အခန်း (၃၅)
Vol. 4 Ch. 35
ယွမ်လော့ရီတစ်ယောက် ယွမ်စစ်၏ အကြံပြုချက်ကို မည်သို့ ငြင်းပယ်ရမည်အား စိုးရိမ်နေစဉ် ရုတ်တရက် တံခါး ပွင့်လာပြီး ပဉ္စမအစ်ကို ယွမ်ကျွင်းက ဝင်ပေါက်၌ ပေါ်လာလေသည်။
သူက အဖြူရောင် ဓာတ်ခွဲခန်းဝတ်စုံကို ဝတ်ထားပြီး ရွှေအနားကွပ် မျက်မှန် တပ်ထား၏။ သူ၏ ဆံပင်များက နားရွက်နားတွင် သဘာဝအတိုင်း ကောက်ကွေးလျက် ကျနေသည်။
ယွမ်မိသားစု၏ ပဉ္စမမြောက်သား အနေဖြင့် ယခုနှစ်တွင် အသက် ၁၆ နှစ် ပြည့်ရုံသာ ရှိသေးပြီး နုပျိုသော အရှိန်အဝါကို သယ်ဆောင်ထား၏။ သို့သော် ယွမ်မိသားစုဝင် အားလုံးကဲ့သို့ သူ၏ အကြည့်မှာလည်း အေးစက်ပြီး ဂရုမစိုက်ဟန်ဖြင့်ပင်။
ယွမ်လော့ရီက ယွမ်ကျွင်းကို ဘယ်သောအခါမှ မချဉ်းကပ်ရဲခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူက အလောင်းများကို စွဲလမ်းနေသူ ဖြစ်သောကြောင့်ပင်။ ယွမ်ကျွင်းက သက်ရှိသတ္တဝါများ၏ အရိုးများကို ကျွမ်းကျင်စွာ ခွဲခြမ်းစိတ်ဖြာ၍ နမူနာများ ပြုလုပ်ရန် သန့်ရှင်းစွာ ပြုတ်ပြီး ယင်းတို့ကို နှစ်သက်အားရစွာ စိုက်ကြည့်တတ်ကာ သူက ယွမ်လော့ရီကိုပင် လက်ဆောင် ပေးလိုသေးသည်။
ကံဆိုးစွာဖြင့် ယွမ်လော့ရီမှာ ထိုနမူနာများ၏ အလှအပကို တန်ဖိုးထားရန် ကြောက်ရွံ့လွန်းနေသည်။
ယွမ်ကျွင်း၏ စရိုက်က ယွမ်စစ်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်၏။ သူက သက်ရှိလူများနှင့် ဆက်ဆံရခြင်းကို အလွန် မုန်းတီးသော်လည်း အလောင်းများအပေါ်မူ ပို၍ သည်းခံနိုင်သည်။ ယွမ်ကျွင်းက အများအားဖြင့် သူ၏ ကိုယ်ပိုင်ကမ္ဘာထဲတွင် လုံးဝ နစ်မြုပ်နေပြီး သိပ္ပံဆိုင်ရာ ပဟေဠိများကို လေ့လာခြင်းအပေါ်သာ အာရုံစိုက်၏။
ထို့ကြောင့် သူက ယွမ်လော့ရီနှင့် စကားပြောခဲသည်။ ၎င်းကပင် သူမအား များစွာ စိတ်သက်သာရာ ရစေ၏။
ယွမ်ကျွင်း ဝင်လာသည်ကို မြင်သည်နှင့် ယွမ်စစ်၏ မျက်နှာက မှောင်မည်းသွားတော့သည်။
"ညီလေး၊ ငါ မင်းကို ဒီကို မဖိတ်ခဲ့ပါဘူး"
ယွမ်ကျွင်းက သူ့ကို လစ်လျူရှု၍ စားပွဲပေါ်ရှိ စာချုပ်ကို စကင်န်ဖတ်ပြီး ရှေ့သို့ လှမ်းကာ ယွမ်လော့ရီ၏ လက်ကောက်ဝတ်ကို ဆွဲ၍ သူ့ဘေးသို့ ခေါ်သွား၏။
"ဟား၊ အသက် ၁၁ နှစ်အရွယ် ကလေးမလေးကို သူ့ရဲ့ အုပ်ထိန်းသူ နောက်ကွယ်ကနေ လှည့်ဖြားပြီး စာချုပ်ချုပ်ဖို့ လုပ်နေတာလား"
"ငါက သူရဲ့ အစ်ကိုပါ၊ ငါက သူရဲ့ အုပ်ထိန်းသူ"
"မင်းက သူရဲ့ အုပ်ထိန်းသူတွေထဲက တစ်ယောက်ပဲ၊ ပြီးတော့ အဆိုးဆုံး တစ်ယောက်လေ မင်း ငါတို့ ညီမလေးကို တစ်ခါမှ ကောင်းကောင်း ဂရုမစိုက်ခဲ့ဘူး"
ယွမ်စစ်က ယွမ်လော့ရီ၏ ပခုံးပေါ်သို့ လက်တင်ကာ လှောင်ပြောင်ပြုံး၍ ပြောလာသည်။
"ဒါက ဖားတွေကို ခွဲစိတ်တာကို သင်ပေးတာထက်တော့ ပိုကောင်းသေးတယ်၊ ညီမလေးက ဖားခြေထောက်ရဲ့ အာရုံကြောတွေကို လျှပ်စစ်နဲ့ လှုံ့ဆော်ပေးတာကို စိတ်မဝင်စားပေမဲ့ မင်းက အတင်းအကျပ် သင်ပေးပြီး ညတိုင်း အိပ်မက်ဆိုးတွေ မက်စေခဲ့တာလေ"
ယွမ်ကျွင်းက ယွမ်စစ်၏ လက်ကို အားပြင်းပြင်းနှင့် ရိုက်ထုတ်လိုက်ပြီး ယွမ်လော့ရီအား သူ့နောက်တွင် ဝှက်ထားလိုက်၏။
"သိပ္ပံစမ်းသပ်မှုတွေနဲ့ လက်တွေ့လုပ်ဆောင်မှုတွေက ကလေးတစ်ယောက်ရဲ့ ဉာဏ်ရည်ကို ဖွံ့ဖြိုးစေတယ် ငါက သူ့အနာဂတ်အတွက် စဉ်းစားနေတာ"
ယွမ်စစ်: "ငါ သူ့ကို ဆွဲဆောင်မှုရှိအောင် သင်ပေးနိုင်တယ် အဲဒါက သူ့ကို တကယ် အကူအညီ ဖြစ်စေမယ့် ကျွမ်းကျင်မှု တစ်ခုပဲ ညီမလေးက ကျော်ကြားမှုတွေ၊ ရေတွက်လို့ မရနိုင်တဲ့ စည်းစိမ်ဥစ္စာတွေကို ရလိမ့်မယ်"
ယွမ်ကျွင်းက ခနဲ့၍ ရယ်မောလိုက်သည်။
"နာမည်ကျော်ကြားမှုနဲ့ စည်းစိမ်ဥစ္စာဆိုတာ နတ်ဆိုးကို ကိုယ့်ဝိဉာဉ် ရောင်းချဖို့ လိုတဲ့ အစမ်းသပ်ခံ လိမ်ညာမှု သက်သက်ပဲ၊ ဒီကလေးမလေးက ကြီးလာရင် ဉာဏ်ပညာရှိပြီး လွတ်လပ်တဲ့သူ ဖြစ်လာလိမ့်မယ်"
ယွမ်ကျွင်းက ယွမ်လော့ရီ၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ ပြောလိုက်၏။
"သွားကြစို့၊ ဒီအရူးကို တခြားသူတွေကို ဒုက္ခပေးဖို့ ထားခဲ့လိုက်"
သို့သော် ယွမ်စစ်က ယွမ်လော့ရီ၏ ကျန်လက်ကောက်ဝတ် တစ်ဖက်ကို ဆွဲကိုင်ထားသည်။ သူက သိသိသာသာကို ဒေါသထွက်နေပြီး အန္တရာယ်ရှိသည့် အရှိန်အဝါကို ထုတ်လွှတ်နေ၏။
"ငါ့ရဲ့ သည်းခံနိုင်စွမ်းကို လာမစမ်းသပ်နဲ့ ဒီနေ့ လော့ရီ ငါ့ဘေးမှာ နေရမယ်”
ယွမ်ကျွင်းက အေးတိအေးစက် ရယ်မောလိုက်ကာ သူ့မျက်လုံးများမှာ မှောင်မိုက်သည့် မီးလျှံများ တဖျတ်ဖျတ် လက်နေပြီး သူက အမိန့်ပေးလိုက်သည်။
"လက်ကို လွှတ်လိုက်"
ထိုနှစ်ယောက်၏ အခြေအနေက တင်းမာနေပြီး ယွမ်လော့ရီမှာ သူတို့ နှစ်ယောက်ကြားတွင် ရပ်နေရ၏။ ဤတင်းမာသော အခြေအနေတွင် သူမက ပေါ့ဆစွာ မလှုပ်ရှားရဲဘဲ သူမ၏ အကြည့်ကို နှစ်ယောက်ကြား ဟိုကြည့်ဒီကြည့် ပြောင်းနေလေသည်။
ကောင်းပြီလေ။
သူမ၏ အစ်ကိုနှစ်ယောက်က သူမကို အုပ်ထိန်းရန် အပြိုင်အဆိုင် လုနေကြပုံရပြီး သူမ၏ ပညာရေးနှင့်ပတ်သက်၍ သဘောထား ကွဲလွဲနေကြသည်။
သို့သော် သူမ တစ်ယောက်တည်း နေချင်၏။ သူမ ထွက်ပြေးရန် နည်းလမ်းတစ်ခု ရှာဖို့ လိုအပ်သည်။
ခဏ စဉ်းစားပြီးနောက် ယွမ်လော့ရီက ပြောလိုက်၏။
"ဗိုက်ဆာတယ် ထမင်းစားခန်းကို သွားချင်တယ်"
ဆယ်မိနစ် ကြာပြီးနောက် ယွမ်လော့ရီက ထမင်းစားခန်းတွင် ထိုင်နေပြီး သူမ၏ မနက်စာကို တိတ်ဆိတ်စွာ စားနေသည်။ တစ်ချိန်တည်းတွင် ယွမ်စစ်နှင့် ယွမ်ကျွင်းတို့က သူမ၏ ဘေးတစ်ဖက်စီ၌ ထိုင်နေပြီး သူတို့၏ အကြည့်များက လေထဲတွင် တစ်ယောက်ကို တစ်ယောက် အကြိမ်တစ်ရာခန့် သတ်ဖြတ်ပြီးသား ဖြစ်နေ၏။
ထွက်ပြေးဖို့ ကြိုးစားခြင်းက မအောင်မြင်ပေ။
ယွမ်လော့ရီ နောင်တရမိသည်။ ထိုအစား သူမ အတန်းသွားတက်ချင်သည်ဟု ပြောသင့်၏။
မဟုတ်ဘူး၊ ဒီနှစ်ယောက် အခုလိုသာ ဖြစ်နေရင် အတန်းထဲအထိ နောက်ကနေ လိုက်လာနိုင်တယ်။
ယွမ်လော့ရီရှေ့တွင် သူမ၏ အစ်ကိုနှစ်ယောက်က အနည်းငယ် ထိန်းထားကြလိမ့်မည်။ သူတို့ ညီမလေးက မိသားစုထဲတွင် တစ်ဦးတည်းသော မူအမှန်ဆုံးလူ ဖြစ်သည်ကို သူတို့ သိကြသည်။ သူတို့၏ အမှောင်ဘက်ခြမ်းများကို အပြည့်အဝ ထုတ်ဖော်လိုက်ပါက သူမအား ထိတ်လန့်သွားစေလိမ့်မည်။
နောက်ကွယ်မှာသာ ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့ပါက ယခုအချိန်လောက်ဆို သွေးထွက်သံယို ဖြစ်နေလောက်ပြီ ဖြစ်သည်။
ယွမ်လော့ရီ သက်ပြင်းချလိုက်၏။
ယွမ်မိသားစုက သူတို့၏ အစ်ကိုအကြီးဆုံး ယွမ်အောင်း မရှိ၍ တကယ် မဖြစ်ချေ။ သူက သူ၏ ညီငယ်များကို ထိန်းချုပ်နိုင်သည်။ မဟုတ်ပါက လူတိုင်းက နေ့တိုင်းလိုလို တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်နေကြလိမ့်မည်။
ထမင်းစားခန်းထဲမှ ကျောင်းသားများသည်လည်း သူတို့ကို သတိထားမိကြသည်။
ယွမ်မိသားစုဝင်များက အလွန် ဆွဲဆောင်မှု အားကောင်းကြပြီး ထူးခြားသော အရှိန်အဝါများနှင့် ထင်ရှားသည့် စရိုက်များ ရှိကြ၏။ ယွမ်မိသားစုဝင် သုံးယောက် စုဝေးကြသောအခါ သူတို့က သဘာဝအလင်းရောင်ကို ထုတ်လွှတ်နေသကဲ့သို့ လူအုပ်ကြားတွင် ထူးထူးခြားခြား မျက်စိကျစရာ ဖြစ်နေသည်။
ကျောင်းသားများက စုဝေး၍ သူတို့အကြောင်းကို စိတ်လှုပ်ရှားစွာ တီးတိုး ပြောဆိုနေကြ၏။
"ဘုရားရေ အဲဒါ ယွမ်စစ် မလား၊ ငါ သူ သရုပ်ဆောင်ထားတဲ့ တီဗီဒရာမာကို မနေ့ကမှ ကြည့်ခဲ့တာ ဇာတ်လမ်းက အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းတယ်"
"ငါ့ အစ်မလည်း အဲဒီ ဒရာမာကို ကြည့်နေတာလေ ယွမ်စစ်ကို စွဲလမ်းနေတာ မကြာသေးဘူး အခုတော့ ဘာလို့လဲဆိုတာ နားလည်သွားပြီ သူက တီဗီထဲမှာထက် အပြင်မှာ ပိုချောတာပဲ"
"လက်မှတ် သွားတောင်းသင့်လား"
ကျောင်းသားများက တုံ့ဆိုင်းနေကြပြီး တစ်ခါတစ်ရံ လှည့်ကြည့်နေကြ၏။
အဘယ်ကြောင့်ဆိုသော် ယွမ်စစ်၏ ဘေးရှိ ပဉ္စမအစ်ကို ယွမ်ကျွင်းက "ဝေးဝေးမှာနေ" ဟူသည့် အရှိန်အဝါကို ထုတ်လွှတ်နေပြီး ကျောင်းသားများအား သူ့ထံမှ ဝေးဝေးနေရန် အလိုအလျောက် သတိပေးနေသည်။
သူတို့ ပြောသည်မှာ မှန်ပေ၏။ အသက်အရွယ်များ အားလုံးထဲမှာမှ ယွမ်ကျွင်းက ကလေးများကို အမုန်းဆုံးပင်။ သူတို့၏ ကျယ်ကျယ်လောင်လောင် အသံပြဲကြီးများက သူ့အာရုံကြောများကို နှိပ်စက်ပြီး ကလေးဆန်သော စိတ်နေစိတ်ထားများက လူနှင့် သားရဲကြားတွင် ရှင်းလင်းသော ကွဲပြားမှု ရှိသည်ဟု ခံစားရစေသည်။
သို့သော် ယွမ်ကျွင်းက ယွမ်လော့ရီကိုတော့ သည်းခံနိုင်၏။ ကလေးတစ်ယောက်အနေဖြင့် သူ၏ ညီမလေးက နူးညံ့ပြီး ရိုးသားလှသည်။ ခေါင်းကို မကြာခဏ စောင်းကာ ရှုပ်ထွေးနေတတ်သော်လည်း ယွမ်ကျွင်းကတော့ သူမကို ချစ်စရာကောင်းသည်ဟု တွေးမိ၏။
သူ့ကိုယ်သူပင် သူ၏ နှစ်ထပ်ကွမ်း စံနှုန်းများကြောင့် အံ့အားသင့်မိသော်လည်း အစ်ကိုတစ်ဦး ဖြစ်ရခြင်းကို ပျော်မွေ့နေသည်။
နောက်ဆုံးတွင် ကျောင်းသားများက သူတို့ထံ ချဉ်းကပ်ရန် အစီအစဉ်ကို လက်လျှော့လိုက်ကြ၏။
"သူ့လက်မှတ်ကို နောက်မှပဲ ယူကြတာပေါ့ အဲဒီ ဝတ်စုံအဖြူနဲ့လူက တော်တော်ချောပေမယ့် နည်းနည်းတော့ ကြောက်ဖို့ ကောင်းတယ်"
"ဟုတ်တယ်၊ ယွမ်လော့ရီကို ငါ အားကျတယ် သူ့အစ်ကိုတွေ အားလုံးက အရမ်းတော်ကြတာ"
"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး နင် သူ့ကို ချီးကျူးသင့်တာ၊ ယွမ်မိသားစုရဲ့ ညီအစ်ကို ငါးယောက်က သာမန်လူတွေ မဟုတ်ကြဘူးလေ အဲဒါတောင် သူက ဒီလောက် တည်တည်ငြိမ်ငြိမ်နဲ့ ခေါက်ဆွဲအေးကို ဆက်စားနိုင်သေးတယ် တကယ် အထင်ကြီးစရာပဲ"
"အမှန်ပဲ"
ယွမ်လော့ရီ၏ ကြောက်မက်ဖွယ် အရည်အချင်းအကြောင်း အော်ဟစ်ပြောဆိုသံများကြားတွင် ကျောင်းသားများက အုပ်စုလိုက် ထွက်ခွာသွားကြသည်။
တကယ်တမ်း ယွမ်လော့ရီလည်း တည်ငြိမ်နေခြင်း မဟုတ်ပေ။ သူမက ရိုးရိုးရှင်းရှင်းပင် ကြောက်ရွံ့ခြင်းနှင့် အသားကျနေပြီ ဖြစ်သောကြောင့် သူမ၏ အမူအရာများမှာ ပိုမို တည်ငြိမ်နေခြင်း ဖြစ်လေသည်။ သူမ၏ အစ်ကိုနှစ်ယောက်ကို ရင်ဆိုင်ရချိန်တွင် သူမလည်း အတော်လေး စိုးရိမ်နေ၏။
သူမ မျက်မှောင်ကျုံ့ကာ မည်သို့ ထွက်ပြေးရမည်ကို စဉ်းစားနေလေသည်။
ယွမ်စစ်က သတိပြုမိပြီး ယွမ်လော့ရီထံသို့ ပိုမို နီးကပ်စွာ မှီလိုက်၏။
"ဘာဖြစ်လို့လဲ သစ်သီးဖျော်ရည် သောက်ချင်လား"
ယွမ်လော့ရီ ပြန်မဖြေခင်မှာပင် ယွမ်ကျွင်းက အေးတိအေးစက် ရယ်မောလိုက်သည်။
"သူ ဖျော်ရည်ကို လုံးဝ မကြိုက်ဘူး မင်းက သူ့ကို ဂရုစိုက်ဖို့ တကယ် မသင့်တော်တာဘဲ"
ယွမ်ကျွင်းက သူ၏ ထိုင်ခုံကို ယွမ်လော့ရီနှင့် ပိုနီးအောင် ဆွဲထိုင်လိုက်၏။
"သူ့ကို ဂရုမစိုက်နဲ့ ညီမလေး ဘာလိုလဲဆိုတာ ကိုကို့ကို ပြော"
ထိုစဉ် လက်တစ်ဖက်က ယွမ်ကျွင်းကို ရုတ်တရက် တွန်းဖယ်လိုက်ပြီး ယွမ်စစ်က သူ၏ အန္တရာယ်ရှိလှသည့် အနိမ့်သံနှင့် ပြောလာသည်။
"ညီမလေးနဲ့ ခပ်ခွာခွာနေ၊ မဟုတ်ရင် ငါ့ရဲ့ ချစ်ရတဲ့ ညီလေး…မင်းကို အဲဒီ ပြောလို့ မရတဲ့ အမှတ်ရစရာတွေ ပြန်အသက်ဝင်လာအောင် လုပ်ပေးလိုက်မယ်"
ယွမ်ကျွင်းကလည်း ပြန်ပြောလာ၏။
"ဟား ပြောလို့မရတဲ့ဟာတဲ့လား မင်း ငါ့ကို အနိုင်ရခဲ့တာ အကြိမ်ရေ နည်းနည်းလေးပါ ချစ်ရတဲ့ အစ်ကိုရေ ကြည့်ရတာ မင်း ဆေးရုံသွားပြီး ဦးနှောက်ကို စစ်ဆေးသင့်ပြီ ထင်တယ်"
ယွမ်လော့ရီက ညင်သာစွာ သက်ပြင်းချလိုက်ပြီး ၎င်းမှာ တစ်ဖန် ပြန်စလာပြီ ဖြစ်ကြောင်း သိလိုက်သည်။
ယွမ်လော့ရီတစ်ယောက် သူမ၏ ခေါက်ဆွဲအေးကို ဆက်စားရန် စိတ်လျော့လိုက်စဉ် ဒါရိုက်တာကျန်းက ယွမ်လော့ရီထံသို့ အလျင်စလိုဖြင့် ဦးတည်လာ၏။