← Chapters

အခန်း (၃၁)

Vol. 4 Ch. 31

အခန်း (၃၁)

Vol. 4 Ch. 31

အကြွေစေ့ ဆယ်စေ့ ထည့်ပြီးသော်ညား ယွမ်လော့ရီမှာ အမွှေးပွအရုပ်ကို ဆွဲမယူနိုင်သေးပေ။ ရတော့မည့် အချိန်တွင် အရုပ်ညှပ်သည့်စက်မှာ ယမ်းခါလာပြီး အရုပ်ကို ကျသွားစေ၏။

အရင်းရှင်တွေက ကျောင်းသားတွေကို ခေါင်းပုံဖြတ်နေကြတာပဲ။

[T/N - ငွေလိမ်စားတာကိုပြောတာ]

ငါဒါကို စိတ်ကုန်သွားပြီ။

သူမ၏ ဒုတိယအစ်ကို ယွမ်ဖာ့မှာ ဂိမ်းဆော့ရာတွင် ဆရာတစ်ဆူဖြစ်သောကြောင့် သူမကို အရုပ်ကောက်ပေးနိုင်လောက်မည်ကို ယွမ်လော့ရီ အမှတ်ရသွားခဲ့သည်။

သို့ပေမဲ့ စကားဝိုင်းမှာ မပြီးလောက်သေးသောကြောင့် သူမ ပီဇာအနည်းငယ် သွားဝယ်လိုက်၏။

ယွမ်လော့ရီ ပီဇာဆိုင်သို့ သွားသည့် လမ်း၌ သူမ၏ အတန်းပိုင်ဟောင်းအား ဆရာမစုကို တွေ့လိုက်သည်။

ဆရာမစုမှာ စိတ်အခြေအနေကောင်းဟန် မပေါ်သည့်အပြင် မျက်မှောင်ကြုတ်နေ၍ ဆေးလိပ်သောက်သည့် နေရာတွင် ရပ်နေပြီး ဆေးလိပ်သောက်နေလေ၏။

သူမ အစ်ကိုယွမ်ရုံ၏ ထိန်းချုပ်မှု အောက်၌ အားကစားဆရာဟောင်းမှာ ထောင်ကျသွားခဲ့ပြီး ဆရာမစုမှာ ထိုသူမှ ကျောင်းရန်ပုံငွေအား အလွဲသုံးစားလုပ်ခဲ့သည့် သက်သေအား တင်ပြပေးခဲ့ပြီး ယခင်ကအမှားအား ပို၍ပင် ဆိုးရွားသွားစေခဲ့သည်။

ဆရာမစုသည် ယခင်က အားကစားဆရာအား ချစ်ခက်ဖွယ်ကောင်းသည်ဟု မြင်ခဲ့သော်ညား ယခု အခြေအနေတွင်မူ ထိုအမျိုးသားအား ခြေနင်းကျောက်တုံးအဖြစ် အသုံးချလို့ ရနိုင်သည်ကို သူမ သဘောပေါက်သွားခဲ့၏။

သို့သော်ညား ဆင်အရိုးစုအဖွဲ့အစည်း သို့မဟုတ် ယွမ်မိသားစုမှာ သူမကို အလွတ်ပေးမည် မဟုတ်ပဲ စောသည်ဖြစ်စေ နောက်ကျသည်ဖြစ်စေ သူမ အရာအားလုံးကို ဆုံးရှုံးသွားမည်ပင် ဖြစ်၏။ ထိုအကြောင်းမှာ သူမကို စိတ်ညစ်စေပြီး ဆေးလိပ်တစ်နေ့တစ်ဗူး သောက်စေလေသည်။

တစ်ချိန်တည်းမှာပင် ဆရာမစုမှာလည်း ယွမ်လော့ရီကို သတိပြုမိသွား၏။ ကျောင်းသူအရှေ့တွင် ဆေးလိပ်သောက်ခြင်းမှာ မကောင်းသောကြောင့် ဆေးလိပ်အား ချက်ချင်းချလိုက်သည်။ သို့ပေမဲ့ ကျောင်းသူမှာ သူမအမုန်းဆုံးသူ ယွမ်လော့ရီဖြစ်သောကြောင့် သူမ ဂရုမစိုက်ဟန်ဖြင့် တစ်ရှိုက်ပင်ရှိုက်လိုက်ပြီး ယွမ်လော့ရီကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။

သူမက အပြုံးတုဖြင့် ပြောလိုက်သည်။

“ယွမ်လော့ရီ နင် အတန်းဒီနဲ့ နေသားကျရဲ့လား၊ နေသားမကျဘူးဆိုရင် ငါ နင့်ကို ပြောင်းလို့ရအောင် ကူညီပေးလို့ရတယ်”

ယွမ်လော့ရီက ပြောလိုက်၏။

“အဲဒါဆိုရင် အရှေ့ကို နည်းနည်းလောက် တိုးလားပေးလို့ ရမလား ဆရာမစု”

ဤသည်မှာ ထူးဆန်းသည့် တောင်းဆိုမှုပင်။ ဆရာမစုသည် အေးစက်စွာ နှာမှုတ်လိုက်၏။

ဒီအရိုင်းအစိုင်းလေးက ငါ့ကို လာပြီးတော့ ဖက်ခိုင်းနေတာလား။

ဟာသပဲ။

စိတ်ကူးယဥ်ဆန်သည့် ဆရာမနှင့် ကျောင်းသူ မြင်ကွင်းမှာ သူမတို့နှစ်ဦးကြားတွင် မရှိလာနိုင်ပေ။ ထိပ်တိုက်ရင်ဆိုင်မှုကိုသာ ရှောင်ရှားနေကြရုံဖြစ်ပြီး အချင်းချင်းမုန်းတီးနေကြ၏။

ဆရာမစုက အရှေ့သို့ ခြေနှစ်လှမ်းလျှောက်လာသည်နှင့် သူမ၏ ဒေါက်ဖိနပ်မှာ တဒေါက်ဒေါက်အသံကျယ်ကျယ် ထွက်လာခဲ့သည်။

“ဘာထပ်လိုသေးလဲ”

သူမမေးလိုက်ရင်း နောက်တစ်ရှိုက်ရှိုက်လိုက်ကာ ပြာများကို လက်ဖြင့် ပွတ်သပ်လိုက်သည်။

ဤလူယုတ်မာလေး ဘာကြံနေသည်ကို သူမသိချင်မိ၏။

“ဒင်း လင်း လင်း”

ယွမ်လော့ရီက သတိပေးခလုတ်ကို နှိပ်လိုက်သည်။

လုံခြုံရေးတစ်ဦးမှ အလျင်အမြန် ပြေးလာခဲ့၏။

“ဘာတွေဖြစ်နေတာလဲ”

ယွမ်လော့ရီက ဆရာမစုကို လက်ညှိုးထိုးပြကာ

“ဆရာမစုက ဆေးလိပ်သောက်ရမဲ့ နေရာအပြင်ဘက်မှာ ဆေးလိပ်သောက်နေတာကြောင့်မလို့ ကျောင်းသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်”

သူမဆေးလိပ်သောက်သည့် နေရာ အပြင်ဘက်သို့ ရောက်နေသည်ကို သူမ သဘောပေါက်သွားခဲ့၏။ ယခုယွမ်လော့ရီမှာ ဆရာမကို လှည့်စားရဲလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ယခင်ကဆိုလျှင် သူမ ယွမ်လော့ရီကို အေးစက်စွာ လှောင်ပြောင်မည်ဆိုလျှင် ကလေးမလေးမှာ တိတ်တဆိတ် ခေါင်းငုံ့သွားမည် ဖြစ်သည်။

လုံခြုံရေးမှာ ဆရာမစုအား ခက်ထန်စွာ ကြည့်လိုက်ပြီးနောက်

“မဒမ် ဘယ်လိုလုပ် ကျောင်းသူတစ်ယောက်ရဲ့ရှေ့မှာ ဆေးလိပ်သောက်ရတာလဲ၊ စည်းကမ်းတွေအရ ကျွန်တော်တို့ မဒမ့်ကို ယွမ်တစ်ကောင် ဒါဏ်ကြေး ကောက်ရပါမယ်”

ဆရာမစုသည် ဆေးလိပ်ကို ချလိုက်ပြီး ဒေါသကြီးဖြင့် သူမ၏ Hermès အိတ်ကို ဖွင့်ကာ ငွေစက္ကူအထပ်လိုက်ကို ထုတ်ပြီး ရေတွက်၍ လုံခြုံရေးဆီ ကမ်းပေးလိုက်သည်။

ရွဲ့စောင်းသည့် အပြုံးနှင့် သူမ ယွမ်လော့ရီကို ပြောလေ၏။

“နင် အတော်လေး ပြောင်းလဲသွားတာပဲ ဥာဏ်ကောင်းတဲ့ ကောင်မလေးရ”

ထို့နောက် သူမမှာ ဒေါသတကြီးဖြင့် ဒေါက်ဖိနပ်သံ တဒေါက်ဒေါက်မြည်သံနှင့်အတူ ထွက်သွားခဲ့သည်။

ဆရာမစု အရှက်ကွဲသည်ကို မြင်လိုက်ရ၍ ယွမ်လော့ရီ အတော်လေး ပျော်ရွှင်သွားခဲ့၏။ ဆရာမစုမှာ အမြဲတမ်း ဘဝင်မြင့်ကာ ကြီးကျယ်ဟန်ဆောင်ပြီး ယွမ်လော့ရီကို အနိုင်ကျင့်ဖို့ရာအတွက် သူမ၏ ထူးခြားသည့် နည်းများကို အသုံးပြုလေ့ရှိသည်။ သို့ပေမဲ့ ယခု ယွမ်လော့ရီမှာမူ ဆရာမှုအား မည်ကဲ့သို့ ကျရှုံးအောင် လုပ်ရမည်ကို သိလေ၏။

သူမ၏ ဒုတိယအစ်ကို ယွမ်ဖာ့မှာ လျှောက်လာခဲ့သည်။ သူ ကိစ္စတစ်ခုလုံးကို အဝေးမှ တွေ့မြင်ခဲ့ပြီး ပြုံးကာ ပြောလိုက်၏။

“မဆိုးဘူးပဲ၊ ယွမ်မိသားစုရဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ စံနှုန်းမှီတယ် ဒါပေမဲ့ တိုးတက်လာဖို့တော့ လိုသေးတယ်”

လုံခြုံရေးလက်ထဲမှ ပိုက်ဆံကို ဆွဲယူကာ အလျင်အမြန် ရေတွက်လိုက်သည်။

လုံခြုံရေးမှာ လန့်ဖျပ်သွားကာ

“မင်းဘာလုပ်နေတာလဲ”

ယွမ်ဖာ့က ပြောလိုက်သည်။

“အုပ်ချုပ်ရေးဥပဒေအရ ကျောင်းဒါဏ်ငွေက ယွမ်ငါးဆယ်အထိပဲ အများဆုံး ကောက်ခွင့်ရှိတယ် မင်းက ယွမ်တစ်ထောင် ကောက်လိုက်တာလေ ဒါက ပြစ်မှုကြီးပဲ၊ ဘယ်သူက ဒီစည်းကမ်းတွေကို ဖန်တီးခဲ့တာလဲ ကျောင်းအုပ်ကြီးပဲ ဖြစ်ရမယ် ဟုတ်တယ်မလား၊ သူနဲ့အတူတူ ဆွေးနွေဖို့နဲ့ ပိုက်ဆံရနိုင်တဲ့ အခွင့်အလမ်း ထပ်ပေးလို့ ကျေးဇူးတင်ကြောင်း ပြောဖို့ အချိန်ကျပြီ”

လုံခြုံရေးမှာ ပြောစရာ စကားပျောက်နေပြီး ဥပဒေချိုးဖောက်သည့် ကိစ္စကို မေးခွန်းမထုတ်ရဲပေ။

ယွမ်ဖာ့က ပိုက်ဆံကို ယွမ်လော့ရီဆီ ကမ်းပေးလိုက်သည်။

“ဒီငွေလေးက ညီမလေး ကိုယ့်ဘာသာ ရှာခဲ့တာပဲ အဲဒါကြောင့် ကိုကိုမယူတော့ဘူး၊ နောက်တစ်ခါကျရင်တော့ ပိုသတိထားရမယ်နော်”

သူက နတ်ဆိုးအပြုံးပြုံးကာ

“ဘာပဲဖြစ်ဖြစ် ကျောင်းအုပ်ကြီးရဲ့ ငွေထုပ်ကြီးက ကိုကိုဟာ ဖြစ်မှာပဲလေ၊ ကိုကိုဒီတစ်ခေါက် သူ့ဆီကနေ ငွေညှစ်လို့ရပြီ”

ဤသို့နှင့် နောက်ထပ် ယွမ်တစ်ထောင်မှာ ယွမ်လော့ရီ၏ မုန့်ဖိုးဖြစ်လာခဲ့၏။ ပျော်ရွှင်သွားကာ ပိုက်ဆံများကို သူမအိတ်ထဲ ထိုးထည့်လိုက်ပြီး မေးခွန်းမေးရန်အတွက် မော့ကြည့်လိုက်သည်။

“ကိုကို စကားပြောလို့ ပြီးပြီလား”

ယွမ်ဖာ့က ပြောလိုက်၏။

“ပြီးသွားပြီ သူမရှိတော့ဘူး”

ယွမ်လော့ရီမှ မေးလိုက်သည်။

“အဲဒါက ညီမ တတိယအစ်ကိုကို ဘယ်တော့မှ မမြင်ရတော့ဘူးလို့ ပြောချင်တာလား”

ယွမ်ဖာ့က ယွမ်လော့ရီ၏ ဆံပင်လေးကို ပွတ်သပ်ပေးလိုက်သည်။

“ကလေးလေး ညီမလေးမှာ ကိုကို့လို ထူးချွန်တဲ့ အစ်ကိုတစ်ယောက် ရှိပြီးသားပဲလေ သိပ်ပြီး လောဘကြီးမနေပဲနဲ့ လက်လွှတ်ပေးလိုက်ပါ၊ သူက ညီမလေးအတွက် အန္တရာယ်များလွန်းတယ်”

သူ၏ အကြည့်မှာ ရုတ်တရက် အေးစက်သွားပြီးနောက်

“ညီမလေး ခြောက်နှစ်တုန်းက ဘာဖြစ်ခဲ့လဲဆိုတာကို မှတ်မိသေးလား သူ ညီမလေးကို ပြန်ပေးဆွဲသွားခဲ့တာလေ၊ ကိုကိုညီမလေးကို တောအုပ်ထဲမှာ ရှာတွေ့တုန်းက ညီမလေး တအားငိုနေခဲ့တာ၊ အစ်ကိုကြီးက ညီမလေးကို အလိုလိုက်ပေမဲ့ ကိုကိုကတော့ အလိုလိုက်မှာ မဟုတ်ဘူး၊ ညီမလေးရဲ့ တတိယအစ်ကိုကို ထပ်တွေ့မယ်ဆိုရင် ကိုကိုစိတ်ဆိုးမှာ တအားကို စိတ်ဆိုးမှာ ပြီးတော့ ကိုကိုဒေါသမထွက်အောင် ညီမလေး ဘာမှ လုပ်လို့ရတော့မှာ မဟုတ်ဘူး နားလည်လား”

ယွမ်လော့ရီက ခေါင်းညိတ်ပြလိုက်၏။

တတိယအစ်ကိုမှာ အန္တရာယ်များသည်ကို သူမလက်ခံသော်ညား သူမ ဒုတိယအစ်ကို၏ ဒေါသကို မပြေလျော့စေနိုင်ဆိုသည်ကိုတော့ လက်မခံပေ။

ညီအစ်ကိုငါးယောက်အနက် ဒုတိယအစ်ကိုနှင့် တတိယအစ်ကိုနှစ်ယောက်ကြားရှိ ဆက်ဆံရေးမှာ အဆိုးဆုံးဖြစ်ပြီး ရန်သူများဖြစ်ကာ တွေ့သည့်အခါတိုင်း ရန်ဖြစ်ကြ၏။

ယွမ်ရုံအား နောက်တစ်ကြိမ်တွေ့ချိန်တွင် သူမ ယွမ်ဖာ့ကို ရှောင်ရမည်ဟု ဆုံးဖြတ်လိုက်သည်။

ထပ်ပြောရလျှင် ယွမ်ရုံ၏ ပီဇာတူတူစားမည် ဟူသည့် လက်ဆောင်မှာ မပြီးသေးပေ။ မည်ကဲ့သို့ အတားအဆီးမျိုးရှိနေပါစေ သူ သူမကို လာရှာမည်ဖြစ်၏။

ပြဿနာများ ဖြေရှင်းပြီးနောက် ယွမ့်လော့ရီကို သူမအစ်ကိုကြီး အိမ်ပြန်ခေါ်သွားချိန်တွင် ယွမ်ဖာ့မှာ ကျောင်းအုပ်ကြီးထံမှ ပိုက်ဆံတောင်းရန် သွားခဲ့သည်။

ကားသေးသေးလေးထဲ၌ ယွမ်အောင်းသည် သူမဘေးတွင် တိတ်ဆိတ်ကာ လျို့ဝှက်ဆန်းကျယ်ပြီး နားလည်ရန်ခက်သည့် ပုံနှင့် ထိုင်နေ၏။

ယွမ်လော့ရီသည် ယွမ်အောင်းတွင် မယုံနိုင်စရာကောင်းလောက်သော အာဏာမျိုးရှိသောကြောင့် သူမ ကျောင်းတွင် အပယ်ခံထားရသည်ကို ရှာဖွေနိုင်ပြီး သူမ၏ တတိယအစ်ကို တိတ်တိတ် လာလည်သည်ကိုလည်း ရှာဖွေနိုင်သည်ကို သေချာသွားခဲ့သည်။

သူမ နားမလည်နိုင်သည့် အရာတစ်ခုမှာ သူမ၏ အာဏာအရှိဆုံး အစ်ကိုကြီးမှာ လူသတ်သမား လက်ထဲ၌ မည်ကဲ့သို့ သေဆုံးသွားခဲ့သနည်း။

အားကစားအတန်း၌ သူမ အချိန်နောက်ပြန်ဆုတ်နိုင်စွမ်းကို အသက်သွင်းခဲ့သည်ဖြစ်၍ ယခုညတွင် အဖြေရှာတွေ့နိုင်လောက်သည်။

အိမ်ကို ရောက်ပြီးနောက် ယွမ်လော့ရီက သူမအခန်းထဲသို့ တန်းတန်းမတ်မတ်သွားကာ ကျောပိုးအိတ်ကို ချလိုက်ပြီး နူးညံ့သည့် အိပ်ရာပေါ်တွင် ထိုင်ကာ ကျယ်လောင်စွာအော်လိုက်သည်။

“စနစ် ပြန်ဆုတ်ခြင်းကို အသက်သွင်းပါ”

[ဒင်း စနစ်အသိပေးချက် ပြန်ဆုတ်ခြင်း အသက်ဝင်ပါပြီ]

ရင်းနှီးနေသည့် မူးဝေမှုတစ်ခုမှာ သူမတစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားခဲ့ပြီး ယွမ်လော့ရီ လဲကျသွားချိန်တွင် သူမတစ်ကိုယ်လုံး အားလျော့သွားသကဲ့သို့ ခံစားလိုက်၏။

သူမ၏အရှေ့ရှိ မြင်ကွင်းမှာ လျင်မြန်စွာပြောင်းလဲနေပြီး ပြုတ်ကျနေသကဲ့သို့ ထူးဆန်းသည့် ခံစားချက်ကြီး ပေးနေလေသည်။ အမှောင်ထုထဲမှ သူမထွက်လာကာ မာကျောသည့် နံရံကို တိုက်မိသွား၏။

ဒါက ဘယ်နေရာလဲ။

ယွမ်လော့ရီ၏ မျက်လုံးများမှာ အမှောင်ထုကို တဖြေးဖြေးချင်း နေသားကျလာခဲ့ပြီး အပြင်ဘက်မှ လရောင်လေးကြောင့်သာ အလင်းရသည့် ရှည်လျားသော လျှောက်လမ်းထဲတွင် သူမတစ်ဦးတည်း ရှိနေသည်ကို သဘောပေါက်သွားခဲ့သည်။ နံရံပေါ်ရှိ ရှေးဟောင်းပန်းပုံလေးများကို ကြည့်ရင်း ဤသည်မှာ ယွမ်မိသားစုအိမ်တော်၏ လျှောက်လမ်းဖြစ်သည်ကို သူမသဘောပေါက်သွားခဲ့၏။

ယွမ်လော့ရီမှာ သွေးနံ့ရသောကြောင့် ကြမ်းပြင်ပေါ်ရှိ သွေးစက်များအား သတိပြုမိလိုက်၏။ သူမ သွေးစက်များတစ်လျှောက် လိုက်သွားခဲ့သည်။

ကြမ်းပြင်ပေါ်ရှိ သွေးများမှာ ပို၍ များလာပြီး အနံ့မှာလည်း ပိုပြင်းလာခဲ့ကာ မေမေယွမ်၏ အခန်းထဲသို့ သွားသည့် လမ်းတစ်လျှောက်တွင် ရှိနေသည်။ သွေးစွန်းနေသည့် တံခါးလက်ကိုင်နှင့် အနည်းငယ်ဟနေသည့် တံခါးကို တွေ့လိုက်ရသည်။

“ကျွီ!”

ယွမ်လော့ရီသည် တခါးကို ဖြေညှင်းစွာ ထပ်ဖွင့်လိုက်သည်။ မေမေယွမ်မှာ သွေးအိုင်ထဲတွင် လဲနေပြ သွေးများစွာ ဆုံးရှုံးထား၍ သတိပင်သိပ်မကပ်တော့သော်ညား သူမ ယွမ်လော့ရီကို မှတ်မိနေသေးကာ မျက်ရည်တစ်စက် သူမ ပါးပြင်ပေါ်မှ ကျဆင်းသွားခဲ့သည်။

“အချစ်လေး မြန်မြန်ပြေးတော့”

ရုတ်တရက် ယွမ်လော့ရီ၏ အနောက်ဘက်မှ အေးစက်ကာ မိန်းကလေးဆန်သည့် ရယ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ သူမ၏ နောက်စေ့မှာ သေနတ်တစ်လက်ဖြင့် ဖိကပ်ခံထားရသည်ကိုလည်း ခံစားလိုက်ရ၏။

“ဘန်း”

သေနတ် တစ်ချက် ပစ်လွှတ်လိုက်သည်။

[ဒင်း စနစ်သတိပေးချက် ပြန်ဆုတ်ခြင်း ပြီးဆုံးသွားပါပြီ]

လင်းထိန်နေသည့် အခန်းထဲ၌ ယွမ်လော့ရီမှာ မတ်တတ်ရပ်၍ ရေနစ်နေသည့်သူတစ်ဦး ယခုမှ အောက်စီဂျင် ပြန်ရသကဲ့သို့ လေကို ရှူရှိုက်နေလေသည်။ သူမ၏ နောက်စေ့မှာ နဂိုအတိုင်းဖြစ်ပြီး သေနတ်ဒဏ်ရာလည်း မရှိပေ။

လူသတ်သမားအစစ်က ငါ့အနောက်မှာ ရပ်နေခဲ့တာ၊ နောက်ပြီး သူက မိန်းကလေးပဲ။

All Chapters