အခန်း (၄၂၁-၄၂၅)
Vol. 29 Ch. 421-425
Chapter 421
အတိအကျပြောဆိုရလျှင် သူတို့သည် မြောက်ပင်လယ်ကုန်းမြေ၏မဟာဂိုဏ်းချုပ်လေးယောက်ပင်။
သူတို့သည် မူလက ရီဖုန်းနှင့်တိုက်ရိုက်စကားပြောဆိုလိုခဲ့သည်။ သို့ရာတွင် အဆိပ်မြူခိုးများပျက်ပြယ်သည့်အချိန်ထိ စောင့်ဆိုင်းနေရသဖြင့် သူတို့သည် ရီဖုန်း၏နောက် ကိုက်တစ်ရာအကွာခန့်မှသာ လိုက်နိုင်ခဲ့သည်။
"အဲ့ဒီတစ်ယောက်က ဒီနေရာမှာ အချိန်တော်တော်ကြာအောင်နေခဲ့တယ်"
ဟန်ထျန်းဓားအိမ်တော်ဂိုဏ်းချုပ်က ပြောဆိုသည်။
"အမှန်ပဲ....သူ ဒီနေရာမှာ ဘာလုပ်နေခဲ့တယ်ဆိုတာ ငါ နားမလည်ဘူး"
ထိုက်ရီတောင်ကြားဂိုဏ်းချုပ်က ပြောဆိုကာ သူသည်လည်း ထပ်တူထပ်မျှဇဝေဇဝါဖြစ်နေသည်။
သူ့၏စကား အဆုံးသတ်သွားချိန်မှာပင် သူသည် တစ်စုံတစ်ခုပေါ်သို့ တက်နင်းမိသည်ကို ရှာဖွေတွေ့ရှိမိလေ၏။ သူ့၏ခြေထောက်ကို ဖယ်ရှားပြီး တစ်ချက်ကြည့်လိုက်ချိန်တွင် သူသည် ရေခဲတုံးတစ်တုံးအလား နေရာမှာပင် အေးစက်တောင့်တင်းသွားသည်။
"ဒါက...."
"ဒါက အင်ပါယာအဆင့် နတ်ဆိုးသားရဲတစ်ကောင်ဖြစ်တဲ့ နတ်ဘုရားပုန်းကွယ်မြွေမဟုတ်လား"
သူက ထိတ်လန့်တကြား ပြောဆိုလိုက်သည်။
ထိုစကားကိုကြားချိန်တွင် တခြားလူသုံးယောက်သည် ဝိုင်းအုံလာကာ ထိုအရာကိုတစ်ချက်ကြည့်ပြီးနောက် လေအေးတစ်ချက်ရှိုက်သွင်းလိုက်ကြ၏။
"အမှန်ပဲ...ဒါက နတ်ဘုရားပုန်းကွယ်မြွေတစ်ကောင်ပဲ"
"ဒီနတ်ဆိုးသားရဲရဲ့ မြွေငယ်တစ်ကောင်နဲ့တူတဲ့ပုံပန်းသွင်ပြင်ကြောင့် အရူးလုပ်မခံကြနဲ့... ဒါကိုကြည့်ရတာ သာမန်မြွေငယ်လေးတစ်ကောင်နဲ့ ဘာကွဲပြားခြားနားမှုမှ မရှိဘူးဆိုပေမယ့် အစစ်အမှန်အင်ပါယာအဆင့် နတ်ဆိုးသားရဲတစ်ကောင်ပဲ...ငါတို့လေးယောက်ပူးပေါင်းပြီးတိုက်ခိုက်ရင်တောင် ဒီမြွေကို အနိုင်ယူနိုင်မှာမဟုတ်ဘူး"
ဟန်ထျန်းဓားအိမ်တော်ဂိုဏ်းချုပ်က ထိတ်လန့်တကြားပြောဆိုသည်။
"မြွေခေါင်းပဲကျန်ခဲ့တော့တယ်...ဒါကိုကြည့်ရတာ ခုဏက ဖြတ်သွားတဲ့လူရဲ့လက်ချက် ဖြစ်ပုံရတယ်"
"အဲဒီနေရာက မြေကြီးပေါ်ကို တစ်ချက်ကြည့်လိုက်ကြအုံး"
ထိုအချိန်မှာပင် တိမ်နဂါးတောင်ကြားဂိုဏ်းချုပ်က အံ့အားသင့်အော်ဟစ်လေ၏။
သူ့၏အော်သံကိုကြားချိန်တွင် လူတိုင်းသည် ထိုနေရာသို့ အလျင်စလိုကြည့်လိုက်ကြသည်။ သူတို့သည် မြေပြင်ပေါ်ရှိ အရိုးအစအနများနှင့်စွပ်ပြုတ်အကြွင်းအကျန်များကို ချက်ချင်းရှာဖွေတွေ့ရှိမိသည်။
အေးစက်သောရာသီဥတုဖြစ်သည့်တိုင် ထိုအရာများမှနေ၍ ပူနွေးသောအခိုးအငွေ့များ ထွက်ပေါ်နေဆဲပင်။
"ခဏလေး...အဲ့ဒီအသားက...ဖြစ်နိုင်တာ ဖြစ်နိုင်တာကတော့ နတ်ဘုရားပုန်းကွယ်မြွေရဲ့အသားလား"
"ပြီးတော့ ဒီမှို...ဒါက...ဒါက နှင်းနတ်ဘုရားမှိုမဟုတ်လား"
"ဒါကိုကြည့်ရတာတော့ တကယ့်ကို နှင်းနတ်ဘုရားမှိုပဲ"
"ဟူး..."
"သူက တကယ့်ကို....တကယ့်ကိုပဲ နတ်ဘုရားပုန်းကွယ်မြွေသားနဲ့ နှင်းနတ်ဘုရားမှိုတို့လို ကောင်းကင်နဲ့မြေပြင်ကြားက ရတနာတွေကိုအသုံးပြုပြီးတော့ စွပ်ပြုတ်ချက်ခဲ့တာပဲ....ပြီးတော့ စားကြွင်းစားကျန်တွေကို ဒီနေရာမှာ သွန်မှောက်ခဲ့သေးတယ်...ဘယ်လို အင်မော်တယ်စားတော်ကဲမျိုးက ဒီကိစ္စကို လုပ်နိုင်မှာလဲ"
မြေပြင်ပေါ်ရှိ စားကြွင်းစားကျန်များကိုကြည့်ပြီး မဟာဂိုဏ်းချုပ်လေးယောက်သည် ထိတ်လန့်တုန်လှုပ်သွားကာ သူတို့၏မျက်လုံးများပြူးကျယ်နေသည်။ သူတို့၏အံ့အားသင့်နေမှုကို ဖော်ပြရန်အတွက် စကားလုံးပင်ရှာမတွေ့တော့ချေ။
"တကယ်လို့ ငါ့ရဲ့ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် ...ယီရှင်းတောင်ကြားမှာ ထွက်ပေါ်လာခဲ့တဲ့သဘာဝလွန်ပုံရိပ်က နှင်းနှတ်ဘုရားမှိုမွေးဖွားလာမှုကြောင့် ဖြစ်လာခဲ့တာပဲ"
"ဘယ်လောက်တောင် စိတ်ပျက်ဖို့ကောင်းလိုက်လဲ...ကောင်းကင်နဲ့မြေပြင်အကြားက ဒီလိုရတနာတစ်ခုက စွပ်ပြုတ်အိုးထဲမှာအဆုံးသတ်သွားရပြီးတော့ ခုဏကလူက စားသောက်သွားခဲ့ပြီ"
ဟန်ထျန်းဓားအိမ်တော်ဂိုဏ်းချုပ်၏မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးနေသောအမူအယာတစ်ရပ်ရှိနေသည်။
ဤသည်မှာ ယီရှင်းတောင်ကြားအတွင်းရှိရတနာကို ရရှိနိုင်ရန်အခွင့်အရေး သူတို့၌ မရှိတော့ဟု ဆိုလိုခြင်းပင်။
သို့ရာတွင် အလွန်အစွမ်းထက်သောကျင့်ကြံသူတစ်ယောက်သည် ထိုအရာကိုရိတ်သိမ်းသွားခြင်းဖြစ်သောကြောင့် သူတို့သည် များစွာကြေကွဲဝမ်းနည်းနေခြင်းမရှိချေ။ မည်သို့ပင်ဆိုစေပါကာမူ အင်အားကောင်းသူများသည်အားနည်းသူများထံမှ လုယက်လေ့ရှိသည်မှာဖြစ်ရိုးဖြစ်စဉ်ကိစ္စပင်။
သို့သော် စွပ်ပြုတ်တစ်အိုးချက်ရန်အတွက် ဤကဲ့သို့ရတနာတစ်ခုကို အသုံးပြုပြီးနောက် ထိုလူသည် စားကြွင်းစားကျန်များကို မြေပြင်ပေါ်၌ သွန်မှောက်ခဲ့သည်။ ဤသည်မှာ သူတို့လက်ခံနိုင်ရန် ခက်ခဲသော ကိစ္စတစ်ခုပင်။
"ဖြစ်နိုင်တာတော့ အဲဒီလူက ဒီစွပ်ပြုတ်ကိုသောက်ဖို့သက်သက်နဲ့ ယီရှင်းတောင်ကြားထဲကို ဝင်လာခဲ့တာများလား"
ချန်းဟိုင်တောင်ဂိုဏ်းချုပ်သည် ဇဝေဇဝါဖြစ်နေသကဲ့သို့ ခံစားမိသဖြင့် မေးမြန်းလေ၏။
"ငါတော့ အဲ့ဒီလို မထင်ဘူး...ကြည့်ရတာတော့ သူက ဖြတ်သွားတဲ့အချိန်မှာ နှင်းနတ်ဘုရားမှိုကိုမြင်သွားပြီးတော့ ရုတ်တရက် စိတ်ကူးပေါက်သွားပြီး စွပ်ပြုတ်ချက်လိုက်ဖို့က ပိုပြီးဖြစ်နိုင်ချေများတယ်"
ထိုက်ရီတောင်ကြားသခင်ကပြောဆိုကာ သူ၏မျက်နှာအမူအယာ အလွန်အမင်းပျက်ယွင်းနေသည်။
ထိုစကားကိုကြားချိန်တွင် တခြားသူများ၏ပါးစပ်များသည်လည်း ရှုံမဲ့သွားသည်။ သူတို့၏စိတ်နှလုံးသားများအတွင်း၌ အလွန်အမင်းစိတ်မသက်မသာဖြစ်မှုကို ခံစားမိလေ၏။
ကံအကြောင်းမလှစွာဖြင့် ထိုကိစ္စသည် ဤသို့သာဖြစ်ပုံရသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ဒီစားကြွင်းစားကျန်တွေကြောင့် အရူးလုပ်မခံကြနဲ့...ဒါက အင်အားဖြည့်တင်းပေးနိုင်တဲ့ ဆေးတစ်မျိုးဖြစ်နေနိုင်တယ်"
ထိုအချိန်မှာပင် ဟန်ထျန်းဓားအိမ်တော်ဂိုဏ်းချုပ်၏မျက်လုံးအတွင်း၌ လောဘအရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။ သူသည် မြေပြင်ပေါ်ရှိ စားကြွင်းစားကျန်များကိုစူးစိုက်ကြည့်ကာ သူ၏နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။
"ငါတို့က ဘာလို့ မလုပ်ဘဲနေရမှာလဲ...."
သူ့၏စကားကြောင့် တခြားလူသုံးယောက်၏မျက်စောင်းထိုးခြင်းကို သူ ခံလိုက်ရသည်။
"ဒီစားကြွင်းစားကျန်တွေက အားဖြည့်ဆေးဖြစ်နိုင်တယ်ဆိုတာ ငါတို့မငြင်းဆန်ပေမယ့်...ငါတို့တွေက မဟာဂိုဏ်းကြီးလေးဂိုဏ်းရဲ့ဂိုဏ်းချုပ်တွေဆိုတာ မမေ့လိုက်နဲ့...တစ်စုံတစ်ယောက်ရဲ့စားကြွင်းစားကျန်တွေကို ကောက်စားလိုက်မယ်ဆိုရင် ငါတို့က ဘာတွေဖြစ်သွားမလဲ"
"အမှန်ပဲ အဲ့ဒီလူက ဘယ်လောက်ကြီးအစွမ်းထက်နေပါစေ...ငါတို့က သူ့ရဲ့စားကြွင်းစားကျန်တွေကို စားတဲ့အဆင့်ထိ ငါတို့ကိုယ်ငါတို့ နိမ့်ကျခံလို့မဖြစ်ဘူး"
"မဟာဂိုဏ်းချုပ်တွေဖြစ်တဲ့ ငါတို့က ဂုဏ်သိက္ခာကို ထိန်းသိမ်းရမယ်"
"သွားကြစို့...အဲ့ဒီလူရဲ့နောက်ကို မြန်မြန်အမှီလိုက်ကြရအောင်...ငါတို့က ရတနာကိုရနိုင်မယ့်အခွင့်အရေးကို လွဲချော်သွားပြီ...ဒါပေမဲ့ ခုလိုမျိုးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်နဲ့ သိကျွမ်းခင်မင်ခွင့်ရရင် ဒါကလည်းအကျိုးကျေးဇူးတစ်ခုပဲ"
သူတို့လေးယောက်သည် ထပ်မံ၍ခရီးဆက်ခဲ့ကြကာ ရီဖုန်း၏နောက် ကိုက်တစ်ရာခန့်အကွာမှနေ၍ ခြေရာခံလိုက်ခဲ့ကြသည်။
သို့ရာတွင် သူတို့စတင်ထွက်ခွာခဲ့စဥ်မှာပင် လူတစ်ယောက်လျော့နေကြောင်း သတိပြုမိသွားသည်။ သူတို့သည် ဟန်ထျန်းဓားအိမ်တော်ဂိုဏ်းချုပ်ကို မည်သည့်နေရာတွင်မျှ ရှာမတွေ့ချေ။
"ကျန်းဟန်ထျန်း ဘယ်ရောက်သွားတာလဲ"
ထိုက်ရီတောင်ကြားဂိုဏ်းချုပ်က မေးမြန်းလေ၏။
"ငါ မသိဘူး...သူက ခုဏလေးကတင် ဒီနေရာမှာ ရှိနေသေးတယ်"
ချန်းဟိုင်တောင်ဂိုဏ်းချုပ်က တုံ့ပြန်အဖြေပေးကာ သူသည်လည်း ဇဝေဇဝါဖြစ်နေသည်။
သူတို့၏နောက် မလှမ်းမကမ်းအကွာတွင် ဟန်ထျန်းဓားအိမ်တော်ဂိုဏ်းချုပ် ကျန်းဟန်ထျန်းသည် ထိုစားကြွင်းစားကျန်များ ရှိနေသောနေရာသို့ အလျင်အမြန်ပြန်ပြေးသွားခဲ့သည်။
"ဂုဏ်သိက္ခာက ဘာသောက်ရေးပါလို့လဲ...ဒီစားခြင်းစားကျန်တွေကို စားပြီးရင် ငါ့အတွက်အကျိုးကျေးဇူးရမရဆိုတာ ဘယ်သူသိနိုင်မှာလဲ"
"ပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူမှ ငါ့ကိုမြင်မှာမဟုတ်ဘူး"
သူသည် ပုန်းကွယ်၍ အရပ်လေးမျက်နှာကို ဝေ့ဝိုက်ပြီးကြည့်လိုက်သည်။ ပတ်ဝန်းကျင်တွင် တခြားမည်သူမျှမရှိသည်ကိုမြင်တွေ့ချိန်တွင် သူသည် ခါးညွတ်ကာ လျှပ်ပြက်သကဲ့သို့အရှိန်နှုန်းဖြင့် စားကြွင်းစားကျန်များကို သူ့၏လျှာဖြင့်လျက်လိုက်၏။
ဝုန်း....
ထိုစားကြွင်းစားကျန် တစ်လုတ်စာသည် သူ့၏ခန္ဓာကိုယ်တစ်ခုလုံးကို တုန်ရီသွားစေသည်။
သူ့၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများအလျှင်အမြန်မြင့်တက်လာကာ သူ့၏ပါရမီအရည်အချင်းနှင့်ကျင့်ကြံဆင့်အခြေခံများ တိုးတက်လာသည်ကို သူ ရှင်းရှင်းလင်းလင်းခံစားမိသည်။
ဤအချိန်အခိုက်အတန့်တွင် သူ၏မျက်လုံးတစ်စုံသည် ကြယ်ပွင့်များအလား တောက်ပနေသည်။
"ဟား ဟား ဟား ဟား..."
ဒါက တကယ့်ကို လက်တွေ့ကျကျ အစွမ်းထက်တဲ့ အားဖြည့်ဆေးတစ်ခုပဲ...ဒီစားကြွင်းစားကျန်တွေအကြောင်းကို အရူးသုံးကောင်ကတော့မသိကြဘူး...မဟုတ်သေးဘူး...ဒီနတ်ဘုရားစွပ်ပြုတ်ကိုတစ်ချက်ကြည့်လိုက်ရုံနဲ့ သာလွန်ထူးကဲတာကို သူတို့ သိနေရမှာလေ...ငါကတော့ကံကောင်းပြီးတော့ ဒါတွေအားလုံးကို အကြည့်တစ်ချက်နဲ့ ထွင်းဖောက်မြင်နိုင်ခဲ့တယ်"
သူသည် ကျယ်လောင်စွာအော်ဟစ်ရယ်မောရန်အတွက် သူ့၏ပါးစပ်ကို ဖွင့်ဟလိုက်သည်။ သို့ရာတွင် တခြားလူသုံးယောက်သည် မလှမ်းမကမ်း၌ရှိနေသည်ကို သူ အမှတ်ရသွားသဖြင့် သူ၏ပါးစပ်ကို အလျှင်အမြန်ပြန်ပိတ်လိုက်၏။ သူ့၏မျက်နှာပေါ်တွင် မချိုမချဥ်အပြုံးမျိုးရှိနေသည်။
ထိုနောက် သူသည် လျှပ်ပြက်သကဲ့သို့အရှိန်နှုန်းဖြင့် မြေပြင်ပေါ်ရှိစားကြွင်းစားကျန်များအားလုံးကို တစ်စက်မျှမကျန်သည်အထိ ပြောင်စင်အောင်လျက်လိုက်တော့သည်။
Chapter 422
"မင်း ဘယ်သွားနေတာလဲ"
ရုတ်တရက်ပြန်လည်ထွက်ပေါ်လာသော ကျန်းဟန်ထျန်းကိုကြည့်ပြီး တခြားလူသုံးယောက်ကမေးမြန်းလိုက်သည်။
"ငါ..."
ကျန်းဟန်ထျန်းသည် စိတ်မသိုးမသန့်ဖြင့်သူ၏နှုတ်ခမ်းကိုလျှာဖြင့်သပ်ကာ လိမ္မာပါးနပ်စွာ ပြောဆိုလိုက်၏။
"အမ် ဟား ဟား..ငါ ခုဏက ဗိုက်နာလာလို့ နောက်ဖေးသွားစွန့်တာပါ"
သူ့၏စကားကိုကြားချိန်တွင် တခြားလူများသည် သူ့အား မျက်စောင်းထိုးလိုက်ကြသည်။
သူသည် သတ္တမအဆင့်သိုင်းအင်ပါယာတစ်ယောက်ဖြစ်သည့်တိုင် မစင်စွန့်ရန်သွားခဲ့ရသလော...
သူတို့အကြား၌ တဦးတည်းသောအမျိုးသမီးဖြစ်သော လျှူကူရီသည် သူမ၏လက်ဝါးကိုဝှေ့ယမ်းကာ ကျန်းဟန်ထျန်းနှင့် ခြေလှမ်းအနည်းငယ်အကွာသို့ ဆုတ်ခွာလိုက်သည်။
သို့ရာတွင် သူတို့သည် ဤကိစ္စကို ဆက်လက်၍စူးစမ်းနေခြင်းမပြုဘဲ ရှေ့တွင်ရှိနေသော ရီဖုန်းကိုသာ အာရုံစူးစိုက်လိုက်ကြသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ကျန်းဟန်ထျန်း၏မျက်လုံးများ တောက်ပသွားကာ သူ၏မျက်နှာပေါ်တွင် အောင်နိုင်သူတစ်ယောက်၏အပြုံးမျိုး ထင်ဟပ်လာသည်။
အကယ်၍ ဤအရူးသုံးယောက်သည် ထိုစားကြွင်းစားကျန်များအတွင်း၌ အလွန်များပြားသော စွမ်းအားများပါဝင်နေသည်ကို သိရှိသွားပါက သူတို့သည် သူစားခဲ့သမျှ အရာရာတိုင်းကိုနေရာမှာပင် အတင်းအကြပ်ဖိအားပေးပြီး ပြန်အန်ထုတ်ခိုင်းကြပေမည်။
သို့ရာတွင် ကျန်းဟန်ထျန်းသည် ထိုကိစ္စမှ သူ ရှောင်ပြေးနိုင်ပြီဟု တွေးတောနေစဉ်မှာပင်....
သူသည် ရုတ်တရက် ခြေလှမ်းများရပ်တန့်သွားကာ ကြက်သေသေသွားသည်။
"အိုး မဟုတ်ဘူး...ငါရဲ့ကျင့်ကြံဆင့်ကို ထပ်ပြီးတော့ ဖိနှိပ်မထားနိုင်တော့ဘူး...ငါ ကျင့်ကြံဆင့်ချိုးဖျက်ရတော့မယ်”
သူသည် သူ့၏စိတ်နှလုံးသားအသင်းမှအော်ဟစ်ကျိန်ဆဲလိုက်၏။ သူ့၏ခန္ဓာကိုယ်အတွင်းမှ ပွင့်အံ့ထွက်လာသော ကျင့်ကြံဆင့်စွမ်းအားများကို သူ ထပ်မံ၍ ဖိနှိပ်မထားနိုင်တော့ချေ။
ဤသည်မှာ တခြားလူသုံးယောက်၏စိတ်အာရုံများကို ချက်ချင်းဆွဲဆောင်သွားနိုင်ခဲ့သည်။
"ကျန်းဟန်ထျန်း....မင်း...မင်းက...ကျင့်ကြံဆင့်ချိုးဖြတ်တော့မှာလား"
သူတို့သုံးယောက်က အံ့အားတသင့် မေးမြန်းလေသည်။
"မဟုတ်ဘူး...အဲ့ဒီလိုမဟုတ်ပါဘူး...ငါကမတော်တဆ ကျင့်ကြံဆင့်စွမ်းအားတချို့ ယိုစိမ့်ထွက်သွားခဲ့တာပါ"
ကျန်းဟန်ထျန်းသည် သူ၏ကျင့်ကြံဆင့်စွမ်းအားများကိုဖိနှိပ်နိုင်ရန် ကြိုးစားနေသဖြင့်သူ၏မျက်နှာနီမြန်းနေသည်သူသည် ရှက်ကိုးရှက်ကန်းဖြင့် အထစ်ထစ်အငေါ့ငေါ့ တုံ့ပြန်လိုက်၏။
"ဟန်ဆောင်နေတာ ရပ်လိုက်စမ်း..မင်းက ငါတို့ကို အရူးတွေလို့ ထင်နေတာလား"
လီချန်းဟိုင်က အေးစက်တင်းမာစွာပြောဆိုသည်။
"ဒါကအမှန်ပဲ နင်က အတားအဆီးကိုရောက်နေပြီးတော့ ကျင့်ကြံဆင့်ချိုးဖျက်တော့မယ့် အရိပ်အယောင်တွေရှိနေတာ အသိသာကြီးလေ"
လျှူကူရီသည်လည်း ကျန်းဟန်ထျန်း၏စကားများကို အနည်းငယ်မျှ ယုံကြည်ခြင်းမရှိချေ။
"ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ငါတို့ကို ပြောပြစမ်း"
ယွင်ထန်းလုံက တင်းမာခက်ထန်စွာ အော်ငေါက်လိုက်သည်။
"ငါတို့လေးယောက်လုံးက သတ္တမအဆင့်သိုင်းအင်ပါယာတွေဆိုပေမယ့်...မင်းရဲ့ကျင့်ကြံဆင့်က အမြဲတမ်း ငါတို့ရဲ့နောက်မှာ ခြေတစ်လှမ်းနောက်ကျကျန်နေခဲ့တယ်...အခု မင်းက ငါတို့ရှေ့ကနေ ဆယ်စုနှစ်တစ်ခုစာလောက်စောပြီးတော့ အဋ္ဌမအဆင့်သိုင်းအင်ပါယာနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်တယ်ဆိုတာ ဘယ်လိုလုပ်ပြီဖြစ်လာခဲ့တာလဲ"
"ဒါကအမှန်ပဲ...မင်း ရှင်းပြစမ်း"
"မင်း ငါတို့ကို ဖုံးကွယ်ထားတာ တစ်ခုခုရှိနေတယ်မဟုတ်လား"
သူတို့သုံးယောက်သည် ကျန်းဟန်ထန်းကို စူးစူးဝါးဝါးစိုက်ကြည့်ကာ သူတို့၏အသံများတွင် စွပ်စွဲပြစ်တင်လိုမှုများဖြင့် ပြည့်နှက်နေသည်။
"အမ်..."
"ဒါက....."
ကျန်းဟန်ထျန်း၏နဖူးမှနေ၍ ချွေးများယိုစီးကျလာကာ သူတို့၏အကြည့်များအောက်တွင် သူသည် အလွန်အမင်းစိတ်မသက်မသာ ခံစားနေရသည်။ သူသည် စိုးရိမ်ပူပန်တကြီးဖြင့် ဂဏာမငြိမ်စပြုလာပေ၏။
"နင် ဝန်ခံစမ်း...နင်က အစစ်အမှန်ခွန်အားကို တစ်ချိန်လုံး ဖုံးကွယ်ထားပြီးတော့....အရင်ကတည်းက နင်က ငါတို့ထက်ပိုပြီး သန်မာအားကောင်းခဲ့တာမဟုတ်လား"
လျှူကူရီက ဖိအားပေး၍ပြောဆိုသည်။
ထိုစကားကိုကြားချိန်၌ ကျန်းဟန်ထျန်းသည် တစ်စုံတစ်ခုကို ချက်ချင်းအတွေးပေါက်သွားကာ သူက အလျှင်အမြန်ရယ်မောလိုက်သည်။
"အိုး အချစ်ဆုံးလေး...ကြည့်ရတာတော့ မင်းကငါ့ကို ထွင်းဖောက်မြင်သွားပုံပဲ"
"ကောင်းပြီလေ...ဒီလိုဆိုမှတော့ ငါရဲ့လျှို့ဝှက်ချက်တွေကို ထုတ်ပြောရတော့မှာပေါ့"
"တကယ်တော့ ငါက ဟန်ထျန်းဓားအိမ်တော်ရဲ့ တည်ထောင်သူဓားဧကရာဇ်ဆီကနေ အမွေအနှစ်ကို ရထားတယ်...ဒါကြောင့် ငါ့ရဲ့ကျင့်ကြံဆင့်စွမ်းအားက မင်းတို့ထက် သာနေတာ အချိန်အတော်ကြာနေပြီ...ငါက ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မင်းတို့ကို တစ်ခါမှ ထုတ်မပြောခဲ့ဖူးဘူး"
ကျန်းဟန်ထျန်းက ဂုဏ်ယူဝံ့ကြားစွာ ပြောဆိုသည်။
"ဘာ....."
"မင်းက တကယ့်ကိုပဲ ဓားဧကရာဇ်ရဲ့အမွေအနှစ်ကို ရထားတာလား"
ထိုစကားကိုကြားချိန်တွင် သူတို့သုံးယောက်သည် မယုံကြည်နိုင်စွာဖြင့် ကျန်းဟန်ထျန်းကိုကြည့်လိုက်ကြ၏။
"ကျန်းဟန်ထျန်း...ငါ ဒါကို မယုံကြည်နိုင်ဘူး...မင်းက တကယ့်ကို သိုသိုသိပ်သိပ်နေခဲ့တာပဲ"
"ဒါက အမှန်ပဲ....တကယ်လို့ မင်းရဲ့ကျင့်ကြံဆင့်စွမ်းအားသာ ခုဏကယိုစိမ့်ထွက်မလာဘူးဆိုရင် ငါတို့က မင်း အရူးလုပ်တာကို ဆက်ပြီးခံနေရဦးမှာပဲ"
"သောက်ရေးမပါတဲ့မြေခွေးအိုကြီး...ငါတို့လေးယောက်ကြားမှာ မင်းက အားအနည်းဆုံးလို့ ငါတို့ အမြဲတမ်းထင်နေခဲ့တာ...အခုကြည့်ကြည့်တော့မှ မင်းက အားကောင်းဆုံးလူ ဖြစ်နေတာပဲ"
သူတို့သုံးယောက်လုံး ကျန်းဟန်ထျန်းကို ချီးမွန်းလိုက်ကြသည်။
ဟန်ထျန်းဓားအိမ်တော်၏တည်ထောင်သူ ဓားဧကရာဇ်သည် ဒဿမဘဝသိုင်းအင်ပါယာနယ်ပယ်၌သာရှိခဲ့သည်။ ထိုအရာသည် သူတို့၏ သတ္တမဘဝသိုင်းအင်ပါယာသောနယ်ပယ်နှင့်နှိုင်းယှဉ်ပါက များစွာမြင့်မားခြင်းမရှိသော်လည်း သမိုင်းပညာရှင်များသည် သူ့အားထူးခြားသောပုဂ္ဂိုလ်တစ်ယောက်အဖြစ် အသိအမှတ်ပြုခဲ့ကြသည်။
ထို့ကြောင့် ဓားဧကရာဇ်၏အမွေအနှစ်ကိုရရှိခဲ့ခြင်းကြောင့် ကျန်းဟန်ထျန်းသည် ကျင့်ကြံဆင့်ချိုးဖျက်နိုင်သည်ဟူသောကိစ္စကို သူတို့ အနည်းငယ်မျှ သံသယမဝင်ကြချေ။
"ငါက သိုသိုသိပ်သိပ်နေနိုင်ဖို့ ကြိုးစားခဲ့ရုံလေးပါ"
ကျမ်းဟန်ထျန်းသည် သူ၏လက်ဝါးများကိုအောက်သို့ဖိနှိပ်ကာ ပြုံးပြုံးရွှင်ရွှင်နှင့်ပြောဆိုသည်။
အမှန်အားဖြင့် ဟန်ထျန်းဓားအိမ်တော်မှ သူ့ဘိုးဘေး၏အရိုးများသည် နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ အမှုန်အမွှားများအဖြစ်သို့ပြောင်းလဲသွားလေပြီ။ မည်သည့်နေရာတွင် သူဆက်ခံနိုင်ရန် အမွေအနှစ် ရှိနေနိုင်မည်နည်း။
သို့ရာတွင် ထိုလူသုံးယောက်သည် သူ့အားယုံကြည်နေကြပြီဖြစ်သောကြောင့် သူသည် ဤအခက်အခဲကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့သည်။
"ဒါပေမဲ့ မင်း အခုကျင့်ကြံဆင့်ချိုးဖျက်လို့မရသေးဘူး...ဒီရုန်းရင်းဆန်ခတ်မှုက ရှေ့ကသွားနေတဲ့စီနီယာကို အနှောက်အယှက်ဖြစ်သွားစေမယ်ဆိုရင် ဒါက အရမ်းဆိုးသွားလိမ့်မယ်"
လီချန်းဟိုင်က ပြောဆိုသည်။
"ဒါဆိုရင် ငါ ဘာလုပ်သင့်လဲ"
ကျန်းဟန်ထျန်းက စိုးရိမ်ပူပန်တကြီး မေးမြန်းလေ၏။
"ထားလိုက်တော့....ငါတို့လေးယောက်က အခုချိန်မှာ တစ်လှေတည်းစီးနေတာ...ငါတို့က မင်းကိုကူညီပြီးတော့ အရင်ဆုံး မင်းရဲ့ကျင့်ကြံဆင့်စွမ်းအားတွေကို ဖိနှိပ်ပေးထားမယ်"
လီချန်းဟိုင်က ပြောဆိုသည်။
တခြားလူများသည်လည်း ငြင်းဆန်ခြင်းမရှိဘဲသဘောတူညီလိုက်ကြသည်။
မကြာမီမှာပင် သူတို့သုံးယောက်သည် အတူတကွပူးပေါင်းကာ ကျန်းဟန်ထျန်း၏ကျင့်ကြံဆင့်ကို ယာယီဖိနှိပ်လိုက်ကြသည်။
နေဝက်ခန့်ကြာပြီးနောက်.....
ရီဖုန်း၏နောက်ရှိ မြူခိုးများသည် ပါးလွှာပြီးအပြည့်အဝပျက်ပြယ်စပြုလာသည်ကို သူတို့လေးယောက်လုံး မြင်တွေ့လိုက်ရသည်။ ထို့နောက် သူတို့သည် ကျယ်ပြန့်သောမိုးကောင်းကင်ယံကို ဝိုးတဝါးမြင်တွေ့လိုက်ရပြီးနောက် သူတို့၏မျက်လုံးများချက်ချင်းတောက်ပသွားသည်။
"ငါတို့ ဒီတောင်ကြားကနေ ထွက်နိုင်တော့မှာပဲ"
"ငါတို့တွေက အဆိပ်မြူခိုးတွေကြားကနေ ထွက်ပြီးတာနဲ့ စီနီယာကိုအမှီလိုက်နိုင်တော့မယ်"
"စီနီယာက ဘယ်လိုပုံစံရှိလဲဆိုတာ ငါ သိချင်မိတယ်"
"ဘယ်သူ သိနိုင်မှာလဲ...အဲ့ဒီမြူခိုးတွေက ငါတို့ရဲ့အမြင်အာရုံတွေကို ဟန့်တားနှောင့်ယှက်နေရုံမကဘူး....ငါတို့ရဲ့နတ်ဘုရားစိတ်အာရုံတွေကိုလည်း ပိတ်ဆို့ထားတယ်...ငါတို့က သူ့ရဲ့နောက်ကျောပြင်ကို ဝိုးတဝါးမြင်နေရပေမယ့် သူ့ရဲ့ပုံပန်းသွင်ပြင်ကို နည်းနည်းလေးတောင် မဖော်ထုတ်နိုင်ဘူး"
"သူက ဘယ်လိုပုံစံရှိလဲဆိုတာ ဘယ်သူကဂရုစိုက်နေမှာလဲ....ဘယ်လိုပဲဖြစ်ဖြစ် ဒီလောက်ထိ အစွမ်းထက်တဲ့လူတစ်ယောက်ကို ငါတို့ရန်စစော်ကားလို့မရတာ သေချာပေါက်ပဲ...ငါတို့က အရင်ဆုံး သူ့ဆီကနေ အထင်မြင်ကောင်းတစ်ခုရအောင်လုပ်ရမယ်"
ကျန်းဟန်ထျန်းသည် သူ၏ခါးကို မတ်မတ်ထားပြီး အဝတ်အစားများကိုသပ်ရပ်အောင်ပြုပြင်ကာ ဖြောင့်မတ်မှန်ကန်သောအသွင်မျိုးကိုယူဆောင်လိုက်သည်။
တခြားသူများနှင့်နှိုင်းယှဉ်ကြည့်ပါက သူသည် ဤစီနီယာနှင့်တွေ့ဆုံရန် ပို၍စိတ်အားထက်သန်နေသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ထိုစားကြွင်းစားကျန်များကို စားသုံးပြီးနောက် သူ့၏အရည်အချင်းများသည် တခြားလူသုံးယောက်ထက် ပို၍ကောင်းမွန်လာကြောင်း သူ နားလည်သဘောပေါက်ခဲ့သည်။
Chapter 423
မဟာဂိုဏ်းချုပ်လေးယောက်သည် ယီရှင်းတောင်ကြားမှ ပြင်ပသို့ထွက်သွားသောပုံရိပ်ကို ဝိုးတဝါးတွေ့မြင်လိုက်ရသည်။
သူတို့သည် အဆိပ်မြူခိုးများ ပျက်ပြယ်သွားချိန်အထိ စောင့်ဆိုင်းရန်သာလိုအပ်ပြီး ထိုစီနီယာနောက်သို့ အမှီလိုက်ကာ နှုတ်ခွန်းဆက်စကားပြောဆိုနိုင်ပေမည်။
သူတို့လေးယောက်သည် အလွန်အမင်းစိတ်လှုပ်ရှားနေကာ မစောင့်ဆိုင်းနိုင်တော့ချေ။
သူတို့၏အဝတ်များကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်ဆင်နေရင်း မြှောက်ပင့်ဖားယားသည့်စကားများကို မည်ကဲ့သို့ပြောဆိုရမည်အား ပြင်ဆင်နေကြသည်။
အထူးသဖြင့် ထိုက်ရီတောင်ကြားဂိုဏ်းချုပ် လျှူကူရီသည် သူမကိုယ်သူမ နှစ်အနည်းငယ်ခန့် ငယ်ရွယ်ပုံပေါက်သွားစေရန်အတွက်သူမ၏အသက်စွမ်းအားများကို အသုံးပြုခဲ့သည်။ ထိုမျှသာမက သူမ၏သိုလှောင်အိတ်အတွင်းမှ သူမ အသုံးမပြုခဲ့သည်မှာ နှစ်ပေါင်းသုံးဆယ်ခန့် ကြာမြင့်နေပြီဖြစ်သော မျက်နှာချေကိုထုတ်ယူ၍ သူမ၏မျက်နှာပေါ်တွင် လိမ်းကျံလိုက်၏။
ဤသည်မှာ သူမသည် ငယ်ရွယ်သောအမျိုးသမီးကျင့်ကြံသူများကဲ့သို့ နုပျိုလှပသွားမည်မဟုတ်သော်လည်း အကယ်၍ ဤစီနီယာသည် အသက်ကြီးသောမိန်းမများကိုကြိုက်နှစ်သက်ပါက မည်သို့ ဖြစ်လာနိုင်မည်နည်း။
"မင်း...မင်းက ငါ့ရှေ့မှာ မျက်နှာချေမလိမ်းတာ နှစ်ပေါင်းသုံးဆယ်ကျော်နေပြီ...ဒါပေမဲ့ အခုချိန်ကျတော့ မင်းက တကယ့်ကိုပဲ..."
ကျန်းဟန်ထျန်း လျှူကူရီကိုကြည့်ပြီး သူ့၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
"နင်နဲ့ ဘာဆိုင်လို့လဲ"
လျှူကူရီက ကျန်းဟန်ထျန်းကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်၏။
"ကောင်းပြီ....ကောင်းပြီလေ... ငါက တန်ဖိုးမရှိတဲ့လူပါ"
ကျန်းဟန်ထျန်း၏အသံ တုန်ရီနေကာ ဒေါသတကြီးဖြင့် သူ့၏ခေါင်းကို နောက်သို့လှည့်လိုက်သည်။
ဤသို့ဖြင့် လူတိုင်းသည် ပြင်ဆင်ထားကြကာ စီနီယာကို တွေ့ဆုံနိုင်ရန်အတွက် အဆိပ်မြူခိုးများပျက်ပြယ်မည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။
ထိုအချိန်အခိုက်အတန့်မှာပင် သူတို့ရှေ့ရှိပုံရိပ်သည် ရုတ်တရက် နောက်သို့ချာခနဲလှည့်လာလေ၏။
သူသည် သူတို့အား ကြည့်နေလေသည်။
မဟာဂိုဏ်းချုပ်လေးယောက်၏မျက်လုံးများ တောက်ပသွားသည်။
သူတို့အားလုံး စိတ်လှုပ်ရှားသွားပေ၏။ ဖြစ်နိုင်သည်မှာ ဤစီနီယာဘက်မှစ၍ သူတို့အားနှုတ်ဆက်လိုခြင်း ဖြစ်နေသလော....
သို့ရာတွင် ထိုစီနီယာထံမှ ထွက်ပေါ်လာသောစကားများကြောင့် သူတို့အားလုံး တုန်လှုပ်သွားသည်။
"မင်းတို့ကောင်တွေ ငါ့နောက်ကို ဘယ်ထိဆက်ပြီးလိုက်နေကြအုံးမှာလဲ"
စိတ်မကြည်မသာဖြစ်နေသော အက်ရှရှအသံတစ်သံက ရီဖုန်း၏ပါးစပ်မှ ထွက်ပေါ်လာသည်။
ရွှပ်...
ထိုနောက် သူ့၏ခါးမှ မီးဖိုချောင်သုံးဓားကိုဆွဲထုတ်လိုက်ရာ အေးစက်စက်အလင်းတန်းတစ်တန်း ပျံ့လွင့်လာပေ၏။
"အသေခံမလား ဒါမှမဟုတ် ထွက်သွားကြမလား"
ရီဖုန်း၏ပါးစပ်မှ အေးစက်စက်အသံတစ်သံ ထပ်မံ၍ထွက်ပေါ်လာသည်။
ဤစကားများသည် အစောပိုင်းကမျှော်လင့်ချက်အပြည့်ရှိနေသော လူလေးယောက်ကို ရိုက်ချိုးလိုက်သည့်အလားပင်။ သူတို့သည် ယခုချိန်၌ သူတို့၏ကျောရိုးများတစ်လျှောက် ချမ်းစိမ့်လာမှုကိုခံစားရစေပြီး သူတို့၏နဖူးများမှ ချွေးများတစ်စက်စက်ကျလာသည်။
ရုတ်ချည်းဆိုသလိုပင်....
သူတို့လေးယောက်သည် အရိပ်အယောင်ပင်မကျန်တော့ဘဲ ပျောက်ကွယ်သွားလေ၏။
ထိုအခြင်းအရာကိုကြည့်ပြီး ရီဖုန်းသည် မီးဖိုချောင်သုံးဓားကို ပြန်လည်သိမ်းဆည်းကာ ပြုံးလိုက်သည်။
ဤသံသယဝံ့ဖွယ်ကောင်းသော လူများသည်သူ၏နောက်သို့ တစ်လျှောက်လုံး လိုက်ပါခဲ့ကြသည်။ သူတို့သည် သူ့၏နောက် ကိုက်တစ်ရာခန့်အကွာတွင် အစဥ်အမြဲရှိနေလေရာ မည်သည်ကြောင့် သူ မသိရှိဘဲနေမည်နည်း။
ထို့ပြင် သူ့နောက်သို့ သူတို့လိုက်နေသည့်ရည်ရွယ်ချက်ကို အကြည့်တစ်ချက်တည်းဖြင့် သူ သိရှိခဲ့သည်။
သူတို့သည် လူအများထံမှလုယက်နေသော တောပုန်းဓားပြများသာဖြစ်ပေမည်။
ထို့ကြောင့် ရီဖုန်းသည် သူတို့ထက်ပို၍ ရက်စက်ကြမ်းကြုတ်ချင်ယောင်ဆောင်ကာ သူတို့ ရန်စစော်ကား၍မရသော လူတစ်ယောက်အဖြစ် အသွင်ယူလိုက်၏။
တိကျသေချာစွာပင်...
တစ်ဖက်လူများသည် ချက်ချင်းပြေးထွက်သွားကြကာ သူ့အား ပြဿနာမရှာဝံ့တော့ချေ။
ကြည့်ရသည်မှာ....
ရက်စက်ကြမ်းကြုတ်ခြင်းသည်လည်း တစ်ခါတရံ၌ ပို၍ကောင်းမွန်ပုံပင်။
ရီဖုန်းသည်သူ၏ဝါဂွမ်းထည်အပေါ်အင်္ကျီကို တင်းတင်းကျပ်ကျပ်ဝတ်ဆင်ကာ မြေပုံကိုတစ်ချက်ကြည့်ပြီး ပိုင်အာမြို့ထံသို့ဦးတည်၍ အပြေးသွားလိုက်သည်။
ရီဖုန်းထွက်ခွာသွားပြီးနောက် အချိန်အတော်ကြာချိန်၌ လူလေးယောက်သည် ခါးသည်းသောမျက်နှာအမူအယာများဖြင့် ယီရှင်းတောင်ကြားအတွင်းမှထွက်လာကြသည်။
"ခုဏစီနီယာ ဆွဲထုတ်လိုက်တဲ့ဓားက အရမ်းကြောက်ဖို့ကောင်းတာပဲ"
"အမှန်ပဲ....အဲဒီဓားထွက်လာတဲ့အချိန်မှာ ငါ့ရဲ့စိတ်ဝိညာဥ်တုန်ရီသွားပြီးတော့ ငါ့ရဲ့ခန္ဓာကိုယ်ထဲက အသက်စွမ်းအားတွေ စီးဆင်းမှုရပ်တန့်သွားခဲ့တယ်"
"အဲ့ဒီစီနီယာက ကွမ်ထန်းမြို့ကလာတာဖြစ်မယ်လို့ မင်းတို့ထင်ကြလား"
"ငါက ထင်ရုံတင်မကဘူး....ဒါက တကယ်ဖြစ်နိုင်တယ်....မဟုတ်ရင် အခုလိုအဆင့်မျိုးရှိတဲ့လူနှစ်ယောက်က မြောက်ပင်လယ်ကုန်းမြေမှာဘယ်လိုလုပ်ပြီးတော့ တစ်ချိန်တည်းထွက်ပေါ်လာနိုင်မှာလဲ"
"ဒါက သူပဲဖြစ်ရမယ်"
"ဒါပေမဲ့ တကယ်လို့ အဲဒီစီနီယာကိုတွေ့ရင်တောင် ဘာအသုံးဝင်မှာမို့လို့လဲ...သူက ငါတို့ကို မတွေ့ချင်ဘူးဆိုတာ အသိသာကြီးလေ"
"အဲဒီလိုပြောရတော့မှာပဲ....ငါက သူနဲ့ရင်းနှီးခင်မင်အောင်လုပ်နိုင်မယ်လို့ ငါထင်ခဲ့တာ...ဒါပေမဲ့ ငါက သူ့ရဲ့ပုံပန်းသွင်ပြင်ကိုတောင် ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရဘူး"
"ဟူး...ငါတို့က ရက်တွေအကြာကြီး ပင်ပင်ပန်းပန်းကြိုးစားခဲ့ရတာ...စီနီယာနဲ့ဘာဆက်သွယ်မှုမျိုးကိုမှ မရနိုင်ခဲ့တဲ့အပြင်...တခြား ဘာကိုမှလည်း မရခဲ့ဘူး"
"ဒါတွေအားလုံးက မင်းရဲ့အပြစ်ပဲ...အသက်တစ်ထောင်ရှိနေတဲ့ မိန်းမအိုကြီးကများ...မင်းက ဘာလို့ မျက်နှာချေတွေလိမ်းနေတာလဲ...
ဒါကြောင့် စီနီယာက အထင်သေးသွားပြီးတော့ ငါတို့ကိုမတွေ့ချင်တာပဲဖြစ်မယ်"
"ကျန်းဟန်ထျန်း...ကြည့်ရတာတော့ နင်က သေဖို့တောင်းဆိုနေတဲ့ပုံပဲ"
"ဟမ့်...ငါ ပြောတာ ဘာမှားနေလို့လဲ"
"ငါ နင့်ကိုသတ်မယ်"
"တော်ကြတော့ မင်းတို့နှစ်ယောက်လုံးတော်ကြတော့...ငြင်းခုံနေတာကို ရပ်လိုက်ကြစမ်း"
"ဒါက အမှန်ပဲ...ဒီနေရာမှာ ငြင်းခုံနေလို့လည်း ဘာမှဖြစ်လာမှာမဟုတ်ဘူး....ငါတို့က ပိုင်အာမြို့ကကွေ့ရီခန်းမကို အမြန်သွားပြီးတော့ အချိန်တစ်ခုယူပြီး ငါတို့ရဲ့စွမ်းအားတွေကို ပြန်ဖြည့်တင်းရမယ်"
ထို့နောက် သူတို့လေးယောက်သည် သက်ပြင်းရှိုက်ကာ စိတ်ပျက်လက်ပျက်ဖြင့် ပိုင်အာမြို့ထံသို့ဦးတည်၍ ပျံသန်းခဲ့တော့သည်။
"ပိုင်အာမြို့ထဲမှာ ဘယ်ဂိုဏ်းတွေက လူသစ်ခေါ်နေလဲဆိုတာ ငါ သိချင်မိတယ်"
"ငါရဲ့ကံကိုစမ်းကြည့်ရုံပဲ တတ်နိုင်တော့မယ်"
ရီဖုန်းသည် ပိုင်အာမြို့၏လမ်းများတစ်လျှောက်လျှောက်လှမ်းရင်း မြို့လယ်ခေါင်သို့ ရောက်ရှိသွားသည်။
ရုတ်တရက် သူ၏မျက်လုံးများ တောက်ပသွားလေ၏။
ကွေ့ရီခန်းမ....
"ဒါက ဂိုဏ်းတစ်ဂိုဏ်းရဲ့ လူသစ်စုဆောင်းရေးနေရာတစ်ခုဆိုတာ သိသာတယ်"
"ကွေ့ရီခန်းမဆိုတဲ့နာမည်က နည်းနည်းတော့မစွံပေမယ့် ငါ ဂိုဏ်းတစ်ဂိုဏ်းထဲကိုဝင်နိုင်သရွေ့ ဒါက အလုပ်ဖြစ်တယ်"
ရီဖုန်းက ကွေ့ရီခန်းမအတွင်းသို့ ဝင်လိုက်သည်။
ကွေ့ရီခန်းမ၏ အတွင်းခန်း၌....
မဟာဂိုဏ်းချုပ်လေးယောက်သည် သုန်မှုန်နေသော မျက်နှာအမူအယာများဖြင့် ထိုင်ခုံများပေါ်၌ ထိုင်နေကြသည်။
ကျန်းဟန်ထျန်းနှင့်လျှူကူရီတို့သည် ငြင်းခုံခြင်းမရှိတော့သော်လည်း တစ်ယောက်ကိုတစ်ယောက် စူးစူးဝါးဝါးစိုက်ကြည့်နေဆဲပင်။
"အပြင်မှာ ဘာတွေရုန်းရင်းဆန်ခတ် ဖြစ်နေတာလဲ....ဘာလို့ ဒီလောက်ထိ ဆူညံနေတာလဲ"
လျှူကူရီက ဒေါသတကြီး အော်ဟစ်လိုက်၏။
ထိုစကားကိုကြားချိန်တွင်....
တစ်ပည့်တစ်ယောက်သည် ပြင်ပမှနေ၍ အလျင်စလိုပြေးဝင်လာကာ သူတို့လေးယောက်၏ရှေ့၌ ဒူးထောက်ပြီး ပြောဆိုသည်။
"မဟာဂိုဏ်းချုပ်လေးယောက်ကို သတင်းပိုပါတယ်...ဘာပါရမီအရည်အချင်းမှမရှိတဲ့ သာမန်လူတစ်ယောက်က အပြင်မှာရောက်နေတယ်...ကျွန်တော်တို့က သူ့ကို ဘယ်လောက်ပဲဖြောင့်ဖျနေပါစေ...သူက ဂိုဏ်းထဲကိုဝင်မယ်လို့ခေါင်းမာမာနဲ့ပြောနေတယ်"
"နောက်ထပ် သာမန်သေမျိုးတစ်ယောက်လား"
မဟာဂိုဏ်းချုပ်လေးယောက်သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။
ယခင်က ကွမ်ထန်းမြို့အတွင်း၌ သူတို့၏ဂိုဏ်းလေးဂိုဏ်းအတွင်းသို့ ဝင်ရောက်လိုသော ခေါင်းမာပြီးအရှက်မဲ့သည် သာမန်သေမျိုးတစ်ယောက်ကို သူတို့ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ ယခုချိန်တွင် မည်သည်ကြောင့် ဤနေရာတွင် နောက်တစ်ယောက် ထပ်ရှိနေသနည်း။
Chapter 424
မဟာဂိုဏ်းချုပ်လေးယောက်သည် အလွန်ဒေါသထွက်သွားလေ၏။
လတ်တလောနှစ်များအတွင်းတွင် အဓိကဂိုဏ်းကြီးလေးဂိုဏ်းသည် ယခင်ထက်များစွာနိမ့်ပါးသွားခဲ့သော်လည်း သာမာန်သေမျိုးတစ်ယောက် ဝင်ရောက်နိုင်သောနေရာမျိုး မဟုတ်ချေ။
ထို့ကြောင့် သူတို့လေးယောက်သည်တညီတညွတ်တည်း ပြောဆိုလိုက်ကြကာ သူတို့၏စိတ်မရှည်မှုများ ပေါ်လွင်နေသည်။
"မောင်းထုတ်လိုက်....သူ့ကို ဒီနေရာကနေ မောင်းထုတ်လိုက်စမ်း"
"ဟုတ်ကဲ့"
သတင်းလာပို့သောတပည့်သည် တုံ့ပြန်ကာအလျှင်အမြန် နောက်ဆုတ်သွားသည်။
မကြာမီမှာပင် တပည့်များသည် လူတစ်ယောက်ကို ပြင်ပသို့ တွန်းထုတ်လိုက်ကြ၏။
"ငါ့ကိုမထိကြနဲ့...ငါ့ဟာငါ ထွက်သွားမယ်"
ပြင်ပသို့တွန်းထုတ်ခံရသောလူသည် ရီဖုန်းပင်။ သူသည် ဗြုန်းစားကြီးကန်ထုတ်ခံရသဖြင့်ဒေါသထွက်နေကာ အော်ဟစ်လိုက်သည်။
"မင်းတို့ရဲ့ဂိုဏ်းချုပ်တွေကို ပြောလိုက်စမ်း...ငါက ဒီနေ့ မင်းတို့ကို အခွင့်အရေးတစ်ခုပေးပြီးပြီ...ဒါပေမယ့် မင်းတို့က ဒါကိုတန်ဖိုးထားရကောင်းမှန်းမသိဘူး...နောင်အနာဂတ်ကျရင် ဒီကိစ္စကို မင်းတို့ သေချာပေါက်နောင်တရလိမ့်မယ်"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် ဒေါသတကြီးဖြင့် ထွက်ခွာသွားတော့သည်။
"ဟမ့်...."
"အမှိုက်ဂိုဏ်း...."
သူတို့တွေသည် မျက်လုံးကန်းနေခြင်းဖြစ်ပေမည်။ မည်သည့်ကြောင့် သူတို့သည် သူ့ကဲ့သို့အလားအလာရှိသော ပါရမီရှင်တစ်ယောက်ကိုငြင်းဆန်ခဲ့သနည်း...
'တကယ်လို့ မင်းတို့က ငါ့ကိုမလိုချင်ဘူးဆိုရင်လည်း အဆင်ပြေတယ်....ငါ ဂရုမစိုက်ဘူး'
'ငါက စနစ်ရဲ့တာဝန်တွေကို ပြီးမြောက်ပြီးတော့ကျင့်ကြံနိုင်တာနဲ့ ကုန်းမြေတစ်ခုလုံးမှာ နာမည်ကျော်ကြားတဲ့ ကျင့်ကြံသူဖြစ်လာမှာ သေချာတယ်...အဲဒီအချိန်ကျရင် ငါက မင်းတို့ခွေးမသားတွေအားလုံးကို အရေခွံနွှာပစ်မယ်'
"သောက်ချေးပဲ...အသုံးမကျတဲ့သေမျိုးတစ်ယောက်ကများ ဒီနေရာမှာလာပြီး မောက်မာထောင်လွှားနေဝံ့တယ်...ငါ သွားပြီးတော့ သူ့ကိုရိုက်သတ်ပစ်မယ်"
ပြင်ပရှိ ရီဖုန်း၏ဝူးဝူးဝါးဝါးအော်သံများကို ကြားရချိန်တွင် ယခင်ကတည်းကစိတ်အခြေအနေဆိုးဝါးနေသော ကျန်းဟန်ထထျန်းသည် မတ်တတ်ထရပ်ကာ အော်ဟစ်လိုက်၏။
"ထားလိုက်တော့...သူက သာမန်သေမျိုးတစ်ယောက်လေ....အဓိကဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ဂိုဏ်းချုပ်က သေမျိုးတစ်ယောက်နဲ့အငြင်းပွားနေမယ်ဆိုရင် မင်းက ဘယ်အဆင့်ကို ရောက်သွားမလဲ"
လီချန်းဟိုင်က စိတ်မရှည်စွာပြောဆိုသည်။
"ဒါကအမှန်ပဲ...သူက ဟောင်ဖွာဖွာကြွားလုံးထုတ်တတ်တဲ့ သာမန်သေမျိုးတစ်ယောက်ပဲ ...နောင်အနာဂတ်မှာ သူက ဘယ်လိုလုပ်ပြီးတော့ အောင်မြင်မှုရနိုင်မှာလဲ...ဒါကို ဘာမှစိတ်ထဲထားနေစရာမလိုဘူး"
ယွင်ထန်းလုံကလည်း အကြံပေးသည်။
"နင့်ရဲ့စိတ်သဘောထားက ဘယ်လောက်ထိသေးသိမ်တယ်ဆိုတာ ကြည့်စမ်းပါအုံး"
လျှူကူရီသည် အထင်မြင်သေးသောအမူအယာဖြင့် ကျန်းဟန်ထျန်းကိုကြည့်ကာ ပြောဆိုသည်။
"မင်း ကိစ္စမပါဘူး"
"သာမန်သေမျိုးတစ်ယောက်နဲ့ငြင်းခုံနေတာက နင့်ရဲ့အစွမ်းအစ ဘယ်လောက်ထိနည်းတယ်ဆိုတာကို ပြနေတာပဲ....နင်က ငါ့ရှေ့မှာ ဟန်ရေးပြချင်နေတာလား...ရွံဖို့ကောင်းလိုက်တာ"
"ငါ မင်းနဲ့ဆက်ပြီး မငြင်းတော့ဘူး..မငြင်းတော့ဘူး"
ခန်းမအတွင်း၌ ကျန်းဟန်ထျန်းနှင့်လျှူကူရီတို့၏အကြား ငြင်းခုံမှုများကို တဖန်ပြန်၍ကြားနေရလေသည်။
ဤအချိန်အခိုက်အတန့်တွင် ရီဖုန်းသည် ပိုင်အာမြို့အနှံ့ လမ်းလျှောက်ပြီးနောက် ဂိုဏ်းအမြောက်အမြား၏ လူသစ်ခေါ်ယူရေးနေရာများတွင် ကြိုးစားခဲ့သည်။
သို့ရာတွင် မည်သည့်ဂိုဏ်းကမျှ သူ့ကို လက်ခံခြင်းမရှိချေ။
"ဟူး...."
"ငါက တကယ့်ကိုပဲ ဂိုဏ်းတစ်ဂိုဏ်းကို မဝင်နိုင်တော့ဘူးလား"
ရီဖုန်း၏မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်ခြင်းများဖြင့် ပြည့်နှက်နေသည်။
သို့ရာတွင် ရီဖုန်းသည် သူ၏ဘဝတစ်သက်၌ မည်သည့်ကောင်းကျိုးမျှမရှိခဲ့ဟု တွေးတောကာ လှည့်လည်သွားလာနေခြင်းကို လက်လျှော့ရန် ဆုံးဖြတ်လိုက်စဉ်မှာပင် ရုတ်တရက် နံဘေးတစ်နေရာမှနေ၍ အသံတစ်သံထွက်ပေါ်လာသည်။
"လူငယ်လေး...မင်းရဲ့ပါရမီအရည်အချင်းက နိမ့်ပါးပေမယ့် မင်းရဲ့စိတ်အခြေအနေက တည်ငြိမ်တယ်...မင်းက ဇွဲကောင်းကောင်းနဲ့ကြိုးစားနေခဲ့တာကြောင့် မင်းကို ပါရမီရှင်တစ်ယောက်လို့ယူဆနိုင်တယ်...မင်း ငါ့ရဲ့ချင်းနျူဂိုဏ်းကို ဝင်ချင်လား"
ပိန်လှီလှီအဖိုးအိုတစ်ယောက်က ရီဖုန်းကိုအပြုံးနှင့်ကြည့်ကာ ပြောဆိုသည်။
"အမ်..."
ရီဖုန်း၏မျက်လုံးများ တောက်ပသွားသည်။
ဤသည်မှာ အမှောင်ထုအတွင်း၌ အလင်းရောင်ထွက်ပေါ်လာခြင်းဖြစ်သလော....
သို့ရာတွင် သူသည် လှည့်စားခံရမည်ကိုကြောက်ရွံသဖြင့် သတိကြီးစွာထားနေဆဲပင်။
ထိုကြောင့် သူ့၏စိတ်နှလုံးသားအတွင်းမှ စိတ်လှုပ်ရှားမှုများကိုချိုးနှိမ်ကာ နူးညံညင်သာစွာမေးမြန်းလိုက်၏။
"မင်းရဲ့ချင်းနျူဂိုဏ်းက ကျင့်ကြံခြင်းဂိုဏ်းတစ်ဂိုဏ်းလား"
"ဟုတ်တာပေါ့"
အဖိုးအိုသည် သူ့၏လက်နှစ်ဖက်ကိုနောက်ပစ်၍မတ်တပ်ရပ်နေကာ သူ့၏ရင်ဘတ်ကို အနည်းငယ်ကော့လိုက်သည်။
"မင်းတို့ဂိုဏ်းကို ဂိုဏ်းပေါင်းစုံအဖွဲ့အစည်းက အသိအမှတ်ပြုထားတာရှိလား"
ရီဖုန်းက ထပ်မံ၍မေးမြန်းသည်။
"ရှိတာပေါ့...ငါတို့ဂိုဏ်းက ဂုဏ်သတင်းကြီးမားတဲ့ ရှေးရိုးစွဲလမ်းမှန်ဂိုဏ်းတစ်ဂိုဏ်းပဲ"
အဘိုးအိုက ကျကျနနပြောဆိုသည်။
"ပြီးတော့ ငါတို့ချင်းနျူဂိုဏ်းမှာ အရမ်းအထင်ကြီးဖို့ကောင်းတဲ့နောက်ခံရှိတယ်...ငါတို့ဂိုဏ်းရဲ့တည်ထောင်သူက အရမ်းနာမည်ကျော်ကြားပြီး သိုင်းဘုရင်နယ်ပယ်ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့ ဝမ်ချင်းနျူပဲ"
"သိုင်းဘုရင်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူလား"
ရီဖုန်းသည် ကူကယ်ရာမဲ့စွာဖြင့် ထိတ်လန့်တုန်လှုပ်သွားသည်။
ဤစကားကိုကြားရသည်မှာ သူ့အတွက် အလွန်လက်ခံယုံကြည်နိုင်ဖွယ်ဖြစ်ပေ၏။ သိုင်းဘုရင်နယ်ပယ်ဟူသောစကားကိုကြားရသည်မှာ အလွန်အထင်ကြီးဖွယ်ကောင်းသည်။
"မင်းက ဘယ်သူလဲဆိုတာ...ငါ မေးလို့ရမလား"
ရီဖုန်းက နူးညံညင်သာစွာဖြင့် အလျှင်အမြန်မေးမြန်းသည်။
"ငါက ချင်းနျူဂိုဏ်းရဲ့တတိယမြောက်ဂိုဏ်းချုပ် ကျူးရှစ်ကွမ်းပဲ"
အဖိုးအိုက သူ့၏ခေါင်းကိုမော့ကာ ပြောဆိုသည်။
"အော် ဒါဆို...မင်းက ဂိုဏ်းချုပ်ကျူးပေါ့"
ရီဖုန်းက နှုတ်ဆက်သည့်အနေဖြင့် အလျှင်အမြန် ဦးညွတ်အရိုအသေပြုကာ လိမ္မာပါးနပ်စွာဖြင့်မေးမြန်းလိုက်၏။
"ဂိုဏ်းချုပ်ကျူးကလည်း အရမ်းအစွမ်းထက်မယ်လို့ ငါ ထင်တယ်...မင်းက သိုင်းဝိညာဥ်နယ်ပယ်ကိုရောက်ပြီလားဆိုတာ ငါ မေးလို့ရမလား"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းက ကျူးရှစ်ကွမ်းကို စေ့စေ့စပ်စပ်စစ်ဆေးလေသည်။
ဤလောကကြီးအတွင်းတွင် အလကားစားရသော နေ့လည်စာမရှိသည်အား သူ သိရှိထားသည်။ ထိုကြောင့် သူသည် အလွန်အမင်းအားနည်းသောဂိုဏ်းတစ်ဂိုဏ်းတွင် သူ့အား အတင်းအကြပ် အလုပ်ကြမ်းလုပ်ရန်အတွက် လှည့်စားခံရမည်ကို သူ စိုးရိမ်ပူပန်နေမိသည်။
ထို့ကြောင့် သူသည် ကိစ္စများကိုရှင်းရှင်းလင်းလင်း သိရှိထားရန်လိုအပ်ပေ၏။
"ငါက သိုင်းဝိညာဥ်နယ်ပယ်ကို ရောက်နေပါပြီ"
ကျူရှစ်ကွမ်းသည် သူ့၏လက်များကိုနောက်ပစ်၍မတ်တတ်ရပ်နေကာ အလွန်ဂုဏ်ယူဝံ့ကြွားသောအသွင်မျိုးရှိနေသည်။
ထိုစကားကိုကြားချိန်တွင် ရီဖုန်း၏မျက်လုံးများ ချက်ချင်းတောက်ပသွားသည်။
ယခင်က သူသည် နန်ရှားနယ်မြေအတွင်း၌ သိုင်းဝိညာဥ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်၏စွမ်းအားကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသည်။ ကျူးရှစ်ကွမ်းသည် သိုင်းဝိညာဉ်နယ်ပယ်သို့ရောက်ရှိနေသောကြောင့် ဤဂိုဏ်းသည် အတော်အသင့်ကောင်းမွန်သောဂိုဏ်းတစ်ဂိုဏ်းဖြစ်ပေမည်။
"ဒါဆိုရင် မင်းက ငါရဲ့ဂိုဏ်းအကြောင်းကိုအကြမ်းဖျင်း နားလည်သဘောပေါက်သွားလောက်ပြီ..မင်း ငါ့ရဲ့ဂိုဏ်းကိုဝင်ဖို့ စိတ်ဝင်စားလား"
ကျူးရှစ်ကွမ်းက ရီဖုန်းကိုကြည့်ကာ ဖြည်းညှင်းစွာ မေးမြန်းသည်။
"သေချာတာပေါ့ ငါ ဝင်မယ်...ငါက ဂိုဏ်းချုပ်ကို အရိုအသေပြုပါတယ်"
ရီဖုန်းက အလျင်စလို အရိုအသေပြုလိုက်၏။
ထိုစကားကိုကြားချိန်တွင် ကျူးရှစ်ကွမ်းသည် သူ၏မျက်ခုံးကိုပင့်ကာ သူ့၏မျက်နှာပေါ်တွင်စိတ်အားထက်သန်မှုများနှင့် ပြည့်နှက်နေသည်။
ဟူး...
ကောင်းကင်ဘုံကို ကျေးဇူးတင်ပါတယ်....
ငါ နောက်ဆုံးတော့ လူတစ်ယောက်ကို လှည့်စားနိုင်ခဲ့ပြီ...
ဤအချိန်အခိုက်အတန့်တွင် ကျူးရှစ်ကွမ်း၏မျက်လုံးများ စိုစွတ်လာသည်။
အကြောင်းအရင်းမှာ အင်မော်တယ်မြစ်ကုန်းမြေအတွင်းရှိ ဂိုဏ်းတိုင်းသည် ဆက်လက်၍လည်ပတ်နိုင်ရန်အတွက် အမျိုးမျိုးသောလိုအပ်ချက်များနှင့် ပြည့်မီရမည်ဖြစ်သောကြောင့်ပင်။ ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်ရန်အတွက် အရည်အချင်းကိုမဆိုထားနှင့် အရည်အချင်းပြည့်မီသော ဂိုဏ်းများပင်လျှင် နှစ်စဉ်အကဲဖြတ်မှုများကို ခံယူရသည်။
ထိုနှစ်စဉ်အကဲဖြတ်မှု၏စံနှုန်းများသည် ဂိုဏ်းများ၏အဆင့်အရ ကွဲပြားခြားနားသည်။
ဂိုဏ်းများ၏အဆင့်ကို ပထမအဆင့်မှနဝမအဆင့်ထိ တန်းစီထားကာ ပထမအဆင့်သည် အင်အားအကောင်းဆုံးဖြစ်ပြီး နဝမအဆင့်သည်အင်အားအနည်းဆုံးဖြစ်ပေ၏။
နဝမအဆင့်ဂိုဏ်းတစ်ဂိုဏ်းဖြစ်ရန်အတွက် အနိမ့်ဆုံးလိုအပ်ချက်သည် အနည်းဆုံးအနေဖြင့် ဂိုဏ်းအတွင်းတွင် တပည့်အယောက်တစ်ရာကိုထိန်းသိမ်းထားရတာ နှစ်စဉ်နှစ်တိုင်းတပည့်သစ်ဆယ်ယောက်ကို ခေါ်ယူနိုင်ရပေမည်။
သိုင်းဘုရင်နယ်ပယ်ထိပ်သီးအစွမ်းထက်ကျင့်ကြံသူဖြစ်သော ဝမ်ချင်းနျူ၏ဦးဆောင်မှုအောက်တွင် ချင်းနျူဂိုဏ်းသည့် အဋ္ဌမအဆင့်ဂိုဏ်းတစ်ဂိုဏ်းအဖြစ်သို့ တိုးတက်လာခဲ့သည်။
သို့ရာတွင် ချင်းနျူဂိုဏ်းသည် တဖြည်းဖြည်းနိမ့်ပါးလာကာ နဝမအဆင့်သို့ လျှော့ချခြင်းခံလိုက်ရသည်။ ယခုချိန်၌ ဂိုဏ်းတစ်ဂိုဏ်းလုံးကတွင် လူအနည်းငယ်သာရှိတော့သဖြင့် နဝမအဆင့်နေရာကိုပင် ထိန်းသိမ်းထားနိုင်ခြင်းမရှိပါက မကြာမီမှာပင် ဂိုဏ်းပြိုကွဲသွားပေမည်။
ဤသည်ကြောင့် ဂိုဏ်းချုပ်ဖြစ်သော သူသည် တပည့်သစ်ခေါ်ယူရန်အတွက် ကိုယ်တိုင်ကိုယ်ကျ တောင်အောက်သို့ဆင်းလာခဲ့ရခြင်းဖြစ်သည်။
ယခုလက်ရှိအချိန်၌ ပြိုင်ဆိုင်မှုများသည်အလွန်အမင်းပြင်းထန်နေမည်ဟု မည်သူက သိရှိနိုင်မည်နည်း။ ပါရမီအရည်အချင်းအနည်းငယ်သာရှိသော တပည့်များပင်လျှင် မဟာဂိုဏ်းကြီးလေးဂိုဏ်းအတွင်းသို့ ဝင်ရောက်နိုင်သည်။ ဂိုဏ်းငယ်လေးတခုဖြစ်သော သူ့၏ဂိုဏ်းအနေဖြင့် အဖျားအနားကိုပင် မရရှိခဲ့ချေ။
ထိုကြောင့်သူသည် လိုအပ်သောခွဲတမ်းနေရာကို ပြည့်မီသွားစေရန်အတွက် သာမန်သေမျိုးတချို့ကို လှည့်စားရုံသာတတ်နိုင်သည်။
ထိုထက်ပို၍ဒေါသထွက်စရာကိစ္စမှာ သာမန်သေမျိုးများသည်ပင် နိမ့်ပါးနေသော သူ့၏ဂိုဏ်းသို့ ဝင်ရောက်ရန် ဆန္ဒမရှိကြခြင်းပင်။ ဒေသခံများသည် ချင်းနျူဂိုဏ်း မကြာခင် ပြိုကွဲတော့မည်ကို ကောင်းစွာသတိပြုမိကြပေ၏။
ကျေးဇူးတင်ရသည်မှာ ကောင်းကင်ဘုံသည် သူ့၏စိတ်အားထက်သန်မှုကြောင့် ကူညီပေးခဲ့သည်။
ယခုချိန်၌ ရီဖုန်း သူ့၏ဆွေမျိုးနှင့်မိတ်ဆွေတချို့တို့ကြောင့် ချင်းနျူဂိုဏ်းသည် လာမည့်ဂိုဏ်းအကဲဖြတ်မှုအတွက် လိုအပ်ချက်များဖြင့်ပြည့်မီသွားလေပြီ။
သို့ရာတွင် သူဂိုဏ်း၏ ကိုးယိုးကားရားအခြေအနေကို ဤကောင်လေးအား အကြွင်းမဲ့သိခွင့်မပြုနိုင်ချေ။ ထိုသို့မဟုတ်ပါက သူ ထွက်ပြေးသွားနိုင်သည်။ သူသည် ယခင်က လူတချို့ကို လှည့်စားနိုင်ခဲ့သော်လည်း ဂိုဏ်းအတွင်းသို့ဝင်ရောက်ပြီးနောက် ထိုလူများသည်ထွက်ပြေးသွားခဲ့လေ၏။
Chapter 425
ထို့ကြောင့် ကျူးရှစ်ကွမ်းသည် သူ့၏စိတ်နှလုံးသားအတွင်းမှ စိတ်လှုပ်ရှားနေမှုကို အလျင်စလိုချိုးနှိမ်ကာ တည်ငြိမ်သောပုံပန်းသွင်ပြင်တစ်ခုကို ပြသထားသည်။
"သွားကြစို့...ငါ မင်းကို ဂိုဏ်းဆီပို့ပေးမယ်"
ကျုးရှစ်ကွမ်းသည် သူ့၏ရင်ဘတ်ကိုကော့ကာ သူ၏မုတ်ဆိတ်မွှေးများကိုပွတ်သပ်ရင်း အင်မော်တယ်တစ်ယောက်၏ပုံစံဖမ်းကာ ပြောဆိုလိုက်၏။
"ငါတို့က ဂိုဏ်းကို ဒီအတိုင်းကြီး လမ်းလျှောက်ပြီးသွားရမှာလား"
ရီဖုန်းက မေးမြန်းသည်။
"အော်...တခြားဘာရှိလို့လဲ"
ကျူးရှစ်ကွမ်းက အနည်းငယ်ဇဝေဇဝါဖြစ်သွားသည်။
"ဒါက ပျံသန်းပြီးသွားရမှာမဟုတ်ဘူးလား...အရင်က တခြားဂိုဏ်းက တပည့်တွေခေါ်ရင်....ဂိုဏ်းကလူတွေက သူတို့ကိုပျံသန်းပြီး ခေါ်သွားတာကို ငါ မြင်ဖူးတယ်"
ရီဖုန်းက ပြောဆိုသည်။
"အမ်....."
"ရတာပေါ့...မင်းက ငါ့ရဲ့ချင်းနျူဂိုဏ်းက တပည့်ဖြစ်လာမှတော့...တခြားဂိုဏ်းတွေနဲ့တူတဲ့ ဆက်ဆံမှုမျိုး ရှိစေရမယ်"
ကျူးရှစ်ကွမ်းက မောက်မာဝံ့ကြွားစွာပြောဆ်ုကာ ရီဖုန်း၏ပခုံးကို သူ့၏လက်တစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်ခြေဆောင့်နင်းကာ ဒယိမ်းဒယိုင်ဖြင့် လေထုအတွင်းသို့ ခုန်တက်လိုက်၏။
ထို့ကြောင့် ရီဖုန်းသည် ကျူးရှစ်ကွမ်းနှင့်အတူ မိုင်ငါးဆယ်ခန့်အကွာတွင်ရှိသော ချင်းနျူဂိုဏ်းသို့ဦးတည်၍ ပျံသန်းခဲ့တော့သည်။
"ဟေး ဂိုဏ်းချုပ်...ဘာလို့ ဒါက နည်းနည်းတုန်ခါနေတာလဲ"
မိုးကောင်းကင်ယံအတွင်း၌ ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်၏။
"အမ်...."
"ဒါက လေထန်တာကြောင့်ပါ...ပုံမှန်ပဲ...ပုံမှန်ပါပဲ"
ကျူးရှစ်ကွမ်းသည် ကမောက်ကမနိုင်စွာရှင်းပြကာ သူ၏ခေါင်းထက်မှ ဇောချွေးများကို မသိမသာသုတ်လိုက်သည်။
"အင်း....ဒါက နည်းနည်းအရှိန်မြှင့်လို့ မရဘူးလား...အချိန်နောက်ကျနေပြီ"
ရီဖုန်းက ဆက်လက်၍ပြောဆိုသည်။
"အဲ့ဒီလိုလုပ်ဖို့ မလိုပါဘူး...."
ကျူးရှစ်ကွမ်းက ယတိပြတ်ပြောဆိုလိုက်၏။
"ဒါက တကယ့်ကို နှေးနေတယ်...ငါက ဂိုဏ်းကို အမြန်ဆုံးရောက်ချင်နေပြီ"
ရီဖုန်းက စောဒကတက်လေသည်။
"အင်း...."
ကျူးရှစ်ကွမ်း၏ခန္ဓာကိုယ်မှ ချွေးများတဒီးဒီးကျနေသည်။
သူသည် ယခုထက် ပို၍လျှင်မြန်စွာ ပျံသန်းလိုသော်လည်း သူ၏စွမ်းအားသည် ထိုသို့ပြုလုပ်ရန်ခွင့်မပြုချေ။
သိုင်းဝိညာဥ်နယ်ပယ်သည် ပျံသန်းနိုင်သော်လည်း သူသည် ဤကျင့်ကြံဆင့်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ခဲ့သည်မှာ မကြာသေးသဖြင့် ကျစ်လစ်သိပ်သည်းမှုမရှိပေ။ သူတစ်ယောက်တည်း ပျံသန်းရန်အတွက်ပင် အလွန်ခက်ခဲပေရာ သူ၏လက်ဖြင့် ရီဖုန်းကို ဆုပ်ကိုင်ထားရသဖြင့် ဆိုဖွယ်ရာပင်မရှိချေ။
ထို့ကြောင့် သူ့ထံ၌ ရွေးချယ်စရာမရှိတော့သဖြင့် ပြောဆိုလိုက်သည်။
"တကယ်တော့ မင်း လေထန်တဲ့ဒဏ်မခံနိုင်မှာကို ငါ စိုးရိမ်မိတယ်...ဘယ်လိုပဲဖြစ်ဖြစ် တကယ်လို့ ငါတို့ အရှိန်ပိုမြန်လိုက်မယ်ဆိုရင် ပိုပြီးကြောက်ဖို့ကောင်းလာလိမ့်မယ်"
"ဒါက အဆင်ပြေပါတယ်....ငါ မကြောက်ဘူး"
ရီဖုန်းက အလျှင်အမြန် ပြောဆိုသည်။
ကျူးရှစ်ကွမ်း၏နှုတ်ခမ်း မဲ့ရွဲ့သွားသည်။
သူသည် မည်းမှောင်နေသောမျက်နှာနှင့် အံ့တင်းတင်းကြိတ်ကာ လေထုအတွင်းသို့ သူ့၏ခြေထောက်နှစ်ဖက်လုံးဖြင့် ပြင်းပြင်းထန်ထန်စုံကန်ပြီး အားယူလိုက်၏။
ထို့နောက် သူတို့နှစ်ယောက်၏အရှိန်နှုန်းသည် မဆိုသလောက် တိုးလာခဲ့သည်။
အချိန်တစ်နာရီခန့်ကြာပြီးနောက် သူတို့သည်မိုင်ငါးဆယ်ကျော် ပျံသန်းပြီးလေပြီ။
သို့ရာတွင် ထိုအချိန်၌ ရီဖုန်းသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိပြုမိလေ၏။ သူတို့နှစ်ယောက်သည် တောင်ပံကျိုးနေသောငယ်ငယ်လေးတစ်ကောင်အလား တစ်ခါတစ်ရံမြေပြင်ထံသို့စိုက်ကျသွားကာ တစ်ခါတစ်ရံ နောက်သို့ပြန်လန်သွားသည်။
ရီဖုန်းသည် မည်သို့ဖြစ်ပျက်နေသည်ကို မေးမြန်းလိုသော်လည်း ကျူးရှစ်ကွမ်း၏လည်ပင်းသည် နီမြန်းနေသဖြင့်လသူ စကားတခွန်းမျှ မပြောဆိုတော့ချေ။
"အား...."
နောက်ဆုံး၌ မြင့်လိုက်နိမ့်လိုက်ဖြစ်နေသော သူတို့နှစ်ယောက်သည် သစ်တောအုပ်တစ်ခုအတွင်းသို့ကျရောက်သွားချိန်တွင် ရီဖုန်းထံမှကျယ်လောင်သောအော်သံတစ်သံ ထွက်ပေါ်လာသည်။
ဤတကြိမ်တွင် ရီဖုန်းသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။
သို့ရာတွင် ဤပြုတ်ကျလာမှုတွင် အဖိုးအိုသည် သူ့အား တင်းတင်းကြပ်ကြပ်ပွေ့ဖက်ပြီး ကာကွယ်ပေးထားသဖြင့် သူ မည်သည့်ထိခိုက်နာကျင်မှုမျိုးကိုမျှ မရရှိချေ။
"ဂိုဏ်းချုပ်...မင်း အဆင်ပြေရဲ့လား...ဘာတွေ ဖြစ်နေတာလဲ...ငါတို့က ဘာလို့ပျံသန်းနေရင်းနဲ့ပြုတ်ကျလာတာလဲ"
ရီဖုန်းသည် အလျင်စလုံ မတ်တပ်ထရပ်ကာ သူ့အောက်၌ပိနေသော ကျူးရှစ်ကွမ်းကိုကြည့်ပြီး အလျှင်အမြန်မေးမြန်းလိုက်သည်။
ကျူရှစ်ကွမ်းသည် အဖြူရောင်အမြုပ်များကိုထွေးထုတ်ကာ သူ့၏မျက်နှာ နီမြန်းနေသည်။ သူ့၏မျက်လုံးများသည် အချိန်အတော်ကြာကလယ်ကလယ်ဖြစ်နေပြီးမှ ရုတ်တရက် သူ အကြံရသွားသည်။ ထို့နောက် သူက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ရှူး...တိုးတိုး...စကားမပြောနဲ့"
ရီဖုန်းသည် ကြက်သေသေသွားကာ သူ၏လေသံကိုနှိမ့်ပြီး မေးမြန်းလေ၏။
"ဂိုဏ်းချုပ် ဘာတွေဖြစ်နေတာလဲ"
"ခုဏက ငါ တိုက်ခိုက်ခံရတယ်"
ကျူးရှစ်ကွမ်းက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"အမ်...."
ရီဖုန်း၏မျက်လုံးများ ပြူးကျယ်နေကာ အံ့အားသင့်တုန်လှုပ်သွားပြီး သူသည် သတိကြီးစွာထား၍ ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်သည်။
"မင်း သူတို့ကို မြင်နိုင်မှာမဟုတ်ဘူး...သူတို့က လေဟာနယ်ကို အသုံးပြုခဲ့တာ...မင်းက လေဟာနယ်တိုက်ခိုက်မှုတွေကို သိမှာမဟုတ်ဘူးလေ...ဟုတ်တယ်မလား"
ကျူးရှစ်ကွမ်းက ပြောဆိုသည်။
ရီဖုန်းသည် ဆွံ့အသွားပေ၏။
"မင်း မသိတဲ့အတွက် မင်းကိုယ်မင်း အပြစ်တင်နေစရာမလိုဘူး...အတိုချုပ်ပြောရရင် အဲ့ဒါက လူတွေကို မမြင်ကွယ်ရာကနေသတ်နိုင်တဲ့ အရမ်းအဆင့်မြင့်တဲ့ နည်းစနစ်တစ်ခုပဲ...ငါ့ကို ငါနဲ့အဆင့်တူတဲ့ကျင့်ကြံသူသုံးယောက်က လေဟာနယ်တိုက်ခိုက်မှုနဲ့ ပုန်းလျှိုးကွယ်လျှိုးတိုက်ခိုက်ခဲ့တာပဲ...ငါက သူတို့နဲ့တိုက်ခိုက်နေရင်း မင်းနဲ့အတူ ပျံသန်းနေခဲ့ရတယ်"
"ဒါပေမယ့် ဘာမှမစိုးရိမ်ပါနဲ့..ငါက မင်းနဲ့အတူပြုတ်ကျလာတယ်ဆိုပေမယ့် နည်းလမ်းကောင်းတစ်ခုကိုသုံးပြီးတော့ အဲ့ဒီလူသုံးယောက်ကိုသတ်လိုက်ပြီ"
မြေပြင်ပေါ်၌လဲလျောင်းနေကာ အမောဆို့နေသော ကျူးရှစ်ကွမ်းက ပြောဆိုသည်။
"ငါ သိပြီ"
"ဂိုဏ်းချုပ်က တကယ့်ကိုထူးချွန်တာပဲ"
ရီဖုန်းက လေးစားကြည်ညိုမှုစွာ ပြောဆိုလိုက်၏။
"သိုသိုသိပ်သိပ်နေ...သိုသိုသိပ်သိပ်နေရမယ်"
ကျူးရှစ်ကွမ်းသည် သူ့၏လက်ဝါးကိုအောက်သို့ဖိနှိပ်ကာ ပြောဆိုသည်။
"ဒါပေမဲ့ ဒါက ကိစ္စကြီးတစ်ခုဖြစ်နေတာကြောင့် မင်း တခြားဘယ်သူ့ကိုမှ ပြောလို့မဖြစ်ဘူး"
"အိုး ကောင်းပြီလေ"
ရီဖုန်းက အဆင်ပြေသည်ဟူသော လက်ဟန်သင်္ကေတကို လုပ်ပြလိုက်၏။
"ဟမ်...."
ကျူးရှစ်ကွမ်းသည် ကြောင်စီစီဖြင့် ရီဖုန်းကိုကြည့်လေသည်။
"ငါ သိပြီ"
ရီဖုန်းက ထိုလက်ဟန်သင်္ကေတကိုပြန်ရုတ်သိမ်းကာ ထပ်မံ၍ပြောဆိုလိုက်သည်။
"အင်း အဲ့ဒီနေရာမှာ အနားသွားယူလိုက်အုံး..ငါပြန်ကောင်းလာတာနဲ့ မင်းကို ဂိုဏ်းဆီဆက်ပြီးခေါ်သွားပေးမယ်"
ကျူးရှစ်ကွမ်းက ညွှန်ကြားလေသည်။
"ဟုတ်ကဲ့"
ရီဖုန်းသည် အလျှင်အမြန်ခေါင်းညိတ်ပြကာ နံဘေးတစ်ဖက်သို့ ဆုတ်ခွာလိုက်၏။
ထိုမြင်ကွင်းကိုကြည့်ပြီး ကျူးရှစ်ကွမ်းသည် စိတ်သက်သာရာရသွားပြီး သက်ပြင်းတချက်ရှိုက်ကာ မြေပြင်ပေါ်၌လဲလျောင်းရင်း အသက်ပြင်းပြင်းရှုလိုက်သည်။
သူသည် အလျှင်အမြန်တုံ့ပြန်နိုင်ခဲ့သဖြင့် ဤကောင်လေး၏ရှေ့တွင် အရှက်ရစရာမဖြစ်ခဲ့သည်ကို သူ တိတ်တဆိတ်ဝမ်းသာနေမိသည်။
အချိန်အတော်ကြာအနားယူပြီးနောက် ကျူးရှစ်ကွမ်းသည် ပျက်စီးလုနီးပါးဖြစ်နေပြီဖြစ်သော ဆေးတစ်လုံးကိုသောက်သုံးကာ ရီဖုန်းနှင့်အတူ ဆက်လက်၍ထွက်ခွာခဲ့တော့သည်။
နောက်ထပ်တစ်နာရီခန့်ကြာပြီးနောက် သူတို့သည် နောက်ဆုံး၌ ချင်းနျူဂိုဏ်းသို့ရောက်ရှိလာခဲ့သည်။
"ကြည့်လိုက်အုံး...ဒါက ငါ့ရဲ့ချင်းနျူဂိုဏ်းပဲ"
မောဟိုက်နေသော ကျူးရှစ်ကွမ်းက ရီဖုန်းကို မိတ်ဆက်ပေးလေ၏။
"အိုး..."
"အရမ်းကြီးကျယ်ခမ်းနားတာပဲ"
ရီဖုန်းက နားလည်မှုဖြင့် ချီးမွမ်းလိုက်သည်။
ရိုးရိုးသားသားပြောရလျှင် ရီဖုန်းသည် ဤချင်းနျူဂိုဏ်းကို အလွန်စိတ်ပျက်နေမိသည်။
ဤနေရာတွင် အဆောက်အအုံငယ်လေး နှစ်လုံးသုံးလုံးသာရှိကာ အလယ်ရှိ ကြီးမားသောလေ့ကျင့်ရေးကွင်းပြင်တွင်လည်း ကျင်းများချိုင့်များနှင့် ပြည့်နှက်နေသည်။
သို့ရာတွင် ရီဖုန်းသည် ဂရုမစိုက်ချေ။
ဖြစ်နိုင်သည်မှာ ဤဂိုဏ်းသည် အလွန်သိုသိုသိပ်သိပ်နေခြင်းဖြစ်ပေမည်။ မည်သို့ပင်ဆိုစေကာမူ သူ့၏နံဘေးရှိ ပိန်ချုံးချည့်နဲ့နေပုံရသော ကျူးရှစ်ကွမ်းသည် အလွန်အစွမ်းထက်ပေ၏။
ထိုအဖိုးအိုသည် သူ့အား သယ်ဆောင်ပြီး ပျံသန်းနေစဥ်တွင် လေဟာနယ်ကိုအသုံးပြု၍ တိုက်ခိုက်ခဲ့သော လူသုံးယောက်ကို အနိုင်ယူနိုင်ခဲ့သည်။
"ဂိုဏ်းချုပ်...ပြန်လာပြီလား"
ထိုအချိန်မှာပင် ဆံပင်ကိုဖွတ်မြီးကျစ်ထားသော ချောမောလှပသည့် မိန်းကလေးတစ်ယောက်က စကားပြောဆိုသည်။
သူမသည် ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ပြီး ကြည့်ရသည်မှာ လိမ္မာရေးခြားရှိပုံရပြီး ချစ်စဖွယ်ကောင်းကာ သူမကို မြင်တွေ့သည်နှင့် စိတ်ကြည်လင်မှုရရှိစေသည်။
"အိုး...ဝူလေး...မင်းက အချိန်ကိုက်ရောက်လာတာပဲ...ဒါက အခုမှဂိုဏ်းထဲကိုဝင်လာတဲ့ ဂျူနီယာမောင်လေးအသစ်ပဲ...သူ့ကို ဂိုဏ်းထဲကို ကောင်းကောင်းလိုက်ပြပြီးတော့ သူနေဖို့ နေရာတစ်နေရာရှာပေးလိုက်ပါ"
ကျူးရှစ်ကွမ်းက အမိန့်ပေးလေ၏။
"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်"
ဝူလေးဟူသောမိန်းကလေးက သဘောတူညီလိုက်ကာ ခြေဖျားထောက်၍ ရီဖုန်းထံလျှောက်လှမ်းလာပြီး အပြုံးနှင့်ပြောဆိုသည်။
"ငါက ယွင်ဝူ....တွေ့ရတာဝမ်းသာပါတယ်"
"စီနီယာအမယွင်ဝူ...ငါက ရီဖုန်းပါ...ကျေးဇူးပြုပြီးတော့ ငါ့ကို သင်ပြပေးပါအုံး"
ရီဖုန်းကလည်း အပြုံးနှင့်ပြောဆိုလိုက်၏။
ရိုးရှင်းသောနှုတ်ဆက်မှုတစ်ခုကို ပြုလုပ်ပြီးနောက် ယွင်ဝူသည် ရီဖုန်းကိုခေါ်ဆောင်၍ ချင်းနျူဂိုဏ်းအတွင်း၌ လိုက်လံပြသလေသည်။
ခြံဝန်းတခုအတွင်း၌....
ဝူချန်အန်းသည် အိပ်ယာပေါ်၌ ပလ္လင်ခွေထိုင်နေသည်။
သူ့၏ခြေထောက်အနီးတွင် အဆောင်လက်ဖွဲ့စာရွက်များ အပုံလိုက်ရှိနေကာ အခန်းတစ်ဝက်နီးပါးပြည့်နှက်နေသည်။ သူ့၏သိုလှောင်လက်စွပ်အတွင်းတွင်လည်း အဆောင်လက်ဖွဲ့အမြောက်အများ ကျန်ရှိနေသေးပေ၏။
"ငါ့ရဲ့ကိုယ်ပွားသန်းတစ်ရာမှာ တချို့က သေသွားကြပြီ..အဲ့ဒီလူက ငါ့ကိုခြေရာခံလိုက်ဖို့ကြိုးစားနေတာလားဆိုတာ ငါ သိချင်မိတယ်"
"ဒါပေမဲ့ အဲ့ဒီလူရဲ့လက်ချက် ဟုတ်ဟုတ်မဟုတ်ဟုတ် ငါ သတိကြီးကြီးထားဖို့လိုတယ်...ဒါကြောင့် ငါက ကိုယ်ပွားသန်းတစ်ထောင်ကို ထပ်ပြီးစေလွှတ်ရမယ်"
ထိုသို့ပြောဆိုပြီးနောက် သူသည် လက်စည်းသင်္ကေတတချို့ကို အလျှင်အမြန်ဖွဲ့စည်းလိုက်၏။
ရုတ်တရက် သူ့၏ခြေထောက်အနီးမှ အဆောင်လက်ဖွဲ့စာရွက်များ တောက်ပလာကာ အလွန်လျှင်မြန်သောအရှိန်နှုန်းဖြင့် ပျောက်ကွယ်သွားတော့သည်။
အချိန်အတော်ကြာပြီးနောက်...
အင်မော်တယ်ကုန်းမြေအတွင်း၌ လူသန်းတစ်ထောင်သည် ပါးလွှာသောလေထုအတွင်းမှနေ၍ ရုတ်တရက် ထွက်ပေါ်လာသည်။