အခန်း (၄၄၆-၄၅၀)
Vol. 30 Ch. 446-450
Chapter 446
"နင်ပြောနေတာတွေက ငါ့ကို ပိုပြီးသိချင်စိတ်ပြင်းပြစေတယ်"
"ငါ့ရဲ့အချိန်တွေအများကြီးကို ဖြုန်းခဲ့ရပြီးတဲ့နောက်မှာ နင် ငါ့ကို စိတ်ပျက်အောင်မလုပ်ဖို့ ငါ မျှော်လင့်မိတယ်"
ပိုင်ချင်ရီက ထိုအကြီးအကဲကို စူးစူးဝါးဝါးစိုက်ကြည့်ကာ နူးညံ့ညင်သာစွာပြောဆိုသည်။
ထိုအကြီးအကဲသည် အထိန်းအကွပ်မဲ့စွာ တုန်ရီသွားလေ၏။
သို့ရာတွင်သူသည် ထိုပစ္စည်းအကြောင်းကို တွေးတောမိချိန်၌ သူ ယုံကြည်ချက်ရှိသည်ဟုခံစားနေရဆဲပင်။ မည်သို့ပင်ဆိုစေကာမူ သူတို့၏ပကတိနယ်မြေ၌ပင် ဤကဲ့သို့ပစ္စည်းမျိုးကို သူ မြင်တွေ့ခဲ့ဖူးခြင်းမရှိချေ။
"ကျေးဇူးပြုပြီးတော့ စိတ်ချလက်ချနေပါ နတ်ဘုရားမိန်းမပျို"
အကြီးအကဲက ရိုသေလေးစားစွာ ပြောဆိုသည်။
"ဒါက တချက်ကြည့်လိုက်ရုံနဲ့ သိသာသွားမှာပါ"
ပိုင်ချင်ရီက သူမ၏လက်ကို ညင်သာစွာဝှေ့ယမ်းလိုက်ရာ သူမရှေ့ရှိတံခါး အလိုအလျောက်ပွင့်သွားသည်။
ဤသည်မှာ သာမန်ကုန်စုံဆိုင်တစ်ဆိုင်ပင်။
အိမ်အတွင်းရှိ တောင့်တစ်နေရာ၌ လူအိုကြီးစုံတွဲတစ်တွဲသည် တစ်ယောက်နှင့်တစ်ယောက်ပွေ့ဖက်ထားကာ သတိကြီးစွာထား၍ ပိုင်ချင်ရီကို စောင့်ကြည့်နေကြသည်။ သူတို့၏မျက်လုံးများအတွင်း၌ ထိတ်လန့်ကြောက်ရွံ့မှုများ ထင်ဟပ်နေပေ၏။
ပိုင်ချင်ရီသည် သူတို့ကို တချက်သာပေါ့ပေါ့တန်တန်စောင်းကဲ့ကြည့်ကာ သူမ၏အကြည့်သည် နံရံပေါ်ရှိပန်းချီကားထံသို့ စူးစိုက်၍ ကျရောက်သွားသည်။
"မဟာတာအိုရဲ့စွမ်းအား...."
"တကယ့်ကို ပစ္စည်းကောင်းတစ်ခုပဲ"
သူမ၏နှုတ်ခမ်းထောင့် တွန့်ကွေးသွားသည်။
သူမသည် ဤကဲ့သို့နေရာမျိုး၌ ယခုကဲ့သို့ပစ္စည်းတခုကို တွေ့မြင်မိသဖြင့် အံ့အားသင့်သွားသည်မှာ သိသာထင်ရှားလှ၏။
"နတ်ဘုရားမိန်းမပျို...အဲ့ဒီနေရာက ဘီရိုပေါ်မှာလည်း ရုပ်တုတစ်ခုရှိနေသေးတယ်"
ထိုအကြီးအကဲက ဈေးခုံပေါ်တွင်တင်ထားသောရုပ်ထုကို လက်ညှိုးညွှန်ပြလေသည်။
"အော်....."
ပိုင်ချင်ရီက ထိုနေရာသို့ကြည့်ရန်အတွက် သူမ၏ခေါင်းကို လှည့်လိုက်သည်။
အမှန်တကယ်ကိုပင် ဘီရိုပေါ်တွင် ရုပ်ထုတစ်ခုရှိနေသည်။
ထိုရုပ်ထုသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ထိုအရာပေါ်တွင် အနီရောင်မင်္ဂလာတိမ်တိုက်ပုံစံတစ်ခု ရှိနေသည့်ပုံစံဖြင့် ပုံဖော်ထားသည်။ သူ၏မျက်လုံးသည် အေးစက်တင်းမာနေကာ သူ့ထံ၌ နှာခေါင်းကွင်းခုနှစ်ကွင်းရှိပြီး သူ့၏နဖူးပေါ်တွင် ဒေါင်လိုက်မျဥ်းလေးကြောင်းနှင့် အလျားလိုက်မျဥ်းတစ်ကြောင်းပါသော နဖူးစည်းကိုတပ်ဆင်ထားသည်။
ပထမဆုံးအကြည့်တချက်တွင် ဤအရာသည် မသိသာမထင်ရှားပုံရသော်လည်း ပိုင်ချင်ရီသည်အနီးကပ်ကြည့်လိုက်မိချိန်တွင် သူမ၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက်ကျဉ်းမြောင်းသွားသည်။
သူမသည် ဤရုပ်တုအတွင်း၌ ပါဝင်သော ကြီးမားသည့်စွမ်းအားကို ခံစားမိလေ၏။
"ဒီသေမျိုးဆိုင်ငယ်လေးတဆိုင်မှာ အခုလိုပစ္စည်းကောင်းတွေကို ဖုံးကွယ်ထားမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
သူမသည် ထိုအရာများအနီးသို့ ချဉ်းကပ်ကာ ဂရုတစိုက်လေ့လာစစ်ဆေးလိုက်သည်။
ဆိုင်၏ပြင်ပရှိ အမှောင်ထုအတွင်း၌ ပုန်းအောင်းနေသော ယဲ့နန်သားအဖ၏မျက်နှာများပေါ်တွင် တည်ကြည်လေးနက်သောအမူအယာများ ထင်ဟပ်နေသည်။
"အဖေ...ပိုင်ချင်ရီက ဘယ်လိုလုပ်ပြီးတော့မိန်းကလေးယွင်ဝူရဲ့အိမ်ကို ရုတ်တရက်ကြီးရောက်လာတာလဲ"
ယဲ့ရီက စိုးရိမ်ကြောင့်ကျစွာဖြင့် မေးမြန်းသည်။
"သူက မိန်းကလေးယွင်ရဲ့ ပန်းချီကားနဲ့ရုပ်ထုကနေ ဆွဲဆောင်တာကို ခံလိုက်ရပုံပဲ"
ယဲ့နန်က ခန့်မှန်းပြောဆိုသည်။
"ဒါပေမဲ့ ဆရာကြီးက တကယ့်ကို နက်နဲသိမ်မွေ့တယ်...ပိုင်ချင်ရီ ဒီနေရာကို ရောက်လာမယ်ဆိုတာ သူက ကြိုသိနေတာပဲဖြစ်မယ်...ဒါကြောင့် ငါတို့ကို ပိုင်အာမြို့ဆီသွားဖို့ သေသေချာချာညွှန်ကြားခဲ့တာပဲ"
"ကျွန်မတို့ ဘာလုပ်ကြမလဲ"
ယဲ့ရီက ယဲ့နန်ကို ကြည့်လိုက်သည်။
"ငါတို့ သွားကြတာပေါ့....ပိုင်ချင်ရီ အောင်မြင်သွားမှာကို ငါတို့ ခွင့်မပြုနိုင်ဘူး"
ယဲ့နန်၏မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ထင်ဟပ်နေကာ သူက အသံနက်ကြီးဖြင့်ပြောဆိုသည်။
"ဆရာကြီးရဲ့ပစ္စည်းတွေကိုယူဝံ့တယ်...သူတို့မှာ ဝက်ဝံတစ်ကောင်ရဲ့သတ္တိနဲ့ ကျားသစ်တစ်ကောင်ရဲ့နှလုံးသား ရှိနေတာပဲဖြစ်မယ်"
"ဒါပေမဲ့ ကျွန်မတို့က ပိုင်ချင်ရီကို ဟန့်တားနိုင်ပါ့မလား"
ယဲ့ရီက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်၏။
"ဘာမှမစိုးရိမ်နဲ့....ဆရာကြီးက ငါတို့ကို ဒီနေရာဆီလာဖို့ ညွှန်ကြားပြီးမှတော့ သူ့မှာ အစီအစဉ်တစ်ခုရှိနေမှာပါ...ငါတို့ကို အသေခံဖို့တော့ သူက လွှတ်လိုက်မှာမဟုတ်ဘူး"
ယဲ့နန်က ခိုင်မာပြတ်သားစွာ ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် ယဲ့ရီက တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
သူတို့နှစ်ယောက်သည် အလင်းတန်းနှစ်တန်းအသွင်ပြောင်းလဲ၍ ဆိုင်ငယ်လေး၏ရှေ့၌ ဆင်းသက်လိုက်သည်။
"သူတို့သားအဖနှစ်ယောက်က ဘာလုပ်တာလဲ"
"သူတို့က မြေကမ္ဘာအင်မော်တယ်တွေဖြစ်လာတာနဲ့ပဲ...ပိုင်ချင်ရီကို ယှဉ်ပြိုင်နိုင်မယ်လို့ သူတို့တကယ်ကြီး ထင်နေကြတာလား"
"ဖြစ်နိုင်တာတော့ သူတို့က အသက်ရှင်ရတာပင်ပန်းလို့ သေလမ်းသွားရှာတာများလား"
အမှောင်ထုအတွင်း၌ရှိနေသော မဟာဂိုဏ်းချုပ်လေးယောက်သည် ယဲ့နန်တို့သားအဖ ဆိုင်ငယ်လေးထံသို့ ပြတ်ပြတ်သားသားတိုးဝင်သွားသည်ကို မြင်တွေ့ချိန်၌ အံ့အားတသင့် အော်ဟစ်လိုက်ကြသည်။
"ရပ်လိုက်စမ်း"
"မင်းရဲ့လက်ထဲက ပစ္စည်းကို အခုချက်ချင်းချလိုက်စမ်း"
ယဲ့နန်တို့သားအဖသည် ဆိုင်ငယ်လေး၏ရှေ့သို့ရောက်ရှိသွားပြီးနောက် ပိုင်ချင်ရီကိုကြည့်ပြီး အော်ဟစ်လိုက်၏။
တစ်ချိန်တည်းမှာပင် သူတို့သည် ယွင်ဝူ၏မိဘနှစ်ပါးကို အလျှင်အမြန်အချက်ပြလေသည်။
ထိုအခြင်းအရာကိုကြည့်ပြီးနောက် ယွင်ဝူ၏မိဘနှစ်ပါးသည် အနောက်ဖက်ခြံဝင်းအတွင်းသို့ ပျာပျာသလဲထွက်ပြေးသွားတော့သည်။
"အော်..."
ပိုင်ချင်ရီသည် ထွက်ပြေးသွားသောလင်မယားနှစ်ယောက်ကို အနည်းငယ်မျှဂရုမစိုက်ချေ။ ထိုအစား သူမ၏လက်အတွင်းရှိရုပ်တုကို ဖြည်းညှင်းစွာပြန်ချလိုက်သည်။ ထိုနောက် သူမသည် ယဲ့နန်တို့သားအဖကိုလှည့်ကြည့်ကာ သူမ၏မျက်နှာပေါ်တွင် အနည်းငယ်အံ့အားသင့်သွားသော အရိပ်အယောင်များ ထင်ဟပ်လာသည်။
"နင်တို့က ငါ့ရဲ့စိတ်ဝိညာဉ်ဖိနှိပ်ခြင်းအပ်ကို ဆွဲထုတ်နိုင်ရုံတင်မကဘူး..နင်တို့လို အသုံးမကျတဲ့အရူးနှစ်ကောင်က မြေကမ္ဘာအင်မော်တယ်နယ်ပယ်ကိုတောင် ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တာလား"
"ဒါက ငါ နည်းနည်းတော့ မျှော်လင့်မထားမိတဲ့ကိစ္စပဲ"
သူမက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
"ဟမ့်...အရမ်းမြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားသလိုမျိုး ပြုမူမနေစမ်းနဲ့...ငါ မင်းကို သတိပေးလိုက်မယ်...မင်းရဲ့လက်ထဲကပစ္စည်းကို ပြန်ချထားတာ ပိုကောင်းလိမ့်မယ်"
ယဲ့နန်က အသံနက်ကြီးဖြင့်ပြောဆိုသည်။
"ပြန်ချရမှာလား"
ပိုင်ချင်ရီ၏ခန္ဓာကိုယ်အေးစက်သွားကာ ထိုစကားလုံးများ ကျရောက်လာသည်နှင့်အတူ သူမက ယဲ့နန်၏ရှေ့သို့ရောက်ရှိသွားသည်။
သူမ၏ရေခဲတမျှအေးစက်သောလက်ဖြင့် သူ့၏လည်ပင်းကိုဆုပ်ကိုင်လိုက်ရာ နားမခံသာသောအသံများထွက်ပေါ်လာပေ၏။
"ဘယ်အချိန်ကစပြီး...နင်တို့လို မြေကမ္ဘာအင်မော်တယ်လေးတွေက ငါ့ရှေ့မှာ မောက်မာထောင်လွှားနိုင်သွားတာလဲ"
ပိုင်ချင်ရီ၏အသံသည် စကားတစ်လုံးချင်းထွက်ပေါ်လာကာ တစ်ချိန်တည်းမှာပင် သူမသည် အင်အားကိုဖြည်းညှင်းစွာထုတ်ဖော်ပြီး ယဲ့နန်၏လည်ပင်းကို ညှစ်လိုက်သည်။
ယဲ့နန်သည် ကြီးမားသောနာကျင်မှုကို တောင့်ခံကာ သူ၏မျက်နှာနီမြန်းနေသော်လည်း သူသည်နာကြည်းမုန်းတီးမှုများ ပြည့်နှက်နေသော အက်ရှရှလေသံဖြင့် ပြောဆိုသည်။
"ဒါက ဆရာကြီးရဲ့ပိုင်ဆိုင်မှုပဲ...ဆရာကြီးရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ မင်းက ဒီပစ္စည်းကို ထိမယ်ဆိုရင်...သူ့ရဲ့ဒေါသကို မင်း တောင့်ခံနိုင်မှာမဟုတ်ဘူး"
"ဟီး...ဟီး...."
ပိုင်ချင်ရီက အေးစက်စက် ရယ်မောလိုက်သည်။
"ငါ ပိုင်ချင်ရီ ဘာပဲလိုချင်ချင်...အဲ့ဒါကို မလွဲမသွေရယူနိုင်ပြီးတော့ ဘယ်သူမှ ငါ့ကို ဟန့်တားလို့မရဘူး....နင်တို့လို အသေးအမွှား မြေကမ္ဘာအင်မော်တယ်လေးနှစ်ယောက်မပြောနဲ့...တကယ်လို့ နင်တို့ ဆရာကြီးလို့ခေါ်နေတဲ့သူကိုယ်တိုင် ရောက်လာရင်တောင်...သူက ငါ့ရှေ့မှာ ရို့ရို့ကျိုးကျိုး ဒူးထောက်နေရလိမ့်မယ်"
"မင်း...."
ယဲ့နန်သည် မုန်းတီးစွာဖြင့် ပိုင်ချင်ရီကိုစူးစိုက်ကြည့်ကာ ဒေါသကြောင့် သူ့၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။
"ငါက နင်တို့ဆရာကြီးလို့ခေါ်နေတဲ့လူ ငါ့ကို လာရှာစေချင်တယ်"
ပိုင်ချင်ရီက အေးစက်တင်းမာစွာပြောဆိုသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါက အဲ့ဒီသူရဲဘောကြောင်တဲ့လိပ်ကို သွားရှာဖို့အတွက် အချိန်မရှိဘူး...ဒါကြောင့် တကယ်လို့ ငါက နင်တို့နှစ်ယောက်ကိုသတ်လိုက်ရင်...သူ ငါ့ကို လာရှာမလားဆိုတာ ငါသိချင်မိတယ်"
"ဟမ့်...တကယ်လို့ ဆရာကြီးသာ လှုပ်ရှားမှုလုပ်မယ်ဆိုရင်...မင်းမှာ ပြန်ပြီးတိုက်ခိုက်ဖို့တောင် အခွင့်အရေးရှိမှာမဟုတ်ဘူး"
ယဲ့နန်က စကားတစ်လုံးချင်းပြောဆိုသည်။
"ကောင်းပြီ...ကောင်းပြီ...ကောင်းပြီလေ"
ပိုင်ချင်ရီက ပြောဆိုလိုက်၏။
"ဒါဆိုရင်လည်း သူ ငါ့ကို လာရှာတဲ့အချိန်ကျရင်ကြည့်ကြတာပေါ့"
"ဒါပေမဲ့ နင်တို့နှစ်ယောက်ကတော့ အရင်ဆုံးသေလိုက်တော့"
ပိုင်ချင်ရီ၏လက်များ အနည်းငယ်လှုပ်ရှားသွားခြင်းနှင့်အတူ သူမသည် လက်တစ်ဖက်စီဖြင့် လူတစ်ယောက်၏လည်ပင်းကိုဖမ်းဆုပ်ကာ သူတို့နှစ်ယောက်ကို လေထုအတွင်းသို့ မြှောက်တင်လိုက်၏။
ပိုင်ချင်ရီစွမ်းအားနှင့်ရင်ဆိုင်ရချိန်တွင် သူတို့နှစ်ယောက်သည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ပြီးဖြစ်သည့်တိုင် သူတို့ထံ၌ ခုခံတိုက်ခိုက်နိုင်သော စွမ်းအားမျိုးမရှိချေ။
ဤအချိန်အခိုက်အတန့်တွင်သူတို့နှစ်ယောက်သည် ကြက်ပေါက်လေးများအလား ရုန်းကန်နေကာ သူတို့၏မျက်နှာများ နီမြန်းနေပြီး သူတို့၏ခြေထောက်များ ယမ်းခါနေသည်။
"ငါတို့ ဘာလုပ်ကြမလဲ"
"သူတို့သေသွားမှာကို ငါတို့က ဒီအတိုင်း စောင့်ကြည့်နေရမှာလား"
"ငါတို့ လှုပ်ရှားသင့်တယ် မဟုတ်လား"
အဝေးမှနေ၍ ဤနေရာရှိမြင်ကွင်းကို တိတ်တဆိတ်စူးစမ်းလေ့လာနေသော မဟာဂိုဏ်းချုပ်လေးယောက်သည် ယဲ့နန်တို့သားအဖ သေရတော့မည်ကိုမြင်တွေ့ချိန်၌ စိုးရိမ်ပူပန်တကြီးပြောဆိုလိုက်ကြ၏။
သို့ရာတွင် သူတို့သည် ထိုသို့ပြောဆိုလိုက်သော်လည်း သူတို့လေးယောက်အနက်မှ တစ်ယောက်မျှ လှုပ်ရှားခြင်းမရှိချေ။
သူတို့၏လှုပ်ရှားမှုများသည် အကျိုးရှိမရှိ မသေချာရုံသာမက မြေကမ္ဘာအင်မော်တယ်နှစ်ယောက်ဖြစ်သော ယဲ့နန်တို့သားအဖသည် ပိုင်ချင်ရီနှင့်ရင်ဆိုင်ရချိန်တွင် အစွမ်းအစမဲ့နေသည်မှာလည်း သိသာထင်ရှားသည်။ သူတို့သည် သူမကို လျှော့တွက်ဝံ့ခြင်းမရှိချေ။
အကျိုးဆက်အနေဖြင့်သူတို့သည်လွယ်လင့်တကူ ဝင်ရောက်စွက်ဖက်ဝံ့ခြင်း မရှိတော့ပေ။
ဘုန်း...
ထိုအချိန်မှာပင် ကျယ်လောင်သောပေါက်ကွဲသံတစ်သံက ကုန်စုံဆိုင်အတွင်းမှ ထွက်ပေါ်လာသည်။
တချိန်တည်းမှာပင် အစွမ်းထက်သောအရှိန်အဝါတစ်ရပ်က မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားသည်။
ယဲ့နန်တို့သားအဖကိုသတ်ဖြတ်ရန် ကြံစည်နေသော ပိုင်ချင်ရီသည် ရုတ်တရက် သူမ၏နောက်မှတည်ရှိမှုတစ်ခုကို ခံစားမိသဖြင့် သူမ၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။
သူမက နောက်သို့လှည့်ကြည့်လိုက်ရာ သူမ၏နောက်ရှိ ရုပ်ထုမှနေ၍ ထွက်ပေါ်လာသောအရှိန်အဝါတစ်ရပ်ကို တွေ့မြင်လိုက်ရသည်။
Chapter 447
ရုပ်ထု၏အရှိန်အဝါသည် တစတစ ပို၍အားကောင်းလာသည်။
တစ်ချိန်တည်းမှာပင် ထိုအရာမှနေ၍ တောက်ပသောအလင်းတန်းတစ်တန်း ဖြာထွက်လာပေ၏။
ဤအလင်းတန်းသည် ခြစ်ခြစ်တောက်ပူပြင်းသော နေမင်းကြီးအလား တောက်ပနေသဖြင့် ပိုင်ချင်ရီသည် သူမ၏မျက်လုံးများကိုမှေးလိုက်သည်။
နောက်ဆုံး၌...
အလင်းတန်းများ အထွတ်အထိပ်အခြေအနေသို့ ရောက်လာချိန်တွင် သစ်သားပန်းပုရုပ်မှထွက်လာသောပုံရိပ်ယောင် တဖြည်းဖြည်းကျစ်လစ်သိပ်သည်းလာသည်။
သူသည် ပိုင်ချင်ရီကို အေးစက်စက်မျက်လုံးတစ်စုံဖြင့်ကြည့်ကာ သူ့၏မင်္ဂလာတိမ်တိုက်ဝတ်စုံသည် လေတိုက်ခတ်မှုမရှိဘဲ လူးလွန့်နေကာ အပြာရောင် ရောင်စဥ်တန်းများဝိုင်းရံထားသည်။
"ငါ ဒီလိုစွမ်းအားမျိုးကို အရင်က တစ်ခါမှမမြင်တွေ့ဖူးဘူး...ဒါက အင်မော်တယ်မြစ်ကုန်းမြေရဲ့အပိုင်လည်းမဟုတ် ပကနိနယ်မြေရဲ့အပိုင်လည်းမဟုတ်ဘူး"
ပိုင်ချင်ရီ၏မျက်လုံးများ ကျဥ်းမြောင်းသွားကာ သူမရှေ့ရှိလူကိုကြည့်ပြီး သတိကြီးစွာထားနေသော အကြည့်တစ်ချက် ထွက်ပေါ်လာသည်။
အကြောင်းအရင်းမှာ သူမသည် ထိုလူ့ထံမှနေ၍ ပြင်းထန်သောခြိမ်းခြောက်နိုင်မှုအငွေ့အသက်ကို ခံစားမိသောကြောင့်ပင်။
အထူးသဖြင့် သူ ထုတ်လွှတ်ထားသောစွမ်းအားကို ပိုင်ချင်ရီသည် ယခင်က တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးခြင်းမရှိချေ။
"နတ်ဘုရားမိန်းမပျို....ငါ့ကို သူနဲ့ရင်ဆိုင်ခွင့်ပြုပါ"
အကြီးအကဲနှစ်ယောက်အနက်မှတစ်ယောက်သည် တုံ့ပြန်လိုက်ကာ အစွမ်းထက်သောအရှိန်အဝါတစ်ရပ်က သူ့၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာသည်။ သူ့၏လက်အတွင်းရှိဓားရှည်မှနေ၍ ပေထောင်ပေါင်းများစွာရှည်လျားသော ဓားချီတစ်လှိုင်းထွက်ပေါ်လာကာ ထိုလူ့ထံဦးတည်၍ ခုတ်ပိုင်းလိုက်၏။
သို့ရာတွင်....
ဤဓားချီဖြင့် ရင်ဆိုင်ရချိန်တွင် ထိုလူသည် အမူအယာကင်းမဲ့နေဆဲပင်။ သူ့၏ခေါင်းကို အနည်းငယ်တိမ်းစောင်းကာ သူ့၏လက်ယာဘက်လက်ကို ဆန့်တန်းလိုက်သည်။
"အရာအားလုံး ဆွဲငင်စမ်း"
ရေခဲတမျှအေးစက်စက်အသံက သူ့၏ပါးစပ်မှ ထွက်ပေါ်လာသည်။
သိသာထင်ရှားစွာဖြင့် သူ့၏လက်ယာဘက်လက်ဝါးအတွင်းတွင် လျှို့ဝှက်ဆန်းကြယ်သောကျင်းနက်ကြီးတစ်ခု ထွက်ပေါ်လာပေ၏။
မမြင်နိုင်သောလှိုင်းဂယက်များ ပျံ့နှံ့လာခြင်းနှင့်အတူ ထိုအကြီးအကဲကို ရစ်ပတ်လွှမ်းခြုံသွားသည်။
"အား..."
ထိုအကြီးအကဲ၏ဓား ကြေမွှပျက်စီးသွားကာ သူ့၏ခန္ဓာကိုယ်သည် မထိန်းနိုင်မသိမ်းနိုင် စုပ်ယူခြင်းခံလိုက်ရသည်။
ဤအစွမ်းထက်သောဆွဲငင်အားအောက်တွင် ထိုအကြီးအကဲသည် မည်မျှပင်ရုန်းကန်နေပါစေ သူသည် လွတ်မြောက်နိုင်ခြင်းမရှိချေ။
ရုတ်ချည်းဆိုသလိုပင် အကြီးအကဲ၏ခန္ဓာကိုယ်သည် ထိုလူ၏လက်အတွင်းသို့စုပ်ယူခြင်းခံလိုက်ရကာ လည်ပင်းမှနေ၍ တင်းတင်းကြပ်ကြပ်ဖမ်းဆုပ်ထားခြင်း ခံလိုက်ရလေ၏။
ထိုလူသည် သူ့၏လက်ဝါးကို အောက်သို့ဖိနှိပ်ကာ အကြီးအကဲ၏ခန္ဓာကိုယ်ကို မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်သည်။
ဘုန်း...
ကြီးမားသောကျင်းကြီးတစ်ကျင်းက မြေပြင်ပေါ်၌ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ထိုအကြီးအကဲ၏ခန္ဓာကိုယ်ကို ဗဟိုပြု၍ မြေပြင်ပေါ်တွင် အက်ကွဲကြောင်းများက ပင့်ကူအိမ်အလားပျံ့နှံ့သွားကာ အရပ်မျက်နှာအဘက်ဘက်သို့ ချဲ့ထွင်သွားသည်။ တစ်မိုင်အတွင်းရှိ အိမ်များအားလုံး တစ်လုံးပြီးတစ်လုံးပြိုလဲသွားတော့သည်။
"ဘာ...."
ထိုမြင်ကွင်းကိုကြည့်ပြီး ပိုင်ချင်ရီတို့သည် နောက်ဆုံး၌ သူတို့၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။
ကောင်းကင်အင်မော်တယ်နယ်ပယ်တွင်ရှိသော အကြီးအကဲသည် ဤလူ၏လှုပ်ရှားမှုတစ်ခုကိုပင် တောင့်မခံနိုင်သလော...
"ကယ်တင်စမ်း"
ပိုင်ချင်ရီ၏အော်သံနှင့်အတူ တခြားအကြီးအကဲတစ်ယောက်သည် တစ်ချိန်တည်းလှုပ်ရှားလိုက်၏။ သူတို့၏အစွမ်းထက်သောတိုက်ခိုက်မှုများက ထိုလူ့အပေါ် လွှမ်းခြုံသွားသည်။
ထိုလူ ရှောင်တိမ်းလိုက်သည့်အချိန်ကို အခွင့်ကောင်းယူ၍ သူတို့သည် ဒဏ်ရာရနေသောအကြီးအကဲကို ကယ်တင်နိုင်ခဲ့လေ၏။
"အတူတူ တိုက်ခိုက်ကြရအောင်"
ပိုင်ချင်ရီသည် မကြုံစဖူးလေးလံမှုကို ခံစားမိသည်။
ထိုလူသည် မည်သည့်စွမ်းအားကို အသုံးပြုနေသည်အား သူမ ထွင်းဖောက်မြင်နိုင်ခြင်းမရှိချေ။
အကြီးအကဲနှစ်ယောက်သည် ပျာပျာသလဲခေါင်းညိတ်ပြကာ သူတို့၏ခန္ဓာကိုယ်များမှ အင်မော်တယ်စွမ်းအားများ ထွက်ပေါ်လာပြီး ထိူလူပို နေရာသုံးနေရာမှ တိုက်ခိုက်လိုက်ကြသည်။
သို့ရာတွင်....
လူသုံးယောက်၏တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်တိုင် ထိုလူသည် စိတ်အေးလက်အေးရှိနေဆဲပင်။ သူ့၏မင်္ဂလာတိမ်တိုက်ဝတ်စုံသည် အလင်းတန်းတစ်တန်းအသွင်ပြောင်းလဲသွားကာ တိုက်ပွဲကွင်းပြင်အနှံ့ လှည့်ပတ်၍ပျံသန်းနေသည်။
ဘုန်း...
အကြီးအကဲတစ်ယောက် လွင့်ထွက်သွားသည်။
ဘန်း…
တခြားလက်သီးတစ်ချက် ကျရောက်လာသည်နှင့်အတူ နောက်ထပ်အကြီးအကဲတစ်ယောက်သည်လည်း လွင့်ထွက်သွားပေ၏။
ဤှကဲ့သို့အစွမ်းထက်သော တိုက်ခိုက်မှုများအောက်တွင် ပိုင်အာမြို့အတွင်းရှိ အဆောက်အအုံအမြောက်အများ တစ်လုံးပြီးတစ်လုံးပြိုကျသွားသည်။ ကံကောင်းထောက်မစွာဖြင့် ပိုင်အာမြို့အတွင်းမှ လူများအားလုံးသည် ပိုင်ချင်ရီ၏သတ်ဖြတ်မှုကြောင့် ထွက်ပြေးသွားကြပြီဖြစ်သဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ အသေအပျောက်မရှိချေ။
"အရမ်း အရမ်းသန်မာအားကောင်းတာပဲ"
အမှောင်ထုအတွင်း၌ပုန်းအောင်းနေသော မဟာဂိုဏ်းချုပ်လေးယောက်သည် ထိတ်လန့်တုန်လှုပ်မှုကြောင့် သူတို့၏မျက်လုံးများ ပြူးကျယ်နေကာ သူတို့သည် စကားတစ်ခွန်းကိုမျှ ပြောဆိုနိုင်စွမ်း မရှိတော့ချေ။
တစ်ချိန်တည်းမှာပင်...
သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ နောင်တရနေခဲ့သည်။
ပိုင်ချင်ရီသည် ယဲ့နန်တို့သားအဖကိုသတ်ဖြတ်လိုချိန်၌ သူတို့သည် ကယ်တင်ရန်အတွက် ရှေ့သို့မထွက်ခဲ့သည့်ကိစ္စကို သူတို့ နောင်တရနေမိလေ၏။
အကယ်၍ သူတို့၏ကယ်တင်မှုသည် ထိရောက်မှုမရှိလျှင်ပင် သူတို့၏စိတ်သဘောထားကို ပြသရာရောက်ပေလိမ့်မည်။
ဤကိစ္စကြောင့် နောင်တရနေသဖြင့် သူတို့၏အူများကို အစိမ်းရောင်သို့ ပြောင်းလဲသွားစေသည်။
ချင်းနျူဂိုဏ်းမှ စီနီယာပြုလုပ်သော ရုပ်ထုတစ်ခုသည် အလွန်အစွမ်းထက်နေသည်ကို သူတို့ကြိုသိခဲ့ပါက သူတို့သည် ဘက်ရွေးချယ်ရန်အတွက် တွေဝေတုံ့ဆိုင်းနေမည်မဟုတ်ချေ။
သို့ရာတွင် ယခုအချိန်၌....
တစ်စုံတစ်ခုကို ပြောဆိုရန်အတွက် အလွန်နောက်ကျသွားလေပြီ။
အကယ်၍ ယခုအချိန်၌ သူတို့သည် ရှေ့သို့ထွက်လိုက်သည့်တိုင် အဓိပ္ပါယ်ရှိတော့မည်မဟုတ်ချေ။
သူတို့လေးယောက်လုံး သက်ပြင်းရှိုက်လိုက်သည်။
နောက်ထပ်အခွင့်အရေးကြီးတစ်ခုသည် သူတို့၏ရှေ့သို့ ရောက်ရှိလာသည့်တိုင် သူတို့သည်ဖမ်းဆုပ်နိုင်ခဲ့ခြင်းမရှိပေ။
ယဲ့နန်တို့သားအဖသည် သူတို့၏ခေါင်းများကိုမော့၍ မင်္ဂလာတိမ်တိုက်ဝတ်စုံ ဝတ်ဆင်ထားသောလူကိုကြည့်ကာ သူတို့ထံတွင် ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်နေသည်။
"ဒါဆိုရင် ဒါက ဆရာကြီးရဲ့စွမ်းအားလား"
"ဒါက မထင်မှတ်စရာပဲ...ရုပ်ထုတစ်ခုတည်းရဲ့စွမ်းအားနဲ့ ပိုင်ချင်ရီတို့လူစုကို ဒီလိုအဆင့်မျိုးထိရောက်အောင် ရိုက်နှက်နိုင်ခဲ့တယ်"
ယဲ့ရီက အံ့အားတစ်သင့် ပြောဆိုသည်။
"ဆရာကြီးက အစကနေအဆုံးထိ ပိုင်ချင်ရီကို နည်းနည်းလေးတောင် ဂရုမစိုက်တာ အံ့အားသင့်စရာမရှိတော့ဘူး"
"မဟုတ်ဘူး...ဒါက ဆရာကြီးရဲ့စွမ်းအားမဟုတ်ဘူး"
ယဲ့နန်က အမှားကိုထောက်ပြလေသည်။
"အတိအကျပြောရရင် ဒါက ယွင်ဝူရဲ့စွမ်းအားပဲရှိသေးတယ်"
ထိုစကားကိုကြားချိန်တွင် ယဲ့ရီသည် အသိဝင်လာပေ၏။
သူတို့ရှေ့ရှိ ပန်းပုရုပ်ထုကို ရီဖုန်း ထွင်းထုထားခြင်းမဟုတ်ဘဲ သူ သင်ကြားပေးခဲ့သည်မှာ လဝက်မပြည့်သေးသော တပည့်ဖြစ်သည့် ယွင်ဝူမှထွင်းထုထားခြင်းဖြစ်သည်။
"လဝက်လောက် သင်ကြားပေးခဲ့ရုံလေးနဲ့ ဆရာကြီးရဲ့တပည့် ထွင်းထုတဲ့ရုပ်တုမှာ ဒီလိုစွမ်းအားမျိုးတွေရှိနေတယ်...ဆရာကြီးကိုယ်တိုင်ထွင်းထုတဲ့ ရုပ်တုတစ်ခုဆိုရင် ဘယ်လောက်တောင် နက်နဲသိမ်မွေ့နေမလဲ"
ယဲ့ရီက ကူကယ်ရာမဲ့စွာဖြင့် မှန်းဆလိုက်၏။
"ဖြစ်နိုင်တာတော့..."
"အဲ့ဒီရုပ်တုကို တစ်ကြိမ်ဆင့်ခေါ်လိုက်တာနဲ့ ပိုင်ချင်ရီတို့လူစုကို အနိုင်ယူနိုင်လိမ့်မယ်"
ယဲ့နန်က ခန့်မှန်းပြောဆိုသည်။
ယဲ့ရီက တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြကာ ရီဖုန်း၏ပုံရိပ်က သူမ၏စိတ်အတွင်းတွင်မျောလွင့်နေသည်။ သူမ၏မျက်လုံးများအတွင်း၌ နက်ရှိုင်းသောလေးစားကြည်ညိုမှုများဖြင့် ပြည့်နှက်နေပေ၏။
"နတ်ဘုရားမိန်းမပျို...အဲ့ဒီလူရဲ့အရည်အချင်းတွေက အရမ်းထူးဆန်းတယ်...ငါတို့က သူ့ကိုသတ်ဖြတ်ဖို့အတွက် အင်မော်တယ်နည်းစနစ်တွေကို အသုံးပြုရလိမ့်မယ်"
စုတ်ပြတ်သတ်နေသော အကြီးအကဲနှစ်ယောက်သည် ပိုင်ချင်ရီ၏နံဘေး၌ဝိုင်းရံကာ တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ကောင်းပြီလေ"
ပိုင်ချင်ရီ၏မျက်လုံးများ ကျဉ်းမြောင်းနေကာ သူမ၏မျက်လုံးအိမ်များကို စူးရှစွာကျုံထားလေ၏။
ထိုနောက် သူမ၏နူးညံ့သေးသွယ်သောလက် မြင့်တက်လာခြင်းနှင့်အတူ အင်မော်တယ်စွမ်းအားများက မိုးကောင်းကင်ယံအတွင်း၌ ပျံ့နှံ့သွားသည်။
"မိုင်တစ်ထောင်ကို အေးခဲစေခြင်း..."
ခရက်...ခရက်...ခရက်...
သူမ၏ညင်သာသောအော်သံနှင့်အတူ မိုးကောင်းကင်ယံသည် သိသိသာသာအေးခဲသွားကာ ထိုလူ့ထံသို့ဦးတည်၍ ပြန့်ကားသွားသည်။
"ကောင်းကင်ဘုံ မီးတောက်"
အကြီးအကဲတစ်ယောက်သည် လက်စည်းတံဆိပ်များကို အလျှင်အမြန်ဖွဲ့စည်းကာ ကြီးမားသောမီးဘောလုံးကြီးတစ်ခုသည် မိုးကောင်းကင်ယံအတွင်း၌ ပေါင်းစည်းသွားပြီး ထိုလူကို လွှမ်းခြုံသွားပေ၏။
"ကောင်းကင်ဘုံရဲ့မုန်တိုင်း"
ဒဏ်ရာရထားသော တခြားအကြီးအကဲတစ်ယောက်သည်လည်း အားနည်းချက်ကိုပြသရန် မလိုလားချေ။ သူ့၏ဒဏ်ရာများကို အတင်းအကြပ်ဖိနှိပ်ကာ လက်စည်းတံဆိပ်များကိုများကို ဖွဲ့စည်းလိုက်သည်။ ပိုင်အာမြို့၏အထက်ကောင်းကင်ယံတွင် ကြီးမားသောမုန်တိုင်းကြီး စုဝေးလာကာ ထိုလူ့ထံသို့ဦးတည်၍ ပျံ့နှံ့သွားသည်။
ရုတ်ချည်းဆိုသလိုပင်...
ပိုင်ချင်ရီတို့လူစု၏ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် မုန်တိုင်း မီးတောင်များနှင့်နှင်းခဲများရောယှက်နေကာ ပိုင်အာမြို့၏အထက်ကောင်းကင်ယံကို ငရဲနယ်မြေတစ်ခုအလား ပြောင်းလဲသွားစေသည်။
သို့ရာတွင်....
ထိုတိုက်ခိုက်မှုများအားလုံးနှင့် ရင်ဆိုင်ရသည့်တိုင် အနက်ရောင်ဝတ်စုံဝတ်လူသည် သူတို့အားအေးစက်စက်တချက်သာ စောင်းငဲ့ကြည့်သည်။
ဤအကြည့်တစ်ချက်နှင့်အတူ...
သူ့၏လက်ဝါးကို ဖြည်းညှင်းစွာဆန့်တန်းလိုက်၏။
သူ့၏လက်ဝါးကို ဆန့်တန်းလိုက်သည်နှင့်ချက်ချင်းဆိုသလိုပင် မြေပြင်မှနေ၍ မရေမတွက်နိုင်သောကျောက်တုံးနှင့်မြေသားများ မြင့်တက်လာကာ အရပ်မျက်နှာအဘယ်ဘက်မှနေ၍ ပိုင်ချင်ရီတို့လူစုထံသို့ ပျံ့နှံ့သွားသည်။
ဘုန်း...
ထိုအရာများသည် ရွှံစေးများအလား ပိုင်ချင်ရီတို့လူစုထံတွင်ကပ်နေကာ သူတို့အား မလှုပ်ရှားနိုင်စေရန် သို့မဟုတ် လွတ်လပ်စွာရုန်းကန်၍မရစေရန် တားဆီးဟန့်တားထားသည်။
သူတို့သုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုသည် ထပ်မံ၍ ချိုးဖျက်ခံလိုက်ရလေပြီ။
တချိန်တည်းမှာပင် ပို၍များပြားသောမြေသားများက သူတို့အပေါ်သို့ လွှမ်းခြုံပြီး ဖုံးအုပ်သွားသည်။
အဝေးတစ်နေရာမှာကြည့်ပါက....
ကြီးမားသောမြေသားလုံးကြီးသည် ပိုင်အာမြို့၏ မိုးကောင်းကင်ယံအတွင်း၌ သိပ်သည်းနေကာ ဂြိုလ်ငယ်လေးတစ်လုံးအလား လှည့်ပတ်နေလေ၏။
ဤသည်မှာ နေရောင်ခြည်ကိုပင် ပိတ်ဖုံးနေပြီးပိုင်အာမြို့ပေါ်၌ ကြီးမားသောအရိပ်ကြီးကို လွှမ်းခြုံနေစေသည်။
"မြေကမ္ဘာ အက်ကွဲခြင်း"
နောက်ဆုံး၌ ထိုမြေသားလုံးကြီးကို အကန့်အသတ်အခြေအနေထိ စုဝေးပြီးချိန်တွင်ထိုလူက အေးစက်တင်းမာစွာ အော်ဟစ်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင်
သူ့၏လက်ဝါးကို ညင်သာစွာဖျစ်ညှစ်လိုက်၏။
ခရက်...ခရက်...ခရက်...
ထိုမြေသားလုံးကြီးသည် ပြင်းပြင်းထန်ထန် တုန်ခါသွားကာ ရုတ်တရက်ကျုံ့သွားသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး...
ယဲ့နန်တို့သားအဖနှင့် မဟာဂိုဏ်းချုပ်လေးယောက်တို့၏နှလုံးသားများ သူတို့၏လည်ချောင်းများအတွင်းမှ ခုန်ထွက်သွားတော့လုမတတ်ပင်။
သူတို့၏ပါးစပ်များလည်း ခြောက်သွေ့နေလေ၏။
ဤရုတ်တစ်ရက်ကျုံဝင်သွားမှုသည် မည်မျှထိကြောက်မက်ဖွယ်ကောင်းသည်ကို သူတို့၏ခန္ဓာကိုယ်များမှ ခံစားမိသည်။
ထိုမြေသားလုံးကြီးအတွင်း၌ လှောင်ပိတ်မိနေသော ပိုင်ချင်ရီတို့လူစုသည်...
သူတို့ သေသွားကြသလော...
သူတို့သည် မိုးကောင်းကင်ယံအတွင်းရှိ မြေသားလုံးကြီးကို စူးစိုက်ကြည့်ကာ အဖြေရှာရန်ကြိုးစားနေကြသည်။
နောက်ဆုံး၌ အချိန်တခဏကြာပြီးနောက်မိုးကောင်းကင်ယံအတွင်းရှိ မြေသားလုံးကြီး ဖြည်းညှင်းစွာပျက်ပြယ်သွားကာ ကျောက်တုံးနှင့်မြေစိုင်ခဲများအဖြစ်သို့ ပြောင်းလဲသွားပြီး မိုးကောင်းကင်ယံမှ ပြုတ်ကျလာသည်။
ရုတ်တရက်....
လူတိုင်း၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။
အကြောင်းအရင်းမှာ သူတို့သည် တွန့်လိမ်ပြီးကောက်ကွေးနေသော ခန္ဓာကိုယ်သုံးခုမိုးကောင်းကင်ယံအတွင်းမှ ပြုတ်ကျလာသည်ကို ရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ရသောကြောင့်ပင်။
သူတို့၏စုတ်ပြတ်နေသော အဝတ်အစားများအရ ဤသည်မှာ ပိုင်ချင်ရီတို့လူစုပင်။
မြောက်ပင်လယ်ကုန်းမြေကို လွှမ်းမိုးချုပ်ကိုင်ခဲ့ကာ မြောက်ပင်လယ်ကုန်းမြေမှ မရေမတွက်နိုင်သောထိပ်သီးကျင့်ကြံသူများ သူမရှေ့၌ အသက်ပင်ရဲရဲမရှုဝံ့ခဲ့သည့် ပိုင်ချင်ရီသည်...
ဤအတိုင်း သေဆုံးသွားခဲ့သလော...
လူတိုင်းသည် ထိတ်လန့်တုန်လှုပ်နေကာ စကားပင်ပြောဆိုနိုင်ခြင်းမရှိချေ။
သူတို့သည် လေအေးများ ရှိုက်သွင်းလိုက်ကြ၏။
ထို့ထက်ပို၍ သူတို့အား မယုံကြည်နိုင်ဖြစ်စေသည်မှာ ပိုင်ချင်ရီ၏သေဆုံးမှုသည် ရုတ်တရက်ဆန်နေခြင်းပင်။
အကြောင်းအရင်းမှာ အနက်ရောင်ဝတ်စုံဝတ်လူသည် ရုပ်တုအတွင်းမှ ထွက်လာချိန်မှစ၍ယခုချိန်ထိ အသက်ဆယ်ရှိုက်စာခန့်သာကြာမြင့်သေးသည်။
အစမှအဆုံးတိုင် သူသည် လှုပ်ရှားမှုနှစ်ခုကိုသာအသုံးပြုခဲ့လေ၏။
Chapter 448
အဝေးရှိ ဆယ်လီခန့်အကွာ၌...
လေဟာနယ် လှုပ်ခတ်သွားသည်။
အဖြူရောင်ဝတ်စုံဝတ်ပုံရိပ်တစ်ခုသည် လေဟာနယ်အတွင်းမှ ခုန်ထွက်လာကာ မြေပြင်ပေါ်သို့ ပြုတ်ကျလာပေ၏။
သူမသည် ဖရိုဖရဲဖြစ်နေကာ အသက်ကိုပြင်းပြင်းထန်ထန် ရှုရှိုက်နေရသည်။ သူမ၏ခန္ဓာကိုယ်မှ ဇောချွေးများယိုစီးကိနေကာ သူမသည် အဝေးတစ်နေရာသို့ စူးစိုက်၍ကြည့်နေသည်။
"ငါ အသတ်ခံလိုက်ရတာလား"
သူမ၏မျက်လုံးများအတွင်းတွင် နက်ရှိုင်းသော ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေသည်။
ထို့နောက် သူမ၏နူးညံသေးသွယ်သောလက်ကိုဆန့်တန်းကာ စူးစိုက်ကြည့်လိုက်ချိန်၌......
သူမ၏လက်မောင်းပေါ်တွင် အနီရောင်အလင်းတန်းများတောက်ပနေသော ကွင်းသုံးကွင်းရှိနေရာမှ တစ်ကွင်းသည် မှေးမှိန်ပြီးနက်မှောင်သွားလေ၏။
ထိုမြင်ကွင်းကိုကြည့်ပြီး သူမ၏စိတ်နှလုံးသားအတွင်းတွင် အကန့်အသတ်မရှိသောနာကြည်းမှုန်းတီးမှုများထင်ဟပ်လာကာ သူမ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်မှုများဖြင့်ပြည့်နှက်သွားသည်။
မိုးကောင်းကင်ယံအတွင်း၌...
အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသောလူသည် တဖြည်းဖြည်း သူ့၏လက်ဝါးကို ပြန်ရုပ်သိမ်းလိုက်သည်။
ထို့နောက် သူ့၏နောက်ရှိရုပ်တုကို ပြန်လှည့်ကြည့်လိုက်၏။
ဤအချိန်အခိုက်အတန့်တွင် ရုပ်တုပေါ်ရှိအလင်းတန်းများ မှေးမှိန်နေကာ အကယ်၍တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ရှုပါက ထိုအရာပေါ်တွင် အက်ကွဲကြောင်း အမြောက်အများရှိနေသည်ကို တွေ့မြင်မိပေမည်။
သူသည် အဝေးတစ်နေရာသို့အဓိပ္ပါယ်ပါသောအကြည့်ဖြင့်ကြည့်ကာ အနည်းငယ်ခန့်တွေဝေတုံ့ဆိုင်နေပြီး နောက်ဆုံး၌ ရုပ်တုထံသို့ပြန်လည်၍ လျှောက်လှမ်းသွားတော့သည်။
အလင်းတန်းများပျောက်ကွယ်သွားကာ....
ထိုအရာသည် သာမန်သစ်သားပန်းပုရုပ်ထုအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားသည်။
ဟူး....
ထိုမြင်ကွင်းကိုကြည့်ပြီး...
ယဲ့နန်တို့သားအဖနှင့် မဟာဂိုဏ်းချုပ်လေးယောက်တို့သည် သက်ပြင်းတချက်ရှိုက်လိုက်ကြ၏။
ဤတိုက်ပွဲတွင်....
နောက်ဆုံး၌ ပိုင်ချင်ရီတို့လူစု သေဆုံးသွားခဲ့ခြင်းဖြင့် အဆုံးသတ်သွားခဲ့သည်။
ဤကိစ္စသည် သူတို့၏မျက်လုံးရှေ့၌ ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည့်တိုင် သူတို့သည် အိပ်မက်တစ်ခုမက်နေသည့်အလား ခံစားနေရဆဲပင်။
မည်သူက တွေးထင်မိမည်နည်း...
မောက်မာထောင်လွှားသော ပိုင်ချင်ရီသည် ဤကဲ့သို့ သေဆုံးသွားခဲ့ပေ၏။
ချင်းနျူဂိုဏ်း....
ယွင်ဝူသည်ပန်းချီဆွဲနေကာ ဝူချန်အန်းက အဆောင်လက်ဖွဲ့များကို ရေးဆွဲနေသည်။ ရီဖုန်းကမူ ဓားတလက်ဖြင့် သူ့၏လက်အတွင်းမှ အရာဝတ္ထုငယ်တစ်ခုကို ထွင်းထုနေသည်။
သူသည် သစ်သားအစအနများကိုမှုတ်ထုတ်လိုက်ပြီးနောက် နူးညံ့သော ပန်းပုရုပ်ထုငယ်တစ်ခုထွက်ပေါ်လာသည်။
"ဒါက အရမ်းအသက်ဝင်တာပဲ"
ရီဖုန်းသည် သူ၏လက်အတွင်းရှိ သစ်သားပန်းပုရုပ်တုကိုကြည့်ကာ အံ့အားတစ်သင့်အော်ဟစ်လိုက်သည်။
ဤပညာရပ်များအားလုံးအတွင်းတွင် ရီဖုန်းသည် ပန်းပုထုခြင်းကို အနှစ်သက်ဆုံးပင်။ သူ့ထံတွင် မည်သည့်အရာမျှလုပ်ဆောင်ရန်မရှိသည့်အချိန်တိုင်း သူသည် ပန်းပုထုလေ့ရှိသည်။ အချိန်အတော်ကြာစုဆောင်းပြီးနောက် သူ့၏သိုလှောင်လက်စွပ်အတွင်းတွင် ရာနှင့်ချီသောပန်းပုရုပ်ထုများ ရှိနေလေပြီ။
အတိတ်ဘဝမှာ အန်နမီ*ဇာတ်ကောင်များ...
ယွင်ဝူ၏မိခင်ကို သူပေးခဲ့သော သစ်သားပန်းပုရုပ်ထုနှင့်တူညီသည့် အာကာဆူကီ*အဖွဲ့ဝင်များသည် သူ့ထံ၌ တစ်စုံလုံးရှိနေပေ၏။
ကောက်ရိုးဦးထုပ်ဓားပြများ ဝမ်းပိ*ကမ္ဘာလောကမှဧကရာဇ်လေးဦး...
သူ၏အတိတ်ဘဝရှိ ရှေးဟောင်းတရုတ်ဒဏ္ဍာရီများအတွင်းမှ ရင်းနှီးကျွမ်းဝင်သောဇာတ်ကောင်များဖြစ်သည့် အနောက်သို့ခရီးသွားခြင်းမှတ်တမ်းတွင်ပါဝင်သော ရန်ကျင်း နီကျား လီထန်းဝမ်....
သူ ကလေးဘဝကတည်းက ချစ်မြတ်နိုးခဲ့ရသော ဘူးစေ့ညီအကိုများ* အစမှနောက်ဆုံးထိ အာထရာမန်း*မျိုးဆက်များ....
ထို့ကြောင့် ရာနှင့်ချီသော ပန်းပုရုပ်ထုများအကြားတွင် ဇာတ်ကောင်အမျိုးမျိုးပါဝင်နေသည်။
"ငါ ဒါတွေကိုသိမ်းထားရင်လည်း အသုံးဝင်မှာမဟုတ်ဘူး"
ရီဖုန်းသည် ထိုရုပ်ထုများကိုကြည့်ပြီးနောက် အနည်းငယ်အကြပ်ရိုက်နေသကဲ့သို့ ခံစားမိသည်။
ထိုအရာများကို အဝေးသို့လွှင့်ပစ်လျှင်လည်းဖြုန်းတီးရာကျပေမည်။
ထိုအရာများကို သိမ်းဆည်းထားလျှင်လည်း နေရာပုပ်ရုံမျှသာရှိသည်။
သို့ရာတွင် သူ၏နံဘေး၌ စိတ်အားထက်သန်စွာပန်းချီဆွဲနေသော ယွင်ဝူကိုကြည့်ပြီး ရီဖုန်းသည်အကြံကောင်းတစ်ခုကို တွေးတောမိသွားလေ၏။
ယွင်ဝူ၏မိဘနှစ်ပါးသည် ကုန်စုံဆိုင်တစ်ဆိုင်ကိုဖွင့်ထားကာ သူမ၏မိခင်သည် လက်မှုပစ္စည်းတချို့ကိုလည်း ရောင်းချသည်။
သူသည် ဤသစ်သားပန်းပုရုံများကို ယွင်ဝူ၏မိဘနှစ်ပါးထံပေးလိုက်ပါက ရောင်းချရန်အတွက် ဆိုင်ငယ်လေးအတွင်း၌ ခင်းကျင်းပြသနိုင်ပေမည်။
ဤနည်းလမ်းဖြင့် ယွင်ဝူ၏မိဘများအတွက် ဝင်ငွေအနည်းငယ်ထောက်ပံ့ပေးနိုင်ပြီဖြစ်သဖြင့် သူနှင့်အတူ ယွင်ဝူကို ခေါ်ဆောင်သွားမည့်ကိစ္စအတွက် သူ အနည်းငယ်စိတ်သက်သာရာရပေမည်။
"ချန်အန်း..."
ဤရက်များအတွင်း သူတို့၏အပြန်အလှန်ဆက်ဆံခဲ့မှုများမှတဆင့် ရီဖုန်းသည် ဝူချန်အန်း၏နာမည်အစစ်အမှန်ကို သိရှိသွားလေပြီ။ ဤသည်မှာ ရီဖုန်းကို အနည်းငယ်မျှ အံ့အားသင့်သွားစေခြင်းမရှိချေ။
"ဆရာ ကျွန်တော် ရှိပါတယ်"
ဝူချန်အန်းက ရီဖုန်း၏နံဘေးတွင် ရိုသေလေးစားစွာ မတ်တတ်ရပ်လိုက်သည်။
"ဒီသစ်သားပန်းပုရုပ်တွေကို ပိုင်အာမြို့ဆီ သွားပို့ပေးစမ်းပါ"
ရီဖုန်းက အိတ်တစ်အိတ်ရှာဖွေကာ ထိုသစ်သားပန်းပုရုပ်ထုများအားလုံးကို အတွင်း၌ထည့်ပြီး ဝူချန်အန်းထံသို့ ပစ်ပေးလိုက်၏။
"ဟုတ်ကဲ့ပါ ဆရာကြီး"
ဝူချန်အန်းသည် ထိုအိတ်ကိုယူဆောင်ကာ ချင်းနျူဂိုဏ်းမှ ထွက်ခွာခဲ့တော့သည်။
ချင်းနျူဂိုဏ်းမှ ထွက်ခွာလာပြီးနောက် ဝူချန်အန်းသည် တိုက်ပွဲကြီးပြီးဆုံးပြီးနောက် ပိုင်အာမြို့၏အထက်ကောင်းကင်ယံအတွင်း၌ ရစ်သိုင်းလွှမ်းခြုံနေသော နောက်ချန်အားလှိုင်းအရှိန်အဝါများကိုကြည့်ပြီး သူ့၏မျက်လုံးသူငယ်အိမ်များ အနည်းငယ်ကျဉ်းမြောင်းသွားသည်။
"ဆရာကြီးက ဒီလောက်များတဲ့ သစ်သားပန်းပုရုပ်တွေ...ငါ့ကို ပိုင်အာမြို့ဆီ ဘာလို့ပို့ခိုင်းတာလဲဆိုတာ ငါ သိချင်မိတယ်"
"ဒါပေမဲ့ ဆရာကြီးမှာလည်း အစီအစဉ်တွေရှိနေမယ်လို့ ငါယုံကြည်တယ်...ငါတစ်ချက်သွားကြည့်လိုက်ရင် သိသွားမှာပဲလေ"
ဝူချန်အန်းသည် အိတ်ကိုထမ်းပိုးကာ ခြေတစ်လှမ်းဖြင့် ပိုင်အာမြို့ထံသို့ဦးတည်၍ ပျံသန်းသွားတော့သည်။
ပိုင်အာမြို့...
ယဲ့နန်တို့သားအဖသည် တိုက်ပွဲကွင်းပြင်ကိုရှင်းလင်းနေဆဲဖြစ်ကာ အပျက်အစီးများအကြားရှိ စုတ်ပြတ်နေသောအလောင်းသုံးလောင်းကိုကြည့်ပြီး သူတို့သည် အနည်းငယ်မယုံကြည်နိုင်ဖြစ်နေဆဲပင်။
ဘုန်း...
ထိုအချိန်မှာပင် အေးစက်စက်အလင်းတန်းတစ်တန်းက မိုးကောင်းကင်ယံမှ ပျံ့လွင့်လာကာ ဆိုင်အတွင်းရှိ ဘီရိုပေါ်မှ သစ်သားပန်းပုရုပ်ထံသို့ တန်းတန်းမတ်မတ်တိုးဝင်သွားသည်။
ဤအကြပ်အတည်းကို အာရုံခံမိသည့်အလား....
သစ်သားပန်းပုရုပ်သည် အနည်းငယ်တုန်ရီသွားကာ အလင်းတန်းအနည်းငယ်မြင့်တက်လာသော်လည်း ရုပ်ထု၏မျက်နှာပြင်ပေါ်၌ အက်ကွဲကြောင်းများ ပို၍ပို၍ထွက်ပေါ်လာသည်။
"ဝှစ်..."
နောက်ဆုံး၌ သစ်သားရုပ်ထုမှစွမ်းအားများ ဖြန့်ကျက်တော့မည့်အချိန်မှာပင် ဓားချီတစ်လှိုင်းက ထပ်မံ၍ကျရောက်လာသည်။
ခရက်....
ဤတိုက်ခိုက်မှုကို အားကုန်ခုခံလိုက်သော်လည်း သစ်သားပန်းပုရုပ်သည် အသက်နှစ်ရှိုက်စာမျှ ကြာမြင့်ပြီးနောက် စွမ်းအားများကုန်ခမ်းသွားခဲ့ကာ ဓားချီ၏အမြစ်ပြတ်ချေမှုန်းခြင်းကို ခံလိုက်ရတော့သည်။
"ဟား...ဟား...ဟား...ဟား..."
"ဒီသစ်သားပန်းပုရုပ်ထုက ဘာမှမဟုတ်တော့ဘူး....အရင်က အစွမ်းထက်ပေမယ့် အခုစွမ်းအားတွေအားလုံး အသုံးပြုလို့ကုန်ဆုံးသွားပြီ....ဒါက ခုတ်ပိုင်းခံရတော့မယ့် သစ်သားအစအနတစ်ခုထက်မပိုဘူး"
သစ်သားပန်းပုရုပ်ထုသည် အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားသည်ကိုကြည့်ပြီး အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးတစ်ယောက်သည် အေးစက်စက်မျက်နှာနှင့် လေထုအတွင်း၌မျောလွင့်လာကာ ခြောက်ကပ်ကပ်ရယ်မောလိုက်သည်။
သစ်သားပန်းပုရုပ်တု၏ ပျက်ပြယ်သွားသောစွမ်းအားကို အာရုံခံမိမှသာ ပိုင်ချင်ရီသည် ပြန်လာဝံ့ခြင်းဖြစ်ပေ၏။
"ဘာ..."
ထိုအပြောင်းအလဲသည် အလွန်လျင်မြန်စွာဖြစ်ပွားသွားခဲ့သဖြင့် ဤအချိန်အခိုက်အတန့်မှသာ ယဲ့နန်တို့သားအဖ အသိဝင်လာခဲ့သည်။ သူတို့သည် အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားသော သစ်သားပန်းပုရုပ်ထုကိုမြင်တွေ့ချိန်၌ သူတို့၏စိတ်နှလုံးသားများ လေးလံသွားသည်။
ဤသစ်သားပန်းပုရုပ်ထုသည် ဆရာကြီး၏လမ်းညွှန်ချက်ဖြင့် မိန်းကလေးယွင်ဝူမှထွင်းထုခဲ့ခြင်းပင်။
ထိုအရာ ကြေမွှပျက်စီးသွားလေပြီ။
ထို့နောက် သူတို့၏အကြည့်သည် အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးထံသို့ ကျရောက်သွားချိန်၌ သူတို့၏မျက်နှာအမူအယာများ သိသိသာသာပျက်ယွင်းသွားသည်။
"ပိုင်....ပိုင်ချင်ရီ...မင်း မသေဘူးလား...မင်းဘယ်လိုလုပ်လိုက်တာလဲ"
ယဲ့နန်သည် ထိတ်လန့်တကြားပြောဆိုကာ ကူကယ်ရာမဲ့စွာဖြင့် သူတို့၏နံဘေးရှိ အလောင်းများကို စောင်းငဲ့၍ကြည့်လိုက်သည်။ ထိုနေရာတွင် ပိုင်ချင်ရီ၏အလောင်းရှိနေသည်မှာ သိသာထင်ရှားလှ၏။
"ဟမ့်...ပိုင်ယန်နန်းတော်ရဲ့နတ်ဘုရားမိန်းမပျိုဖြစ်တဲ့ ငါက အလွယ်တကူ သေနိုင်မယ်လို့..နင်တို့က တကယ်ကြီးထင်နေကြတာလား"
ပိုင်ချင်ရီ၏အသံက ရေခဲတမျှအေးစက်နေသည်။
သူမသည် ထိုသို့ပြောဆိုလိုက်သော်လည်း ယဲ့နန်၏နံဘေးရှိ အလောင်းကိုမြင်တွေ့ချိန်၌ သူမ၏စိတ်နှလုံးသားအတွင်း၌ အကန့်အသတ်မရှိသောဒေါသများ မြင့်တက်လာသည်။
အကြောင်းအရင်းမှာ အစောပိုင်းက သူမသည်အမှန်တကယ်ကို သေဆုံးသွားခဲ့ခြင်းကြောင့်ပင်။
ပိုင်ယန်နန်းတော်သည် တားမြစ်နည်းစနစ်များကိုအသုံးပြု၍ ကြီးမားသောတန်ကြေးတစ်ခုကိုပေးဆပ်ကာ သူမထံတွင် မတော်တဆကိစ္စများဖြစ်ပွားခြင်းမှ တားဆီးဟန့်တားရန်အတွက်သူမ၏လက်ပေါ်တွင် အမှတ်အသားသုံးခုကို ခတ်နှိပ်ထားခဲ့သည်။
ထိုအမှတ်အသားသုံးခုသည် သူမကို အပိုအသက်သုံးချောင်း ပေးအပ်ထားသည်နှင့်ညီမျှသည်။ ဤသည်မှာ သူမ မောက်မာထောင်လွှားနိုင်ခဲ့သည့် အကြီးမားဆုံးအကြောင်းအရင်းပင်။
သို့ရာတွင်....
သူမသည် သစ်သားပန်းပုရုပ်နှင့် ရင်ဆိုင်ခဲ့ရပြီးနောက် အမှတ်အသားတစ်ခုကို ဆုံးရှုံးခဲ့ရသည်။
မည်သည့်ကြောင့် သူမ ဒေါသမထွက်ဘဲနေမည်နည်း။
"သစ်သားပန်းပုရုပ်ကတော့ ပျက်စီးသွားပြီ...နောက်ထပ်ကတော့ နင်တို့သေရမယ့်အလှည့်ပဲ"
"နင်တို့အားလုံးကို သတ်ပြီးတာနဲ့ ငါက နင်တို့ရဲ့နောက်က ဆရာကြီးကိုရှာပြီးတော့ သူ့ကို လူသားရုပ်သေးအဖြစ် သန့်စင်မယ်...အဲ့ဒီလိုမှပဲ ငါ့ရဲ့စိတ်နှလုံးသားထဲက မုန်းတီးမှုတွေကို ဖြေဖျောက်နိုင်လိမ့်မယ်"
သူမ၏အေးစက်စက်အကြည့်သည် ယဲ့နန်တို့သားအဖပေါ်သို့ ကျရောက်လာကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ တလိမ့်လိမ့်ထနေသည်။
"ပြေးကြစို့"
ထိုမြင်ကွင်းကိုကြည့်ပြီး ယဲ့နန်တို့သားအဖသည် တွေဝေတုံ့ဆိုင်းမနေဝံ့သဖြင့် နောက်သို့ပြန်လှည့်ကာ ထွက်ပြေးခဲ့တော့သည်။
ယခုချိန်၌ သစ်သားပန်းပုရုပ်မရှိတော့သဖြင့် သူတို့သည် ပိုင်ချင်ရီကို မည်သို့မျှ ယှဉ်ပြိုင်နိုင်မည်မဟုတ်ချေ။
"အမှိုက်နှစ်ကောင်...နင်တို့က ငါ့ရဲ့လက်ထဲကနေလွတ်နိုင်မယ်လို့ ထင်နေကြတာလား"
ပိုင်ချင်ရီသည် သူမ၏လက်ဝါးကိုမြှောက်ကာ ရိုက်ထုတ်လိုက်၏။
ကျစ်လစ်သိပ်သည်းသော လက်ဝါးပုံရိပ်ယောင်ကြီးထွက်ပေါ်လာကာ ယဲ့နန်တို့သားအဖကိုလွှမ်းခြုံသွားသည်။
သူတို့နှစ်ယောက်သည် အလျှင်အမြန်ထွက်ပြေးခဲ့ကြသော်လည်း လက်ဝါးပုံရိပ်ယောင်ကြီး၏အမှီလိုက်ခြင်းကို ခံလိုက်ရဆဲပင်။
ဖူး...
နောက်မှရိုက်နှက်ခံရမှုကြောင့် သူတို့သည်တစ်ပြိုင်နက်တည်း သွေးအန်လိုက်ရကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး ကျန်းနှစ်ထောင်ခန့်ရှည်လျားသောအကြောင်းကြီးအဖြစ် တရွတ်တိုက်ပါသွားပြီးမှ ရပ်တန့်သွားသည်။
ပိုင်ချင်ရီသည် ချက်ချင်းဆိုသလိုပင် သူတို့၏ရှေ့သို့ရောက်ရှိလာသည်။
ထို့နောက် သူတို့ကို အထင်မြင်သေးစွာ ငုံကြည့်နေလေ၏။
"သေစမ်း"
သူမ၏ဓားကိုမြှောက်ကာ သူတို့ထံသို့ ဦးတည်၍ခုတ်ပိုင်းလိုက်သည်။
ထိုဓားချက်ဖြင့်ရင်ဆိုင်ရချိန်တွင် ယဲ့နန်တို့သားအဖနှစ်ယောက်၏ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှု အရိပ်အယောင်များထင်ဟပ်လာသည်။
သူတို့သည် အသက်ရှင်သန်နိုင်ရန်အတွက် မည်သည့်အခွင့်အရေးကိုမျှ မမြင်တွေ့မိချေ။
"ဖြစ်နိုင်တာတော့ ဆရာကြီးက ဒီတကြိမ်မှာ အတွက်မှားသွားတာများလား"
သူတို့၏မျက်လုံးများအတွင်းတွင် ကြီးမားသောမလိုလားမှုများဖြင့် ပြည်နှက်နေသော်လည်း မည်သည့်နောင်တမျိုးမျှရှိမနေဘဲ သူတို့၏မျက်လုံးများကို တင်းတင်းကြပ်ကြပ်စုံမှိတ်၍ သေခြင်းတရားရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေကြတော့သည်။
*anime
*Akatsuki
*one piece
*Calabash
*Ultraman
Chapter 449
ဓားချီအလင်းတန်း တစတစနီးကပ်လာလေပြီ။
ထိုအရာ အပြည့်အဝကျဆင်းမလာသေးမီမှာပင် သေခြင်းတရား၏အရှိန်အဝါက ယဲ့နန်တို့သားအဖ၏စိတ်နှလုံးသားအတွင်း၌ ပြည့်နှက်နေသည်။
ဝှစ်...
သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင်
တောက်ပသောအလင်းတန်းနစ်တန်းက ရုတ်တရက် ယဲ့ရီ၏ခါးမှ ပွင့်အံ့ထွက်လာသည်။
ထိုအလင်းတန်း ဖြာထွက်လာခြင်းနှင့်အတူ...
ရုတ်ချည်းဆိုသလိုပင် ပိုင်ချင်ရီ၏ဓားကို နောက်သို့လွင့်ထွက်သွားစေသည်။
ဓားရှည်သည် သူမ၏လက်အတွင်းမှ ချော်ထွက်သွားခြင်းနှင့်အတူ ပိုင်ချင်ရီသည် လေထုအတွင်းမှကျွမ်းထိုးမှောက်ခုံ ပြုတ်ကျလာခဲ့သည်။ သူမ၏ဓားရှည် အက်ကွဲသွားသဖြင့် သူမထံတွင်မယုံကြည်နိုင်မှုများဖြင့် ပြည်နှက်နေသည်။
အမှန်အားဖြင့် ဤဓားရှည်အက်ကွဲသွားခြင်းသည် သူမ၏စိတ်အာရုံကို ဆွဲဆောင်ရန်မလုံလောက်ချေ။ ထိုအစား သူမသည် ယဲ့ရီ၏ခါးမှထွက်ပေါ်လာကာ လေထုအတွင်းသို့ ဖြည်းညှင်းစွာ မြင့်တက်လာသည့် စာလိပ်ထံသို့ ကြည့်နေလေ၏။
သူတို့ သေရတော့မည်ဟု တွေးထင်ထားသော ယဲ့နန်တို့သားအဖသည် အသိဝင်လာကာ မျောလွင့်နေသောစာလိပ်ကို ထိတ်လန့်တုန်လှုပ်စွာကြည့်လိုက်သည်။
လူတိုင်း၏အကြည့်အောက်တွင် ထိုစာလိပ်သည် လေထုအတွင်း၌ ဖြည်းညှင်းစွာပြေကျသွားကာ အလင်းရောင်များဖြာထွက်လာသည်။
"ပန်းချီကားတချပ်ပဲ"
"ရီအာ....ကြည့်လိုက်အုံး...ဒါက ဆရာကြီး မင်းကိုပေးလိုက်တဲ့ ပန်းချီကားမဟုတ်လား"
ယဲ့နန်၏အသံသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေကာ သူက အော်ဟစ်လိုက်၏။
"အဖေ...ဒါက ဆရာကြီး ကျွန်မကိုပေးထားတဲ့ပန်းချီကားပဲ...ဆရာကြီးပေးထားတဲ့ပန်းချီကားမှာ စွမ်းအားတွေ အများကြီးပါနေတာပါလား"
ယဲ့ရီသည်လည်း စိတ်လှုပ်ရှားမှုကြောင့် သူမ၏မျက်လုံးအတွင်း၌ မျက်ရည်များစိုစွတ်လာကာ အော်ဟစ်လိုက်သည်။
"အခုကြည့်ကြည့်တော့မှ ဆရာကြီးကဘယ်တော့မှ အတွက်မမှားဘူး...သူက ဘာတွေဆက်ဖြစ်လာမလဲဆိုတာ အရာရာတိုင်းကို ခန့်မှန်းပြီးသားဘဲ"
"ဒါကအမှန်ပဲ...ဆရာကြီးက ဒါတွေအားလုံးကို ကြိုတင်ခန့်မှန်းထားပြီးပြီ"
ယဲ့နန်၏စိတ်လှုပ်ရှားစွာ ပြောဆိုသောအသံကပဲ့တင်ထပ်နေကာ သူ့၏မျက်နှာပေါ်တွင်လေးစားကြည်ညိုမှုများဖြင့် ပြည့်နှက်နေသည်။
"ဆရာကြီးက မင်းကို ဘာလို့ပန်းချီကားတချပ်ပေးလိုက်တာလဲလို့ ငါ တွေးနေခဲ့တာ...အခုကြည့်ကြည့်တော့မှ ဒါကြောင့် ဖြစ်နေတာကိုး"
ပိုင်ချင်ရီ၏ခန္ဓာကိုယ်ပေါ်တွင် အလွန်အေးစက်သောအခိုးအငွေ့များဖြင့် ပြည့်နှက်နေကာ သူမက မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်လိုက်၏။
အကြောင်းအရင်းမှာ သူမသည် ပန်းချီကားထွက်ပေါ်လာသောအချိန်တွင် အကြွင်းမဲ့ခြိမ်းခြောက်နိုင်မှုတစ်ရပ်ကို ခံစားမိသောကြောင့်ပင်။ ဤအရာသည် အစောပိုင်းကအနက်ရောင်ဝတ်စုံဝတ်လူ၏ ထွက်ပေါ်လာမှုထက် ပို၍ကြောက်မက်ဖွယ်ကောင်းသည်။
သို့ရာတွင် သူမသည် ဤခြိမ်းခြောက်ခံရမှုကို ဝန်ခံရန်မလိုလားချေ။
မည်သို့ပင်ဆိုစေကာမူ သူမ၏အမြင်အရ ဤပြင်ပလောကသည် ခေတ်အဆက်ဆက်ရှင်သန်လာခဲ့ပြီး နှစ်ပေါင်းသန်းနှစ်ဆယ်အမွေအနှစ်များရှိသော ပကတိနယ်မြေကို ယှဉ်ပြိုင်နိုင်မည်မဟုတ်ချေ။
ဤတောသားလူနုံများသည် ပိုင်ယန်နန်းတော်၏မြင့်မြတ်သည့် နတ်ဘုရားမိန်းမပျိုဖြစ်သော သူမ၏ရှေ့၌ ကျေးကျွန်များအဖြစ်သာရှိနေသင့်သည်။
ထို့ကြောင့်...
သစ်သားပန်းပုရုပ်ထုသည် သူမကို လုံလောက်သည်အထိ အံ့အားသင့်တုန်လှုပ်စေခဲ့ပြီးဖြစ်သည့်တိုင် သူမသည် ထိုအရာကို လက်ခံနိုင်စွမ်းမရှိသေးချေ။
ထို့အပြင် ဤသေမျိုးဆိုင်လေးမှနေ၍ သူမအားထိတ်လန့်ကြောက်ရွံမှုကို ခံစားရစေသောအရာများ ထပ်ခါတလဲလဲထွက်ပေါ်လာသည့်ကိစ္စကို မောက်မာထောင်လွှားသော ပိုင်ချင်ရီသည် မည်သည့်နည်းဖြင့် လက်ခံနိုင်မည်နည်း။
သူမ၏အဆင့်အတန်း....
သူမ၏မောက်မာထောင်လွှားမှုတို့သည် သူမကိုထိတ်လန့်ကြောက်ရွံသည်ဟု ခံစားမိစေရန် ခွင့်မပြုချေ။
နောက်ဆုံး၌...
စာလိပ်သည် လေထုအတွင်း၌အပြည့်အဝပြေကျသွားချိန်၌ အမျိုးသမီးတစ်ယောက်၏ရုပ်ပုံ ထွက်ပေါ်လာသည်။
သူမသည် တင့်တယ်လှပစွာရှိနေကာမေးထောက်၍ထိုင်နေပြီး လှပမှုများဖြင့်တောက်ပနေသည်။
"ဒါက နင်လား"
ပိုင်ချင်ရီသည် ပန်းချီကားထဲမှအမျိုးသမီးမှာ ယဲ့ရီဖြစ်ကြောင်း အကြည့်တချက်ဖြင့် မှတ်မိသွားသည်။ ထိုနောက် သူမ၏မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်နေသောအမူအယာများ ချက်ချင်းပျောက်ကွယ်သွားပေ၏။
ဤမိန်းကလေးသည် ပန်းချီကားအတွင်းတွင်မဆိုထားနှင့် သူမကိုယ်တိုင်ကပင် အမှိုက်တစ်စဖြစ်နေသည်။
တိကျသေချာစွာပင်....
အစောပိုင်းက သူမရရှိခဲ့သော ခြိမ်းခြောက်မှုသည် အထင်အမြင်လွဲမှားမှုတစ်ခုသာ ဖြစ်ပေမည်။
အေးစက်သော သရော်တော်တော်အမူအယာတစ်ခုက သူမ၏မျက်နှာပေါ်၌ ထွက်ပေါ်လာသည်။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင်...
သူမ၏အတွေးများ တက်တက်စင်မှားယွင်းနေကြောင်း သူမ နားလည်သဘောပေါက်သွားသည်။
ပန်းချီကားအတွင်းရှိ မိန်းကလေးသည် အသက်ဝင်လာပုံရသည်။ သူမသည်ခေါင်းကိုအနည်းငယ်တိမ်းစောင်းကာ သူမ၏မျက်လုံးများက ပိုင်ချင်ရီ၏ခန္ဓာကိုယ်ပေါ်သို့ အခိုင်အမာ ကျရောက်လာသည်။
ထို့ပြင် သူမ၏မျက်လုံးများအတွင်း၌ ဖုန်းကွယ်ထားသော စွမ်းအားတချို့ ပါဝင်နေပုံရသည်။
မည်သည်ကြောင့်ဟုမသိရသော်လည်း ထိုမိန်းကလေး၏အကြည့်သည် ပိုင်ချင်ရီ၏ဦးရေပြားကို တင်းကြပ်သွားစေကာ သူမ၏မျက်နှာပေါ်ရှိ အေးစက်စက်အပြုံးတောင့်တင်းသွားသည်။
အကြောင်းအရင်းမှာ သူမအသိစိတ်ပြန်မဝင်သေးမီမှာပင် ပန်းချီကားထဲရှိအမျိုးသမီး၏မျက်လုံးများအတွင်းမှ အဖြူရောင်အလင်းတန်းနှစ်တန်း ပျံ့လွင့်လာကာ သူမထံသို့ တိုးဝင်လာသောကြောင့်ပင်။
ထိုအလင်းတန်းများ ဖြတ်သွားသည်နေရာတိုင်း လေဟာနယ်သည် အငွေ့ပြန်သွားကာ လှိုင်းဂယက်များ တစ်ခုပြီးတစ်ခုထလာသည်။
မကြုံစဖူးသေရေးရှင်ရေးအခြေအနေကို ခံစားမိသောကြောင့် ပိုင်ချင်ရီ၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။ သူမ၏စိတ်နှလုံးသားတစ်ခုလုံးတုန်ရီသွားကာ သူမ၏ခန္ဓာကိုယ်မှ ဇောချွေးများယိုစီးကျလာပေ၏။
သူမသည် မောက်မာထောင်လွှားသူတစ်ယောက်ဖြစ်သည့်တိုင် သူမ၏စိတ်အတွင်း၌ ပထမဆုံးထွက်ပေါ်လာသောအတွေးသည် ဤအချိန်အခိုက်အတန့်၌ သူမ ထွက်ပြေးရပေမည်။
အကြောင်းအရင်းမှာ အကယ်၍ သူမသည် ထိုအလင်းတန်းနှစ်တန်း၏ရိုက်ခတ်ခြင်းကို ခံရပါက သူမအား စောင့်ဆိုင်းနေသည့် တစ်ခုတည်းသောရလဒ်မှာ အမြစ်ပြတ်သုတ်သင်ခံရခြင်းဖြစ်မည်ကို သူမ အာရုံခံမိသောကြောင့်ပင်။
ပိုင်ချင်ရီ၏ခန္ဓာကိုယ်အတွင်းမှ အင်မော်တယ်စွမ်းအားများ တလိမ့်လိမ့်ထလာကာ လေထုအတွင်း၌မတ်တတ်ရပ်ပြီး အဝေးတစ်နေရာရှိမိုးကောင်းကင်ယံထံဦးတည်၍ ပြတ်ပြတ်သားသားထွက်ပြေးခဲ့တော့သည်။
သူမထွက်ပြေးနေစဉ်တွင် သူမ၏အသက်ရှူနှုန်းများ လျှင်မြန်နေသည်။ သူမ နောက်သို့ပြန်လှည့်ကြည့်ချိန်တွင် တုန်လှုပ်ချောက်ချားမှုကြောင့် သူမ၏မျက်လုံးများ ပြူးကျယ်သွားပေ၏။
ထိုအလင်းတန်းများသည်....
သူမ၏နောက်ကျောသို့ ရောက်ရှိနေလေပြီ။
"မဟုတ်ဘူး"
"မလုပ်နဲ့"
သူမသည် စိတ်ပျက်လက်ပျက်ဖြင့် စူးရှကျယ်လောင်စွာအော်ဟစ်ကာ သူမ၏ခန္ဓာကိုယ်ကိုဝေ့ဝိုက်ကာ ရှောင်တိမ်းရန်အတွက် အလျှင်အမြန်ကြိုးစားလိုက်သည်။
သို့ရာတွင်သူမ၏ကြိုးစားမှုများအားလုံး အချည်းနှီးပင်။
အလင်းတန်းနှစ်တန်းသည် သူမ၏ခန္ဓာကိုယ်ကိုတိုက်ရိုက်ထွင်းဖောက်သွားကာ လေထု၏အလယ်၌ သွေးမြူများအဖြစ် ပေါက်ကွဲသွားပေ၏။
သူမ၏အရိုးတစ်ချောင်းပင်လျှင် ကြွင်းကျန်ခဲ့ခြင်းမရှိချေ။
သူမ၏သွေးပျက်လုမတတ် အော်သံများသာလေထုအတွင်း၌ ခပ်သဲ့သဲ့ပဲ့တင်ထပ်နေသည်။
ဤမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရသည့် ယဲ့နန်တို့သားအဖနှင့် မဟာဂိုဏ်းချုပ်လေးယောက်တို့သည် သူတို့၏ဦးရေပြားများ တင်းကျပ်လာသည်ကို ခံစားမိသည်။
ထိုအလင်းတန်းနှစ်တန်း၏စွမ်းအားသည် အမှန်တကယ်ကို အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။
သို့ရာတွင်....
ပန်းချီကားမှအလင်းတန်းများသည် အနည်းငယ်မျှ ပျက်ပြယ်သွားခြင်းမရှိချေ။
ပန်းချီကားအတွင်းမှ ယဲ့ရီ၏မျက်လုံးများ ထပ်မံ၍ရွေ့လျားသွားသည်။
ထိုရွေ့လျားသွားခြင်းနှင့်အတူ အလင်းတန်းနှစ်တန်း ထပ်မံ၍ထွက်ပေါ်လာကာ အဝေးတစ်နေရာရှိ မိုးကောင်းကင်ယံသို့ ဦးတည်၍ပျံ့လွင့်သွားသည်။
မိုင်ပေါင်းများစွာဝေးကွာသော ဗလာဟင်းလင်းဖြစ်နေသည့် လေဟာနယ်တစ်ခုအတွင်း၌ လေဟာနယ်စွမ်းအားများ လှုပ်ခတ်သွားကာ ပိုင်ချင်ရီသည် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေသောမျက်နှာဖြင့် ထွက်လာသည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ဇောချွေးများဖြင့် ရွှဲနစ်နေကာ သူမသည် မြေပြင်ပေါ်သို့ အရုပ်ကျိုးပြတ်ထိုင်ချလိုက်၏။
သေခြင်းတရား၏အန္တရာယ်ကို ခံစားရခြင်းသည် အမှန်တကယ်ကို အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
ပကတိနယ်မြေ၏ ပိုင်ယန်နန်းတော်မှ မြင့်မြတ်သောနတ်ဘုရားမိန်းမပျိုဖြစ်သည့် သူမသည် ဤကဲ့သို့ နိမ့်ကျသောအောက်ဘုံမျိုး၌ နှစ်ကြိမ်တိုင်တိုင် သေဆုံးခဲ့ရမည်ဟု သူမ မျှော်လင့်ထားမိခြင်းမရှိချေ။
ဤသည်မှာ သူမ၏လက်ပေါ်ရှိ အမှတ်အသားသုံးခုအနက်မှနှစ်ခု မှေးမှိန်သွားပြီဟု ကိုယ်စားပြုသည်။
သို့ရာတွင် သူမ အသက်ဝဝမရှုနိုင်သေးမီမှာပင် အန္တရာယ်အငွေ့အသက်က ထပ်မံ၍ထွက်ပေါ်လာသည်။
သူမက နောက်သို့လှည့်ကြည့်လိုက်ရာ အဝေးရှိကောင်းကင်ယံမှနေ၍ သူမထံသို့ တန်းတန်းမတ်မတ်တိုးဝင်လာသော အလင်းတန်းနှစ်တန်းကို တွေ့မြင်မိသည်။
"အား..."
"မလုပ်နဲ့"
"ငါ မှားသွားပြီ...ငါ မှားပါတယ်...ကျေးဇူးပြုပြီးတော့ ငါ့ရဲ့အသက်ကို ချမ်းသာပေးပါ...ငါ့ကိုမသတ်ပါနဲ့"
ပိုင်ချင်ရီ၏မျက်လုံးများအတွင်းတွင် အလွန်အမင်းပြင်းထန်သော တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည်နှက်နေသည်။ သူမသည် သူမထံသို့ တိုးဝင်လာသော အလင်းတန်းနှစ်တန်းကိုစူးစိုက်ကြည့်ပြီး တောင်းပန်စကားပြောဆိုလိုက်၏။
သို့ရာတွင်...
သူမ အသနားခံတောင်းပန်နေသည့်တိုင် ထိုအလင်းတန်းနှစ်တန်းသည် အနည်းငယ်မျှရပ်တန့်သွားခြင်းမရှိချေ။
ဝှစ်....
အလင်းတန်းများက သူမ၏ခန္ဓာကိုယ်ကို တဖန်ထပ်၍ ထွင်းဖောက်သွားလေပြီ။
အစောပိုင်းကမှ ပြန်ရှင်သန်လာခဲ့သောသူမ၏အသက်သည် ခြေတစ်လှမ်းလှမ်းရန်ပင်အခွင့်အရေးမရခဲ့ဘဲ ပါးလွှာသောလေထုအတွင်း၌ ထပ်မံ၍ပျက်ပြယ်သွားခဲ့သည်။
မိုင်ဆယ်နှင့်ချီကွာဝေးသော တခြားနေရာတစ်ခုတွင် လေဟာနယ်အတွင်းမှနေ၍ ပိုင်ချင်ရီသည် ထပ်မံ၍ထွက်ပေါ်လာပေ၏။
ယခုထွက်ပေါ်လာသော ပိုင်ချင်ရီထံတွင် တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်နေသည်။ သူမသည် အသက်ကိုပြင်းပြင်းထန်ထန်ရှူရှိုက်ကာ အနည်းငယ်မျှရပ်တန့်ဝံ့ခြင်းမရှိဘဲ အဝေးတစ်နေရာသို့ ဦးတည်၍ပျံသန်းခဲ့တော့သည်။
အကြောင်းအရင်းမှာ သူမ၏လက်ပေါ်ရှိအမှတ်အသားများအားလုံး ပျောက်ကွယ်သွားပြီဖြစ်သောကြောင့်ပင်။
အကယ်၍ သူမ နောက်ထပ်တစ်ကြိမ်ထပ်မံ၍သေဆုံးရပါက ဤသည်မှာ သူမ၏အသက် အဆုံးသတ်သွားပြီဟု ဆိုလိုခြင်းဖြစ်သည်။
သူမသည် အလျင်စလိုပြေးလွှားရင်း နောက်သို့အဆက်မပြတ် စောင်းငဲ့၍ကြည့်လိုက်သည်။
တိကျသေချာစွာပင်.....
သူမနောက်ရှိ လေဟာနယ်အတွင်းတွင် အလင်းရောင်များ တောက်ပနေပေ၏။
တောက်ပနေသော အလင်းတန်းနှစ်တန်းသည် သူမထံသို့ ဦးတည်၍ ပျံ့လွင့်လာသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ပိုင်ချင်ရီသည် လိပ်ပြာလွင့်လုမတတ် ထိတ်လန့်ကြောက်ရွံ့သွားသည်။ တုန်တုန်ရီရီဖြင့် သူမသည် သိုလှောင်လက်စွပ်အတွင်းမှ ရွှေရောင်စာလိပ်တစ်လိပ်ကိုအလျှင်အမြန်ထုတ်ယူကာ ပစ်လွှတ်လိုက်သည်။
ထိုစာလိပ်မှ အလင်းတန်းများဖြာထွက်လာကာ သူမ၏ခေါင်းထက်၌ အနက်ရောင်ကူးပြောင်းရေး ဝင်္ကပါတစ်ခုထွက်ပေါ်လာသည်။
ဤသည်မှာ သူမကို ပိုင်ယန်နန်းတော်သို့ ချက်ချင်းပြန်လည်ပို့ဆောင်နိုင်သော ကူးပြောင်းရေးအဆောင်လက်ဖွဲ့ပင်။
သို့ရာတွင် သူမနှင့်ကူးပြောင်းရေးဝင်္ကပါအကြားရှိ အလွန်နည်းပါးသောအကွာအဝေးသည် သူမအား မိုးနှင့်မြေ၏အဆုံးသတ်တမျှ ဝေးကွာသည်ဟု ခံစားမိစေသည်။ အကြောင်းအရင်းမှာ သူမထံသို့ဦးတည်၍ ပျံ့လွင့်လာသော အလင်းတန်းနှစ်တန်းသည် လေထုကိုဆုတ်ဖြဲကာ ရောက်ရှိလာပြီဖြစ်သောကြောင့်ပင်။
စိတ်ပျက်အားငယ်မှုများက ပိုင်ချင်ရီ၏စိတ်နှလုံးသားအတွင်း၌ ပြည့်နှက်သွားသည်။
သူမသည် စိတ်ပျက်လက်ပျက်ဖြင့် ရှေ့သို့တရကြမ်းပြေးသွားကာ တချိန်တည်းမှာပင် သူမ၏ပါးစပ်မှနေ၍ စူးရှကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"ကျွန်မကိုကယ်ပါ...ဘိုးဘေး ဆရာသခင် ခေါင်းဆောင်တို့,,,အကြီးအကဲတို့...ကျွန်မကိုကယ်ပါ...ကျေးဇူးပြုပြီးတော့ ကျွန်မကို ကယ်ကြပါအုံး"
သူမ၏နောက်ရှိ ပြင်းထန်သောအန္တရာယ်အငွေ့အသက် မြင့်တက်လာသည်ကို ခံစားမိချိန်တွင် သူမသည် မျှော်လင့်စောင့်စားနေသောအကြည့်ဖြင့် ကူးပြောင်းရေးဝင်္ကပါကိုစူးစိုက်၍ကြည့်လိုက်၏။ သူမကိုကြည့်ရသည်မှာ အလွန်အမင်း သွေးပျက်နေပုံပင်။
နောက်ဆုံး၌....
ကူးပြောင်းရေးဝင်္ကပါအတွင်းမှနေ၍ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ဤသည်မှာ အသက်ခြောက်ဆယ်အရွယ်ခန့်ရှိသော လူအိုကြီးတစ်ယောက်ပင်။
သူ့ထံ၌ အင်မော်တယ်အငွေ့အသက်မျိုးရှိနေကာ သူ့၏လက်အတွင်း၌ မြင်းမြှီးကြာပွတ်ကိုဆုပ်ကိုင်ထားပြီး သူ့၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ အစွမ်းထက်သောစွမ်းအားများ ဖြာထွက်နေသည်။
"အကြီးအကဲယွင်...ကျွန်မကို ကယ်ပါအုံး"
ရောက်ရှိလာသူကိုကြည့်ပြီး ပိုင်ချင်ရီသည် ရေနစ်နေသောလူတစ်ယောက်မှ ဆွဲစရာကောက်ရိုးတစ်မျှင်ကို ရရှိသွားသည့်အလားပင်။ သူမက အက်ရှရှအသံဖြင့် အော်ဟစ်လိုက်၏။
"အကြီးအကဲယွင်...ကျွန်မကို ကယ်ပါအုံး...."
"နတ်ဘုရားမိန်းမပျို..ဘာမှ မကြောက်နဲ့..ဒီလူအိုကြီး ဒီနေရာမှာရှိနေမှတော့ ဘယ်သူကမှ မင်းကိုထိခိုက်နာကျင်အောင် မလုပ်နိုင်ဘူး"
အကြီးအကဲယွင်၏မျက်နှာ သုန်မှုန်သွားသည်။ သူသည် ချက်ချင်းဆိုသလိုပင် ကူးပြောင်းရေးဝင်္ကပါအတွင်းမှထွက်ကာ သူ့၏အသံတွင် အင်မော်တယ်စွမ်းအားများ ပါဝင်နေသောကြောင့်လေထုအတွင်း၌ တုန်ခါသွားစေသည်။
"ပိုင်ယန်နန်းတော်ရဲ့ယွင်ထျန်းက ဒီနေရာမှာ ရောက်နေပြီ...ဘယ်သူက ငါတို့နန်းတော်ရဲ့နတ်ဘုရားမိန်းမပျိုကို ထိခိုက်နာကျင်အောင် လုပ်ဝံ့တာလဲ"
သို့ရာတွင်.....
သူ၏အသံကျရောက်သွားသည်နှင့်အတူ အလင်းတန်းနှစ်တန်းသည် သူ့၏ခန္ဓာကိုယ်ကို တိုက်ရိုက်ထွင်းဖောက်သွားတော့သည်။
Chapter 450
ယွင်ထျန်း၏မျက်နှာအမူအယာ တောင့်တင်းသွားသည်။
သူ့၏ခေါင်းကိုအောက်သို့ငုံကာ ပြူးကျယ်နေသောမျက်လုံးတစ်စုံဖြင့် သူ့၏ခန္ဓာကိုယ်ကို စူးစိုက်၍ကြည့်လိုက်၏။
"ခုဏက ထွက်ပေါ်လာတဲ့ဟာက..ဒီအတိုင်းပျောက်ကွယ်သွားတာလား"
သူက ဇဝေဇဝါဖြင့် ညည်းတွားလိုက်သည်။
ဘုန်း.....
ကျယ်လောင်သောပေါက်ကွဲသံတစ်သံနှင့်အတူသူ့၏ခန္ဓာကိုယ်သည် အလွန်ကြီးမားသောစွမ်းအားများ ဝရုန်းသုန်းကားမွှေနှောက်လာမှုအောက်တွင် ပေါက်ကွဲသွားတော့သည်။
ယွင်ထျန်း....
သေဆုံးသွားလေပြီ။
သွေးမိုးများက ပိုင်ချင်ရီပေါ်သို့ ဖြာကျလာသဖြင့် သူမ၏ခန္ဓာကိုယ်တုန်ရီသွားကာ သူမသည် လိပ်ပြာလွင့်လုမတတ် ထိတ်လန့်ကြောက်ရွံ့သွားသည်။
သူမသည် ယွင်ထျန်း၏ဆိုးဝါးသောအခြေအနေမျိုးကို ယခင်ကနှစ်ကြိမ်တိုင်တိုင် သူမကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရသော်လည်း သူမ၏မျက်လုံးဖြင့် ကိုယ်တိုင်မြင်တွေ့ရချိန်တွင် သူမ၏စိတ်အခြေအနေကိုပြင်းပြင်းထန်ထန် တုန်လှုပ်သွားစေသည်။
သို့ရာတွင် သူမ အာရုံပျံ့လွင့်သွားသော အချိန်အခိုက်အတန့်၌ အဝေးတစ်နေရာမှနေ၍ အလင်းတန်းများ ထပ်မံ၍ဖြာထွက်လာသည်။
အလင်းတန်းနှစ်တန်းသည် သူမကို ထပ်မံ၍ချိတ်ပိတ်ထားကာ အဝေးမှနေ၍ သူမထံသို့တိုးဝင်လာသည်။
ကူးပြောင်းရေးဝင်္ကပါအတွင်းသို့ ရောက်ရှိနေပြီဖြစ်သော်လည်း ပိုင်ချင်ရီသည် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေဆဲဖြစ်ကာ သူမသည် ဝင်္ကပါအတွင်းသို့ အသည်းအသန်ပြေးဝင်လိုက်၏။
နောက်ဆုံး၌ သူမသည် ကူးပြောင်းရေးဝင်္ကပါအတွင်းသို့ ခြေချမိလေပြီ။
ကူးပြောင်းရေးဝင်္ကပါ လှုပ်ခတ်သွားကာ ပိုင်ချင်ရီသည် ချက်ချင်းဆိုသလိုပင် ပိုင်ယန်နန်းတော်သို့ ပြန်လည်ရောက်ရှိသွားသည်။ သူမ ပိုင်ယန်နန်းတော်သို့ ပြန်ရောက်သည့်အချိန်အခိုက်အတန့်တွင် ကူးပြောင်းရေးဝင်္ကပါသည်လည်း ပိတ်သွားလေ၏။
ပိုင်ယန်နန်းတော်၏ ရင်းနှီးကျွမ်းဝင်သောမြင်ကွင်းများကိုတွေ့ရပြီး လတ်ဆတ်သောလေကိုရှူရှိုက်ရချိန်တွင် ပိုင်ချင်ရီသည် စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ ထို့နောက် သူမသည် မြေပြင်ပေါ်သို့ အားအင်ချည့်နဲ့စွာ လဲကျသွားတော့သည်။
သို့ရာတွင် သူမ၏မျက်လုံးများသည်အကန့်အသတ်မရှိသော နာကျည်းမုန်းတီးမှုများဖြင့် တဖျတ်ဖျတ်တောက်ပနေဆဲပင်။
ပိုင်ယန်နန်းတော်၏ မြင့်မြတ်သောနတ်ဘုရားမိန်းမပျိုဖြစ်ကာ အနာဂတ်ဆက်ခံသူလည်းဖြစ်သည့် သူမသည် ပြင်ပလောကကြီးသို့ ထွက်ခွာခဲ့သော ပထမဆုံးခရီး၌ အလွန်အမင်းကြီးမားသောတန်ကြေးကို ပေးဆပ်ခဲ့ရကာ သူမ၏အသက်သုံးချောင်းကိုပင် ဆုံးရှုံးခဲ့ရသည်။
ဤကဲ့သို့ဆုံးရှုံးမှုမျိုးကို သူမ မည်သည့်နည်းနည်းမျှ လက်ခံနိုင်ခြင်းမရှိချေ။
"နင် ဘယ်သူပဲဖြစ်နေနေ...ငါက နင့်ကို ဆယ်ဆမဟုတ်သေးဘူး အဆတစ်ရာလောက် ပြန်ပေးဆပ်ရအောင် လုပ်ပြမယ်....ငါ့ရဲ့စိတ်နှလုံးသားထဲက နာကြည်းမုန်းတီးမှုအတွက် လက်စားချေတဲ့အနေနဲ့ နင့်ကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်မယ်လို့ ငါ ကျိန်ဆိုတယ်"
ပိုင်ချင်ရီသည် အံ့တင်းတင်းကြိတ်ကာ စကားလုံးတိုင်းကို ပီသရှင်းလင်းစွာ ရွတ်ဆိုလိုက်သည်။
အမ်....
ရုတ်တရက် သူမသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားမိလေ၏။
သူမက နောက်သို့လှည့်ကာ အဝေးတစ်နေရာရှိမိုးကောင်းကင်ယံကို ကြည့်ပြီးနောက်သူမ၏မျက်ခွံများ တဆတ်ဆတ်လှုပ်သွားသည်။
အလင်းတန်းနှစ်တန်းသည် အဝေးရှိကောင်းကင်ယံမှနေ၍ ပျံ့လွင့်လာကာ သူမအား ချိတ်ပိတ်ထားသည်ကို သူမ မြင်တွေ့မိလေ၏။
"ဘာလဲ..."
"ဒါတွေက နယ်မြေအတားအဆီးကိုတောင် ဖြတ်ကျော်ပြီးတော့ ငါ့ကို လိုက်ဖမ်းနေတာလား"
သူမ၏မျက်လုံးများ ပြူးကျယ်နေကာ မယုံကြည်နိုင်မှုဖြင့် စူးစိုက်၍ကြည့်လိုက်သည်။ ဤအလင်းတန်းနှစ်တန်းသည် ပကတိနယ်မြေအတွင်းထိ သူမအား လိုက်လံဖမ်းဆီးနေမည်ဟု သူမ မျှော်လင့်မထားမိချေ။
သူမ၏စိတ်နှလုံးသားအတွင်းရှိ ထိတ်လန့်ကြောက်ရွံ့မှုများ တဖန်ပြန်၍မြင့်တတ်လာသည်။ သူမ၏ခန္ဓာကိုယ်အနှံအပြားမှ အင်မော်တယ်စွမ်းအားများ ထွက်ပေါ်လာကာ သူမသည် မကြုံးဖူးအရှိန်နှုန်းဖြင့် ပိုင်ယန်နန်းတော်၏အတွင်းပိုင်ရှိ မြင့်မြတ်သောနေရာသို့ ဦးတည်၍ပျံသန်းခဲ့တော့သည်။
သူမပြေးလွှားနေရင်း သူမ၏ ဆောက်တည်ရာမရသောအသံက ထပ်မံ၍မြည်ဟီးလာသည်။
"ဆရာသခင် ကျွန်မကိုကယ်ပါအုံး"
ကံကောင်းထောက်မစွာဖြင့် ဤသည်မှာ ပိုင်ယန်နန်းတော်၏ပင်မအခြေစိုက်နေရာပင်။ အလင်းတန်းများထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် အန္တရာယ်အငွေ့အသက်ကို အာရုံခံမိလေ၏။
ဘုန်း....
ရုတ်ချည်းဆိုသလိုပင် ပိုင်ယန်နန်းတော်၏နေရာအသီးသီးမှနေ၍ ကြီးမားသောအရှိန်အဝါများမိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်လာကာ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူဆယ်ယောက်ကျော်ခန့် ပျံသန်းလာသည်။
သူတို့ ထွက်ပေါ်လာချိန်တွင် ကိုးယိုးကားယားဖြစ်နေသော ပိုင်ချင်ရီကို အလင်းတန်းနှစ်တန်းမှ လိုက်လံဖမ်းဆီးနေသည့်အား သူတို့ မြင်တွေ့လိုက်ရသည်။
"ဒီလိုအစွမ်းထက်တဲ့ တိုက်ခိုက်မှုမျိုးကို...ငါတို့အတူပူးပေါင်းပြီး ခုခံမှရမယ်"
ထိုလူများအားဦးဆောင်သူသည် ပိုင်ယန်နန်းတော်၏အရှင်သခင် လုကျမ်းရီပင်။ အလင်းတန်းများ၏ တိုက်ခိုက်မှုကိုကြည့်ပြီး သူက မျက်မှောင်ကြုတ်လိုက်၏။
ထိုအလင်းတန်းများ၏စွမ်းအားများသည် သူအား ရင်တလှပ်လှပ်ဖြစ်သွားစေသဖြင့် သူသည်ပေါ့ပေါ့ဆဆ မခုခံဝံ့ချေ။ ထိုကြောင့် ချက်ချင်းဆိုသလိုပင် လူတိုင်းအတူပူးပေါင်း၍ခုခံရန် သူ အမိန့်ပေးလိုက်သည်။
ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် ခေါင်းညိတ်ပြပြီးနောက် တစ်ချိန်တည်းမှာပင် လက်စည်းတံဆိပ်များကို ဖွဲ့စည်းလိုက်၏။ ထို့နောက် သူတို့တစ်ယောက်ချင်းသည် သူတို့၏လက်ဝါးများကို ရှေ့သို့တွန်းထုတ်လိုက်ကြသည်။
ထိပ်သီးအစွမ်းထက်ကျင့်ကြံသူဆယ်ယောက်ကျော်၏ ပူးပေါင်းတိုက်ခိုက်မှုသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော စွမ်းအားလှိုင်းတစ်လှိုင်းအဖြစ် ပေါင်းစည်းသွားကာ အလင်းတန်းနှစ်တန်းကို ရစ်ပတ်လွှမ်းခြုံသွားသည်။
ဘုန်း...
ရုတ်ချည်းဆိုသလိုပင် အလွန်ကြီးမားသောစွမ်းအားနှစ်ရပ် ဖီလာဆန့်ကျင်ရိုက်ခတ်မိလေ၏။
မိုးကောင်းကင်ယံအတွင်း၌ ချက်ချင်းဆိုသလိုပင် ကြီးမားသောတိမ်တိုက်မှိုပွင့်ကြီးများ ထွက်ပေါ်လာသည်။
မုန်တိုင်းကဲ့သို့ ပြင်းထန်သောလေပြင်းများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ ထိုတုန်လှုပ်ချောက်ချားဖွယ်အားလှိုင်းကြောင့် ပိုင်ယန်နန်းတော်အတွင်းရှိ အဆောက်အအုံအမြောက်အများ မြေပြင်ပေါ်သို့ ပြိုလဲသွားလေ၏။
ထိုအားလှိုင်းများပျံ့နှံ့သွားသည်နှင့် တစ်ချိန်တည်းမှာပင် အလင်းတန်းနှစ်တန်းသည်လည်း လေထုအတွင်း၌ ပျောက်ကွယ်သွားတော့သည်။
ပိုင်ယန်နန်းတော်အတွင်းရှိ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည်လည်း အခြေအနေကောင်းမွန်ခြင်းမရှိချေ။ သူတို့သည် နောက်သို့လွင့်ထွက်သွားကာ ခပ်အုပ်အုပ်ညည်းတွားသံများ တစ်ပြိုင်နက်တည်းထွက်ပေါ်လာသည်။ သူတို့သည် လေထုအတွင်း၌ ပေထောင်ပေါင်းများစွာ ဝေးကွာသောနေရာထိ လွင့်ထွက်သွားပြီးမှ နောက်ဆုံး၌ သူတို့ကိုယ်သူတို့ တည်ငြိမ်အောင်ထိန်းသိမ်းနိုင်ခဲ့သည်။
"ဒီတိုက်ခိုက်မှုက ဘာလဲ...ဒါက တကယ့်ကို အရမ်းအစွမ်းထက်တယ်... ငါတို့ရဲ့စွမ်းအားတွေ အများကြီးပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာတောင်မှ အဲဒီအလင်းတန်းကို ပိတ်ဆို့ဟန့်တားနိုင်ရုံလောက်ပဲ"
လုကျမ်းရီသည် မျက်မှောင်ကြုတ်ကာ သူသည်မြေပြင်ပေါ်၌ ပုံလျက်သားလဲကျနေသော ပိုင်ချင်ရီကို ချက်ချင်းကြည့်လိုက်သည်။
"ချင်အာ...ဘာတွေဖြစ်ခဲ့တာလဲ"
လုကျမ်းရီသည် အစွမ်းထက်ကျင့်ကြံသူတစ်စုကိုဦးဆောင်၍ ပိုင်ချင်ရီထံသို့သွားကာ မျက်မှောင်ကြုတ်၍ မေးမြန်းလေ၏။
"မင်းနဲ့အတူပါသွားတဲ့ အကြီးအကဲနှစ်ယောက်ရော...ဘာဖြစ်သွားပြီလဲ"
"ဆရာ...ကျွန်မအတွက် လက်စားချေပေးပါ"
ပိုင်ချင်ရီ၏ခန္ဓာကိုယ်သည် တုန်ရီနေကာ သူမက နာကျည်းမုန်းတီးမှုများ ပြည့်နှက်နေသည့် နီမြန်းသောမျက်လုံးတစ်စုံဖြင့် ပြောဆိုသည်။
"ကျွန်မတို့က ပြင်ပလောကမှာ လူတစ်ယောက်နဲ့တွေ့ခဲ့ရတယ်....သူက အကြီးအကဲနှစ်ယောက်ကို သတ်ခဲ့ရုံတင်မကဘူး...နန်းတော်ကနေပြီး ကျွန်မကိုချီးမြှင့်ခဲ့တဲ့ အမှတ်အသားသုံးခုကိုလည်း အသုံးပြုရအောင်လုပ်ခဲ့တယ်"
"ဘာ...."
"မင်းရဲ့အမှတ်အသားသုံးခုလုံးကို အသုံးပြုပြီးသွားပြီလား"
လုကျမ်းရီ၏မျက်နှာအမူအယာ ဖြူဖတ်ဖြူရော်ဖြစ်သွားကာ သူက ပိုင်ချင်ရီ၏လက်ကိုကြည့်လိုက်သည်။
အမှန်တကယ်ကိုပင် ထိုအမှတ်အသားသုံးခုသည် မှေးမှိန်နေကာ မည်သည့်တောက်ပမှုမျိုးမျှ မကျန်ရှိတော့ချေ။
"ဒါက ဘယ်သူလုပ်တာလဲ"
လုကျမ်းရီက အံ့တင်းတင်းကြိတ်ကာ စကားတစ်လုံးချင်း ပြောဆိုလိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ ပြင်းထန်သောဒေါသများနှင့် အစွမ်းထက်သောအရှိန်အဝါတစ်ရပ်ရောယှက်၍ ထွက်ပေါ်နေသည်။
"ပကတိနယ်မြေ ပြန်ပွင့်လာပြီးတော့...ဒါက ငါတို့ပိုင်ယန်နန်းတော်ကနေ ပြင်ပလောကကို ဝင်ရောက်တဲ့ ပထမဆုံးအကြိမ်ပဲ...ဒါတောင်မှ မင်းတို့ပြန်လာတဲ့အချိန်မှာ ဒီလောက်ထိ ကြီးမားတဲ့ဆုံးရှုံးမှုတွေကို ခံစားခဲ့ရတယ်...ဒါက လက်ခံနိုင်စရာမရှိဘူး"
"သူ ဘယ်သူလဲဆိုတာ ကျွန်မမသိဘူး..ဒါပေမဲ့ သူက ကျွန်မတို့ရဲ့ပိုင်ယန်နန်းတော်ကို သူ့ရဲ့မျက်လုံးထဲတောင် ထည့်မထားဘူး...ကျွန်မတို့ကိုသတ်တာက ပိုးကောင်လေးတွေကိုညှစ်သက်တာနဲ့အတူတူပဲလို့ သူက ပြောသေးတယ်"
"တကယ်လို့ ဆရာ ကျွန်မကို ပေးထားတဲ့အမှတ်အသားသုံးခုနဲ့ ရွှေရောင်စာလိပ်ကြောင့်သာမဟုတ်ရင်...ဆရာက တပည့်ကို ထပ်ပြီးမမြင်ရတော့မှာကို တပည့် စိုးရိမ်မိတယ်"
"ဒါတောင်မှ တပည့်က ပြန်လွတ်လာခဲ့ပေမယ့် တပည့်ရဲ့အကန့်အသတ်အခြေအနေကို ရောက်နေပြီ"
ပိုင်ချင်ရီသည် ရပ်တန့်လိုက်ကာ နီမြန်းနေသောမျက်လုံးတစ်စုံဖြင့် လုကျမ်းရီကိုကြည့်ပြီး သူမသည် စကားပြောဆိုနေရာမှ အနားယူလိုက်၏။
"ကောင်းပြီ....ကောင်းပြီလေ"
"ငါ့ရဲ့ပိုင်ယန်နန်းတော်ကို ပုရွက်ဆိတ်တွေလိုသတ်မှတ်ထားတာက ဘယ်လောက်တောင်လွန်ကျူးတဲ့ မောက်မာထောင်လွှားမှုမျိုးလဲ....အဲ့ဒီကောင်က ဒီလောက်ထိ အတင့်ရဲနေရအောင် ဘယ်လိုလူစားမျိုးလဲဆိုတာ ငါကြည့်ချင်မိတယ်"
လုကျမ်းရီသည် သူ့၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုတ်လိုက်ကာ သူ့၏ခန္ဓာကိုယ်မှနေ၍ ပြင်းထန်သောဒေါသများနှင့်ရောယှက်၍ ကြီးကျယ်ခမ်းနားသောအရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်။
"ကောင်းကင်အင်မော်တယ်နယ်ပယ်ရဲ့ အောက်မှာရှိတဲ့ အကြီးအကဲတွေအားလုံး နန်းတော်ကိုစောင့်ကြပ်ဖို့အတွက် ကျန်ခဲ့ကြစမ်း...ကျန်တဲ့လူတွေအားလုံး ငါနဲ့လိုက်ခဲ့ရမယ်...ငါတို့က အဲဒီလူနဲ့စကားသွားပြောရအောင်"
"သူက ငါ့ရဲ့ပိုင်ယန်နန်းတော်ရှေ့မှာ ဆက်ပြီးမောက်မာနိုင်တဲ့သတ္တိမျိုး ရှိအုံးမလားဆိုတာ ငါ ကြည့်ဦးမယ်"
"ဆရာကို ကျေးဇူးတင်ပါတယ်...ကျေးဇူးပြုပြီးတော့ သူ့ကိုဖမ်းဆီးပြီး သူ့ရဲ့ကျင့်ကြံဆင့်ကိုဖျက်ဆီးပေးပါ..ကျွန်မက သူ့ကို ကောင်းကောင်းနှိပ်စက်ရမယ်"
ပိုင်ချင်ရီက ရက်စက်ကြမ်းကြုတ်စွာ ပြောဆိုသည်။
လုကျမ်းရီက ညင်သာစွာနှစ်သိမ့်ပေးလေ၏။
"ငါ့ရဲပိုင်ယန်နန်းတော်က အထူးချွန်ဆုံးတပည့်ဖြစ်တဲ့မင်းကို အကြောင်းပြချက်မရှိဘဲနဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ အနိုင်ကျင့်ခွင့် ငါ မပြုနိုင်ဘူး....ဘယ်သူပဲဖြစ်နေနေ သူတို့မှာ ဘာအကြောင်းရင်းပဲရှိနေနေ...မင်းကို ထိခိုက်နာကျင်အောင်လုပ်ဝံ့တဲ့ ဘယ်သူမဆို ချွင်းချက်မရှိသေရမယ်"
သူ၏အသံပျက်ပြယ်သွားချိန်တွင် လုကျမ်းရီက သူ့၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။
ရွှေရောင်အလင်းတန်းတတန်းတောက်ပသွားခြင်းနှင့်အတူ ကြီးမားသောလှေပျံကြီးတစ်စင်းက မိုးကောင်းကင်ယံအတွင်း၌ ထွက်ပေါ်လာသည်။
"လှေပေါ်တက်ကြစမ်း"
သူ၏အမိန့်နှင့်အတူ အစွမ်းထက်ကျင့်ကြံသူဆယ်ယောက်ကျော်သည် လေပျံပေါ်သို့ တပြိုင်နက်တည်းတက်လိုက်ကြသည်။ သူတို့တစ်ယောက်ချင်းစီထံတွင် အလွန်အမင်းနက်နဲသိမ်မွေ့ပြီး အစွမ်းထက်သောအရှိန်အဝါတစ်ရပ်ရှိနေကာ သူတို့အကြားမှ အဆင့်နိမ့်ဆုံးသည် ကောင်းကင်အင်မော်တယ်နယ်ပယ်ကျင့်ကြံဆင့်ရှိသည်။
ဤကဲ့သို့အင်အားစုဖွဲ့မှုသည် အလွယ်ပြောရလျှင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေ၏။
ထိုလူများအနက်မှ မည်သည့်တစ်ယောက်မဆို အင်မော်တယ်မြစ်ကုန်းမြေတစ်ခွင်လုံးတွင် ထင်ရာစိုင်းသွားလာနိုင်သူများဖြစ်သည်။
"ချင်အာ....မင်းလည်း ငါနဲ့အတူလိုက်ခဲ့စမ်း"
လုကျမ်းရီက ပြောဆိုသည်။
"မင်းကိုအနိုင်ကျင့်ခဲ့တဲ့လူက ငါတို့ပိုင်ယန်နန်းတော်ရဲ့စွမ်းအားအောက်မှာ ထိတ်လန့်တုန်လှုပ်ပြီး တုန်ရီနေတာကို ငါ မင်းကိုပြပေးမယ်"
"ဆရာ....ကျွန်မ..."
ပိုင်ချင်ရီ၏မျက်နှာအမူအယာ မသိမသာပြောင်းလဲသွားကာ သူမသည် အနည်းငယ်တွေဝေတုံ့ဆိုင်းသွားပေ၏။
ရိုးရိုးသားသားပြောဆိုရလျှင် ထိုအလင်းတန်းများကြောင့် ကြောက်ရွံ့ခဲ့ရမှုသည် သူမ၏စိတ်နှလုံးသားအတွင်း၌ ရစ်သိုင်းလွှမ်းခြုံနေဆဲဖြစ်ကာ လွယ်လင့်တကူ ပျက်ပြယ်သွားမည်မဟုတ်ချေ။
"ဘာမှ စိတ်မပူနဲ့...ငါရှိနေရင် မင်းကို ဘယ်သူကမှ ထိခိုက်နာကျင်အောင် မလုပ်နိုင်စေရဘူး"
လုကျမ်းရီသည် ပိုင်ချင်ရီ၏အတွေးများကို အကြည့်တချက်ဖြင့် ထွင်းဖောက်မြင်သွားပုံရကာ သူမအား စိတ်ချလက်ချနေရန်အားပေးလေသည်။
"ဒါက အမှန်ပါပဲ...."
ပိုင်ချင်ရီ၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားသည်။
သူမသည် ပိုင်ယန်နန်းတော်၏နတ်ဘုရားမိန်းမမိန်းမပျို ဖြစ်သော်လည်း သူမ၏စွမ်းအားသည်ထိုအကြီးအကဲများထက် အနည်းငယ်အားနည်းသည်။ သူမ၏ဆရာသခင်ကိုယ်တိုင် လိုက်ပါလာမည့်အချက်ကို ထည့်သွင်းဖော်ပြရန်မလိုတော့ချေ။
ဤကဲ့သို့အင်အားစုဖွဲ့မှုမျိုးနှင့်သွားပါက သူမအပေါ်သို့ မည်သည့်အန္တရာယ် ကျရောက်လာနိုင်မည်နည်း။
ထို့ပြင် သူမ ဤကဲ့သို့ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရသော ဖြစ်ရပ်သည် သူမ၏စိတ်အတွင်း၌ ကျန်ရှိနေဆဲပင်။ အကယ်၍ သူမသည် ဤဖြစ်ရပ်၏နောက်ကွယ်မှလူ မြေပြင်ပေါ်တွင် ဝပ်တွားပြီး သနားစဖွယ်တောင်းပန်နေသည့်မြင်ကွင်းကို မျက်မြင်ကိုယ်တွေမကြုံရပါက သူမ မည်သည့်နည်းဖြင့် စိတ်ကျေနပ်နိုင်မည်နည်း။
ထို့ကြောင့် သူမသည် အစွမ်းထက်ကျင့်ကြံသူတစ်စုနှင့်အတူ လှေပျံပေါ်သို့ တက်ခဲ့တော့သည်။
မကြာမီမှာပင် လှေပျံသည် အလင်းတန်းတစ်တန်း စီးဆင်းသွားသည့်အလား မိုးကောင်းကင်ယံအတွင်း၌ ဖြတ်သန်းသွားသည်။ ပိုင်ချင်ရီ၏လမ်းညွှန်မှုနှင့် သူတို့သည် ပိုင်အာမြို့ထံသို့ဦးတည်၍ ထွက်ခွာခဲ့တော့သည်။
Thank For Reading.