← Chapters

အခန်း (၃၈)

Vol. 4 Ch. 38

အခန်း (၃၈)

Vol. 4 Ch. 38

စင်ပေါ်ရှိ မီးများ ချိန်ညှိပြီးသည်နှင့် ပြိုင်ပွဲမှာ စတင်လေ၏။

ပြိုင်ပွဲဝင်များမှာ ကင်မရာများရှေ့တွင် ကောင်ကောင်း ပြုမူနိုင်ရန်နှင့် ပရိသတ်အမြောက်အမြား ရရှိရန်အတွက် စိတ်အားထက်သန်နေကြသည်။

အစီအစဥ် တင်ဆက်သူ နာ့လန်မှာ ယနေ့တွင် ခန္ဓာကိုယ် အချိုးအစားကို ပေါ်လွင်စေသော အပြာနုရောင် ချိီဖောင်ကို ဝတ်ဆင်ထား၏။

“ပြိုင်ပွဲဝင်များ စင်မြင့်ပေါ်သို့ ကြွရောက်လာပေးကြပါ"

ယွမ်လော့ရီသည် မဝံ့မရဲဖြင့် စင်မြင့်ပေါ်သို့ တက်လာလေသည်။

သူမ၏ ခြေထောက်နှင့် စင်ပေါ်ရှိကော်ဇော ထိသည်နှင့်တစ်ပြိုင်နက် တောက်ပသော မီးအလင်းရောင်တစ်ခုမှာ သူမအပေါ်သို့ ကျရောက်လာပြီး စူရှသော အလင်းရောင်နှင့် အသားကျချိန်အထိ မျက်လုံးများမှာ ခဏတာ မှိတ်ထားရ၏။

ပရိသတ်များမှာ အလွန်ပျော်ရွှင်နေကြပြီး ယွမ်လော့ရီကို ချီးကျူးနေကြသည်။

"အားးး ယွမ်လော့ရီပါလား”

"သူ့ကို လူကိုယ်တိုင်တွေ့ရဖို့ အကြာကြီး စောင့်ခဲ့ရတာ”

"ချစ်စရာကောင်းလိုက်တာဟယ်၊ ငါ့ အသည်းနှလုံးတွေ အရည်ပျော်ကျတော့မယ်”

အခြားပြိုင်ပွဲဝင်များလည်း တစ်ဦးပြီးတစ်ဦး စင်ပေါ် တက်ရောက်လာကြပြီး ၎င်းတို့၏ ပရိသတ်များမှာလည်း အားပေးနေကြသည်။

သို့သော် ယွမ်လော့ရီ၏ ပရိသတ်များမှာမူ မိန်းမလှလေးများသာ ပါဝင်ပြီး အရမ်းစိတ်လှုပ်ရှားစွာ အော်ဟစ်နေကြ၏။

နေရာယူပြီးနောက် ယွမ်လော့ရီက ထိုင်လိုက်သည်။ သူမ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူမမှလွဲ၍ အခြား ပြိုင်ပွဲဝင် လေးဦး ရှိနေ၏။ စုရွှင်း၊ စန်းကျွင်းရွှမ် ၊အတန်း A မှ ခေါင်းဆောင် ယွိကျစ်လုံ နှင့် အတန်း C မှ အလှပဂေး ဟယ့်ရား တို့ပင်။

ယွိကျစ်လုံမှာ ယွိဟွား၏ ညီအစ်ကိုဝမ်းကွဲ ဖြစ်ပြီး သေချာကြည့်လျှင် သူတို့ ရုပ်ချင်းဆင်လေသည်။

ဟယ့်ရားကိုမူ ယွမ်လော့ရီ စကားမပြောဖူးသော်လည်း သူမသည် စုရွှင်း နှင့် အချိန်အတော်ကြာကတည်းက ခင်ကြကြောင်း သိထား၏။

နောက်ထပ် ပြိုင်ပွဲဝင်တစ်ဦးဖြစ်သော အတန်း B မှ ပညာရေးကော်မတီအဖွဲ့ဝင် တိအိုက်ယွီ မှာ လန်ဒန်သို့ ရေတိုဖလှယ်ရေး အစီအစဉ်ကြောင့် သွားရောက်နေရသည်ဟု ယွမ်လော့ရီ ကြားထားသောကြောင့် ယခုပွဲတွင် မရှိပေ။

အစီအစဉ်မှူး နာ့လန်က အဖွင့်မိန့်ခွန်းများ ပြောနေသော်လည်း ယွမ်လော့ရီမှာ ဂရုမစိုက်ချေ။ ထို့အစား သူမသည် မှတ်ချက်များဖြင့် ပြည့်နှက်နေသော screen ကိုသာ စိုက်ကြည့်နေမိ၏။

[စုရွှင်းဆိုတဲ့ကလေးမက တော်တော် တော်မဲ့ပုံပဲ သူ အနိုင်ရမယ်လို့ လောင်းမယ်]

[အနိုင်ရမှာကတော့ အတန်းA ခေါင်းဆောင် ယွီကျစ်လုံ ပဲပေါ့ စွမ်းရည်မရှိဘဲ သူ ဘယ်လိုလုပ် ခေါင်းဆောင် ဖြစ်နိုင်မှာလဲ]

[ယွမ်လော့ရီ အနိုင်ရမယ်လို့ ထင်တဲ့သူက ငါတစ်ယောက်တည်းရှိတာလား]

[သူက အတန်း D က ချစ်စရာ ညီမလေးပဲ Star Galaxy အလယ်တန်းကျောင်းက အတန်းတွေကို ပညာသင်စွမ်းဆောင်ရည်အလိုက် ခွဲထားတာဆိုတော့ သူ့အဆင့်တွေတော့ သိပ်မကောင်းလောက်ဘူး]

ယွမ်လော့ရီမှာ မှတ်ချက်များ ဖတ်၍ မပြီးမီ screen သည် ရုတ်တရက် ပြောင်းလဲသွားပြီး အသိပညာပြိုင်ပွဲ၏ ပထမဆုံး မေးခွန်းကို ပြသလိုက်သည်။

နာ့လန်မှ ပြောလာ၏။

"ပြိုင်ပွဲဝင်များ သတိထားပေးပါ၊ ဒါက အသိပညာပြိုင်ပွဲရဲ့ ပထမဆုံးမေးခွန်း ဖြစ်သလို အရည်အချင်းစစ် စစ်ဆေးမှုလည်း ဖြစ်ပါတယ်၊ အောင်မြင်သူတွေကပဲ ဆက်လက် ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး မအောင်မြင်သူတွေကတော့ ထွက်သွားရပါလိမ့်မယ်"

"သေချာနားထောင်ပါ၊ အောက်ဖော်ပြပါ ရွေးချယ်စရာများထဲမှ မည်သည့်အရာသည် ရိုးရှင်းသော ပန်ဂျူလမ် ၏ လည်ပတ်ချိန်အတွက် ဖော်မြူလာ ဖြစ်ပါသနည်း”

"A: T=2π√(L/g)

B: T=π√(L/g)

C: T=1/2π√(L/g)

D: T=3π√(L/g)"

"မင်းတို့ရဲ့ အဖြေကို ပြသဖို့ အချိန် ငါးစက္ကန့် အချိန်ရပါမယ်"

အချိန်ရေတွက်ခြင်း စတင်လေ၏။

ယွမ်လော့ရီမှာ နဖူး တွန့်ချိုးထားသော်လည်း အခြားပြိုင်ပွဲဝင်များမှာ စိတ်သက်သာရာရနေဟန် ရှိသည်။

ထိုမေးခွန်းမှာ အလယ်တန်းကျောင်းသားများ မသိနိုင်သော အထက်တန်းကျောင်း ရူပဗေဒ အသိပညာပင်။

သို့သော် သူတို့အားလုံးသည် ထုတ်လုပ်ရေးအဖွဲ့မှ ပေးအပ်သော "ရူပဗေဒနှင့် ဓာတုဗေဒ အခြေခံ A" စာအုပ်ကို လေ့လာထားကြပြီး ထိုစာအုပ်၏ ပထမအခန်းတွင် ရိုးရှင်းသော ပန်ဂျူလမ် ဖော်မြူလာကို ထည့်သွင်းထားသည်။

"အချိန်စေ့ပြီမလို့ ဖြေလို့ရပါပြီ"

စုရွှင်းက ပြုံးပြပြီး ရွေးချယ်စရာ A ကို နှိပ်လိုက် ၏။ အခြားသူများလည်း A ကို ရွေးချယ်ကြသည်။ ယွမ်လော့ရီ တစ်ဦးတည်းသာ မည်သည့်အရာကိုမျှ မရွေးချယ်ခဲ့ပေ။

နာ့လန်က ယွမ်လော့ရီအား အံ့သြစွာ ကြည့်ပြီးနောက် မေးလေ၏။

"ဘာလို့ အဖြေမရွေးတာလဲ"

ယွမ်လော့ရီသည် မိုက်ခရိုဖုန်းနားသို့ ကပ်၍ ဖြေလိုက်သည်။

"အဖြေမှန် မပါလို့ပါ"

ပရိသတ်များမှာ ဆူညံပွက်လောရိုက်သွား၏။

[အရမ်း ရဲတင်းတာပဲ သူသာ မှန်သွားရင် ကျန်တဲ့သူတွေ အကုန် ထွက်သွားရမှာ]

[အဲဒါဆို သူက ချန်ပီယံ ဖြစ်သွားတာ မဟုတ်ဘူးလား]

န့ာလန်သည် မှတ်စုငယ်အား စစ်ဆေးပြီး အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။

"အဖြေမှန်က A ပါ ယွမ်လော့ရီ ပြိုင်ပွဲက ထွက်ရပါပြီ၊ ကျန်တဲ့သူတွေ ဆက် ပြိုင်ပါမယ်”

ယွမ်လော့ရီမှာ ထိတ်လန့်သွား၏။ သူမသည် ယခင်ဘဝက သင်္ချာပညာရှင်ကြီးတစ်ဦး၏ လက်ထောက်ဖြစ်ခဲ့ဖူးပြီး ရိုးရှင်းသော ပန်ဂျူလမ် ဖော်မြူလာသည် ထိုအတိုင်း မဟုတ်သည်မှာ သေချာသည်။

ယွမ်လော့ရီ၏ ပရိသတ်အဖွဲ့ဝင်များမှာ သူမကို ကြည့်ရန်သာ လာခဲ့ကြသူများဖြစ်သောကြောင့် စိတ်ပျက်အားငယ်စွာဖြင့် အော်ဟစ်ငိုယိုနေကြ၏။

သူမ ထွက်သွားရမည်ဖြစ်သောကြောင့် ပြိုင်ပွဲကို ဆက်ကြည့်ရန် စိတ်မဝင်စားတော့ပေ။

ဝန်ထမ်းနှစ်ဦးသည် ယွမ်လော့ရီအား စင်မြင့်အလယ်မှ မီးရောင်မရှိသော မှောင်ရိပ်ကျနေသည့် ထောင့်တစ်နေရာ၌ အခင်းမပါသော အေးစက်သည့် ထိုင်ခုံများထံ ခေါ်သွားခဲ့သည်။

သူမ စကားအရပင် အအေးဓာတ်ရှိသော ခုံတန်းရှည်တွင် ထိုင်ရန် အပို့ခံလိုက်ရ၏။

စုရွှင်းမှာ အောင်နိုင်သူအပြုံးဖြင့် ပြုံးလိုက်သည်။

သူမ၏ အကြီးဆုံး ပြိုင်ဘက် ထွက်သွားပြီဖြစ်ရာ ယနေ့ သူမ အနိုင်ရမည်မှာ သေချာလေသည်။

စန်းကျွင်းရွှမ်မှာ အံ့သြနေမိ၏။

ယွမ်လော့ရီမှာ ပညာသင်ယူနိုင်စွမ်းရည် မညံ့ပါဘဲ ဤမျှလွယ်ကူသော မေးခွန်းကို မည်သို့မှားနိုင်မည်နည်း။

ဒိုင်လူကြီးစားပွဲရှိ မေးခွန်းထုတ်သူများသည် အချို့အရာများကို လျင်မြန်စွာ ရေးမှတ်နေကြသည်။

ထိုအထဲတွင် ထိုင်နေသော ယွမ်ကျွင်းမှာ ယွမ်လော့ရီအား လှမ်းကြည့်လိုက်ပြီး ကျေနပ်သည့် အပြုံးဖြင့် ပြုံးလိုက်၏။

ပြိုင်ပွဲမှာ ပိုမိုခက်ခဲလာသော မေးခွန်းများဖြင့် ဆက်လက်မေးမြန်းနေပြီး လူတိုင်း၏ မျက်နှာအမူအရာများမှာ ပို၍ တင်းမာနေသည်။

အဖြေ ကြေညာလိုက်တိုင်း ပရိသတ်များသည် စုရွှင်း၏ ထူးချွန်သော စွမ်းဆောင်ရည်အား အံ့သြတကြီး အော်ဟစ်နေကြ၏။

[ဒီကလေးမလေးက တော်တော် အမြင်ကျယ်တာပဲ]

[ရုပ်ရည်ရော ဉာဏ်ရည်ပါ ထက်မြက်ပြီး တကယ့်ကို ဉာဏ်ကောင်းတဲ့ အလှလေးပဲ]

[တစ်ချက်မှ မမှားဘဲ အဖြေမှန်တွေကို ဆက်တိုက်ဖြေနေတာ တကယ် အံ့မခန်းပဲ]

ခန်းမထဲမှ ဆူညံသံများကြားတွင် ယွမ်လော့ရီ တစ်ဦးတည်းသာ တိတ်ဆိတ်ငြိမ်သက်စွာ ရှိနေသည်။

ဒီခံစားချက်က အရမ်းရင်းနှီးနေတာပဲ... အင်း ဟုတ်တယ်၊ သူ အရင်ဘဝတုန်းက ပရိသတ်တွေကြားမှာ တစ်ယောက်တည်း ထိုင်နေရတဲ့ အတွေ့အကြုံလိုမျိုးပဲ။

အတန်း A မှ ကျောင်းသားများက ယွမ်လော့ရီ အား ဝေးဝေးရှောင်နေခဲ့ကြပြီး သူမအနီးတွင် မထိုင်ဘဲ ခွဲခြားထားခဲ့ကြသည်။

စန်းကျွင်းရွှမ်လည်းပဲ သူမအား အေးစက်စွာ ဆက်ဆံပြီး သူမ၏ ရင်းနှီးရန် ကြိုးစားမှုများကို လျစ်လျူရှုခဲ့၏။

တစ်ချိန်တည်းမှာပင် စုရွှင်းမှာ စင်မြင့်ပေါ်တွင် ဂုဏ်ယူဝင့်ကြွားစွာ သူမ၏ စွမ်းရည်များကို ပြသနေပြီး လူတိုင်းက သူမကို အားပေးချီးကျူးနေကြ၏။

ယွမ်လော့ရီ သက်ပြင်းရှည်ကြီး ချလိုက်သည်။

သူမ အစောပိုင်းက ဘယ်နေရာတွင် မှားသွားခဲ့သလဲ မသေချာပေ။

သူမ မျက်လုံးများကို မှိတ်လိုက်ပြီး မှတ်ဉာဏ်အပိုင်းအစများကို ပြန်လည် အာရုံစူးစိုက်လိုက်သည်။

ထိုသင်္ချာပညာရှင်ကြီးမှာ ကဲကုလပ် (calculus) ကို အလွန်နှစ်သက်၏။

သူက ယွမ်လော့ရီကို ပြောပြဖူးသည်။

"ကလေး ဒီမျဉ်းကွေးကို ကြည့်စမ်း ဘယ်လောက် ပြည့်စုံလိုက်သလဲ၊ ငါတို့ ဆက်ပြီး ဒစ်ဖရန်ရှိတ် (differentiate) လုပ် သွားရင် မျဉ်းကွေးပေါ်က ဘယ်နေရာကိုမဆို တွက်ချက်နိုင်လိမ့်မယ် ဘယ် ထောင့်မှာမဆိုရှိတဲ့ ရိုးရှင်းတဲ့ ပန်ဂျူလမ်အတွက် ဖော်မြူလာကိုလည်း ဖော်ထုတ် နိုင်လိမ့်မယ်”

မြေဖြူခဲကို ကောက်ယူပြီးနောက် သူသည် သင်ပုန်းပေါ်တွင် ဖော်မြူလာများကို တစ်ကြောင်းပြီးတစ်ကြောင်း လျင်မြန်စွာ တွက်ချက်ပြသွားခဲ့၏။

ယွမ်လော့ရီမှာ ပိုမြင်ချင်သော်လည်း သူမ၏ ခေါင်းမှာ ပြင်းထန်စွာ ထိုးကိုက်လာပြီး အမြင်အာရုံများ ဝေဝါး၍ ဗိုက်ထဲ၌ မအီမသာ ဖြစ်လာသည်။

သူမ ထရပ်ပြီးနောက် လျင်မြန်စွာ ထွက်သွားရန် ပြင်လိုက်ချိန်တွင် ဝန်ထမ်းတစ်ဦးမှ ပြောလာ၏။

"ရှိုးပွဲ မပြီးသေးဘူးလေ ဘယ်သွားမလို့လဲ"

ယွမ်လော့ရီသည် ပြေးရင်းနှင့် ပြန်ဖြေလိုက်၏။

“သန့်စင်ခန်း”

သူမသည် လူသုံးနည်းသော အပေါ်ထပ်ရှိ သန့်စင်ခန်းသို့ သွားခဲ့သည်။

ဘေစင်တွင် ရပ်လျက် ယွမ်လော့ရီမှာ မျက်နှာကို ရေများဖြင့် သစ်ချလိုက်သော်လည်း အေးမြမှုကပင် ခေါင်းကိုက်ခြင်းကို မသက်သာစေဘဲ ပိုဆိုးလာစေ၏။

ရုတ်တရက် သူမ၏ ခေါင်းထဲတွင် ပဲ့တင်သံများကဲ့သို့ မရင်းနှီးသော အသံများ အဆုံးမရှိ ပဲ့တင်ထပ်လာသည်။

"အကုန်လုံး ယွမ်လော့ရီ ကို စိတ်ဝင်စားမနေကြနဲ့၊ သူက အပေါင်းအသင်းဆံ့တာ မဟုတ်ဘူး တစ်ယောက်တည်းဆိုလည်း ဘာမှဖြစ်လာမှာ မဟုတ်ဘူး"

"အရမ်း မာနကြီးတာပဲ သူငယ်ချင်း မရှိတာ အံ့သြစရာ မဟုတ်တော့ဘူး ဟားဟား"

"ယွမ်လော့ရီ သူငယ်ချင်းတွေနဲ့ ပေါင်းဖို့ ဆရာအက မပြောခဲ့ဘူးလား မင်းမှာ အသင်းအဖွဲ့ စိတ်ဓာတ် လုံးဝ မရှိတော့ဘူးလား"

"အတန်းဖော်တွေက ရည်ရွယ်ချက်ရှိရှိ ဝိုင်းပယ်တယ်ဆိုပြီး ငါ့ကို လာညည်းညူပြမ‌နေနဲ့၊ တခြားသူတွေ အကုန် အဆင်ပြေနေတာ မင်းတစ်ယောက်တည်း ဘာလို့ ဝိုင်းပယ်ခံနေရတာလဲ၊ မင်းလည်း အရွယ်ရောက်ပြီးသားပဲ ကိုယ့် ပြဿနာ ကိုယ်သိသင့်တယ်”

"မင်းရဲ့ အဆင့်တွေလည်း အများကြီး ကျသွားပြီ ငါတို့ Star Galaxy အလယ်တန်းကျောင်းက ကောလိပ်ဝင်ခွင့်နှုန်း ၉၅% ရှိနေတာ မင်းက ငါတို့အတန်းရဲ့ အောင်ချက်ကို ကျအောင် လုပ်တော့မလို့လား”

"မင်းရဲ့ အပြုအမူတွေကြောင့် ယွမ်မိသားစုက အရှက်စရာ ဖြစ်မသွားဘူးလား”

အေးခဲသောရေများသည် ယွမ်လော့ရီ၏ မေးစေ့မှ တစ်ဆင့် ကြမ်းပြင်ပေါ်သို့ စီးကျနေ၏။

မှန်ထဲသို့ စိုက်ကြည့်လိုက်စဉ် ၁၇ နှစ်အရွယ်သာ ရှိသေးသော သူမကိုယ်သူမ မြင်လိုက်ရပြီး ပင်ပန်းနွမ်းနယ်နေကာ ခေါင်းကိုက်ဝေဒနာကို ခံစားနေရသည်။

All Chapters