← Chapters

အခန်း (၃၇)

Vol. 4 Ch. 37

အခန်း (၃၇)

Vol. 4 Ch. 37

မနက်စာ စားသောက်ပြီးနောက် ယွမ်လော့ရီ သူမ၏ ပဉ္စမအစ်ကို ယွမ်ကျွင်းအား နှုတ်ဆက်ကာ ဒါရိုက်တာကျန်း ပေးလိုက်သော စာအုပ်ကိုယူ၍ အတန်း D သို့ စာသင်ရန် ပြန်သွားခဲ့၏။

သူမ စိတ်ထဲတွင် တစ်မျိုးဖြစ်နေခဲ့သည်။

ယွမ်လော့ရီ သိထားသည်မှာ သူမ အသက် ဆယ့်ရှစ်နှစ်တွင် သေဒဏ်ချမှတ်ခံခဲ့ရပြီး တစ်ရက်အတွင်း ပြာဖြစ်သွားခြင်းပင်။

ထို့နောက် သူမ၏ အစ်ကိုငါးယောက်မှာ လက်စားချေကြမည်ဖြစ်သော်လည်း နောက်ဆုံး၌ တရားခံအစစ်မှာ လွတ်မြောက်သွားပြီး ယွမ်မိသားစု တစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။

ဤရလဒ်ကို ပြောင်းလဲရန်အတွက် သူမ ပြိုင်ပွဲတွင် ဝင်ပြိုင်ရမည် ပြီးလျှင် သူမ၏ လွှမ်းမိုးမှုကို အမှတ်ကို 100 သို့ မြှင့်တင်ရမည်။ ထို့နောက် လူတိုင်းအား ကယ်တင်ရန်အတွက် စနစ်ကို အသုံးပြု၍ ဆုတောင်းရမည်။

သို့သော်လည်း စားပွဲပေါ်မှ စာအုပ်ပုံကြီးကို ကြည့်ရင်းဖြင့် ယွမ်လော့ရီတစ်ယောက် စိတ်ပျက်အားငယ်စွာ လဲလျောင်းလိုက်သည်။

မည်သည့်အခက်အခဲကို မဆို သူမအား ခဏလေးအတွင် လက်လျော့သွားချင်စိတ်ဖြစ်ပေါ်စေ၏။ ဤမျှလောက် များပြားလှသော လုပ်ငန်းတာဝန်ကြီးကိုဆိုလျှင် ပြောဖွယ်ရာပင်မရှိပေ။

သူမ ပြီးမြောက်အောင် လုပ်နိုင်မည့် မျှော်လင့်ချက်ကို ရှာမတွေ့တော့ချေ။ အတော်ကြာ စိတ်သောက ရောက်ပြီးနောက် ယွမ်လော့ရီ ပြန်ထလာကာ စာအုပ်တစ်အုပ်ကို ဖွင့်၍ စဖတ်တော့သည်။

သူမ၏ သင်ယူနိုင်စွမ်းမှာ မဆိုးလှပေ။

အင်္ဂလိပ်စာမှလွဲ၍ ကျန်ဘာသာရပ်အားလုံးတွင် ပထမ သို့မဟုတ် ဒုတိယ ရခဲ့သူပင်။

အနည်းငယ် ကြိုးစားလိုက်ရုံဖြင့် အချိန်တိုအတွင်း သင်ယူတတ်မြောက် နိုင်မည်ဖြစ်သည်။

[ဒင် .. စနစ်- သတိပေးချက် Host မကြာခင် အနားယူမှ ရပါမယ်]

စာရွက်လှန်နေသည့် ယွမ်လော့ရီ၏ လက်များမှာ ရပ်တန့်သွား၏။

ဘာ မကြာခင် အနားယူရမယ် ဟုတ်လား။

မူလက "ပျင်းရိမှုတန်ဖိုး" သည် ယခုအခါ "ကြိုးစားမှုတန်ဖိုး" သို့ ပြောင်းလဲသွားပြီး လက်ရှိတွင် ၁၂% ရှိနေသည်ကို သူမ သတိထားမိခဲ့သည်။

ယွမ်လော့ရီသည် ခေါင်းငုံ့ကာ ဆက် ဖတ်နေလိုက်သည်။

[စနစ်- သတိပေးချက်၊ ကြိုးစားမှုတန်ဖိုး ၁၅% သို့ ရောက်ရှိသွားပါပြီ]

[၁၈%]

[၂၀%]

ရုတ်တရက် ယွမ်လော့ရီ၏ ခေါင်းမှာ မူးဝေလာပြီး စာမျက်နှာပေါ်ရှိ စကားလုံးများမှာ ဝေဝါးကာ ပျံဝဲတော့မလို ဖြစ်လာသည်။

မှတ်ဉာဏ် အပိုင်းအစများက သူမ၏စိတ်ထဲသို့ ရေလှိုင်းသဖွယ် ဝင်ရောက်လာ၏။

တစ်ခဏအတွင်း သူမမှာ အရှေ့အလယ်ပိုင်း သဲကန္တာရများတွင် အဆုံးမရှိသော ကုန်သည်ယာဉ်တန်းကြီးများ၊ ကုလားအုတ် ခေါင်းလောင်းသံ သဲ့သဲ့များကို ကြား မြင်နေရပြီး၊ နောက်တစ်ခဏတွင် သူမမှာ သူမ၏ သင်္ဘောများကို ရွက်လွှင့်ပြီး ရှာဖွေရန် အမိန့်ပေးနေသည်။

သူမ၏ခေါင်းမှာ နာကျင်စွာ ထိုးကိုက်လာ၏။

အနီးနားတွင် ထိုင်နေသော ယွိဟွားက ယွမ်လော့ရီ ကို စိုးရိမ်တကြီး ကြည့်ကာ

"နေလို့ကောင်းရဲ့လား မျက်နှာလည်း မကောင်းဘူး"

ယွမ်လော့ရီမှာ စာအုပ်ကို ပိတ်ချလိုက်ပြီးနောက် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“ကောင်းပါတယ် ခနလောက် နားဖို့လိုတာပါ"

[စနစ် သတိပေးချက်- ကြိုးစားမှုတန်ဖိုး သုညသို့ ပြန်ရောက်ရှိသွားပြီး ပျင်းရိမှုပုံစံကို ပြန်စတင်ပါတော့မည်]

ထူးဆန်းသော ရုပ်ပိုင်းဆိုင်ရာ ခံစားချက်များ အားလုံး ပျောက်ကွယ်သွားလေသည်။

ယွမ်လော့ရီမှာ အချက်နှစ်ချက်ကို အတည်ပြုလိုက်၏။

ပထမအချက်မှာ သူမ ဆက်လက်ပျင်းရိနေနိုင်သည်။

ဒုတိယအချက်မှာ သူမတွင် ပျင်းရိရန်မှလွဲ၍ ရွေးချယ်စရာ မရှိချေ။

ဒါက တကယ့်ကို ထူးဆန်းတဲ့ စနစ်တစ်ခုပါ့လား။

ယွမ်လော့ရီက စာအုပ်ကို ဘေးသို့ ပစ်ချကာ သဘာဝအတိုင်း ဖြစ်ချင်ရာဖြစ်ဟုသာ ထားလိုက်တော့၏။

အဘယ့်ကြောင့်ဆိုသော် သူမ ပျင်းရိနေသမျှကာလပတ်လုံး သူမ၏ လွှမ်းမိုးမှုမှာ အဆင့်တက်သွားမည်ပင်။

ထို့အပြင် သူမသည် မှတ်ဉာဏ်အပိုင်းအစများကို မြင်တွေ့ခဲ့ရပြီးဖြစ်ရာ သာမန် အထက်တန်းကျောင်းသူတစ်ဦး၏ အဆင့်ထက် ကျော်လွန်သော အသိပညာများကို ရရှိခဲ့ပြီးဖြစ်သည်။

အသိပညာပြိုင်ပွဲတွင် သူမ စုရွှင်းကို အရှုံးပေးချင်မှ ပေးရလိမ့်မည်။

နောက်တစ်နေ့တွင် ယွမ်လော့ရီသည် ကျောင်းသို့ ရောက်ရှိလာ၏။

ပုံမှန်အတိုင်း သူမ၏ အစ်ကိုကြီး ယွမ်အောင်း က လိုက်ပို့ခဲ့သော်လည်း ကွာခြားချက်တစ်ခု ရှိနေသည်။ ယွမ်အောင်းက သူမနှင့်အတူ ကားထဲမှ ထွက်လာ၏။

ယွမ်လော့ရီမှာ ခေါင်းစောင်း၍ အံ့သြတကြီးဖြင့် ပြောလိုက်သည်။

"ကိုကို ဒီနေ့ ကုမ္ပဏီကို မသွားဘူးလား"

ယွမ်အောင်းက ယွမ်လော့ရီ၏ ဆံပင်ကို ညင်သာစွာ ပွတ်သပ်လိုက်ပြီးနောက်

"ကိုကိုက ဒီ Variety Show ပွဲအတွက် ဧည့်သည်တော်လေ၊ ပထမပွဲနှစ်ခုကို လွတ်သွားလို့ အလုပ် စောစော ပြီးအောင်လုပ်ပြီး ညီမလေးနဲ့အတူ တစ်နေကုန် ရှိဖို့အတွက် အချိန်တစ်ခုလုံး ရှင်းထားလိုက်တာ"

အမြဲတမ်းလိုပင် သူမ အစ်ကိုကြီးမှာ သူ၏ကိုယ်ပိုင် ထူးခြားသောနည်းလမ်းဖြင့် ညီမလေးကို ဂရုစိုက်နေဆဲပင်။

မူလက ယွမ်လော့ရီသည် သူမ၏ စိတ်ကို ထိန်းချုပ်လိုက်သောကြောင့် စိတ်ပူပန်မှု လျော့ပါးနေပြီဖြစ်သော်လည်း ယခုမူ အစ်ကိုကြီး ရောက်နေသဖြင့် ပြန်၍ စိတ်လှုပ်ရှားလာသည်။

ယွမ်အောင်းက ထပ်၍ ပြောလိုက်၏။

"မင်းရဲ့ ကိုကိုယွမ်ဖာ့လည်း နောက်က လိုက်လာလိမ့်မယ်"

ယွမ်လော့ရီမှာ ပို၍ပင် စိတ်လှုပ်ရှားလာသည်။

ပြိုင်ပွဲရလဒ်အား သူမ မယုံကြည်ပေ။

ထို့အပြင် သူမ၏ အစ်ကိုကြီး၊ ဒုတိယအစ်ကို၊ စတုတ္ထအစ်ကိုနှင့် ပဉ္စမအစ်ကိုတို့ အားလုံး လာကြည့်ကြလေ၏။

တတိယအစ်ကိုမှာမူ သူ၏ စရိုက်အတိုင်း တစ်နေရာတွင် ပုန်းကာ စောင့်ကြည့်နေလိမ့်မည်။ ထို့အပြင် သူ သူမကို အရသာရှိသည့် ပီဇာ ဝယ်ပေးဖို့ရန်လည်း ရှိသေးသောကြောက့် ပီဇာကိုင်ပြီး ပေါ်လာနိုင်သေးသည်။

ငါ့ရဲ့ စိတ္တဇအစ်ကို ငါးယောက်စလုံး စုံကြပြီ ကောင်းရော.. အနည်းဆုံးတော့ အစ်ကိုကြီးရှိနေတာမလို့ သူတို့ ရန်ဖြစ်ကြမှာတော့ မဟုတ်လောက်ပါဘူးလေ။

သို့သော် ယွမ်လော့ရီမှာ အစ်ကိုငါးယောက်လုံး၏ ဝိုင်းအုံခြင်းကို မလိုလားသောကြောင့် ဘေးကင်းစေရန် အစ်ကိုကြီးနားတွင်သာ ကပ်နေဖို့ ဆုံးဖြတ်လိုက်၏။

ကျောင်းတံခါးဝတွင် လူအများအပြား စုဝေးနေကြပြီး ဗီနိုင်းပြားများကို ကိုင်ဆောင်၍ ပတ်ဝန်းကျင်ကို စိတ်လှုပ်ရှားမှုဖြင့် လှည့်ပတ်ကြည့်နေကြသည်။

ယွမ်လော့ရီသည် သူမ၏နာမည်ကို တွေ့လိုက်ရပြီး ၎င်းနောက်တွင် အသည်းပုံတစ်ခုပါရှိ၏။

အာ ဒါက ငါ့ရဲ့ ပရိတ်သတ်တွေပဲ။

လှပသော အမျိုးသမီးငယ်တစ်ဦးက ယွမ်လော့ရီ ကို လှမ်းမြင်လိုက်သောကြောင့် အော်ဟစ်လိုက်သည်။

“အား ညီမလေးလော့ရီ ရောက်လာပြီ”

"ကယ်ပါဦး အရမ်းချစ်စရာကောင်းတာပဲ၊ ညီမလေးယွမ်ယွမ် ဒီဘက်ကို ကြည့်ပါဦး”

"ကျဲတို့က အမြဲတမ်း ချစ်နေမှာပါ ပြိုင်ပွဲမှာ အောင်မြင်ပါစေ”

ပရိသတ်များက သူတို့၏ ဖုန်းများကို မြှောက်ထားကြပြီး ကင်မရာမှန်များမှာ ယွမ်လော့ရီအား ချိန်ရွယ်ထားကြသည်။

လုံခြုံရေးအစောင့်များသာ မရှိပါက မြင်ကွင်းမှာထိန်းမနိုင်သိမ်းမရ ဖြစ်သွားနိုင်၏။

ပရိသတ်အများစုမှာ မိန်းကလေးများဖြစ်ကြပြီး အမျိုးသားပရိသတ်မှာမူ နည်းလွန်းသည်။

ယွမ်လော့ရီမှာမူ ဖျော်ဖြေရေးလောကတွင် သူမ၏ တည်ရှိမှုကို နားမလည်တော့ပေ။

လူတိုင်းက ချစ်ခင်၊ စောင့်ရှောက်ချင်စရာကောင်းတဲ့ ညီမလေး တစ်ယောက်လို့များ မြင်နေကြတာလား။

Star Galaxy အလယ်တန်းကျောင်း၏ လှုပ်ရှားမှုခန်းမအတွင်း၌ ပရိသတ်များ၊ သတင်းထောက်များ၊ ကျောင်းသားမိဘများပါမကျန် လူများဖြင့် ပြည့်နှက်နေ၏။

ဒါရိုက်တာကျန်းသည် ကင်မရာများ တပ်ဆင်ထားပြီး ပြီဖြစ်၍ ဝန်ထမ်းများမှာ အလုပ်များ လုပ်ကိုင်ရင်း ဟိုဟို ဒီဒီ ပြေးလွှားနေကြသည်။

ပြိုင်ပွဲဝင်မည့် ကျောင်းသားများလည်း ရောက်ရှိလာကြသည်။

ယွမ်လော့ရီသည် အဝေးမှနေ၍ စုရွှင်းအား မြင်လိုက်ရ၏။

သူမမှာ ယနေ့ အထူးတလှယ်လှပစွာ ဝတ်ဆင်ထားပြီး ပန်းရောင် နက်ခ်တိုင်ကို ဝတ်ဆင်ထားပြီး စိတ်လှုပ်ရှားကာ စိုးရိမ်ပူပန်နေပုံပေါ်သည်။

ယွမ်လော့ရီ၏ အကြည့်ကို ခံစားလိုက်သည်နှင့် စုရွှင်းမှ သူမအား လှောင်ပြောင်သည့် အပြုံးဖြင့် ပြုံးပြလေ၏။

ယနေ့ပြိုင်ပွဲမှာ သူမ အားသာသော အရာဖြစ်ပြီး ယွမ်လော့ရီကို အနိုင်ယူနိုင်လိမ့်မည်ဟု သူမ ယုံကြည်နေသည်။

ယွမ်အောင်းသည် အရှေ့ဆုံးတန်းရှိ ကျောင်းခေါင်းဆောင်များနှင့် တစ်နေရာတည်းတွင် သူတို့၏ ထိုင်ခုံများကို ရှာတွေ့သဖြင့် ထိုင်လိုက်ပြီးသည်နှင့် ယွမ်လော့ရီမှာ သူ့ဘေးရှိ လွတ်နေသော ထိုင်ခုံတွင် ဝင်ထိုင်လိုက်သောအခါ၌ မေးလိုက်၏။

"ညီမလေး ပြိုင်ပွဲဝင်ဧရိယာမှာ သွား မထိုင်ဘူးလား"

"အခု မထိုင်ရသေးဘူး"

ယွမ်အောင်းက ယွမ်လော့ရီအား စူးစမ်းဟန်ဖြင့် ကြည့်လေသည်။ သူ့ အကြည့်သည် သူမ၏ အပြုအမူကို ကောင်းစွာ ဝေဖန်အကဲဖြတ်နေသလိုပင်။

“စိတ်လှုပ်ရှားနေတာလား"

ယွမ်လော့ရီ ညင်သာစွာ သက်ပြင်းချလိုက်၏။

သူမ အစ်ကိုကြီးက သူမအား ထပ်၍ ဖောက်ထွင်းမြင်နိုင်သွားပြန်လေသည်။

"ဟုတ်”

ရုတ်တရက် ဒုတိယအစ်ကို ယွမ်ဖာ့မှာ ပေါက်ပေါက်ဆုပ်ဘူး ကိုင်လျက် လူအုပ်ထဲမှ ပေါ်လာ၏။

"နောက်ကျသွားလို့ sorry ပါကွာ ဒီပစ္စည်းတွေကို ဝယ်ဖို့ တန်းစီနေရလို့လေ၊ ကိုကို့ရဲ့ လက်ထောက်ကို အစောကတည်းက ဝယ်ခိုင်းခဲ့ရမှာ"

သူ ထိုင်ချလိုက်ပြီး ယွမ်လော့ရီ ဘက်သို့ ကိုင်းညွတ်ကာ

"မင်းတို့ နှစ်ယောက် ဘာတွေပြောနေကြတာလဲ"

ယွမ်အောင်းမှ

"သူ စိတ်လှုပ်ရှားနေတာ"

ယွမ်ဖာ့က ရယ်မောလိုက်သောကြောင့် ယွမ်လော့ရီထံမှ ဒေါသထွက်သည့် အကြည့်သာ ပြန်ရလိုက်၏။

ယွမ်ဖာ့မှာ သူ့ ရယ်သံကို ထိန်းချုပ်လိုက်ပြီး ယွမ်လော့ရီ၏ ကျောကို ယုံကြည်မှုရှိစွာ ပုတ်၍ ပြောလေသည်။

"အင်း... စိတ်မပူပါနဲ့ ကိုကိုက မင်းအတွက် သတ္တိရှိစေတဲ့ စာလုံးပေါင်းကို ရွတ်ပေးမယ် အကောင်းဆုံး ကြိုးစားလိုက်ရုံပဲ၊ အဲဒါ့အပြင် ဒါက အသိပညာပြိုင်ပွဲသက်သက်ပဲလေ စိတ်လှုပ်ရှားစရာ ဘာရှိလို့လဲ"

ယွမ်လော့ရီက စိတ်ဓာတ်ကျသွားပြီးနောက် ပြန်ပြောလိုက်၏။

"ဒါက သမီးရဲ့ အားသာချက် မဟုတ်ဘူး၊ သမီး အနိုင်ရဖို့အတွက် အံ့ဩစရာတစ်ခုခု ဖြစ်ပေါ်မှရလိမ့်မယ်"

ယွမ်အောင်း နှင့် ယွမ်ဖာ့ တို့ တစ်ပြိုင်နက်တည်း ပြုံးရယ်လိုက်ကြသည်။

သူတို့ညီမလေး၏ စိုးရိမ်ပူပန်မှုလေးများမှာ သူတို့အတွက် အထူးပင် ချစ်စရာကောင်းနေ၏။

ယွမ်အောင်းမှ

"မင်းကိုယ်တိုင်က အံ့သြစရာတစ်ခုပဲဟာကို"

ယွမ်လော့ရီက နားမလည်သလို ကြည့်လိုက်သည်။

ယွမ်အောင်းမှ သူမကို စိုက်ကြည့်လိုက်ရာ မူလက အေးစက်နေသော သူ၏ အနက်ရောင်မျက်လုံးများထဲ၌ ချစ်ခင်ကြင်နာမှုဖြင့် နူးညံ့သွား‌လေ၏။

"တစ်နေ့ကျရင် ကိုကိုပြောတာကို နားလည်လာလိမ့်မယ်"

ယွမ် ညီအစ်ကို ငါးယောက်မှာ ပုံမှန်လူများ မဟုတ်ကြပေ။ သူတို့မှာ စိတ်ခံစားမှု ကင်းမဲ့ပြီး လူသားဆန်မှု ချို့တဲ့ကာ မွေးရာပါ လူသတ်သမားများပင်။

သူတို့၏ ညီမလေး ရောက်ရှိလာခြင်းသည် သူတို့အား လူသားများတွင်ရှိသော စိတ်ခံစားမှုများကို ပေးစွမ်းခဲ့ပြီး ဤကမ္ဘာကြီးအပေါ်၌ ပိုမို သည်းခံနိုင်သူများ ဖြစ်လာစေခဲ့၏။

သို့မဟုတ်ပါက သူတို့မှာ ယခုထက်ပင် ပိုမို ရက်စက် ရူးသွပ်နေကြပေလိမ့်မည်။

သူတို့အတွက်မူ ထိုကလေးလေး ယွမ်မိသားစုသို့ ရောက်ရှိလာသည့်အချိန်မှစ၍ အံ့သြဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်ခဲ့သည်။

လောကကြီးသည် အရူးငါးယောက်ကို ဆုံးရှုံးခဲ့ရသော်လည်း အလဲအလှယ်အနေဖြင့် သူမအား ကာကွယ်ရန် ဆုံးဖြတ်ထားသော အစ်ကိုငါးယောက်ကို ပြန်ရရှိခဲ့၏။

All Chapters