အခန်း (၄၁)
Vol. 5 Ch. 41
ယွမ်လော့ရီ၏ ပရိတ်သတ်များမှာ သူမ၏ ပုံမှန် မဟုတ်သည့် အခြေအနေကို သတိပြုမိကြကာ အလွန် စိုးရိမ်နေကြ၏။
“ဘာဖြစ်နေတာလဲ ယွမ်လော့ရီက စုရွှင်းဆီကနေ မေးခွန်းသုံးခုလုံး အကျောခံနေရတယ်”
“သူ့မျက်နှာက ဖြူဖျော့နေတာပဲ”
“အစီအစဥ်တင်ဆက်သူ ကျေးဇူးပြုပြီး ပွဲကို ခဏရပ်ထားပေးပြီး ယှဥ်ပြိုင်သူတွေကို အနားပေးပါဦး”
စင်ပေါ်ရှိ စုရွှင်းမှာ သူတို့ ပြောနေသည်ကို ကြားပြီး လှည့်လာကာ ပရိတ်သတ်များကို ဒေါသတကြီး အော်လိုက်သည်။
“ပါးစပ်ပိတ်ထားကြ”
နောက်တစ်စက္ကန့်၌ စုရွှင်းမှာ သူမ၏ ပညာရှိကာ အထက်တန်းမြင့်သည့် အမျိုးသမီး ပုံစံအား ထိန်းသိမ်းရမည်ကို သတိရသွားခဲ့၏။ သူမက ယွမ်လော့ရီနှင့် ယှဥ်ပြိုင်ရာတွင် အလွန် စိတ်အား ထက်သန်လာခဲ့ပြီး ထိုစိတ်ကြောင့် သူမ၏ အလွယ်တကူ ဒေါသထွက်တတ်သည့် ပုံစံကို ထွက်ပေါ်စေခဲ့သည်။
စုရွှင်း သူမ၏ အမူအယာအား ချက်ချင်း ပြင်လိုက်၏။ သူမ၏ နူးညံ့သိမ်မွေ့၍ ချစ်စရာကောင်းသည့် ပုံစံသို့ ပြန်ပြောင်းကာ တည်ငြိမ်စွာ ပြုံးလိုက်ပြီး ထိုလူထံသို့ ဘာမှမဖြစ်သလို အသဲပုံ ပုံစံပင် လုပ်ပြနေသေးသည်။
အစီအစဉ်တင်ဆက်သူ နာ့လန်မှာ ထိုအသေးအမွှားကိစ္စကို လျစ်လျူရှုလိုက်ကာ အချိန် နည်းနည်းသာ ကျန်တော့သည် ဖြစ်၍ နောက်မေးခွန်အား ကြေညာလိုက်၏။
“မေးခွန်း နံပါတ်ခုနစ်:
ကိန်းပြည့်က n > 2 ဆိုရင် အဖြေတစ်ခုထက် ပိုသော အီကွေးရှင်း x^n + y^n = z^n မှာ ကိန်းပြည့် အီကွေးရှင်း တစ်ခု မဟုတ်ပါ။
အဲဒီ သင်္ချာ ထင်မြင်ယူဆချက်က ဘယ်သူ့ရဲ့ ထင်မြင်ယူဆချက် ဖြစ်ပါသလဲ။
A: Marck၏ထင်မြင်ယူဆချက်
B: Fermat ၏ထင်မြင်ယူဆချက်
C: Richard ၏ ထင်မြင်ယူဆချက်
D: Andrew ၏ ထင်မြင်ယူဆချက်"
ယခုတစ်ခေါက်တွင်တော့ ယွမ်လော့ရီရော စုရွှင်းပါ ခလုတ်ကို ချက်ချင်း မနှိပ်ခဲ့ကြပေ။
သင်္ချာဘာသာရပ်မှာ စုရွှင်း အားသာသည့် ဘာသာရပ် မဟုတ်သောကြောင့် သူမ စားပွဲခုံကို စိတ်လှုပ်ရှားစွာဖြင့် တောက်နေပြီး အဖြေ မြန်မြန်ဖြေရန် လိုအပ်နေသည်။ သူမ နှောင့်နှေးလေလေ ယွမ်လော့ရီက တည်ငြိမ်မှု ရလာရန် အခွင့်အရေး ပိုရှိလေလေ ဖြစ်၏။
စက္ကန့်များမှာ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွားခဲ့သည်။
အဆင်မပြေ ဖြစ်နေပုံ ပေါ်သည့် ယွမ်လော့ရီမှာ ရုတ်တရက် လက်ဆန့်ထုတ်ပြီး Bကို ရွေးလိုက်၏။
“ယွမ်လော့ရီရဲ့ ဖြေဆိုမှုက မှန်ကန်ပါတယ် အမှတ်တစ်မှတ် ရသွားပါပြီ”
ပရိတ်သတ်များက အားပေးလာကြသည်။
“အား ကောင်းလိုက်တာ ယွမ်လော့ရီ အခြေအနေ ပြန်ကောင်းသွားပြီ”
“လုပ်လိုက်တော့ မေးခွန်းသုံးခုပဲ ကျန်တော့တာ မင်းသာ နှစ်ခု မှန်အောင် ဖြေနိုင်ရင် နိုင်ပြီပဲ”
“အောင်မြင်မှုက မင်းအပိုင်ပဲ”
ပရိတ်သတ်များ ကြားထဲရှိ ယွမ်လော့ရီ၏ အကြီးဆုံးအစ်ကို ယွမ်အောင်းမှာ ပို၍ပင် စိုးရိမ်လာခဲ့၏။ ယွမ်လော့ရီကို အမြဲတစေ ကြည့်နေသူဖြစ်၍ အခြားသူများ သတိမထားမိလောက်သော အပြောင်းအလဲများကို သူ သတိထားမိသည်။ ယခုအချိန်တွင် ယွမ်လော့ရီ၏ အမူအယာမှာ များစွာ မပြောင်းလဲသွားသော်လည်း သူမ၏ အသက်ရှူသံမှာ မြန်လာခဲ့၏။
သူမ တော်တော်လေး အဆင်မပြေ ဖြစ်နေလောက်သည်။
ဒုတိယအစ်ကို ယွမ်ဖာ့လည်း ၎င်းကို သတိထားမိလေသည်။ အစက ပြိုင်ပွဲကို သေချာ ကြည့်ကာ ယွမ်လော့ရီကို အလံများ ဝေ့ယမ်းပြီး အားပေးနေခဲ့သော်လည်း ယခုတွင် တိတ်ဆိတ်သွားပြီး သူမကို သေချာ စိုက်ကြည့်နေ၏။
သူမ၏ အစ်ကိုများအနေနှင့် သူတို့ ပြိုင်ပွဲအား ချက်ချင်း ရပ်၍ ယွမ်လော့ရီကို နားစေချင်ကာ သူမ၏ အခြေအနေအား ဆက်တိုက် စူးစမ်းနေလေသည်။
သို့သော် ယွမ်လော့ရီက ယခုပြိုင်ပွဲတွင် အနိုင်ယူဖို့ ဆုံးဖြတ်ထားသည်မှာ သိသာ၏။
သူမ စင်ပေါ်မှာ တောက်ပနိုင်မယ့် အခွင့်အရေးကို သူတို့တွေ ဘယ်လိုလုပ် တားဆီးရဲကြမှာလဲ။
ယွမ်ဖာ့ သက်ပြင်းချကာ ပြောလိုက်သည်။
“အစ်ကိုတစ်ယောက် ဖြစ်ရတာ အရမ်း ခက်ခဲတာပဲ”
ယွမ်အောင်း: “ဟုတ်တယ် ငါတို့တွေက သူ့ကို လုံးဝ လုံခြုံတဲ့ ပတ်ဝန်းကျင်မှာ အမြဲ ထားချင်ပြီး ဘာအန္တရာယ်မှ မတွေ့စေချင်ပေမဲ့လည်း သူ့ရဲ့ လွတ်လပ်မှုကို မပိတ်ပင်ရဲဘူးလေ”
“အဲတာဆို ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”
“နည်းနည်းလောက် စောင့်ကြည့်ရအောင် ပြီးတော့မှာပါ”
စင်ပေါ်ရှိ ယွမ်လော့ရီမှာ မှတ်ဥာဏ် အပိုင်းအစများကို ထပ်ကြည့်လိုက်ခြင်း ဖြစ်၏။ fermat ၏ ထင်မြင်ယူဆချက်မှာ အကြီးမားဆုံး သင်္ချာယူဆချက် သုံးခုထဲမှ တစ်ခု ဖြစ်ပြီး သူမ နောက်မှ လိုက်ခဲ့သည့် ထိုသင်္ချာပညာရှင်အိုကြီးမှာ ၎င်းကို တစ်ဘဝလုံး သုံး၍ ဖြေရှင်းရန် ကြိုးစားခဲ့သော်လည်း ကျရှုံးကာ နောက်ဆုံးတွင် စိတ်ပျက်လက်ပျက်နှင့် သေဆုံးသွားခဲ့သည်။
သူမ နောက်ထပ် တစ်မှတ် ရခဲ့သော်လည်း မှတ်ဥာဏ် အပိုင်းအစများကို မကြာခဏနှင့် အပြင်းအထန် ကြည့်နေခြင်းမှာ သူမ၏ ခေါင်းကို မခံမရပ်နိုင် နာကျင်စေ၏။
[ဒင်– စိတ်အားထက်သန်မှု အဆင့် ငါးဆယ်ရာခိုင်နှုန်း အထိ ရောက်ရှိသွားခဲ့ပါပြီ host ကျေးဇူးပြုပြီး ချက်ချင်း အနားယူပေးပါ]
ဝိုး ငါးဆယ်ရာခိုင်နှုန်းတောင် ရောက်သွားပြီပဲ။ သူမ တော်တော်လေး ဆိုးဆိုးရွားရွား ခံစားနေရပြီး မတ်မတ် မရပ်နိုင်လောက်အောင် ဗိုက်အောင့်နေတာ အံ့ဩစရာ မရှိတော့ဘူး။
တစ်ရာ ရာခိုင်နှုန်း ပြည့်သွားရင် ဘာများဖြစ်မှာလဲ။
သူမ၏ ပဥ္စမအစ်ကို ယွမ်ကျွင်းနှင့် ပြောခဲ့ဖူးသည့် စကားဝိုင်းကို ပြန်တွေးလိုက်သည်။
“တကယ်လို့ လူတစ်ယောက်ရဲ့ ဦးနှောက်ထဲမှာ အချက်အလက်တွေ အပြည့် ထည့်ထားပြီးတော့ အမှိုက်တွေကို မပစ်နိုင်ဘူးဆိုရင် နောက်ဆုံးမှာ ဘာဖြစ်လာမယ်လို့ ထင်လဲ”
“ပေါက်ကွဲသွားမှာလား”
“မှန်တယ် အဲဒါက လေတွေ ပြည့်လွန်းနေတဲ့ ပူဖောင်းလိုမျိုး ဘန်းကနဲ ကွဲသွားပြီး ပုံမှန် အခြေအနေ ပြန်ဖြစ်နိုင်တော့မှာ မဟုတ်ဘူး”
အဲဒါဆို သူမ ဆက်ဖြေနေရင် ဦးနှောက်က ပြန်ပြင်မရအောင် ပျက်စီးသွားတော့မှာပေါ့။
သူမ ကိုးဆယ့်ကိုးခါတောင် သေပြီးပြီပဲ၊ ဘာကြောက်စရာ ရှိသေးလို့လဲ။
ယွမ်လော့ရီ သူမ၏ စိတ်ကို စုစည်းလိုက်ကာ မေးခွန်းကို ဆက်နားထောင်လိုက်သည်။
အစီအစဉ်တင်ဆက်သူ နာ့လန်က ထပ်မေးလာ၏။
“မေးခွန်းနံပါတ် ခုနစ်: ဂျူပီတာဂြိုဟ်ရဲ့ လှည့်ပတ်မှု ကြာချိန်က ဘယ်လောက်လဲ
A: ခြောက်နာရီ ငါးဆယ့်ငါးမိနစ်
B: ခုနစ်နာရီ သုံးဆယ့်သုံးမိနစ်
C: ရှစ်နာရီ သုံးဆယ်သုံးမိနစ်
D: ကိုးနာရီ ငါးဆယ့်ငါးမိနစ်”
စုရွှင်း ခလုတ်ကို နှိပ်လိုက်ပြီး စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
“D: ကိုးနာရီ ငါးဆယ့်ငါးမိနစ် စုစုပေါင်း ၃၅၇၃၀ စက္ကန့်”
ယွမ်လော့ရီက အမှတ်တစ်မှတ်သာ ရသေးသော်လည်း စုရွှင်း၏ စိတ်မှာ မတည်ငြိမ်နိုင်တော့ပေ။ အခြေအနေ ကောင်းနေသော ယွမ်လော့ရီကို အနိုင်ယူရန်မှာ အလွန် ခက်ခဲလှသည်။
သို့သော် ကောင်းကင်ဘုံက သူမကို မျက်နှာသာပေးနေဆဲ ဖြစ်ပြီး နောက်ဆုံးအဆင့်၌ သူမ၏ အားသာချက် ဖြစ်သည့် နက္ခတ်ဗေဒ မေးခွန်းများစွာ ပေါ်လာခဲ့၏။
သူမ လူတိုင်းကို ရှုံးနိမ့်နိုင်သော်လည်း ယွမ်လော့ရီကိုတော့ လုံးဝ မရှုံးနိမ့်နိုင်ပေ။
“စုရွှင်းရဲ့ အဖြေက မှန်ပါတယ် အမှတ်တစ်မှတ် ရသွားပါပြီ”
“မေးခွန်း နံပါတ်ကိုး:
ဘီစီ၂၇၀၀တုန်းက ဘယ်ကြယ်က ဝင်ရိုးစွန်းကြယ်လဲ
A: Alpha Draconis
B: Polaris
C: Vega
D: Deneb"
စုရွှင်း ပြုံးလိုက်မိသည်။ နောက်ထပ် နက္ခတ်ဗေဒ မေးခွန်းပဲ။ အဖြေက Alpha Draconis ပဲ။
သူမ အဖြေ A ထံသို့ လက်လှမ်းလိုက်သော်လည်း မနှိပ်လိုက်နိုင်ခင်မှာပင် အစီအစဉ်တင်ဆက်သူ နာ့လန်က ရုတ်တရက် ထအော်လိုက်သည်။
“ယွမ်လော့ရီရဲ့ ဖြေဆိုမှုက မှန်ကန်ပါတယ်၊ အမှတ်တစ်မှတ် ရသွားပါပြီ”
စုရွှင်း မယုံကြည်နိုင်စွာ မော့ကြည့်လိုက်ရာ ယွမ်လော့ရီက Aခလုတ်ကို နှိပ်ထားသည်အား တွေ့လိုက်ရပြီး သူမတို့ မျက်လုံးချင်း ဆုံသွားကြ၏။
ယွမ်လော့ရီက လက်တစ်ဖက်ဖြင့် သူမ၏ နဖူးကို ကာထားကာ သူမ၏ ခေါင်းမှာ နာကျင်နေပြီး မျက်ရည်များ ဝဲနေသော်လည်း လက်လျော့မည့် အရိပ်အယောင် မရှိပေ။
သူမက ပြုံး၍ ပြောလိုက်၏။
“တကယ်တော့ ငါလည်း နက္ခတ်ဗေဒကို တော်တော်လေး ကြိုက်တယ်လေ”
သူမ အသက်ခြောက်နှစ်တွင် ယွမ်လော့ရီက သူမ၏ တတိယအစ်ကို ယွမ်ရုံထံမှ တောအုပ်ထဲသို့ ဖြားယောင်းပြီး အခေါ်ခံခဲ့ရသည်။ ထိုနေရာ၌ ယုန်သေများ၊ လော့ခ်ကျနေသည့် တံခါးနှင့် ယွမ်ရုံ၏ ရက်စက်ကြမ်းကြုတ်သည့် ဗီဇများ စသော ကြောက်ရွံ့ဖွယ် ကောင်းသည့် အခိုက်အတန့်များ ရှိခဲ့၏။
သို့သော် ပျော်စရာ အချိန်များလည်း ရှိခဲ့သည်။
ထိုနေရာ၌ အင်တာနက် သို့မဟုတ် မီးများ မရှိ၍ သူမတို့မှာ ပြတင်းပေါက်ဘေး၌ လဲလျောင်း၍ ကြယ်များကို ကြည့်နေတတ်၏။ ညကောင်းကင်တစ်လျှောက် နဂါးငွေ့တန်းကြယ်စု တောက်ပနေသော လှပသည့် ညမြင်ကွင်းကို မြို့မှ မမြင်နိုင်ပေ။
ငယ်ရွယ်သေးသည့် ယွမ်ရုံမှာ ဝင်ရိုးစွန်းကြယ်ကို လက်ညှိုးထိုးပြကာ ပြောလာ၏။
“ကောင်းကင်မှာ ကြယ်တွေ မရေတွက်နိုင်အောင် ရှိပေမဲ့ ဒီတစ်ခုကတော့ အထူးခြားဆုံးနဲ့ အတောက်ပဆုံးပဲ မြူတွေ ဆိုင်းနေတဲ့ ပင်လယ်ထဲမှာတောင်မှ မြင်နိုင်တယ်၊ ညီမလေးလိုပဲ အဲဒီကြယ်က လမ်းပျောက်နေတဲ့ လူတွေကို ကမ်းခြေဆီ ပြန်ခေါ်သွားပေးလိမ့်မယ်၊ ညီမလေးသာ မရှိရင် ကိုကိုတို့တွေ ကိုယ်ကိုယ်ကိုယ် ဆုံးရှုံးသွားပြီး ခံစားနေကြရလောက်ပြီ”
အကယ်တင်ခံလိုက်ရကာ ယွမ်မိသားစုထံသို့ ပြန်ရောက်ပြီးနောက် ငယ်ရွယ်သေးသည့် ယွမ်လော့ရီမှာ စူးစမ်းချင်စိတ်ကြောင့် မြောက်ဝင်ရိုးစွန်းကြယ် အကြောင်းကို တက်ကြွစွာ သင်ယူခဲ့သည်။ ဤပြိုင်ပွဲ၌ ထိုပညာကို အသုံးချရလိမ့်မည်ဟု သူမ မထင်ထားခဲ့မိပေ။
ပရိတ်သတ်များမှာ ပီတိဖြစ်ကာ ကျယ်လောင်စွာ အားပေးနေကြ၏။
“ယွမ်လော့ရီ မေးခွန်းတစ်ခုပဲ မှန်အောင် ဖြေနိုင်ရင် နိုင်ပြီ”
“ဒါပေမဲ့ စုရွှင်းသာ နောက်မေးခွန်းတစ်ခုကို မှန်အောင် ဖြေနိုင်ခဲ့ရင် သူတို့တွေ သရေကျသွားမှာ အဲဒါကို ဘယ်လိုလုပ်ကြမလဲ”
“သရေဆို နောက်ထပ် တစ်ချီ ထပ်ရှိလာလိမ့်မယ်”
ယွမ်လော့ရီက အချိန်ပို ပွဲစဉ်ကို မလိုချင်ပေ။ သူမ ပြိုင်ပွဲအား မြန်မြန် အဆုံးသတ်ဖို့ လိုအပ်နေသည်။ သူမ၏ ခေါင်းမှာ နာကျင်နေပြီး ခန္ဓာကိုယ်က အနည်းငယ် ယိမ်းယိုင်ကာ မူးလဲတော့မည့်အတိုင်း အမြင်များမှာလည်း မှုန်ဝါးလာသည်။
သူမ၏ စိတ်အားထက်သန်မှု အဆင့်မှာ ဆက်တိုက်
မြင့်တက်လာခဲ့၏။
75%
80%
85%
သူမ မူးဝေနေချိန်တွင် သူမ၏ မျက်စိထဲ၌ ယခင်ဘဝက သူမအစ်ကိုများ၏ သေဆုံးမှုများ ပေါ်လာခဲ့သည်။ အိမ်မက်ဆိုး တစ်ခုထဲတွင် ပိတ်မိနေသကဲ့သို့ ဆက်တိုက် ပြန်ပေါ်လာနေပြီး မနိုးထနိုင်သည်မှာ ကြောက်စရာကောင်းလွန်း၏။
သို့သော် ကြောက်ရွံ့ခြင်းထက် နောင်တရခြင်းက ပိုသည်။
ဘာဖြစ်လို့ သူမ သူတို့ကို ရှောင်နေမိတာလဲ။ ဘာလို့ သူမကိုယ်သူမ အဝေးကို တွန်းပို့နေတာလဲ။ ဘာလို့ သူမရဲ့ အစ်ကိုတွေနဲ့ စောစော မသင့်မြတ်ခဲ့တာလဲ။
သူတို့ သေဆုံးသွားပြီးမှသာ သူတို့ သူမကို အမြဲတမ်း ချစ်ခဲ့ကြောင်းကို သဘောပေါက်သွားခဲ့၏။ သို့သော် နောက်ကျသွားခဲ့လေပြီ။
ထို့ကြောင့် တစ်ရာ ရာခိုင်နှုန်း မရောက်ခင်အထိ သူမ ဆက်ယှဥ်ပြိုင်နေဦးမည်။
သူမကိုယ်တိုင် ဖန်တီးခဲ့သည့် ဤအိမ်မက်ဆိုးကို သူမကိုယ်တိုင် အဆုံးသတ်ရမည်။
နာ့လန်က ကျယ်လောင်စွာ အော်လိုက်ပြီး သူမ၏ အသံမှာ ကြည်လင်နေ၏။
“ဒီအသိပညာ ပြိုင်ပွဲကြီးရဲ့ နောက်ဆုံး မေးခွန်းကို ရောက်ရှိလာခဲ့ပါပြီ၊ အာရုံစိုက်ထားကြပါ ပြိုင်ပွဲဝင်တို့”
“မေးခွန်းနံပါတ်တစ်ဆယ်:
အောင်နိုင်ခြင်းနဲ့ ရှုံးနိမ့်ခြင်းတို့က စိတ်လှုပ်ရှားမှုနဲ့ တည်ငြိမ်မှုအပေါ် မူတည်တယ်၊ ခိုင်မာတဲ့ စိတ်နှလုံးသာ ရှိမယ်ဆိုရင် အရာအားလုံးကို အောင်နိုင်စေလိမ့်မယ်။
ဒီစကားကို ဘယ်သူပြောခဲ့တာလဲ။
“A:ကျိန်းကော်ဖန် B:ကျန်းထိုင်ယန် C:ဝမ်ယန်မင် D:ကျူရှီး”
ဒဿနိကဗေဒမှာ စုရွှင်း အမုန်းဆုံး ဘာသာရပ်ဖြစ်ပြီး သူမ ယင်းကို နားမလည်ပေ။ ဤမေးခွန်း၏ အဖြေကို မသိပါသော်လည်း သူမ မဖြေခဲ့လျှင် ယွမ်လော့ရီ နိုင်သွားမည် ဖြစ်၏။
သူမ အရာအားလုံးကို ကံတရားအပေါ်သာ ပုံအပ်လိုက်တော့မည်။
စုရွှင်း Dကို နှိပ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ယွမ်လော့ရီသည်လည်း ခံနိုင်ရည် ကုန်ဆုံးတော့မည် ဖြစ်၍ အနည်းငယ် ယိမ်းယိုင်လာ၏။
ရေစီးသံကို ကြားနေရပြီး သူမကိုယ်သူမ ဝါးချောင်းရှည်ကြီး ကိုင်၍ အောက်ဘက်အား တွန်းကာ လှေငယ်လေးကို ဟိုဘက် ကမ်းစပ်ထံသို့ တွန်းပို့နေသည်ကို တွေ့လိုက်ရသည်။
လှေပေါ်ရှိ ခရီးသည်က ပြောလာ၏။
“ခိုင်မာတဲ့ စိတ်နှလုံးနဲ့ဆိုရင် မင်း အရာအားလုံးကို အောင်နိုင်လိမ့်မယ်”
သူမ မေးလိုက်သည်။
“ဆရာ့ကို ကြည့်ရတာ အတော်လေး ပညာရှိပုံရတယ်၊ ဘယ်လို အထက်တန်းစား နေရာကနေ လာခဲ့တာပါလဲ”
ထိုအမျိုးသားမှာ ပြုံးပြီး ပြန်ဖြေ၏။
“ငါက ဝမ်ယန်မင်ပါ”
ယွမ်လော့ရီ လက်လှမ်းလိုက်ကာ အဖြေCကို ချိန်ရွယ်ထားပြီး အားနှင့် ဖိချလိုက်သည်။
နာ့လန် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။
“အဖြေမှန်ကို ဖြေနိုင်ခဲ့တဲ့အတွက် ယွမ်လော့ရီကို ဂုဏ်ပြုပါတယ်”
စုရွှင်း ထိုနေရာ၌သာ ကြက်သေသေနေလေသည်။
မီးများ အားလုံး၏ ဦးတည်ရာမှာ လျင်မြန်စွာ ပြောင်းသွားခဲ့ပြီး ယွမ်လော့ရီကို အလင်းပေးနေခဲ့၏။ ခန်းမ တစ်ခုလုံး ဆူညံနေကာ ယွမ်လော့ရီမှာ မိုးခြိမ်းသံကဲ့သို့ အားပေးသံများကို လက်ခံရရှိပြီး သူမလည်း အတော်လေး ပင်ပန်းနွမ်းနယ်နေခဲ့ပြီပင်။
ပရိသတ်များက ပျော်ရွှင်စွာ အော်ဟစ်နေကြသည်။ ဤသည်မှာ ထူးခြားသည့် ဥာဏ်ကြီးရှင် ထိပ်တိုက် တွေ့ဆုံပွဲပင်။
[ဒင် စနစ်သတိပေးချက်– ရိုးသားမှု အမှတ်က သုည ဖြစ်သွားပါပြီ slack mode ကို ပြန်ပြောင်းလိုက်ပါပြီ လွှမ်းမိုးနိုင်မှုက 95%အထိ ရောက်သွားပါပြီ]
[ဒင် အသစ်တင်ပြချက်– လွှမ်းမိုးနိုင်မှု 96% အထိ ရှိသွားပါပြီ]
[97%]
[98%]
[99%]
[100%]
[ဒင် ဆုတောင်းတဲ့ လုပ်ဆောင်ချက် အသက်ဝင်ပါပြီ၊ ကျေးဇူးပြုပြီး ဆုတောင်းပေးပါ host]