← Chapters

အခန်း (၄၀)

Vol. 4 Ch. 40

အခန်း (၄၀)

Vol. 4 Ch. 40

ပရိသတ်များသည် ဝမ်းသာအားရဖြင့် "ယွမ်လော့ရီ" ဟု ရေးထားသော ဆိုင်းဘုတ်များကို စိတ်လှုပ်ရှားစွာ မြှောက်၍ ပျော်ရွှင်ကာ အော်ဟစ် အားပေးနေကြသည်။

"ညီမလေးလော့ရီ ပြန်လာပြီ”

"ဒီလို ပြောင်းလဲသွားမယ်လို့ ငါထင်ခဲ့သားပဲ”

"အား သူ ဘယ်လောက်တောင် တည်ငြိမ်လိုက်သလဲ အကုန်လုံးက သူ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်သွားတာ”

အခြား ပရိသတ်များမှာ ဘာဖြစ်နေသည်ကို နားမလည်သော်လည်း ယွမ်လော့ရီကို ကြည့်၍ တီးတိုး ပြောဆိုဆွေးနွေးနေကြသည်။

ယွမ်ညီအစ်ကို ငါးယောက်မှာမူ တည်ငြိမ်နေဆဲပင်။ သူတို့၏ ဉာဏ်ရည်မှာ သာမန်လူများထက် သာလွန်သောကြောင့် အသိပညာပြိုင်ပွဲသည် သူတို့အတွက် လွယ်ကူလွန်းသည်။ ယွမ်လော့ရီ မှန်ကန်သည်ကိုလည်း သူတို့ အစကတည်းက သိနေခဲ့ကြ၏။

စင်ပေါ်သို့ တတ်လာသော ယွမ်လော့ရီမှာ စုရွှင်း နှင့် မျက်နှာချင်းဆိုင်တွင်ရှိသော သူမ၏ မူလ နေရာတွင် ဝင်ထိုင်လိုက်၏။ အခြားမီးရောင်များ မှိန်သွားခဲ့ပြီး သူတို့နှစ်ဦးအပေါ်တွင်သာ မီးရောင်နှစ်ခု ရှိနေသည်။

သူတို့နှစ်ဦးမှာ လှောင်အိမ်ထဲမှ သားရဲတိရစ္ဆာန်များကဲ့သို့ တစ်ဦးကိုယ်တစ်ဦး စိုက်ကြည့်နေကြပြီး တစ်ဖက်လူကို ဖယ်ရှားပြစ်ချင်နေကြ၏။

သူတို့နှစ်ဦးတွင် အတိတ်၌ မကျေနပ်ချက်များရှိခဲ့ကြ၏။ ယွမ်လော့ရီအား အတန်းဖော်များမှ ဝိုင်းပယ်ထားရခြင်း အကြောင်းမှာ စုရွှင်း၏ သွေးထိုးလှုံ့ဆော်မှုများကြောင့်ပင်။

အစီအစဉ်တင်ဆက်သူ နာ့လန်က ပြောလိုက်သည်။

“ယွမ်လော့ရီ ပြိုင်ပွဲအစတုန်းက ရွေးချယ်စရာ အဖြေမှန် မရှိဘူးလို့ မင်း ပြောခဲ့တယ်နော် ဆိုတော့ အဖြေမှန်ကို ရေးပြနိုင်မလား"

“ဟုတ်"

သင်္ချာပညာရှင်ကြီး တစ်ဦး၏ သင်ကြားမှုများကို ပြန်လည်အမှတ်ရရင်းဖြင့် ယွမ်လော့ရီသည် screen ပေါ်တွင် လျင်မြန်စွာ တွက်ပြလိုက်၏။ ရိုးရှင်းသော ပန်ဂျူလမ် ဖော်မြူလာ၏ အဓိကအချက်မှာ ဘဲဥပုံ ကဲကုလပ် (elliptic calculus) ဖြစ်ပြီး ရှုပ်ထွေးမှုများကို ဖြည်ချကာ တစ်ဆင့်ပြီးတစ်ဆင့် တွက်ချက်သွားခဲ့သည်။

ပရိသတ်များက အစပိုင်းတွင် အံ့ဩနေကြပြီး ထို့နောက် စိတ်ဝင်စားလာကာ နောက်ဆုံးတွင် ယွမ်လော့ရီသည် ရိုးရှင်းသော ပန်ဂျူလမ် လည်ပတ်ချိန် ဖော်မြူလာကို ရေးချလိုက်သောအခါ၌ တုန်လှုပ်သွားကြ၏။

T=4t=4√(L/g)*K(sinα/2)^20

နာ့လန်မှာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"မှန်ပါတယ်ရှင့်၊ ရိုးရှင်းတဲ့ ပန်ဂျူလမ် လည်ပတ်ချိန် ဖော်မြူလာမှာ ပုံစံနှစ်မျိုးရှိပါတယ်၊ တစ်မျိုးက T=2π√(L/g) ဆိုတဲ့ ခန့်မှန်းခြေ ဖော်မြူလာ ဖြစ်ပြီး ၁၀ ဒီဂရီအောက် ထောင့်တွေအတွက် အသုံးပြုနိုင်ပါတယ်၊ ဒါက အထက်တန်းကျောင်းက အသိပညာဖြစ်ပြီး အစီအစဉ်ရဲ့ 'အခြေခံ ရူပဗေဒ A' ပါဝင်တဲ့ အကြောင်းအရာတစ်ခုပါ"

"နောက်တစ်မျိုးကတော့ T=4t=4√(L/g)*K(sinα/2)^2 ဖြစ်ပြီး ဘယ် အကျယ်အဝန်းအတွက်မဆို လည်ပတ်ချိန်ကို တွက်ချက်နိုင်ပါတယ်၊ တက္ကသိုလ်အဆင့် ကဲကုလပ် မှာ ဒီဖော်မြူလာကို သင်ကြားပေးပါတယ်ရှင့်"

"ကျောင်းသုံးစာအုပ်တွေကို မေးခွန်းထုတ်တဲ့သူ ဆိုတာ ရှားပါတယ် ဒါပေမဲ့ ယွမ်လော့ရီ ကတော့ မေးခွန်းထုတ်ခဲ့တယ်၊ အဖြေမှန်မရှိတော့လည်း သူက ရဲရဲဝံ့ဝံ့နဲ့ သူ့ရဲ့ ထင်မြင်ချက်ကို ထုတ်ဖော်ခဲ့ပါတယ်”

ခန်းမတစ်ခုလုံးတွင် မိုးခြိမ်းသံကဲ့သို့သော လက်ခုပ်သံများ ထွက်ပေါ်လာပြီး မှတ်ချက်များလည်း ရေကဲ့သို့ လွှမ်းမိုးလာသည်။

[ဘုရားရေ ၁၁ နှစ်အရွယ် ကောင်မလေးက ကဲကုလပ် သုံးပြီး ဖော်မြူလာကို တွက်လိုက်တာတဲ့လား]

[ဝိုး အဆင့်မြင့် သင်္ချာက ငါ့ရဲ့ တက္ကသိုလ်တုန်းက အိမ်မက်ဆိုးပဲ၊ အဲဘာသာရပ်ကို နှစ်တစ်ဝက်နီးပါး ကျခဲ့တာ]

[အခုကစပြီး ငါတော့ လော့ရီရဲ့ ပရိသတ်ပဲလုပ်တော့မယ်၊ ဘယ်လောက် ရဲရင့်ပြီး ချစ်စရာကောင်းတဲ့ ကောင်မလေးလဲ]

မေးခွန်းထုတ်သူများမှာလည်း အံ့အားသင့်နေခဲ့ကြ၏။ သူတို့သည် စစ်မှန်၊ ရိုးရှင်းသော ပန်ဂျူလမ် ဖော်မြူလာကို မည်သည့်ကျောင်းသားမှ သိလိမ့်မည် မဟုတ်ဟု ယခင်က ပြောခဲ့ကြသော်လည်း ယခုအခါ၌ ယွမ်လော့ရီမှာ သိရုံသာမက ကဲကုလပ်ကိုပင် သုံး၍ တိုက်ရိုက် တွက်ပြခဲ့သည်။

တက္ကသိုလ် ပါမောက္ခတစ်ဦးမှာ ယွမ်ကျွင်းထံ ချဉ်းကပ်လာပြီးနောက် မေးလိုက်သည်။

"ပါမောက္ခယွမ် အဲဒါ ခင်ဗျားရဲ့ ညီမလေး မဟုတ်လား ခင်ဗျား သူ့ကို အဆင့်မြင့် သင်္ချာ သင်ပေးဖူးလား"

ယွမ်ကျွင်းသည် လူများနှင့် နီးနီးကပ်ကပ်နေရသည်ကို မနှစ်သက်သောကြောင့် စက်ဆုပ်စွာ နောက်ဆုတ်လိုက်သော်လည်း ထိုသူက သူ့ညီမလေး ကို ချီးမွမ်းနေသောကြောင့် သည်းခံလိုက်ရ၏။

"ကျွန်တော် မသင်ပေးဖူးပါဘူး၊ ကျွန်တော်တို့ အမေကလည်း ကျူရှင်ဆရာမ မငှားခဲ့ဘူး သူ့ဘာသာ လေ့လာတာ ဖြစ်ရမယ်"

ပါမောက္ခများမှာ ဆက်လက် ချီးကျူးနေကြပြီး ယွမ်လော့ရီအား တောက်ပသော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။

အဆင့်မြင့် သင်္ချာကို ကိုယ်တိုင်လေ့လာခဲ့တယ်တဲ့လား။

ယွမ်မိသားစုရဲ့ ကလေးဆိုတာ အံ့သြစရာမရှိဘူး။ စရိုက်ကလည်း ကောင်းပုံရတယ်။ ဘယ်လောက်တောင် ထူးချွန်တဲ့ ကလေးလေးလဲ။ အနာဂတ်မှာ သူတို့ကျောင်းကို ကျိန်းသေ ပြောင်းလာစေချင်တယ်။

နာ့လန်သည် စင်မြင့်အလယ်သို့ လျှောက်လာပြီးနောက် ပြောလိုက်သည်။

"ဆုကြေးအနေနဲ့ ယွမ်လော့ရီက အမှတ် ၉၀ တန်း ရရှိသွားပါတယ်ရှင့်”

"သူက စုရွှင်း နဲ့ အတူ နောက်ဆုံး ဗိုလ်လုပွဲအတွက် ယှဉ်ပြိုင်ရမှာပါ၊ ပြိုင်ပွဲပုံစံက Buzzer နှိပ်ပြီး ဖြေရမှာပါ စုစုပေါင်း မေးခွန်းဆယ်ခုရှိပြီး တစ်ပုဒ်မှန်ရင် တစ်မှတ်စီ ရရှိမှာပါ၊ ငါးမိနစ်အတွင်း စပါမယ် အသင့်ပြင်ဆင်ထားကြပါ”

[ T/N - buzzer ကို မြင်အောင်ပြောရရင်တော့ quest to million အစီအစဉ်မှာ နှိပ်တဲ့ဟာ၊ မသိရင် မိသားစုပြိုင်ပွဲမှာ နှိပ်ရတဲ့ ခလုတ်ကိုမှ သူက အဖြေမှန်ပါတယ်]

စုရွှင်းမှာ အနည်းငယ် စိတ်လှုပ်ရှားနေပုံရပြီး လက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း တစ်ခုခုကို အလွတ်ကျက်နေသကဲ့သို့ အာရုံစိုက်၍ ကြည့်နေ၏။

ယွမ်လော့ရီမှာမူ တည်ငြိမ်အေးဆေးစွာ ရှိနေသည်။ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် သူမ၏ အစ်ကိုများထံ စိုက်ကြည့်လိုက်၏။

နောက်ဆုံးတော့ ဒီနေ့ကို ရောက်လာခဲ့ပြီ။

ငါ နိုင်မှ ဖြစ်မယ်။

လူတိုင်း၏ ဆိုးရွားသော ကံကြမ္မာကို သူမ ပြောင်းလဲပစ်ရမည်။

[ဒင် စနစ်- သတိပေးချက် ပျင်းရိခြင်းပုံစံမှ အလေးအနက်ထားခြင်းပုံစံသို့ ပြောင်းလဲသွားပါပြီ၊ host မကြာမီ အနားယူဖို့ လိုအပ်ပါတယ်]

ယွမ်လော့ရီသည် သတိပေးချက်ကို လျစ်လျူရှုလိုက်၏။

မှတ်ဉာဏ်အပိုင်းအစများမှာ သူမ၏ မျက်လုံးများရှေ့တွင် ဆက်လက် ထွက်ပေါ်နေသည်။ ဤပြိုင်ပွဲတွင် အနိုင်ရရန်အတွက် သူမ ယခင်ဘဝမှ စုဆောင်းထားသော မှတ်ဉာဏ်များကို အသုံးပြုရပေမည်။

နောက်ခံတေးဂီတမှာ တင်းမာသော အချိန်ရေတွက်သံသို့ ပြောင်းလဲသွားပြီး screen မှာပြောင်းလဲသွားလေ၏။

နာ့လန်မှ ကြေညာလိုက်သည်။

"အချိန်စေ့ပါပြီမလို့ ပြိုင်ပွဲ စတင်ပါပြီရှင့်”

"ပထမမေးခွန်း၊ မြောက်ပိုင်း ဝေ့မင်းဆက်သည် မည်သည့် ဧကရာဇ်မင်းလက်ထက်တွင် မြို့တော်ကို မည်သည့်မြို့သို့ ရွှေ့ပြောင်းခဲ့သနည်း”

"A: ချန်အန်း

B: လင်အန်း

C: သန်းယန်

D: လော့ရန်

စုရွှင်း ချီတုံချတုံ ဖြစ်နေချိန်တွင် ယွမ်လော့ရီမှာ ချက်ချင်း D ကို နှိပ်လိုက်သည်။ သူမသည် မင်းဆက်ငါးဆက် ဆယ်ပြည်ထောင်ခေတ်တွင် ပြန်လည်မွေးဖွားခဲ့ဖူးပြီး ထိုခေတ်မှာ ရူးသွပ်သော အုပ်စိုးသူ အများအပြားရှိခဲ့သော ရှုပ်ထွေးသောခေတ်ဖြစ်သည်။ သူမ ဧကရာဇ် ရှောင်ဝမ်နှင့်ပင် တွေ့ဆုံခဲ့ဖူးပြီး ကြေကွဲဖွယ် သေဆုံးခဲ့ရသည်မှာ မှတ်ဉာဏ်ထဲတွင် စွဲထင်နေဆဲပင်။

"ယွမ်လော့ရီရဲ့ အဖြေမှန်ပါတယ်ရှင့် တစ်မှတ် ရပါပြီ”

သူမအား ဂုဏ်ပြုမပြီးခင် မေးခွန်းအသစ်တစ်ခု ပေါ်လာသည်။

"ဒုတိယမေးခွန်း၊ ဥရောပတွင် ဖြစ်ပွားခဲ့သော ပလိပ်ရောဂါ၏ သတ်မှတ် အချိန်ကာလမှာ မည်သည့်အချိန်ဖြစ်သနည်း "

"A: ၁၂၄၈ မှ ၁၃၅၁

B: ၁၃၅၁ မှ ၁၄၄၈

C: ၁၃၄၈ မှ ၁၄၅၁

D: ၁၂၅၁ မှ ၁၃၄၈"

ယွမ်လော့ရီမှာ C ကို နှိပ်လိုက်၏။

ဤ ပလိပ်ရောဂါဆိုးအား သူမ အရမ်း ရင်းနှီးလေသည်။ ဖျားနာခြင်း၏ နာကျင်မှုထက် ရွာသားများမှ သူမအား အရှင်လတ်လတ် မြေမြှုပ်ခြင်း ဝေဒနာမှာ သူမနှင့် ပိုရင်းနှီး၏။

"ယွမ်လော့ရီပဲ အဖြေထပ်မှန်ပါတယ် တစ်မှတ် ထပ်ရပါပြီ”

"တတိယမေးခွန်း ဘရာဇီးနိုင်ငံတွင် ပြည်နယ် မည်မျှရှိသနည်း"

"A: ၂၅

B: ၂၆

C: ၂၇

D: ၂၈"

ယွမ်လော့ရီသည် B ကို နှိပ်လိုက်၏။

ဤအသိပညာမှာ မှတ်ဉာဏ်အပိုင်းအစများမှ ရရှိခြင်းမဟုတ်ဘဲ ပထဝီဆရာမှ အတန်းထဲတွင် သင်ကြားခဲ့ခြင်းပင်။

ခေါင်းကိုက်လာသောကြောင့် ယွမ်လော့ရီမှာ စားပွဲကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားလိုက်ရ၏။ ထိုမှသာ လဲမကျအောင် ထိန်းထားနိုင်ခဲ့သည်။

[ဒင်! စနစ် အသိပေးချက်၊ အလေးအနက်ထားမှု ၂၀% သို့ ရောက်ရှိသွားပါပြီ၊ host မကြာမီ အနားယူဖို့ လိုအပ်ပါတယ်]

အနားယူရမယ်တဲ့လား။

ဒီလို အရေးကြီးနေတဲ့ အချိန်မျိုးမှာ ငါ ဘယ်လိုလုပ် အနားယူနိုင်မှာလဲ။

ယွမ်လော့ရီသည် သူမ အသက်ရှူနှုန်းကို ညှိယူသော်လည်း သူမ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာ ပိုဆိုးလာပြီး တွေးနိုင်စွမ်းလည်း နှေးကွေးလာ၏။

သူမနှင့် မျက်နှာချင်းဆိုင်ရှိ စုရွှင်းမှာ စိတ်ပူပန်စွာဖြင့် မျက်မှောင်ကြုတ်နေသည်။

ယွမ်လော့ရီ၏ တုံ့ပြန်မှုများ ဤမျှ လျင်မြန်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

စုရွှင်း အဖြေများကို မသိမီတွင်ပင် သူမက ဖြေဆိုနေခဲ့ပြီး ဖြစ်သည်။

ယွမ်လော့ရီသည် အစောပိုင်းက အပြင်ခဏ ထွက်သွားခဲ့သော်လည်း ပြန်လာသောအခါ၌ လုံးဝ မတူညီသောသူ တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သူမ၏ မျက်ဝန်း ထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်နေသည်။

စုရွှင်းသာ မလှုပ်ရှားလျှင် ရှုံးပေတော့မည်။

"စတုတ္ထမေးခွန်း နဂါးငွေ့တန်း နဲ့ အနီးဆုံး ဂလက်ဆီက ဘယ်ဟာလဲ"

"A: Canis Major Dwarf

B: Andromeda Galaxy

C: Ursa Minor Dwarf

D: Horse Head Dwarf

ဤတစ်ကြိမ်တွင် ယွမ်လော့ရီမှာ ပုံမှန်မဟုတ်ဘဲ ခလုတ်ကို အမြန်မနှိပ်နိုင်ခဲ့ပေ။

စုရွှင်းက A ကို ပြင်းပြင်းထန်ထန် နှိပ်လိုက်သည်။

သူမမှာ နက္ခတ္တဗေဒ စာအုပ်များစွာ ဖတ်ထားဖူးသည်။ ထိုအသိပညာမှာ စာမေးပွဲအတွက် အသုံးမဝင်သော်လည်း သူမသည် ထိုဘာသာရပ်ကို ချစ်မြတ်နိုးပြီး ရင်းနှီးကျွမ်းဝင်နေသူပင်။

ဒါက သူမ အားသာတဲ့ နေရာပဲ။

"စုရွှင်း အဖြေမှန်ပါတယ်၊ တစ်မှတ် ရပါပြီ”

"ပဉ္စမမေးခွန်း နေစက်များ (sunspots) ရဲ့ ခန့်မှန်းခြေ အပူချိန် ဘယ်လောက်လဲ"

"A: ၃၉၀၀

B: ၄၅၀၀

C: ၅၅၀၀

D: ၅၉၀၀"

စုရွှင်း B ကို နှိပ်လိုက်သည်။

"စုရွှင်း အဖြေမှန်ပါတယ်၊ တစ်မှတ် ထပ်ရပါပြီ”

"ဆဋ္ဌမမေးခွန်း ဆေးဘက်ဆိုင်ရာ ပုံရိပ်ဖော်ခြင်းတွင် အသုံးပြုသော X-rays ၏ လှိုင်းအလျားမှာ ဘယ်လောက်နည်း"

"A: ၀.၀၁ မှ ၁၀၀ အန်းစထရောင်း

B: ၀.၀၅ မှ ၁၀၀ အန်းစထရောင်း

C: ၀.၀၁ မှ ၅၀ အန်းစထရောင်း

D: ၀.၀၅ မှ ၅၀ အန်းစထရောင်း"

စုရွှင်းသည် လက်ကို D ပေါ်သို့ ရိုက်ချလိုက်သည်။

သူမ၏ နှလုံးသား တဒိန်းဒိန်းခုန်နေပြီး စိတ်လှုပ်ရှားနေခဲ့၏။

ဒီမေးခွန်းကို မှန်ရင် ယွမ်လော့ရီနဲ့ အမှတ်တူပြီ၊ ဒီအတိုင်း ဆက်သွားရင် ငါ အနိုင်ရနိုင်တယ်။

Yeah!

ယွမ်လော့ရီမှာ ချမ်းသာသော မိသားစုမှ ဆင်းသက်လာသော ဆိုးသွမ်းသည့် ကောင်မလေးတစ်ယောက်ဖြစ်ပြီး စုရွှင်းမှာမူ ငယ်စဉ်ကတည်းက စည်းကမ်း တင်းကျပ်ခံခဲ့ရ၏။

ပထမနေရာအတွက်ဆိုလျှင် သူမကသာ အခြားလူများထက် ပို၍ ဆင်းရဲဒုက္ခ ခံခဲ့ရသူပင်။

ဒီပွဲမှာ ငါနိုင်မှဖြစ်မယ်။

အစီအစဉ်တင်ဆက်သူ နာ့လန်၏ ကြေညာသံသည် ခန်းမထဲတွင် ပဲ့တင် ထပ်သွားလေ၏။

"စုရွှင်း အဖြေမှန်ပါတယ်၊ တစ်မှတ် ထပ်ရပါပြီ”

All Chapters