အခန်း (၃၆)
Vol. 4 Ch. 36
ပထမဆုံးအကြိမ်အဖြစ် ဒါရိုက်တာကျန်းက ဆွဲဆောင်မှုရှိသည်ဟု ယွမ်လော့ရီ ခံစားလိုက်ရသည်။
သူ၏ နှုတ်ခမ်းမွှေး သေးသေးလေးကပင် ကြင်နာ၍ ချဉ်းကပ်ရ လွယ်ကူပုံ ပေါ်နေ၏။
အား ကယ်တင်ရှင် ရောက်လာပြီ။
နောက်ဆုံးတော့ ညီအစ်ကို နှစ်ယောက်၏ အဆုံးမရှိသော ရန်ဖြစ်ခြင်း စစ်မြေပြင်မှ ထွက်ခွာ၍ သာမန်လူများ၏ ငြိမ်းချမ်းသော ကမ္ဘာထဲသို့ သူမ ဝင်ရောက်နိုင်တော့မည်။
ဒါရိုက်တာကျန်းမှာ စာအုပ်များ အပုံလိုက်ကြီး သယ်လာကာ ယွမ်လော့ရီထံသို့ လျှောက်လာသည်။
"ဒုန်း”
စာအုပ်များကို စားပွဲပေါ်သို့ ပြင်းထန်စွာ ပစ်ချလိုက်သည်မှာ ပန်းကန်များပင် မြောက်တက်သွား၏။
ဒါရိုက်တာကျန်းက နဖူးမှ ချွေးများကို သုတ်လိုက်ပြီး ယွမ်စစ်ကို ကြည့်ကာ ပြောလိုက်သည်။
"အာ ဥက္ကဋ္ဌယွမ် ခင်ဗျားလည်း ရောက်နေတာကို”
ယွမ်စစ်က ယဉ်ကျေးစွာ လက်ဆန့်ပြီး နှုတ်ဆက်လိုက်၏။
"မင်္ဂလာပါ"
ဒါရိုက်တာကျန်းက လက်နှစ်ဖက်ဖြင့် ပြန်ဆုပ်ကိုင်ကာ စိတ်အားထက်သန်စွာနှင့် လက်ဆွဲနှုတ်ဆက်လာသည်။
"မင်္ဂလာပါ မင်္ဂလာပါ မင်္ဂလာပါ ဒီတစ်ခေါက် ပင်ပင်ပန်းပန်း ဆောင်ရွက်ပေးလို့ ကျေးဇူး အများကြီး တင်ပါတယ်”
ယခင်က ဒါရိုက်တာကျန်းမှာ ယွမ်စစ်အား သူ၏ ရသစုံရှိုးသို့ ဧည့်သည်အဖြစ် ဖိတ်ခေါ်ခဲ့ဖူး၏။
သို့သော် ယွမ်စစ်က အလွန် နာမည်ကြီးလွန်းပြီး သူတို့မှာ သာမန် ထုတ်လုပ်ရေး အဖွဲ့လေးသာ ဖြစ်သောကြောင့် သူ စိတ်ကူးယဉ်နေသည်ဟုသာ အဖွဲ့သားများက ထင်ခဲ့ကြသည်။
သို့သော် ယွမ်စစ်က ရောက်လာပေးခဲ့သဖြင့် ဒါရိုက်တာကျန်းမှာ အလွန်အမင်း ကျေးဇူးတင်ခဲ့ရ၏။
ထို့နောက် ဒါရိုက်တာကျန်းက ယွမ်ကျွင်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ပါမောက္ခယွမ် ကျွန်တော်တို့ ရှိုးပွဲကို လာပေးတဲ့အတွက် ကျေးဇူး အများကြီး တင်ပါတယ်၊ ခင်ဗျားလို ကျွမ်းကျင်ပညာရှင်သာ မရှိရင် ကျွန်တော်တို့ ဘာတွေ မှားနေမှန်း သိမှာ မဟုတ်ဘူး”
ဒါရိုက်တာကျန်းက ယွမ်ကျွင်းကို လက်ဆွဲနှုတ်ဆက်ရန် ကြိုးစားလိုက်သော်လည်း ယွမ်ကျွင်းက သူ့ကို အေးစက်စွာ စိုက်ကြည့်ပြီး တုတ်တုတ်မျှ မလှုပ်ဘဲ ထိုင်ခုံမှာ ပြန်ထိုင်လိုက်သည်။
ဒါရိုက်တာကျန်းလည်း ကိုးရို့ကားရားနှင့် ပြုံးပြ၍ လက်ကို ပြန်ရုပ်လိုက်၏။
ပါမောက္ခယွမ်မှာ ဉာဏ်ရည် ထက်မြက်သူ ဖြစ်ပြီး လူမှုဆက်ဆံရေးကို လုံးဝ မကြိုက်ကြောင်း နာမည်ကြီးသူ ဖြစ်သည်။
သူ့ကို ဓာတ်ခွဲခန်းမှ ထွက်လာရန် လုပ်ရသည်ကပင် ဒါရိုက်တာကျန်းအတွက် ခက်ခဲသော ကိစ္စ ဖြစ်၏။
ထို့ကြောင့် သူနှင့် လက်ဆွဲနှုတ်ဆက်ပြီး သူငယ်ချင်းများကဲ့သို့ စကားပြောရန် မလုပ်ဝံ့ပေ။
နောက်ဆုံးတွင် ဒါရိုက်တာကျန်းက ယွမ်လော့ရီကို ကြည့်ပြီး မသိစိတ်မှ ပြုံးလိုက်လေသည်။ ယွမ်လော့ရီထံတွင် အခြားသူများ၏ ချစ်ခင်မှုကို အလွယ်တကူ ဆွဲဆောင်နိုင်သည့် ထူးခြားသော စွမ်းအားတစ်ခု ရှိ၏။
"ယွမ်လော့ရီ မင်းကို ရှာရတာ အရမ်း ခက်တာပဲ၊ အစက စာအုပ်တွေကို အတန်း Dကို ယူသွားပေမဲ့ မင်းက အဲမှာ မရှိဘူးလေ၊ မင်းရဲ့ အတန်းဖော်တွေက ကန်တင်းမှာ ရှိနိုင်တယ်လို့ ပြောလို့ ငါ တစ်ချက် လာကြည့်လိုက်တာ ဒီမှာ ဖြစ်နေတယ်"
ယွမ်လော့ရီ စာအုပ်ပုံကြီးကို စိုက်ကြည့်၍ မေးလိုက်သည်။
"ဒီစာအုပ်တွေက သမီးအတွက်လား"
ဒါရိုက်တာကျန်းက ပြန်ဖြေလိုက်၏။
“ဟုတ်တာပေါ့ မနက်ဖြန် အသိပညာ ပြိုင်ပွဲ ရှိတယ်လေ ဒါတွေက ပြိုင်ပွဲမှာပါမယ့် ဘာသာရပ်တွေပဲ”
ဤသတင်းဆိုးမှာ ကောင်းကင်ပြာမှ ရုတ်တရက် ကျရောက်လာသော မိုးကြိုးနှင့် တူသည်။
ယွမ်လော့ရီ စိတ်ကို ပြန်ထိန်းနိုင်ရန်အတွက် ခဏတာ အချိန် ယူလိုက်ရသည် အထိပင်။
လုံးဝ မဖြစ်နိုင်ဘူး။ သူက နေ့တိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ အားနေအောင်လို့ အတန်း Dကို ပြောင်းခဲ့တာလေ။ အခုတော့ စာလုပ်ရမယ်တဲ့လား။
သူမ စာအုပ်ခေါင်းစဉ်များကို ကြည့်လိုက်သည်။ ကမ္ဘာ့သမိုင်း၊ ပညာရှင်မျိုးစုံတို့၏ အတွေးအမြင်များ၊ အိုလံပစ်သင်္ချာ (မိတ်ဆက်ခြင်းမှ အဆုံးအထိ)၊ တရုတ်နှင့် နိုင်ငံခြားကဗျာ လက်ရွေးစင်များ၊ ကမ္ဘာ့ဒဿနိကဗေဒသမိုင်း၊ အချစ်နှင့် အိမ်ထောင်ရေးဆိုင်ရာ စိတ်ပညာ၊ ရူပဗေဒနှင့် ဓာတုဗေဒ အခြေခံများ၊ တရုတ်-အင်္ဂလိပ် အဘိဓာန်။
အမ်...ဒီဘာသာတွေက တကယ်ပဲ အသက် ၁၁နှစ်အရွယ် ကျောင်းသူ တစ်ယောက် အတွက် တတ်မြောက်ဖို့ လိုအပ်တဲ့ အသိပညာတွေလား။
ထို့အပြင် ပြိုင်ပွဲမှာ မနက်ဖြန် ဖြစ်ပြီး တစ်ညတည်းနှင့် အကုန်ဖတ်၍ မပြီးနိုင်ပေ။
အနိုင်ရဖို့ အလွန် ခက်ခဲလိမ့်မည်။
ယွမ်လော့ရီ သတိရမိသည်မှာ စုရွှင်းက အသိပညာ ပြိုင်ပွဲများတွင် အလွန် ထူးချွန်သည်။
ငယ်စဉ်ကတည်းက ဤဘာသာရပ်များကို သင်ယူခဲ့ပြီး နိုင်ငံတကာ ပြိုင်ပွဲ များစွာတွင်လည်း ပါဝင်ခဲ့၏။ စုရွှင်းက သူမ၏ ကျယ်ပြန့်သော ဗဟုသုတများကြောင့် အနိုင်ရရန် လွယ်ကူလိမ့်မည်။
သူမ၏ အတိတ်ဘဝမှ မှတ်ဉာဏ်များအရ ရသစုံရှိုး၏ အစောပိုင်း အဆင့်များတွင် စုရွှင်း၏ လူကြိုက်များမှုမှာ ဒုတိယအဆင့် ဖြစ်ခဲ့သည်။ သို့သော် အသိပညာ ပြိုင်ပွဲတွင် ထူးခြားသည့် စွမ်းဆောင်မှုကြောင့် သူမ၏ ပညာတတ် ပါရမီရှင် အမျိုးသမီး ပုံစံမှာ လူကြိုက်များလာပြီး အတားအဆီး အားလုံးကို ကျော်လွှားကာ တံဆိပ်ကို အခိုင်အမာ ရယူနိုင်ခဲ့၏။
ယွမ်လော့ရီသာ ဒီတစ်ခေါက် စုရွှင်းကို ရှုံးနိမ့်ခဲ့ပါက သူမ၏ လွှမ်းမိုးမှုမှာ လယ်ဗယ်လ် 100သို့ ရောက်ရှိရန် ခက်ခဲမည် ဖြစ်ပြီး သူမ ပြည့်ဝချင်သည့် ဆန္ဒမှာ ဖြစ်နိုင်တော့မည် မဟုတ်ပေ။
ဒါရိုက်တာကျန်းက ယွမ်လော့ရီကို အားပေးသည့် အနေဖြင့် လက်သီးဆုပ်ပြီး ပြောလိုက်သည်။
“အားပေးနေမယ်နော် ကျောင်းအုပ်ကြီးက မနက်ဖြန် ပြိုင်ပွဲကို ပရိသတ်တွေကိုတောင် ဝင်ခွင့်ပေးထားတာ၊ အခုဆို မင်းမှာလည်း ပရိသတ်တွေ အများကြီး ရှိနေပြီ မင်းက ငါတို့ ရသစုံရှိုးရဲ့ အဓိက ကျောရိုးပဲ၊ အားလုံးက မင်းရဲ့ ဖျော်ဖြေမှုကို တကယ် မျှော်လင့်နေကြတယ်”
ယွမ်လော့ရီ ပို၍ပင် စိုးရိမ်လာသည်။
ပရိသတ်တွေ လာမယ်တဲ့လား။
သူ ပရိသတ်တွေနဲ့ တစ်ခါမှတောင် စကား မပြောဖူးသေးဘူး။ ဒီနေ့မှ ဒုက္ခတွေက တစ်ခုပြီးတစ်ခု ရောက်လာတာပါပဲလား။
"ကလင် ကလင်”
ဒါရိုက်တာကျန်း၏ ဖုန်းမြည်လာခြင်းပင်။
"ဟယ်လို ဪ အဲဒါက လွယ်ပါတယ် ကျွန်တော် ပြောတဲ့အတိုင်း လုပ်လိုက်၊ ပထမဆုံး ဒါလုပ် ပြီးရင် ဒီလို ဟုတ်တယ် ဟုတ်တယ် ပြီးတော့ သတိပေးလိုက်ဦးမယ် အဲဒါကို မလုပ်နဲ့နော် အင်း ဒါပဲနော်"
ဖုန်းချပြီးနောက် ဒါရိုက်တာကျန်းက ယွမ်စစ်ကို ပြောလာသည်။
"ဥက္ကဋ္ဌယွမ် သတင်းထောက်တွေ အများကြီး ရောက်နေပြီး ခင်ဗျားကို စောင့်နေတယ်လို့ အဖွဲ့သားတွေက ပြောတယ်"
ယွမ်စစ် မတ်တတ်ရပ်ပြီး ယွမ်လော့ရီထံသို့ လက်ဆန့်လိုက်သည်။
"သတင်းထောက်တွေ ရောက်နေပြီ သွားကြစို့"
ယွမ်ကျွင်းက အေးစက်စွာ ပြောလာ၏။
"သူ မင်းနဲ့ လိုက်မှာ မဟုတ်ဘူး"
ယွမ်စစ် : "ငါ မင်းကို မမေးဘူး"
သူ ယွမ်လော့ရီအား ကြည့်လိုက်ပြီး သူမ၏ ဆုံးဖြတ်ချက်ကို စောင့်နေသည်။ နောက်ဆုံးတွင် ယွမ်လော့ရီ ခေါင်းခါကာ သူ၏ ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်၏။
ယွမ်စစ် နောင်တရစွာဖြင့် လက်ကို ပြန်ရုပ်လိုက်လေသည်။
မည်သို့ပင်ဆိုစေကာမူ သူ့ညီမလေးက သူနှင့် မတွေ့ရသည်မှာ တစ်နှစ်ကြာပြီ ဖြစ်၍ သူ့အား အပြည့်အဝ မယုံကြည်နိုင်သေးပေ။
ယုံကြည်မှုကို ဖြည်းဖြည်းချင်း တည်ဆောက်ရမည် ဖြစ်ပြီး အလျင်စလို မလုပ်သင့်ပေ။
"ညီမလေး စဉ်းစားဖို့ အချိန်ယူလို့ ရတယ်နော်၊ ကိုကို စိတ်ရှည်ရှည်နဲ့ စောင့်နေမှာမို့လို့ အချိန်မရွေး ဆက်သွယ်လို့ရတယ်"
ယွမ်လော့ရီ: "ဟုတ်ကဲ့ စတုတ္ထအစ်ကို၊ တာ့တာ"
ယွမ်စစ်က မချင့်မရဲဖြင့် ယွမ်လော့ရီ၏ ခေါင်းကို ပုတ်ကာ ပြန်ပြောလိုက်သည်။
“တာ့တာ”
ထို့နောက် အနည်းငယ် ဖရိုဖရဲ ဖြစ်နေသော အဝတ်အစားများကို သပ်ရပ်အောင် ပြင်ပြီး ဒါရိုက်တာကျန်းနှင့်အတူ ထွက်သွားတော့၏။
ထိုစဉ် ယွမ်ကျွင်းက ရယ်မောလိုက်သည်မှာ ဤအချီတွင် ပြတ်ပြတ်သားသား အနိုင်ရသွားသည့် သူကဲ့သို့ပင်။
သူက ယွမ်လော့ရီကို ပြောလာ၏။
“တော်တယ် ညီမလေး မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်ခဲ့တာပဲ၊ အဲဒီလူကို ညီမလေးကို ထိန်းချုပ်ဖို့ အခွင့်အရေး မပေးလိုက်နဲ့”
ယွမ်လော့ရီ စိတ်ဝင်တစား မေးလိုက်သည်။
"ဒါနဲ့ ပဉ္စမအစ်ကိုက ကျောင်းကို ဘာလာလုပ်တာလဲ"
ယွမ်ကျွင်း: "အသိပညာ ပြိုင်ပွဲအတွက် မေးခွန်းထုတ်တဲ့သူက ကိုကိုလေ”
ယွမ်လော့ရီ မျက်လုံးများ တောက်ပလာလေ၏။
"မေးခွန်းတွေက ခက်မှာလား"
ယွမ်ကျွင်း: "တချို့တလေက ခက်တယ်၊ ကျန်တာကတော့ ရိုးရှင်းပါတယ်"
ယွမ်လော့ရီ စိတ်ထဲမှ ညည်းညူလိုက်သည်။
မကောင်းတော့ပေ။ ယွမ်ကျွင်း၏ ဉာဏ်ရည်မှာ အလွန် မြင့်မားသဖြင့် သူ ရိုးရှင်းသည်ဟု ယူဆသော အရာမှာ သာမန်လူများအတွက် ရိုးရှင်းမည် မဟုတ်ပေ။
သို့သော် သူ ခက်ခဲသည်ဟု ယူဆသော အရာသည် သေချာပေါက် အလွန် ခက်ခဲလိမ့်မည်။
ဆိုလိုသည်မှာ ဤအသိပညာ ပြိုင်ပွဲမှာ အလွန် ခက်ခဲသော အဆင့် ဖြစ်လိမ့်မည်။
ယွမ်လော့ရီ သက်ပြင်းချကာ စာအုပ်ပုံကို ပုတ်လိုက်သည်။
"ဓါတ်ပုံရိုက်သလိုမျိုး သိမ်းထားလို့ရတဲ့ မှတ်ဉာဏ်သာ ရှိခဲ့ရင်..."
ယွမ်ကျွင်း: "ဓါတ်ပုံရိုက်ထားလို့ရတဲ့ မှတ်ဉာဏ်က ကောင်းတာ မဟုတ်ဘူး၊ လူတစ်ယောက်က ဦးနှောက်ထဲကို မလိုတာတွေ မဖယ်ဘဲနဲ့ ဆက်တိုက် ထည့်နေမယ်ဆိုရင် နောက်ဆုံး ဘာဖြစ်လာမလဲ ခန့်မှန်းကြည့်"
ယွမ်လော့ရီ : "ပျက်စီးသွားမယ်"
ယွမ်ကျွင်းက ပေါ့ပါးစွာ ရယ်ကာ ပြောလိုက်သည်။
"မှန်တယ် လုံးဝ ပျက်စီးသွားမှာ လေတအားထိုးထားတဲ့ မိုးပျံပူဖောင်း ပေါက်ကွဲသလိုပဲ၊ တစ်နည်းအားဖြင့် ပြောရရင် မေ့လျော့ခြင်းဆိုတာ လူသားတွေအတွက် အကာအကွယ် တစ်ခုပဲလေ”
ယွမ်လော့ရီ တိတ်ဆိတ်သွားတော့၏။ သူမ မှတ်ဉာဏ် အပိုင်းအစများကို အလွန်အကျွံ ကြည့်သည့်အခါတိုင်း ခေါင်းကိုက်တတ်သည်။
ဒါ သူမရဲ့ ခန္ဓာကိုယ်က သတိပေးနေတာများလား။
"ဟူး ကလေးလေး အချက်အလက်တွေ ထပ်မထည့်ပါနဲ့တော့၊ မင်းရဲ့ ဦးနှောက်လေး ပေါက်ကွဲသွားတော့မယ်"
သေချာ စဉ်းစားကြည့်လျှင် ဘဝပေါင်း ၉၉ခု၏ မှတ်ဉာဏ်များမှာ အလွန် များပြားလှ၏။
လူတစ်ယောက်က ဘဝတစ်ခုတည်းမှ အရာအားလုံးကိုပင် မမှတ်မိနိုင်ရာ ဘဝ ၉၉ခုစာ မှတ်ဉာဏ်များကို ဦးနှောက်ထဲ တစ်ပြိုင်နက် ထည့်သွင်းရမည်ဆိုလျှင် အမှန်တကယ် အန္တရာယ် ရှိပေသည်။
ယွမ်လော့ရီ ရုတ်တရက် သဘောပေါက်သွား၏။
စနစ်က သူမကို ပျင်းရိစေချင်တာ ဒါကြောင့်များလား။
အဘယ်ကြောင့်ဆိုသော် မပျင်းရိဘဲ တစ်ပြိုင်နက်တည်း အလွန်အကျွံ မှတ်မိနေပါက သူမ၏ ခန္ဓာကိုယ်က ခံနိုင်မည် မဟုတ်ပေ။
မေ့လျော့ခြင်းက အကာအကွယ် ဖြစ်သကဲ့သို့ ပျင်းရိခြင်းမှာလည်း အကာအကွယ်ပင် ဖြစ်၏။
ယွမ်လော့ရီ စိတ်ဓာတ်ကျကာ ထိုင်ခုံပေါ် လဲကျသွားသည်။
အစက သူမ၏ အတိတ်ဘဝ ၉၉ခုမှ မှတ်ဉာဏ် အပိုင်းအစများကို အားကိုးကာ အသိပညာ ပြိုင်ပွဲကို အလွယ်တကူ ကျော်ဖြတ်နိုင်မည်ဟု မျှော်လင့်ခဲ့၏။
မည်သို့ပင်ဆိုစေကာမူ ယခင်ကလည်း ထိုအပိုင်းအစများကို အသုံးပြု၍ အင်္ဂလိပ်စာ သင်ယူခဲ့ပြီး သေနတ်ပစ် ကျွမ်းကျင်မှုများကို တတ်မြောက်ခဲ့ကာ မလုပ်နိုင်ခဲ့သော အရာများစွာကို လုပ်ဆောင်နိုင်ခဲ့သည်။
သို့သော် ယခုမူ အတိတ်ဘဝများ၏ မှတ်ဉာဏ် အပိုင်းအစများကို အလွန်အကျွံ အားကိုး၍ မရတော့ကြောင်း ထင်ရှားနေပြီ ဖြစ်၏။
၎င်းမှာ ဓားသွားနှစ်ဖက်ကဲ့သို့ပင်။
ရန်သူများကို သုတ်သင်နိုင်သော်ငြား ကိုင်ဆောင်သူကိုလည်း ထိခိုက်စေနိုင်သည်။