အခန်း (၄၁၆-၄၂၀)
Vol. 28 Ch. 416-420
Chapter 416
ယဲ့နန်က သူသည် ရီဖုန်းကို လျှော့တွက်ခဲ့မိကြောင်း သိရှိသွားသည်။ ရီဖုန်း၏စကားများအနက်မှ တစွန်းတစထွက်ပေါ်လာသော အရာများမှတဆင့် ဤစီနီယာ၏စွမ်းအားသည် သူ့၏အသိအမြင်ထက် များစွာပို၍ကျော်လွန်နေကြောင်း သူ နားလည်သဘောပေါက်သွားသည်။
"ထားလိုက်တော့...ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ ဘာမှစိတ်ရှုပ်ခံနေစရာမလိုဘူး...ငါတို့က အဆင့်တူမှာရှိမနေဘူး"
ရီဖုန်းက သူ့၏ခေါင်းကိုခါယမ်းကာ ပြောဆိုလိုက်သည်။ သူသည် ဤဒေသခံများ၏အသိအမြင်မဖွံဖြိုးမှုများအတွက် သူ့၏စိတ်အတွင်းမှ သက်ပြင်းရှိုက်နေမိသည်။
ဤလူများအနက်မှအများစုသည် မြေပုံကိုကြားကာ တခြားသူများထံမှ ကြားဖူးနားဝရှိကြသော်လည်း သူတို့ကိုယ်တိုင် တစ်ကြိမ်တစ်ခါမျှ ကြုံတွေ့ဖူးမည်မဟုတ်ချေ။ သူတို့၏စိတ်ပိုင်းဆိုင်ရာသည် ရေတွင်းအောက်ခြေမှဖားသူငယ်တစ်ကောင်နှင့် တူညီနေပေ၏။
ဤသည်မှာ သူ၏အတိတ်ဘဝရှိ ကမ္ဘာမြေကြီး လုံးဝန်းကြောင်းကိုမသိရှိသော ရှေးဟောင်းလူသားများနှင့်တူညီသည်။
ခေတ်မီသူတစ်ယောက်ဖြစ်သော သူ့၏တွေးတောမှုများသည် သူတို့နှင့်ကွဲပြားခြားနားသည်မှာ သဘာဝကျသောကိစ္စပင်။
ကမ္ဘာမြေမှထွက်ခွာပြီးမှသာ တစ်စုံတစ်ယောက်သည် ကမ္ဘာမြေ၏ပုံသဏ္ဍာန် နဂါးငွေ့တန်းများနှင့်နေအဖွဲ့အစည်းတို့အပြင် ဤစကြာဝဠာအတွင်း၌ ကမ္ဘာမြေသည် မည်မျှထိသေးငယ်ကြောင်းတို့ကို သိရှိနိုင်ပေမည်။
အတိုချုပ်ပြောရလျှင် ရီဖုန်းပြောဆိုသွားသော စကားများသည် အဓိပ္ပါယ်ရှိလေ၏။
အတွေးအမြင်များနှင့်အယူအဆများအရဆိုပါက သူနှင့် ဤလူများသည် အဆင့်တူ၌ရှိမနေချေ။
ယဲ့နန်သည် ရီဖုန်း၏စကားများကြောင့် အနည်းငယ်မျှ ဒေါသထွက်သွားခြင်းမရှိချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် သင်ယူနေသည့်အလား သူ့၏ခေါင်းကို အောက်သို့ငုံလိုက်သည်။
အကြောင်းအရင်းမှာ သူနှင့်ရီဖုန်းအကြား၌ သူတို့သည် အမှန်တကယ်ကိုပင် တူညီသောအဆင့်မျိုး၌ရှိမနေချေ။
ထို့ပြင် ရီဖုန်း၏ရှေ့၌ သူ သင်ယူနိုင်ပြီး သူ့အတွက်မျက်စိပွင့်နားပွင့်ဖြစ်စေသည်။
မည်သို့ပင်ဆိုစေကာမူ နယ်မြေနှစ်ခုအကြားကို တစ်ညတည်းဖြင့် ဖြတ်သန်းသွားခြင်းသည် သူယခင်က တွေးတောကြည့်ဝံ့ဖူးခြင်းမရှိသောကိစ္စတစ်ခုပင်။
စကားခေါင်းစဉ်ကို ပြောင်းလဲလိုက်ပြီးနောက် သူတို့သည် ဆက်လက်၍ စကားစမြည် အနည်းငယ်ပြောဆိုကြသည်။
ပြင်ပ၌ နှစ်များ တစတစစပို၍ထူထပ်သိပ်သည်းလာသည်။
"မြောက်ပင်လယ်ကုန်းမြေရဲ့ရာသီဥတုက အရမ်းအပြောင်းအလဲမြန်ပြီးတော့ ခန့်မှန်းလို့မရဘူးပဲ"
ရီဖုန်းသည် နံဘေးဘက်သို့ စောင်းငဲ့ကြည့်ကာ သက်ပြင်းတချက်ရှိုက်လိုက်သည်။
ရီဖုန်းသည် အတွေးများအတွင်း နစ်မြောနေသည်ကို မြင်တွေ့ချိန်၌ ယဲ့နန်နှင့်ယဲ့ရီတို့သည်အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားပေ၏။
ဆရာကြီးသည် သူတို့အား တစ်စုံတစ်ခုကို အရိပ်အမြွတ် ပြောဆိုနေသလော...
သူတို့နှစ်ယောက်သည် ခါးမတ်မတ်ထိုင်ကာ အာရုံစူးစိုက်၍ နားထောင်လိုက်ကြသည်။
"ဒီရုတ်တရက်ဖြစ်ပေါ်လာတဲ့ နှင်းမုန်တိုင်းကြောင့် လူတွေအများကြီး သေကြလိမ့်မယ်"
ရီဖုန်းက ဝမ်းနည်းကြေကွဲစွာဖြင့် ပြောဆိုသည်။
မြောက်ပင်လယ်ကုန်းမြေအတွင်းရှိ ရာသီဥတုသည် ယခင်ကအေးစက်သော်လည်း နွေးထွေးသည့် အရိပ်အယောင်တချို့ရှိနေသည်။ ဤကဲ့သို့အခြေအနေမျိုးအောက်တွင် ရုတ်တရက်ရာသီဥတု သိသိသာသာဖောက်ပြန်လာသောကြောင့် လူအမြောက်အများသည်မျှော်လင့်ထားမိမည်မဟုတ်လေရာ သတိလက်လွတ်နေမိကြပေမည်။
ဤနေရာသို့အလာလမ်း၌ ကွမ်ထန်းမြို့အတွင်းတွင် လမ်းထောင့်များနှင့်တံတားများအောက်၌ လူအမြောက်အမြောက် အေးခဲပြီး သို့မဟုတ်အစာရေစာငတ်မွတ်ပြီး သေဆုံးနေကြသည်ကိုသူ မြင်တွေ့ခဲ့ရသည်။
သက်ပြင်းတစ်ချက် ရှိုက်လိုက်ခြင်းနှင့်အတူ...
ဤကဲ့သို့ ကျင့်ကြံခြင်းလောကအတွင်း၌ပင် လူအများစုသည် ဆင်းရဲနွမ်းပါးနေကျဆဲဖြစ်ပေ၏။
"ရုတ်တရက်ဖြစ်ပေါ်လာတဲ့ နှင်းမုန်တိုင်းက လူတွေအများကြီးကို သေစေနိုင်လာလား"
ယဲ့နန်က ရီဖုန်းကို စူးစိုက်ကြည့်ကာ ထိုစကားများကို တိတ်တဆိတ်စဉ်းစားတွေးတောလိုက်သည်။
ဖြစ်နိုင်သည်မှာ...
ဆရာကြီးသည် သူ့အား မြောက်ပင်လယ်ကုန်းမြေအတွင်းရှိ အခြေအနေများနှင့်ပတ်သက်၍ ပြောဆိုနေခြင်းဖြစ်သလော....
ထိုအကြောင်းကိုတွေးတောရင်း ယဲ့နန်သည် ရုတ်တရက် နားလည်သဘောပေါက်သွားပေ၏။
ဤသည်မှာ အမှန်ပင်။
အလွန်အမင်းနက်နဲသိမ်မွေ့ပြီး အင်အားကောင်းသော ယောင်အဖွဲ့အစည်းရုတ်တရက်ထွက်ပေါ်လာခြင်းသည် သူ ယခင်က တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ဖူးသောကိစ္စပင်။ ထို့ပြင် အမျိုးမျိုးသောကိစ္စများ၏နောက်ကွယ်မှ လျှို့ဝှက်၍လှုပ်ခတ်နေသောအရာများ...ဤသည်မှာ မြောက်ပင်လယ်၏ရာသီဥတုရုတ်တရက်ပြောင်းလဲမှုကို အတိအကျထင်ဟပ်နေစေသည်မဟုတ်လော။
ထို့ပြင် ဆရာကြီးပြောသွားသကဲ့သို့ပင် ဤမုန်တိုင်းအတွင်း၌ လူအမြောက်အများသေဆုံးပြီးပြီမဟုတ်လော...
ယောင်အဖွဲ့အစည်း၏ အမြစ်ပြတ်သုတ်သင်ခြင်းခံလိုက်ရသော ဖန်းမိသားစုနှင့်ယွင်မိသားစုတို့အပြင် အကယ်၍ ဆရာကြီးရီဖုန်း၏ကြားဝင် စွက်ဖက်မှုကြောင့်မဟုတ်ပါက သူ့၏ယဲ့မိသားစုသည်လည်း တူညီသောကံကြမ္မာမျိုးကို ကြုံတွေ့နေရလောက်လေပြီ။
"ဒါဆို ဆရာကြီးရဲ့အမြင်နဲ့ဆိုရင်....ဒီမုန်တိုင်းက ဘယ်လောက်ကြာအုံးမှာလဲ"
ယဲ့နန်က လိမ်မာပါးနပ်စွာဖြင့် မေးမြန်းသည်။
"ဒါက အချိန် အရမ်းအရမ်းကိုကြာအုံးမယ်...ပြီးတော့ ပိုပြီးကြီးမားတဲ့ မုန်တိုင်းတစ်ခုတောင် ဖြစ်လာနိုင်တဲ့ အလားအလာတွေရှိတယ်"
ရီဖုန်းသည် ပြင်ပရှိမိုးကောင်းကင်ယံကိုကြည့်ကာ အတင့်ရဲစွာဖြင့် ဤခန့်မှန်းချက်ကို ပြုလုပ်လိုက်၏။ သောက်ကျိုးနည်းမိုးသီးများသည် ကျရောက်သွားပြီဖြစ်ရာ အချိန်တိုအတွင်း၌ တဖန်ပြန်၍နွေးထွေးလာမည်မဟုတ်ချေ။
"ပိုပြီးကြီးမားတဲ့ မုန်တိုင်းတစ်ခု ရောက်လာနိုင်ပြီးတော့...ဒါက အရမ်းအရမ်းကို ကြာမြင့်အုံးမှာလား"
ယဲ့နန်၏နှလုံးသား ဒုတ်ခနဲခုန်သွားသည်။ သူသည် သူ့၏မျက်လုံးကိုကျဥ်းမြောင်းကာ လေးလေးနက်နက် စဉ်းစားတွေးတောလိုက်သည်။
ကြည့်ရသည်မှာ မြောက်ပင်လယ်ကုန်းမြေအတွင်းရှိ မုန်တိုင်းသည် အပေါ်ယံကြည့်ရသလောက် ရိုးရှင်းပုံမရချေ။ သို့ရာတွင် မြောက်ပင်လည်း ကုန်းမြေ၏ဒေသခံများသည် မည်သည့်နည်းဖြင့် ဤလေးနှင့်မိုးကို ကြံ့ကြံ့ခံနိုင်မည်နည်း။
သို့ရာတွင် ယဲ့နန်သည် မရေမရာခံစားနေရသော်လည်း သူသည် ထိတ်လန့်ကြောက်ရွံ့သွားခြင်းမရှိချေ။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် ယခုအချိန်၌ ဆရာကြီးနှင့် ဆက်ဆံနိုင်ခဲ့ပြီမဟုတ်လော။ ရီဖုန်းသည် သူ့အား အရိပ်အမြွတ်ပြောဆိုနေသောကြောင့် ဆရာကြီးသည် သူ့ကို မှန်ကန်သောလမ်းကြောင်းအား လမ်းညွန်မှုပေးမည်ဟု သူ ယုံကြည်သည်။
သို့ရာတွင် သူ့အလွန်အကျွံ မေးမြန်းဝံ့ခြင်းမရှိချေ။
သူသည် ရီဖုန်း၏နောက်လာမည့်ဖွင့်ဟပြောဆိုမှုများကို စောင့်ဆိုင်းရုံသာ တက်နိုင်ပေမည်။
"ကြည့်ရတာတော့ ငါတို့ ထင်းကုန်တော့မယ့်ပုံပဲ"
ရီဖုန်းသည် ရှေ့ရှိမီးပုံကိုကြည့်ကာမျက်မှောင်ကြုတ်လိုက်၏။ မီးတောက်များသည် အမှန်တကယ်ကို အလွန်လျှင်မြန်စွာ လောင်ကျွမ်းနေသည်။
ယခင်က သူသည် မီးပုလဲကိုထုတ်ယူကာ နွေးထွေးအောင် ပြုလုပ်လိုခဲ့သည်။ သို့ရာတွင် ဤကဲ့သို့ ပြင်းထန်သောနှင်းမုန်တိုင်းအကြား၌ မီးပုလဲ၏တန်ဖိုးသည် အလွန်အမင်းမြင့်တက်နေပေမည်။
အစောပိုင်းက သူ့ထံမှလုယက်ရန်ကြိုးစားခဲ့သည့် လူ့ခုနှစ်ယောက်ကဲ့သို့ပင် အလွန်အေးခဲနေသော လူတချို့သည် လုယက်ရန်အတွက် သူ့ထံသို့ ရောက်ရှိလာနိုင်သည်။
ထိုကြောင့် သူသည် 'ရတနာတစ်ခု ပိုင်ဆိုင်ခြင်းသည် သူခိုးများကို ဖိတ်ခေါ်သကဲ့သို့ဖြစ်သည်'ဟူသော ဆိုရိုးစကားကို နားလည်သဘောပေါက်သဖြင့် ဉာဏ်ပညာရှိစွာဖြင့် မီးပုလဲကို သိမ်းဆည်းထားလိုက်၏။
ပြဿနာမှာ ဤဘုရားကျောင်းအတွင်း၌ မည်သည့် ထင်းမျှမကျန်တော့ခြင်းပင်။ သူသည် စွန့်ပစ်ထားသော သစ်သားတံခါးချပ်တချို့ကိုခွဲ၍ သူ့ရှေ့ရှိမီးပုံကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သူနောက်ထပ် မည်သည့်အရာအား အသုံးပြုရမည်နည်း။
အချိန်တစ်ခဏကြာ စဉ်းစားတွေးတောပြီးနောက် ထိုလူနှစ်ယောက်အာရုံစူးစိုက်နေခြင်းမရှိချိန်တွင် သူ့၏သိုလှောင်လက်စွပ်အတွင်းမှ သစ်သားပန်းပုရုပ်ထုတချို့ကို ထုတ်ယူလိုက်သည်။
ထိုသစ်သားပန်းပုရုပ်များ ထွက်ပေါ်လာသည်နှင့် ယဲ့နန်နှင့်ယဲ့ရီတို့ အံ့အားသင့်တုန်လှုပ်သွားသည်။
သစ်သားရုပ်ထုတစ်ခု၏မျက်လုံးနှင့် အကြည့်ခြင်းဆိုင်လိုက်ရုံဖြင့် ယဲ့နန်၏စိတ်နှလုံးသား ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။
ဤအသက်ဝင်သော သစ်သားပန်းပုရုပ်များတွင် မဟာတာအိုစွမ်းအားများပါဝင်နေလေ၏။
သို့ရာတွင် ယဲ့နန်နှင့်ယဲ့ရီတို့နှစ်ယောက်လုံးအံ့အားသင့်သွားရသည်မှာ ရီဖုန်းသည် ထိုသစ်သားပန်းပုရုပ်များကို မီးပုံအတွင်းသို့ တိုက်ရိုက်ပစ်ထည့်လိုက်ခြင်းကြောင့်ပင်။
ရှဲ...ရှဲ...
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ယဲ့နန်သည် ထိတ်လန့်တုန်လှုပ်မှုကြောင့် ထခုန်လိုက်မိသည်။
ဤသည်မှာ အဖိုးတန်အရင်းအမြစ်များကို ဖြုန်းတီးခြင်းမဟုတ်လော....
သူသည် ဇဝေဇဝါဖြင့် ရီဖုန်းကိုကြည့်ကာမေးမြန်းလိုက်သည်။
"ဆရာကြီး...ဘာလို့ ဒီသစ်သားပန်းပုရုပ်တွေကို မီးရှို့ပစ်တာလဲ"
"ငါတို့မှာ ထင်းကုန်နေပြီလေ"
ရီဖုန်းက ကူကယ်ရာမဲ့စွာပြောဆိုသည်။
"ဒါပေမဲ့ ဘာပြဿနာမှမရှိပါဘူး...ဒါတွေက အတိတ်မှာ ငါ ပန်းပုပညာကို လေ့ကျင့်တဲ့အချိန်တုန်းက သာမာန်ကာလျှံကာ ထွင်းထုထားတဲ့ ချို့ယွင်းချက်ရှိတဲ့ ရုပ်တုလေးတွေပါ....ဒါက ပယ်ထားတဲ့အရာတချို့ပဲ...ဘာကြီးကြီးမားမားမှ မဟုတ်ပါဘူး..ဒါတွေကို မီးရှို့လိုက်တာက ဘာကြီးကျယ်တဲ့ကိစ္စမှမဟုတ်တာ"
"ပယ်ထားတဲ့ ရုပ်တုတွေလား"
ယဲ့နန်၏သွားများ တဂတ်ဂတ်ရိုက်သွားသည်။
ဤဆရာကြီး၏အရည်အချင်းသည် အမှန်တကယ်ကို ပြိုင်ဘက်ကင်းဖြစ်ပေ၏။
ဆရာကြီး၏မျက်လုံးအတွင်း၌ သာမန်ကာလျှံကာ ထွင်းထုထားသော ပန်းပုရုပ်အစိတ်အပိုင်းများသည် သူ၏ယဲ့မိသားစုအတွက် အမွေအနှစ်ဖြစ်ရန်လုံလောက်သော်လည်း ဆရာကြီးအတွက်မူ ထင်းသက်သက်သာဖြစ်နေသည်။
Chapter 417
မီးတောက်များသည် သစ်သားပန်းပုရုပ်များကို ချက်ချင်းရစ်ပတ်လွှမ်းခြုံသွားသည်။ ထို့နောက် တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များက လင်းထိန်သွားတော့သည်။
"ကောင်းကောင်းကြီး ပျော်ကြတော့"
ရီဖုန်းက ပြုံးလိုက်ကာ တစ်ချိန်တည်းမှာပင် နွေးထွေးမှုက သူ့ကို ရစ်ပတ်လာသောကြောင့် သက်တောင့်သက်သာရှိစွာဖြင့် သူ့၏မျက်လုံးကို စုံမှိတ်လိုက်သည်။
ကြီးမားသောမီးတောက်များကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး များစွာပို၍ နွေးထွေးသွားသည်။
"ပျော်ရမှာလား"
သို့ရာတွင် အဖေနှင့်သမီးဖြစ်သူသည် ရီဖုန်း၏ဆိုလိုရင်းနှင့်ပတ်သတ်ပြီး ဇဝေဇဝါဖြစ်နေကြသည်။
ရုတ်တရက်....
သူတို့နှစ်ယောက်သည် မီးလောင်ကျွမ်းနေသော ပန်းပုရုပ်ထုများမှနေ၍ ကြယ်ရောင်ကဲ့သို့မီးပွားများ ဖြာထွက်လာသည်ကို ရုတ်တရက် ရှာဖွေတွေ့ရှိမိလေ၏။
ဤကြယ်ရောင်မီးပွားများ မျောလွင့်လာကာ ယဲ့နန်နှင့်ယဲ့ရီတို့၏ ခန္ဓာကိုယ်ပေါ်သို့ ဖြာကျလာသည်။
ဤအချိန်အခိုက်အတန့်တွင် သူတို့နှစ်ယောက်သည် ဥာဏ်အလင်းရသွားကာ သူတို့၏ကျင့်ကြံမှုစွမ်းအားများ မြင့်တက်လာသည်ကို ရှင်းရှင်းလင်းလင်းခံစားမိသည်။
အမှန်အားဖြင့်....
ဤသည်မှာ သူတို့၏ကျင့်ကြံမှုစွမ်းအားများ မြင့်တက်လာခြင်းသက်သက်ဆိုပါက သူတို့နှစ်ယောက်ကို အလွန်အမင်းစိတ်လှုပ်ရှားစေမည်မဟုတ်ချေ။ ထိုကြယ်ရောင်မီးပွားများ ဖြာကျလာခြင်းအောက်တွင် သူတို့၏ပါရမီအရည်အချင်းများနှင့်ရုပ်ခန္ဓာကိုယ်တို့သည်လည်း အကြီးအကျယ်တိုးတက်လာခဲ့သည်။
ရှီး...
သူတို့နှစ်ယောက်သည် စိတ်လှုပ်ရှားစွာဖြင့် လေအေးတစ်ချက် ရှိုက်သွင်းလိုက်ကြသည်။
သာမာန်လူများအတွက် ပါရမီအရည်အချင်းနှင့်ရုပ်ခန္ဓာကိုယ်တို့သည် အလွန်အမင်းအစွမ်းထက်သော ရတနာများသာရှိမနေပါက များစွာတိုးတက်လာရန်မှာ မဖြစ်နိုင်ချေ။ အထူးသဖြင့် သူတို့နှစ်ယောက်၏အသက်အရွယ်အရ ထိုအရာများသည် နိဂုံးချုပ်သွားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
သို့ရာတွင် သူတို့ရှေ့ရှိမြင်ကွင်းသည် သူတို့၏အသိအမြင်များကို တိုက်ရိုက်ရိုက်ချိုးလိုက်သည့်အလားပင်။
ဤသည်မှာ ကြီးထွားမှုရပ်တန့်သွားသော အသက်လေးဆယ် ငါးဆယ်ခန့် လူပုလေးတစ်ယောက်သည် ရုတ်တရက် တစ်ဆယ်စင်တီမီတာခန့် အရပ်ရှည်လာသည်နှင့်တူညီသည်။
ဤကဲ့သို့ ထိတ်လန့်တုန်လှုပ်ဖွယ်နည်းလမ်းမျိုးကို သူတို့ တစ်ကြိမ်တစ်ခါမျှ ကြားခဲ့ဖူးခြင်းမရှိချေ။
"ဆရာကြီးက ငါတို့ကို ကောင်းကောင်းပျော်ကြတော့လို့ပြောတာ အံ့အားသင့်စရာမရှိတော့ဘူး... အခုကြည့်ကြည့်တော့မှ သူက ငါတို့ကို ခုလိုမျိုး ကြီးမားတဲ့အခွင့်အရေးတစ်ခု ပေးခဲ့တာပဲ"
အဖေနှင့်သမီးဖြစ်သူသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သူတို့၏စိတ်နှလုံးသားများအတွင်းရှိ စိတ်လှုပ်ရှားမှုများကို ဖော်ပြနိုင်စွမ်းမရှိတော့ချေ။
အချိန်အတော်ကြာပြီးနောက်...
သစ်သားပန်းပုရုပ်များ၏ အစိတ်အပိုင်းအများစုလောင်ကျွမ်းသွားကာ ကြယ်ရောင်အလင်းတန်းများသည်လည်း တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။ ယဲ့နန်နှင့်ယဲ့ရီတို့သည်လည်း အကျိုးကျေးဇူးများစွာ ရရှိခဲ့ပေ၏။
"ဆရာကြီး...ငါတို့သားအဖနှစ်ယောက်က ဆရာကြီးရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်"
သားအဖနှစ်ယောက်သည် တုန်တုန်ရီရီဖြင့် ရီဖုန်း၏ရှေ့တွင် ဒူးထောက်ရန်ဟန်ပြင်လိုက်ကြသည်။
"မင်းတို့နှစ်ယောက်က တကယ့်ကိုပဲ...အရမ်းကြီးယဉ်ကျေးနေစရာ မလိုပါဘူး"
ရီဖုန်းသည် ဆွံအသွားပြီး သူ၏မျက်လုံးများကိုဖွင့်ကြည့်ကာ ဤသားအဖနှစ်ယောက်သည် ထပ်မံ၍အရူးထလာပြန်ပြီဟု သူ တိတ်တဆိတ်တွေးတောလိုက်မိသည်။
"ဆရာကြီး...ဒါက မင်းအတွက် လက်ချောင်းလေးတစ်ချောင်း လှုပ်လိုက်ရုံနဲ့ ဖြစ်လာနိုင်တဲ့အသေးအမွှားကိစ္စပဲ...ဒါပေမဲ့ ငါတို့သားအဖနှစ်ယောက်အတွက်ကတော့...."
ယဲ့ရီနှင့်ယဲ့နန်တို့သည် သူတို့၏စိတ်နှလုံးသားများအတွင်းရှိ စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်ထားနိုင်စွမ်း မရှိတော့ချေ။ သူတို့သည် ရီဖုန်းကိုအလွန်ကျေးဇူးတင်နေကြသဖြင့် သူ့ရှေ့၌ ထပ်မံ၍ဒူးထောက်လိုက်ကြသည်။
"ဟူး...မင်းတို့ ဒီလောက်ထိယဉ်ကျေးနေဖို့ မလိုအပ်ဘူးလို့ ငါပြောပြီးပြီလေ...တကယ်လို့ မင်းတို့က ငါ့ကို ကျေးဇူးတင်တယ်ဆိုရင် ဒီသနားကြင်နာမှုကို လက်ဆင့်ကမ်းပြီးတော့ လူတွေကို ပိုပြီးကူညီပေးပါ"
ရီဖုန်းသည် ထိုသားအဖနှစ်ယောက်ကို မတ်တတ်ထရပ်နိုင်ရန် ကူညီပေးကာ ဆွံ့အစွာဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
ဤသားအဖနှစ်ယောက်၏တယူသန်နေမှုကို သူအမှန်တကယ်ကို သည်းမခံနိုင်တော့ချေ။ ဤသည်မှာ အနည်းငယ်အလွန်အကျွံဖြစ်နေသဖြင့် သူ့အား အလွန်အမင်း စိတ်မသက်မသာခံစားရစေသည်။
ထိုအခြင်းအရာကိုကြည့်ပြီး ရီဖုန်းသည် ယဲ့နန်၏ပခုံးကို အလျှင်အမြန်ပုတ်လိုက်သည်။ သူသည် ဤသားအဖနှစ်ယောက် ထပ်မံ၍ထိုသို့ပြုလုပ်မည်ကို စိုးရိမ်သောကြောင့် သူ့၏ပါးစပ်မှနေ၍ ဟိတ်ဟန်လုပ်၍ပြောဆိုသောစကားများကို ထွက်ပေါ်လာသည်။
"ဒါကအမှန်ပဲ....ချစ်ခြင်းမေတ္တာတွေကို လက်ဆင့်ကမ်းပါ"
"မင်းတို့လုပ်နိုင်မယ်လို့ ငါ ယုံကြည်တယ်"
"မင်းတို့ရဲ့စွမ်းအားတွေကို အသုံးပြုပြီးတော့ လူတွေကို တတ်နိုင်သလောက် ကူညီပေးပါ... မြောက်ပင်လယ်ကုန်းမြေတစ်ခွင်လုံးကို ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေပါစေ"
"သွားကြတော့"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် သူ၏လက်ကိုဆန့်တန်းကာ သူတို့အားထွက်ခွာသွားရန် တိုက်ရိုက်အမိန့်ပေးလိုက်၏။
အကြောင်းအရင်းမှာ သူသည် ဤသားအဖနှစ်ယောက်၏ အလွန်အကျွံ စိတ်အားထက်သန်မှုကြောင့် သူ့အား အလွန်အမင်း စိတ်မသက်မသာဖြစ်စေမှုကို သူ ဆက်လက်၍ တောင့်မခံနိုင်သောကြောင့်ပင်။
ရီဖုန်းသည် သူတို့အားထွက်သွားရန်အမိန့်ပေးလိုက်သောကြောင့် သားအဖနှစ်ယောက်သည် မလိုက်နာဘဲမနေဝံ့သဖြင့် ဘုရားကျောင်းပျက်အတွင်းမှ ချက်ချင်းထွက်ခွာခဲ့တော့သည်
သို့ရာတွင် ဘုရားကျောင်းပျက်အတွင်းမှ ထွက်လာပြီးနောက် သားအဖနှစ်ယောက်သည် ရီဖုန်း၏စကားများနှင့်ပတ်သက်ပြီး တွေးတောနေဆဲပင်။
"ငါ အခုသိသွားပြီ"
ရုတ်တရက် ယဲ့နန်သည် ထိုစကားများကို နားလည်သဘောပေါက်သွားသည်။
"အမ်...အဖေ...ကျေးဇူးပြုပြီးတော့ ဆရာကြီးကဘာကိုဆိုလိုတာလဲဆိုတာကျွန်မကိုပြောပြပါအုံး"
ယဲ့ရီက စိတ်အားထက်သန်စွာဖြင့် မေးမြန်းသည်။
"တကယ်လို့ ငါ့ရဲ့ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် ဆရာကြီးက မြောက်ပင်လယ်ကုန်းမြေမှာ အမှောင်ထုကြီးဖုံးလွှမ်းနေတာ မြင်ချင်ပုံမရဘူး...
ဒါကြောင့် သူက ဒီကိစ္စကိုကယ်တင်ဖို့အတွက် လူတွေကို ရွေးချယ်နေတာပဲ"
ယဲ့နန်က စိတ်လှုပ်ရှားစွာဖြင့်ပြောဆိုသည်။
"ငါတို့ယဲ့မိသားစုကလည်း ဆရာကြီးရဲ့ရွေးချယ်တာကို ခံရတဲ့လူတွေ ဖြစ်လာခဲ့တယ်"
ထိုစကားကိုကြားချိန်တွင် ယဲ့ရီသည် ချက်ချင်းနားလည်သဘောပေါက်သွားကာ ဆက်လက်၍ပြောဆိုလေ၏။
"ဒါကြောင့် ဆရာကြီးက သူ့ရဲ့ချစ်ခြင်းမေတ္တာတွေကို လက်ဆင့်ကမ်းပြီးတော့ မြောက်ပင်လယ်ကုန်းမြေမှာ အလင်းရောင်တွေဖုံးလွှမ်းလာအောင်လုပ်ဖို့ ကျွန်မတို့ကိုတောင်းဆိုခဲ့တာလား"
"ဒါက အမှန်ပဲ"
ယဲ့နန်က တည်ကြည်လေးနက်စွာခေါင်းညိတ်ပြပြီး ပြောဆိုသည်။
"ပြီးတော့ ဆရာကြီးက ငါတို့မှာရှိတဲ့စွမ်းအားတွေကိုသိထားတယ်...ငါတို့က ဘာပြောင်းလဲမှုကိုမှ လုပ်နိုင်စွမ်း ရှိမှာမဟုတ်ဘူး...ဒါကြောင့် သူက သစ်သားပန်းပုရုပ်တွေကိုမီးရှို့ပြီးတော့ ငါတို့ရဲ့ကျင့်ကြံဆင့်ကို မြှင့်တင်ပေးခဲ့တဲ့အပြင် ငါတို့ရဲ့ ပါရမီအရည်အချင်းနဲ့ရုပ်ခန္ဓာကိုယ်တွေကိုလည်း ပြန်ပြီးပုံသွင်းပေးခဲ့တယ်"
"ကျွန်မ အခုသိသွားပြီ"
ယဲ့ရီက သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
"ဆရာကြီးက မြောက်ပင်လယ်ရဲ့အနာဂတ်အခြေအနေတွေ ကျွန်မတို့ကို ပြောပြခဲ့တာအံ့အားသင့်စရာမရှိတော့ဘူး...သူက ကျွန်မတို့ကို အခွင့်အရေးပေးခဲ့မှတော့...သူ့ရဲ့ရည်ရွယ်ချက်က ဒါပဲ ဖြစ်နိုင်တယ်"
"ဟုတ်တယ်...ပြန်တွေးကြည့်မယ်ဆိုရင်ဆရာကြီးရဲ့နည်းလမ်းတွေက အရမ်းအံ့အားသင့်စရာကောင်းတာပဲ"
ယဲ့နန်က အံ့အားတသင့် ပြောဆိုသည်။
"ငါတို့တွေ သူနဲ့တွေ့တဲ့အချိန်ကစလို့....အရာအားလုံးက သူ့ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပြီးတော့ စီစဉ်ပြီးသားဖြစ်နေမှာကို ငါ စိုးရိမ်မိတယ်"
ထိုအကြောင်းကို ပြန်ပြောင်းတွေးတောကြည့်ပါကာ ဤသည်မှာ အမှန်ဖြစ်နိုင်သည်ဟု ယဲ့ရီကခံစားမိသည်။
ထိုသို့မဟုတ်ပါက ယခင်က ရီဖုန်းသည် ဝိုင်းရံ၍တိုက်ခိုက်ခံနေသည်ကို သူမ တွေ့ရစဉ်၌ တခြားသူများမဟုတ်ဘဲ မည်သည်ကြောင့် ယောင်အဖွဲ့အစည်း ဖြစ်နေသနည်း။
"အော်...ဒါနဲ့ ဆရာကြီးမှာ တခြားစီစဉ်ထားတဲ့ကိစ္စတစ်ခုရှိနေနိုင်တာကို ငါ မှတ်မိသေးတယ်"
ထိုအချိန်မှာပင် ယဲ့နန်က ရုတ်တရက်တစ်စုံတစ်ခုကို အမှတ်ရသွားကာ ပြောဆိုသည်။
"အဖေက ကျွန်မကို ပြောပြပေးမယ်လို့ ကျွန်မမျှော်လင့်မိတယ်"
ယဲ့ရီက စိတ်အားထက်သန်စွာမေးမြန်းလိုက်၏။
Chapter 418
"ယီရှန်းတောင်ကြားထဲက ကောင်းကင်နဲ့မြေပြင်အကြားမှာ ထူးဆန်းတဲ့သဘာဝလွန်ပုံရိပ် ထွက်ပေါ်လာတာကလည်း စီနီယာဖန်တီးခဲ့တာလို့ ငါသံသယရှိတယ်"
ယဲ့နန်၏အတွေးများသည် အထိမ်းအကွပ်မဲ့သွားကာ ပြောဆိုသည်။
"ဒါက အဲ့ဒီလေးယောက်ကို အာရုံလွှဲဖို့ပဲဖြစ်နိုင်တယ်"
"အမ် ..."
ယဲ့ရီက ဇဝေဇဝါဖြင့် မေးမြန်းသည်။
"အဖေက ဘာလို့ အဲ့ဒီလိုပြောနိုင်တာလဲ"
"မင်း တွေးကြည့်လေ..လူတွေကိုရွေးချယ်တာက စီနီယာအတွက် အရေးကြီးတဲ့ ကိစ္စတစ်ခုပဲ.... ဒီကိစ္စကို လူနည်းနည်းပဲသိလေလေ ပိုကောင်းလေလေပဲ"
ယဲ့နန်က ရှင်းပြသည်။
"ဒါကြောင့် ငါ့အထင်တော့ စီနီယာက အဲ့ဒီလေးယောက်ကို တွေ့ချင်ပုံမရဘူး"
"ဒါက အဓိပ္ပာယ်ရှိတယ်"
ယဲ့ရီသည် ရုတ်တရက်နားလည်သဘောပေါက်သွားကာ ခေါင်းညိတ်လိုက်၏။
"အဲ့ဒီလေးယောက်က ကောင်းကင်နဲ့မြေပြင်အကြားက ထူးဆန်းတဲ့သဘာဝလွန်ပုံရိပ်ကြောင့်ထွက်သွားခဲ့တဲ့ အချိန်ကျမှပဲ ကျွန်မတို့က စီနီယာနဲ့တွေ့ခဲ့တယ်..ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ တိုက်ဆိုင်မှုမျိုး ရှိနေနိုင်မှာလဲ"
"ငါတို့က စီနီယာနဲ့တွေ့ပြီးတဲ့အချိန်မှာ ရခဲ့တဲ့အခွင့်အရေးကြီးကို အဲ့ဒီလူလေးယောက် သိလို့မဖြစ်ဘူး"
ယဲ့နန်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ကျွန်မ နားလည်ပြီ"
ယဲ့ရီက ခေါင်းညိတ်ပြလိုက်၏။
"ငါတို့က စီနီယာရဲ့ရွေးချယ်ခံရပြီးတော့ တန်ဖိုးထားခံရတဲ့အထိ ကံကောင်းခဲ့တာကြောင့်...ဒီအရေးကြီးတဲ့တာဝန်ကို ငါတို့ ပင်ပင်ပန်းပန်းကြိုးစားပြီးတော့ ဆောင်ရွက်ရမယ်"
ယဲ့နန်က ဖြည့်စွက်၍ပြောဆိုသည်။
"အမှန်ပဲ...ကျွန်မတို့က စီနီယာကို စိတ်ပျက်အောင် လုပ်လို့မဖြစ်ဘူး"
ယဲ့ရီက သဘောတူညီလိုက်သည်။
"ငါတို့က နှောင့်နှေးကြန့်ကြာနေဖို့ အချိန်မရှိတော့ဘူး...မြန်မြန်ပြန်သွားပြီးတော့ အရင်က ငါတို့ရဲ့ကျင့်ကြံဆင့်အတားအဆီးတွေကို ချိုးဖျက်ဖို့ အာရုံစူးစိုက်ရမယ်"
"ဟုတ်ကဲ့"
သားအဖနှစ်ယောက်သည် လေထုအတွင်း၌ ပျံသန်းကာ ကွမ်ထန်းမြို့အတွင်းမှ ထွက်ခွာခဲ့တော့သည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အချိန်တစ်ရက် ကုန်ဆုံးသွားလေပြီ။
ချောက်ကမ်းပါးစွန်းတစ်ခုပေါ်၌...
မြောက်ပင်လယ်ကုန်းမြေ၏ မဟာဂိုဏ်းချုပ်လေးယောက်သည် ဤနေရာ၌ စုဝေးနေကြလေ၏။
သူတို့၏အောက်တွင် အဆုံးအစမရှိ ဆန့်တန်းနေသော ချောက်နက်ကြီးတစ်ခုရှိနေသည်။
ထို့ချောက်နက်ကြီးကို ထူထပ်သိပ်သည်းသောမြူခိုးများလွှမ်းခြုံနေကာ နံဘေးဝဲယာကို သုံးကိုက်ထက် ပို၍မြင်တွေ့နိုင်ခြင်းမရှိချေ။ ချောက်နက်ကြီး၏အောက်ခြေမှနေ၍ အထက်သို့မော့ကြည့်ပါက တစ်စုံတစ်ယောက်သည် တလက်မခန့်ကျယ်ဝန်းသော မိုးကောင်းကင်ယံကိုသာ မြင်တွေ့ရပေမည်။
ဤသည်မှာ နာမည်ကျော်ကြားသော ယီရှင်းတောင်ကြားပင်။
ကောင်းကင်နှင့်မြေပြင်အကြားရှိ ထူးခြားသောသဘာဝလွန်ပုံရိပ်သည် မကြာသေးမီအချိန်ကဤနေရာ၌ မြစ်ဖျားခံ၍ ထွက်ပေါ်လာခဲ့ခြင်းပင်။
ထို့နောက် ပြင်းထန်သောစွမ်းအားလှုပ်ခတ်မှုများ ဤနေရာပတ်ဝန်းကျင်၌ ရှိနေသည်။
သို့ရာတွင် သူတို့သည် တောင်ကြားအတွင်းသို့ မဝင်ရောက်နိုင်သေးမီမှာပင် အစွမ်းထက်သောရန်သူနှစ်ယောက်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။
ထိုလူနှစ်ယောက်သည် ဝါးခမောက်များကိုဆောင်းထားပြီး အနက်ရောင်ဝတ်စုံများကိုဝတ်ဆင်ထားသည်။ သူတို့သည် ပုံပန်းသွင်ပြင်များကို ဂရုတစိုက်ဖုံးကွယ်ထားသောကြောင့် မည်သည့်နေရာမှ သူတို့ရောက်ရှိလာသည်ကို မသိရှိနိုင်ချေ။
နှစ်ဖက်စလုံးရင်ဆိုင်တွေ့မိသည်နှင့် ထိုလူနှစ်ယောက်သည် မဟာဂိုဏ်းချုပ်လေးယောက်ကိုတိုက်ခိုက်လေ၏။
မဟာဂိုဏ်းချုပ်လေးယောက်သည် အတူတကွပူးပေါင်းကာ ရန်သူများကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည်။ သို့ရာတွင် ထိုအနက်ရောင်ဝတ်စုံဝတ်လူနှစ်ယောက်၏စွမ်းအားသည် သူတို့ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။
လေးယောက်နှစ်ယောက်တိုက်ခိုက်ခဲ့သည့်တိုင်ပြင်းထန်သောတိုက်ပွဲတစ်ပွဲ ပြီးဆုံးသွားချိန်တွင် သူတို့လေးယောက်သည် အသာစီးမရခဲ့ရုံသာမက ဒဏ်ရာအပြင်းအထန်လည်းရရှိခဲ့သည်။
"အမှိုက်ကောင်လေးကောင်ပဲ"
အထင်မြင်သေးစွာပြောဆိုလိုက်သောအသံက အနက်ရောင်ဝတ်စုံဝတ်လူများ၏ပါးစပ်မှ ထွက်ပေါ်လာသည်။
သူတို့လေးယောက်သည် အလွန်အမင်းဒေါသထွက်သွားကာ အံ့တင်းတင်းကြိတ်လိုက်ကြ၏။
"မင်းတို့က ဘယ်သူတွေလဲ""
"မင်းတို့ကို သတ်မယ့်လူတွေပဲ"
"မင်းတို့ ဂိုဏ်းလေးဂိုဏ်းက ဒီလောကကြီးထဲမှာရှင်သန်နေဖို့အတွက် အရည်အချင်းမမှီဘူး"
သူတို့၏အသံကျရောက်လာသည်နှင့်အတူ ထိုလူနှစ်ယောက်သည် အနက်ရောင်အလင်းတန်းနှစ်တန်းအသွင်သို့ ပြောင်းလဲ၍ ပျောက်ကွယ်သွားတော့သည်။ သူတို့ပြန်လည်ထွက်ပေါ်လာချိန်၌ အနက်ရောင်မြူခိုးများအကြား၌ရှိနေကာ မဟာဂိုဏ်းချုပ်လေးယောက်ထံဦးတည်ပြီး ခုန်ဝင်လိုက်ကြ၏။
ဖုံးကွယ်နေသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်က အနက်ရောင်မြူခိုးများအကြား၌ ရစ်သိုင်းလွှမ်းခြုံနေကာ အေးစက်စက်အလင်းရောင်များ တစ်ဖျတ်ဖျတ်တောက်ပနေသည်။
"အား...."
"အား..."
အေးစက်စက်အလင်းတန်းများက သူတို့ထံသို့ တိုးဝင်လာသည်။ မဟာဂိုဏ်းချုပ်လေးယောက်သည် သူတို့၏အသက်ရှူခြင်းကို ထိန်းသိမ်း၍ခုခံလိုက်ကြသည်။ သို့ရာတွင် ထိတွေ့မှုဖြစ်ပွားပြီးနောက် သူတို့သည် ပြင်းထန်သောဒဏ်ရာများချက်ချင်းရရှိသွားကာ သူတို့၏ခန္ဓာကိုယ်အရေပြားများပေါ်တွင် မရေမတွက်နိုင်သောဓားဒဏ်ရာများ ကျန်ရှိခဲ့သည်။
မဟာဂိုဏ်းချုပ်လေးယောက်သည်ချက်ချင်းဆိုသလိုပင် သွေးသံတရဲရဲထွက်နေသော လူသားများဖြစ်သွားလေပြီ။
ဤအချိန်အခိုက်အတန့်တွင် သူတို့လေးယောက်၏ခန္ဓာကိုယ်များအနှံ့ ကြက်သီးမွေးညှင်းများထလာကာ ဇောချွေးများလည်း ယိုစီးကျလာသည်။
ဤသည်မှာ သေခြင်းတရားသည် သူတို့ထံသို့အလွန်နီးကပ်စွာချဉ်းကပ်လာသည်ဟု သူတို့ခံစားရသော ပထမဆုံးအကြိမ်ပင်။
ရုတ်တရက် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒက တဖန်ပြန်၍ထွက်ပေါ်လာသည်။
သူတို့လေးယောက်၏စိတ်နှလုံးသားများအလွန်အမင်းလေးလံနေကာ သူတို့၏မျက်နှာများ ဖြူဖတ်ဖြူရော်ဖြစ်နေလေပြီ။
ပထမအကြိမ်တိုက်ခိုက်မှုကပင် သူတို့အား သတိလက်လွတ်ဖြစ်သွားစေခဲ့သည်။ ဤဒုတိယအကြိမ်၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒလှိုင်းများထွက်ပေါ်လာချိန်တွင် သူတို့အပေါ်သို့ သေခြင်းတရားအရိပ်အယောင်များ တိုက်ရိုက်လွှမ်းခြုံသွားခဲ့သည်။
"ငါတို့ သေရတော့မှာလား"
မဟာဂိုဏ်းချုပ်လေးယောက်သည် အကြည့်ခြင်းဖလှယ်လိုက်ကြကာ သူတို့၏စိတ်နှလုံးသားများအတွင်း၌ မရေမတွက်နိုင်သော မလိုလားမှုများ ထွက်ပေါ်လာသည်။
သို့ရာတွင် ဤကဲ့သို့သေရေးရှင်ရေးအချိန်အခိုက်အတန့်၌ ဓားအလင်းတန်းနှစ်တန်းကမိုးကောင်းကင်ယံမှ ကျဆင်းလာသည်။ ထိုဓားအလင်းတန်းနှစ်တန်းမှနေ၍ မိုင်တစ်ရာကျော်ရှည်လျားသော ဓားချီနှစ်လှိုင်းထွက်ပေါ်လာကာ အနက်ရောင်ဝတ်စုံဝတ်လူနှစ်ယောက်ကို အတိအကျ ပစ်မှတ်ထားနေလေ၏။
ရုတ်ချည်းဆိုသလိုပင် မဟာဂိုဏ်းချုပ်လေးယောက်ကို လွှမ်းခြုံနေသော အနက်ရောင်မြူခိုးများပျောက်ကွယ်သွားကာ အနက်ရောင်ဝတ်စုံဝတ်လူနှစ်ယောက်သည်လည်း နေရာမှာပင်ခေါင်းပြတ်ကာ သေဆုံးသွားကြသည်။
"ငါတို့ ကယ်တင်ခံလိုက်ရတာလား"
"ခုဏက ဓားချက်နှစ်ချက်က အရမ်းအစွမ်းထက်တာပဲ"
မဟာဂိုဏ်းချုပ်လေးယောက်သည် အချိန်အတော်ကြာမှ သတိပြန်ဝင်လာကာမိုးကောင်းကင်ယံသို့ အလျှင်အမြန်မော့ကြည့်လိုက်ကြသည်။
"ငါတို့ကို ကူညီပေးတဲ့အတွက် စီနီယာနှစ်ယောက်ကို ကျေးဇူးတင်ပါတယ်"
သူတို့သည် သူတို့၏ကယ်တင်ရှင်များကို ကျေးဇူးတင်သည်အနေဖြင့် ဦးညွှတ်အရိုအသေပြုလိုက်ကြ၏။
သို့ရာတွင် ထိုလူနှစ်ယောက် မြေပြင်ပေါ်သို့ဆင်းသက်လာချိန်တွင် မဟာဂိုဏ်းချုပ်လေးယောက်လုံး အလွန်အမင်းအံ့အားသင့်သွားသည်။
"ယဲ့နန်လား...."
"ယဲ့ရီလား...."
"ဘယ်လိုလုပ်ပြီးတော့ မင်းတို့နှစ်ယောက် ဖြစ်နေတာလဲ"
မဟာဂိုဏ်းချုပ်လေးယောက်သည် တညီတညွတ်တည်း အံ့အားတသင့်ရေရွတ်လိုက်ကြကာ မယုံကြည်နိုင်ဖြစ်နေကြသည်။
"ဘာလို့ ငါတို့ ဖြစ်မနေရမှာလဲ"
ယဲ့နန်က သူတို့ကို စူးစူးဝါးဝါးစိုက်ကြည့်ကာ ပေါ့ပေါ့ပါးပါးပြောဆိုသည်။
"ကောင်းပြီလေ...ငါ တခြားဘာမှတော့ မမေးချင်ဘူး.ဒါပေမဲ့ မင်းတို့နှစ်ယောက်က ဘယ်လိုဖြစ်ပြီးတော့ ဒီလောက်ထိ အစွမ်းထက်လာတာလဲ...ခုဏက ဓားချီနှစ်လှိုင်းကို မင်းတို့ ဘယ်လိုလုပ်လိုက်တာလဲ"
ထိုက်ရီတောင်ကြားဂိုဏ်းချုပ်က ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။
"အမှန်ပဲ....သိပ်မကြာသေးခင်အချိန်က မင်းရဲ့ခွန်အားက ငါတို့လေးယောက်ထက် နိမ့်ကျတယ်ဆိုတာ ငါ မှတ်မိသေးတယ်"
"ပြီးတော့ မင်းရဲ့သမီး...လွန်ခဲ့တဲ့ လအနည်းငယ်လောက်တုန်းက ကွမ်ထန်းမြို့ထဲမှာ သူ့ကို ငါတွေ့ခဲ့တဲ့အချိန်က သိုင်းသူတော်စင်နယ်ပယ်မှာပဲ ရှိသေးတယ်...အခုဘယ်လိုလုပ်ပြီးတော့ ငါတို့က သူ့ရဲ့ကျင့်ကြံဆင့်ကို ထွင်းဖောက်မမြင်နိုင်တော့တာလဲ"
ဤအချိန်အခိုက်အတန့်တွင် လူလေးယောက်ထံ၌ ယဲ့နန်တို့ကိုမေးမြန်းရန်အတွက် သောင်းနှင့်ချီသော မေးခွန်းများရှိနေသည်။
သူတို့သည် မည်မျှပင် ခက်ခက်ခက်ခဲတွေးတောကြည့်ပါစေ မည်သည်ကြောင့် ဤသားအဖနှစ်ယောက် ရုတ်တရက်ကြီး အလွန်အစွမ်းထက်လာသည်ကို သူတို့ နားလည်သဘောပေါက်နိုင်ခြင်းမရှိချေ။
သူတို့ပင်လျှင် ကူကယ်ရာမဲ့စွာ ရင်ဆိုင်နေရသော အနက်ရောင်ဝတ်စုံဝတ်လူနှစ်ယောက်ကို ဤသားအဖနှစ်ယောက်သည် ဓားချက်တစ်ချက်စီဖြင့် ခုတ်ပိုင်းခဲ့သလော....
"ဟမ့်...ငါတို့ သားအဖနှစ်ယောက်က မင်းတို့ကိုကယ်ထားခဲ့တဲ့လူတွေဆိုတာ မင်းတို့သိဖို့ပဲလိုတယ်...ဘာလို့ ငါတို့ကို မေးခွန်းပြန်ထုတ်နေတာလဲ"
ယဲ့နန်က မောက်မာထောင်လွှားစွာ ပြောဆိုသည်။
"ကောင်းပြီလေ...ငါ တခြား ဘာမှမမေးတော့ဘူး..မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ်က အခုဘယ်အဆင့်ကို ရောက်သွားပြီလဲ"
ထိုက်ရီတောင်ကြားဂိုဏ်းချုပ်သည် ခေါင်းမာမာဖြင့် ဆက်လက်၍မေးမြန်းလေ၏။
ယဲ့နန်က အထင်မြင်သေးသောအမူအယာဖြင့်သူ့၏ခေါင်းကို တစ်ဖက်သို့တိမ်းစောင်းလိုက်သည်။
မဟာဂိုဏ်းချုပ်လေးယောက်၏မျက်နှာများ ပြာနှမ်းသွားသည်။
ကြည့်ရသည်မှာ ယဲ့နန်သည် သူတို့သားအဖနှစ်ယောက်၏ ကျင့်ကြံခြင်းနှင့်ပတ်သက်၍ တစ်စုံတစ်ခုကိုမျှ ထုတ်ပြောချင်ပုံမရချေ။
ထိုကြောင့် ဟန်ထျန်းဓားအိမ်တော်ဂိုဏ်းချုပ်က စကားလမ်းကြောင်းပြောင်းကာ မေးမြန်းလိုက်သည်။
"စကားမစပ် မင်းတို့နှစ်ယောက်က နေခဲ့ပြီးတော့ ....စီနီယာကို ရှာဖွေနေကြတာ မဟုတ်ဘူးလား...မင်းတို့ သူ့ကို ရှာတွေ့ပြီလား"
"ဘာမှ ပြောစရာမရှိဘူး"
ယဲ့နန်က သူ့၏ခေါင်းကို ထပ်မံ၍ခါယမ်းလိုက်၏။
"မင်း...."
မဟာဂိုဏ်းချုပ်လေးယောက်၏မျက်နှာများ ဒေါသကြောင့်နီမြန်းသွားကာ သူတို့သည်အလွန်အမင်း ဒေါသူပုန်ထသွားကြသည်။
"ငါတို့ ဒီနေရာကိုလာနေတဲ့အချိန်မှာ မင်းတို့နှစ်ယောက်က စီနီယာကိုရှာဖို့ တာဝန်ယူမယ်လို့ ငါတို့အားလုံး သဘောတူထားခဲ့ကြတာ မဟုတ်ဘူးလား...တကယ်လို့ သတင်းတစ်ခုခုရမယ်ဆိုရင်မင်းတို့က ငါတို့ကို ချက်ချင်းအကြောင်းကြားရမယ်လေ"
Chapter 419
"တကယ်လို့ ငါသတင်းတစ်ခုခုရရင် မင်းတို့ကိုအသိပေးမယ်လို့ ငါ ဘယ်တုန်းကမှမပြောခဲ့ဖူးဘူး"
ယဲ့နန်က ဒေါသတကြီး ပြောဆိုသည်။
"ဒါကမင်းတို့ဟာမင်းတို့ ကယောက်ကယက်ပြောနေကြတာ...ငါ ဘာကိုမှ မပြောခဲ့ဘူး"
မဟာဂိုဏ်းချုပ်လေးယောက်သည် သူတို့၏သွားများယားယံလာသည်အထိ ဒေါသထွက်နေကြကာ ယဲ့နန်ကို မည်ကဲ့သို့ ပြောဆိုရမည်အား သူတို့ မသိကြတော့ချေ။
"ငါတို့မှာ မင်းတို့နဲ့ငြင်းခုံနေဖို့ အချိန်မရှိဘူး...ငါတို့မှာ လုပ်စရာကိစ္စတွေရှိသေးတယ်...ဒါကြောင့် ငါတို့ ထွက်သွားတော့မယ်"
ယဲ့နန်သည် မောက်မာထောင်လွှားစွာဖြင့်နောက်သို့ချာခနဲလှည့်ကာ ယဲ့ရီနှင့်အတူထွက်ခွာသွားတော့သည်။ မဟာဂိုဏ်းချုပ်လေးယောက်သည် သူတို့နှစ်ယောက် ပျောက်ကွယ်မသွားမီ သူတို့၏အရိပ်အယောင်ကိုပင် ရှာမတွေ့ခဲ့ချေ။
"ဘာတွေဖြစ်သွားတာလဲဆိုတာ ငါ သိပြီ"
ယဲ့နန်ထွက်ခွာသွားသော လမ်းကြောင်းကိုကြည့်ပြီး တိမ်နဂါးတောင်ကြားဂိုဏ်းချုပ်သည်သူ၏မျက်လုံးများကိုကျဉ်းမြောင်းကာ အတွေးများအတွင်းနစ်မြောသွားလေ၏။ ထို့နောက် သူသည် ရုတ်တရက် နားလည်သဘောပေါက်သွားကာ အော်ဟစ်လိုက်သည်။
"ဘာကိစ္စ ဖြစ်သွားတာလဲ"
တခြားလူသုံးယောက်သည် ချက်ချင်းဆိုသလိုပင် သူ့အား ကြည့်လိုက်ကြသည်။
"ယဲ့နန်ဆိုတဲ့ အဲ့ဒီခွေးသူတောင်းစားအိုကြီးက အဲ့ဒီစီနီယာကို ရှာတွေ့သွားပြီးတော့...စီနီယာဆီကနေ အခွင့်အရေးတစ်ခုရသွားတယ်လို့ ငါ ခန့်မှန်းမိတယ်"
တိမ်နဂါးတောင်ကြားဂိုဏ်းချုပ်ကဆက်လက်၍ပြောဆိုသည်။
"မဟုတ်ရင် သူတို့သားအဖနှစ်ယောက်က ဒီရက်အနည်းငယ်အတွင်းမှာ ကျင့်ကြံဆင့်စွမ်းအားတွေ ဒီလောက်ထိအများကြီးတိုးတက်လာတာကို ဘယ်လိုနည်းနဲ့ ရှင်းပြနိုင်မှာလဲ"
ထိုစကားကိုကြားချိန်တွင်...
တခြားလူသုံးယောက်သည် ချက်ချင်းနားလည်သဘောပေါက်သွားကြသည်။
"ငါသိပြီ...အဲ့ဒီလိပ်အိုကြီးယဲ့နန်က တကယ့်ကိုလူမဟုတ်ဘူး...သူက စီနီယာဆီကနေအကျိုးကျေးဇူးတွေရခဲ့ပေမယ့် ငါတို့ကို ပြောမပြခဲ့ဘူး...သူ့ကိုယ်သူအတွက်ပဲ ထိန်းသိမ်းထားချင်ခဲ့တယ်"
"သောက်ချီးပဲ...ငါတို့ကဒီထူးဆန်းတဲ့သဘာဝလွန်ပုံရိပ်ကိစ္စထဲကို ဝင်ပြီးမပတ်သက်ခဲ့သင့်ဘူး ....အခုချိန်မှာ အကျိုးကျေးဇူးတွေအားလုံးကိုလည်း အဲ့ဒီသားအဖနှစ်ယောက်က ယူသွားပြီ...ငါတို့ကတော့ တခုခုရဖို့မပြောနဲ့...တောင်ကြားထဲကိုတောင် မဝင်နိုင်ဘူး"
"ဟူး...."
"ငါ အရမ်းဒေါသထွက်တယ်...အရင်တုန်းက ငါတို့တွေအားလုံး ကွမ်ထန်းမြို့ထဲမှာ စီနီယာကိုဆက်ပြီးရှာဖွေဖို့ ဆုံးဖြတ်ခဲ့သင့်တယ်...
တကယ်လို့ ယဲ့နန်တို့သားအဖက ကြီးမားတဲ့အခွင့်အရေးကြီးရခဲ့တယ်ဆိုရင် ငါတို့အတွက်လည်းဖြစ်နိုင်တာပဲ"
ဤအချိန်အခိုက်အတန့်တွင်....
သူတို့လေးယောက်လုံး နောင်တကြီးစွာရပြီး သက်ပြင်းရှိုက်နေကြကာ မချိတင်ကဲဝေဒနာကြောင့် သူတို့၏အူများတွန့်လိမ်နေလေပြီ။
"ဒါဆိုရင် ငါတို့ အခုနောက်ထပ်ဘာဆက်လုပ်ကြမလဲ"
ထိုက်ရီတောင်ကြားဂိုဏ်းချုပ်က ပြောဆိုသည်။
"ယီရှင်းတောင်ကြားအကြောင်းကို မေ့လိုက်ကြစို့...ငါတို့တွေက အဲ့ဒီစီနီယာကိုရှာဖို့အတွက် ကွမ်ထန်းမြို့ထဲကို ပြန်သွားကြရအောင်"
တိမ်နဂါးတောင်ကြားဂိုဏ်းချုပ်က ပြောဆိုလိုက်၏။
"ငါ သဘောတူတယ်...ဒီယီရှင်းတောင်ကြားက အရမ်းအန္တရာယ်များတယ်....ဝင်္ကပါတွေ မြူခိုးတွေနဲ့ ပြည့်နှက်နေပြီးတော့ ငါတို့အထဲကို ဝင်လို့မရဘူး...ရတနာတွေကို ရယူချင်တဲ့ ဘယ်သူမဆိုဒီအရာတွေကို အရင်ဆုံးဖြတ်ကျော်ရလိမ့်မယ်...ငါက စီနီယာကိုပဲ သွားရှာတော့မယ်"
"ပြောတာကောင်းတယ်....တကယ်လို့ ငါတို့က ယဲ့နန်တို့သားအဖလောက် ကြီးမားတဲ့အခွင့်အရေးကြီးကို မရနိုင်ဘူးဆိုရင်တောင်...စီနီယာဆီကနေ အခွင့်အရေးနည်းနည်းရတာနဲ့ ယီရှင်းတောင်ကြားထက် ပိုပြီးကောင်းလိမ့်မယ်"
သူတို့လေးယောက်သည် ချက်ချင်းစိတ်ပိုင်းဖြတ်လိုက်ကြကာ အလင်းတန်းလေးတန်းအဖြစ်နှင့် ကွမ်ထန်းမြို့ထံသို့ ဦးတည်၍ထွက်ခွာခဲ့တော့သည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင်...
အချိန်နှစ်ရက် ကုန်ဆုံးသွားလေပြီ။
ဘုရားကျောင်းပျက်အတွင်း၌နေထိုင်ရင်း ရီဖုန်းက သက်ပြင်းတချက်ရှိုက်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ဤနေရာ၌ ထာဝရနေထိုင်၍မရချေ။
ထိုကြောင့်ပြင်ပ၌ နှင်းများကျနေဆဲဖြစ်သည့်တိုင် သူသည်မတ်တတ်ထရပ်ကာ ဘုရားကျောင်းပျက်အတွင်းမှ ထွက်ခွာခဲ့တော့သည်။
"အခုချိန်မှာ ကွမ်ထန်းမြို့ထဲက ဂိုဏ်းတစ်ဂိုဏ်းကို ဝင်ဖို့ဆိုတာ ငါ့အတွက် မဖြစ်နိုင်တော့ဘူး"
ရီဖုန်းက မြေပုံတစ်ချပ်ကိုကိုင်ဆောင်ရင်း ညည်းတွားလိုက်၏။
ကွမ်ထန်းမြို့အတွင်း၌ ရက်ပေါင်းများစွာနေထိုင်ပြီးနောက် ဤမြို့ကို အဓိကဂိုဏ်းကြီးလေးဂိုဏ်းမှ ထိန်းချုပ်ထားကြောင်း သူ သိရှိခဲ့ရသည်။ ထို့ကြောင့် တခြားဂိုဏ်းများမှနေ၍ တပည့်သစ် ခေါ်ယူရန်ကိစ္စမှာ မဖြစ်နိုင်ချေ။
ဂိုဏ်းငယ်များမှ လူသစ်ခေါ်ယူသည့် အခြေအနေမျိုးကို ရှာဖွေရန်အတွက် သူသည်တခြားမြို့ငယ်များဆီသို့ သွားရပေမည်။
"ဒီနေရာပဲ"
ရီဖုန်းက မြေပုံတစ်နေရာကို လက်ညှိုးထောက်၍ စိတ်ပိုင်းဖြတ်လိုက်သည်။
မြေပုံအရ ကွာခြမ်းမြို့၏နောက်ဖက်တွင် ပိုင်အာဟုခေါ်သောမြို့တမြို့ရှိကြောင်းပြသထားသည်။
ကောလဟာလများအရ ပိုင်အာမြို့သည် မြို့ငယ်တစ်မြို့ဖြစ်သော်လည်း လူဦးရေထူထပ်သိပ်သည်းသည်။ ထိုနေရာတွင် လူတန်းစားမျိုးစုံရှိကာ ဂိုဏ်းအမြောက်အများသည် တပည့်သစ်များ ခေါ်ယူလေ့ရှိပေ၏။
ရီဖုန်းသည် ပြင်ပသို့လျှောက်လှမ်းသွားခဲ့ရာ နှင်းများပေါ်၌ ခြေရာများကျန်ရစ်ခဲ့သည်။
မကြာမီမှာပင် သူသည် ကွမ်ထန်းမြို့၏မြောက်တံခါးသို့ ရောက်ရှိလာခဲ့သည်။
ရီဖုန်းသည် ရပ်တန့်ကာ မြေပုံကိုထပ်မံ၍ထုတ်ယူလိုက်၏။
"မြေပုံအရဆိုရင် ကွမ်ထန်းမြို့ကနေ ပိုင်အာမြို့ကိုသွားဖို့က ကြီးမားတဲ့ချောက်နက်ကြီးတစ်ခုကို ဖြတ်သွားရလိမ့်မယ်...အဲ့ဒီချောက်နက်ကြီးကို ဖြတ်ကျော်ပြီးပြီဆိုတာနဲ့ ပိုင်အာမြို့က သိပ်မဝေးတော့ဘူး"
"ဒါပေမဲ့ ဒဏ္ဍာရီအရဆိုရင်...အဲဒီချောက်နက်ကြီးက အရမ်းအန္တရာယ်များပြီးတော့ သာမန်အချိန်တွေမှာ လူနည်းစုလောက်ပဲ ဖြတ်သန်းသွားလေ့ရှိတယ်"
"တကယ်လို့ ငါက အဲဒီချောက်နက်ကြီးကို ဖြတ်မသွားဘူးဆိုရင် ကွေကွင်းပြီးတော့ လမ်းလွှဲကနေသွားရလိမ့်မယ်...ဒါဆိုရင် ငါက အချိန်သုံးဆလောက် ပိုကြာသွားလိမ့်မယ်"
"ငါ ဘာလုပ်သင့်လဲ"
ရီဖုန်းက မြေပုံကိုကြည့်ကာ စဉ်းစားတွေးတောလိုက်သည်။
အချိန်တစ်ခဏကြာပြီးနောက် သူသည်စိတ်ပိုင်းဖြတ်ကာ ချောက်နက်ကြီးထံသို့ဦးတည်၍ တန်းတန်းမတ်မတ် လျှောက်လှမ်းခဲ့လေ၏။
ချောက်နက်ကြီးသည် အလွန်အန္တရာယ်များသော်လည်း လမ်းလွှဲမှသွားပါက နှင်းမုန်တိုင်းအကြား၌ အချိန်သုံးဆခန့် ကြာမြင့်မည်ဖြစ်ရာ မည်သည်ကြောင့် အန္တရာယ်မများဘဲနေမည်နည်း။ ဤလမ်းလွှဲတွင် မည်သည့်ကိစ္စများနှင့် သူကြုံတွေ့ရမည်ကို မည်သူက သိနိုင်မည်နည်း။
ထို့ပြင် ချောက်နက်ကြီး၏မြေမျက်နှာသွင်ပြင်သည် လေနှင့်နှင်းကို ပိတ်ဆို့ဟန့်တားနိုင်လေရာ ရီဖုန်းကဲ့သို့ အအေးဒဏ်ကိုကြောက်ရွံ့သူတစ်ယောက်အတွက် ကောင်းချီးပေးမှုတစ်ခုပင်။
ထို့ကြောင့် သူ ဂရုတစိုက် စဉ်းစားချင့်ချိန်ပြီးနောက် အရူးတစ်ယောက်ပင်လျှင် တူညီသောရွေးချယ်မှုမျိုးကို ပြုလုပ်ပေလိမ့်မည်။
ရီဖုန်းသည် ထိုသို့တွေးတောနေစဉ်တွင် ပိုင်အာမြို့ထံသို့ ဦးတည်သွားနေသော တခြားလူတစ်စုသည် လမ်းလွှဲမှသွားရန် ရွေးချယ်ခဲ့ကြသည်။
"အရူးတွေ"
ရီဖုန်းသည် သူတို့ကို တိတ်တဆိတ်ဆူပူကြိမ်းမောင်းကာ ချောက်နက်ကြီးထံသို့ ဦးတည်ခဲ့တော့သည်။
နေဝက်ခန့်ကြာပြီးနောက် ရီဖုန်းသည် ဒဏ္ဍာရီလာချောက်နက်ကြီးကို မြင်တွေ့လိုက်ရလေ၏။
"ဒီလိုနေရာမျိုးမှာ တခြားဘာအန္တရာယ်တွေ ရှိနေနိုင်အုံးမှာလဲ...ငါက အပေါ်ကကျလာတဲ့ကျောက်တုံးတွေကို ရှောင်ဖို့အတွက် ဘေးမှာကပ်နေဖို့ပဲလိုတယ်"
"ပြီးတော့ ဒီနေရာမှာ...လေပြင်း မတိုက်နိုင်ဘူး ..နှင်းလည်း ကျမလာနိုင်ဘူး...ဒါက ငါ့အတွက် ပြီးပြည့်စုံနေပြီ"
ရီဖုန်းသည် ဤလမ်းကြောင်းကိုရွေးချယ်ခဲ့မိသည့်အတွက် အလွန်ဝမ်းသာသွားသည်။ သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ချောက်နက်ကြီးအတွင်းသို့ လျှောက်လှမ်းခဲ့တော့သည်။
မိုးကောင်းကင်ယံအတွင်း၌....
လူရိပ်လေးရိပ်ပျံသန်းနေကာ သူတို့သည် မဟာဂိုဏ်းချုပ်လေးယောက်ပင်။
"သောက်ချီးပဲ...ငါတို့တွေ နှစ်ရက်လုံးလုံး ကွမ်ထန်းမြို့ကို အခေါက်ခေါက်အခါခါ ရှာဖွေနေခဲ့တာတောင်...စီနီယာကို ရှာမတွေ့ခဲ့ဘူး"
ဟန်ထျန်းဓားအိမ်တော်ဂိုဏ်းချုပ်က စိတ်ပျက်လက်ပျက်ဖြင့် ပြောဆိုသည်။
"ဟူး..."
"ငါတို့က အဲ့ဒီစီနီယာ ဘယ်လိုပုံစံရှိတယ်ဆိုတာကိုမသိဘူး...ဘယ်လိုလုပ်ပြီးတော့ ငါတို့က သူ့ကို ရှာဖွေနိုင်မှာလဲ"
ထိုက်ရီတောင်ကြားဂိုဏ်းချုပ်သည်လည်းထပ်တူထပ်မျှပင် စိတ်ပျက်နေလေ၏။
"ဒါတွေအားလုံးက အဲ့ဒီသောက်ရေးမပါတဲ့ ယဲ့နန်ကြောင့်ပဲ...သူက အကျိုးကျေးဇူးတွေအားလုံးကို သူ့အတွက်ပဲ သိမ်းဆည်းထားခဲ့တယ်"
ချန်းဟိုင်တောင်ဂိုဏ်းချုပ်က ဒေါသတကြီးပြောဆိုသည်။
"ထားလိုက်တော့...ငါတို့က ယီရှင်းတောင်ကြားကို ဆက်ပြီးတော့ စူးစမ်းလေ့လာကြရအောင်... ငါတို့တွေ အခွင့်အရေးနှစ်ခုလုံးကို လက်လွတ်ခံလို့ မဖြစ်ဘူး"
တိမ်နဂါးတောင်ကြားဂိုဏ်းချုပ်က ပြောဆိုလေသည်။
"အပြောလွယ်သလောက် အလုပ်ခတ်တယ်... ယီရှင်းတောင်ကြားထဲက ရတနာတွေကို ရဖို့ဆိုတာလွယ်ကူမှာမဟုတ်ဘူး"
ထိုက်ရီတောင်ကြားဂိုဏ်းချုပ်က သူ့ကို စူးစူးဝါးဝါးစိုက်ကြည့်ကာ ပြောဆိုသည်။
"အဲ့ဒီနေရာမှာ တားမြစ်ဝင်္ကပါတွေ အဆိပ်တွေနဲ့ပြည့်နှက်နေတာ...ငါတို့ အဲ့အထဲကို ဝင်လို့တောင်မရနိုင်ဘူး"
ထိုစကားကိုကြားချိန်တွင်...
လူတိုင်းသည် လေးလံစွာသက်ပြင်းရှိုက်လိုက်ကြ၏။
တခြားစကားကို မည်သူက ပြောဆိုနိုင်ဦးမည်နည်း...
ဤကဲ့သို့အခြေအနေမျိုးတွင် ယီရှင်းတောင်ကြားအတွင်းသို့ မည်သူက ဝင်သွားဝံ့မည်နည်း....
အင်မော်တယ်များပင်လျှင် ဝင်ရောက်နိုင်မည်မဟုတ်ချေ။
Chapter 420
မဟာဂိုဏ်းချုပ်လေးယောက်သည် သက်ပြင်းရှိုက်ပြီး ကြေကွဲဝမ်းနည်းနေစဉ်မှာပင် စူးရှသောမျက်လုံးတစ်စုံရှိသည့် ထိုက်ရီတောင်ကြားဂိုဏ်းချုပ်သည် ရုတ်တရက် သူ၏မျက်လုံးများကိုပွတ်သပ်ကာ ချောင်းနက်ကြီးထံသို့ စူးစိုက်၍ ကြည့်လိုက်သည်။
ကြည့်ရသည်မှာ သူမသည် မယုံကြည်နိုင်ဖွယ်ကောင်းသော တစုံတစ်ခုကို ရှာဖွေတွေ့ရှိသွားသည်အလားပင်။
သူ့၏မျက်လုံးများ ပေါက်ထွက်လုမတတ်ဖြစ်လာကာ နောက်ဆုံး၌ သူသည် ချောက်နက်ကြီးထံသို့ လက်ညှိုးညွှန်ပြပြီး မယုံကြည်နိုင်စွာအော်ဟစ်လိုက်၏။
"ကြည့်ကြအုံး...အဲ့ဒီနေရာမှာ တစ်ယောက်ယောက် ရှိနေတယ်"
"မင်းရူးနေတာလား..အခုလို အချိန်အခါမျိုးမှာဘယ်လိုလုပ်ပြီးတော့ အဲ့ဒီနေရာမှာတစ်ယောက်ယောက် ရှိနေနိုင်မှာလဲ"
ဟန်ထျန်းဓားအိမ်တော်ဂိုဏ်းချုပ်က စိတ်မရှည်သောလေသံဖြင့် ပြောဆိုသည်။
ထိုက်ရီတောင်ကြားဂိုဏ်းချုပ်သည် လူတိုင်း၏စိတ်ခံစားချက်များ ပြောင်းလဲသွားစေရန် ဟာသပြက်လုံးတစ်ခုဖြင့် အခြေအနေကိုအသက်ဝင်လာအောင် ပြုလုပ်ချင်ကြောင်း သူသိရှိသည်။ သို့ရာတွင် ဤသည်မှာ အလွန်မသင့်လျော်သောကိစ္စဖြစ်ပြီး အနည်းငယ်မျှပင် ရယ်ရွှင်ဖွယ်မကောင်းဟု သူ ခံစားမိသည်။
"အမှန်ပဲ...ဒီနေရာမှာ ဟာသလုပ်နေတာကို ရပ်လိုက်စမ်း...အရူးတယောက်ကပဲ မင်းပြောတာကို ယုံကြည်လိမ့်မယ်"
တိမ်နဂါးတောင်ကြားဂိုဏ်းချုပ်သည် ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုလိုက်၏။ သို့ရာတွင် သူသည်ထိုသို့ပြောဆိုပြီးနောက် သူ၏မျက်လုံးထောင့်မှနေ၍ ချောက်နက်ကြီးအတွင်း၌ရှိနေသော တစ်စုံတစ်ခု၏အရိပ်အယောင်ကို ဖမ်းဆုပ်မိခဲ့သည်။ သူသည် ထိတ်လန့်တုန်လှုပ်မှုကြောင့်သူ့၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားတော့သည်။
"ငါ့အထင်တော့...ငါက တကယ့်ကို အရူးတစ်ယောက်ဖြစ်နေပြီ"
သူသည် အံ့အားသင့်တုန်လှုပ်နေသောအသံဖြင့် ပြောဆိုလိုက်၏။
သူ့ကိုကြည့်ရသည်မှာ သူ့မျက်စိရှေ့၌ မြင်တွေ့နေရသောမြင်ကွင်းကို ယုံကြည်ရန်အတွက် အနည်းငယ်ဝန်လေးနေပုံရသည်။ သူ့၏ခန္ဓာကိုယ် ဖျတ်ခနဲလှုပ်ရှားသွားကာ ပို၍မြင်သာသော နေရာတစ်နေရာသို့ ရောက်ရှိသွားသည်။
ထိုက်ရီတောင်ကြားဂိုဏ်းချုပ်ကလည်း သူ့နောက်မှ လိုက်ပါလာပေ၏။
ကြွင်းကျန်သော ဟန်ထျန်းဓားအိမ်တော်ဂိုဏ်းချုပ်နှင့် ချန်းဟိုင်တောင်ဂိုဏ်းချုပ်တို့သည် ကူကယ်ရာမဲ့စွာဖြင့် အကြည့်ခြင်းဖလှယ်လိုက်ကြသည်။
"ဖြစ်နိုင်တာတော့ အဲ့ဒီနေရာမှာ တကယ်ကိုပဲတစ်ယောက်ယောက် ရှိနေတာများလား"
သူတို့နှစ်ယောက်ထံမှနေ၍ တူညီသောအသံတစ်သံ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။ ထို့နောက် သူတို့၏ခန္ဓာကိုယ်များ ဖျတ်ခနဲလှုပ်ရှားသွားကာ ယခင်လူနှစ်ယောက်၏အနီးသို့ အလျှင်အမြန်ရောက်ရှိသွားတော့သည်။
ထို့နောက် သူတို့နှစ်ယောက်သည် အထက်မှနေ၍ ချောက်နက်ကြီး၏အောက်သို့ ငုံကြည့်လိုက်ပြီးနောက် သူတို့သည်လည်း နေရာမှာပင်တောင့်တင်းသွားပေ၏။
တိကျသေချာစွာပင် ချောက်နက်ကြီး၏အောက်ခြေ၌ ဖြည်းညှင်းစွာ လျှောက်လှမ်းနေသော ပုံရိပ်တစ်ခုရှိနေသည်။
"အဲဒီလူက ဘယ်သူလဲ"
ဟန်ထျန်းဓားအိမ်တော်ဂိုဏ်းချုပ်က ကူကယ်ရာမဲ့စွာဖြင့် အော်ဟစ်လိုက်သည်။
"အဲ့ဒီချောက်နက်ကြီးထဲမှာ ဘာတွေရှိနေလဲဆိုတာ သူ မသိဘူးလား"
တခြားလူသုံးယောက်ထံမှနေ၍ မည်သည့်တုံ့ပြန်မှုမျိုးမျှ ရှိမလာချေ။
အကြောင်းအရင်းမှာ သူတို့သည်လည်း ဤကိစ္စကို သံသယဝင်နေသောကြောင့်ပင်။
"ဖြစ်နိုင်တာတော့ သူက ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ တစ်ယောက်များလား"
ဟန်ထျန်းဓားအိမ်တော်ဂိုဏ်းချုပ်က ထပ်မံ၍မေးမြန်းသည်။
"သူက ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်လား ဒါမှမဟုတ် လမ်းမှားပြီးဝင်သွားတဲ့ လူတယောက်လားဆိုတာ ပြောဖို့စောနေသေးတယ်...ဒါပေမဲ့ ငါတို့ မကြာခင်မှာပဲ အဖြေကို သိရမှာပါ"
ထိုက်ရီတောင်ကြားဂိုဏ်းချုပ်က ပြောဆိုသည်။
တခြားသူများသည်လည်း သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။
အကြောင်းအရင်းမှာ ထိုလူသည် ချောက်နက်ကြီးအတွင်းသို့ ဝင်သွားခဲ့သည့်တိုင် ယခုချိန်တွင် အစစ်အမှန်အန္တရာယ်နယ်မြေအတွင်းသို့ ရောက်ရှိသွားခြင်းမရှိသေးချေ။
"ဒါက ရှေ့ကိုက်တစ်ရာလောက်မှာ ရှိနေတာပဲဖြစ်မယ်....ဟုတ်တယ်မလား"
ချန်းဟိုင်တောင်ဂိုဏ်းချုပ်က မေးမြန်းသည်။
"အမှန်ပဲ...အဲဒီနေရာမှာ အဆိပ်မြူခိုးတွေ စပြီးပျံ့နှံ့နေတယ်...အရင်တစ်ကြိမ်တုန်းက ငါတို့လေးယောက် ဆယ်ကြိမ်ထက်မနည်း ကြိုးစားခဲ့ရတောင်မှ အဲ့ဒီနေရာအရောက်မှာ ငါတို့နောက်ပြန်ဆုတ်ခဲ့ရတယ်လေ"
ဟန်ထျန်းဓားအိမ်တော်ဂိုဏ်းချုပ်က ခေါင်းတစ်ချက်ညိတ်ပြကာ တုံ့ပြန်သည်။
"သူက မြည်းတစ်ကောင်လား ဒါမှမဟုတ် မြင်းတစ်ကောင်လားဆိုတာ...ငါတို့ မကြာခင်သိရလိမ့်မယ်"
တိမ်နဂါးတောင်ကြားဂိုဏ်းချုပ်က ပြောဆိုလိုက်၏။
လူတိုင်းသည် ခေါင်းညိတ်လိုက်ကြကာ သူတို့၏မျက်လုံးအကြည့်များကို ထိုပုံရိပ်ထံသို့ အာရုံစူးစိုက်လိုက်ကြသည်။
သူသည် တစတစနီးကပ်သွားလေပြီ။
ပို၍နီးကပ်သွားကာ...
ကိုက်သုံးဆယ်...
ဆယ်ကိုက်...
ငါးကိုက်...
သုံးကိုက်...
ဤအချိန်အခိုက်အတန့်တွင် လူလေးယောက်သည် စူးစိုက်ကြည့်နေရင်း သူတို့၏နှလုံးသားများ ရင်ဘတ်များအတွင်းမှ ခုန်ထွက်သွားတော့လုမတတ်ပင်။
ရုတ်တရက်....
သူတို့လေးယောက်၏မျက်လုံးများ ပြူးကျယ်သွားကာ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
"သူ ပျောက်သွားပြီ"
"သူက ဘယ်လိုလုပ်ပြီးတော့ ပျောက်သွားတာလဲ"
ဤသည်မှာ အမှန်ပင်။
ဤအချိန်အခိုက်အတန့်တွင် သူတို့၏မျက်လုံးများရှေ့၌ အလွန်ထူးဆန်းသောလမြင်ကွင်းတစ်ခု ဖြစ်ပွားလာခဲ့သည်။ ထိုလူသည် ပါးလွှာသောလေတုအတွင်း၌ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေ၏။
သို့ရာတွင် အလွန်လျှင်မြန်စွာဖြင့်ပင် အစူးရှဆုံးအမြင်အာရုံရှိသည့် ထိုက်ရီတောင်ကြားဂိုဏ်းချုပ်သည် တစ်စုံတစ်ခုလွဲချော်နေသည်ကိုသတိပြုမိသွားကာ အော်ဟစ်လိုက်သည်။
"မဟုတ်ဘူး....သူက အဆိပ်မြူခိုးထဲကို ဝင်သွားတာပဲ"
ထိုစကားကိုကြားချိန်တွင် တခြားလူသုံးယောက်သည် သူတို့၏အမြင်အာရုံများကို စူးစိုက်လိုက်ကြကာ ထူထပ်သိပ်သည်းသော အဆိပ်မြူခိုးများအကြားသို့ ထွင်းဖောက်၍ကြည့်လိုက်ကြသည်။
တိကျသေချာစွာပင် သူတို့သည် ထူထပ်သိပ်သည်းသော အဆိပ်မြူခိုးများအကြား၌ ထိုလူ၏အရိပ်အယောင်တစွန်းတစကို တွေ့မြင်မိလေ၏။
ထိုလူသည် လမ်းတလျှောက်လုံး ဖြည်းညှင်းစွာနှင့်တည်ငြိမ်စွာ ဆက်လက်၍လျှောက်လှမ်းသွားနေသည်။
"ရှီး...."
သူတို့လေးယောက်သည် ကူကယ်ရာမဲ့စွာဖြင့် ပင့်သက်ရှိုက်လိုက်ကြသည်။
မည်သို့ ဖြစ်နိုင်မည်နည်း....
မည်သည်ကြောင့် ဤသို့ ဖြစ်နိုင်မည်နည်း...
သူသည် ဤကဲ့သို့သေစေနိုင်သောအဆိပ်မြူခိုးများအကြားသို့ မည်သည်ကြောင့် ဝင်ရောက်သွားဝံ့သနည်း။
သူတို့လေးယောက်၏မျက်လုံးများ ပြူးကျယ်နေကာ မယုံကြည်နိုင်မှုကြောင့် ပါးစပ်အဟောင်းသားဖြစ်နေကြသည်။
ယခင်တစ်ကြိမ်တုန်းက သူတို့သည် ထိုအဆိပ်မြူခိုးများနှင့် ပထမဆုံး ထိတွေ့ခဲ့ရချိန်တွင် အတင်းအကြပ်ဖိအားပေး၍ခချက်ချင်းနောက်ပြန်ဆုတ်ခဲ့ရကြောင်း သူတို့ မှတ်မိနေဆဲပင်။
အကြောင်းအရင်းမှာ သူတို့၏အရေပြားတွင် ကပ်ညိလာသော အဆိပ်မြူခိုးအနည်းငယ်ကို ဖယ်ရှားရန်အတွက်ပင် သူတို့၏ကျင့်ကြံခြင်းစွမ်းအား ပမာဏအမြောက်အများကို အသုံးပြုခဲ့ရသည်။ ထိုသို့မဟုတ်ပါက သူတို့ထံတွင် ကြေးနီအသားနှင့်သံမဏိအရေပြားခန္ဓာကိုယ်ရှိနေလျှင်ပင် အလွန်လျင်မြန်သောအရှိန်နှုန်းဖြင့် ပုပ်သိုးဆွေးမြေ့သွားပေမည်။
တစ်စုံတစ်ယောက်သည် မည်သည့်စွမ်းအားအကာအကွယ် အရိပ်အယောင်မျိုးမျှမရှိဘဲ ဤအဆိပ်မြူခိုးများအတွင်းသို့ လျှောက်လှမ်းဝင်သွားသည့်ကိစ္စမှာ ဆိုဖွယ်ရာပင်မရှိတော့ချေ။
ဤသည်မှာ သူတို့ ကြားဖူးနားဝမရှိသောကိစ္စပင်။
"ကြည့်ရတာတော့ အဲ့ဒီအဆိပ်မြူခိုးတွေက သူ့ လျှောက်လှမ်းသွားတဲ့အချိန်မှာ ပျက်ပြယ်သွားတဲ့ပုံပဲ"
ထိုအချိန်မှာပင် ထိုက်ရီတောင်ကြားဂိုဏ်းချုပ်က တခြားတစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။
တခြားသူများသည်လည်း ထိုနေရာသို့ကြည့်ကာ လေအေးတချက် ရှိုက်သွင်းလိုက်ကြ၏။
ထိုက်ရီတောင်ကြားဂိုဏ်းချုပ်ပြောဆိုသည့်အတိုင်း တိကျသေချာစွာပင် ထိုပုံရိပ်ဖြတ်သန်းသွားသည့် မည်သည့်နေရာတွင်မဆို အဆိပ်မြူခိုးများ ပျက်ပြယ်သွားခဲ့သည်။
ဥပမာအားဖြင့် ဤအချိန်အခိုက်အတန့်တွင် သူ၏နံဘေးပတ်ဝန်းကျင်ရှိ ဆယ်ကိုက်ခန့်ကိုသာ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။
သူ့၏ရှေ့ကိုက်ငါးဆယ်အကွာရှိ မြင်ကွင်းသည် ကိုက်ဆယ်ပေါင်းများစွာအကွာထိ ပြန်လည်ကောင်းမွန်နေလေပြီ။
ထို့ပြင် သူ့၏နောက် ကိုက်တစ်ရာအတွင်းရှိ လေဟာနယ်သည် ကြည်လင်မှုကို အပြည့်အဝပြန်လည်ရရှိသွားကာ အဆိပ်မြူခိုးများ၏ ဟန့်တားနှောက်ယှက်မှု အနည်းငယ်မျှမကျန်ရှိတော့ချေ။
ထိုအချိန်မှာပင် ပို၍မယုံကြည်နိုင်ဖွယ်ကောင်းသောဖြစ်ရပ်တစ်ခုကို သူတို့လေးယောက်လုံး မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရသည်။
တောင်ကြားအတွင်းရှိ ဝင်္ကပါနှင့်တားမြစ်အမှတ်အသားများအားလုံး အသက်ဝင်လာခဲ့သည်။
ဤသည်မှာ ပုံရိပ်ယောင်ဝင်္ကပါ အာရုံထွေပြားဝင်္ကပါ သတ်ဖြတ်ခြင်းဝင်္ကပါ အစရှိသဖြင့် ဝင်္ကပါမျိုးစုံပါဝင်ကာ ယခုချိန်၌ ထိုအရာများအားလုံးအပြည့်အဝ လည်ပတ်နေကြသည်။
သို့ရာတွင် သူတို့၏မျှော်လင့်ချက်များထက်ကျော်လွန်ကာ ဝင်္ကပါများသည် ထိုပုံရိပ်ပေါ်၌ လုံးလုံးလျားလျား သက်ရောက်မှုဆုံးရှုံးသွားပြီး သူသည် မြေပြန့်ပေါ်၌လမ်းလျှောက်နေသည့်အလား ထိုအရာများကို ဖြတ်ကျော်သွားခဲ့သည်။
"ဒါက..."
"ဒါက ဘယ်လိုလူစားမျိုး ဖြစ်နိုင်လဲ"
"အမှန်ပဲ...သူ့အတွက်တော့ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတွေနဲ့ ပြည့်နှက်နေတဲ့ ဒီတောင်ကြားက သာမန်တောင်ကြားတစ်ခုလိုပဲ..ဒီလိုမျိုးဖြစ်ဖို့ဆိုတာ သူ့မှာ ဘယ်လောက်ထိမြင့်မားတဲ့ ကျင့်ကြံဆင့်နယ်ပယ်ရှိနေဖို့ လိုအပ်နေနိုင်လဲ"
သူတို့၏စိတ်နှလုံးသားများအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုလှိုင်းလုံးကြီးများ တဝုန်းဝုန်းထသွားတော့သည်။
"ထွီ...ဒီတောင်ကြားက ဘယ်လိုပဲဖြစ်ဖြစ် သာမန်တောင်ကြားလေးတစ်ခုပါပဲ...ငါက ဒီနေရာမှာ အန္တရာယ်တချို့တွေ့နိုင်မယ်လို့ တွေးထင်ထားခဲ့မိတယ်"
ရီဖုန်းသည် လမ်းလျှောက်နေရင်း အထင်အမြင်သေးစွာဖြင့် ညည်းတွားလိုက်၏။
သူ တနေကုန်လမ်းလျှောက်ပြီးချိန်၌ မြူခိုးတချို့မှလွဲ၍ မည်သည့်အန္တရာယ်မျိုးကိုမျှ သူ ရင်ဆိုင်တွေ့ရခြင်း မရှိချေ။
ထိုမြူခိုးများမှာမူ ဤကဲ့သို့ချောက်နက်ကြီးမျိုးအတွင်းတွင် မြုခိုးများထူထပ်သိပ်သည်းလေ့ရှိသည်မှာ ဖြစ်ရိုးဖြစ်စဥ်ကိစ္စပင်။
အမှန်အားဖြင့် ပြောရမည်ဆိုလျှင် ဤနေရာတွင် အန္တရာယ် မရှိသလောက်နီးပါးဖြစ်ပေ၏။
ထူးဆန်းသည့်ကိစ္စတစ်ခုမှာ အေးစက်ပြီးနှင်းကျနေသောရာသီဥတုကြောင့် မြွေငယ်လေးတစ်ကောင်သည် ရီဖုန်းကို လာရောက်တိုက်ခိုက်ခဲ့သည်။
သို့ရာတွင် သူ တစ်ချက်ကန်လိုက်ခြင်းနှင့်အတူ ထိုမြွေသည် နေရာမှာပင် ပြားချပ်ကာ သေဆုံးသွားတော့သည်။ ရီဖုန်းသည် မြွေသေကိုကောက်ယူကာ အနီးရှိတောင်နရံများတွင်ပေါက်နေသော အဖြူရောင်မှိုတချို့ကို ခူးဆွတ်၍ ဟင်းခတ်အမွှေးအကြိုင်များနှင့်အတူ ကောင်းမွန်သော မြွေသားစွပ်ပြုတ်တအိုးကိုချက်ပြုတ်ခဲ့သည်။
အချိန်တခဏကြာခန့်အနားယူကာ မြွေသားစွပ်ပြုတ်ကိုစားသောက်ပြီးနောက် ရီဖုန်းသည်ခရီးဆက်ခဲ့တော့သည်။
ရီဖုန်းထွက်ခွာသွားပြီးနောက် မကြာမီမှာပင် လူလေးယောက်သည် သူ့နောက်မှ လိုက်ပါလာခဲ့လေ၏။
Thank For Reading.