏သမိုင်းစဉ်တွင်လည်း ယခင်က မြောက်ပင်လယ်ကုန်းမြေသို့လာရောက်သည့်လူဟူ၍ အနည်းစုသာရှိပေ၏။

သို့ရာတွင် ရီဖုန်းသည် ယဲ့နန်ကို မျက်လုံးစွေကြည့်ကာ ပြတ်ပြတ်သားသားပြောဆိုသည်။

"အရမ်းဝေးတယ်ဆိုတာက မင်း ဘာကိုဆိုလိုတာလဲ...ဒါက တစ်ညတာခရီးပဲလေ"

ထိုစကားကိုကြားချိန်တွင် မီးပုံအတွင်းသို့ ထင်းများဖြည့်တင်းရန် ကူညီပေးနေသော ယဲ့နန်သည် နေရာမှာပင်တောင့်တင်းသွားကာ သူ့၏လက်များ လှုပ်ရှားမှုကင်းမဲ့သွားသည်။ သူ့၏ပါးစပ်သည်လည်း အဟောင်းသားပွင့်ဟနေပေ၏။

တစ်....

တစ်ညဟုဆိုလိုက်သလော...

သူသည် ရီဖုန်းကိုစူးစိုက်ကြည့်ကာ လေအေးတစ်ချက်ရှိုက်သွင်းလိုက်သည်။

နယ်မြေနှစ်ခုအကြားဖြတ်သန်းသွားခြင်းကို သူသည် တစ်ညတာခရီးဟု ပေါ့ပေါ့တန်တန်ပြောဆိုလိုက်သလော....

All Chapters