← Chapters

အခန်း (၃၂)

Vol. 4 Ch. 32

အခန်း (၃၂)

Vol. 4 Ch. 32

အချိန်ခရီးသွားခြင်းမှာ စွန့်စားမှုများဖြင့် ပြည့်နေခဲ့သော်လည်း အကျိုးလည်း ရှိပြန်၏။

ထိုမိန်းကလေး၏ အေးစက်သည့် ရယ်သံမှာ ယွမ်လော့ရီအတွက် ရင်းနှီးနေသော်ညား မည်သူဖြစ်သည်ကို သူမ စဥ်းစားမရပေ။ လျှောက်လမ်းကို ပြန်သွားခြင်းမှာ သူမကို ပို၍ မှတ်မိလာရန်အတွက် ကူညီပေးနိုင်လောက်သည်။

ယွမ်လော့ရီ အိပ်ရာထဲမှ ထွက်၍ တံခါးဖွင့်လိုက်ပြီးနောက် ယွမ်အိမ်တော်အတွင်း၌ ပြေးလွှားလျှောက်ကြည့်ရာ လျှောက်လမ်းနေရာသို့ အလျင်အမြန်ပင် ရောက်သွားခဲ့၏။ တူညီသည့် နံရံကပ်စက္ကူများ၊ ပြတင်းပေါက်မှ အလင်းရောင်ဝင်နေသည့် လရောင်များရှိနေခဲ့ပြီး ကြမ်းပြင်ပေါ်ရှိ သွေးစက်များသာ မရှိနေခြင်းဖြစ်၏။

ယွမ်လော့ရီသည် ရှေ့သို့လျှောက်သွားကာ ပြန်မှတ်စေရန် ကြိုးစားနေလေသည်။

ငါ သူ့အသံကို ကြားဖူးပါတယ်။

လုပ်စမ်းပါ လုပ်စမ်းပါ။

သူက ဘယ်သူလဲ။

တစ်လှမ်းပြီးတစ်လှမ်း လျှောက်လာရာ ယွမ်လော့ရီသည် မေမေယွမ်၏ အခန်းတံခါးရှေ့သို့ ရောက်လာခဲ့၏။

မေမေယွမ်မှာ လုပ်ကြံသူ တစ်ဦးဖြစ်ပြီး သာမန်လူများထံမှ လွယ်ကူစွာ အသတ်ခံရမည့် သူမျိုးမဟုတ်ပေ။

အဲဒါဆိုရင် လူသတ်သမားက ဘယ်လိုလုပ် သတ်နိုင်သွားတာလဲ။

ယွမ်လော့ရီသည် တံခါးလက်ကိုင်ပေါ်သို့ လက်တင်လိုက်ကာ အနာဂတ်တွင် ထိုအေးစက်သည့် သတ္တုပေါ်၌ လတ်လတ်ဆတ်ဆတ်သွေးများ မည်ကဲ့သို့ ပေကျံသွားမည်နှင့် အထဲရှိ မေမေယွမ်မှာ ဒါဏ်ရာအပြင်းအထန်ရပြီး သွေးများထွက်နေမည့် ပုံရိပ်ကို ပြန်တွေးကြည့်နေ၏။

မေမေယွမ်မှာ သူမ၏ ဖုန်းအား မည်ကဲ့သို့ ဆုပ်ကိုင်ထားပြီး ဖေဖေယွမ်ကို ဖုန်းခေါ်ဆိုဖို့ ကြိုးစားနေသော်ညား သူမကိုင်သည်ကို ဖုန်းဖန်သားပြင်ပေါ်မှ မြင်နေရခြင်း စသည့်ပို၍ အသေးစိတ်ကျသည့် အချက်အလက်များကို သတိရလာခဲ့သည်။

စားပွဲပေါ်ရှိ ပြက္ခဒိန် ပေါ်တွင် ဇွန်လ ၂၇ ရက်ကို ဖော်ပြထား၏။

သူမ၏ ခေါင်းမှာ ထိုးကိုက်လာပြီး အတိတ်ဘဝမှ မှတ်ဥာဏ်များ ဝင်လာသည်နှင့် ယွမ်လော့ရီ မျက်မှောင်ကြုတ်မိသွားသည်။

ဇွန်လ ၂၇ ရက်နေမှာ သူမအား သမီးအတုဖြစ်သည်ကို ဖော်ထုတ်လိုက်သည့် နေ့ဖြစ်ကြောင်း ယွမ်လော့ရီ သတိရသွားခဲ့၏။ သူမအား ချက်ချင်းထွက်သွားဖို့ပြောရင်း ခရီးဆောင်အိတ်ကို ပစ်လိုက်ချိန်တွင် ဖေဖေယွမ်၏ အကြည့်မှာ အေးစက်နေခဲ့သည်။

ထိုည၌ ယွမ်လော့ရီသည် သူမ၏ ခရီးဆောင်အိတ်အား အထီးကျန်စွာ ဆွဲသွားရင်းဖြင့် ဘူတာရုံသို့ လမ်းလျှောက်သွားခဲ့၏။

အလုပ်မှ ဆင်းလာသည့် လူများသည် အလွန်ပင် ပင်ပန်းနွမ်းနယ်နေသည်။ နောက်ဆုံးရထားကို စီးကာ အိမ်ပြန်နားနိုင်ဖို့အဖို့ အလျင်လိုနေကြ၏။ ယွမ်လော့ရီသည် သူတို့တွင် ပြန်ဖို့ရာ အိမ်ရှိနေခြင်းကြောင့် မနာလိုဖြစ်မိ၏။

သူမအရာအားလုံး ဆုံးရှုံးသွားခဲ့သည်။ သူမ ရရှိခဲ့သည် ချစ်ခြင်းမေတ္တာအားလုံးမှာ အတုအယောင်ပင် ဖြစ်၏။ သူမ ဦးတည်ချက်မဲ့စွာ လျှောက်သွားနေပြီး နှလုံးသားမှာ လေးလံနေကာ ရေတွင်မျှောနေသည့် သစ်သားစလေးကဲ့သို့ပင် ဘယ်နေရာတွင် ကမ်းကပ်ကာ ဘယ်နေရာကို အိမ်ခေါ်ရမည် မသိတော့ပေ။

ဖန်းသားပြင်းကြီးများပေါ်ရှိ ကြေညာချက်မှာ ရုတ်တရက် ရပ်တန့်သွားပြီး အလိုရှိကြေညာစာရွက် တစ်ခု ပေါ်လာခဲ့သည်။

အစပိုင်းတွင် ယွမ်လော့ရီမှာ ဂရုမစိုက်ခဲ့ဘဲ ရထားလမ်းကြောင်းကို စစ်ဆေးကြည့်ဖို့ရာအတွက် သူမ၏ ဖုန်းအား ကြည့်နေလေသည်။ သူမဘေးရှိသူများမှာ လက်ညှိုးထိုးကာ စိုက်ကြည့်နေမှ တစ်ခုခုမှားနေသည်ကို သူမ သဘောပေါက်သွားခဲ့၏။

မော့ကြည့်လိုက်စဉ် အလိုရှိကြေညာစာရွက်ပေါ်မှ လူမှာ သူမဖြစ်သည်ကို တွေ့လိုက်ရပြီး “ A အဆင့် အလိုရှိ ရာဇဝတ်သား၊ အလွန်အန္တရာယ်များ၊ မိခင်ကို ပြန်သတ်သူအဖြစ် သံသယရှိ” အနေနှင့် အဆင့်တပ်ထားလေသည်။

မှတ်ဥာဏ်အပိုင်းအစများမှာ ထိုနေရာတွင် အဆုံးသတ်သွားခဲ့ပြီး ဆယ့်တစ်နှစ်အရွယ် ယွမ်လော့ရီမှာ အဖြစ်အပျက်အစုံအလင်ကို နားလည်သွားခဲ့၏။

ဒါဆို… ဒါက ဒီလိုဖြစ်သွားခဲ့တာပေါ့။

သူမ နှင်ချခံလိုက်ရသည့် နေ့တွင် မေမေယွမ် အသတ်ခံလိုက်ရကာ ယွမ်လော့ရီမှာ လူသတ်သမားအဖြစ် ချောက်ချခံလိုက်ရ၏။ သူမ၏ အစ်ကိုများ နိုင်ငံသို့ ပြန်မရောက်လာသေးခင်တွင် သူမ ကွပ်မျက်ခံခဲ့ရသည်။

သူမရဲ့ အစ်ကိုတွေ သူမကို မကယ်နိုင်ခင်မှာ သတ်ပစ်ဖို့ လိုအပ်နေသလိုမျိုး မြန်ဆန်တဲ့ လှုပ်ရှားမှုမျိုးပဲ။

ယွမ်မိသားစု သေဆုံးမှုနောက်ကွယ်ရှိ ကြိုးကိုင်နေသူမှာ မမြင်ရသည့် လက်ဖြစ်ပုံရပြီး ယွမ်မိသားစုဝင် တစ်ဦးချင်းစီတိုင်းကို နာနာကျင်ကျင်သေဆုံးသွားအောင် သေချာ ကြိုးကိုင်နေသကဲ့သို့ပင် ဖြစ်၏။

ယခု အသက်ဆယ့်တစ်နှစ်အရွယ် ယွမ်လော့ရီမှာ အင်းဆက်များ ပျံနေကြချိန်တွင် ကောင်းကင်ပေါ်ရှိ လမင်းကြီးကို ကြည့်လိုက်သည်။

သူမ ပထမဆုံးအကြိမ် အချိန်ခရီးသွားချိန်၌ မိနစ်အနည်းငယ်သာ ကုန်ဆုံးသွားခဲ့သည်ဟု ယွမ်လော့ရီ ခံစားလိုက်ရသည်။ သို့သော်ညား အမှန်မှာမူ နာရီပေါင်းများစွာ ကုန်ဆုံးသွားခဲ့ပြီး ဖြစ်၏။ ယခုတစ်ခေါက်မှာလည်း အတူတူပင်။ သူမအိမ်ပြန်ရောင်ချိန်မှာ နေ့လယ်ခင်းဖြစ်သော်ညား ယခုတွင် လုံးဝ မှောင်မဲနေပြီ ဖြစ်သည်။

အချိန်ခရီးသွား စွမ်းရည်မှာ ထူးဆန်းလွန်းလှ၏။ ယွမ်လော့ရီ ယခင်က သူမ မှတ်ဥာဏ်အပိုင်းအစများကို ကြည့်သကဲ့သို့ အနာဂတ်ကိုလည်း ကြည့်နေရုံသာဟု ထင်ခဲ့သည်။သို့သော် ယခုတစ်ခေါက်တွင် သူမ အနာဂတ်သို့ တကယ်ပင် ခရီးသွားခဲ့သကဲ့သို့ပင် မေမေယွမ်မှာ သူမနှင့် စကားပြောဆိုနိုင်ပြီး လူသတ်သမားမှာလည်း သူမကို နာကျင်အောင် လုပ်နိုင်သည်။

သူမ နောက်စေ့၌ သေနတ် ထောက်ထားသည့် ခံစားချက်မှာ အမှန်ကဲ့သို့ပင် ခံစားရပြီး သူမ အမှန်တကယ်ပင် အပစ်ခံရ၍ အသတ်ခံလိုက်ရသလိုပင်။

စနစ်တွင် ဆုတောင်းသည့် လုပ်ဆောင်ချက်လည်း ပါရှိကာ သူမ လူတိုင်း ကယ်တင်ခံရဖို့ ဆုတောင်းနိုင်မလား ယွမ်လော့ရီသိချင်ခဲ့၏။

[ဒင်း စနစ်အသိပေးချက်: တကယ်လို့ host မှာ လွှမ်းမိုးမှု လုံလုံလောက်လောက်ရှိမယ်ဆိုရင် လူတိုင်းကို ကယ်တင်နိုင်ဖို့ ဆုတောင်းလို့ရပါတယ်]

ရုတ်တရက်ပေါ်လာသည့် အမျိုးသမီးစက်ရုပ်သံမှာ ယွမ်လော့ရီကို လမ်းစပေးခဲ့သည်။

ဟုတ်တယ် သူ စနစ်ကို ဒီအကြောင်းတွေ တိုက်ရိုက်မေးလိုက်လို့ ရတာပဲ။

ယွမ်လော့ရီ မေးလိုက်သည်။

“လွှမ်းမိုးမှု ဘယ်လောက် လိုအပ်တာလဲ”

[စနစ်: လွှမ်းမိုးမှု တစ်ရာက ဆုတောင်းတဲ့ လုပ်ဆောင်ချက်ကို တစ်ခါဖွင့်ပေးနိုင်ပါတယ်]

ယွမ်လော့ရီ ပျော်ရွှင်သွားသည်။ လက်ရှိ သူမ၏ လွှမ်းမိုးမှုမှာ ခြောက်ဆယ်ရှိနေပြီ ဖြစ်သောကြောင့် နောက်ထပ် ရသစုံရှိုး အနည်းငယ်အား ပါဝင်ခြင်းသည် တစ်ရာအထိ ရောက်သွားနိုင်လောက်၏။

သူမက ဆက်မေးသည်။

“တကယ် လူသတ်သမားက ဘယ်သူလဲဆိုတာကို သိဖို့ရော ငါဆုတောင်းလို့ရလား”

[စနစ်: host ရဲ့ အဆင့်က အဲအချက်အလက်ကုဒ်ကို ဖြည်ဖို့အတွက် နိမ့်လွန်းနေပါတယ်]

“ဘယ် အဆင့်ဆိုရင် ရပြီလဲ၊ အချိန်ခရီးသွားတာက တကယ်ပဲ ဘာလဲ”

[စနစ်: host ရဲ့ အဆင့်က အဲအချက်အလက်ကုဒ်ကို ဖြည်ဖို့အတွက် နိမ့်လွန်းနေပါတယ်]

ယွမ်လော့ရီ ထိုစကားအား ကြားရသည်ကို မုန်း၏။ စနစ်မှာ သူမအတွက် အတော်လေး အကူအညီဖြစ်သော်ညား ဖြေဆိုဖို့ရန် ငြင်းဆိုသည့် ဆန်းကျယ်သော အရာများလည်း ရှိသည်။

ဘယ်လိုတောင်ထူးဆန်းတာလဲ။ အဆင့် တစ်ခုကို ရောက်တဲ့အခါကျရင် သူမကို လူတိုင်းရဲ့ ရှင်သန်မှုအတွက် ဆုတောင်းခွင့်ပေးပြီး လူသတ်သမားအစစ်ရဲ့ အကြောင်းကို ဘာလို့ ပေးမသိရတာလဲ။

အကယ်၍ သူမသာ လူသတ်သမား အစစ်ကို သိချင်လျှင် ပြန်ဆုတ်သည့် စွမ်းအား အား သူမ ဆက်သုံးနိုင်ပါသော်ညား….ယွမ်လော့ရီ တစ်ကိုယ်လုံး အေးစိမ့်သွားခဲ့၏။

နောက်တစ်ကြိမ် သူမသွားတဲ့အခါကျရင် ဘယ်သူနဲ့ ရင်ဆိုင်ရဦးမှာလဲ။ ဘာတွေဖြစ်မှာလဲ။ သူမ နာကျင်မှာလား။

အရာအားလုံးကို မသိရပေ။

အတိတ်ဘဝမှ မှတ်ဥာဏ်များအား ပြန်စဥ်းစားပြီးနောက် သူမ သတ္တိရှိသွားပြီး ဝမ်းနည်းစရာ ကျောင်းသူဘဝမှ လွတ်မြောက်နိုင်ခဲ့၏။ သို့ပေမဲ့ ယခုတွင် သူမ၏ မှောင်မဲနေသည့် အနာဂတ်ကို ရင်ဆိုင်ဖို့ရာအတွက် လူသတ်သမားအသစ်ကိုရှာရန် သတ္တိစုစည်းထားရမည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ယွမ်မိသားစုကို ကယ်တင်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်နေသောကြောင့်ပင်။

နီးကပ်လာသည့် ခြေသံမှာ ယွမ်လော့ရီကို လန့်ဖျပ်သွားစေပြီး လှည့်ကြည့်ချိန်တွင် သူမ၏ အကြီးဆုံးအစ်ကို ယွမ်အောင်းအား တွေ့လိုက်ရသည်။

သူသည် ယွမ်လော့ရီ၏ ဘေးသို့ လျှောက်လာခဲ့၏

“ညီမလေး ဒီမှာ ဘာလုပ်နေတာလဲ”

ယွမ်လော့ရီက ပြောလိုက်သည်။

“အာ သမီး မေမေ့ကို လွမ်းလို့ပါ”

ယွမ်လော့ရီမှ ထပ်မေးလိုက်၏။

“သမီး ဒီမှာဆိုတာကို ကိုကို ဘယ်လိုသိတာလဲ”

ယွမ်အောင်းသည် မျက်နှာကျက်၏ ထောင့်နားရှိ စောင့်ကြည့်ရေးကင်မရာ ရှိသည့်နေရာကို ညွှန်ပြလိုက်သည်။

“စောင့်ကြည့်ရေးကင်မရာက ညီမလေးရဲ့ ပုံမှန်မဟုတ်တဲ့ အမူအယာတွေကို ခြေရာခံမိတယ်လေ”

ယွမ်လော့ရီမှာ ပဟေဠိဖြစ်မှုနှင့်အတူ မျက်မှောင်ကြုတ်သွားခဲ့၏။ မှန်ပေသည်၊ ယွမ်အိမ်တော်မှာ ရှေးဟောင်းအိမ်တော်ကြီး ဖြစ်သော်ညား ပစ္စည်းများမှာ အတော်လေး ခေတ်မီလေသည်။

အဲဒါဆိုရင် လူသတ်သမားက ဘယ်လိုလုပ် ပြောင်ပြောင်းတင်းတင်းဝင်လာပြီး လူသတ်ရဲရတာလဲ။

သူမ စိတ်ရှုပ်ထွေးနေချိန်တွင် ယွမ်အောင်းသည် လက် ဆန့်ထုတ်လာခဲ့ပြီး သူမကို သူရင်ခွင်ထဲတွင် ချီထားခဲ့၏။

ယွမ်အောင်းက ပြောလိုက်သည်။

“ညီမလေးလို အသက်ငယ်ငယ်လေးပဲ ရှိသေးတဲ့သူက မျက်မှောင်တွေ ကြုတ်နေပါ့လား ဘာဖြစ်လို့လဲ”

ယွမ်လော့ရီက ခေါင်းအား ခါယမ်းလိုက်၏။ စနစ်၏ စည်းကမ်းချက်များကြောင့် သူကိစ္စနှင့် ပတ်သက်သည့် ကိစ္စများ ပြောရန် ကြိုးစားလိုက်တိုင်း လည်ပင်းမှာ တင်းကြပ်လာခဲ့ပြီး အသံမထွက်နိုင်တော့ပေ။

ယွမ်အောင်းက သက်ပြင်းချလိုက်ပြီး ယွမ်လော့ရီမှာ သူ့ကိုကြောက်၍ ပွင့်ပွင့်လင်းလင်းမပြောနိုင်ဟု ထင်သွားခဲ့သည်။ ထိုကြောင့် သူ၏ အခြားဂရုစိုက်သည့် နည်းတစ်ခုကို ပြောင်းသုံးကြည့်လိုက်၏။ အစားအသောက် ကျွေးခြင်းပင်။

“အစေခံတွေပြောတာ ညီမလေး ညစာမစားရသေးဘူးဆို ကိုကို ညဘက်စားဖို့ မုန့်တွေဝယ်လာခဲ့တယ်၊ အကုန်လုံး ညီမလေးအကြိုက်တွေချည်းပဲ စားချင်လား”

သရေစာ အကြောင်းပါလာသည်နှင့် ယွမ်လော့ရီမှာ တက်ကြွသွားကာ

“ဟုတ်စားမယ်လေ ကျေးဇူးပါ အစ်ကိုကြီး”

ယခုလေးတင် သူမ စိတ်ဖိစီးကာ လူသတ်သမား၏ အကြောင်းကို ဆက်တိုက်တွေးနေခဲ့သည်။ သို့ပေမဲ့ သူမ၏ အစ်ကိုအကြီးဆုံး ရှိနေလျှင် သူမ လုံခြုံပြီး အနည်းငယ် စိတ်သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရကာ ရုတ်တရက် ဗိုက်ဆာလာသလိုပင်။

သူ့ ညီမလေး၏ စိတ်အခြေအနေပိုကောင်းလာသည်ကို မြင်လိုက်ရ၍ ယွမ်အောင်းမှာလည်း ပိုအဆင်ပြေသွားခဲ့သည်။

အခြားသူများနှင့် ဆက်ဆံရချိန်တွင် ယွမ်အောင်း လုံးဝ စာနာစိတ်ရှိမည် မဟုတ်ပေ။ သူတို့တွေ မည်မျှပင် ခံစားရကာ ခက်ခဲနေပြီး ဝမ်းနည်းတကြီး တောင်းဆိုနေပါစေ ယွမ်အောင်းမှာ အေးစက်စွာ လျစ်လျူရှုထားပြီး သူတို့ကို လှည့်ကြည့်မည်မဟုတ်ချေ။

သို့ပေမဲ့ ယွမ်လော့ရီ အတွက်မူ သူ၏ အမူအယာများမှာ လုံးဝပင် ပြောင်းလဲသွားခဲ့၏။ သူမနာကျင်တိုင်း သူသည်လည်း ထိုနာကျင်မှု၏ တစ်စိတ်တစ်ပိုင်းကို ခံစားရသည်။ သူမမှာ သူ့ကို သာမန်လူဖြစ်သည်ဟု ထင်ယောင်ထင်မှား ဖြစ်စေပြီး ထိုခံစားချက်ကိုလည်း သူ မကြိုက်ပေ။

ယွမ်အောင်းသည် ယွန်လော့ရီကို လျှောက်လမ်းမှ အဝေးသို့ ချီသွားခဲ့သည်။ ယွမ်လော့ရီ ပြန်လှည့်ကြည့်ကာ

ဒီနေရာ ယွမ်မိသားစုရဲ့ ပထမဆုံး သေဆုံးမှုဖြစ်မဲ့နေရာပဲ အဲဒါပြီးရင် အရာအားလုံး ရှုပ်ထွေးသွားတော့မှာ။

အကယ်၍ ယွမ်အောင်းသာ သူမအတွက် လက်စားချေရန် မရွေးခဲ့ဘူးဆိုလျှင် သူ သေဆုံးမည်မဟုတ်သည့်အပြင် ယွမ်မိသားစုမှာလည်း ပြိုကွဲသွားမည် မဟုတ်ဘဲ သူမ၏ အခြားအစ်ကို လေးယောက်မှာလည်း သေဆုံးသွားမည် မဟုတ်ပေ။

ယွမ်လော့ရီက ပြော၏။

“ကိုကိုက တကယ့်ကို အံ့ဩစရာကောင်းလိုက်တာ ဘယ်နေရာမှာမဆို တော်နေတာပဲ၊ ကိုကိုယွမ်မိသားစုကို ဒီနှစ်တွေအတွင်းမှာ ကောင်းကောင်း စီမံခန့်ခွဲနိုင်ခဲ့တာပဲ”

ယွမ်အောင်းက အနည်းငယ် ရယ်မောကာ

“ဘာလို့ ရုတ်တရက် ချီးကျူးနေရတာလဲ တစ်ခုခုလိုချင်တာ ရှိလို့လား”

ယွမ်လောရီမှ ပြောလိုက်သည်။

“မဟုတ်ပါဘူး နှလုံးသားထဲက စကားတွေပါနော် ဒါပေမဲ့ လူတိုင်းမှာ အားနည်းချက်ရှိတာပဲလေ၊ ကိုကိုရဲ့ အားနည်းချက်ကရော ဘာလဲ”

ယွမ်အောင်း၏ မဲနက်သည့် မျက်လုံးများမှာ ယွမ်လော့ရီကို ကြည့်လိုက်၏။

“ညီမလေးကသာ ကိုကိုရဲ့ တစ်ခုတည်းသော အားနည်းချက်လို့ ထင်တာပဲ”

သူ၏ ဝိညာဥ်မှာ လုံဝမဲနက်နေသည့်တိုင် ယွမ်လော့ရီကို သေချာ ထိန်းသိမ်းထားသည့် နှလုံးသားထဲတွင်မူ အဖြူရောင် အစက်လေးတစ်စက်မှာ ကျန်ရှိနေသေး၏။

အရိပ်တွေထဲပုန်း၍ သူ့၏ ရက်စက်ကြမ်းကြုတ်သည့် သဘာဝကို လုံးဝဖုံးကွယ်ထားခဲ့သည်။ သူ၏ ညီမလေးကို သေချာပျိုးထောင်ကာ သူမကို ပျော်ပျော်ရွှင်ရွှင် ကြီးပြင်လာရန် အလွန်ပင် မျှော်လင့်လေ၏။ အခြားသူများထက် ပို၍ပင် အစ်ကိုကောင်းတစ်ယောက်ဖြစ်ဖို့ရာ ဆုတောင်းမိသည်။

ယွမ်လော့ရီ သေဆုံးသွားခဲ့လျှင် သူသည်လည်း အသက်ဆက်ရှင်လိုစိတ် မရှိတော့ချေ။

All Chapters