← Chapters

အခန်း (၄၄၁-၄၄၅)

Vol. 30 Ch. 441-445

အခန်း (၄၄၁-၄၄၅)

Vol. 30 Ch. 441-445

Chapter 441

ပိုင်ချင်ရီ၏မေးခွန်းထုတ်မှုနှင့် ရင်ဆိုင်ရချိန်တွင်သူတို့နှစ်ယောက်သည် ထိတ်ထိတ်ပျာပျာဖြစ်သွားသော်လည်း ကြောက်ရွံ့သွားခြင်းမရှိချေ။

ထိုအစား သူတို့သည် ရိုသေလေးစားစွာဖြင့် သူတို့၏လက်နှစ်ဖက်ကို ပူးဆုပ်လိုက်ကြသည်။

"ယဲ့နန်နဲ့ယဲ့ရီတို့က နတ်ဘုရားမိန်းမပျိုကို ဂါရဝပြုပါတယ်"

"နင်တို့က အခုထိ ငါ့ရဲ့မေးခွန်းကို မဖြေသေးဘူးလား"

ပိုင်ချင်ရီ၏မျက်လုံးသူငယ်အိမ်များကျဉ်းမြောင်းသွားကာ ဖိအားအရှိန်အဝါတစ်ရပ်က ယဲ့နန်တို့သားအဖနှစ်ယောက်ပေါ်သို့ ကျရောက်သွားသည်။

သူတို့နှစ်ယောက်သည် ပေါင်ထောင်ချီလေးလံသောဝန်ထုပ်ကို ထမ်းပိုးရသည့်အလား ခံစားလိုက်ရသည်။ သူတို့၏နဖူးများပေါ်၌ဇောချွေးများရွှဲနစ်လာကာ သူတို့သည် မတ်တတ်မရပ်နိုင်တော့လုနီးပါးပင်။

သို့ရာတွင် သူတို့သည် ဇွဲကောင်းစွာဖြင့်တောင့်ခံထားဆဲဖြစ်ပေ၏။

"တောင်းပန်ပါတယ်..ငါတို့ သဘောမတူနိုင်ဘူး"

သူတို့နှစ်ယောက်က ခိုင်မာပြတ်သားစွာပြောဆိုသည်။

"အော်..."

ပိုင်ချင်ရီက သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။

"ဒါက ငါ့ကို အံ့အားသင့်စေတယ်...ကြည့်ရတာတော့ မြောက်ပင်လယ်ကုန်းမြေထဲမှာ ကျောရိုးမာတဲ့လူ တစ်ယောက်နှစ်ယောက်တော့ရှိသေးတဲ့ပုံပဲ...အကုန်လုံး အမှိုက်တွေမဟုတ်ဘူး... အနည်းဆုံးတော့ နင်တို့ဆီမှာ ကျောရိုးမာတဲ့လူတွေ ရှိနေသေးတယ်"

ပိုင်ချင်ရီ၏စကားလုံးများသည် တခြားလူများ၏မျက်နှာများကို အလွန်အမင်းပျက်ယွင်းသွားစေသော်လည်း သူတို့သည် ​ချေပပြောဆိုဝံ့ခြင်းမရှိချေ။

"ဒါပေမဲ့ နင်တို့က ကျောရိုးမာတယ်ဆိုရင်တောင် နင်တို့အတွက် အမိန့်ကိုမလိုက်နာဖို့ အကြောင်းပြချက်မရှိဘူး"

ပိုင်ချင်ရီက ခံစားချက်ကင်းမဲ့စွာ ပြောဆိုသည်။

"ငါ နင်တို့ကို အခွင့်အရေးတစ်ခုထပ်ပေးမယ်"

"အရှုံးပေးမလား...ဒါမှမဟုတ် အသေခံမလား"

သူမ၏အသံ ကျရောက်လာသည်နှင့်အတူပို၍ကြီးမားသောဖိအားက ယဲ့နန်တို့သားအဖကိုလွှမ်းခြုံသွားသည်။

"ခရက်....ခရက်..."

ဤကြီးမားသောဖိအားသည် သူတို့၏တောင့်ခံနိုင်စွမ်းထက် ကျော်လွန်နေသဖြင့် သူတို့၏ခြေထောက်များမှအရိုးများ အက်ကွဲကာအရေပြားများမှ သွေးများယိုစိမ့်ထွက်လာသည်။

သို့ရာသည် သူတို့သည် ဒူးထောက်ခြင်းမရှိချေ။

"တောင်းပန်ပါတယ်...ယုံကြည်သူတွေဖြစ်တဲ့ ငါတို့က ဆရာကြီးရှေ့ကနေလွဲပြီးတော့ တခြားဘယ်သူ့ကိုမှ အညံ့မခံနိုင်ဘူး"

ယဲ့နန်သည် အံ့တင်းတင်းကြိတ်ကာ နာကျင်မှုကိုတောင့်ခံ၍ ယဲ့ရီကိုဆုပ်ကိုင်ကာ သူ့၏အသံသည် ခိုင်မာပြတ်သားနေလေ၏။

ဤသည်မှာ သူတို့၏ယုံကြည်မှုပင်။

သူတို့၏စိတ်နှလုံးသားများအတွင်းတွင် ရိုသေလေးစားရသူတစ်ယောက် ရှိနှင့်နေလေပြီ။

ယုံကြည်သူများအနေဖြင့် ဒူးထောက်ခြင်းသည် သူတို့ကို သင်ကြားပေးခဲ့သူအပေါ် အပြစ်ကျူးလွန်ခြင်းနှင့်သစ္စာဖောက်ခြင်းပင်။

ထိုကြောင့် သူတို့သည် တခြားလူများ၏ရှေ့တွင် ဒူးထောက်မည်မဟုတ်ချေ။

"ယုံကြည်သူတွေလား"

"ငါသိပြီ"

ပိုင်ချင်ရီသည် စိတ်ဝင်တစားရှိသောစကားမျိုးပြောဆိုလိုက်သော်လည်း ရုတ်တရက်သူမ၏လေသံ ပြောင်းလဲသွားသည်။

"ဒါဆိုရင် တကယ်လို့ နင်တို့မှာ ယုံကြည်တဲ့လူရှိနေရင်တောင် ဘာလုပ်ရမှာလဲ"

"ငါ ပိုင်ချင်ရီရဲ့ရှေ့မှာ သူက ပိုပြီးကြီးမားတဲ့ပုရွက်ဆိတ်လေးတစ်ကောင်ပဲ ဖြစ်နေမှာ.... တကယ်လို့ ငါက နင်တို့ရဲ့အသက်တွေကို ဒီနေ့လိုချင်တယ်ဆိုရင်....ဘယ်သူက နင်တို့ကို ကာကွယ်ပေးနိုင်မှာလဲ"

ထိုစကားကိုပြောဆိုရင်း သူမ၏အင်္ကျီလက်ကိုဝှေ့ယမ်းလိုက်ရာ သူတို့နှစ်ယောက်သည်လှေ၏နံဘေးသို့ ပြင်းပြင်းထန်ထန်လွင့်ထွက်သွားကာ သွေးများဖြာခနဲကျလာပြီး အလွန်အမင်း သွေးပျက်ဖွယ်ကောင်းပေ၏။

"မင်း...."

ယဲ့နန်က ပိုင်ချင်ရီကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။

"ငါတို့သေရတာက အသေးအမွှားကိစ္စပဲ....ဒါပေမဲ့ ငါတို့ရဲ့ဆရာကြီးကို မင်း စော်ကားတာက သေသင့်တဲ့အပြစ်ကြီးကို ကျူးလွန်တာပဲ"

"ဟား ဟား ဟား"

ပိုင်ချင်ရီက အေးစက်စက် ရယ်မောလေသည်။

"နင်တို့ကို အခုလိုမျိုးမြင်နေရတာ...ငါက နင်တို့ရဲ့နောက်မှာရှိတဲ့လူကို နည်းနည်းစိတ်ဝင်စားလာပြီ"

ထိုသို့ပြောဆိုပြီးနောက် သူမ၏ခြေထောက်ကိုမြှောက်ကာ ယဲ့နန်တို့သားအဖထံသို့ ​ဖြည်းညှင်းစွာ ချဉ်းကပ်သွားလိုက်သည်။

"မင်း ဘာလိုချင်တာလဲ"

ယဲ့နန်က ပိုင်ချင်ရီကိုစူးစိုက်ကြည့်ကာ အသံနက်ကြီးဖြင့်မေးမြန်းသည်။

"ငါက ဒီနေရာက ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ကျွန်တစ်ယောက်လိုနေတယ်...ဒါကြောင့် ငါက နင်တို့နှစ်ယောက်ကို အသုံးပြုပြီးတော့...နင်တို့ရဲ့နောက်ကလူမှာ ဒီအလုပ်အတွက် အရည်အချင်းရှိမရှိ စမ်းသပ်ကြည့်ရမယ်"

ပိုင်ချင်ရီက သရော်တော်တော်ပြောဆိုပြီးနောက်ငွေအပ်နှစ်ချောင်းက သူမ၏လက်အတွင်း၌ ထွက်ပေါ်လာသည်။

"စိတ်ဝိညာဥ်ဖိနှိပ်ခြင်းအပ်...."

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ လက်ရှိနေရာတွင် ရှိနေသူများအားလုံး၏မျက်နှာများ ဖြူရော်သွားသည်။

ဤအပ်များနှင့်ထိုးနှက်ခြင်းခံရသူသည် မရီးဒါန်းများအားလုံး ချိတ်ပိတ်သွားကာ မသေဆုံးမီအချိန်ခုနစ်ရက်အတွင်း၌ ကြီးမားသောနာကျင်မှုကိုခံစားရပေမည်။

"မင်းတို့ရဲ့ချစ်မြတ်နိုးလှတဲ့ဆရာက ဒီစိတ်ဝိညာဉ်ဖိနှိပ်ခြင်းအပ်တွေကို ဆွဲထုတ်နိုင်မလားဆိုတာ ငါစောင့်ကြည့်ချင်တယ်"

ပိုင်ချင်ရီ၏လက်ဝါးလှုပ်ရှားသွားခြင်းနှင့်အတူ ထိုငွေအပ်များသည် ယဲ့နန်တို့သားအဖနှစ်ယောက်၏ နဖူးများအတွင်းသို့ တိုးဝင်သွားလေ၏။

"အား...."

စူးရှနာကျင်စွာအော်ဟစ်လိုက်သောအသံများနှင့်အတူ သူတို့၏ကျင့်ကြံဆင့်စွမ်းအားများ အလျှင်အမြန်ကုန်ခမ်းသွားသည်။

"သွားစမ်း...."

သူတို့၏အော်သံများကို လျစ်လျူရှုကာ ပိုင်ချငိရီသည် သူမ၏လက်ဝါးကိုဝှေ့ယမ်း၍ သူတို့နှစ်ယောက်ကို လှေပျံပေါ်မှ လွင့်ထွက်သွားစေသည်။

ဤမြင်ကွင်းကြောင့် လူများအားလုံး အေးစက်မှုကိုခံစားလိုက်ရကာ သူတို့၏ခန္ဓာကိုယ်များ တုန်ရီသွားသည်။

ဤအမျိုးသမီး၏နည်းလမ်းများသည် အလွန်ရက်စက်ကြမ်းကြုတ်ပေ၏။

"ငါတို့ ဘာလုပ်ကြမလဲ"

ကျန်းဟန်ထျန်းသည် လျှို့ဝှက်၍ တခြားလူသုံးယောက်ကို မေးမြန်းလိုက်သည်။

"အဲ့ဒီသက်ကျားအိုကြီးသားအဖ သေမှာကိုစောင့်ကြည့်နေရမှာလား"

"ငါတို့က ဘာလုပ်နိုင်မှာမလို့လဲ"

လျှူကူရီက အလေးနက်ထားသောလေသံဖြင့်ပြောဆိုသည်။

"ငါတို့က စိတ်ဝိညာဥ်ဖိနှိပ်ခြင်းအပ်တွေကိုဘယ်တော့မှ ဖယ်ရှားလို့မရဘူးဆိုတဲ့ ဒဏ္ဍာရီကိုပဲကြားဖူးတယ်...တကယ်လို့ ချင်းနျူဂိုဏ်းက စီနီယာလှုပ်ရှားမယ်ဆိုရင်တောင်...သူက သူတို့ကိုသေမင်းခံတွင်းဝကနေ ပြန်ပြီးဆွဲတင်နိုင်မှာလား"

ထိုစကားကိုကြားချိန်တွင် သူတို့၏မျက်လုံးများအတွင်းတွင် နာကျည်းမုန်းတီးမှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သို့ရာတွင် သူတို့၏နိမ့်ကျသောခွန်အားများကြောင့် သူတို့ထံတွင် အစွမ်းအစကင်းမဲ့နေသည်။

ပိုင်ချင်ရီ၏ကျင့်ကြံခြင်းနယ်ပယ်အတွက် အနီးစပ်ဆုံးခန့်မှန်းချက်မှာ အင်မော်တယ်နယ်ပယ်ပင်။ သူမအတွက် သိုင်းအင်ပါယာနယ်ပယ်ကျင့်ကြံဆင့်သာရှိသော သူတို့သည် ပုရွက်ဆိတ်များနှင့် မည်သည့်ကွဲပြားခြားနားမှုမျိုးမျှ ရှိမည်မဟုတ်ချေ။

"မှတ်ထားကြစမ်း...အနာဂတ်မှာ နင်တို့အားလုံးက ငါ့ရဲ့ပိုင်ယန်နန်းတော်အတွက် အလုပ်လုပ်ရမယ်"

ပိုင်ချင်ရီ၏အကြည့်က လူအုပ်ကြီးထံသို့ ကျရောက်သွားသည်။

"နင်တို့လို အသုံးမကျတဲ့ အမှိုက်ကောက်တွေအတွက်..ဒါက နင်တို့ရဲ့ဘဝမှာ ဂုဏ်တက်စေမယ့်ကိစ္စပဲ"

လူအများသည် နာကြည်းမုန်းတီးမှုများကို ဖုံးကွယ်ထားကာ အံ့တုမည့်အပြုအမူမျိုးကို အနည်းငယ်မျှ ထုတ်ဖော်ပြသဝံ့ခြင်းမရှိပေ။

ပိုင်ချင်ရီ၏အေးစက်စက်မျက်နှာပေါ်တွင် သရော်တော်တော်အမူအယာရှိနေကာ သူတို့၏ဖုံးကွယ်ထားသော ခါးသည်းမှုများကို ဂရုစိုက်ခြင်းမရှိချေ။

"အခု နင်တို့က အရင်ဆုံး လက်ဆောင်ပဏ္ဍာဆက်သရမယ်"

"နင်တို့ရဲ့ရတနာတွေအားလုံးကို ထုတ်လိုက်ကြစမ်း"

"ဘာ..."

"ငါတို့ရဲ့ရတနာတွေကိုလည်း ဆက်သရမှာလား"

လူအုပ်ကြီးအကြားမှနေ၍ ထိတ်လန့်တကြားအော်ဟစ်သံများ ထွက်ပေါ်လာသည်။

"ဘာပြဿနာရှိလို့လဲ"

"နင်တို့က လက်မခံချင်ဘူးလား"

ပိုင်ချင်ရီက အေးစက်တင်းမာစွာ ပြောဆိုသည်။

"ငါက နင်တို့အားလုံးကိုသတ်ပြီးတော့...နင်တို့ရဲ့အလောင်းတွေကနေ ကောက်ယူဖို့ကို ရွေးချယ်လို့ရတယ်"

သူမ၏စကားများသည် သူတို့အား အရိုးကွဲလုမတတ် အေးစိမ့်သွားစေသည်။

သူမ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် ပတ်သက်ပြီးသူတို့ထံ၌ မည်သည့်သံသယမျိုးမျှမရှိချေ။

ထို့ကြောင့် သူတို့သည် မလိုလားသော်လည်းသူတို့၏သိုလှောင်လက်စွပ်များကို လွှဲပြောင်းပေးအပ်လိုက်ကြ၏။

မကြာမီမှာပင် လှေပေါ်၌ အမျိုးအစားစုံလင်သောရတနာပစ္စည်းများ လျှို့ဝှက်နည်းစနစ်စာအုပ်များ တောင်ပုံရာပုံရှိနေတော့သည်။ ဤအရာများအားလုံးသည် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ၏ တန်ဖိုးအထားရဆုံးပိုင်ဆိုင်မှုများဖြစ်သော်လည်း ယခုချိန်၌ အမှိုက်များကဲ့သို့ စုပုံခြင်းခံထားရသည်။

ပိုင်ချင်ရီသည် ထိုအရာများကို အချိန်တခဏသာ စောင်းငဲ့ကြည့်ပြီးနောက် ပစ္စည်းတချို့ကို သာမန်ကာလျှံကာကောက်ယူကာ ကျန်သောအရာများအားလုံးကို ဖျက်ဆီးလိုက်သည်။

"မင်း..."

ထိုမြင်ကွင်းကိုကြည့်ပြီး လူအများစု၏မျက်နှာများပေါ်တွင် နာကျည်းမုန်းတီးမှုအရိပ်အယောင်များထင်ဟပ်လာကာ သူတို့သည် သူမအား အလွန်အမင်း ကဲ့ရဲ့ပြစ်တင်လိုကြသည်။

တစ်ချို့သည် သူမအားတိုက်ခိုက်လိုသော်လည်း သွေးထွက်သံယိုဖြစ်ခြင်းကို ရှောင်ရှားနိုင်ရန်အတွက် သူတို့၏အပေါင်းဖော်များမှ တားဆီးထားခြင်းကိုခံလိုက်ရသည်။

"တကယ်လို့ တာဝန်တစ်ခုခုရှိလာရင်...ငါ နင်တို့အားလုံးကိုအသိပေးမယ်"

"အခု ထွက်သွားကြစမ်း"

ရတနာများကိုဖျက်ဆီးပြီးနောက် ပိုင်ချင်ရီသည်သူမ၏မူလနေရာသို့ ပြန်လည်ရောက်ရှိသွားလေ၏။

တောင်တန်းတစ်ခုပေါ်သို့ လူရိပ်နှစ်ရိပ်သည်မိုးကောင်းကင်ယံမှ ပြုတ်ကျလာကာ အက်ကွဲကြောင်းတစ်ကြောင်း ဖြစ်ပေါ်လာပြီး​ ဖုန်တထောင်းထောင်းထသွားသည်။

ထိုအက်ကွဲကြောင်းအတွင်းမှနေ၍ မချိမဆန့်ဝေဒနာခံစားနေရသော လူနှစ်ယောက် တွားသွားတက်လာသည်။ ထိုလူနှစ်ယောက်မှာ ယဲ့နန်နှင့်ယဲ့ရီတို့သားအဖပင်။

"သမီး တောင့်ခံထားအုံး"

"ငါနဲ့အတူ ဆရာကြီးကို သွားရှာကြမယ်"

Chapter 442

မျက်တောင်တစ်ခတ်စာအတွင်းမှာပင် ရက်အနည်းငယ် ကုန်ဆုံးသွားလေပြီ။

ချင်းနျူဂိုဏ်းအတွင်း၌....

"ငါ နောက်ဆုံးတော့ အချုပ်အနှောင်တွေကနေလွတ်ပြီး လွတ်လွတ်လပ်လပ်နေနိုင်ပြီ"

ရီဖုန်းသည် ရေနွေးခရားကိုကောက်ယူကာ လက်ဖက်ရွက်များပေါ်သို့ ရေနွေးလောင်းထည့်လိုက်သည်။ စိုစွတ်သွားသော လက်ဖက်ရွက်များ ပြန့်ကားသွားပြီး ညင်သာသောခပ်​ဖျော့​ဖျော့မွေးရနံ့တစ်ခု ထွက်ပေါ်လာသည်။

သူ့၏အနီးတွင် ယွင်ဝူနှင့်ဝူတာအိုတို့ ထိုင်နေသည်။

သူတို့နှစ်ယောက်အတွက် လက်ဖက်ရည်ထည့်ပေးပြီးနောက် ရီဖုန်းက ယွင်ဝူကို အပြုံးနှင့်ကြည့်ကာ ပြောဆိုသည်။

"ယွင်ဝူ...မင်း ဆုံးဖြတ်ပြီးပြီလား...မင်းကတကယ်ပဲ ငါ့ရဲ့တပည့်ဖြစ်ချင်ပြီးတော့ ငါ့ဆီကနေ ပန်းပုထုတာနဲ့ပန်းချီဆွဲတာကို သင်ယူချင်တာလား"

"ကျွန်မ ဆုံးဖြတ်ပြီးပြီ...ကျွန်မက ဆရာရီဖုန်းရဲ့နောက်ကိုလိုက်ပြီးတော့ ပန်းပုထုတာနဲ့ပန်းချီဆွဲတာကို သင်ယူချင်တယ်"

ယွင်ဝူက စိတ်အားထက်သန်စွာတုံ့ပြန်သည်။

"ငါ မင်းကို သင်ပေးရတာ ပြဿနာမရှိဘူး.... ဒါပေမဲ့ အချိန်တချို့ကြာပြီးတဲ့နောက်မှာ မင်းကငါနဲ့အတူ ဒုန်ရှန်းကျိုးကို လိုက်ခဲ့ရလိမ့်မယ်...မင်း ဒီကိစ္စကို သိရဲ့လား"

ရီဖုန်းက ပေါ့ပေါ့ပါးပါးမေးမြန်းကာ သူ့၏မျက်လုံးများ တောက်ပနေသည်။

"ဘာပြဿနာမှမရှိဘူး...ဒါက ကျွန်မ တခြားနယ်မြေတွေကို သွားလာလည်ပတ်ဖို့အတွက် အခွင့်အရေးတစ်ခု ရလိုက်သလိုပဲ"

ယွင်ဝူက စိတ်လှုပ်ရှားစွာပြောဆိုသည်။

"ကောင်းပြီလေ....ဒါဆိုရင် မင်းက တပည့်အဖြစ်ခံယူကြောင်းကို ကျိန်ဆိုလို့ရပြီ"

ရီဖုန်းက ရယ်မော၍ပြောဆိုလိုက်၏။

"ဆရာ...ကျေးဇူးပြုပြီးတော့ ယွင်ဝူရဲ့အရိုအသေပြုမှုကိုလက်ခံပေးပါ"

ယွင်ဝူက လက်ဖက်ရည်ခွက်တစ်ခွက်ကိုကိုင်၍ မြေပြင်ပေါ်၌ဒူးထောက်ကာ ရီဖုန်းထံသို့ တရိုတသေလက်ကမ်းပေးလေသည်။

"တပည့်ကောင်းလေးပဲ...ထတော့"

ရီဖုန်းက ထိုလက်ဖက်ရည်ခွက်ကိုယူကာ တစ်ငုံငုံလိုက်၏။ သူ့၏မျက်နှာပေါ်၌ စိတ်ကျေနပ်သွားသော အပြုံးတစ်ခုရှိနေသည်။

ဤသည်မှာ အတိတ်နမိတ်ကောင်းသော စတင်မှုတစ်ခုပင်။

သူသည် တပည့်တစ်ယောက် ရရှိခဲ့လေ၏။

"အစ်ကိုဝူတာအို...မင်းရော ဘယ်လိုသဘောရလဲ"

ရီဖုန်းက သူ့၏လက်ဖက်ရည်ခွက်ကို ပြန်ချကာနံဘေးရှိ ဝူတာအိုကိုစောင်းငဲ့၍ ကြည့်လိုက်သည်။

ထိုစကားကိုကြားချိန်၌ ဝူတာအို၏ခန္ဓာကိုယ် အနည်းငယ်တုန်ရီသွားသည်။

ဤအချိန်အခိုက်အတန့်တွင် သူသည် နောက်ဆုံး၌ ထိုလူ၏ရည်ရွယ်ချက်ကို နားလည်သဘောပေါက်သွားလေပြီ။

ရီဖုန်းသည် သူ့အား သတ်ရန်ရည်ရွယ်မထားဘဲ ထိုအစား သူ့အား တပည့်အဖြစ်ခေါ်ယူလိုခြင်းပင်။

သူ့၏အစီအစဉ်များအားလုံးကို ဖျက်ဆီးကာ သူ့၏အကွက်ချကြံစည်မှုများကို ဖော်ထုတ်ခဲ့ခြင်းမှာ ထိုလူသည် သူ့၏ဆရာသခင်ဖြစ်နိုင်ရန် အကြွင်းမဲ့စွမ်းအားမျိုးရှိနေကြောင်း သက်သေပြရန်သက်သက်ပင်။

အတိတ်တွင်ဆိုပါက ဝူတာအိုသည် သေရမည်ကိုကြောက်ရွံ့သော်လည်း သူသည် မာနထောင်လွှားသူတစ်ယောက်ဖြစ်သဖြင့် ဤကိစ္စကို မည်သို့မျှ သဘောတူညီမည်မဟုတ်ချေ။

သို့ရာတွင် ဝူတာအိုသည် ရီဖုန်း၏စွမ်းအားကို သူ အမှန်တကယ် ယုံကြည်လက်ခံနေသည်အား ဝန်ခံရပေမည်။

"ဆရာသခင်...ကျေးဇူးပြုပြီးတော့ တပည့်ရဲ့ဦးညွတ်အရိုအသေပြုမှုကို လက်ခံပေးပါ"

ဝူချန်အန်းသည်လည်း လက်ဖက်ရည်ခွက်ကို ကမ်းပေးကာ ချက်ချင်းဆိုသလိုပင် မြေပြင်ပေါ်၌ ဒူးထောက်လိုက်၏။

"ဟား...ဟား...ဟား...ဟား..."

ဝူတာအို၏နာခံရိုကျိုးမှုကိုကြည့်ပြီး ရီဖုန်းက စိတ်ကျေနပ်စွာဖြင့် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

ရိုးသားသောလူသည် မည်သို့ပင်ဆိုစေကာမူ ရိုးသားသောလူအဖြစ် ဆက်လက်၍ရှိနေဆဲပင်။

သူသည် ဝူတာအိုကို မည်သည့်အင်အားစိုက်ထုတ်မှုမျိုးမျှမရှိဘဲ ဆွဲဆောင်သိမ်းသွင်းနိုင်ခဲ့သည်။

နောက်ထပ်တပည့်တစ်ယောက် ထပ်ရပြန်လေပြီ။

ရီဖုန်းသည် ထိုလက်ဖက်ရည်ခွက်ကို အလျှင်အမြန်လက်ခံကာ သောက်လိုက်၏။

ထိုလက်ဖက်ရည်ခွက်ကို ရီဖုန်း သောက်လိုက်သည်အားကြည့်ပြီး ဝူတာအို၏မျက်လုံးများ နီမြန်းသွားသည်။

သူသည် အနည်းငယ်ငိုချင်လာသကဲ့သို့ ခံစားနေရသည်။

သူ ယခုလက်တစ်လော၌ ဖြတ်ကျော်ခဲ့ရသည့် ကိစ္စများကို စိတ်ကူးယဥ်တွေးတောကြည့်ရန်ပင်လွန်စွာခက်ခဲသည်။

နေ့စဉ်နေ့တိုင်း သူ့၏စိတ်နှလုံးသားကို အလွန်ကြီးမားသောဖိအားကြီးက ဖိစီးထားကာ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်သောခံစားချက်မျိုးကို သူ အစဉ်အမြဲရရှိနေသည်။

နောက်ဆုံး၌ ဤအရာများ ပျက်ပြယ်သွားသောအချိန်အခိုက်အတန့်တွင်...

သူ ဝူချန်အန်းသည် ဘေးကင်းလုံခြုံသွားလေပြီ။

ထိုအချိန်မှာပင် ရီဖုန်းက အဆောင်လက်ဖွဲ့စာရွက်အလွတ်တရွက်ကို သူ့၏အင်္ကျီလက်ကြားမှထုတ်ယူကာ စားပွဲပေါ်၌တင်လိုက်သည်။

"ဝူတာအို... မင်း အရင်က အဆောင်လက်ဖွဲ့တွေ ရေးဆွဲနေတာကို ငါ မကြာခဏမြင်ဖူးတယ်... ဒါပေမဲ့ အဲ့ဒါတွေက အရမ်းမကောင်းဘူး.... တကယ်လို့ တခြားလူတွေက တွေ့သွားမယ်ဆိုရင် မင်းရဲ့ဆရာဖြစ်တဲ့ ငါ့အတွက် အရှက်ရစရာဖြစ်လာလိမ့်မယ်....ငါ မင်းကို အဆောင်လက်ဖွဲ့ဘယ်လိုရေးဆွဲရမယ်ဆိုတာ တစ်ခုသင်ပေးမယ် ....မင်း သေချာဂရုစိုက်ပြီး ကြည့်ထားနော်"

ထိုသို့ပြောဆိုပြီးနောက် ရီဖုန်း၏လက်အတွင်းရှိ စုတ်တံလှုပ်ရှားသွားခြင်းနှင့်အတူ မင်များကရေပေါ်နဂါးတကောင်အလား စာရွက်ပေါ်၌ပျံ့နှံသွားကာ အဆောင်လက်ဖွဲ့အသစ်တစ်ခုကိုဖန်တီးလိုက်၏။

"ကြည့်လိုက်အုံး..ဒါက မင်းရေးဆွဲတဲ့ဟာတွေထက် အများကြီးပိုကောင်းတယ် မဟုတ်ဘူးလား"

ရီဖုန်းက ထိုအဆောင်လက်ဖွဲ့စာရွက်ကို လက်ကမ်းပေးလေသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ဝူချန်အန်း၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။

သူ့၏မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားနိုင်မှုကို ဖော်ပြနိုင်စွမ်းပင်မရှိတော့ချေ။

ဤကူပြောင်းရေးအဆောင်လက်ဖွဲ့အတွင်း၌ ပါဝင်သောစွမ်းအားသည် သူ့ကို ထိတ်လန့်တုန်လှုပ်သွားစေသည်။ ဤအဆောင်လက်ဖွဲ့ကို အသက်သွင်းလိုက်ပါက သူသည် အင်မော်တယ်မြစ်ကုန်းမြေ၏ အတားအဆီးကို တိုက်ရိုက်ချိုးဖျက်ကာ သူ့အား အင်မော်တယ်နယ်မြေအတွင်းသို့ ပို့ဆောင်နိုင်မည်ဟု သူ ခံစားမိသည်။

"အိုး...ဒါက ရိုးရှင်းတဲ့ အဆောင်လက်ဖွဲ့လေးတစ်ခုပါ...ဘာမှ စိတ်လှုပ်ရှားနေစရာမလိုဘူး.. ဒါကို မင်း ဘာအတွက် အသုံးပြုချင်နေတယ်ဆိုတာ ငါ မသိပေမယ့် မင်း ဘာမှစိတ်မပူနဲ့....ငါ ယွင်ဝူကို ပန်းချီသင်ပေးတဲ့အချိန်မှာ မင်းလည်း သူနဲ့အတူ ဘေးကနေသင်ယူနိုင်တယ်...မင်းက ဒီလိုအရည်အသွေးရှိတဲ့အရာမျိုးကို မကြာခင်မှာပဲရေးဆွဲနိုင်လိမ့်မယ်"

ရီဖုန်းက နူးညံညင်သာစွာရယ်မော၍ ပြောဆိုသည်။

"ဆရာကြီးကို ကျေးဇူးတင်ပါတယ်"

ဝူတာအိုသည် ထိုအဆောင်လက်ဖွဲ့ကိုသူ့၏လက်အတွင်း၌ကိုင်ကာ နမ်းရှုံလိုက်သည်။

အား...

ဒီလောကကြီးက အရမ်းဘေးကင်းလုံခြုံသွားပြီ....

ဤအချိန်အခိုက်အတန့်တွင် ဤကမ္ဘာလောကအတွင်း၌ သူသေဆုံးသွားနိုင်ချေသည် မကြုံစဖူး နည်းပါးသွားကြောင်း သူ ခံစားမိလေ၏။

ဤသည်မှာ....

အလွန်အမင်းအစွမ်းထက်သော တစ်စုံတစ်ယောက်ကို မှီခိုရခြင်း၏ခံစားချက် ဖြစ်သလော....

ဤခံစားချက်မှာ လွန်စွာကောင်းမွန်သည်။

"ဆရာသခင်....'လက်ဖက်ရည် သောက်ပါ'ဆိုတဲ့စကားလုံးမှာပါတဲ့ စုတ်ချက်တွေက ဘာတွေလဲ"

ယွင်ဝူသည် သူမ၏စုတ်တံကို ဝှေ့ယမ်းကာ သူမ၏ခေါင်းကိုကုတ်ပြီး ရီဖုန်းထံမှအကူအညီတောင်းခံလေသည်။

"ဘာလဲ...ယွင်ဝူက လက်ဖက်ရည်သောက်ပါ ဆိုတာကို ဘယ်လိုရေးရမယ်ဆိုတာတောင် မသိတော့ဘူးလား"

ရီဖုန်းက ရယ်မော၍မေးမြန်းသည်။

"ကျွန်မက ဆရာတို့နှစ်ယောက် ဒီနေရာမှာလက်ဖက်ရည်သောက်နေတာကို မြင်ပြီးတော့... အဲ့ဒီစာလုံးနှစ်လုံးကို ဘယ်လိုရေးရမယ်ဆိုတာ မသိတာကို ရုတ်တရက်ကြီး တွေးမိသွားတယ်"

ယွင်ဝူက ရှက်ကိုးရှက်ကန်းဖြင့် သူမ၏ခေါင်းကိုကုတ်လိုက်၏။

"ကောင်းပြီလေ...ငါ မင်းကို သင်ပေးမယ်"

ရီဖုန်းသည် စုတ်တံကိုကောက်ယူကာ ဆန်စက္ကူပေါ်၌စုတ်ချက်တချို့ကို ဖြည်းညင်းစွာရေးဆွဲလိုက်သည်။

ထိုစာလုံးများသည် အစွမ်းထက်ပြီးအားမာန်ပြည့်ဝကာ ကြည့်ရသည်မှာ အသက်ဝင်လာတော့မည့်အလားပင်။

"ဆရာသခင်ရဲ့လက်ရေးက အရမ်းလှတာပဲ"

ယွင်ဝူသည် ဆန်စက္ကူပေါ်ရှိ စာလုံးများကိုကြည့်ကာ သူမ၏မျက်နှာပေါ်တွင် လေးစားကြည်ညိုမှုများဖြင့် ပြည့်နှက်နေသည်။

ရီဖုန်းက ခပ်ဖျော့​ဖျော့ပြုံးလိုက်၏။

သူ့ထံတွင် ကျင့်ကြံဆင့်စွမ်းအားမရှိသော်လည်း ဤအရည်အချင်းများကိုမူ အမှန်တကယ်ကိုပင် လျော့တွက်၍မရချေ။

ဤကျင့်ကြံခြင်းလောကအတွင်းသို့ ကူးပြောင်းလာရသည်မှာ သူ့အတွက် ကံဆိုးမှုတစ်ခုပင်။ အကယ်၍ သူသည် စာပေနှင့်အနုပညာပညာရပ်များကို တန်ဖိုးထားသော လောကအတွင်းသို့ရောက်ရှိသွားပါက သူ ကောင်းစားနိုင်မည်မှာသေချာပေါက်ဖြစ်ပြီး မဟာဆရာသခင်တစ်ယောက်ပင်ဖြစ်လာနိုင်သည်။

ဤလွဲမှားသောအတွေးများကိုဖယ်ထုတ်ရန် သူ၏ခေါင်းကို ခါယမ်းလိုက်ပြီးနောက် ရီဖုန်းသည် ထိုဆန်စက္ကူပေါ်၌ လက်ဖက်ရည်ခွက်ကိုချလိုက်ကာ မတ်တတ်ထရပ်ပြီးပြောဆိုသည်။

"သွားကြစို့...မင်းတို့က ရှုမျှော်ခင်းပုံပန်းချီကားတွေကို ဆွဲချင်နေမှတော့ အနောက်ဘက်တောင်တန်းဆီကို သွားကြရအောင်"

"ဆရာ ဒါက အရမ်းကောင်းတာပဲ"

ယွင်ဝူသည်စိတ်လှုပ်ရှားစွာဖြင့် သူမ၏ပန်းချီဆွဲသောပစ္စည်းများကိုစုဝေးကာ ရီဖုန်း၏နောက်သို့လိုက်ပါခဲ့တော့သည်။ ထို့နောက် သူတို့သုံးယောက်သည် အနောက်ဘက်တောင်တန်းအတွင်းသို့ ဦးတည်၍ ထွက်ခွာခဲ့လေ၏။

သူတို့သုံးယောက်ထွက်ခွာသွားပြီးနောက် မကြာမီမှာပင် ဒယိမ်းဒယိုင်ဖြစ်နေသောပုံရိပ်နှစ်ခုက ခြံဝန်း၏ပြင်ပ၌ ထွက်ပေါ်လာသည်။

ဤသည်မှာ ယဲ့နန်နှင့်ယဲ့ရီတို့သားအဖပင်။

ဤနေရာသို့ရောက်လာရန်အတွက် သူတို့နှစ်ယောက်သည် အလွန်အမင်း တောင့်ခံခဲ့ရသည်။

မည်သည့်ကျင့်ကြံဆင့်စွမ်းအားမျှ မရှိတော့ဘဲ ကြီးမားသောနာကျင်မှုကို တောင့်ခံကာ ရီဖုန်းထံသို့လာခဲ့သည့် အခက်အခဲကြီးမားပုံကို တွေးတောကြည့်နိုင်ရန်ပင် လွန်စွာခက်ခဲသည်။

သို့ရာတွင် ခြံဝန်းအတွင်းသို့ ဝင်ရောက်ပြီးနောက် သူတို့သည် ဤနေရာ၌ မည်သူမျှရှိမနေသည်ကို တွေ့ရှိလိုက်ရသည်။

"ဆရာကြီးက ဒီနေရာမှာ ရှိမနေဘူးပဲ"

ယဲ့နန်သည် စိတ်ပျက်လက်ပျက်ဖြင့် ခါးသည်းစွာ ညည်းတွားလိုက်၏။ သူ၏ဖြူရော်ရော်မျက်နှာပေါ်တွင် လုံးလုံးလျားလျား အရောင်ကင်းမဲ့နေကာ ထိတ်လန့်တုန်လှုပ်ခြင်းများဖြင့် ပြည့်နှက်နေသည်။

သူတို့သည် စိတ်ဝိညာဥ်ဖိနှိပ်ခြင်းအပ်ဖြင့် ထိုးဖောက်ခံရသည့်အချိန်မှစ၍ အသက်ရှင်သန်ရန်အတွက် အချိန်ခုနစ်ရက်သာကျန်ရှိသည်။

အချိန်စေ့လာသည်နှင့် သူတို့၏စိတ်ဝိညာဉ်များကြေမွှာပျက်စီးသွားပေမည်။

သို့ရာတွင် သူတို့သည် လှေပျံပေါ်မှပစ်ချခံရသည့် နေရာမှနေ၍ ရပ်နားခြင်းမရှိဘဲ ဤနေရာသို့ အပြေးလာခဲ့သည့်တိုင် အချိန်ခုနစ်ရက် ပြည့်လုနီးနီးဖြစ်နေလေပြီ။

ဆိုလိုသည်မှာ သူတို့သားအဖနှစ်ယောက်တွင် နောက်ဆုံးအချိန်နှစ်နာရီခန့်သာ ကျန်ရှိတော့သည်။

"ကောင်းကင်ဘုံမှာ ငါတို့ကို ပျက်စီးသွားစေချင်တဲ့ စိတ်ဆန္ဒရှိနေတာလား"

ယဲ့ရီထံတွင်လည်း စိတ်ပျက်အားငယ်မှုများဖြင့်ပြည့်နှက်နေသည်။

စိတ်ဝိညာဉ်ဖိနှိပ်ခြင်းအပ်သို့ ရက်စက်ကြမ်းကြုတ်သောပစ္စည်းမျိုးနှင့် ဖျက်ဆီးခံရမှုအောက်တွင် သူမ၏စိတ် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်တို့သည် ကြီးမားသောညှင်းပန်းနှိပ်စက်မှုကိုခံယူခဲ့ရလေ၏။

မိန်းမသားတစ်ယောက်ဖြစ်သော သူမအနေဖြင့် ဤအရာကို တောင့်ခံနိုင်စွမ်း မရှိခဲ့ချေ။ သူမ၏စိတ်ဆန္ဒနှင့် ယုံကြည်ချက်မှစွမ်းအားကြောင့်သာ ဤမျှဝေးကွာသောနေရာသို့ လျှောက်လှမ်းလာနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သူမခက်ခက်ခဲခဲလာရောက်ခဲ့ပြီးနောက် ရီဖုန်းသည် ဤနေရာ၌ ရှိမနေလေရာ သူမ မည်မျှထိစိတ်ပျက်အားငယ်သွားမည်ကို တွေးတောကြည့်၍ရနိုင်သည်။

သူတို့နှစ်ယောက်သည် မြေပြင်ပေါ်သို့လဲကျသွားကာ အချိန်များတရွေ့ရွေ့ကုန်ဆုံးလာသည်ကို ခံစားမိလေ၏။

သူတို့သည် လုံးလုံးလျားလျားစိတ်ပျက်အားငယ်နေကာ သေခြင်းတရားနှင့်ရင်ဆိုင်ရတော့မည်ဟု မျှော်လင့်ထားခဲ့သည်။ သို့ရာတွင် ထိုဖြစ်ရပ်နှင့် ဆန့်ကျင်ဘက်ဖြစ်နေကာ ယဲ့နန်သည် သူ့၏စိတ်အခြေအနေ သိသိသာသာတိုးတက်ကောင်းမွန်လာကြောင်းကို အံ့အားသင့်ဖွယ် ရှာဖွေတွေ့ရှိမိသည်။

စိတ်ဝိညာဥ်ဖိနှိပ်ခြင်းအပ်ကြောင့် ခံစားရသောနာကျင်မှုများပင်လျှင် အမြောက်အများလျော့ကျသွားခဲ့လေ၏။

"သမီး...မင်း ခံစားမိလား"

ယဲ့နန်က တုန်ရီနေသောအသံဖြင့်မေးမြန်းသည်။

"အဖေ...အဖေလည်း ပိုပြီးသက်သောင့်သက်သာဖြစ်လာတယ်လို့ ခံစားရတယ်မလား"

ယဲ့ရီကလည်း စိတ်လှုပ်ရှားစွာဖြင့်မေးမြန်းသည်။

"ဒါက ဘာလို့ဖြစ်တာလဲဆိုတာ အဖေသိလား"

ယဲ့နန်က အလျင်စလိုပြောဆိုသည်။

"ဖြစ်နိုင်ကတော့ ဒါက ငါတို့မသေခင် နောက်ဆုံး မျှော်လင့်ချက်ရောင်ခြည်တစ်ခုများလား"

"မဟုတ်ဘူး....ကြည့်ရတာတော့ ဒါက မွှေးရနံ့တစ်ခုလိုပဲ"

ယဲ့ရီက ဇဝေဇဝါဖြင့် ပြောဆိုလိုက်၏။

"ဒီမွှေးရနံ့က...ဒီအနံ့က ကြည့်ရတာတော့...."

"လက်ဖက်ရည်လား"

တစ်စုံတစ်ခုကိုအမှတ်ရသွားသည့်အလား ယဲ့ရီသည် ရုန်းကန်၍မတ်တတ်ထရပ်ကာ အနီးရှိကျောက်တုံးစားပွဲကို ကြည့်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် အံ့အားတသင့်အော်ဟစ်သံတစ်သံက သူမ၏နှုတ်ခမ်းမှ လွှက်ခနဲထွက်ပေါ်လာသည်။

"အဖေ...ထပြီးတော့ ဒါကိုကြည့်လိုက်ပါဦး"

Chapter 443

ထိုစကားကိုကြားချိန်တွင် ယဲ့နန်သည် ရုန်းကန်၍ အလျှင်အမြန် မတ်တတ်ထရပ်လိုက်သည်။

စားပွဲပေါ်တွင် နွေးထွေးပြီး ညင်သာပေါ့ပါးသောလက်ဖက်ရည်ရနံ့ကို ထုတ်လွှက်နေဆဲဖြစ်သည့် မြေထည်လက်ဖက်ရည်အိုးတစ်လုံးကို သူတို့နှစ်ယောက် တွေ့မြင်မိသည်။

ဤလက်ဖက်ရည်မွှေးရနံ့သည် သူတို့၏အခြေအနေကို တိုးတက်စေရန် ကူညီပေးနေခဲ့သည်။

လက်ဖက်ရည်အိုး၏နံဘေးတွင် ခွက်တစ်ခွက်ဖြင့်ဖိထားသော ဆန်စက္ကူတစ်ရွက်ရှိနေလေ၏။

ထိုစာရွက်ပေါ်တွင် အားမာန်ပါပြီး ထင်ရှားသော စာလုံးနှစ်လုံးကို ရေးသားထားသည်။

'လက်ဖက်ရည် သောက်ပါ'

ယဲ့နန်သည် စိတ်လှုပ်ရှားမှုကြောင့် တုန်ရီသွားကာ မျက်ရည်များစိုစွတ်လာပြီး သူက အော်ဟစ်လိုက်သည်။

"ရီကာ...ဒါက ခုထိ မင်မခြောက်သေးဘူး...ဒီစာလုံးနှစ်လုံးက ငါတို့အတွက် ဆရာကြီးချန်ထားခဲ့တာပဲဖြစ်မယ်"

"ဆရာကြီးက ငါတို့ရဲ့အခြေအနေကို ကြိုသိပြီးတော့...ငါတို့ ဒီနေရာကို ရောက်လာလိမ့်မယ်လို့ တွက်ချက်ပြီးသားဖြစ်နေမှာ သေချာတယ်"

"သူက ဒီလက်ဖက်ရည်ကိုတောင် အထူးတလည်ဖျော်စပ်ပေးပြီးတော့...ငါတို့ ဘာလုပ်ရမယ်ဆိုတာကို သဲလွန်စချန်ထားခဲ့တယ်"

"ကြည့်ရတာတော့ ဆရာကြီးက အရာအားလုံးကို စေ့စေ့စပ်စပ် စီစဥ်ထားပြီးပုံပဲ...အရာအားလုံးက သူ့ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတယ်"

"မြန်မြန်လေး...လက်ဖက်ရည်ကို သောက်လိုက်ကြရအောင်"

"ဟုတ်ကဲ့"

ယဲ့ရီသည်လည်း စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေသည်။ ထို့နောက် သူမ၏နောက်ဆုံးလက်ကျန်ခွန်အားကို စုစည်းကာ လဖက်ရည်အိုးကိုမ၍ လက်ဖက်ရည်တစ်ခွက်စီငှဲ့လိုက်၏။

အသက်ယဲ့ယဲ့ကို ဖမ်းဆုပ်ထားရသဖြင့် သူတို့နှစ်ယောက်သည် အရသာမခံနိုင်တော့ဘဲ တစ်ကျိုက်တည်းဖြင့် လက်ဖက်ရည်ကို ကုန်စင်အောင်မော့လိုက်သည်။

လက်ဖက်ရည်သည် သူတို့၏လည်ချောင်းများကို စိုစွတ်သွားစေချိန်၌ နွေးထွေးမှုလှိုင်းတစ်လှိုင်းက သူတို့၏ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားသည်။

ဤသည်မှာ စမ်းချောင်းတစ်ချောင်းကို ဆီးကြိုနေသော ခြောက်သွေ့နေသည့်မြစ်ကြမ်းပြင်နှင့်တူညီကာ သစ်ပင်ပန်းမန်နှင့်မြက်ပင်များ ပေါက်လာပြီး နယ်မြေတစ်ခုလုံး ပြန်ရှင်သန်လာသည့်အလားပင်။

သူတို့နှစ်ယောက်သည် စိတ်သက်သာရာရသွားကာ တသိမ့်သိမ့်တုန်သွားသည်။

စိတ်ဝိညာဥ်ဖိနှိပ်ခြင်းအပ်များမှလာသော ဝေဒနာသည်လည်း ချက်ချင်းပျက်ပြယ်သွားကာ သူတို့၏စွမ်းအားများကို အလျှင်အမြန် ပြန်လည်ရရှိလာခဲ့သည်။

"ရီအာ...မြန်မြန်လေး...ဒီစွမ်းအားနဲ့ စိတ်ဝိညာဥ်ဖိနှိပ်ခြင်းအပ်ကို ဖယ်ထုတ်နိုင်မလားစမ်းကြည့်စမ်း"

ယဲ့နန်က တိုက်တွန်းလိုက်၏။

"ကျွန်မ သိပြီ"

ယဲ့ရီ၏နူးညံသေးသွယ်သောလက်ဝါး လှုပ်ရှားသွားခြင်းနှင့်အတူ သူမ၏စွမ်းအားများကို ချိတ်ဆက်ကာ မရီးဒါန်းများတလျှောက် လှည့်ပတ်လိုက်သည်။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူမသည် ထိတ်လန့်တုန်လှုပ်မှုကြောင့် ပင့်သက်ရှိုက်လိုက်မိသည်။

"အဖေ...စိတ်ဝိညာဉ်ဖိနှိပ်ခြင်းအပ် မရှိတော့ဘူး"

"ဘာ..."

မယုံကြည်နိုင်စွာဖြင့် ယဲ့နန်သည် သူ့၏ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။ သို့ရာတွင် သူ့ထံ၌ရှိနေသည် စိတ်ဝိညာဥ်ဖိနှိပ်ခြင်းအပ်သည်လည်း ထပ်တူထပ်မျှ ပျောက်ကွယ်သွားကြောင်း သူ တွေ့ရှိလိုက်ရသည်။

"လက်ဖက်ရည်ရဲ့စွမ်းအားက ဒါကို တိုက်ရိုက်အရည်ပျော်သွားစေတာလား"

ယဲ့နန်၏မျက်လုံးများ ပြူးကျယ်နေကာ သူက မယုံကြည်နိုင်စွာ ပြောဆိုသည်။

ယဲ့ရီက အလေးအနက်ထားသောအမူအယာဖြင့်ခေါင်းညိတ်လိုက်၏။

ဤသည်မှာ စိတ်ဝိညာဉ်ဖိနှိပ်ခြင်းအပ် လုံးလုံးလျားလျားပျောက်ကွယ်သွားခြင်းအတွက် တစ်ခုတည်းသော ဖြစ်နိုင်​ချေရှိသည့်ဖြေရှင်းချက်ပင်။

သူတို့နှစ်ယောက်၏မျက်နှာများပေါ်တွင် လေးနက်သော ကြည်ညိုလေးစားမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။ အဖြူရောင်ဝတ်စုံဝတ်ပုံရိပ်သည် ယခုချိန်၌ သူတို့၏စိတ်နှလုံးသားများအတွင်းတွင် နတ်ဘုရားတစ်ပါးအလားပင်။

ဤသည်မှာ အစစ်အမှန်ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက်ဖြစ်ပေ၏။

စိတ်ဝင်ညာဥ်ဖိနှိပ်ခြင်းအပ်က ဘာလုပ်ရမှာလဲ...

ပိုင်ချင်ရီက ဘာလုပ်နိုင်မှာလဲ...

ဆရာကြီးသည် ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားရန်ပင်မလိုအပ်ချေ။ လက်ဖက်ရည်တစ်အိုးဖျော်စပ်ကာ စိတ်ဝိညာဉ်ဖိနှိပ်ခြင်းအပ်ဟုခေါ်ဆိုသောအရာကို မည်သည့်အရာမျှမရှိခဲ့သည့်အလား ပျောက်ကွယ်သွားစေသည်။

ပိုင်ချင်ရီသည် မောက်မာထောင်လွှားစွာဖြင့်ဆရာကြီးကို သူမ၏ကျေးကျွန်ဖြစ်ရန် အရည်အချင်းပြည့်မီခြင်းရှိမရှိ စမ်းသပ်ရန်အတွက် ယှဉ်ပြိုင်ဝံ့ခြင်းမှာ မည်မျှထိရယ်ရွှင်ဖွယ်ကောင်းသနည်း။

သူမထံ၌ စဉ်းစားဆင်​ခြင်ဥာဏ်မရှိဘဲ သူမ၏မောက်မာထောင်လွှားမှုကြောင့် မည်သည်ကြောင့်ဟုပင်မသိရဘဲ သူမ သေဆုံးရပေမည်။

အဝေးရှိလှေပျံပေါ်တွင် မျက်လုံးစုံမှိတ်၍ကျင့်ကြံနေသော ပိုင်ချင်ရီက ရုတ်တရက်သူမ၏မျက်လုံးများကို ဖွင့်လိုက်သည်။

သူမ၏မျက်လုံးများအတွင်း၌ အံ့အားသင့်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

"ဒါက ပျော်စရာကောင်းတဲ့ အံ့အားသင့်စရာကိစ္စပဲ"

ထိုစကားကိုကြားချိန်တွင် သူမ၏နံဘေးရှိအကြီးအကဲနှစ်ယောက်က အံ့အားသင့်စွာဖြင့်မေးမြန်းလေ၏။

"နတ်ဘုရားမိန်းမပျို ဘာဖြစ်တာလဲ"

"အဲ့ဒီပျော့ညံညံလူနှစ်ယောက်ဆီက စိတ်ဝိညာဥ်ဖိနှိပ်ခြင်းအပ်တွေ ဆွဲထုတ်ခံလိုက်ရပြီ"

ပိုင်ချင်ရီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

ထိုအကြီးအကဲနှစ်ယောက်သည်လည်း အံ့အားသင့်တုန်လှုပ်သွားပေ၏။

"ဒါဆိုရင်...နတ်ဘုရားမိန်းမပျို ငါတို့ ဘာဆက်လုပ်ရမလဲ"

"ကိစ္စမရှိဘူး...ဒါတွေက ဆွဲထုတ်ခံရရုံလေးပဲ...ငါ့ရဲ့စိတ်အာရုံကို ခဏလောက်ဖမ်းစားနိုင်တာကလွဲပြီးတော့....ဒါက ခြိမ်းခြောက်မှုတစ်ခုမဟုတ်ဘူး"

ပိုင်ချင်ရီက အေးဆေးတည်ငြိမ်စွာဖြင့်သူမ၏လက်ကိုဝှေ့ယမ်းလေသည်။

"နတ်ဘုရားမိန်းမပျိုပြောတာ အမှန်ပဲ"

အကြီးအကဲတစ်ယောက်က ရိုသေလေးစားစွာခေါင်းညိတ်လိုက်သည်။

"ဒါပေမဲ့ အဲ့ဒီစိတ်ဝတ်​ညာဥ်ဖိနှိပ်ခြင်းအပ်နှစ်ချောင်းက ပိုင်ယန်နန်းတော်ရဲ့ အဖိုးတန်ရတနာတွေဖြစ်နေတုန်းပဲ...နတ်ဘုရားမိန်းမပျိုက အဲ့ဒီအရာတွေကို ပြန်ရုတ်သိမ်းသင့်တယ်...ဒါတွေကိုတခြားလူရဲ့လက်ထဲကို ရောက်သွားခွင့်ပြုလို့မဖြစ်ဘူး"

"အမှန်ပဲ...ငါရဲ့ပစ္စည်းကို ငါခွင့်ပြုချက်မရှိဘဲနဲ့ ဘယ်သူမှ သိမ်းဆည်းထားလို့မရဘူး"

အေးစက်စက်အပြုံးတစ်ခုက ပိုင်ချင်ရီ၏နှုတ်ခမ်းထက်၌ ထွက်ပေါ်လာသည်။

နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူမ၏နူးညံသေးသွယ်သောလက်ဖြင့် လက်စည်းတံဆိပ်များကိုဖွဲ့စည်းကာ မိုင်ထောင်ပေါင်းများစွာဝေးကွာသော နေရာတွင်ရှိသည့် စိတ်ဝိညာဥ်ဖိနှိပ်ခြင်းအပ်များကို ခြေရာခံလိုက်၏။

"စိတ်ဝိညာဉ်ဖိနှိပ်ခြင်းအပ် ပြန်လာခဲ့စမ်း"

သူမ၏လက်ဝါးပုံရိပ်ယောင် ကျရောက်သွားခြင်းနှင့်အတူ ပိုင်ချင်ရီက အေးစက်တင်းမာစွာအမိန့်ပေးလိုက်သည်။

Chapter 444

အခြေအနေကိုကြည့်ပြီးနောက် အကြီးအကဲနှစ်ယောက်သည် သူတို့၏အကြည့်များကို အဝေးရှိကောင်းကင်ယံထံသို့ ရွှေ့ပြောင်းလိုက်သည်။

ပိုင်ချင်ရီ၏ဆင့်ခေါ်မှုအောက်တွင် စိတ်ဝိညာဥ်ဖိနှိပ်ခြင်းအပ်နှစ်ချောင်းသည် အာရုံခံမိသည်နှင့် စွမ်းအားများပေါက်ကွဲ၍ မကြာမီမှာပင် ပြန်ရောက်လာမည်ဟု သူတို့ မျှော်လင့်ထားကြသည်။

သို့ရာတွင် အချိန်တစ်ခဏကြာစောင့်ဆိုင်းပြီးသည့်တိုင် ပတ်ဝန်းကျင်ရှိလေဟာနယ်အတွင်းတွင် မည်သည့်လှုပ်ရှားမှုမျိုးမျှမရှိချေ။

"အမ်...."

ပိုင်ချင်ရီက မျက်မှောင်ကြုတ်လိုက်၏။

သူမသည် ရှုပ်ထွေးသောလက်သင်္ကေတများကိုဖွဲ့စည်းလိုက်သည်။ သူမ၏လက်သင်္ကေတများအဆုံးသတ်သွားချိန်တွင် သူမ၏ခန္ဓာကိုယ်တခုလုံး ရုတ်တရက်အေးစက်သွားကာ ဆတ်ခနဲမတ်တတ်ထရပ်လိုက်၏။

"နတ်ဘုရားမိန်းမပျို ဘာ အမှားအယွင်းရှိလို့လဲ"

အကြီးအကဲနှစ်ယောက်က အလျှင်အမြန်မေးမြန်းသည်။

"စိတ်ဝိညာဉ်ဖိနှိပ်ခြင်းအပ်တွေရဲ့ အငွေ့အသက်တွေ လုံးဝပျောက်ကွယ်သွားခဲ့တယ်"

ဒေါသများက ပိုင်ချင်ရီ၏မျက်နှာပေါ်၌ လွှမ်းခြုံနေသည်။

"ဘာ..."

အကြီးအကဲနှစ်ယောက်လုံး အလွန်အမင်းအံ့အားသင့်တုန်လှုပ်သွားသည်။

"ဖြစ်နိုင်တာတော့...အဲ့ဒီလူက စိတ်ဝိညာဥ်ဖိနှိပ်ခြင်းအပ်တွေပေါ်မှာ မင်း ချန်ထားခဲ့တဲ့အရှိန်အဝါကို ဖျက်ပစ်တာများလား"

အကြီးအကဲတစ်ယောက်က ခန့်မှန်း၍ပြောဆိုသည်။

"ပြောဖို့ ခက်တယ်"

ပိုင်ချင်ရီ၏မျက်လုံးများအတွင်းတွင် အလင်းတန်းများ တဖျတ်ဖျတ်တောက်ပလာကွာ သူမက အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။

"ဒါပေမဲ့ ဘာကိစ္စပဲရှိနေနေ...အဲ့ဒီလူက ဘာအသိပေးမှုမှမရှိဘဲနဲ့ စိတ်ဝိညာဥ်ဖိနှိပ်ခြင်းအပ်တွေနဲ့ငါ့ရဲ့အကြားက ဆက်သွယ်မှုကို ဖြတ်တောက်နိုင်မှတော့ သူ့မှာ နည်းလမ်းတချို့တော့ရှိနေမှာပဲ"

"ငါတို့ကိုယ်တိုင်သွားပြီးတော့ အဲ့ဒီလူကို မင်းဆီခေါ်လာခဲ့ရမလား"

အကြီးအကဲနှစ်ယောက်အနက်မှ တစ်ယောက်က အကြံပေးသည်။

"မလိုဘူး"

ပိုင်ချင်ရီက သူမ၏နူးညံသေးသွယ်သောလက်ကို ဝှေ့ယမ်းကာ ပေါ့ပေါ့တန်တန်ပြောဆိုသည်။

"စိတ်ဝိညာဥ်ဖိနှိပ်ခြင်းအပ်နှစ်ချောင်းလောက်ကတော့ ငါ ဆုံးရှုံးခံနိုင်တယ်...ပြီးတော့ အဲဒီလူဆီမှာ နည်းလမ်းတချို့ရှိနေပေမယ့်..သူက ငါ့ရဲ့အာရုံစိုက်မှုကိုရဖို့ မထိုက်တန်ဘူး...ဒါကြောင့် မင်းတို့နှစ်ယောက် ကိုယ်တိုင်သွားပြီးဆောင်ရွက်ဖို့ မတန်ဘူး...အချိန်ကျလာရင် ငါတို့က သူတို့အားလုံးကိုဖမ်းဆီးပြီး ကျေးကျွန်ပြုရမယ်"

"ဒါဆိုရင် နတ်ဘုရားမိန်းမပျို....ငါတို့ ဘာဆက်လုပ်သင့်လဲ"

အကြီးအကဲနှစ်ယောက်က ရိုသေလေးစားစွာမေးမြန်းသည်။

"ငါတို့ကထွက်လာခဲ့ပြီးမှတော့ အဖိုးမတန်တဲ့အရာတချို့ကိုပဲယူပြီး လက်ဗလာနဲ့ပြန်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး...ငါတို့က တခြားတခုခုကိုရအောင်ယူရမယ်"

ပိုင်ချင်ရီသည် မြောက်ပင်လယ်ကုန်းမြေကိုငုံကြည့်ကာ သူမ၏နှုတ်ခမ်းထက်၌ သရော်တော်တော်အပြုံးတစ်ခု ထင်ဟပ်လာသည်။

သူမ၏မျက်လုံးများအတွင်း၌ အထင်အမြင်သေးမှုများနှင့် ပြည့်နှက်နေပေ၏။

"နတ်ဘုရားမိန်းမပျို မင်း ဘာကိုဆိုလိုတာလဲ"

အကြီးအကဲနှစ်ယောက်က သူမကို ကြည့်လိုက်သည်။

"ငါ ဆိုလိုချင်တာက...ခုလိုမျိုး ကျယ်ပြန့်တဲ့ မြောက်ပင်လယ်ကုန်းမြေမှာ ငါတို့လိုအပ်တဲ့အရာတွေ ရှိနေမှာပဲ"

"နင်တို့ရဲ့နောက်ထပ်တာဝန်က မြောက်ပင်လယ်ကုန်းမြေထဲမှာ ရတနာတွေကို ရှာဖွေရမယ်"

"အဲ့ဒီရတနာတွေကို ချိပ်ပိတ်ထားတာပဲဖြစ်ဖြစ် လျှို့ဝှက်နယ်မြေတွေမှာ ပုန်းကွယ်နေတာပဲဖြစ်ဖြစ် ဒါမှမဟုတ် တခြားလူတွေရဲ့လက်ထဲမှာပဲရှိနေနေ...ဒါတွေက ပစ္စည်းကောင်းတွေဆိုတာနဲ့ ငါ့အတွက် ယူလာခဲ့ရမယ်"

ပိုင်ချင်ရီက အေးစက်စက်အပြုံးနှင့်ပြောဆိုသည်။

"နတ်ဘုရားမိန်းမပျို စိတ်အေးအေးထားပါ...ငါတို့က မင်းကြိုက်နှစ်သက်မယ့်အရာတွေကို သေချာပေါက်ယူလာခဲ့မယ်"

အကြီးအကဲနှစ်ယောက်က ရိုသေလေးစားစွာဦးညွတ်အရိုအသေပြုကာ သူတို့၏ပုံရိပ်များ ဖျတ်ခနဲပျောက်ကွယ်သွားပြီး လှေပျံပေါ်မှ ထွက်ခွာသွားတော့သည်။

"သမီး...."

"ငါ့ရဲ့ကျင့်ကြံဆင့် ချိုးဖျက်နိုင်တော့မယ်"

ချင်းနျူဂိုဏ်းအတွင်း၌...

ယဲ့နန်သည် နောက်ထပ်လက်ဖက်ရည်တစ်ခွက်ကို သောက်ပြီးနောက် စိတ်လှုပ်ရှားစွာပြောဆိုလိုက်သည်။

"အဖေ...ကျွန်မလည်း အတူတူပဲ"

ယဲ့ရီသည်လည်း ထပ်တူထပ်မျှ စိတ်လှုပ်ရှားနေပေ၏။

"ဒီလိုဆိုမှတော့ ငါတို့က ဒီနေရာမှာပဲ ကျင့်ကြံဆင့် ချိုးဖျက်လိုက်ကြစို့"

ယဲ့နန်က စိတ်လှုပ်ရှားစွာပြောဆိုသည်။

ထို့နောက် သားအဖနှစ်ယောက်သည် ပလ္လင်ခွေထိုင်ကာ လေးနက်စွာအာရုံစူးစိုက်ခြင်းအဆင့်သို့ ဝင်ရောက်သွားတော့သည်။

ဤအဆင့်သည် သူတို့သားအဖနှစ်ယောက်အတွက် အကြီးမားဆုံး ကျင့်ကြံဆင့်ချိုးဖျက်မှုပင်။

အင်မော်တယ်လမ်းကြောင်း ပြတ်တောက်နေခြင်းကြောင့် အင်မော်တယ်မြစ်ကုန်းမြေအတွင်းတွင် နှစ်ပေါင်းများစွာကြာသည်အထိ အဆင့်မြင့်ဆုံးကျင့်ကြံဆင့်သည် ဒဿမဘဝသိုင်းအင်ပါယာနယ်ပယ်၌သာရှိသည်။

ဤအကန့်အသတ်ကိုချိုးဖျက်နိုင်ခဲ့သော မွန်းစတားအိုကြီးအမြောက်အများရှိသော်လည်း သူတို့သည် အင်မော်တယ်မြစ်ကုန်းမြေ၏လူဦးရေနှင့်နှိုင်းယှဉ်ပါက လူနည်းစုသာဖြစ်ကာ အလွန်အလှမ်းကွာဟသည်။

သို့ရာတွင် ဤအချိန်အခိုက်အတန့်တွင် ယဲ့နန်တို့သားအဖနှစ်ယောက်သည် ထိုနယ်ပယ်အတွင်းသို့ ခြေချနိုင်ခဲ့လေပြီ။

လူသားအင်မော်တယ်နယ်ပယ်မှနေ၍ မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ တက်လှမ်းခြင်းမှာ စွမ်းအားများ တိုးတက်လာရုံသာမက အရည်အသွေးများလည်း ခုန်ပျံကျော်လွား၍​မြင့်တတ်လာခဲ့သည်။

ဤကျင့်ကြံဆင့်ချိုးဖျက်ခြင်းကြောင့် ရုန်းရင်းဆန်ခတ်မှုများ များစွာဖြစ်ပွားသွားခြင်းမရှိချေ။

အကြောင်းအရင်းမှာ အင်မော်တယ်အဆင့်၏အောက်တွင် ကျင့်ကြံဆင့်ချိုးဖျက်ပါက သူတို့သည် အင်မော်တယ်မြစ်ကုန်းမြေ၏ ဥပဒေသစွမ်းအားများကို မှီခိုအားထားရသည်။

အင်မော်တယ်မြစ်ကုန်းမြေအတွင်း၌ မည်သည်အဆင့်ချိုးဖျက်မှုမဆို ကြီးမားသောရုန်းရင်းဆန်ခတ်မှုကြီးကို ဖြစ်ပွားစေသည်။

သို့ရာတွင် အင်မော်တယ်များအတွက်မူ သူတို့သည် သူတို့ကိုယ်တိုင် ကျင့်ကြံနိုင်ကြသည်။

ရှုထောင့်တခုမှကြည့်ပါက သူတို့၏ခန္ဓာကိုယ်များသည် ကမ္ဘာငယ်လေးများနှင့်တူညီနေကာ ထိုအရာအတွင်း၌ အသွင်ပြောင်းလဲမှုများအားလုံးဖြစ်ပွားသည်။

အချိန်တခဏအကြာမှာပင် သားအဖနှစ်ယောက်သည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။

ကြီးမားသောစွမ်းအားရရှိလာခြင်းကြောင့် သူတို့၏မျက်နှာများကို ယုံကြည်ချက်ရှိမှုများဖြင့်တောက်ပနေစေသည်။ သူတို့ထံတွင် ယခင်ကဲ့သို့ သေလုမျောပါးဖြစ်နေပြီး ဆိုးရွားသောပုံပန်းသွင်ပြင်မျိုး ထပ်မံ၍မရှိတော့ချေ။

"အိုး...ဆရာကြီးပြန်လာပြီ"

ထိုအချိန်မှာပင် ယဲ့နန်က အံ့အားတစ်သင့် အော်ဟစ်လိုက်သည်။

ရီဖုန်းသည် ဝူတာအို ယွင်ဝူတို့နှင့်အတူ အဝေးမှပြန်လာသည်ကို သူတို့ မြင်တွေ့မိလေ၏။

သူတို့နှစ်ယောက်သည် ရှေ့သို့အလျင်အမြန်သွားကာ ရီဖုန်းကို ဆီးကြိုနှုတ်ဆက်လိုက်ကြသည်။

"ယဲ့နန်နဲ့ယဲ့ရီတို့က ဆရာကြီးကို အရိုအသေပြုပါတယ်"

သူတို့နှစ်ယောက်က ရိုသေလေးစားစွာ ပြောဆိုသည်။

"ဘာမှ ထုံးတမ်းစဉ်လာတွေ လုပ်နေဖို့မလိုဘူး...ကျေးဇူးပြုပြီးတော့ ထိုင်ကြပါအုံး"

ရီဖုန်းသည် သူတို့၏ရောက်ရှိလာမှုကြောင့် အံ့အားသင့်သွားခြင်းမရှိချေ။ အကြောင်းအရင်းမှာ ယွင်ဝူ၏အိမ်၌ နေ့လည်စာစားပြီးနောက် ထိုသားအဖနှစ်ယောက်သည် သူ ချင်းနျူဂိုဏ်း၌ရှိနေ​သည်ကို သိရှိသွားသောကြောင့်ပင်။

သို့ရာတွင် သူတို့နှစ်ယောက်သည် မထိုင်ဝံ့ချေ။ ​ထိုအစား သူတို့သည် ရီဖုန်းကို စိတ်အားထက်သန်စွာကြည့်ကာ သူတို့၏ခန္ဓာကိုယ်များကိုညွှတ်ကိုင်းပြီး အရိုအသေပြုလိုက်ကြ၏။

"ဆရာကြီးရဲ့ အသက်ကယ်တင်ခဲ့တဲ့ကျေးဇူးကို ငါတို့က ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး"

ရိုးသားဖြူစင်သောစကားများသည် သူတို့၏ပါးစပ်များမှ ထွက်ပေါ်လာကာ ရီဖုန်းကို ပြောစရာစကားမဲ့သွားစေသည်။

ဤသားအဖနှစ်ယောက်သည် အမှန်တကယ်ကိုပင်....

ဤသည်မှာ သူ ယဲ့ရီကို တကြိမ်ကယ်တင်ခဲ့ရုံသက်သက်မဟုတ်လော...

သူတို့သည် တွေ့ဆုံချိန်တိုင်း ဤမျှထိကျေးဇူးတင်ကြောင်း ဖော်ပြနေရန် လိုအပ်သလော.....

သူတို့၏ကျေးဇူးသိတတ်မှုကို သူ နားလည်သဘောပေါက်သော်လည်း ရီဖုန်းက ဤသည်မှာအလွန်အကျွံ ယဉ်ကျေးသိမ်မွေ့မှုမျိုးဖြစ်နေသည်ဟု ခံစားမိလေ၏။

"အတိတ်က ကိစ္စတွေကို ထပ်ပြီးပြောနေစရာမလိုတော့ဘူး...ဒါက ကိစ္စကြီးတစ်ခုမဟုတ်ဘူး....ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှစိုးရိမ်မနေကြနဲ့"

ရီဖုန်းက နူးညံ့ညင်သာစွာ ပြောဆိုသည်။

"ပြီးတော့ မင်းတို့က အဲ့ဒီကိစ္စကို စိတ်ထဲမထားကြနဲ့တော့"

ယဲ့နန်နှင့်ယဲ့ရီတို့သည် ချက်ချင်းဆိုသလိုပင် သူတို့၏ပါးစပ်များကို ပိတ်လိုက်ကြ၏။

ကြည့်ရသည်မှာ ဆရာကြီးသည် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သတိပြုမိပုံရသည်။

သို့ရာတွင် ရီဖုန်း၏လျစ်လျူရှုထားသောလေသံကိုကြားချိန်တွင် သူတို့သည် စိတ်ခံစားချက်တစ်ခုကို ခံစားမိလေ၏။

ဆရာကြီးသည် အမှန်တကယ်ကို တစ်ခုခုပင်။

သူသည် ကြီးမားသောကပ်ဘေးလက်နက်ကြီးဖြစ်သည့် ဒဏ္ဍာရီလာစိတ်ဝိညာဉ်ဖိနှိပ်ခြင်းအပ်ကို လက်ဖက်ရည်တစ်ခွက်နှင့် ​ချေဖျက်နိုင်ခဲ့သော်လည်း ပေါ့ပေါ့ပါးပါးစကားများကိုသာ ပြောဆိုနေခဲ့သည်။

"အော် စကားမစပ်...ယွင်ဝူ...မင်းက ပုံတူပန်းချီဆွဲချင်နေတာမလား...ငါနဲ့ဝူတာအိုက ဘာမှစိတ်ဝင်စားစရာရှိမှာ မဟုတ်ဘူး....မင်း ဘာလို့မိန်းကလေးယဲ့ရီကို အကူအညီတောင်းမကြည့်တာလဲ"

ရီဖုန်းက ပြောဆိုသည်။

"ကောင်းတယ်....မိန်းကလေးယဲ့ရီက အရမ်းလှတယ်...ကျွန်မက သူ့ရဲ့ပန်းချီကားကို ဆွဲချင်နေတာ အချိန်အတော်ကြာနေပြီ"

ယွင်ဝူက စိတ်လှုပ်ရှားစွာဖြင့်လက်ခုပ်လက်ဝါးတီးကာ ချီးမွမ်းစကားပြောဆိုလိုက်သည်။

"ဒါဆိုရင် ငါက မိန်းကလေးယဲ့ရီကို ဒုက္ခပေးရတော့မယ်"

ရီဖုန်းက ပြုံးလိုက်၏။

"ဆရာကြီးက အရမ်း​ကြင်နာတတ်တာပဲ... ဆရာကြီးနဲ့မိန်းကလေးယွင်တို့ကို ကူညီပေးရတာ ငါ့အတွက် ဂုဏ်ယူစရာတစ်ခုပါပဲ"

ယဲ့ရီသည် သူမကိုယ်သူမ သပ်သပ်ရပ်ရပ်ဖြစ်အောင် အလျင်အမြန်ပြုလုပ်ကာ ရီဖုန်း၏ညွှန်ကြားချက်အတိုင်း နံဘေးတစ်ဖက်၌ ထိုင်လိုက်သည်။

ရီဖုန်း၏လမ်းညွှန်မှုအောက်တွင် ယွင်ဝူသည် ယဲ့ရီ၏ပုံပန်းသွင်ပြင်ကို တဖြည်းဖြည်းကောက်ကြောင်းဖော်လေသည်။ ယွင်ဝူသည် ယဲ့ရီ၏တင့်တယ်လှပသော ကိုယ်နေဟန်ထားကိုဖမ်းဆုပ်နိုင်ခဲ့လေ၏။

ဤသည်မှာ ယွင်ဝူထံတွင် ပန်းချီပညာရပ်၌ ပါရမီအရေးအချင်းတချို့ရှိနေကြောင်း သက်သေပြမှုပင်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားလေပြီ။

နောက်ဆုံး၌ အချိန်တစ်နာရီခန့်ကြာပြီးနောက် သူမ၏လက်ပေါ်တွင် မေးထောက်ထားတာ အနားယူနေသော အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးတစ်ယောက်၏ရုပ်ပုံက ပန်းချီကားအတွင်း၌ ကွက်ကွက်ကွင်းကွင်းနှင့်အသက်ဝင်စွာထွက်ပေါ်လာသည်။

"ယွင်ဝူက ပန်းချီဆွဲတဲ့နေရာမှာ တကယ့်ကိုထူးချွန်တာပဲ"

ထိုပုံတူ အဆုံးသတ်သွားသည်ကိုကြည့်ပြီးနောက် ယဲ့နန်နှင့်ယဲ့ရီတို့သည် သူတို့၏ခေါင်းများကို နီးကပ်စွာတိုးကြည့်လိုက်ကာ သူတို့၏ချီးမွမ်းလိုစိတ်များကို ထိန်းချုပ်ထားနိုင်စွမ်းမရှိတော့ချေ။

သူတို့အား ပို၍အံ့အားသင့်သွားစေသောအချက်မှာ ဤပန်းချီကားသည်လည်း ယခင်တစ်ခုကဲ့သို့ပင် မဟာတာအို၏စွမ်းအား ပမာဏတချို့ပါဝင်နေခြင်းပင်။

"ဆရာ ဘယ်လိုလဲ...ကျွန်မက ပန်းချီဆွဲတာကိုကောင်းကောင်းလုပ်နိုင်တယ် မဟုတ်လား"

ယွင်ဝူသည် စိတ်လှုပ်ရှားစွာဖြင့် ရီဖုန်းထံမှ အသိအမှတ်ပြုမှုကို တောင်းခံခဲ့သည်။

"မဆိုးပါဘူး"

ရီဖုန်းက ပြုံးကာ ချီးမွမ်းစကားပြောဆိုသည်။

"ဒါပေမဲ့ ဒါက ဆွဲဆောင်မှုကင်းမဲ့နေတယ်"

ထိုစကားကိုပြောဆိုပြီးနောက် ရီဖုန်းသည် စုတ်တံကိုကောက်ယူကာ ပန်းချီကားပေါ်၌ စုတ်ချက်တချို့ကို ရေးဆွဲလိုက်သည်။

ဤစုတ်ချက်များသည် ပြီးပြည့်စုံသောထိတွေ့မှုအလားပင်။

ပန်းချီကားအတွင်းရှိ ယဲ့ရီ၏ဆွဲဆောင်နိုင်မှုကို အပြည့်အဝဖော်ကျူးနိုင်လေ၏။

နံဘေးတွင်ရှိနေသော ယဲ့နန်နှင့်ယဲ့ရီတို့သည် အံ့အားသင့်တုန်လှုပ်မှုကြောင့် သူတို့၏ပါးစပ်များကို ဖုံးအုပ်လိုက်ကြသည်။

အကြောင်းအရင်းမှာ ဤစုတ်ချက်များကိုရေးဆွဲပြီးနောက် ပန်းချီကားပေါ်တွင် ရွှေရောင်အလင်းတန်းတစ်တန်း ထင်ဟပ်လာကြောင်း သူတို့ ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသောကြောင့်ပင်။

တစ်ချိန်တည်းမှာပင် ပန်းချီကား၏ အရည်အသွေးသည်လည်း အဆင့်များစွာမြင့်တက်သွားကာ မဟာတာအို၏စွမ်းအားများ ပေါကြွယ်ဝစွာ ပါဝင်နေသည်။

ပန်းချီကားအတွင်းရှိ ယဲ့ရီသည် ရှေးဟောင်းထိပ်သီးတည်ရှိမှုကြီးတစ်ခုနှင့် များစွာပို၍တူညီနေပေ၏။ ထိုနေရာ၌ထိုင်နေသော သူမသည်နူးညံ့သိမ်မွေ့ပြီး လှပပုံရသော်လည်း လောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါတစ်ရပ် ရောယှက်နေကာ ပန်းချီကားအတွင်းမှအချိန်မရွေး ထွက်လာတော့မည်အလားပင်။

မည်သည့်ရှုထောင့်မျှကြည့်သည်ဖြစ်စေ ပန်းချီကားအတွင်းမှ သူမ၏အကြည့်သည် စူးရှပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ရာပင်။

ယဲ့ရီသည် ပန်းချီကားကိုစူးစိုက်ကြည့်ပြီးနောက် ထိုအရာအတွင်းရှိလူသည် သူမကိုယ်တိုင်ဖြစ်သည်ကို ယုံကြည်နိုင်စွမ်းမရှိတော့ချေ။

ပန်းချီကားအတွင်းရှိ အမျိုးသမီးနှင့် နှိုင်းယှဉ်ပါက အစစ်အမှန်ဖြစ်သော သူမသည် နိမ့်ကျနေပေ၏။

"ငါ ဒီစုတ်ချက်တွေကို ဘာလို့ထပ်ဖြည့်လိုက်တယ်ဆိုတဲ့ အကြောင်းအရင်းကို မင်းနားလည်လား"

ရီဖုန်းက ယွင်ဝူကို မေးမြန်းသည်။

"ဟီး...ဟီး..."

ယွင်ဝူက ခေါင်းကုတ်နေကာ သူမသည် ထိုအရာကို နားလည်သဘောပေါက်ပုံရသော်လည်း အတိအကျပြောနိုင်ခြင်းမရှိချေ။

ရီဖုန်းက ခပ်ဖျော့​ဖျော့ပြုံးလိုက်၏။

သူသည် ယွင်ဝူကို အတင်းအကြပ်မေးမြန်းခြင်းမပြုချေ။

ဤသည်မှာ တဖြည်းဖြည်းဖြင့် နားလည်သဘောပေါက်နိုင်သော တစ်စုံတစ်ခုပင်။

"မိန်းကလေးယဲ့....တကယ်လို့ မင်း ဒီပန်းချီကားကို သဘောကျတယ်ဆိုရင်..ငါ မင်းကို ပေးမယ်"

ရီဖုန်းက ပြုံးရယ်ကာ သူ့၏နံဘေးရှိ ယဲ့ရီကို ပြောဆိုလိုက်သည်။

"အမ်...ဒါက ငါ့ကိုပေးတာလား"

"ဒါက တကယ်ပဲလား"

ယဲ့ရီသည် ထိတ်လန့်တကြားဖြစ်နေကာသူမ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေသည်။

"ဒါက ပန်းချီကားလေးတချပ်ပဲလေ..ဘာမှထူးထူးခြားခြား မဟုတ်ဘူး...မင်းရဲ့ကူညီပေးမှုအတွက် ကျေးဇူးတင်တဲ့အနေနဲ့ ပေးတာပါ... ကျေးဇူးပြုပြီးတော့ ဒါကို လက်ခံပေးပါ"

ရီဖုန်းက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။

"ဆရာကြီးကို ကျေးဇူးတင်ပါတယ်"

ယဲ့ရီသည် ပုံတူပန်းချီကားကို သူမ၏လက်နှစ်ဖက်ဖြင့်ယူဆောင်ကာ သူမ၏စိတ်နှလုံးသားအတွင်းတွင် ရီဖုန်းကို ကျေးဇူးတင်စိတ်များဖြင့် ပြည့်နှက်နေသည်။

"စကားမစပ်..ငါ့မှာ မင်းတို့ရဲ့အကူအညီကိုလိုအပ်တဲ့ ကိစ္စတစ်ခု ရှိနေတယ်"

ရီဖုန်းသည် တစ်စုံတစ်ခုကို အမှတ်ရသွားပြီးနောက် ထပ်မံ၍ပြောဆိုသည်။

"ကျေးဇူးပြုပြီးတော့ ပြောသာပြောပါဆရာကြီး"

သူတို့နှစ်ယောက်သည် နံဘေးတစ်ဖက်၌ ရိုသေလေးစားစွာ မတ်တတ်ရပ်လိုက်၏။

"ယွင်ဝူရဲ့မိဘနှစ်ပါးကို ဂရုစိုက်ပေးလိုက်ပါ...ပြီးတော့ သူတို့ဆီကို မင်းတို့ မကြာခဏ သွားလည်ပေးပါလား"

ရီဖုန်းက နူးညံညင်သာစွာ ပြောဆိုသည်။

မည်သို့ပင်ဆိုစေကာမူ အချိန်တစ်ခုကြာပြီးနောက် သူသည် ယွင်ဝူကို ဒုန်ရှန်းကျိုးနယ်မြေသို့ခေါ်ဆောင်သွားရန် တွေးတောထားသည်။ အကယ်၍ နောက်၌ကျန်ခဲ့သော လူကြီးနှစ်ယောက်ကို ဂရုစိုက်ပေးရန် တစ်စုံတစ်ယောက်ရှိနေပါက များစွာပို၍အဆင်ပြေသွားပေမည်။

"ဆရာကြီး ဘယ်လိုပြောလိုက်တာလဲ...ဒါက ငါတို့ လုပ်သင့်တဲ့ကိစ္စပဲလေ...ငါတို့က သူတို့ကိုကောင်းကောင်းစောင့်ရှောက်ပေးမယ်လို့ ကတိပေးပါတယ်"

ယဲ့နန်က ကတိပေးလိုက်၏။

ထိုမြင်ကွင်းကိုကြည့်ပြီး ရီဖုန်းသည် ခေါင်းညိတ်ပြကာ သူ့၏မျက်နှာပေါ်တွင် စိတ်ကျေနပ်သွားသောအပြုံးတစ်ခု ထင်ဟပ်လာသည်။

အချိန်တစ်ခဏကြာစောင့်ဆိုင်းပြီးသည့်တိုင် ယဲ့နန်နှင့်ယဲ့ရီတို့သည် ရီဖုန်းထံမှနေ၍ ပိုင်ချင်ရီနှင့်ပတ်သက်သည့် တစ်စုံတစ်ရာကို ထုတ်ဖော်ပြောဆိုသည်အား မကြားရချေ။

ကြည့်ရသည်မှာ ရီဖုန်းသည် ပိုင်ချင်ရီနှင့်ပတ်သက်ပြီး အမှန်တကယ်ကိုဂရုစိုက်ပုံမရပေ။

ထိုကြောင့် ဤနေရာတွင် သူတို့ဆက်နေရန်မလိုတော့သဖြင့် နှုတ်ဆက်ကာ ချင်းနျူဂိုဏ်းမှ ထွက်ခွာခဲ့တော့သည်။

"မင်းတို့နှစ်ယောက်လုံးကို နှုတ်ဆက်ပါတယ်"

"ဒါပေမဲ့ ငါ ခုဏကပြောတဲ့ကိစ္စကို မှတ်ထားကြအုံး"

"မေ့မသွားကြနဲ့"

ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။

"စိတ်အေးအေးထားပါ ဆရာကြီး"

သူတို့နှစ်ယောက်သည် ဦးညွတ်အရိုအသေပြုပြီးနောက် ရီဖုန်း၏ညွှန်ကြားချက်အတိုင်း ပိုင်အာမြို့ထံသို့ ဦးတည်၍ ထွက်ခွာခဲ့တော့သည်။

Chapter 445

ထိုအချိန်မှာပင် အလင်းတန်းလေးတန်းကမိုးကောင်းကင်ယံကို ဖြတ်သန်းသွားသည်။

သူတို့သည် မြောက်ပင်လယ်ကုန်းမြင့်၏ မဟာဂိုဏ်းချုပ်လေးယောက်ပင်။

"ငါက အစတုန်းကတော့ အဲ့ဒီလူအိုကြီးယဲ့နန်ရဲ့အလောင်းကို ကောက်ပေးချင်ခဲ့တာ...ဒါပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်ကို ဘယ်နေရာမှာမှ ငါရှာမတွေ့ဘူး...ဒါက တကယ့်ကို ထူးဆန်းတယ်"

ကျန်းဟန်ထျန်းက စိတ်ပျက်အားငယ်စွာဖြင့် သက်ပြင်းရှိုက်လိုက်၏။

ထိုစကားကိုကြားချိန်တွင် တခြားလူများသည်လည်း သက်ပြင်းရှိုက်လိုက်သည်။

သူတို့နှင့်ယဲ့နန်အကြားတွင် နက်ရှိုင်းသောဆက်ဆံရေးမရှိသော်လည်း မြောက်ပင်လယ်ကုန်းမြေ၌ဖြစ်ပေါ်လာသော ကပ်ဘေးကြီးကြောင့် နောက်အနာဂတ်တွင် သူနှင့်သူတို့သည် ဆန့်ကျင်ဘက်ဖြစ်နေမည် မဟုတ်ကြောင်း အတိအကျပြောဆိုနိုင်သည်။

"ကျန်းဟန်ထျန်း....ချင်းနျူဂိုဏ်းမှာရှိတဲ့ စီနီယာက ပိုင်ချင်ရီနဲ့ယှဉ်ပြိုင်မယ်ဆိုရင်...ဘယ်လိုဖြစ်လာမယ်လို့ နင်ထင်လဲ"

လျှူကူရီက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။

"ဘယ်သူ သိနိုင်မှာလဲ"

ကျန်းဟန်ထျန်းက ခါးသည်းသောအပြုံးတစ်ခုကို အားယူပြုံးကာပြောဆိုသည်။

"အရင်က ယီရှင်းတောင်ကြားထဲမှာရှိတဲ့ ဝင်္ကပါတွေကိုဖျက်ဆီးခဲ့တာအပြင်....ငါက သူ့ရဲ့စွမ်းအားဆိုလို့ မြွေသားစွပ်ပြုတ်အိုးကိုပဲ မျက်မြင်ကိုယ်တွေ့ကြုံဖူးတယ်... ဒါကြောင့် သူအမှန်တကယ်လှုပ်ရှားမှုလုပ်တဲ့အချိန်ကျရင် သူ့မှာ ဘယ်လောက်ထိ အစွမ်းအစရှိတယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"

"ပြီးတော့ ပိုင်ချင်ရီရဲ့စွမ်းအားက..."

ထိုအချက်ကိုပြောဆိုချိန်တွင် ကျန်းဟန်ထျန်း၏ခန္ဓာကိုယ် ကူကယ်ရာမဲ့စွာဖြင့် တုန်ရီသွားသည်။

သူသည် လူသားအင်မော်တယ်နယ်​ပယ်သို့ရောက်နေသူဖြစ်သည့်တိုင် ပိုင်ချင်ရီ၏ရှေ့၌ သူသည် ပုရွက်ဆိတ်တစ်ကောင်အလားပင်။

"ဒါက အခွင့်အရေး ငါးဆယ် ခြောက်ဆယ်ပဲ"

ကျန်းဟန်ထျန်းက ထပ်မံ၍ပြောဆိုသည်။

"ဘယ်သူက ငါးဆယ်...ဘယ်သူက ခြောက်ဆယ်လဲ"

တခြားလူသုံးယောက်က စိတ်လှုပ်ရှားစွာဖြင့်မေးမြန်းသည်။

"ဒါကို မင်းတို့ရဲ့စိတ်တွေထဲမှာ သိနေမှာပါ"

ကျန်းဟန်ထျန်းသည် အချိန်တစ်ခဏကြာရပ်တန့်ပြီးနောက် သက်ပြင်းတချက်ရှိုက်ကာ ဆက်လက်၍ပြောဆိုလိုက်၏။

"ဘယ်သူကငါးဆယ် ဘယ်သူကခြောက်ဆယ်လဲဆိုတာ မင်းတို့ သိမှာပါ"

သူတို့သုံးယောက်၏မျက်နှာများပေါ်တွင် သုန်မှုန်နေသောအမူအယာများ ထင်ဟပ်လာသည်။

အမှန်တကယ်ကိုပင်....

မည်သူကငါးဆယ်ဖြစ်ပြီး မည်သူကခြောက်ဆယ်ဖြစ်သည်ကို သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ သိရှိထားလေ၏။

ချင်းနျူဂိုဏ်းအတွင်းမှ စီနီယာသည်အစွမ်းထက်ပုံရသော်လည်း လူအများကိုလက်တစ်ဖက်ဝှေ့ယမ်းရုံဖြင့် သတ်ဖြတ်နိုင်သောပိုင်ချင်ရီနှင့်နှိုင်းယှဉ်ပါက သူသည် အနည်းငယ်အားနည်းနေပေမည်။

ထို့ပြင်....

ပိုင်ချင်ရီသည် တစ်ကိုယ်တော်ကျင့်ကြံသူမဟုတ်ချေ။

သူမသည် ပိုင်ယန်နန်းတော်တခုလုံးကို ကိုယ်စားပြုသူပင်။

သူမ၏နောက်တွင် မည်သည့်အစွမ်းထက်ကျင့်ကြံသူများ ပုန်းကွယ်နေမည်ကို မည်သူသိနိုင်မည်နည်း။

"ဒါဆိုရင် မြောက်ပင်လယ်ကုန်းမြေမှာရှိတဲ့ ငါတို့တွေအားလုံးက နောင်အနာဂတ်မှာ တခြားလူတွေရဲ့ကျွန်တွေ ဖြစ်သွားတော့မှာလား"

ယွင်ထန်းလုံက စိတ်ပျက်လက်ပျက်အမူအယာဖြင့် ပြောဆိုသည်။

တခြားလူများသည် တိတ်ဆိတ်ငြိမ်သက်သွားကာ အခြေအနေလေးနက်စပြုလာသည် လူတိုင်းသည် သူတို့၏နှလုံးသားများအတွင်းမှနေ၍ ပြင်းထန်သောသိမ်ငယ်မှုကို ခံစားနေရသည်။

"လူအိုကြီးယဲ့နန်ကို ထပ်ရှာကြစို့...အနည်းဆုံးတော့ ငါတို့က သူ့ကို ကောင်းကောင်းမွန်မွန်မြှုပ်နှံပေးလို့ရတယ်"

လီချန်းဟိုင်က အကြံပြုလေ၏။

"မေ့လိုက်တော့....ငါတို့က ချင်းနျူဂိုဏ်းကို ထပ်ပြီးသွားစရာမလိုတော့ဘူး...သူက မြောက်ပင်လယ်ကုန်းမြေကမဟုတ်တော့..ငါတို့ရဲ့အခက်အခဲတွေကြားမှာ သူ ဝင်ပါမှာမဟုတ်ဘူး"

လျှူကူရီက သူမ၏ခေါင်းကို ခါယမ်းကာပြောဆိုသည်။

"ပြီးတော့ သူက အဲ့ဒီနေရာမှာ ရှိချင်မှတောင်ရှိတော့မှာ...ပိုင်ချင်ရီထွက်ပေါ်လာတဲ့အချိန်ကတည်းက သူ မြောက်ပင်လယ်ကုန်းမြေကနေ ထွက်သွားပြီးဖြစ်မှာကို ငါ စိုးရိမ်မိတယ်"

"ကောင်းပြီလေ...ငါတို့ လူအိုကြီးယဲ့နန်ကို ဆက်ရှာကြစို့...ငါတို့က သူ့ကိုရှာနေတာ အချိန်တော်တော်ကြာနေပြီ....ဒါပေမယ့် အခုထိ သူ့ကိုရှာမတွေ့သေးဘူး"

ကျန်းဟန်ထျန်းသည် သူ့၏လင်းယုန်တကောင်ကဲ့သို့ စူးရှသောမျက်လုံးဖြင့် ပတ်ဝန်းကျင်ကိုစစ်ဆေးပြီးနောက် ကူကယ်ရာမဲ့စွာပြောဆိုသည်။

"အဲ့ဒီကောင်ယဲ့နန်က တော်တော်လေးထူးဆန်းတယ်...သူက ချင်းနျူဂိုဏ်းမှာရှိတဲ့ စီနီယာနဲ့ရင်းနှီးတာနဲ့ပဲ အရာရာတိုင်းကို ဖြေရှင်းလို့ရပြီလို့ ထင်နေပုံရတယ်....ဒါပေမဲ့ ပိုင်ချင်ရီကအရမ်းကြီးလွှမ်းမိုးချုပ်ကိုင်နိုင်မယ်လို့ ဘယ်သူက သိမှာလဲ...ဒါကြောင့် သူ ဒီလိုမျိုး အဆုံးသတ်သွားရတယ်"

လီချန်းဟိုင်က သက်ပြင်းတစ်ချက်ရှိုက်ကာပြောဆိုသည်။

တခြားလူများလည်း တိတ်ဆိတ်ငြိမ်သက်သွားကာ ခေါင်းညိတ်လိုက်ကြ၏။

မည်သူက ဤကိစ္စကို ငြင်းဆန်နိုင်မည်နည်း...

အကယ်၍ ယဲ့နန်သည် အစကတည်းကလိုက်လျောညီထွေဖြစ်အောင်နေခဲ့ပါက သူသည် ဤကဲ့သို့အဆုံးသတ်မျိုးဖြင့် ကြုံတွေ့ရမည့်မဟုတ်ချေ။

"မင်းတို့လေးယောက် ဘာလုပ်နေကြတာလဲ"

ထိုအချိန်မှာပင် အသံတစ်သံက သူတို့၏အထက်မှ ထွက်ပေါ်လာသည်။

ထို့အသံကိုကြားချိန်တွင် သူတို့လေးယောက်သည် ချက်ချင်းကြက်သေသေသွားလေ၏။

သူတို့သည် အထက်သို့မော့ကြည့်လိုက်ရာ ယဲ့နန်တို့သားအဖသည် လေထုအတွင်း၌မတ်တတ်ရပ်ကာ သူတို့အား မြင့်မာသောနေရာမှ ငုံကြည့်နေသည်ကို တွေ့မြင်မိသည်။

"ယဲ့....ယဲ့...ယဲ့နန်....မင်း...မင်း မသေဘူးလား"

သူတို့မြင်တွေ့လိုက်ရသည်မှာ အမှန်တကယ်ကို ယဲ့နန်ဖြစ်နေသည်။ သူတို့လေးယောက်သည်သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား စူးစိုက်၍ကြည့်နေကြကာ သူတို့ထံတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

"ဟမ့်...ဘာလို့ ငါက သေရမှာလဲ"

ယဲ့နန်၏မျက်နှာ တင်းမာသွားကာ သူကအေးစက်စက်အော်ငေါက်လိုက်၏။

"ဒါပေမဲ့ နင်က ဘယ်လိုလုပ်ပြီးတော့...စိတ်ဝိညာဉ်ဖိနှိပ်ခြင်းအပ်တွေက နင့်ပေါ်ကို သက်ရောက်မှုမရှိတော့တာလဲ...ဘာလို့ နင်အပြည့်အဝ ကောင်းမွန်နေတာလဲ"

လျှူကူရီက မမေးမြန်းဘဲ မနေနိုင်တော့ချေ။

"ဟမ့်....စိတ်ဝိညာဉ်ဖိနှိပ်ခြင်းအပ်တွေလား"

ယဲ့နန်က အထင်အမြင်သေးစွာဖြင့် လှောင်ပြောင်သရော်ကာ နှာတချက်မှုတ်ပြီးပြောဆိုသည်။

"အဲဒါလေးတွေက ကလေးကစားစရာလေးတွေပဲလေ ဘာ ကိစ္စကြီးမလို့လဲ"

"အရေးမပါတဲ့ဟာကို ရေးကြီးခွင်ကျယ်လုပ်နေတာပါလား"

ဂိုဏ်းချုပ်လေးယောက်သည် မတ်တတ်ရပ်နေကြကာ သူတို့၏မျက်နှာအမူအယာသည် ရှုပ်ထွေးပြီး အမျိုးမျိုးပြောင်းလဲနေပေ၏။

ယခင်က ယဲ့နန်သည် လှေပျံပေါ်၌ ဤကဲ့သို့ပုံစံမျိုးမဟုတ်ဘဲ ကြည့်ရက်စရာပင်မရှိသည် အလွန်သနားစဖွယ် မြင်ကွင်းတစ်ခုပင်။

သို့သော် ယခုအချိန်၌ သူ၏လေသံတွင် မောက်မာထောင်လွှားမှုများနှင့် ပြည့်နှက်နေကာ စိတ်ဝိညာဥ်ဖိနှိပ်ခြင်းအပ်၏ ခြိမ်းခြောက်နိုင်မှုသည် သူ့အတွက် ကလေးကစားစရာကိစ္စမျှသာ ရှိသည့်အလားပင်။

ယဲ့နန်...

သူ မည်သည့်အရာများကို ကြုံတွေ့ခဲ့ရသနည်း။

ဂိုဏ်းချုပ်လေးယောက်သည် မစဉ်းစားဘဲမနေနိုင်တော့ချေ။

"မင်းတို့လေးယောက်က ဂုဏ်သတင်းကြီးမားတဲ့ဂိုဏ်းတွေရဲ့ဂိုဏ်းချုပ်တွေလေ....လောကကြီးကို အရင်ကမမြင်ဘူးတဲ့ လူတွေလိုမျိုး လုပ်မနေကြစမ်းနဲ့...အခုလိုမျိုး ဘာမဟုတ်တဲ့ စိတ်ဝိညာဥ်ဖိနှိပ်ခြင်းအပ်လေးတွေနဲ့ မင်းတို့က ရေးကြီးခွင်ကျယ်လာလုပ်နေတယ်"

ယဲ့နန်သည် တင်းမာခက်ထန်သောမျက်နှာဖြင့်ဆူပူကြိမ်းမောင်းကာာ သူ၏မုတ်ဆိတ်မွှေးများကို ပွတ်သပ်လိုက်သည်။ ထို့နောက် သူကဆက်လက်၍ ပြောဆိုသည်။

"ငါ့မှာ လုပ်စရာကိစ္စတွေ ရှိနေသေးတယ်..မင်းတို့နဲ့စကားပြောနေဖို့ အချိန်မရှိဘူး....ဒါပဲ"

"သမီး သွားကြစို့"

"ဟုတ်ကဲ့ အဖေ"

ထိုသို့ပြောဆိုပြီးနောက် သူတို့နှစ်ယောက်သည် အစွမ်းထက်သောအရှိန်အဝါတစ်ရပ်ကို ထုတ်လွှက်ကာ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သာမန်မျက်စိဖြင့် မြင်နိုင်စွမ်းမရှိသောအရှိန်မျိုးဖြင့် ပျောက်ကွယ်သွားတော့သည်။

ဂေ့...

ဤမြင်ကွင်းကိုကြည့်ပြီး မဟာဂိုဏ်းချုပ်လေးယောက်၏ လည်ပင်းများအတွင်းမှနေ၍ ဘဲတစ်ကောင်၏အော်သံနှင့်တူသော အသံတစ်သံပဲ့တင်ထပ်လာသည်။

ကျန်းဟန်ထျန်းသည် သူတို့နှစ်ယောက် ထွက်ခွာသွားသောနေရာသို့ လက်ညှိုးညွှန်ကာ အထစ်ထစ်အငေါ့ငေါ့ပြောဆိုသည်။

"မြေ...မြေကမ္ဘာ..အဲ့ဒီကောင်က မြေကမ္ဘာအင်မော်တယ်တစ်ယောက်ဖြစ်နေပြီ"

သူတို့လေးယောက်၏စိတ်နှလုံးသားများ အချိန်အတော်ကြာသည်အထိ တည်ငြိမ်နိုင်ခြင်းမရှိတော့ချေ။

ယဲ့နန်သည် သေဆုံးရတော့မည်ဟု သူတို့တွေးတောထားကာ သူ့၏အလောင်းကို ကူညီ၍မြှုပ်နှံပေးရန်အတွက် သူတို့ ဆုံးဖြတ်ခဲ့ကြသည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ယဲ့နန်သည် မည်သည့်ကိစ္စမျှမဖြစ်ပွားခဲ့သည့်အပြင် သူသည် ပို၍မြင့်မားသော ကျင့်ကြံဆင့်နယ်ပယ်သို့ တက်လှမ်းသွားနိုင်ခဲ့သလော....

"သူတို့က အဲ့ဒီနေရာက လာတာပဲ"

လျှူကူရီသည် ဦးတည်ချက်တစ်နေရာသို့ကြည့်ကာ အဓိပ္ပာယ်အပြည့်ပါသောလေသံဖြင့် ပြောဆိုသည်။

"ချင်းနျူဂိုဏ်းက စီနီယာပဲ"

တခြားလူများသည်လည်း ချက်ချင်းနားလည်သဘောပေါက်သွားသည်။

"ဒါက အဲ့ဒီကိစ္စကိုရှင်းပြနိုင်တဲ့ တစ်ခုတည်းသောအချက်ပဲ"

လျှူကူရီက ရှုပ်ထွေးနေသောမျက်နှာအမူအယညဖြင့် ပြောဆိုသည်။

"ကြည့်ရတာတော့ ငါတို့က ချင်းနျူဂိုဏ်းကစီနီယာကို လျှော့တွက်ခဲ့မိပုံပဲ...သူက ယဲ့နန်တို့သားအဖဆီက စိတ်ဝိညာဉ်ဖိနှိပ်ခြင်းအပ်တွေကိုတကယ်ကြီး ဖယ်ရှားပေးနိုင်ခဲ့တယ်"

"အခု ငါတို့ ဘာဆက်လုပ်ကြမလဲ"

ကျန်းဟန်ထျန်းက စိုးရိမ်ပူပန်တကြီး မေးမြန်းသည်။

"ငါတို့ အဲ့ဒီစီနီယာကို သွားရှာကြမလား"

"အဲ့ဒီကိစ္စကို သေချာစဉ်းစားကြရအောင်"

လျှူကူရီက သူမ၏လက်ကို ဝှေ့ယမ်းကာပြောဆိုသည်။

"စိတ်ဝိညာဥ်ဖိနှိပ်ခြင်းအပ်တွေ ဖယ်ရှားခံလိုက်တဲ့ကိစ္စကို ပိုင်ချင်ရီက သတိပြုမိမှာသေချာပေါက်ပဲ...သူတို့နှစ်ယောက်ရဲ့ကြားက တိုက်ပွဲက အရမ်းပြင်းထန်လိမ့်မယ်...ဒါကြောင့်ငါတို့က တစ်ဖက်ဖက်ကို ရွေးချယ်ဖို့ဆိုတာ အရမ်းအရေးကြီးတယ်"

ထိုစကားကိုကြားချိန်တွင် တခြားသူများသည်လည်း မျက်မှောင်ကြုတ်ကာ လေးလေးနက်နက်စဉ်းစားလိုက်၏။

အမှန်တကယ်ကိုပင်.....

စိတ်ဝိညာဥ်ဖိနှိပ်ခြင်းအပ်များသည် ဆရာကြီးနှစ်ယောက်အကြားမှ သွေးတိုးစမ်းမှုတစ်ခုပင်။

ချင်းနျူဂိုဏ်းမှ စီနီယာသည် ထိုအရာကို ဂရုမစိုက်လျှင်ပင် ပိုင်ချင်ရီ၏ရက်စက်ကြမ်းကြုတ်မှု​ဖြင့် ဤကိစ္စကို လွယ်လင့်တကူလက်လျှော့မည်မဟုတ်ချေ။

အကယ်၍ ပိုင်ချင်ရီက သူတို့လေးယောက်သည် ချင်းနျူဂိုဏ်းမှစီနီယာနှင့် နီးစပ်နေသည်ကို သိရှိသွားပါက အကယ်၍ သူ ရှုံးနိမ့်သွားလျှင် သူတို့သည်လည်း ကပ်ဘေးတစ်ခုဖြင့် ရင်ဆိုင်ရပေမည်။

သူတို့သည် တစ်ကိုယ်တော်သမားများဖြစ်ကာ ဖြစ်နေပါက ချင်းနျူဂိုဏ်းမှ အစွမ်းထက်သောစီနီယာဘက်ကိုရွေးချယ်သည်မှာ ဥာဏ်ပညာရှိသောရွေးချယ်မှုဖြစ်ပေမည်။

မည်သို့ပင်ဆိုစေကာမူ မည်သူတစ်ဦးတစ်ယောက်​မျှ ကျေးကျွန်မဖြစ်လိုချေ။

သို့ရာတွင် သူတို့၏နောက်၌ သူတို့၏ဂိုဏ်းများရှိနေကာ ထောင်သောင်းချီသောတပည့်များ၏အသက်များနှင့် သက်ဆိုင်နေသည်။

ထိုကြောင့် သူတို့ဂိုဏ်းများ၏အကျိုးစီးပွားအတွက် သူတို့ ထည့်သွင်းစဉ်းစားရပေမည်။

ဤကိစ္စသည် သူတို့၏ကိုယ်ပိုင်အခွင့်အရေးအတွက် ထပ်မံ၍မဟုတ်တော့ဘဲ သူတို့၏အဓိကဂိုဏ်းကြီးလေးဂိုဏ်းလုံး ပါဝင်လာသည့် လောင်းကြေးမြင့်မားသောအလောင်းအစားပွဲတစ်ခု ဖြစ်သွားလေပြီ။

"ငါတို့ ဘာကိုရွေးချယ်ကြမလဲ"

ဂိုဏ်းချုပ်လေးယောက်သည် အကြည့်ခြင်းဖလှယ်ကာ မည်ကဲ့သို့ဆုံးဖြတ်ရမည်ကို တွေ့ဝေတုံ့ဆိုင်းနေကြသည်။

"ယဲ့နန် ထွက်ခွာသွားတဲ့လမ်းကြောင်းကို အခြေခံကြည့်ရင် သူက ပိုင်အာမြို့ကို ဦးတည်သွားနေတာပဲ....ယဲ့နန်ရဲ့နောက်ကိုလိုက်ကြည့်ပြီးမှ အခြေအနေကိုကြည့်ပြီး ဆုံးဖြတ်ချက်ချကြစို့"

လျှူကူရီက ပြောဆိုသည်။

တခြားလူများသည်လည်း သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။

ယခုချိန်တွင် သူတို့ထံ၌ တခြားရွေးချယ်စရာရှိတော့ပုံမရချေ။

သူတို့လေးယောက်သည် အလျင်စလိုဖြင့် ပိုင်အာမြို့ထံသို့ ရောက်ရှိလာခဲ့သည်။

တိကျသေချာစွာပင်....

ပိုင်အာမြို့အတွင်း၌ သူတို့လေးယောက်သည် ယဲ့နန်၏​အရိပ်အယောင်ကို ရှာဖွေတွေ့ရှိပြီးနောက် သူတို့သည်လည်း ယွင်ဝူ၏အိမ်သို့ဦးတည်၍ လိုက်သွားခဲ့ကြသည်။

ထိုအချိန်မှာပင်.....

မိုးကောင်းကင်ယံအတွင်း၌ အလင်းတန်းတစ်တန်းနှင့်အတူယှဉ်တွဲ၍ လျှင်မြန်သောလေတိုးသံတစ်သံ ထွက်ပေါ်လာသည်။ ကြီးကျယ်ခမ်းနားသော ရွှေရောင်လှေကြီးသည် ပိုင်အာမြို့၏အထက် ကောင်းကင်ယံအတွင်း၌ လှည့်ပတ်ပျံဝဲနေလေ၏။

"ပိုင်ချင်ရီ...သူက ဘယ်လိုလုပ်ပြီး ဒီနေရာကိုရောက်လာတာလဲ"

မဟာဂိုဏ်းချုပ်လေးယောက်၏မျက်နှာအမူအယာများ သိသိသာသာပျက်ယွင်းသွားကာ သူတို့သည် မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်လိုက်၏။ တချို့အကြောင်းအရင်းများကြောင့် သူတို့သည် ထိုအမျိုးသမီးကို မြင်တွေ့သည့်အချိန်တိုင်း ကူကယ်ရာမဲ့စွာဖြင့် စိတ်မအေးမှုကိုခံစားမိသည်။

တချိန်တည်းမှာပင် ယွင်ဝူ၏အိမ်သို့သွားရာလမ်း၌ ရောက်ရှိနေသော ယဲ့နန်နှင့်ယဲ့ရီတို့သည် မျက်မှောင်ကြုတ်ကာ သူတို့ကိုယ်သူတို့ အလျှင်အမြန် ဖုံးကွယ်လိုက်ကြသည်။

"နတ်ဘုရားမိန်းမပျို...ဒီမြို့ငယ်လေးထဲမှာ မမျှော်လင့်ထားတဲ့ တစ်စုံတစ်ခုကို ငါတို့ ရှာတွေ့ခဲ့တယ်..ဒါက မင်းကို အံ့အားသင့်သွားစေမယ်လို့ငါ အာမခံတယ်"

အကြီးအကဲတစ်ယောက်က ပိုင်ချင်ရီ၏ရှေ့တွင်ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုကာ နီမြန်းနေသောမျက်နှာနှင့် ပြောဆိုသည်။

"အော်....ဒါဆိုရင်လည်း အဲ့ဒီပစ္စည်းကောင်းက ဘာလဲဆိုတာ ငါကိုယ်တိုင် ကြည့်ရသေးတာပေါ့"

ပိုင်ချင်ရီသည် လွတ်လပ်ပေါ့ပါးစွာလျှောက်လှမ်းလိုက်ကာ သူမသည် ကောင်းကင်ဘုံမှတည်ရှိမှုကြီးတစ်ခုအလား လှေပျံပေါ်မှနေ၍ ခြေလှမ်းတစ်လှမ်းချင်းဆင်းသက်လာသည်။

ဤမြင်ကွင်းကို သေမျိုးများသည် ယခင်က တစ်ကြိမ်တခါမျှ ကြုံတွေ့ဖူးခြင်းမရှိချေ။ သူတို့သည် စိတ်လှုပ်ရှားမှုကြောင့် မငြိမ်မသက်ဖြစ်သွားကြလေ၏။ သူတို့၏မျက်နှာများပေါ်တွင် ရူးသွပ်စွဲလမ်းမှုများ ထင်ဟပ်လာကာ ပိုင်ချင်ရီဆင်းသက်လာသောနေရာသို့ ဦးတည်၍အပြေးသွားကြတော့သည်။

"ဝိုး ကောင်းကင်ဘုံကတည်ရှိမှုကြီးတစ်ခုပဲ"

"သူက ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ နတ်သမီးတစ်ပါးများလား"

"ငါတို့က နတ်သမီးကို အရိုအသေပြုပါတယ်"

"တကယ်လို့ အင်မော်တယ်တစ်ယောက်ကသာ ငါ့ကို အခွင့်အရေးတချို့ပေးမယ်ဆိုရင်..."

မြောက်များစွာသောလူများသည် ရိုသေလေးစားသောအမူအယာများဖြင့် ဒူးထောက်လိုက်ကြကာ ပိုင်ချင်ရီ၏ရောက်ရှိလာမှုကို ဆီးကြိုလိုက်ကြ၏။

သို့ရာတွင်....

သူတို့၏နှလုံးသားများအတွင်း၌ နတ်သမီးဟုထင်နေသော မိန်းကလေး၏မျက်လုံးအတွင်းတွင် အေးစက်စက်အလင်းတန်းများ ထင်ဟပ်လာကာ သူမ၏မျက်နှာပေါ်တွင် အထင်အမြင်သေးသော အမူအယာမျိုးရှိနေသည်။

သူမ၏နူးညံသေးသွယ်သောလက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ ဖိအားအရှိန်အဝါတစ်ရပ် ဆင်းသက်လာသည်။

ရုတ်ချည်းဆိုသလိုပင် ထိုသေမျိုးများအားလုံး ကြေမွှပျက်စီးသွားကာ သူတို့၏အသွေးအသားများစုတ်ပြဲသွားပြီး အစိတ်စိတ်အမွှာမွှာကွဲထွက်သွားတော့သည်။

ထိုမြင်ကွင်းကိုကြည့်ပြီးနောက် တခြားသူများသည် နောက်ဆုံး၌ သူမသည်နတ်သမီးတစ်ပါးမဟုတ်ဘဲ အစစ်အမှန်အန္တရာယ်ကောင်ဖြစ်နေကြောင်း နားလည်သဘောပေါက်သွားသည်။ ပတ်ဝန်းကျင်နေရာတဝိုက်လုံး ဖရိုဖရဲဖြစ်သွားကာ စူးရှကျယ်လောင်သောအော်သံများနှင့်အတူ သူတို့သည် အရပ်မျက်နှာအဘက်ဘက်သို့ ထွက်ပြေးသွားတော့သည်။

သူတို့သုံးယောက်သည် လမ်းလျှောက်လာသည့်နောက်တွင် ဗလာဟင်းလင်းဖြစ်နေသည်လမ်းများသာ ကျန်ရစ်ခဲ့သည်။

နောက်ဆုံး၌ အကြီးအကဲတစ်ယောက်၏ဦးဆောင်မှုအောက်တွင် သူတို့သည် တံခါးများတင်းတင်းကြပ်ကြပ်ပိတ်ထားသော ဆိုင်ငယ်လေးတစ်ဆိုင်၏ဝင်ပေါက်သို့ ရောက်ရှိလာခဲ့သည်။

"ဒီနေရာမှာပဲ"

ထိုအကြီးအကဲက အဓိပ္ပါယ်ပါသောအပြုံးဖြင့်ပြောဆိုသည်။

"တံခါးကိုဖွင့်လိုက်ရင် မိန်းကလေးပိုင် စိတ်ကျေနပ်သွားလိမ့်မယ်"

All Chapters