အခန်း (၃၄)
Vol. 4 Ch. 34
စတုတ္ထအစ်ကိုယွမ်စစ်၏ ပွေ့ဖက်မှုက သူ့ သားကောင်ကို သတ်ဖြတ်နေသည့် စပါးကြီးမြွေမျိုးကွဲများကဲ့သို့ အေးစက်တင်းကျပ်လှသည်။
ယွမ်လော့ရီသည် အချိန်အတော်ကြာ ရုန်းကန်နေခဲ့သော်လည်း သူမ၏ အင်အားမှာ လွတ်မြောက်အောင် ရုန်းကန်နိုင်ရန်အတွက် အလွန်သေးငယ်လွန်း၏။ ယွမ်စစ်၏ ထိန်းချုပ်လိုသည့် ဆန္ဒ ပြည့်ဝသွားမှသာ ယွမ်လော့ရီမူ သူမ၏ လွတ်လပ်မှုကို ပြန်လည်ရရှိခဲ့ပေသည်။ သူမသည် ယွမ်စစ်နှင့် အလှမ်းဝေးရာသို့ လျင်မြန်စွာ နောက်ဆုတ်သွားလေ၏။
ဤအန္တရာယ်ရှိသူ ယွမ်စစ်နှင့် ဘေးကင်းလုံခြုံသော အကွာအဝေးကို ထိန်းသိမ်းထားရပေမည်။ နောက်တစ်ကြိမ် ဖမ်းမိလျှင် အချိန်မည်မျှကြာကြာ အဖက်ခံရဦးမည်ကို မည်သူသိနိုင်မည်နည်း။
ယွမ်စစ်က ဆို၏။
"အစ်ကိုကြီးက ပြောတယ် မင်း လူတွေကို အရင်လောက် မကြောက်တော့ဘူးတဲ့၊ ဘာလို့ ကိုကို့ကို ရှောင်နေသေးတာလဲ"
ယွမ်လော့ရီက သူ့ကို စူးစူးစိုက်စိုက်ကြည့်ကာ ပြောလိငပ်သည်။
"ကိုကို ဖက်တာက သမီးကို လည်ပင်းညှစ်သတ်တော့မလို ဖြစ်သွားတယ်လေ"
ယွမ်စစ်က သဘောကျစွာ ရယ်မောပြီးနောက်
"ကိုကိုက မင်းကို အရမ်းလွမ်းနေရုံပါပဲ နောက်ဆုံးတွေ့ခဲ့ကြတာ တစ်နှစ်နီးပါးရှိပြီမလား"
သူသည် သူ၏ ခြေနှင့်လက်တို့ကို ပျင်းရိစွာ ဆန့်ထုတ်လိုက်၏။ အိပ်ရာမှ ထွက်မလာသေးခြင်းက သူ့အား မှုန်ဝါးသည့် ခံစားမှုတစ်မျိုးကို ပေးနေသည်။ သူ၏ ဆံပင်များမှာ ရှုပ်ပွနေပြီး အဝတ်အစားများမှာ တစ်ဝက်တစ်ပျက် ဟနေကာ ဆန့်ထုတ်လိုက်သည့် လှုပ်ရှားမှုများကြောင့် ကော်လံကို ဆွဲဆန့်လိုက်ရာမှ မတော်တဆပင် သူ၏ ညှပ်ရိုးကို ဖော်ထုတ်ပြသကဲ့သို့ ဖြစ်နေ၏။
"မင်း မနက်စာ မစားရသေးဘူးမလား မင်း စားဖို့အတွက် ပဲရစ်ကနေ မုန့်လေးတွေ ကိုကို ယူလာခဲ့တယ်"
သူသည် စားပွဲသို့ လျှောက်လှမ်းသွားခဲ့ပြီး ဖန်ခွက်ကိုယူ၍ အနီရောင် လက်ဖက်ရည် အနည်းငယ်ကို ငှဲ့ထည့်လိုက်ကာ လက်ဆောင်ပုံးထဲမှ မုန့်သေးလေးများကို ထုတ်လိုက်သည်။ သူ၏ သွယ်လျသော လက်ချောင်းများက ပန်းကန်ပြားများ၏ အနေအထားကို ကျွမ်းကျင်သော လှုပ်ရှားမှုများဖြင့် ချိန်ကာ အရသာရှိသည့် အစားအစာများကို စားပွဲပေါ်တွင် လျင်မြန်စွာ အလှဆင်လိုက်၏။
ယွမ်စစ်၌ အနုပညာမြောက်သော ဟန်ပန်ရှိသည်။ မုန့်အနည်းငယ်မျှသာ ရှိသော်လည်း ၎င်းတို့ကို ဆီဆေးပန်းချီကားတစ်ချပ်၏ အရည်အသွေးဖြင့် စီစဉ်ထားရာ မြင်သူတိုင်း စားချင်စိတ် ပေါက်သွားစေ၏။ သူသည် လက်ကို ဆန့်၍ ဖိတ်ခေါ်လိုက်သော်လည်း ယွမ်လော့ရီမှာ မလှုပ်ရှားပေ။
ယခင်က ယွမ်စစ်သည် ယွမ်လော့ရီအတွက် "မင်းသမီး လက်ဖက်ရည်ဝိုင်းများ" ကို မကြာခဏ ကျင်းပပေးလေ့ရှိပြီး အလားတူ မွှေးကြိုင်ချိုမြိန်လှပသော မုန့်အချိုများနှင့် စားပွဲကို ပြင်ဆင်ပေးတတ်သည်။
ထိုစဉ်က ငယ်ရွယ်သော ယွမ်လော့ရီသည် ဆုံးဖြတ်နိုင်မှု အားနည်းခဲ့ပြီး လွယ်လွယ်ကူကူ စွဲဆောင်ခြင်းခံခဲ့ရ၏။ အဲလစ်မှ ယုန်တွင်းထဲသို့ ပြုတ်ကျသွားသကဲ့သို့ သူမရှေ့မှ ခမ်းနားထူးဆန်းသော မြင်ကွင်း၏ စွဲဆောင်ခြင်းကိုခံရကာ အံ့ဩဖွယ်ရာနယ်မြေထဲသို့ တစ်လှမ်းချင်း ဝင်ရောက်ခဲ့သည်။
သူမ ပေးဆပ်ခဲ့ရသည့် တန်ကြေးမှာ ယွမ်စစ်က တံခါးကို လော့ခ်ချလိုက်ခြင်းပင်။
အစပိုင်းတွင် ယွမ်လော့ရီသည် မုန့်များကို ပျော်ရွှင်စွာ အရသာခံစားခဲ့၏။ ချိုမြိန်သော ခရင်မ်များက သူမ လျှာပေါ်တွင် အရည်ပျော်နေပြီး အရာအားလုံးက သူမ၏ စိတ်အလိုအတိုင်း ဖြစ်နေသည်။
ထို့နောက် သူမ ထွက်၍ မရနိုင်ကြောင်း သိလိုက်ရသည်။ သူမ၏ ဝက်ဝံရုပ်သေးလေးကို တင်းကျပ်စွာ ပွေ့ဖက်ပြီး ကြောက်လန့်တကြားဖြင့် ထွက်ပေါက်ကို နေရာတိုင်းတွင် ရှာဖွေလိုက်၏။
နောက်ဆုံး၌ လွတ်လမ်းမရှိသည်ကို တွေ့ရပြီး ကြမ်းပြင်ပေါ်တွင် ထိုင်ချကာ တုန်ယင်၍ ငိုကြွေးနေခဲ့သည်။
ထိုအတောအတွင်း ယွမ်စစ်က အရိပ်ထဲတွင် တိတ်တဆိတ် ရပ်နေပြီး သူ့ညီမလေး၏ တုံ့ပြန်မှုများကို စောင့်ကြည့်လေ့ရှိပြီး ပြောင်းလဲမှု သေးသေးလေးတိုင်းကို စိတ်ထဲတွင် မြဲမြံစွာ မှတ်သားထားလေ၏။
သူ့ကဲ့သို့ ခံစားချက် မရှိသူအတွက် သူ၏ ညီမလေးက အံ့ဩဖွယ်ရာ အကောင်လေး တစ်ကောင်ဖြစ်၏။ မိနစ်အနည်းငယ်အတွင်း၌ပင် များစွာသော ခံစားချက်များကို ဖော်ပြနိုင်သည်။ ၎င်းမှာ ရုပ်စုံမှန်ပြောင်း (kaleidoscope) မှတစ်ဆင့် ကြည့်ရှုနေရသကဲ့သို့ အရောင်များ လှည့်ပတ်ပြောင်းလဲနေပြီး ပုံစံများ ရွေ့လျားနေကာ မည်မျှကြာကြာ ကြည့်နေပါစေ သူ့ကိုမပျင်းစေပေ။
ယခုအခါ ယွမ်စစ်က မုန့်စားပွဲကို နောက်တစ်ကြိမ် ပြင်ဆင်ထားသော်လည်း ယွမ်လော့ရီမှာ သူ့အား ပြန်လည်ယုံကြည်ရန် သတ္တိမရှိတော့ချေ။
သူ့ ညီမလေး၏ သံသယများကို သိလိုက်ဟန်ဖြင့် ယွမ်စစ်က တစ်ဖန် လက်ဟန်ပြ၍ ဖိတ်ခေါ်လိုက်၏။
"ဒီကိုလာ ဒါတွေက အရမ်းအရသာရှိတယ်"
ယွမ်လော့ရီက ဆိုသည်။
“သမီး ဗိုက်မဆာဘူး"
ယွမ်စစ်က ပြုံးလိုက်ရာ သူ၏ အမူအရာတွင် ကြောက်စရာကောင်းသည့် အရိပ်အမြွက်တစ်ခု ပါရှိလေ၏။ ယွမ်လော့ရီ လိမ်နေသည်ကို သူသိသည်မှာ အသေအချာပင်။
သူသည် ယွမ်လော့ရီထံသို့ လျှောက်သွား၏။
အမျိုးသားတစ်ဦးအနေဖြင့် သူ၏ ခန္ဓာကိုယ်က ခွန်အားကို ထုတ်ဖော်နေသော်လည်း ခါးမှာ သေးသွယ်နေသည်။
သူ လှုပ်ရှားလိုက်သည့်အခါ၌ နူးညံ့ပျော့ပြောင်းသော စပါးအုံး မြွေကြီးတစ်ကောင်ကဲ့သို့ တိတ်ဆိတ်ပြီး၊ ဖြည်းညှင်းစွာ သွားလာကာ၊ မုဆိုးများ၌သာ ရှိတတ်သော ရန်လိုသည့် အသွင်အပြင်ကို ပိုင်ဆိုင်ထား၏။
ယွမ်လော့ရီအနားသို့ ချဉ်းကပ်လာချိန်တွင် သူသည် ရုတ်တရက် အလွန်တက်ကြွလာပြီး သူမအား ဖမ်းဆွဲရန် သူ၏ ကြီးမားသောလက်ကို လျင်မြန်စွာ ဆန့်ထုတ်လိုက်သည်။ သူသည် ယွမ်လော့ရီအား စားပွဲထံသို့ ဆွဲခေါ်ကာ သူမ မတုံ့ပြန်နိုင်မီပင် နူးညံ့သော လက်တင်ကုလားထိုင်ပေါ်တွင် ထိုင်စေလိုက်၏။
ယွမ်စစ်က နူးညံ့သောအသံဖြင့် ပြောလေသည်။
"မင်း ကြီးလာပြီပဲ အရင်ကထက် ပိုသတိကြီးလာတယ်ပေါ့ ဒါက ကောင်းတဲ့အရာပဲ ဘာလို့လဲဆိုတော့ မင်းကို လှည့်ဖြားဖို့ ကြိုးစားနေတဲ့ လူတွေ အများကြီး ရှိနေလို့၊ ဒါပေမဲ့ မတင်းမာပါနဲ့ မင်းရဲ့ စတုတ္ထကိုကိုက မင်းကို ထိခိုက်အောင် မလုပ်ပါဘူး၊ ဒါတွေက မင်းကို ထောင်ချောက်ဆင်ဖို့ အဆိပ်ခတ်ထားတဲ့ ပန်းသီးတွေ မဟုတ်ဘူးလေ ရိုးရိုး သကြားလုံးလေးတွေပါ"
သူသည် တစ်ခုကို ကောက်ယူကာ ပါးစပ်ဖွင့်၍ သူ၏ ထက်မြက်သော အစွယ်များကို ဖော်ပြပြီး ပျော့ပျောင်းသော ကိတ်မုန့်ကို ကိုက်ကာ မြိုချလိုက်၏။
"ကြည့်ပါလား အဆိပ်မရှိဘူး ကိုကို မသေသေးဘူးမလား"
သူသည် နောက်တစ်ခုကို ယူကာ ယွမ်လော့ရီအား ကမ်းပေးလာသည်။
"စားကြည့်ပါဦး"
ယွမ်လော့ရီတစ်ယောက် လက်ခံရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ ထို့ကြောင့် တစ်ကိုက်စာ အနည်းငယ်ကို ကိုက်စားလိုက်၏။
ဟင်း။
၎င်းသည် ထူးခြားသော အရသာရှိပြီး အတော်လေး အရသာရှိသည်။
ယွမ်လော့ရီက ယွမ်စစ်ကို ကြည့်ကာ "စတုတ္ထ ကိုကို၊ ကိုကိုက သမီးတို့ Star Galaxy အလယ်တန်းကျောင်းမှာ ဘာလုပ်နေတာလဲ"
ယွမ်စစ်သည် သူမ၏ တစ်ဖက်၌ ထိုင်နေပြီး ပြောလိုက်၏။
"မနက်ဖြန်ကျ Star Galaxy အလယ်တန်းကျောင်းက အစီအစဉ်အသစ်တစ်ခု ကျင်းပမှာ ကိုကိုက အဲပွဲကို အထူးဧည့်သည်အနေနဲ့ တက်ရောက်မှာလေ၊ အလားအလာရှိတဲ့ ကျောင်းသားတွေနဲ့ စာချုပ်တွေ ချုပ်ပြီး သူတို့ကို ဖျော်ဖြေရေးလောကထဲ ဝင်ရောက်ဖို့ ကူညီပေးမှာ"
သူသည် စာချုပ်တစ်ခုကို ထုတ်ယူပြီး စားပွဲပေါ်တင်လိုက်ကာ
"မင်းရဲ့ အရင် စွမ်းဆောင်ရည်က ထူးချွန်တယ် လူတိုင်းရဲ့ အာရုံကို လွယ်လွယ်ကူကူ ဆွဲဆောင်နိုင်ခဲ့တယ်၊ ကိုကို့ ညီမလေးပဲလေ မထူးဆန်းဘူး မင်းက ကြယ်တစ်ပွင့်ဖြစ်ဖို့ မွေးလာတာ၊ ဒီစာချုပ်ကို လက်မှတ်ထိုးလိုက် ကိုကို မင်းကို ပိုပြီး နာမည်ကြီးအောင် ကူညီပေးနိုင်တယ်"
ယွမ်လော့ရီတစ်ယောက် နားလည်သွား၏။
မုန့်ပဲသရေစာများက ငါးစာ မဟုတ်ဘဲ ဤစာချုပ်ကသာ ငါးစာပင်။
သူမ ယွမ်စစ်အကြောင်း သိထားသည်များအရ သူမသာ လက်မှတ်ထိုးခဲ့ပါက ကျိန်းသေပေါက် နာမည်ကြီးလာမည်ဖြစ်သော်လည်း သူမ၏ လွတ်လပ်မှုကိုပါ ဆုံးရှုံးသွားလိမ့်မည်။
၎င်းသည် ရွှေလှောင်အိမ်ထဲတွင် ပိတ်မိနေသော တေးဆိုငှက်ကဲ့သို့ပင်။ တစ်ကမ္ဘာလုံးက ၎င်း၏ သီချင်းသံကြောင့် စွဲမက်နေကြမည်ဖြစ်သော်လည်း ကောင်းကင်ထက်သို့ ဘယ်တော့မှ ပျံသန်းနိုင်တော့မည် မဟုတ်ပေ။
၎င်းသည် သူမလိုချင်သော ဘဝမျိုး မဟုတ်ချေ။ သူမသည် ဤစာချုပ်ကို လက်မှတ်ထိုးမည် မဟုတ်ပေ။
ယွမ်လော့ရီက ပြောလေသည်။
“နာမည်ကြီးတာက ထင်သလောက် မကောင်းပါဘူး၊ ပရိသတ်တွေ အများကြီး ရှိပေမဲ့ သူတို့က သမီးရဲ့ ပုံစံအမှန်ကို ချစ်ကြတာ မဟုတ်ဘူး၊ အချိန်အများစုက သူတို့ကို ဘယ်လို ရင်ဆိုင်ရမှန်း မသိဘူး"
ယွမ်စစ်သည် လက်တင်ကုလားထိုင်တွင် နောက်သို့ မှီထိုင်လိုက်ရာ သူ၏ လှုပ်ရှားမှုများမှာ ပင်ပန်းနေပုံရသော်လည်း သူ့ အကြည့်မှာ ယွမ်လော့ရီအပေါ်၌ စူးစိုက်နေသည်။
"ချစ်ရတဲ့ ညီမလေးရယ် အဲဒါတွေကို စိုးရိမ်စရာ မလိုပါဘူး၊ တကယ်တော့ ဘယ်သူမှ အစစ်အမှန်မရှိဘူး လူတိုင်းကသာယာတဲ့ ပုံရိပ်တစ်ခုကို ဖန်တီးဖို့ လိမ်ညာပြီး ကိုယ့်ကိုယ်ကို ဖိနှိပ်ဟန်ဆောင်နေကြတာ”
သူသည် ရုတ်တရက် ယွမ်လော့ရီရှေ့သို့ ရွေ့လျားသွားကာ ခါးကို ကိုင်းညွှတ်ပြီး အေးစက်သော သူ့ လက်ချောင်းများက သူမ၏ ပါးပြင်ကို ပေါ့ပါးစွာ ထိတွေ့လိုက်သည်။
"မင်းရဲ့ မျက်လုံးတွေကို ကြည့်ပါဦး အရမ်းကို စင်ကြယ်ပြီး လှုပ်ရှားနေတာ၊ တစ်ခါတစ်လေ နွေးထွေးတဲ့ နွေဦးလေညင်းလို ပျော်ရွှင်မှုတွေနဲ့ ပြည့်နေပြီး တစ်ခါတစ်လေမှာဆို အေးခဲတဲ့ ဆောင်းရာသီလိုမျိုး မျက်ရည်တွေနဲ့ ဝမ်းနည်းနေတာ၊ ရာသီဥတု လေးမျိုးက မင်းရဲ့ မျက်လုံးတွေထဲမှာ အလှည့်ကျရှိနေတာက အရမ်းလှတယ်"
"ဒါကြောင့် ကျေးဇူးပြုပြီး ပိုပြီး ယုံကြည်မှုရှိစမ်းပါ လူတွေကို မင်းအပေါ် ကျရှုံးအောင် လုပ်နိုင်တဲ့ အရည်အချင်း မင်းမှာ ရှိတယ်၊ မင်းမှာ ဟန်ဆောင်မှု ဘာမှ မလိုအပ်ခဲ့ဖူးဘူး ဒါက ကောင်းကင်ဘုံက ပေးတဲ့ လက်ဆောင်ပဲ၊ မင်းရဲ့ အစ်ကိုတစ်ယောက်အနေနဲ့ ဒါကို ဖြုန်းတီးနေတာကို ဘယ်လိုလုပ် ကြည့်နေနိုင်မှာလဲ"
"တစ်နေ့ကျရင် တစ်ကမ္ဘာလုံးက မင်းကို စွဲမက်လာကြလိမ့်မယ် ကိုကို့ကို ကူညီခွင့်ပေးပါ အနာဂတ်မှာ နာမည်ကျော်ကြားခြင်းရဲ့ ပျော်ရွှင်မှုတွေကို ခံစားရလိမ့်မယ်"
ယွမ်လော့ရီက ပြော၏။
"နာမည်ကျော်ကြားခြင်းရဲ့ ပျော်ရွှင်မှုတွေ..."
ယွမ်စစ်၏ အသံက စိတ်ကို ဖမ်းစားနိုင်သည်။
"ဟုတ်တယ် စိတ်ကူးကြည့်လိုက်ပါဦး ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် သူတို့အားလုံးက မင်းကို စွဲလန်းကြလိမ့်မယ်၊ သူတို့က မင်းကို နတ်ဘုရားတစ်ပါးတည်းအဖြစ် သဘောထားပြီး လက်အောက်ခံကြလိမ့်မယ်၊ သူတို့က သစ္စာရှိရှိနဲ့ အရာအားလုံးကို ပေးဆပ်လိမ့်မယ် တစ်ချိန်တည်းမှာ မင်းက သူတို့အပေါ် အပြည့်အဝ စိုးမိုးထားနိုင်ပြီး မင်းရဲ့ စကားတစ်ခွန်းတည်းနဲ့ သူတို့ကို ကောင်းကင်ဘုံကနေ ငရဲကို ရောက်သွားစေနိုင်တယ်၊ ရန်သူတွေတောင် လက်နက်ချ၊ ဒူးထောက်ပြီး မင်း အလိုရှိသလို သူတို့ကို သတ်ဖြတ်ခွင့်ပြုလိမ့်မယ်"
ယွမ်စစ်သည် သူ၏ လက်များကို ဆန့်တန်းလိုက်ရာ သူ့ မျက်လုံးများထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ရူးသွပ်မှုတစ်ခုကို မြင်တွေ့နိုင်၏။ မီးရောင်အောက်မှ အမျှော်အမြင်ကြီးသူတစ်ဦးက သူ၏ ဆွဲဆောင်မှုဖြင့် လူများအား သူ့အတွက် သေစေရန် စိတ်အားထက်သန်စွာ လှုံ့ဆော်နေသကဲ့သို့ပင်။
သူသည် တစ်နေရာမှ သရဖူတစ်ခုကို ထုတ်ယူလိုက်ရာ ငွေရောင်နွယ်ပင်များနှင့် တောက်ပသော စိန်များ ရစ်ပတ်ထားပြီး ခမ်းနားထည်ဝါကာ မြင့်မြတ်လှလေသည်။
သရဖူသည် ယွမ်လော့ရီ၏ ခေါင်းပေါ်သို့ ညင်သာစွာ ကျရောက်သွားသည်။ ယွမ်စစ်သည် လက်တင်ကုလားထိုင်၏ လက်တင်နေရာများကို ဖိကိုင်ပြီး ရုတ်တရက် အားစိုက်ထုတ်လိုက်ရာ ထိုင်ခုံကို ၉၀ ဒီဂရီ အလွယ်တကူ လှည့်၍ မှန်သို့ မျက်နှာမူစေလိုက်၏။
ယွမ်လော့ရီသည် သရဖူဆောင်းထားသည့် သူမ၏ ပုံရိပ်ကို မြင်ရ၏။ သူမသည် တကယ်ပင် မြင့်မြတ်သော မင်းသမီးတစ်ပါးနှင့်တူနေပြီး ယွမ်စစ်၏ ဘေးတွင်ရပ်နေပုံက နောင်နန်းတက်မည့် ဘုရင်မကို သက်ရှိအားလုံးအား နင်းချေပစ်မည့် သွေးဆာနေသော အာဏာရှင်တစ်ဦး ဖြစ်လာစေရန် လျှို့ဝှက်စွာ လမ်းညွှန်ပေးနေသည့် ယုတ်မာသော ဘုရင်ခံတစ်ပါးကဲ့သို့ပင်။
ယွမ်စစ်က အလွန်ကျေနပ်အားရစွာဖြင့် "ကိုကို စိတ်ကူးထားတဲ့အတိုင်းပဲ မင်းနဲ့ အရမ်းလိုက်တယ်၊ ဒါက မင်းအတွက် အထူးပြုလုပ်ထားတဲ့ လက်ဆောင်လေးတစ်ခုပေါ့ မင်း သဘောကျမယ်လို့ မျှော်လင့်ပါတယ်"
"ကိုကိုတို့ အတူတူ အပြင်သွားရင် မင်းကို ဒါလေး ဝတ်စေချင်တယ်၊ ကိုကို သတင်းထောက်တွေကို ဖုန်းခေါ်ထားပြီးပြီ မင်း ကိုကိုနဲ့ စာချုပ်ချုပ်ဆိုလိုက်ပြီဆိုတာကို သူတို့ရှေ့မှာ ကြေညာချင်တယ်"
"ပြီးတာနဲ့ မင်းအတွက် သင့်လျော်တဲ့ လမ်းကြောင်းတစ်ခုကို ဖော်ဆောင်ဖို့ စတိုင်လစ်တစ်ယောက်လည်း စီစဉ်ပေးမယ် ပြီးရင် ကိုကို့ရဲ့ အဆက်အသွယ်တွေကို မင်းနဲ့ မိတ်ဆက်ပေးဖို့ ဧည့်ခံပွဲတစ်ခု ကျင်းပမယ်"
"အဆင်ပြေတယ်မလား”
ယွမ်လော့ရီအတွက်မူ ၎င်းက မေးခွန်းတစ်ခုဟု မထင်မှတ်မိပေ။ အဘယ်ကြောင့်ဆိုသော် ယွမ်စစ်၏ စိုးမိုးလိုသော ပြင်းပြသည့် ဆန္ဒက မည်သူ့ကိုမှ ငြင်းဆန်ခွင့် မပေးသောကြောင့်ပင်။