← Chapters

အခန်း (၄၂၆-၄၃၀)

Vol. 29 Ch. 426-430

အခန်း (၄၂၆-၄၃၀)

Vol. 29 Ch. 426-430

Chapter 426

လေဟာနယ်ကိုဖြတ်သန်း၍ အဆောင်လက်ဖွဲ့စာရွက်သန်းတစ်ထောင်ကို အင်မော်တယ်မြစ်ကုန်းမြေအတွင်းရှိ နေရာဒေသအသီးသီးသို့စေလွှတ်ပြီးနောက် အိပ်ယာပေါ်၌ထိုင်နေသောလူငယ်သည် စိတ်သက်သာရာရသွားကာ သက်ပြင်းတချက်ရှိုက်လိုက်၏

"ငါက ဝူချန်အန်းမဟုတ်တော့ဘူး..အခု ငါက ဝူတာအိုပဲ"

"ငါ ဝူတာအိုက ကိုယ်ပွားသန်းတစ်ထောင်ကို ဒီကုန်းမြေအနှံ့ ဖြန့်ကျက်ထားတယ်...အဲဒီကိုယ်ပွားတစ်ခုချင်းစီက ငါ့ရဲ့အငွေ့အသက် ပုံပန်းသွင်ပြင် သွေးမျိုးဆက်ကအစ ငါနဲ့တစ်ထပ်တည်းနီးပါးတူညီတယ်...ဘာကွဲပြားခြားနားမှုရှိတယ်ဆိုတာ ဘယ်သူကပြောနိုင်မှာလဲဆိုတာ ကြည့်ကြရအောင်"

"တကယ်လို့ မိုးထိမြင့်မားတဲ့အမြင်အာရုံမျိုးရှိနေတဲ့ တစ်ယောက်ယောက်က...ငါ့ကိုအမဲလိုက်မယ်ဆိုရင်တောင် သူက ငါ့ရဲ့ကိုယ်ပွားတစ်ယောက်ကိုသတ်နိုင်ပေမယ့်...ငါ့ရဲ့ကိုယ်ပွားသန်းတထောင့်တစ်ရာလုံးကို သူ သတ်နိုင်မှာလား"

"ငါ့ရဲခန္ဓာကိုယ်အစစ်အမှန်က ဒီဝေလံခေါင်သီတဲ့ မြောက်ပင်လယ်ကုန်းမြေက ဂိုဏ်းငယ်လေးတစ်ဂိုဏ်းမှာ နာမည်တုနဲ့ အပြင်စည်းတပည့်ဖြစ်နေတယ်...ဘယ်သူ ငါ့ကို ရှာတွေ့နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"

"ဟား...ဟား...ဟား...ဟား"

ဤဟာကွက်မရှိသောအစီအစဉ်ကို တွေးတောရင်း ဝူချန်အန်းကဲ့သို့ သတိကြီးသောတစ်စုံတစ်ယောက်ပင်လျှင် အော်ဟစ်ရယ်မောခြင်းမပြုဘဲ မနေနိုင်တော့ချေ။

ထိုအချိန်မှာပင် ယွင်ဝူ၏အသံက ပြင်ပမှထွက်ပေါ်လာသည်။

"ဂျူနီယာမောင်လေးဝူတာအို...ဂိုဏ်းကနေပြီးတော့ မင်းနဲ့အတူနေဖို့အတွက် ဂျူနီယာအသစ်တစ်ယောက်ကို ထပ်ပို့လိုက်တယ်"

"ကောင်းပြီလေ ပြဿနာမရှိဘူး"

ဝူတာအိုက တုံ့ပြန်ကာ သူတို့ကို ဆီးကြိုနှုတ်ဆက်ရန်အတွက် သွားလိုက်၏။

သူ တံခါးထံသို့လျှောက်လှမ်းသွားကာ မပြင်ဆင်ရသေးသောအချိန်မှာပင် အတွင်းသို့ဝင်ရောက်လာသော လူနှစ်ယောက်နှင့် ပက်ပင်းတိုးမိသည်။

ဝူချန်အန်းက မော့ကြည့်လိုက်သည်။

သူ တောင့်တင်းသွားသည်။

သူ့၏မျက်နှာပေါ်ရှိအပြုံးသည်လည်း ချက်ချင်းတောင့်တင်းသွားပေ၏။

ရီဖုန်း၏နတ်ဆိုးဆန်သောမျက်နှာက သူ့၏မျက်လုံးသူငယ်အိမ်အတွင်း၌ ကြီးမားလာသည်။

ရှီး...

ဤအကြည့်သည် ဝူချန်အန်း၏ကို စိတ်ဝိညာဉ်ကိုလွင့်ထွက်လုမတတ် ဖြစ်သွားစေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ကူကယ်ရာမဲ့စွာ တုန်ရီလာသည်။

ဤလူ....

သူသည် မည်သည်ကြောင့် ဤနေရာကို ရှာတွေ့သွားသနည်း....

ထိတ်လန့်ကြောက်ရွံမှုများက ဝူချန်အန်း၏စိတ်နှလုံးသားအတွင်း၌ ပျံ့နှံ့လာကာ ပြင်းထန်သောအကျပ်အတည်းခံစားချက်ကြောင့် သူ ကြက်သီးမွေးညင်းထသွားသည်။

သို့ရာတွင် ဝူချန်အန်းသည် နေရာ၌ တောင့်တင်းနေစဥ်မှာပင် ရီဖုန်းက အပြုံးနှင့် သူ့ထံသို့လျှောက်လှမ်းလာသည်။

ထို့နောက် သူ့၏လက်ကို ဆန့်တန်းလိုက်၏။

"စီနီယာအကိုဝူတာအို...တွေ့ရတာ ဝမ်းသာပါတယ်"

ဤအပြုံးသည် ဝူချန်အန်း၏ဦးရေပြားများကို တင်းကြပ်သွားစေသည်။

ဤရက်စက်ယုတ်မာသောအပြုံး....

ဤသည်မှာ 'မင်း ငါ့ရဲ့လက်ဝါးထဲကနေ မလွတ်မြောက်နိုင်ဘူး'ဟု သူ့ကိုပြောနေသည့်အလားပင်။

အမှန်တကယ်ကိုပင်....

ဤလူသည် အမှန်တကယ်ကိုပင် ကြောက်မက်ဖွယ်ကောင်းပေ၏။

သူသည် ပုံရိပ်ယောင်ကိုယ်ပွား သန်းတစ်ထောင့်တစ်ရာကိုအသုံးပြု၍ အာရုံလွှဲထားသည့်တိုင် ထိုလူသည် အကြည့်တချက်ဖြင့် ထွင်းဖောက်မြင်ကာ မိုင်သန်းပေါင်းများစွာကိုဖြတ်ကျော်၍ သူ့၏အစစ်အမှန်ခန္ဓာကိုယ်ထံ ရောက်လာမည်ဟု သူ မျှော်လင့်မထားမိချေ။ ဤကဲ့သို့တုန်လှုပ်ချောက်ချားဖွယ်ခွန်အားမျိုးသည် ဝူချန်အန်း မျှော်လင့်ထားသည်ထက် များစွာပို၍ကျော်လွန်နေသည်။

"ငါ ဘာလုပ်ရမလဲ...ငါ ဘာလုပ်ရမလဲ"

ဝူချန်အန်း၏မျက်လုံးအိမ်​များ ကဏာမငြိမ်ဖြစ်နေသည်။

သူ ထိပ်တိုက်ရင်ဆိုင်၍ ဖောက်ထွက်ရန်မှာ မဖြစ်နိုင်​ချေ။ ကြည့်ရသည်မှာ သူ ပြင်ဆင်ထားသော ကူးပြောင်းရေးဝင်္ကပါကိုအသုံးပြု၍ ထွက်ပြေးရုံသာ တတ်နိုင်ပေမည်။

ထိုအကြောင်းကိုတွေးတောရင်း ဝူချန်အန်းက အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။

ကံကောင်းထောက်မစွာဖြင့် ကိုယ်ပွားသန်းတစ်ထောင့်တစ်ရာအပြင် သူ့ထံ၌ တခြားအစီအစဉ်များရှိနေသည်။

ချင်းနျူဂိုဏ်းအတွင်းသို့ သူ ဝင်ရောက်ခဲ့ပြီးနောက် မကြာမီမှာပင် မမျှော်လင့်ထားသောဖြစ်ရပ်များ ဖြစ်လာမည်ကို ကာကွယ်သည့်အနေဖြင့်ဤခြံဝင်းအတွင်း၌ သူသည် ကူးပြောင်းရေးဝင်္ကပါတစ်ခုကို ခင်းကျင်းထားခဲ့လေ၏။

ယခုချိန်၌ ကြည့်ရသည်မှာ သူ့၏ကူးပြောင်းရေးဝင်္ကပါသည် အသုံးတည့်လာတော့မည်ပုံပင်။

မသိမသာဖြင့် သူသည်တံခါး၏နံဘေးတွင်ချထားသော ပန်းအိုးငယ်လေးကို စောင်းငဲ့၍ကြည့်လိုက်သည်။

အမှန်အားဖြင့်...

ဤပန်းအိုးတွင် သူ ခင်းကျင်းထားသောကူးပြောင်းရေးဝင်္ကပါရှိနေသည်။

သူသည် ထိုအရာအနီးသို့ချဥ်းကပ်ကာ အသက်သွင်းရန်သာလိုအပ်ပြီး သူ ချက်ချင်း အဝေးသို့ကူးပြောင်းသွားနိုင်ပေမည်။

ထို့ထက်ပို၍ကောင်းမွန်သည်မှာ သူ၏ကူးပြောင်းရေးဝင်္ကပါသည် တစ်ကြိမ်သာအသုံးပြုနိုင်သဖြင့် အသက်သွင်းပြီးနောက် အလိုအလျောက်ပျက်စီးသွားပေမည်။

ဤနည်းလမ်းဖြင့် အကယ်၍ သူသည် အဝေးသို့ကူးပြောင်းသွားပါက ရီဖုန်းသည် ဝင်္ကပါမှတစ်ဆင့် သူ့အားခြေရာခံရန် နည်းလမ်းရှိမည်မဟုတ်ချေ။

ဘုန်း....

ထိုအချိန်မှာပင် ရုတ်တရက်အသံတစ်သံကနံဘေးမှထွက်ပေါ်လာသည်။

ဤအသံသည် ဝူချန်အန်း၏နားအတွင်းသို့ရောက်ရှိချိန်တွင် အလွန်အမင်း ကျယ်လောင်နေပေ၏။

အမ်....

ဝူချန်အန်း၏ခန္ဓာကိုယ်တခုလုံး တုန်ရီသွားကာ သူ့၏စိတ်နှလုံးသားအတွင်း၌ ဆိုးဝါးသောအတိတ်နိမိတ်တစ်ခု ထွက်ပေါ်လာသည်။ သူသည် ရုတ်တရက် သူ့၏အကြည့်ကို ထိုနေရာသို့ရွှေ့ပြောင်းလိုက်သည်။

သူချက်ချင်း ရှာဖွေတွေ့ရှိလိုက်ရသည်မှာ သူ၏အသက်ကယ်ပန်းအိုးသည်...

ပြိုလဲ​နေလေပြီ။

ရွှေရောင်အလင်းတန်းတစ်တန်း မသိမသာလင်းလက်သွားခြင်းနှင့်အတူ ကူးပြောင်းရေးဝင်္ကပါသည် အသက်ဝင်လာခဲ့သော်လည်း ဖြတ်သန်းသွားသောခြင်တစ်ကောင်သာ အဝေးသို့ကူးပြောင်းသွားခဲ့သည်။

နောက်ထပ်အချိန်အခိုက်အတန့်၌ ကူးပြောင်းရေးဝင်္ကပါသည် အလိုအလျောက်ငြိမ်သက်သွားလေ၏။

ပျက်စီးသွားလေပြီ။

"အိုး ...."

"ငါ တောင်းပန်ပါတယ်...ငါ ဒါကိုမတော်တဆဝင်တိုက်လိုက်မိတယ်"

ရီဖုန်းသည် ထိုပန်းအိုးကို အလျှင်အမြန် ပြန်၍ထောင်မတ်လိုက်ကာ သူ့၏မျက်နှာပေါ်တွင် တောင်းပန်လိုသောအရိပ်အယောင်များရှိနေသည်။

"ကံကောင်းလို့....ကံကောင်းပြီးတော့ ဒီပန်းအိုးကွဲမသွားဘူး"

သို့ရာတွင်....

ဝူချန်အန်းသည် အော်ဟစ်​ငိုကြွေးမိတော့လုမတတ်ပင်။

ထိတ်လမ်းကြောက်ရွံမှုများသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ သူ၏ဦးရေပြားအထိ ပျံ့နှံ့နေလေပြီ။

နှစ်ပေါင်းများစွာကြာမြင့်လာပြီးနောက် ဤသည်မှာ သူ့အတွက် သေရေးရှင်ရေးအကြပ်အတည်းကို ရာနှုန်းပြည့်ခံစားရသည့် ပထမဆုံးအကြိမ်ပင်။

နတ်ဆိုး...

အလွယ်ပြောရလျှင်ဤလူသည် နတ်ဆိုးတကောင်ပင်။

'ကောင်းပြီလေ...ငါ့မှာ လုပ်စရာကိစ္စတွေရှိနေတာကြောင့် ငါ အထဲကိုမဝင်တော့ဘူး..နင်တို့ကဂိုဏ်းတူ​ညီအစ်ကိုတွေပဲ....ဒါကြောင့် နင်တို့ရဲ့ဆက်ဆံရေးကို ကောင်းကောင်းပျိုးထောင်ကြပါ"

ယွင်ဝူက နံဘေးတဖက်မှနေ၍ ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့ပါ စီနီယာအစ်မယွင်ဝူ...ဘာမှ မစိုးရိမ်ပါနဲ့ ..ငါက စီနီယာအစ်ကိုဝူတာအိုနဲ့ဆက်ဆံရေးကို ကောင်းကောင်းပျိုးထောင်ပါ့မယ်"

ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။

ထိုစကားများသည် ဝူချန်အန်း၏နားအတွင်း၌ မြည်ဟီးသွားချိန်တွင် သူသည် အံ့တင်းတင်းကြိတ်လိုက်၏။

"ဘယ်သူက မင်းနဲ့ဆက်ဆံရေးကို ပျိုးထောင်ချင်နေလို့လဲ"

သူသည် ကူကယ်ရာမဲ့စွာဖြင့် စိတ်အတွင်းမှကြိတ်၍ အော်ဟစ်ကြုံးဝါးလိုက်သည်။

ချွေးသီးချွေးပေါက်များက သူ့၏နဖူးမှ အထိန်းအကွပ်မဲ့စွာ ကျဆင်းလာသည်။

မဟုတ်သေးဘူး...

ငါလက်လျှော့အရှုံးမပေးနိုင်ဘူး...

'ငါက နောက်ဆုံးတော့ ဒီလောကကြီးထဲမှာအနှစ်နှစ်ဆယ်ကျော် အသက်ရှင်သန်နိုင်အောင် နေနိုင်ခဲ့တယ်...တကယ်လို့ ငါက နောက်ထပ်နှစ်တစ်သောင်းလောက် အသက်ရှင်သန်နိုင်မယ်ဆိုရင် ငါက ပြိုင်ဘက်ကင်းဖြစ်လာနိုင်တယ်...ငါ ဒီလိုမျိုးတော့ လုံးဝလက်လျှော့အရှုံးမပေးနိုင်ဘူး'

'ဒီလူက ငါ့ကို ချက်ချင်းမသတ်သေးမှတော့ ဘာအကြောင်းအရင်းပဲရှိနေနေ ငါ့အတွက်အခွင့်အရေးမရှိတာတော့ မဟုတ်ဘူး'

'ပြီးတော့ ငါ့ရဲ့အစီအစဉ်တွေက ဒီနေရာမှာ တစ်ခုတည်းပဲ ရှိနေတာမဟုတ်ဘူး'

'ငါ အခွင့်ကောင်းတစ်ခုကို ဖမ်းဆုပ်နိုင်တာနဲ့ ဒီနေရာကနေ ထွက်ပြေးသွားနိုင်တယ်'

ထိုသို့တွေးတောရင်း ဝူချန်အန်းသည် အနည်းငယ် စိတ်တည်ငြိမ်သွားသည်။

"အိုး...အစ်ကိုဝူတာအိုက ကျားကစားတာကိုသိနေတာလား"

ထိုအချိန်မှာပင် ရီဖုန်းသည် တံခါး၏နံဘေးရှိ ကျောက်တုံးစားပွဲပေါ်၌ လက်စမသတ်ရသေးသော စစ်တုရင်ကစားပွဲတစ်ခုရှိနေသည်ကို မြင်တွေ့သွားသည်။

ထိုစကားကိုကြားချိန်၌ အစောပိုင်းကမှ စိတ်အနည်းငယ်တည်ငြိမ်သွားသော ဝူချန်အန်းသည် ရီဖုန်းကို စူးစိုက်၍ကြည့်လိုက်၏။

ဤနေရာ...

သူသည် ဤနေရာကိုလည်း ရှာဖွေတွေ့ရှိသွားခဲ့သလော....

ရီဖုန်းသည် လွဲချော်မှုတစ်ခုခုကို မမြင်တွေ့သွားစေရန် သူ ဆုတောင်းနေစဉ်မှာပင် ရီဖုန်းသည် ကျားစေ့တစ်စေ့ကို သူ့၏လက်ဖြင့်ရွှေ့ကာ ကျားခုံ၏အခြေအနေကို ပြောင်းလဲလိုက်သည်။

"ဒါက လက်စမသတ်ရသေးတဲ့ ကစားပွဲတစ်ခုလို့ ယူဆလို့မရတော့ဘူး...မင်း ကြည့်လိုက်အုံး..ဒီလှုပ်ရှားမှုကြောင့် ကစားပွဲက အဆုံးသတ်သွားပြီ"

ရီဖုန်းက အပြုံးနှင့်ပြောဆိုကာ အင်အားစိုက်ထုတ်ခြင်းမပြုဘဲ ကစားပွဲကို အဆုံးသတ်နိုင်သဖြင့် သူ့ကိုယ်သူ အလွန်အမင်းဂုဏ်ယူဝံ့ကြွားနေသည်။

သို့ရာတွင် တခြားတစ်ဖက်ရှိ ဝူချန်အန်းသည်မူ ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်လျက်သား ပြုတ်ကျသွားတော့သည်။

Chapter 427

ဤကျားကစားပွဲ အဆုံးသတ်သွားလေပြီ။

ဤသည်မှာ သူ့၏လိမ္မာပါးနပ်ဆုံးအခင်းအကျင်းဟု ဆိုနိုင်သည်။

သူ စီစဥ်ထားသော ဤကျားကစားကွက်အတွင်းတွင် ဝင်္ကပါအမြောက်အများရှိနေကာ မည်သည့်အကွက်အားရွှေ့သည်ဖြစ်စေ ဝင်္ကပါများကို အသက်သွင်းနိုင်ပြီး သူ အသက်ရှင်သန်နိုင်ပေမည်။

သို့ရာတွင်...

လောကကြီးအတွင်းရှိ အရာရာတိုင်းတွင် ဟာကွက်ရှိပေ၏။

သူ့၏ကျားကစားကွက်သည်လည်း ထပ်တူထပ်မျှပင်။ ထူးခြားသောကျားစေ့တစ်စေ့သည် ကျားကစားပွဲတစ်ခုလုံးကို ဖျက်ဆီးနိုင်ပေ၏။

ဤသည်မှာ ကစားပွဲအဆုံးသတ်သွားမည်ဖြစ်သဖြင့် စစ်တုရင်တာအိုလမ်းကြောင်းကို အစစ်အမှန်လျှောက်လှမ်းနေသူများသာ ထိုအထူးကျားစေ့ကို ရှာတွေ့နိုင်ပေမည်။

ထို့ပြင် စစ်တုရင်တာအိုလမ်းကြောင်းကို ဤမျှထိ ပြီးမြောက်အောင်မြင်နေသူသည် အင်မော်တယ်မြစ်ကုန်းမြေတခွင်လုံး၌ ရှိမနေနိုင်ချေ။

သို့ရာတွင်....

ဤအချိန်အခိုက်အတန့်တွင် ရီဖုန်းသည်....

ရုတ်တရက် ကျားကစားပွဲအား အဆုံးသတ်နိုင်သော ကျားစေ့ကိုရှာတွေ့သွားကာ တစ်ချိန်တည်းမှာပင် ဝူချန်အန်း၏ကျားကစားကွက် အခင်းအကျင်းတစ်ခုလုံးကို ဖျက်ဆီးခဲ့သည်။

ထို့ကြောင့်....

ဝူချန်အန်း၏အစီအစဥ်များအားလုံးသည် အာရုံထွေပြားကိုယ်ပွားသန်းတစ်ထောင့်တစ်ရာမှစ၍ တံခါးအနီးမှကူးပြောင်းရေးဝင်္ကပါ ဤကျားကစားကွက်အထိ အရာရာတိုင်းကို ရီဖုန်းမှထွင်းဖောက်မြင်နိုင်ခဲ့သည်။

ဝူချန်အန်း၏ဝှက်ဖဲများသည် ရီဖုန်း၏ရှေ့၌ စက္ကူပါးများအလား ထွင်းဖောက်ခံလိုက်ရလေ၏။

ဝူချန်အန်း၏မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။

ယခုချိန်၌ ဤလူသည် မည်သည်ကြောင့် သူ့အားမသတ်သည်ကို သူ နားလည်သဘောပေါက်သွားသည်။

ဤသည်မှာ ထိုလူသည် သူ့အား လက်ခုပ်တွင်း၌ကစားကာ ထိတ်လန့်ကြောက်ရွံခြင်း စိတ်ပျက်အားငယ်ခြင်းတို့ဖြစ်စေပြီး သူ့၏နည်းလမ်းများအားလုံးကျရှုံးစေကာ သူ့အား ဖြည်းညှင်းစွာနှိပ်စက်လိုခြင်းပင်။

ထိုအချိန်မှာပင် ရီဖုန်းသည် ဂိုဏ်းအတွင်းရှိလူတိုင်းကို စုံစမ်းထောက်လှမ်းရန် စနစ်ကိုအသက်သွင်းလိုက်သည်။

မမျှော်လင့်ဘဲ လူတိုင်းသည် ဆန်းစစ်ရန်အလွန်ပျင်းသည်ဟူသောရလဒ်သာ ထွက်ပေါ်လာခဲ့သည်။

အမှန်အားဖြင့် ချွင်းချက်ဖြစ်နေသော လူတစ်ယောက်ရှိနေသည်။

ထိုလူမှာ သူ့ရှေ့ရှိ ဝူချန်အန်းပင်။

ဝူချန်အန်းကိုဆန်းစစ်ရာ၌ သာမာန်အရည်အချင်းဟုထွက်ပေါ်လာသဖြင့် ဤသည်မှာ မည်သည့်အရာအား ကိုယ်စားပြုသနည်း...

သေမျိုး....

ပြောရမည်ဆိုလျှင် သူ့ရှေ့ရှိ ဝူချန်အန်းသည် သူ့ကဲ့သို့ပင် ကျင့်ကြံနိုင်ခြင်းမရှိသော သာမာန်သေမျိုးတစ်ယောက်ဖြစ်ပေ၏။

ထို့ကြောင့်....

ရီဖုန်းက ကောက်ချက်ချလိုက်သည်။

စနစ်မှနေ၍ ဆန်းစစ်ရန်အလွန်ပျင်းလွန်းသည်ဟုဆိုသူများသည် သူ ရန်စစော်ကား၍မရသော ကျင့်ကြံသူများဖြစ်ပြီး ဆန်းစစ်၍ရသောလူများမှာမူ သေမျိုးများဖြစ်သည်။

ထို့ကြောင့် ဆန်းစစ်ရန်အလွန်ပျင်းရိသူဟုသူများကို သူ ရန်စစော်ကား၍မရချေ။

စနစ်မှဆန်းစစ်၍ရသူများကို သူ ရှေ့သို့တိုးကာ ရဲရဲတင်းတင်းရင်ဆိုင်နိုင်သည်။

ဝူတာအိုသည် ကြက်သေသေနေဆဲဖြစ်ကာ သူ့အား အနည်းငယ်ကြောက်ရွံနေပုံရှိသည်ကိုကြည့်ပြီး ရီဖုန်းက နားလည်သဘောပေါက်သွားသည်။

ဝူတာအိုက အတူနေထိုင်မည့်လူသည် ကျင့်ကြံသူတစ်ယောက်ဖြစ်ကာ အနိုင်ကျင့်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေသောကြောင့် သူ့အား ထိတ်လန့်ကြောက်ရွံနေခြင်းဖြစ်ပေမည်။

သို့ရာတွင် ထိုဝူတာအိုသည် အတွေးလွန်နေခြင်းပင်။

"စီနီယာအစ်ကိုဝူတာအို...မင်း ဘာမှကြောက်နေစရာမလိုပါဘူး...တကယ်တော့ ငါတို့က တူညီတဲ့လူစားမျိုးတွေပါ"

ရီဖုန်းက အဓိပ္ပါယ်ပါသောစကားကို ပြောဆိုလိုက်သည်။

"တူညီတဲ့လူစားမျိုးတွေလား"

ဝူတာအို၏ခန္ဓာကိုယ် တုန်ရီသွားသည်။

သူသည် မည်သည့်အရာအား ဆိုလိုခြင်းဖြစ်သနည်း...

"ဒါက မင်းအတွက် ကြိုဆိုလက်ဆောင်လေးပါ"

ရီဖုန်းသည် သူ၏လက်မောင်းအကြားမှ သစ်သားပန်းပုရုပ်တစ်ခုကိုထုတ်ယူကာ ဝူချန်အန်းထံသို့ လက်ကမ်းပေးလိုက်သည်။

ဤသစ်သားပန်းပုရုပ်သည် သူ့၏သစ်သားပန်းပုရုပ်များအားလုံးအနက် သူ စိတ်ကျေနပ်မှုအရှိဆုံးအရာများအနက်မှ တစ်ခုဖြစ်သည်။

ထိုအရာကို ဝူချန်အန်းကို ပေးလိုက်သည့်အကြောင်းအရင်းမှာ ရီဖုန်းက သူသည် အသစ်ရောက်ရှိလာသူဖြစ်သဖြင့် အခန်းဖော်နှင့် ဆက်ဆံရေးကောင်းမွန်ရန်လိုအပ်ကြောင်း သိရှိထားသည်။ ထို့ပြင် ဂိုဏ်းအတွင်း၌ သေမျိုးနှစ်ယောက်သာရှိနေပေရာ အတူတကွပူးပေါင်းပြီး သူတို့အကြား၌ ဆက်ဆံရေးနွေးထွေးနေစေရန် လိုအပ်သည်။

သူရှေ့ရှိ နတ်ဆိုး၏ဆိုလိုရင်းကို ဝူချန်အန်းသည်မသိရှိသော်လည်း မသိစိတ်မှနေ၍ ရီဖုန်းလက်ကမ်းပေးသော သစ်သားပန်းပုရုပ်ကို ယူလိုက်မိသည်။

သို့ရာတွင် ထိုပန်းပုရုပ်ကိုမြင်တွေ့ချိန်၌ သူထိတ်လန့်တုန်လှုပ်သွားသည်။

"အာ...အာထရာမန်းလား"*

သူ့၏ပါးစပ်နှင့်လျှာသည် အလွန်ခြောက်သွေ့သွားကာ ထိုရုပ်ထုကိုတချက်ကြည့်မိရုံဖြင့်မှတ်မိသွားပြီး သူ့၏မျက်လုံးအိမ်များကျွတ်ထွက်တော့လုမတတ်ပင်။

မည်သည်ကြောင့်နည်း....

မည်သည်ကြောင့် သူသည် ဤကွဲပြားခြားနားသောကမ္ဘာလောကတွင် အာထရာမန်းပန်းပုရုပ်ကို တွေ့မြင်ရသနည်း။

ရုတ်တရက်...

ရီဖုန်း အစောပိုင်းက ပြောဆိုခဲ့သည်စကားများကို သူ ရုတ်တရက်မှတ်မိသွားသည်။

'ငါတို့က တူညီတဲ့လူစားမျိုးတွေပဲ'

ဝုန်း....

ထိုအကြောင်းကို​တွေးတောမိချိန်တွင် ဝူချန်အန်း၏ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်ရီသွားသည်။

ဆိုလိုသည်မှာ....

သူ့ရှေ့ရှိ နတ်ဆိုးသည်လည်း သူနှင့်တူညီသော ကမ္ဘာလောကမှ လာခဲ့ခြင်းဖြစ်နေသလော....

ထိုသတင်းကိုသိရှိချိန်တွင် ဝူချန်အန်းသည် ပျော်ရမလော ဝမ်းနည်းရမလောကို မသိရှိတော့ချေ။

အကယ်၍ အတိတ်တွင် ကမ္ဘာလောကတူညီသောနေရာမှ လူတစ်ယောက်ကိုမြင်တွေ့ရပါက သူ့၏မျက်လုံးများအတွင်း၌ မျက်ရည်များဖြင့် စိုစွန်လာကောင်းလာနိုင်သည်။ သို့ရာတွင် ဤလူ၏စွမ်းအားဖြင့် ရင်ဆိုင်ပြီးနောက် သူ့၏မျက်လုံးအတွင်း၌ မျက်ရည်များစိုစွတ်လာခြင်းမရှိတော့ချေ။

ထို့ပြင် သူသည် ဤလူ၏အစစ်အမှန်ရည်ရွယ်ချက်ကိုလည်း ခန့်မှန်းနိုင်ခြင်းမရှိသေးချေ။

ထိုလူသည် သူ့အား မသတ်ပေ။

သို့ရာတွင် ဝူချန်အန်းသည် သူ့၏လက်ဝါးအတွင်းမှ လွတ်မြောက်နိုင်ခြင်းမရှိဟု သူ့၏လုပ်ရပ်များမှတဆင့်ပြောဆိုနေခဲ့သည်။

သူ့၏နည်းလမ်းများအားလုံးသည် ထိုနတ်ဆိုး၏ရှေ့တွင် ပူဖောင်းများသဖွယ်ဖြစ်နေသည်။

ထို့ပြင် သူ့အားပါးဖြတ်ရိုက်သကဲ့သို့ပြုလုပ်ပြီးနောက် ထိုလူက သူတို့သည် တူညီသောနေရာမှလာသည်ဟု ပြောဆိုကာ အစွမ်းထက်သောအရှိန်အဝါများဖြင့် ပြည့်နှက်နေသည့် အာထရာမန်းပန်းပုရုပ်ကို ပေးလေသည်။

ဝူချန်အန်း၏စိတ် ဖရိုဖရဲဖြစ်နေသည်။

သူ မည်မျှပင်စဉ်းစားတွေးတောနေပါစေ ရီဖုန်း၏စိတ်ကို သူ ခန့်မှန်း၍မရချေ။

သို့ရာတွင် သူ့အား စိတ်သက်သာရာရစေသည်မှာ ဤအချိန်အခိုက်အတန့်တွင် သူ့၏အသက်သည် အန္တရာယ်ရှိပုံမရခြင်းပင်။

သူ ဆက်လက်၍ထွက်ပြေးရန်အတွက်ကိုမူ ဝူချန်အန်းသည် ထိုလူ၏နည်းလမ်းများကိုကြည့်ပြီး အကယ်၍ သူထွက်ပြေးလိုက်ပါက သေဆုံးရန်မှာ ရာနှုန်းပြည့်ရှိနေကြောင်း သူ့၏စိတ်နှလုံးသားအတွင်းမှနေ၍ ခန့်မှန်းတွက်ချက်ထားသည်။

ထို့ကြောင့် သူသည် နောက်ထပ်မည်သည့်အရာများ ဆက်ဖြစ်လာမည်ကို စောင့်ဆိုင်းရုံသာတက်နိုင်တော့သည်။ အချိန်ကျလာပါကသူ့အတွက် အခွင့်အရေးတစ်ခု ရှိလာနိုင်သည်။

"ကြည့်ရတာတော့ ငါက ဒီတကြိမ်မှာ....ခြေလှမ်းတစ်လှမ်းချင်း လှမ်းရုံပဲ တတ်နိုင်တော့မယ်"

ဝူချန်အန်းသည် အသက်ပြင်းပြင်းတချက်ရှိုက်ကာ ရီဖုန်းနှင့်အတူ အခန်းအတွင်းသို့ တိတ်ဆိတ်ငြိမ်သက်စွာ ဝင်လိုက်တော့သည်။

ကွေ့ရီခန်းမ....

မဟာဂိုဏ်းချုပ်လေးယောက်သည်သူတို့၏လက်များအတွင်းရှိ သတင်းများကိုကြည့်ကာ သူတို့၏မျက်နှာအမူအယာများ အလွန်အမင်းပျက်ယွင်းနေသည်။

"ယဲ့နန်နဲ့သူ့ရဲ့သမီးယဲ့ရီက လျှို့ဝှက်ဆန်းကြယ်တဲ့အဖွဲ့စည်းတစ်ခုကို ဖျက်ဆီးလိုက်တယ်"

"ယဲ့နန်က တစ်ယောက်တည်းနဲ့ အနက်ရောင်ဝတ်စုံဝတ်လူသုံးယောက်ကို တိုက်ခိုက်ခဲ့တယ်...အဲ့ဒီအနက်ရောင်ဝတ်စုံဝတ်လူသုံးယောက်လုံးက ဒဿမဘဝသိုင်းအင်ပါယာတွေပဲ"

"ယဲ့နန်ရဲ့သမီးယဲ့ရီက မြောက်ပင်လယ်ကုန်းမြေထဲက ရှေးဟောင်းအမွေအနှစ်တစ်ခုကိုရသွားပြီးတော့ သူ့ရဲ့ခွန်အားကထပ်ပြီး မြင့်တက်သွားခဲ့တယ်"

"ယဲ့သားအဖနှစ်ယောက်က မကြာခင်မှာ မြေကမ္ဘာအင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်တော့မယ်လို့ တချို့လူတွေက ထင်ကြေးပေးနေကြတယ်"

"တစ်ချက်တည်းနဲ့ ယဲ့မိသားစုက မြောက်ပင်လယ်ကုန်းမြေထဲမှာ အစွမ်းထက်ဆုံးအင်အားစုတစ်စုဖြစ်လာပြီ"

ဘုန်း....

ထိုသတင်းများကိုဖတ်ပြီးနောက် မဟာဂိုဏ်းချုပ်လေးယောက်သည် စားပွဲကိုရိုက်ပုတ်ကာ ရုတ်ခနဲမတ်တပ်ထရပ်လိုက်ကြ၏။

"အရင်က ငါတို့ထက်ကျင့်ကြံဆင့်နယ်ပယ်တစ်ဆင့်နိမ့်တဲ့ ယဲ့နန်က ဘယ်လိုလုပ်ပြီးတော့အခုဒီလောက်ထိ သန်မာအားကောင်းသွားတာလဲ"

"ငါသိပြီ....သူက ကွမ်ထန်းထဲမှာ စီနီယာဆီကနေ လမ်းညွှန်မှုရသွားတာပဲဖြစ်မယ်...မဟုတ်ရင် သူ့လိုလူမျိုးက ဒီလောက်အချိန်တိုအတွင်းမှာ ကျင့်ကြံဆင့်နယ်ပယ်တွေအများကြီး ချိုးဖျက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"

"အမှန်ပဲ...အဲ့ဒီခွေးမသားယဲ့နန်က ငါတို့တွေအားလုံး စီနီယာကိုအတူတူရှာကြမယ်လို့သဘောတူခဲ့ကြပေမယ့်...သူက အကျိုးအမြတ်တွေကို တစ်ယောက်တည်းရယူသွားခဲ့တယ် ...တကယ်လို့ ငါ သူ့ကိုတွေ့ရင် လုံးဝအလွတ်မပေးဘူး"

"ဟမ့် သူ့ကိုအလွတ်မပေးဘူးလား...မင်းက အခုချိန်မှာ သူ့ရဲ့လက်ချောင်းတစ်ချောင်းကိုတောင် ထိအောင်ရိုက်နိုင်မှာမို့လို့လား"

ထိုစကားများကြောင့် ယခုလက်ရှိနေရာတွင်ရှိနေသော လူများအားလုံး ကမောက်ကမဖြစ်သွားသည်။

အမှန်တကယ်ကိုပင်...

ယခုလက်ရှိချိန်၌ အကယ်၍ သူတို့သည် ယဲ့နန်ကိုတွေ့ရပါက သူတို့လေးယောက် အတူပူးပေါင်းတိုက်ခိုက်လျှင်ပင် သူ့၏လက်ချောင်းတစ်ချောင်းကိုထိအောင် ရိုက်နှက်နိုင်မည်မဟုတ်ချေ။

"မဟုတ်ဘူး....ဒီလိုလုပ်နေလို့မဖြစ်ဘူး"

ထိုအချိန်မှာပင် လီချန်းဟိုင်က ရုတ်တရက်မတ်တတ်ထရပ်ကာ ခိုင်မာပြတ်သားစွာပြောဆိုသည်။

"ဘာကိစ္စပဲရှိနေနေ ငါက အဲ့ဒီစီနီယာကို တွေ့အောင်ရှာရမယ်"

"အမှန်ပဲ...ငါတို့က အဲ့ဒီစီနီယာကိုတွေ့အောင်ရှာရမယ်...ဘာလို့ ငါတို့မဟုတ်ဘဲ ယဲ့နန်တစ်ယောက်တည်းက အခွင့်အရေးတွေရသွားတာလဲ"

လျှူကူရီကလည်း ပြောဆိုသည်။

"ကောင်းပြီလေ ငါတို့အတူ ပူးပေါင်းပြီးဆောင်ရွက်ကြစို့"

ဤအချိန်၌ သူတို့သည် စိတ်ပိုင်းဖြတ်လိုက်ကာ ဆုံးဖြတ်ချက်ပြတ်သားမှုများနှင့် ပြည့်နှက်နေသည်။

Note....စနစ်ရဲ့ဆန်းစစ်မှုလုပ်ဆောင်ချက်ကို အဆင့်မြှင့်တင်ပြီးချိန်၌ ဆန်းစစ်ရန်အလွန်ပျင်းသည်ဆိုသူများသည် အင်မော်တယ်အဆင့်အောက်ဖြစ်သည်။ အင်မော်တယ်များနှင့်အထက်အဆင့်များကိုသာ စနစ်မှ ဆန်စစ်မှုရလဒ်များ ထုတ်ဖော်ပြသပေမည်။ အဆင့်နိမ့်အင်မော်တယ်များသည် သာလွန်အမှိုက်ကောင်များဖြစ်ပေ၏။

*Ultraman

Chapter 428

ဝှစ်....

ထိုအချိန်မှာပင် အစွမ်းထက်သောအရှိန်အဝါတစ်ရပ်က မဟာဂိုဏ်းချုပ်လေးယောက်စုဝေးနေသော ခန်းမအတွင်းမှ ထွက်ပေါ်လာသည်။

ထိုအရှိန်အဝါကိုခံစားမိချိန်တွင် တခြားလူများသည် နံဘေးတစ်ဖက်တွင်ရှိနေသော ကျန်းဟန်ထျန်းကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်ကြ၏။

"ကျန်းဟန်ထျန်း....နင်...."

လျှူကူရီသည် မတ်တတ်ထရပ်ကာ ကျန်းဟန်ထျန်းကို စူးစိုက်၍ကြည့်လိုက်သည်။

"မင်းက တကယ့်ကို....မင်းက တကယ့်ကိုပဲ ကျင့်ကြံဆင့်ထပ်ပြီးချိုးဖျက်တော့မှာလား....ဘာတွေဖြစ်နေတာလဲ....အတိအကျပြောစမ်း"

လီချန်းဟိုင်ထံတွင်လည်း မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

"မင်းက လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကတင် ကျင့်ကြံဆင့်ချိုးဖျက်ခဲ့တာမဟုတ်လား...ဖြစ်နိုင်တာတော့ မင်းက အရင်ရက်အနည်းငယ်ကတည်းက မင်းရဲ့ကျင့်ကြံဆင့်ကို ဖိနှိပ်ထားတာလား"

ယွင်ထန်းလုံက အံ့အားတသင့်ပြောဆိုသည်။ သို့ရာတွင် သူသည် မကြာမီမှာပင် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိပြုမိသွားသဖြင့် ထိတ်လန့်တကြားအော်ဟစ်လိုက်၏။

"လွန်ခဲ့တဲ့အနည်းငယ်လောက်တုန်းက မင်းရဲ့ကျင့်ကြံဆင့်က အဋ္ဌမအဆင့်ကို ချိုးဖျက်ဝင်ရောက်မှာ...အခု မင်းရဲ့အရှိန်အဝါက နဝမအဆင့်ကိုချိုးဖျက်ဝင်ရောက်တော့မယ့်ပုံ ဖြစ်နေတယ်"

ခရက်...

ယွင်ထန်းလုံ ထိုသို့ပြောဆိုပြီးနောက် ခန်းမအတွင်းရှိအခြေအနေသည် ပေါက်ကွဲတော့လုမတတ်ပင်။ မျက်လုံးအကြည့်သုံးစုံသည့် ကျန်းဟုန်ထျန်းပေါ်သို့ စူးစိုက်၍ကျရောက်နေသဖြင့် သူ့အား စိတ်မသက်မသာခံစားရစေသည်။

ကျန်းဟုန်ထျန်း၏မျက်နှာအမူအယာ ပျက်ယွင်းသွားပေ၏။

သူသည် ကျင့်ကြံဆင့်နယ်ပယ်ကို ထပ်မံ၍ဖိနှိပ်ထားနိုင်စွမ်းမရှိပါက အခြေအနေများကောင်းမွန်တော့မည်မဟုတ်ဟု သူ တွေးတောမိသည်။

"အမ် ဟီး ဟီး...အမှန်ပဲ ...ငါက နဝမအဆင့်ကိုချိုးဖျက်ဝင်ရောက်နိုင်တော့မယ်"

သူသည် ရှက်ကိုးရှက်ကန်းဖြင့်ပြောဆိုကာ သူတို့၏မျက်လုံးအကြည့်များကို ရင်ဆိုင်ဝံ့ခြင်းမရှိချေ။

အကယ်၍ သူသည် ထူးခြားသောအရိပ်အရောင်များကို သတိပြုမိသဖြင့် အခွင့်အရေးကိုတစ်ယောက်တည်းရယူခဲ့သည်ကိုသာ သူတို့သိရှိသွားပါက သူ့အား ပြင်းပြင်းထန်ထန်ရိုက်နှက်ကြပေမည်။

"မင်းက တကယ့်ကို နဝမအဆင့်ကို ထပ်ပြီးချိုးဖျက်ဝင်ရောက်တော့မှာလား...မင်း ဘာတွေဖြစ်နေတာလဲ....ငါတို့ကို အတိအကျပြောစမ်း"

"ဒါကအမှန်ပဲ....ဒီရက်အနည်းငယ်အတွင်းမှာ မင်းက ကျင့်ကြံဆင့်ဆက်တိုက်ချိုးဖျက်နေတယ်...မင်း ငါတို့ကို ဘာတွေဖုံးကွယ်ထားတာလဲ"

"မင်းက အနှစ်တစ်သောင်းမှာတစ်ကြိမ်ထွက်ပေါ်တဲ့ ပါရမီရှင်တစ်ယောက်ဆိုရင် ငါတို့လက်ခံပေးလို့ရတယ်....ဒါပေမဲ့ မင်းလို မြေကြီးထဲကိုလမ်းတဝက်လောက်ရောက်နေတဲ့ လူအိုကြီးတစ်ယောက်က ရက်အနည်းငယ်အတွင်းမှာကျင့်ကြံဆင့်နယ်ပယ်တစ်ဆင့်လုံးကို ဘယ်လိုလုပ်ပြီးချိုးဖျက်နိုင်မှာလဲ...ဘာတွေဖြစ်နေတာလဲ"

သူတို့သုံးယောက်သည် ကျန်းဟုန်ထျန်းကို စူးစိုက်ကြည့်ကာ အော်ဟစ်၍ မေးခွန်းများကိုဆက်တိုက်မေးမြန်းလိုက်ကြသည်။ သူတို့သည် သူတို့၏ဓားများကိုပင် ဆွဲထုတ်မိတော့လုနီးနီးပင်။ အကယ်၍ ကျန်းဟုန်ထျန်းသည် ဖြေရှင်းချက်တစ်ခုကို မပေးနိုင်ပါက သူတို့သည် အကြမ်းဖက်မှုဖြင့်သာ ဖြေရှင်းသွားပေမည်။

"ငါ ပြောပြီးပြီလေ..ငါတို့ဂိုဏ်းက တည်ထောင်သူဓားဧကရာဇ်ရဲ့အမွေအနှစ်ကို ငါရခဲ့တယ်ဆိုတာ..."

ကျန်းဟုန်ထျန်း၏မျက်လုံးများ ကဏာမငြိမ်ဖြစ်နေကာ သူက အလျင်စလိုရှင်းပြသည်။

"ဟမ့်....နင့်ရဲ့စီနီယာက အများဆုံးဒဿမဘဝသိုင်းအင်ပါယာအဆင့်ပဲရှိတဲ့ သာမန်အင်မော်တယ်တစ်ယောက်ပဲ...သူ့ရဲ့အမွေအနှစ်က နင့်လိုမျိုး ဆဋ္ဌမအဆင့်ကနေ သတ္တမအဆင့်ကို ချိုးဖျက်ဖို့ နှစ်ရာနဲ့ချီပြီး ကြာခဲ့တဲ့ကောင်ကို.... ဘယ်လိုလုပ်ပြီးတော့ ရက်အနည်းငယ်အတွင်းမှာ သတ္တမအဆင့်ကနေ နဝမအဆင့်သိုင်းအင်ပါယာနယ်ပယ်ကို ချိုးဖျက်နိုင်အောင် စွမ်းဆောင်ပေးနိုင်မှာလဲ"

လျှူကူရီက ထက်ရှစွာ ချေပပြောဆိုသည်။

"ဒါကအမှန်ပဲ....မင်း ငါတို့ကို အရူးတွေလိုဆက်ဆံမနေစမ်းနဲ့"

နံဘေးတဖက်တွင်ရှိနေသော ယွင်ထန်းလုံကလည်း ဝင်ရောက်ပြောဆိုလေ၏။

"ဟူး...ဒါပေမဲ့ သူ အင်မော်တယ်နယ်ပယ်ကို ချိုးဖျက်သွားတဲ့အချိန်မှာ...ဘယ်လောက်ကြာ သွားပြီလဲဆိုတာ မင်းတို့ ထည့်တွက်မိရဲ့လား"

ကျန်းဟုန်ထျန်းက သူတို့သုံးယောက်ကို မျက်လုံးစွေကြည့်ကာ အရှက်မဲ့စွာကြွားဝါလိုက်သည်။

"ဒါက အင်မတယ်လမ်းကြောင်း ပြတ်တောက်နေတာကြောင့်...သူ့လိုမျိုး ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်က ကန့်သတ်ခံထားရတာကြောင့်ဘဲ...မဟုတ်ရင် သူက ကောင်းကင်အင်မော်တယ် ဒါမှမဟုတ် ရွှေအင်မော်တယ်တစ်ယောက်ဖြစ်နေတာ အချိန်အတော်ကြာနေလောက်ပြီ"

ထိုစကားကိုကြားချိန်၌ တခြားလူသုံးယောက်သည် အကြည့်ချင်းဖလှယ်လိုက်ကြ၏။

"ဒါက ဖြစ်နိုင်တယ်...ဘယ်လိုပဲဖြစ်ဖြစ် ဓားဧကရာဇ်က လွန်ခဲ့တဲ့နှစ်တစ်ထောင်အတွင်းမှာ မြောက်ပင်လယ်ကုန်းမြေရဲ့နံပါတ်တစ်ပါရမီရှင်လို့ လူသိများကျော်ကြားတယ်"

ယွင်ထန်းလုံက ထင်ကြေးပေးလေသည်။

ထိုသို့ပြောဆိုပြီးနောက် တခြားလူများသည်သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။

အမှန်အားဖြင့်.....

ကျန်းဟုန်ထျန်းသည် သူတို့နှင့် အစဉ်အမြဲအတူရှိနေလေရာ သူတို့မသိသောကိစ္စဟူ၍ ရှိမနေနိုင်​ချေ။

သူ ယခုကဲ့သို့ အဆက်မပြတ်ကျင့်ကြံဆင့်ချိုးဖျက်နေခြင်းအတွက် ဤသည်မှာ တစ်ခုတည်းသော ဖြစ်နိုင်​ချေရှိသည့်ဖြေရှင်းချက်ပင်။

"နင့်ကို သံသယဝင်မိတဲ့အတွက် တောင်းပန်ပါတယ်"

"ဂုဏ်ပြုပါတယ်...မင်း သွားပြီးတော့ ကျင့်ကြံဆင့်ချိုးဖျက်လိုက်အုံး"

"ဟုတ်တယ်...မြန်မြန်လေး ကျင့်ကြံဆင့်ချိုးဖျက်လိုက်တော့...နောက်အနာဂတ်မှာ မင်းက အားအကောင်းဆုံးလူဖြစ်လာတဲ့အချိန်ကျရင် မင်းက ငါတို့ရဲ့ကိစ္စတွေကို ကူညီပေးနိုင်လိမ့်မယ်"

သူ့ကိုသုံးယောက်သည် သူတို့၏စိတ်နေသဘောထားများကို ချက်ချင်းပြောင်းလဲလိုက်ကြကာ ကျန်းဟုန်ထျန်းကို ဂုဏ်ပြုလိုက်သည်။

သို့ရာတွင် သူတို့၏လေသံများတွင် ပြင်းထန်သောမနာလိုမှုများအားကျမှုများဖြင့် ပြည့်နှက်နေပေ၏။

သူတို့၏ဂိုဏ်းများတွင် မည်သည်ကြောင့် ဤကဲ့သို့ထူးချွန်သော ဘိုးဘေးတစ်ယောက်မရှိသနည်း...

မည်မျှထိ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ကောင်းသနည်း.....

ယနေ့တွင် အလင်းတန်းတစ်တန်း မိုးကောင်းကင်ယံအတွင်းမှ ဖြတ်သန်းသွားသည်။

ဂုဏ်သတင်းကြီးမားသော ချင်းနျူဂိုဏ်းချုပ် ကျူးရှစ်ကွမ်းသည် မိုးကောင်းကင်ယံမှဆင်းသက်ကာ ရီဖုန်းနှင့်ဝူတာအိုတို့၏ ခြံဝန်းပြင်ပသို့ရောက်ရှိလာသည်။

ယခုအချိန်တွင် ဤသာမန်လူနှစ်ယောက်နှင့်ဆိုပါက သူ့၏ချင်းနျူဂိုဏ်းသည် ဂိုဏ်းသားအယောက်တစ်ရာပြည့်သွားပြီဖြစ်ရာ ဤတစ်ကြိမ်ဂိုဏ်းအကဲဖြတ်မှုကို ရင်ဆိုင်ရန်အတွက်လုံလောက်သွားလေပြီ။

မြင့်မြတ်သောဂိုဏ်းချုပ်ဖြစ်သည့် သူကိုယ်တိုင် တောင်အောက်သို့ဆင်း၍ ပိုင်အာမြို့အတွင်း၌ စောင့်ဆိုင်းခဲ့ခြင်းကြောင့်သာ ဤငတုံးငအဖြစ်ပုံရသောလူနှစ်ယောက်ကို လှည့်ဖျားခေါ်ဆောင်နိုင်ခဲ့သည်။

သို့ရာတွင် ဂိုဏ်းအကဲဖြတ်မှုမပြီးခင်အထိ သူသည် ဤသာမန်သေမျိုးနှစ်ယောက်ကို ချွေးသိပ်ထားရမည်ဖြစ်ကာ သူတို့အား အဝေးသို့ ထွက်ပြေးသွားခွင့်မပြုနိုင်ချေ။

ထိုကြောင့် ဂိုဏ်းချုပ်ကျူးသည် ဤနေရာသို့ယနေ့ သူ ကိုယ်တိုင်ကိုယ်ကျ လာရောက်လည်ပတ်ခြင်းဖြစ်သည်။

ကျူးရှစ်ကွမ်း ရောက်ရှိလာချိန်၌ ယွင်ဝူက ချက်ချင်းပြေးထွက်လာကာ အလျင်အမြန်အော်ဟစ်လိုက်၏။

"ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်"

"ဝူလေး...မင်း ဒီနေရာမှာ ဘာလုပ်နေတာလဲ"

ကျူးရှစ်ကွမ်းက သူ၏လက်များကိုနောက်ပစ်ကာ အလေးအနက်ထားသောလေသံဖြင့် မေးမြန်းသည်။

"ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်....ကျွန်မက ဒီနေရာမှာ ဂျူနီယာမောင်လေးရီဖုန်းဆီကနေ ကျားကစားနည်းသင်ယူနေတာပါ"

ယွင်ဝူက ပျော်ရွှင်မြူးထူးစွာ ပြောဆိုသည်။

"ဂျူနီယာမောင်လေးရီဖုန်းက ကျားကစားတာ အရမ်းတော်တယ်"

"အရမ်းကောင်းတယ်"

ကျူးရှစ်ကွမ်းက ပြုံးလိုက်၏။ ဤနေရာတွင် ထိုသာမာန်သေမျိုးနှစ်ယောက်ကို ထိန်းသိမ်းထားနိုင်သရွေ့ အရာအားလုံးအဆင်ပြေပေမည်။

ကျူးရှစ်ကွမ်းသည် အကြီးအကဲတစ်ယောက်၏ဟန်ပန်အမူအယာမျိုးဖြင့် ခြံဝန်းငယ်လေးအတွင်းသို့ ဝင်လိုက်သည်။

"ဂိုဏ်းချုပ်...."

ရီဖုန်းက မတ်တတ်ထရပ်ကာ သူ့၏လက်နှစ်ဖက်ကို ပူးဆုပ်၍နှုတ်ဆက်သည်။

"အင်း..."

ကျူးရှစ်ကွမ်းက သူ့၏လက်ကို ဝှေ့ယမ်းပြလိုက်၏။ သူ့၏မျက်နှာပေါ်တွင် ကြီးကျယ်ခမ်းနားမှုများဖြင့် ပြည့်နှက်နေကာ သူကပြောဆိုသည်။

"ဒီနေရာမှာနေရတာ ဘယ်လိုလဲ"

"ဒါက အရမ်းကောင်းတယ်"

ရီဖုန်းက ပြုံးလိုက်သည်။

"ကောင်းတယ် ကောင်းတယ်...ဒါပေမဲ့ ဂိုဏ်းတစ်ဂိုဏ်းလုံးမှာ သာမန်သေမျိုးဆိုလို့ မင်းတို့နှစ်ယောက်ပဲရှိတယ်...မင်းတို့ကြားမှာ ဆက်ဆံရေးကောင်းမွန်နေဖို့ လိုအပ်တယ်"

ကျူးရှစ်ကွမ်းက ကြီးကျယ်ခမ်းနားစွာဖြင့် ဆုံးမစကားပြောဆိုသည်။

"ဂိုဏ်းချုပ် စိတ်အေးအေးထားပါ...ငါတို့က ပေါင်းသင်းဆက်ဆံရတာ အဆင်ပြေပါတယ်"

ရီဖုန်းက အခန်းအတွင်းရှိ ဝူချန်အန်းကိုကြည့်ကာ အပြုံးနှင့်မေးမြန်းသည်။

"ဟုတ်တယ်မလား အစ်ကိုဝူတာအို"

ထိုအခြင်းအရာကိုကြည့်ပြီးနောက် အိပ်ရာပေါ်ရှိထောင့်တစ်နေရာ၌ ကွေးကောက်နေသော ဝူချန်အန်း၏ခန္ဓာကိုယ်တုန်ရီသွားကာ သူ့၏ခေါင်းကို အလျှင်အမြန်ညိတ်လိုက်၏။

"ကောင်းတယ်...ကောင်းတယ်...အရမ်းကောင်းပါတယ်"

သို့ရာတွင် ထိုသို့ပြောဆိုပြီးနောက် သူသည်ငိုကြွေးမိတော့လုမတတ်ပင်။

ဤရက်အနည်းငယ်အတွင်းတွင် ရီဖုန်းနှင့် နေနေ့ညညအတူနေထိုင်ရသည်မှာ သူ ရူးသွပ်သွားတော့မည့်အလား ခံစားနေရသည်။

သေခြင်းတရား၏ဖိအားအရှိန်အဝါက သူ့အပေါ်တွင် တချိန်လုံးလွှမ်းမိုးနေကာ သူ့၏စိတ်ဓာတ်ကို အကြီးအကျယ်ကျဆင်းစေသည်။ ဤအချိန်အခိုက်အတန့်တွင် သူ့၏အသားအရေဖြူရော်နေကာ သူ့၏ဆံပင်များ ဖရိုဖရဲဖြစ်နေလေပြီ။

သူ့ကိုကြည့်ရသည်မှာ အကျဉ်းထောင်အတွင်း၌ ပြင်းထန်စွာညှဉ်းပန်းနှိပ်စက်ခံနေရရာမှ လွတ်မြောက်လာသည့်အလားပင်။

Chapter 429

"အင်း...အရမ်းကောင်းတယ်"

ကျူးရှစ်ကွမ်းက ချီးမွမ်းစကားပြောဆိုကာသူ၏လက်များကိုနောက်ပစ်၍ မတ်တပ်ရပ်နေသည်။ သူ ပြုလုပ်သည့် လှုပ်ရှားမှုတိုင်းတွင် ဂုဏ်သိက္ခာရှိသော အသွင်အပြင်မျိုးရှိနေလေ၏။

ထို့နောက် သူက ထိုလူနှစ်ယောက်ကိုကြည့်ကာ တည်ကြည်လေးနက်စွာပြောဆိုသည်။

"မင်းတို့က အစေခံတပည့်တွေဆိုပေမယ့် ဘာမှစိတ်ဓာတ်ကျနေစရာမလိုဘူး"

"မင်းတို့ဆီမှာ တည်ငြိမ်ပြီးတော့ နှိမ့်ချတတ်တဲ့စိတ်ထားမျိုးရှိနေသင့်တယ်...ဂိုဏ်းထဲကို ဝင်ပြီးတဲ့အချိန်မှာ စိတ်မရှည်မဖြစ်ကြနဲ့...ကျင့်ကြံတာကို နယ်ပယ်တခုထိရောက်အောင်လုပ်မယ်လို့ တွေးနေရမယ်...မင်းတို့က တစ်ကြိမ်မှာ ခြေတစ်လှမ်းလှမ်းဖို့ပဲ လိုအပ်တယ်"

"အတိုချုပ်ပြောရရင် ဘာကိစ္စကိုမှအလျင်လိုစရာမလိုဘူး"

"အထူးသဖြင့် မင်း...အသစ်ရောက်လာတဲ့ကောင်လေး မင်း ကြားလား"

သူက စကားပြောဆိုနေရင်း ရီဖုန်းကိုကြည့်လိုက်၏။

"ဟုတ်ကဲ့"

ရီဖုန်းက ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းတယ်"

ကျူးရှစ်ကွမ်းက စိတ်ကျေနပ်စွာဖြင့်ခေါင်းညိတ်ပြကာ ပြောဆိုသည်။

"ဒါပေမဲ့ ဘာမှမစိုးရိမ်ကြနဲ့...မင်းတို့က ငါ့ရဲ့ဂိုဏ်းကို ရောက်လာမှတော့ ငါက မင်းတို့ကို နည်းစနစ်တချို့သင်ကြားပေးမယ်"

"တကယ်လို့ မင်းတို့မှာ ပါရမီအရည်အချင်းမရှိဘူးဆိုရင်တောင်....ငါ့ရဲ့ချင်းနျူဂိုဏ်းက ဒီအစဉ်အလာကို အလွယ်လေးချိုးဖျက်နိုင်တယ်... ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့ချင်းနျူဂိုဏ်းကရှည်လျားတဲ့သမိုင်းကြောင်းနဲ့ နက်နဲသိမ်မွေ့တဲ့နောက်ခံရှိတယ်"

ထိုအချက်ကိုပြောဆိုနေစဉ် ကြီးကျယ်ခမ်းနားသောအမူအယာဖြင့် သူ့၏လက်ကိုဝှေ့ယမ်းလိုက်၏။

"အတိတ်နေ့ရက်တွေမှာ ငါတို့ချင်းနျူဂိုဏ်းရဲ့တည်ထောင်သူဘိုးဘေးက သိုင်းဘုရင်နယ်ပယ်အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပဲ"

"သူက မိုင်ရာနဲ့ချီတဲ့ ပတ်ဝန်းကျင်ဒေသအတွင်းမှာ နာမည်ကျော်ကြားတယ်"

"အခုချိန်မှာ သူသေသွားပေမယ့် အရင်းအမြစ်တွေနဲ့အမွေအနှစ်တွေအများကြီးကို ငါတို့ချင်းနျူဂိုဏ်းအတွက် ချန်ထားခဲ့တယ်"

"မင်းတို့ရဲ့စိတ်ကိုတည်ငြိမ်အောင်ထားပြီးတော့ ကောင်းကောင်းကျင့်ကြံနိုင်သရွေ့ ဒီအဓိကအမွေအနှစ်တွေက နောင်အနာဂတ်မှာ မင်းတို့ဆီကိုရောက်လာမလာဆိုတာ ဘယ်သူက သိနိုင်မှာလဲ"

ထိုသို့ပြောဆိုပြီးနောက် သူတို့၏ခေါင်းညိတ်နေမှုများကိုကြည့်ပြီး ကျူးရှစ်ကွမ်းမျက်နှာပေါ်၌ စိတ်ကျေနပ်မှုရသော အပြုံးတစ်ခု ထင်ဟပ်လာသည်။ သူသည် ဤမျှထိ အားကြိုးမာန်တက်ပြောဆိုထားသဖြင့် ထိုသေမျိုးနှစ်ယောက် ထွက်ပြေးသွားမည်မဟုတ်ဟု သူ တွေးတောနေမိသည်။

"ကောင်းပြီလေ...ငါ အရင်ဆုံးထွက်သွားတော့မယ်"

ကျူးရှစ်ကွမ်းသည် သူ့၏လက်နှစ်ဖက်ကိုနောက်​ပစ်၍ တံခါးမှထွက်ခွာသွားတော့သည်။ ရီဖုန်းတို့သည် သူ့အား တံခါးဝထိလိုက်လံပို့ဆောင်သည်ကိုကြည့်ပြီး သူ့၏ကြီးကျယ်ခမ်းနားသောအသံက ထပ်မံ၍ထွက်ပေါ်လာသည်။

"ကောင်းကောင်းကျင့်ကြံ​ကြစမ်း....မင်းတို့က ကောင်းကင်ပေါ်မှာ ပျံသန်းပြီးတော့ မြေကြီးထဲကိုငုပ်လျှိုးနိုင်တဲ့ ငါလိုအဆင့်မျိုးရောက်လာမှာအနှေးနဲ့အမြန်ပဲ...မင်းတို့က တိမ်တိုက်တွေကို ဖွဆင့်ခေါ်နိုင်ပြီးတော့ မိုးရွာ​ချစေနိုင်လိမ့်မယ်...ဒါတွေထဲကတစ်ခုမှ အိပ်မက်သက်သက်မဟုတ်ဘူး"

ထိုသို့ပြောဆိုပြီးနောက် ကျူးရှစ်ကွမ်းသည် ရုတ်တရက် မြေပြင်ပေါ်သို့ ခြေဆောင့်နင်းလိုက်ရာ သူ့၏ခန္ဓာကိုယ်သည် လေထုအတွင်းသို့ချက်ချင်း မြင့်တက်သွားတော့သည်။

ညင်သာသောလေပြည်တချက်တိုက်ခိုက်ခြင်းနှင့်အတူ သူ့၏ရှည်လျားသောအဖြူရောင်ဆံပင်များ လေထုအတွင်း၌လူးလွန့်ကာ သူ့၏အပြာရောင်ဝတ်စုံသည် ပျံ့လွင့်နေပေ၏။ သူသည် အင်မော်တယ်တစ်ယောက်၏ အပြုအမူမျိုးဖြင့် လေထုအတွင်းသို့ ခြေတစ်ဖက်ဆောင့်နင်းကာ ခြံဝန်းငယ်လေးမှနေ၍ အဝေးသို့ ပျံသန်းခဲ့တော့သည်။

သို့ရာတွင် သူပျံသန်းပြီးနောက် မကြာမီမှာပင်သစ်ပင်တစ်ပင်နှင့် မတော်တဆချိတ်ဆွဲမိသည်။

ထိုချိတ်ဆွဲမှုကြောင့် သူ့၏တင်ပါးတစ်ခြမ်းကိုသစ်ကိုင်းတစ်ကိုင်းမှာထိုးစိုက်မိသွားသည်မှာ

"ပေါ့ဆသွားတယ်...ငါ အရမ်းပေါ့ဆသွားမိတယ် ....ငါက ဟန်ရေးပြချင်တာကိုပဲ အာရုံစိုက်ပြီးတော့...ငါ ဘယ်နေရာကို သွားနေတာလဲဆိုတာ မကြည့်လိုက်မိဘူး"

"ဟူး...ကံကောင်းလို့ ဘယ်သူမှ ဒါကိုမမြင်လိုက်ဘူး"

ကျူးရှစ်ကွမ်းသည် ပတ်ဝန်းကျင်ကိုဂရုတစိုက်ကြည့်ပြီးနောက် မည်သူမျှမရှိသည်ကို မြင်တွေ့ချိန်၌ သူသည် စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

အချိန်တခဏကြာပြီးနောက် ကျူးရှစ်ကွမ်းက ထပ်မံ၍ပြန်သန်းလိုက်သည်။

သို့ရာတွင် သူ့၏ဘောင်းဘီမှ စုတ်ပြဲသွားသောအဝတ်စသည် သစ်ပင်ပေါ်၌ကျန်ခဲ့ကာ လေထုအတွင်း၌ လူးလွန့်နေသည်။

ထို့နောက် ချင်းနျူဂိုဏ်းအတွင်းတွင် ရီဖုန်းသည်သူ့၏နေ့ရက်များကို ငြိမ်းငြိမ်းချမ်းချမ်းဖြတ်သန်းခဲ့သည်။

သူသည် အစေခံတပည့်တစ်ယောက်သာဖြစ်သော်လည်း ကံကောင်းထောက်မစွာဖြင့် သူလုပ်ဆောင်ရန် အလုပ်များစွာမရှိချေ။ သူသည်မည်သည့်အရာကိုမျှ သင်ယူစရာလည်း မရှိသဖြင့် သူ၏နေ့ရက်များအားလုံးကို ပေါ့ပေါ့ပါးပါးဖြတ်သန်းခဲ့ရသည်။

ရီဖုန်း၏စိတ်အေးလက်အေးဖြစ်နေမှုနှင့်နှိုင်းယှဉ်ပါက ဝူချန်အန်းသည် နေ့စဉ်နေ့တိုင်း ရင်တမမဖြစ်နေရလေ၏။

ဤလူသည် မည်သည့်အရာကို လုပ်ဆောင်လိုသဖြင့် ယခုကဲ့သို့သေးငယ်သောဂိုဏ်းတစ်ဂိုဏ်းအတွင်း၌ သေမျိုးတစ်ယောက်အဖြစ်ဟန်ဆောင်နေသည်ကို သူ အမှန်တကယ်ကို ရှာဖွေဖော်ထုတ်နိုင်စွမ်းမရှိချေ။

သို့ရာတွင် ဝူချန်အန်းသည် စကားမပြောဝံ့ မမေးဝံ့ မထုတ်ဖော်ဝံ့သဖြင့် သူသည်လည်း ရီဖုန်းနှင့်အတူ ရေလိုက်ငါးလိုက်နေရုံသာ တတ်နိုင်တော့သည်။

ထွက်ပြေးရန်အတွက်ကမူ....

သူသည် နောက်ဆုံးမှီခိုအားထားရာဖြစ်သော ကူးပြောင်းရေးအဆောင်လက်ဖွဲ့ကို ထုတ်သုံးရန် ပြင်ဆင်လိုက်ချိန်တွင် ရီဖုန်းက သူ့ထံမှဆွဲလုခဲ့သည်။ ထိုစာရွက်ဖြင့် ရီဖုန်းသည် သူ့၏နှာခေါင်းကိုသုတ်လိုက်ရာ အပေါက်တစ်ပေါက်ဖြစ်သွားသဖြင့် ထိုကူးပြောင်းရေးအဆောင်လက်ဖွဲ့ ပျက်စီးသွားတော့သည်။ ထိုအချိန်မှာစ၍ ဝူချန်အန်းသည် သူမည်သို့ပင် ပြုလုပ်နေပါစေ ဤလူ၏ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နိုင်မည်မဟုတ်သည်ကို နားလည်သဘောပေါက်သွားသည်။

ထို့ကြောင့်သူသည် ထွက်ပြေးရန်အကြံအစည်ကို လုံးလုံးလျားလျားလက်လျှော့အရှုံးပေးလိုက်၏။

ထို့ကြောင့် ရီဖုန်းသည် သူ့အား မည်သည့်အရာကိုပြုလုပ်ရန်တောင်းဆိုသည်ဖြစ်စေ သူသည် ရီဖုန်း၏ရှေ့၌ ရိုသေလေးစားသောသွင်ပြင်ကို အစဉ်အမြဲစောင့်ထိန်းထားခဲ့သည်။

ရီဖုန်းသည် ဝူချန်အန်းကိုကြည့်ပြီး စိတ်ခံစားချက်ဖြင့် သက်ပြင်းမချပဲမနေနိုင်တော့ချေ။

ဤကောင်သည် သူ့အားအလွန်ထိတ်လန့်ကြောက်ရွံ့နေသည်။ ကြည့်ရသည်မှာ ဝူချန်အမ်းသည် သူ့ထံ၌ဆင့်စွမ်းအားတချို့ရှိသည်ဟု တွေးထင်နေခြင်းဖြစ်ပေမည်။

ဤသို့သာ ဖြစ်ပေလိမ့်မည်။

ဤသည်မှာ ရီဖုန်းအား ဝူချန်အန်း၏အကြောက်တရားတစ်ရပ်ကို မလွဲမသွေခံစားမိစေသည်။

မည်မျှထိ ကောင်းမွန်သနည်း....

ဤကဲ့သို့ ထိတ်လန့်ကြောက်ရွံမှုမျိုးသည် ပင်ကျင်းမြို့အတွင်းရှိ လူအိုကြီးများ သူ့ကိုဆက်ဆံသည့် ယဥ်ကျေးသိမ်မွေ့မှုများနှင့် နှိုင်းယှဥ်ပါက လုံးလုံးလျားလျားကွဲပြားခြားနားနေသည်။

"ရီဖုန်း...ငါ နင့်အတွက် အရသာရှိတာလေးတချို့ယူလာတယ်"

ထိုအချိန်မှာပင် ယွင်ဝူသည် အပြေးရောက်လာကာ သူမ၏အင်္ကျီလက်မောင်းကြားမှ ကြက်ခြေထောက်နှစ်ချောင်းကိုထုတ်၍ တစ်ချောင်းကို ရီဖုန်း တစ်ချောင်းကိုဝူချန်အန်းထံ လက်ကမ်းပေးလေသည်။

"မင်းက အရမ်းယဉ်ကျေးလွန်းနေပြီ"

ရီဖုန်းက ရှက်ကိုးရှက်ကန်းပြောဆိုကာ သူသည်ကြက်ခြေထောက်ကိုယူလိုက်၏။

"ပြီးတော့ မင်းက ငါ့ရဲ့စီနီယာအစ်မလေ...ငါ့ကို ရီဖုန်းလို့ အမြဲခေါ်နေတာတော့ မဟုတ်သေးဘူး"

"ရီဖုန်း...နင်က ငါ့ကို ကျားဘယ်လိုကစားရမယ်ဆိုတာ သင်ပေးတယ်...ပြီးတော့ ပန်းပုထုတာစာရေးတာတွေရောပဲ....ဒါကြောင့် အစားကောင်းကောင်းရှိရင် နင့်ဖို့ ငါက ယူလာပေးရမှာပေါ့"

ယွင်ဝူက အပြုံးနှင့်ပြောဆိုကာ ယနေ့ သူမဝတ်ဆင်လာသည့် ဝတ်စုံသစ်ကို ဟန်ရေးပြရန်အတွက် မြူးတူးခုန်ပေါက်နေခဲ့သည်။

"နင့်ကို ဘယ်လိုခေါ်ရမလဲ ဆိုတာကတော့...နင်က ငါ့ထက်အသက်ကြီးတာ အသိသာကြီးလေ.... ဒါကြောင့် နင့်ကို ဂျူနီယာမောင်လေး လေးလိုခေါ်ရမှာ ထူးဆန်းနေသလိုမျိုး ငါခံစားရတယ်...နင့်ကို ရီဖုန်းလို့ခေါ်တာက အသင့်တော်ဆုံးပဲ"

သူမသည် ထိုသို့ပြောဆိုရင်း ဝူချန်အန်းကိုကြည့်ကာ အပြုံးနှင့်မေးမြန်းလိုက်သည်။

"ဟုတ်တယ်မလား ဂျူနီယာမောင်လေးဝူချန်အန်း"

"အင်း..."

ဝူချန်အန်း၏နှုတ်ခမ်းများ ရှုံမဲ့သွားကာ သူက ခေါင်းညိတ်လိုက်၏။

"မင်းပြောတာ အမှန်ပဲ"

"ကောင်းပြီ...ကောင်းပြီလေ"

ရီဖုန်းသည် ထိုမိန်းကလေး၏စကားကို ငြင်းဆန်၍မရတော့ချေ။

ဤမိန်းကလေးသည် ချစ်စဖွယ်ကောင်းကာ သူ့အား နေ့စဥ်နေ့တိုင်းလာရောက်ရှာဖွေပြီး အစားအစာများကိုလည်း ယူဆောင်လာခဲ့သည်။

"ရီဖုန်း...မြန်မြန်လာခဲ့အုံး"

ထိုအချိန်မှာပင် ဝူချန်အန်းသည် အခန်းအတွင်းသို့ ဝင်သွားသည်ကိုကြည့်ပြီး ယွင်ဝူသည် ရီဖုန်းအားလက်ယပ်ခေါ်ကာ သူမ၏ချစ်စဖွယ်မျက်နှာလေးပေါ်တွင် ကျီစယ်လိုသောအမူအယာမျိုးရှိနေသည်။

"ဘာလဲ"

ရီဖုန်းက စပ်စုချင်စိတ်ဖြင့် ထိုနေရာသို့ လျှောက်လှမ်းသွားလိုက်၏။

"ငါက ဆရာ့ဆီကနေ ဆေးလုံးတစ်လုံးရလာတယ်...နင့်မှာ ဘာပါရမီအရည်အချင်းမှမရှိဘူးလို့ နင်ပြောခဲ့တယ်မဟုတ်လား....တကယ်လို့ နင် ဒီဆေးကိုသောက်လိုက်ရင် နင် စပြီးကျင့်ကြံနိုင်လောက်တယ်"

"ဒါပေမယ့် ငါ့မှာ ဆေးလုံးတစ်လုံးပဲရှိတယ်...နင်က ဂျုနီယာမောင်လေးဝူချန်အန်းကို အသိပေးလို့မရဘူး...မဟုတ်ရင် သူ စိတ်မကောင်းဖြစ်သွားလိမ့်မယ်"

ထိုသို့ပြောဆိုရင်း သူမက ပတ်ဝန်းကျင်ကို ခိုးကြောင်ခိုးဝှက်ကြည့်လိုက်သည်။ အနီးပတ်ဝန်းကျင်တွင် မည်သူမျှမရှိသည်ကို မြင်တွေ့ချိန်၌ သူမက ဆေးလုံးတစ်လုံးကို ရီဖုန်း၏လက်အတွင်းသို့ ထည့်ပေးလေသည်။

Chapter 430

"ဘယ်လိုလုပ်ပြီး ငါယူလို့ဖြစ်မှာလဲ...မင်းက နောက်ဆုံးမှ ဆေးလုံးတစ်လုံးရခဲ့တာလေ...ဘာလို့ ငါ့ကိုပေးတာလဲ"

"ပြီးတော့ မင်းကိုယ်တိုင်လည်း သိုင်းပညာရှင်နယ်ပယ်မှာပဲရှိသေးတာ...ဒီဆေးလုံးက မင်းအတွက် ပိုပြီးအရေးကြီးတယ်"

ရီဖုန်းက ယွင်ဝူ၏ဆေးလုံးကို ငြင်းဆန်လိုက်၏။

ထိုမိန်းကလေးသည် အားနည်းကာ ကျင့်ကြံဆင့်နယ်ပယ်သည်လည်း သိုင်းပညာရှင်တတိယအဆင့်တွင်သာရှိသည်။ အကယ်၍ အစစ်အမှန်တိုက်ခိုက်ကြပါက သာမန်သေမျိုးတစ်ယောက်ဖြစ်သော သူပင်လျှင် သူမကို အနိုင်ယူနိုင်ပေမည်။

သို့ရာတွင် သူမ၏တစ်လုံးတည်းသောဆေးကို သူ့အားပေးရန် သူမထံ၌ ဆန္ဒရှိနေသလော.....

ဤသည်မှာ ရီဖုန်းကို အလွန်စိတ်လှုပ်ရှားသွားစေကာ အနည်းငယ်စိတ်တိုသွားသကဲ့သို့ ခံစားချက်မျိုး သူ့ထံ၌ကျန်ခဲ့သည်။

"အိုး ရီဖုန်း....နင် ဘာလို့ ငါ့ကို ဒီလောက်ထိယဥ်ကျေးနေတာလဲ"

ယွင်ဝူက သူမ၏နှုတ်ခမ်းကိုစူပုတ်ကာ အခိုင်အမာပြောဆိုသည်။

"ငါ့အတွက် ကျင့်ကြံဖို့နဲ့အရင်းအမြစ်ပစ္စည်းတွေက နည်းနည်းလေးတောင် အရေးမပါဘူး..အဓိကအရေးကြီးတာက ငါ ပျော်ရွှင်ရဖို့ပဲ"

ဤမိန်းကလေး၏ရိုးစင်းသောသွင်ပြင်​သည် ရီဖုန်းကို စကားမပြောဆိုနိုင်လောက်အောင်ဖြစ်သွားစေသည်။

သူမသည် ကျင့်ကြံရမည့်အစား နေရာအနှံ့အပြားသို့ လှည့်ပတ်သွားလာနေသည်မှာအံ့အားသင့်စရာမရှိတော့ချေ။ ယခုကြည့်ကြည့်တော့မှ သူမထံတွင် ကျင့်ကြံရန်အတွက်အနည်းငယ်မျှ ရည်ရွယ်ချက်ရှိမနေပေ။

ရီဖုန်းသည် ထိုဆေးလုံးကိုလက်ခံရုံသာ တက်နိုင်တော့သည်။

"မြန်မြန်သောက်လိုက်တော့"

ယွင်ဝူက သူမ၏မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြောဆိုသည်။

"ကောင်းပြီလေ"

ရီဖုန်းသည် ထိုဆေးလုံးကိုလက်ခံပြီးဖြစ်သဖြင့် ဟန်ဆောင်ပန်ဆောင်လုပ်နေရန် ရည်ရွယ်မထားချေ။

မည်သို့ပင်ဆိုစေကာမူ သူ့ထံတွင်လည်းမျှော်လင့်ချက်တချို့ရှိနေသည်။

ဤဆေးလုံးကိုသောက်သုံးပြီးနောက် သူသည်စတင်၍ကျင့်ကြံနိုင်လောက်သည် မဟုတ်လော...

အကယ်၍ ဤသည်မှာ သူ အနည်းငယ်သာကျင့်ကြံနိုင်သည်ဆိုလျှင်ပင် ကောင်းမွန်သောစမှတ်တစ်ခုပင်။

ရုတ်ချည်းဆိုသလိုပင်...

သူသည် ထိုဆေးလုံးကို မျိုချလိုက်၏။

"ဒါက အရသာကောင်းလား"

ယွင်ဝူကမေးမြန်းကာ သူမ၏မျက်လုံးများပြူးကျယ်နေသည်။

ယွင်ဝူ၏မျှော်လင့်စောင့်စားနေသောအကြည့်ကိုမြင်တွေ့ချိန်၌ ရီဖုန်းက ခေါင်းညိတ်ပြကာပြောဆိုသည်။

"အရသာက တကယ်ကောင်းတယ်"

သို့ရာတွင် သူ့၏မျက်နှာပေါ်တွင် ခါးသည်းမှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်ကိုမည်သူမျှသိမည်မဟုတ်ချေ။

ဤဆေးလုံးသည် သူ့၏အိမ်ရှိခွေးစာများလောက်ပင် အရသာရှိမနေ​ပေ။

သူ ထိုသို့ပြောဆိုလိုက်ခြင်းမှာ ယွင်ဝူ စိတ်ပျက်သွားမည်ကို သူ မလိုလားခြင်းကြောင့်ပင်။

"ဒါဆိုရင်လည်း နင် မြန်မြန်လေးထိုင်ပြီးတော့ ကျင့်ကြံလိုက်တော့...ဒီဆေးလုံးထဲက ဆေးအာနိသင်ကို သဘောပေါက်အောင် ကြိုးစားပါ.... ဒါက နင့်အတွက် အကျိုးကျေးဇူးတွေ အများကြီးရနိုင်တယ်"

ယွင်ဝူက တိုက်တွန်းနှိုးဆော်လိုက်သည်။

"ကောင်းပြီလေ"

ရီဖုန်းက စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်ပြပြီးနောက် ကျင့်ကြံရန်အတွက် ထိုင်ချလိုက်၏။

သူသည် အသက်တစ်ချက်ရှူထုတ်ကာ ငြိမ်သက်အေးချမ်းသော ကိုယ်နေဟန်ထားကို ယူဆောင်လေသည်။

သို့ရာတွင် အချိန်နာရီဝက်ခန့်ကြာပြီးနောက် ရီဖုန်းသည် တင်ပါးများထုံကျင်လာသည်မှအပ သူသည် တခြားမည်သည့်အရာကိုမျှ အာရုံခံမိခြင်းမရှိချေ။

"ဟူး..."

"ကြည့်ရတာတော့ ငါက တကယ့်ကို အသုံးမကျတဲ့ပုံပဲ"

ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်လိုက်သည်။ ဆေးလုံးများပင်လျှင် သူ့အပေါ်၌ အကျိုးသက်ရောက်မှုမရှိချေ။ သူသည် အမှန်တကယ်ကို အသုံးမကျသောလူတစ်ယောက်ပင်။ စိတ်ပျက်လက်ပျက်ဖြင့် သူ့၏ခေါင်းကိုခါယမ်းလိုက်၏။

သို့ရာတွင် ရီဖုန်း၏စကားကိုကြားချိန်တွင် အခန်းအတွင်းမှ ထွက်လာသော ဝူချန်အန်းသည် ခလုတ်တိုက်ပြီး လဲကျသွားတော့သည်။

"ရီဖုန်း ဘာမှစိတ်ဓာတ်ကျမသွားနဲ့...ဒါက ကိစ္စကြီးတစ်ခုမဟုတ်ဘူး"

ယွင်ဝူက နူးညံညင်သာစွာပြောဆိုကာ သူ့အားနှစ်သိမ့်ပေးရန် ကြိုးစားလေသည်။

"မင်းက တကယ့်ကို စိတ်သဘောထားကောင်းတဲ့လူပဲ"

ရီဖုန်းက မရယ်မောဘဲ မနေနိုင်တော့ချေ။

ဤလွတ်လပ်ပေါ့ပါးစွာနေတတ်သောမိန်းကလေးသည် အမှန်တကယ်ကို ချစ်စဖွယ်ကောင်းပေ၏။

"အော် ဒါနဲ့..ငါက အိမ်ကိုခဏပြန်ဖို့ စီစဉ်ထားတယ်....ရီဖုန်း ငါနဲ့အတူလိုက်ခဲ့ပြီးတော့ ငါ့အိမ်မှာ ထမင်းတနပ်လောက်စားပါလား...နင် ဘယ်လိုသဘောရလဲ"

ယွင်ဝူက နူးညံညင်သာစွာပြောဆိုသည်

"ကောင်းသားပဲ"

သူသည် ကြမ်းပြင်များကိုလှည့်ကျင့်သည်အလုပ်မှလွဲ၍ တခြားမည်သည့်ကိစ္စကိုမျှ လုပ်ဆောင်ရန်မရှိချေ။ ထို့ကြောင့် သူသည် ပျင်းရိငြီးငွေ့သည်မှာ သေလုမတတ်ဖြစ်နေသဖြင့် ရီဖုန်းက သဘောတူညီလိုက်သည်။

"ဝူတာအို...နင်လည်း ငါတို့နဲ့အတူလိုက်ခဲ့သင့်တယ်"

ယွင်ဝူက ဝူတာအိုကိုကြည့်ပြီး ပြောဆိုသည်။

ဝူတာအိုသည် စိတ်လှုပ်ရှားစွာဖြင့် ရီဖုန်းကို စောင်းငဲ့၍ကြည့်လိုက်သည်။

"အကိုဝူတာအို...သွားကြစို့လေ"

ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။

ရီဖုန်း၏ လွှမ်းမိုးချုပ်ကိုင်နိုင်သောအပြုံးကြောင့် ဝူတာအိုထံတွင် ငြင်းဆန်ရန်မည်သည့်သတ္တိမျှမရှိတော့သဖြင့် သူက အလျင်စလိုသဘောတူညီလိုက်၏။

သူတို့သုံးယောက်သည် ချင်းနျူဂိုဏ်းမှ အလျှင်အမြန် ထွက်ခွာခဲ့တော့သည်။

"ယွင်ဝူ....မင်းရဲ့အိမ်က ဘယ်နေရာမှာလဲ"

ရီဖုန်းက မေးမြန်းသည်။

"အဲ့ဒါက ပိုင်အာမြို့မှာရှိတယ်"

ယွင်ဝူက ပျော်ရွှင်မြူးတူးစွာပြောဆိုကာ သူမသည် အိမ်သို့ပြန်ရသည့်အတွက်စိတ်လှုပ်ရှားနေသည်မှာ သိသာထင်ရှားလှ၏။

"မိုင်တစ်ရာကျော်ဝေးတဲ့နေရာမှာလား..ဒါက တော်တော်လေးဝေးတာပဲ"

ရီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။

သူ့အား မိုင်တစ်ရာကျော်ခန့်လမ်းလျှောက်ခိုင်းသည်ထက် သူ့အား သတ်ဖြတ်သည်ကပို၍လွယ်ကူပေမည်။

"တကယ်တော့ ငါတို့ပိုင်အာမြို့ကို မြန်မြန်ရောက်အောင် သွားဖို့အတွက် ငါ့မှာ သားရဲတစ်ကောင်ရှိတယ်...ဒါပေမဲ့ ငါ့ရဲ့သားရဲ့နဲ့ပတ်သက်ပြီးတော့ မင်းတို့ တခြားဘယ်သူ့ကိုမှ ပြောလို့မဖြစ်ဘူး"

ရှိဖုန်းက မန်မန်ကို အပြင်သို့ထုတ်ယူရန် ဆုံးဖြတ်ချက်ချလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ဤရိုးစင်းပြီးချစ်စဖွယ်ကောင်းသောမိန်းကလေးထံတွင် မည်သည့်ဆိုးရွားသောရည်ရွယ်ချက်မျိုးမျှ မရှိသည်မှာသိသာထင်ရှားသည်။

ဝူတာအိုကမူ သူနှင့်အချိန်အတော်ကြာထိတွေ့ဆက်ဆံပြီးနောက် သူသည် ရီဖုန်းကို သေလုမတတ် ထိတ်လန်ကြောက်ရွံ့နေပုံရသည်။

ဤရိုးသားသောလူသည် မည်သည့်ပြဿနာမျှရှာမည်မဟုတ်သည်မှာ သိသာထင်ရှားလှ၏။

"အိုး...."

"တကယ်လား"

"ဒါဆိုရင်လည်း မြန်မြန်ထုတ်လိုက်တော့လေ...ရီဖုန်း ငါ အဲ့ဒါကိုကြည့်ချင်တယ်...ငါ အဲ့ဒီသားရဲကို ကြည့်ချင်နေပြီ"

ယွင်ဝူက မျှော်လင့်စောင့်စားနေသောအသံဖြင့်ပြောဆိုသည်။

ရီဖုန်းက ပြုံးလိုက်သည်။ ထို့နောက်သူ၏လက်ဝါးကို တစ်ချက်လှုပ်ခတ်လိုက်ခြင်းနှင့်အတူ ကြီးမားသောခရုကြီးတစ်ကောင်ကလေထုအတွင်းမှ ထွက်ပေါ်လာသည်။

"ဝိုး...."

"ဘယ်လောက်တောင် ချစ်ဖို့ကောင်းတဲ့ခရုလေးလဲ"

ခရုကြီးကိုကြည့်ပြီး ယွင်ဝူ၏မျက်လုံးများတောက်ပသွားကာ သူမက မန်မန်ထံသို့အလျင်စလိုအပြေးသွားပြီး ဂရုတစိုက်ကြည့်လိုက်၏။

"ဒါက တကယ့်ကို အရမ်းချစ်ဖို့ကောင်းတယ်"

"နင် ဘာလို့ ဒီလောက်ထိ အရမ်းချစ်ဖို့ကောင်းနေတာလဲ"

မန်မန်၏ခေါင်းကို ပွတ်သပ်ပေးပြီးနောက် ယွင်ဝူက ကူကယ်ရာမဲ့စွာပြောဆိုသည်။

မန်မန်သည် သူ့၏ခေါင်းကို သူမ၏လက်ဖြင့်ပွတ်သပ်ပေးနေသော ယွင်ဝူ၏ဂရုစိုက်ပေးမှုများကို အလွန်အမင်းနှစ်သက်နေပုံရသည်။

"ရီဖုန်း ကြည့်လိုက်အုံး...ကြည့်ရတာတော့ သူကလည်း ငါ့ကို သဘောကျတဲ့ပုံပဲ"

ယွင်ဝူက စိတ်လှုပ်ရှားစွာပြောဆိုကာ သူမ၏မျက်လုံးများ ပြူးကျယ်နေသည်။

"ဟုတ်တယ် သူကလည်း မင်းကို သဘောကျနေတာ....မြန်မြန်လေး အပေါ်ကိုတက်လိုက်တော့"

ရီဖုန်းက ရယ်မောရင်းပြောဆိုသည်။

ယွင်ဝူသည် မန်မန်၏နောက်ကျောပေါ်သို့ တက်ပြီးနောက် ရီဖုန်းလည်းတက်လိုက်ကာ သူတို့သည် ဝူတာအိုထံသို့ ကြည့်လိုက်၏။

သို့ရာတွင် ဝူတာအိုသည် မြေပြင်ပေါ်၌ထိုင်ကာ သစ်ပင်တစ်ပင်ကိုဖက်ထားပြီး သူ့၏ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီနေသည်ကို ရီဖုန်းက တွေ့မြင်သွားသည်။

"ဟူး.."

"သာမာန်သေမျိုးတစ်ယောက်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် သာမာန်သေမျိုးပါပဲ....သူကဒီလိုခရုမျိုးကြီးကိုအရင်ကတစ်ခါမှမတွေ့ဖူးတာပဲဖြစ်မယ်။

ရီဖုန်းက သတ်ပြင်းတစ်ချက်တစ်ချက်ရှိုက်ကာ ဝူတာအိုကို အော်ပြောလိုက်သည်။

"အကိုဝူတာအို ဘာမှကြောက်စရာမရှိပါဘူး...မြန်မြန်လာပြီး ဒီပေါ်ကိုတက်ခဲ့တော့"

"ငါ...ငါ့အထင်တော့ ငါ မတက်နိုင်လောက်ဘူး....ကျေးဇူးတင်ပါတယ်"

ဝူတာအို၏ခြေထောက်များ တုန်ခါနေသည်။

ဤခရုကြီးထွက်ပေါ်လာသောအချိန်အခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကြီးတစ်ခုဖြစ်သည်ကို သူ ဝိုးတဝါးအာရုံခံမိသည်။ အကယ်၍ ထိုခရုကြီးသည် သူ့အားတိုက်ခိုက်ပါက သူ့၏အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်မှုမှာ တသောင်းရာခိုင်နှုန်းခန့်ရှိနေပေမည်။

ထိုအပြင် ဤခရုကြီးသည် လွန်ခဲ့သောရက်အနည်းငယ်ခန့်အကြာက မြောက်ပင်လယ်ကုန်းမြေ၏ကောင်းကင်ယံတစ်ခွင်လုံးကို ပိတ်ဖုံးသွားအောင် ပြုလုပ်ခဲ့သည့် အရာကြီးဖြစ်ကြောင်း သူ မှတ်မိသည်။

"ဘာမှစိတ်မပူနဲ့...ရှေ့ကိုတိုးပြီး မြန်မြန်တက်ခဲ့တော့"

ရီဖုန်းက စိတ်အေးအေးထားရန် ပြောဆိုသည်။

"ကောင်းပြီလေ"

ဝူတာအိုသည် ရီဖုန်းကို ငြင်းဆန်ဝံ့ခြင်းမရှိသဖြင့် တုန်တုန်ရီရီဖြင့် မန်မန်၏ကျောပေါ်သို့တက်လိုက်သည်။

မန်မန်သည် လမ်းတလျှောက်လုံး၌ တည်ငြိမ်သောအရှိန်ဖြင့် သွားသွားနေကာ ရီဖုန်းတို့လူစုသည် ပိုင်အာမြို့သို့သွားရာလမ်း၌ စကားစမြည်ပြောဆိုရင်း ရယ်မောနေကြလေ၏။

အချိန်တစ်နာရီကျော်ကြာပြီးနောက် သူတို့သည် ပိုင်အာမြို့တံခါးထံသို့ ရောက်ရှိခဲ့ကြသည်။

"သမီး ကြည့်လိုက်အုံး...အဲ့ဒါက စီနီယာမဟုတ်လား"

ထိုအချိန်မှာပင်အလင်းတန်းနှစ်တန်းက မိုးကောင်းကင်ယံ၌ဖြတ်သန်းသွားသည်။ ထို့နောက် ဦးဆောင်လာသောလူကြီးက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။

"ဒါက တကယ့်ကိုစီနီယာပဲ"

"မြန်မြန်လေး...သူ့ကိုသွားပြီး နှုတ်ဆက်ကြရအောင်"

သူတို့နှစ်ယောက်သည် မြေပြင်ပေါ်သို့ချက်ချင်းဆင်းသက်လိုက်ကြသည်။ သူတို့သည် လက်ရှိချိန်၌ တက်စစ်စကြယ်များဖြစ်နေသည့် ယဲ့နန်နှင့်ယဲ့ရီတို့သားအဖပင်။

"ဆရာကြီးကို အရိုအသေပြုပါတယ်"

သူတို့နှစ်ယောက်သည် သူတို့၏အရှိန်အဝါများကိုထိန်းချုပ်ကာ ရီဖုန်းကို အရိုအသေပြုလိုက်ကြသည်။

'အိုး ဒါက မင်းတို့နှစ်ယောက်လား...ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ"

ရီဖုန်းက ရယ်မောပြီးပြောဆိုလိုက်သည်။ သူသည် ထိုသားအဖနှစ်ယောက်နှင့် ဤနေရာ၌ တွေ့ရမည်ဟု မျှော်လင့်ထားမိခြင်းမရှိချေ။

"ဆရာကြီးက ဘယ်ကိုသွားမလိုလဲ"

ယဲ့နန်က ရိုသေလေးစားစွာမေးမြန်းသည်။

"ငါက မိတ်ဆွေတစ်ယောက်ရဲ့အိမ်မှာ နေ့လည်စာသွားစားမလို့ပါ"

ရီဖုန်းကအပြုံးနှင့်ပြောဆိုပြီးနောက် ယွင်ဝူ ဝူတာအိုတို့နှင့် မိတ်ဆက်ပေးလိုက်၏။

"မိန်းကလေးယွင်ကို နှုတ်ဆက်ပါတယ်....သခင်လေးဝူကို နှုတ်ဆက်ပါတယ်"

ရီဖုန်း၏မိတ်ဆွေများ ဖြစ်နေသည်ကိုကြည့်ပြီး ယဲ့နန်နှင့်ယဲ့ရီတို့သည် သူတို့အားယဉ်ကျေးသိမ်မွေ့စွာဖြင့် ပျာပျာသလဲနှုတ်ဆက်လေသည်။

ဝူချန်အန်း၏ နက်နဲသိမ်မွေ့သောအရှိန်အဝါကို အာရုံခံမိချိန်တွင် ယဲ့နန်နှင့်ယဲ့ရီတို့သည်လည်း ကူကယ်ရာမဲ့စွာဖြင့် အံ့အားသင့်တုန်လှုပ်သွားသည်။ သူတို့မျှော်လင့်ထားသည့်အတိုင်းပင်ဆရာကြီး၏နံဘေးတွေရှိနေသူများသည် သာမန်လူများမဟုတ်ချေ။

"အိုး...မမက အရမ်းလှတာပဲ"

ထိုအချိန်မှာပင် ယဲ့ရီကိုကြည့်ပြီး ယွင်ဝူက ပျော်ရွှင်စွာပြောဆိုသည်။

"အမယဲ..နင်နဲ့နင့်အဖေလည်း ငါ့အိမ်ကိုလိုက်ပြီးတော့ နေ့လည်စာလိုက်စားပါလား"

"အော် ဒါက...."

ယဲ့နန်နှင့်ယဲ့ရီတို့သည် လက်ခံလိုသည်မှာ တရွရွဖြစ်နေလေပြီ။

သို့ရာတွင် ရီဖုန်းသည် မည်သည့်စကားများမဆိုသေးသဖြင့် သူတို့သည်လက်မခံဝံ့ချေ။ သူတို့နှစ်ယောက်လုံး ရီဖုန်းထံသို့ကြည့်လိုက်ကြ၏။

"ယွင်ဝူက မင်းတို့ကို ဖိတ်ခေါ်နေမှာတော့ အတူတူသွားကြစို့...ပိုပြီးတော့ ပျော်စရာကောင်းသွားတာပေါ့"

ရီဖုန်းက ရယ်မောလိုက်သည်။

"ကောင်းတယ်,,,ကောင်းတယ်"

ယဲ့နန်နှင့်ယဲ့ရီတို့သည် နားရွက်ချိတ်လုမတတ်ပြုံးလိုက်ကြသည်။

All Chapters