← Chapters

အခန်း (၃၉)

Vol. 4 Ch. 39

အခန်း (၃၉)

Vol. 4 Ch. 39

၁၁ နှစ်အရွယ် ယွမ်လော့ရီသည် ရင်းနှီးသော်လည်း စိမ်းသပ်‌နေသော ယခင်ဘဝရှိ အသက် ၁၇ အရွယ် သူ့ကိုယ်သူ ကြည့်နေမိ၏။ ပုံပန်းသွင်ပြင်မှာ တူညီပြီး လှပနေကြသော်လည်း မျက်လုံးမှားမှာမူ လုံးဝ ကွဲပြားနေသည်။

အရွယ်ရောက်လာသော သူမ၏ မျက်ဝန်းများမှာ အသက်မဲ့နေခဲ့ပြီးဖြစ်၏။

အချိန်များ နောက်ပြန်ဆုတ်သွားပြီးနောက် အမှတ်ရစရာ အပိုင်းအစများက တဖြည်းဖြည်း ပေါ်လာခဲ့လေသည်။

သူမနောက်ဆုံးအကြိမ် ပြုံးခဲ့သည်မှာ ဘယ်အချိန်ကလဲ ဆိုသည်ကိုပင် မမှတ်မိတော့ပေ။

သူမမှာ ကြွေကျနေသော နှင်းပွင့်ချပိလေးများကဲ့သို့ တစစီ ပျက်စီးယိုယွင်းနေခဲ့သည်။ ၁၇ နှစ်အရွယ် ယွမ်လော့ရီမှာ သန်းခေါင်ယံအချိန်တွင် နာကျင်မှုများဖြင့် ငိုလျက် အမြဲ နိုးလာခဲ့၏။

သူမ ရုန်းကန်လေလေ၊ ပို၍ နစ်မြုပ်လလာလေလေ ဖြစ်လာသောကြောင့် နောက်ဆုံးတွင် လက်လျှော့လိုက်ပြီးနောက် အောက်ဆုံးအထိ နစ်မြုပ်သွာစေရန်သာ ဆုတောင်းမိလာသည်။

ကျောင်းထွက်၍ အခန်းထဲ၌ ပိတ်လှောင်နေရင်းဖြင့် သူမ ဘဝကို တိတ်တဆိတ် ဖြတ်သန်းခဲ့ရ၏။

ကျောင်းတွင်သာမက အိမ်မှာပါ အံဝင်ခွင်ကျ မဖြစ်ခဲ့ဘဲ အထီးကျန်ခြင်းကသာ သူမ၏ အဖော်ဖြစ်ခဲ့သည်။ ဘာကြောင့် အသက်ရှင်နေရသည်ကိုလည်း မသိခဲ့ပေ။

တစ်နှစ်ကြာသောအခါ၌ ဖေဖေယွမ်သည် ခရီးဆောင်အိတ်ကို ပစ်ချပေးလာပြီး ဒေါသတကြီးဖြင့် ပြောလာခဲ့၏။

"မင်းက ယွမ်မိသားစုဝင် မဟုတ်ဘူး"

ထိုသို့ ပြောလိုက်ချိန်တွင် သူမ ရင်ထဲ၌ အံ့ဩခြင်းမရှိဘဲ သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရသည်။

"ဟုတ်တာပေါ့... သမီးတို့က မိသားစုမှ မဟုတ်ကြတာကိုး"

လူသတ်သမားဟုပြောကာ ဖမ်းခေါ်ခံရချိန်တွင်လည်း ယွမ်လော့ရီမှာ မခုခံခဲ့သလို ‌မျက်ရည်လည်း တစ်စက်မှ မကျခဲ့ချေ။

သူမ၏ အိမ်မှာ ပျောက်ဆုံးသွားခဲ့ရပြီး ရခဲ့ဖူးသည့် ချစ်ခြင်းမေတ္တာများမှာလည်း အတုအယောင်တွေချည်းပင်။

ဤလောကကြီးတွင် သူမ ရှိနေခြင်းက အဓိပ္ပာယ်မရှိပေ။ မည်သူမှလည်း သူမ တည်ရှိခြင်းအပေါ် ဂရုမစိုက်ချေ။

သူမ ကိုယ်တိုင်ပင် ဂရုမစိုက်နိုင်ခဲ့ပေ။

သို့သော် သူမ မှားသွားခဲ့သည်။

သူမ အကျဉ်းချခံရပြီးနောက် ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံခဲ့ရသည်။

"ဟယ်လို ဒါ ယွမ်လော့ရီ လား”

အစ်ကိုကြီး ယွမ်အောင်း၏ အသံပင်။ အံ့ဩမှုကြောင့် သူမ စကားမပြောနိုင်ဖြစ်နေခဲ့၏။

ငါက ယွမ်မိသားစုဝင် မဟုတ်တော့တာ သိနေပြီကို သူ ဘာလို့ ဖုန်းဆက်တာလဲ။

"ဒါ ကိုကို့ အမှားတွေပါ"

ယွမ်အောင်းက နူးညံ့စွာ ပြောလာသည်။

“အမြဲတမ်း နူးညံ့တဲ့ကလေးလေး၊ နူးညံ့တဲ့ကလေးတွေက အလွယ်တကူ ထိခိုက်ခံရတယ် ကိုကိုက မင်း‌ကို ကောင်းကောင်း မကာကွယ်နိုင်ခဲ့ဘူး”

ယွမ်လော့ရီ၏ ရင်ထဲတွင် တင်းကျပ်လာခဲ့၏။

"သမီးက ယွမ်မိသားစုဝင် မဟုတ်တော့ဘူး”

"ကိုကို သိတယ်"

သူက တည်ငြိမ်စွာ ပြန်ဖြေသည်။

"အဲမှာ ဘယ်လိုလဲ သူတို့ ညီမလေးကို တစ်ခုခု လုပ်ခဲ့သေးလား”

"သူတို့ သမီးကို သေဒဏ်ချပြီး ပိတ်ထားတယ်”

အစ်ကိုကြီး၏ အသံမှာ ပိုမို တင်းမာသွားခဲ့သည်။

"ကိုကိုတို့ အကုန်လုံး မနက်ဖြန် ရောက်အောင် ပြန်လာမယ်၊ လက်မှတ်တွေ ဝယ်ပြီးပြီ ကိုကိုတို့က ညီမလေး အပြစ်ကင်းတယ်ဆိုတာ ယုံကြည်တယ်"

ယွမ်လော့ရီမှာ လည်ချောင်းထဲတွင် တစ်ဆို့သွားပြီး ပြန်ဖြေလိုက်၏။

"ဟုတ်"

"ခဏလေးတော့ သည်းခံထားမယ်မလား ဟင်”

"အွန်း”

"ကိုကို ညီမလေးကို စကားအများကြီး ဆက်မပြောနိုင်တဲ့အတွက် တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး လက်မလျှော့လိုက်ပါနဲ့ ကိုကိုတို့ ညီမလေးကို သေချာပေါက် အိမ် ပြန်ခေါ်သွားပေးမယ်နော် မကြောက်နဲ့”

"ဟုတ် သမီး ထပ်ပြီး လက်မလျော့တော့ပါဘူး"

ဖုန်းလိုင်း ပြတ်သွားသည်နှင့် သူမ ပါးပြင်ပေါ်၌ မျက်ရည်ပူများ စီးကျလာသည်။ သူမ၏ အသက်မဲ့နေသော မျက်ဝန်းထဲတွင် အလင်းရောင်လေးတစ်ခု ပြန်ပေါ်လာခဲ့လေ၏။

တစ်စုံတစ်ရာက သူမအား အသက်ရှင်စေချင်နေခဲ့ပြီး ကြိုးကွင်းမှာ သူမ လည်ပင်းကို တင်းကျပ်စွာ ပတ်လာချိန်တွင် ယွမ်လော့ရီ အပြင်းအထန် ရုန်းကန်ခဲ့သည်။

အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် ကိုယ်တွင်းအင်္ဂါများ နာကျင်ခဲ့ရသော်လည်း သူမ လက်မလျှော့ခဲ့ပေ။

နောက်ထပ် အချိန်ခဏသာ ရုန်းကန်နိုင်လျှင် သူမ၏ အစ်ကိုများ ရောက်လာတော့မည်။ သူမ ပြန်သွားရန် အိမ်တစ်လုံး ရှိနေသေးသည်မဟုတ်‌ပေလား။

တစ်ချိန်က အစ်ကိုများအား ရှောင်နေခဲ့ခြင်းကြောင့် သူမ စိတ်ဓာတ်ကျ နေချိန်တိုင်းတွင် သူတို့၏ ဂရုစိုက်ပေးတတ်မှုနှင့် အချစ်များကို ယွမ်လော့ရီ သတိမထားမိခဲ့ချေ။

အစ်ကိုကြီးမှ တံခါးဝမှာ ချိုချဉ် ချန်ထားခဲ့ခြင်းမျိုး၊ ဒုတိယ အစ်ကိုမှ အရုပ်များအား လျှို့ဝှက်၍ ပေးခြင်းမျိုး၊ တတိယအစ်ကိုမှ ပြတင်းပေါက်အပြင်မှတစ်ဆင့် အခန်းထဲသို့ကြည့်၍ စိုးရိမ်နေခဲ့ခြင်းမျိုး၊ စတုတ္ထအစ်ကိုမှ အားပေးစကားမှတ်စုလေးများ ချန်ထားပေးခဲ့ခြင်းမျိုးနှင့် ပဉ္စမအစ်ကိုမှ အကြိုက်ဆုံးပစ္စည်းများအား ပေးခဲ့ခြင်းမျိုးများကို သူမ မမြင်ခဲ့ပေ။

ဤ ဖုန်းခေါ်ဆိုမှုအပြီးတွင် သူမ၌ ဝမ်းနည်းပူဆွေးမှု၊ နောင်တရမှုတို့နှင့်အတူ ချစ်ခြင်းမေတ္တာအား ခံစားရသော ပျော်ရွှင်မှု များကြောင့် ထိန်းမနိုင်အောင် ငိုကြွေးခဲ့ရသည်။ ထိုအချစ်ကပင် သူမအား မယုံနိုင်လောက်အောင် ခွန်အား ပေးခဲ့ခြင်းပင်။

အဆုံးမရှိသည့် မှောင်မိုက်ခြင်းထဲမှ အမျိုးသမီးသံစက်ရုပ်အသံက ပဲ့တင်ထပ်လာသည်။

"သေဆုံးသူကို ပြန်အသက်သွင်းလို့ မရနိုင်ဘူး၊ မင်းရဲ့ သေဆုံးမှုက သူတို့ကို ရူးသွပ်သွားစေမယ့် အစပျိုးခြင်း ဖြစ်လိမ့်မယ်၊ သူတို့က လူအများကြီးကို သတ်ခဲ့ပြီး နောက်ဆုံးမှာ သူတို့ကိုယ်တိုင် ပျက်စီးသွားလိမ့်မယ်၊ ဒါက ဒီကမ္ဘာရဲ့ အချိန်စက်ဝန်းမှာ သူတို့ရဲ့ အဆုံးသတ်ပဲ မတူညီတဲ့ ဆုတောင်းတစ်ခု ပြုပါ”

ယွမ်လော့ရီမှ တောင်းဆိုလိုက်၏။

"ကျွန်မရဲ့ ဆုတောင်းက တစ်ခုတည်းပါ၊ လူတိုင်းကို ကယ်တင်ဖို့ ဘယ်လိုလုပ်ရမလဲ ပြောပြပါ”

"မင်း အချိန်စက်ဝန်းကို ပြောင်းလဲရမယ်"

"အဲဒါက ဘာကို ဆိုလိုတာလဲ"

"မင်း အတိတ်မှာ အကြိမ်ပေါင်းများစွာ ပြန်မွေးဖွားရမယ် ဇာတ်ကြောင်းကို တဖြည်းဖြည်း ပြောင်းလဲပြီး လုံးဝအသစ်ဖြစ်တဲ့ အချိန်စက်ဝန်းတစ်ခုကို ဖန်တီးရမယ်၊ တာဝန် ပြီးမြောက်ပြီးတဲ့အခါကျရင် စနစ်က မင်းရဲ့ဆုတောင်းကို အသုံးပြုလိုက်ရင် လူတိုင်း လွတ်မြောက်သွားလိမ့်မယ်"

"ကျွန်မ ဘယ်နှစ်ကြိမ် ပြန်မွေးဖွားရမှာလဲ"

"၉၉ ကြိမ်"

"အဲဒါက ဘယ်နှစ်နှစ် ကြာမလဲ"

"နှစ်ပေါင်း ၁၈၀၀"

"ကောင်းပြီ ကျွန်မကို အတိတ်ဆီ ပြန်ပို့ပေးပါ”

ယွမ်လော့ရီက စိတ်ပိုင်းဖြတ်ပြီး ပြောလိုက်သည်။

" ၉၉ ကြိမ် တောင် သေရမှာနော် သေချာရဲ့လား”

"ကျွန်မ သေချာတယ် ထပ်ခါတလဲလဲ သေတာကို ခံစားရရင်တောင် ကျွန်မ ဆက်ကြိုးစားသွားမှာ”

[ဒင်!]

စနစ်မှာ အသက်ဝင်လာခဲ့ပြီး အောက်တွင် အဆုံးမရှိသော ဆင်းရဲဒုက္ခများနှင့် ငရဲကဲ့သို့ လည်ပတ်မှုများ ရှိနေသော်လည်း ယွမ်လော့ရီမှာ အတောင်ကျိုးနေသော ငှက်ကလေးကဲ့သို့ တွန့်ဆုတ်ခြင်း မရှိဘဲ ခုန်ဆင်းသွားခဲ့သည်။

အတိတ်ကာလရှိ အဝေးတစ်နေရာတွင် မွေးကင်းစ မိန်းကလေးတစ်ဦး၏ ငိုသံမှာ ပဲ့တင်ထပ်လာ၏။

မှတ်ဉာဏ်အပိုင်းအစများ အဆုံးသတ်သွားခဲ့ပြီး အချိန်စက်ဝန်း အသစ်သို့ ပြန်ရောက်လာလေသည်။

သန့်စင်ခန်းထဲရှိ ရေကျသံမှာ ငြိမ်သက်နေ၏။

၁၁ နှစ်အရွယ် ယွမ်လော့ရီသည် မှန်ထဲရှိ သူ့ပုံရိပ်ကို ငေးကြည့်နေရင်းဖြင့် တွေးလိုက်သည်။

ခေါင်းကိုက်နေတာတောင် မခံစားရတော့သလိုပဲ။

"ဒုန်း ဒုန်း ဒုန်း..."

နှလုံးက မှန်မှန် ခုန်နေတာပဲ ဘာကမှ ထပ်ပြီး တုန်လှုပ်စေတော့မှာ မဟုတ်တော့ဘူး။

ထို အမှတ်ရစရာအပိုင်းအစများက သူမအား အရေးအကြီးဆုံးအရာဖြစ်သည့် သတ္တိကို ပေးခဲ့သည်။

ပညာပြိုင်ပွဲလေးတစ်ခုပဲဟာ ကြောက်စရာ ဘာရှိလို့လဲ၊ ငါ နှစ်ပေါင်း ထောင့်ရှစ်ရာတောင် ပြင်ဆင်လာခဲ့တာပဲဟာ။

သူမ အရမ်းပျော်နေသည်။

ဒါဟာ နောက်ဆုံးအနေဖြင့် ပြန်လည်မွေးဖွားခြင်း ကမ္ဘာသစ် ဖြစ်ပြီး စနစ်၏ အမြင့်ဆုံးအဆင့်ရောက်လျှင် အားလုံးကို ကယ်တင်နိုင်လိမ့်မည်။

သူမ၏ ရေစိုနေသော လက်များကို သုတ်လိုက်ပြီးနောက် ပြိုင်ပွဲကျင်းပရာနေရာသို့ ပြန်လာခဲ့လိုက်၏။

ပရိသတ်များ၏ အော်ဟစ်သံများကြားမှ သူမ အစ်ကိုများကို လှမ်းမြင်လိုက်ရသည်။

သူမ၏ အစ်ကိုကြီး ယွမ်အောင်းမှာ မျက်မှောင်ကြုတ်၍ ပရိသတ်များကြားတွင် ထိုင်နေပြီး ယွမ်လော့ရီ ပြန်လာမည့်အရေးကို စောင့်မျှော်နေခဲ့၏။

သူမ၏ ဒုတိယအစ်ကို ယွမ်ဖာ့မှာ ပေါက်ပေါက်ဆုပ်အိတ်ကို ကိုင်ထားသော်လည်း တစ်ချက်မှ မစားရသေးပေ။ မုန့်က အရသာရှိသောကြောင့် ယွမ်လော့ရီ အတွက် ချန်ထားခဲ့ခြင်းဖြစ်၏။

သူမ၏ တတိယအစ်ကို ယွမ်ရုံ ကို မတွေ့ရသော်လည်း သူသည် လူမမြင်နိုင်သော တစ်နေရာရာမှ ကြည့်နေမည်ဖြစ်ကြောင်း ယွမ်လော့ရီ သိသည်။

စတုတ္ထအစ်ကို ယွမ်စစ်မှာ အထူးဧည့်သည်တော် ဖြစ်သဖြင့် ဘေးရှိလူများနှင့် စကားပြောနေရသော်လည်း စိတ်က သူမထံ ရောက်နေ၏။

သူမ၏ ပဉ္စမအစ်ကို ယွမ်ကျွင်းမှာ မေးခွန်းထုတ်သူများထဲမှ တစ်ဦးပင်။ ပဉ္စမအစ်ကိုမှာ လူအများကြီးနှင့် နေရသည်ကို မကြိုက်သော်လည်း သူမအတွက် သည်းခံနေသည်ကို မြင်ရသည်။

နှစ်ပေါင်းတစ်ထောင်ကျော် ဖြတ်ကျော်ခဲ့ပြီးနောက် သူတို့နှင့် ပြန်ဆုံရသည်မှာ အမှန်တကယ် အံ့ဩစရာကောင်း၏။

ယွမ်လော့ရီသည် ထိုင်ခုံတွင် ပြန်ထိုင်လိုက်ချိန် အေးစက်နေသော ခုံတန်းလျားကို သတိမထားမိတော့ပေ။

သူမ၏ အဖြေ မှန်ကန်ကြောင်း သိနေသောကြောင့် စိတ်ရှည်ရှည်နှင့် အလှည့်အပြောင်းကိုသာ စောင့်ဆိုင်းနေ လိုက်သည်။

အသိပညာပြိုင်ပွဲ၏ နောက်ဆုံးမေးခွန်းသို့ ရောက်ရှိလာပြီး ထုံးစံအတိုင်း စုရွှင်းမှာ မှန်ကန်စွာ ထပ်မံဖြေဆိုခဲ့ပြီး screen ပေါ်မှ မှတ်ချက်များမှာ သူမအား ချီးကျူးဂုဏ်ပြုနေကြဆဲပင်။

ပြိုင်ပွဲ၏ နောက်ဆုံးမေးခွန်းကို စုရွှင်းက မှန်ကန်စွာ ဖြေဆိုလိုက်ချိန်တွင် အစီအစဉ်တင်ဆက်သူ နာ့လန်မှ ကြေညာလိုက်သည်။

"စုရွှင်းရဲ့ နောက်ဆုံးရမှတ်က ၉၀ပဲ ဖြစ်ပါတယ်ရှင့်”

စုရွှင်း၏ မျက်နှာမှာ မပြုံးနိုင်တော့ပေ။

“ဘာလို့ ၁၀၀ မဟုတ်တာလဲ"

“ဘာကြောင့်လဲဆိုတော့ ပြိုင်ပွဲက မပြီးသေးလို့ပါ”

ထို့နောက် မီးများမှာ ယွမ်လော့ရီထံသို့ ရုတ်တရက် ကျရောက်လာသည်။

ပရိသတ်အားလုံး၏ အကြည့်များ သူမထံ စုပြုံ၍ ရောက်လာ၏။

"အမှန်တရားကို ထိန်းသိမ်းတယ်ဆိုတာ သတ္တိရှိဖို့ လိုသေးတယ် အထူးဆုကြေးကို ရရှိခဲ့တဲ့ ယွမ်လော့ရီအတွက် ဂုဏ်ယူပါတယ်ရှင့်၊ သူ ဗိုလ်လုပွဲကို တိုက်ရိုက် တက်ရောက်ခွင့်ရသွားပါပြီ”

All Chapters