အခန်း (၄၂)
Vol. 5 Ch. 42
မရေတွက်နိုင်သော မှတ်ချက်များက ဖန်သားပြင်ပေါ်တွင် ထိန်းချုပ်မရနိုင်သည့် မုန်တိုင်း တစ်ခုကဲ့သို့ ပေါ်လာခဲ့သည်။
“ငါမယုံနိုင်ဘူး အတန်း D က ကောင်မလေး နိုင်သွားတာပေါ့ ဒီလိုဖြစ်မယ်လို့ မထင်ထားခဲ့ဘူး”
“ဒါက အရမ်း စိတ်လှုပ်ရှားစရာ ကောင်းတာပဲ၊ ငါ သူရှုံးတော့မယ်လို့ ခဏခဏ ထင်ခဲ့မိတာ ဒါပေမဲ့ သူက အသာစီး ပြန်ရလာတယ်”
“ငါ မဖြေနိုင်တဲ့ မေးခွန်းတွေ အများကြီးပဲ၊ သူက အလယ်တန်း ကျောင်းသူလေးပဲ ရှိသေးတာကို အကုန်လုံး ကျွမ်းကျွမ်းကျင်ကျင် ဖြေနိုင်ခဲ့တာ အံ့ဩစရာပဲ”
“အရည်အချင်းရော လှပမှုရော…ဒီကောင်မလေးမှာ တောက်ပတဲ့ အနာဂတ် ရှိနေပြီပဲ၊ ငါ ဒီတောက်ပနေတဲ့ ကြယ်ပွင့်လေးအတွက် ကြိုပြီး ရင်းနှီးမြှုပ်နှံလိုက်ပြီ”
“အား ယွမ်လော့ရီ ညီမလေးရေ အစ်မကြီးကို အနမ်းလေး ပေးခွင့် ပေးပါဦး”
ပရိတ်သတ်များမှာ ဤစိတ်လှုပ်ရှားစရာ ပြိုင်ပွဲကြီးအတွင်း ယွမ်လော့ရီက အောက်ဆုံးအဆင့်မှ အနိုင်ရသူအထိ တက်သွားသည်ကို အားပေးနေကြပြီး သူမ၏ သတ္တိနှင့် ဥာဏ်ရည်အား အတော်လေး အထင်ကြီးသွားခဲ့ကြ၏။
ဒါရိုက်တာကျန်းနှင့် အဖွဲ့ဝင်များမှာ အောင်ပွဲခံနေကြပြီး သူတို့၏ ရှိုးအဆင့် သတ်မှတ်ချက်မှာ ထပ်မံ မြင့်တက်သွားခဲ့သည်။ သူတို့က လက်များကို ဝှေ့ယမ်းနေပြီး တစ်ဦးနှင့်တစ်ဦး ဖက်နေကြ၏။ စိတ်ဝင်စားစရာ ရှိုးတစ်ခုတွင် ဆွဲဆောင်နိုင်သည့် ပြိုင်ပွဲဝင်တစ်ဦးလိုပြီး ထိုပြိုင်ပွဲဝင်မှာ ယွမ်လော့ရီပင်။
ရုန်းရင်းဆန်ခတ် ဖြစ်နေသည့် ကြားထဲ၌ ယွမ်လော့ရီမှာ မုန်တိုင်း ဗဟိုချက်ကဲ့သို့ တည်ငြိမ်နေသည်။
သူမ၏ အနောက်ဘက်ရှိ ကြီးမားသည့် ဖန်သားပြင်ပေါ်တွင် မှတ်ချက်များအား ပြသထား၏။ သူမ၏ အရှေ့တွင်တော့ စိတ်လှုပ်ရှားမှု အပြည့်နှင့် လူအုပ်ကြီး ရှိနေသည်။
အဝေးမှ သူမ၏ ပုံရိပ်လေးမှာ သေးငယ်သော်လည်း သက်ရောက်မှုက အံ့မခန်းပင်။
ထိုအခိုက်အတန့်တွင် ယွမ်လော့ရီက သူမ၏ အောင်မြင်မှုကို ပျော်ရွှင်မနေခဲ့ပေ။ ထိုအစား သူမက အဆုံးမရှိသည့် အမှောင်ထုကို စေ့စေ့ကြည့်ကာ နှစ်ပေါင်း ၁၈၀၀ကို ကျော်လွန်၍ ဟင်းလင်းပြင်ထဲသို့ ပြန်ရောက်လာပြီး အမျိုးသမီး စက်ရုပ်အသံမှ သူမ ကြားချင်နေသော စကားများကို ပြောနေသည်။
[ကျေးဇူးပြုပြီး ဆုတောင်းပါ Host]
မီးလောင်မှု၊ ရေနစ်မှု၊ ရောဂါ ဝေဒနာ၊ ပြုတ်ကျခြင်း၊ အေးခဲခြင်း…စသည့် ဆင်းရဲဒုက္ခများကို မည်မျှပင် ခံစားရပါစေ၊ သူမ၏ ဆုတောင်းမှာ မပြောင်းလဲပေ။
“ငါ့ရဲ့ ဆုတောင်းက အားလုံးကို ကယ်တင်နိုင်ဖို့ပဲ”
[ဒင် host ရဲ့ ဆုတောင်းကို ဖြည့်ဆည်းပေးတဲ့ လုပ်ငန်းစဥ်က စတင်ပါပြီ၊ ဆန္ဒကို အကောင်အထည်ဖော်တဲ့ နေရာမှာ hostကို စနစ်က ကူညီပေးပါလိမ့်မယ်]
အမှောင်ထုမှာ အဝေးသို့ ဆုတ်ခွာသွားကာ တောက်ပသော အဖြူရောင် အလင်းရောင်ကို ချန်ထားခဲ့၏။ အေးခဲနေသည့် ရေထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားချက်မှာ သူမကို ဖုံးလွှမ်းသွားခဲ့သည်။
စက္ကန့် အနည်းငယ် ကြာပြီးနောက် ယွမ်လော့ရီ အခန်းတစ်ခန်းထဲ ရောက်နေသည်ကို တွေ့လိုက်ရ၏။ ထိုအခန်းမှာ ရိုးရှင်းသော်လည်း ထူးဆန်းသည့် တိုက်ခန်းတစ်ခုပင်။
အဝါနုရောင် ဆိုဖာပေါ်တွင် အနီရောင်များ ပေကျံနေကာ ကြမ်းပြင်၌ ပြုတ်ကျနေသည့် မီးအိမ်မှာ တလက်လက် လင်းနေပြီး မီးသီးက မှိတ်လိုက်ဖွင့်လိုက် ဖြစ်နေသည်။
ဆယ့်ခုနစ်နှစ်နှင့် ဆယ့်ရှစ်နှစ်အရွယ် အမျိုးသမီးငယ်လေး နှစ်ယောက်မှာ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေကြ၏။ တစ်ယောက်က သွေးအိုင်ထဲတွင် လဲနေကာ နောက်တစ်ယောက်မှာ သူမ၏ ဘေးတွင် ဒူးထောက်၍ အရေးပေါ် အသက်ကယ်နေသည်။
ဒါပေမဲ့ နောက်ကျသွားပြီ။ သူမက သေသွားခဲ့ပြီ။
ထိုအမျိုးသမီးငယ်လေးက မော့ကြည့်လာကာ သူမ၏ မျက်လုံးများမှာ ယွမ်လော့ရီနှင့် အတော်လေး တူနေပြီး ယွမ်မိသားစု၏ မျက်လုံးကဲ့သို့ လှပကာ ထက်မြက်၍ အေးစက်နေသည်။
သို့သော် ထိုမျက်လုံးများတွင် အမုန်းတရားများ တောက်လောင်နေပြီး သူမက ဓါးကို ဆွဲ၍ အရှေ့သို့ တိုးလာခဲ့၏။
သူမက ယွမ်မိသားစု၏ ဆက်ခံသူအစစ် ဖြစ်သည်ကို ယွမ်လော့ရီ သဘောပေါက်သွားခဲ့သည်။
ထိုမြင်ကွင်းမှာ ချက်ချင်း အဆုံးသတ်သွားခဲ့ပြီး မမြင်နိုင်သည့် အားတစ်ခုက ယွမ်လော့ရီကို ဆွဲထုတ်သွားကာ ထူးဆန်းသော အိမ်မက်ဆိုး တစ်ခုမှ နိုးထလာရသကဲ့သို့ပင်။ သူမကိုယ်သူမ ဆူညံနေသည့် စင်မြင့်ပေါ်တွင် ပြန်ရောက်နေသည်ကို တွေ့လိုက်ရ၏။
“ဘန်း ဘန်း ဘန်း”
ရိုက်ကူးရေး ဝန်ထမ်းများက မီးရှူးမီးပန်းများ ဖောက်လာပြီး မျက်နှာကျက်မှလည်း ရွှေရောင်စက္ကူများက ဝဲကျလာခဲ့သည်။
အစီအစဉ်တင်ဆက်သူ နာ့လန်က ကြေညာလိုက်၏။
“ဒီအသိပညာ ပြိုင်ပွဲရဲ့ အနိုင်ရသူကတော့ ယွမ်လော့ရီပဲ ဖြစ်ပါတယ်”
ကျစ်ဆံမြီး ကျစ်ထားပြီး မျက်မှန်တပ်ထားကာ သာမန်ပုံစံနှင့် ယဥ်ကျေးသည့် မိန်းမငယ်လေး တစ်ယောက်က အနိုင်ရသူအတွက် ဒိုင်းဆုကို ကိုင်၍ ပရိတ်သတ်ကြားထဲမှ ထွက်လာခဲ့သည်။
သူမက ဒိုင်းဆုကို ကမ်းပေးလာသော်လည်း ယွမ်လော့ရီမှာ မယူဘဲ ထိုမိန်းမငယ်လေးကိုသာ စူးစူးစိုက်စိုက် ကြည့်နေမိ၏။
မျက်လုံးများကို မျက်မှန်နှင့် ဖုံးထားသော်လည်း ယွမ်လော့ရီမှာ ထူးခြားသည့် အေးစက်မှုကို မှတ်မိသွားလေသည်။ ထိုသူက ဆက်ခံသူ အစစ်အမှန် ဖြစ်၏။
နာ့လန်က ပြုံး၍ အသိပေးလာသည်။
“ယွမ်လော့ရီ ကျေးဇူးပြုပြီး သမီးနဲ့ ထိုက်တန်တဲ့ ဆုကို လက်ခံပေးပါ”
နောက်ဆုံးတော့ ယွမ်လော့ရီ ဆုကို ယူလိုက်လေသည်။
ဆက်ခံသူအစစ် ဖြစ်သော ယဲ့မင်က စင်ပေါ်မှ ဆင်းသွားပြီး အတန်းCသို့ ပြန်သွားခဲ့၏။ အမူအရာမှာ မပြောင်းလဲဘဲ မျက်နှာဖုံး တစ်ခု ဝတ်ထားသကဲ့သို့ပင် ဖြစ်နေကာ လူအုပ်ကြီးနှင့် ရောနှောပြီး သူတို့ထဲမှ တစ်ဦးဟု ဟန်ဆောင်နေလေသည်။
နီးစပ်သော်လည်း ထင်ရှားနေသေး၏။
ယွမ်လော့ရီ သူမ၏ နာမည်ကို သိသည်။ အတန်း C ၏ နှိမ့်ချတတ်သော အတန်းခေါင်းဆောင် ယဲ့မင်ပင်။ အမြဲတမ်း အတန်း Cကို ရောက်စေနိုင်မည့် အဆင့် ၈၃ ကို ရ၏။
အခု မေးခွန်းက ယဲ့မင်က တကယ့် လူသတ်သမား အစစ်လား။
ယွမ်လော့ရီ လူသတ်သမားအစစ်၏ ရယ်သံအား ယခင်က ကြားဖူးသည်။ ယဲ့မင်၏ ရယ်သံနှင့် နှိုင်းယှဥ်ကြည့်လိုက်လျှင် အဖြေတစ်ခု ထွက်လာမည်ပင်။
သို့သော် သူမ၏ ဆုတောင်းအား ဖြည့်ဆည်းပေးမည့် လုပ်ငန်းစဥ်မှာ စတင်နေပြီ ဖြစ်ကြောင်းကို ယွမ်လော့ရီ သေချာ၏။ စနစ်၏ အချက်အလက်တိုင်းမှာ အရေးပါလေသည်။ ယဲ့မင်ကလည်း မလွဲမသွေ အရေးကြီးသည်မှာ သံသယ ဝင်စရာ မရှိပေ။
ထို့ကြောင့် နိဂုံးချုပ်မှာ ယွမ်လော့ရီ သူမအနီးသို့ ကပ်ရန် နည်းလမ်း ရှာရမည်။
ဆုပေးပွဲမှာ ဆက်လက် ကျင်းပနေပြီး နာ့လန်က အနိုင်ရသူစာရင်းကို ကြေညာနေချိန်တွင် အနိမ့်အမြင့် တီးလုံးသံများ ထွက်ပေါ်လာခဲ့၏။
“အသိပညာ ပြိုင်ပွဲရဲ့ ဒုတိယနေရာကတော့ စုရွှင်းပဲ ဖြစ်ပါတယ်”
စုရွှင်း၏ ပရိတ်သတ်များက သူမကို အားပေးနေကြပြီး လက်ခုပ်သံများ ညံသွားခဲ့သည်။
ယွမ်လော့ရီနှင့် ယှဥ်လျှင် ဒုတိယနေရာ ရခဲ့သော်ငြား စုရွှင်းသည်လည်း ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့၏။ သူမ၏ ပရိတ်သတ်များမှာ သူတို့၏ အားပေးမှုကို သူမ ခံစားရမည်ဟု မျှော်လင့်၍ လက်ခုပ်တီးနေကြသည်။
နောက်ထပ် ယဥ်ကျေးသည့် မိန်းကလေးတစ်ယောက်က စုရွှင်းကို ငွေတံဆိပ်ဆု ယူလာပေးခဲ့၏။
ယွမ်လော့ရီမှာ စုရွှင်းက သူမကို ဒေါသတကြီး စိုက်ကြည့်လာလိမ့်မည် ဟု ထင်ခဲ့သော်လည်း မဟုတ်ခဲ့ပေ။ စုရွှင်းက မကျေမနပ် ဖြစ်နေပုံရပြီး ခေါင်းငုံ့ထားကာ အမူအယာ ကင်းမဲ့နေ၍ ယဥ်ကျေးသည့် အပြုံးလေးပင် မပြုံးပေ။
နာ့လန်က ဆက်ကြေညာလာ၏။
“တတိယနေရာကတော့ ဟယ့်ရား ဖြစ်ပါတယ်”
ပြောင်မြောက်ကာ ထက်မြက်သည့် အတန်း C၏ အလှလေး ဟယ့်ရားက သူမ၏ ခေါင်းအား အမြဲ မတ်မတ်ထားလေ့ရှိပြီး ကောင်လေး အများစုကို ဆွဲဆောင်နိုင်သော်လည်း သူမ၏ ကျော်ကြားမှုမှာ စုရွှင်းကို မမီပေ။
ကြေးတံဆိပ်ကို လက်ခံရရှိပြီးနောက် ဟယ့်ရားက အေးစက်စွာ လှောင်ပြောင်လာသည်။
“အစီအစဉ်တင်ဆက်သူ ဒါက မမျှတပါဘူး”
နာ့လန်က ရပ်တန့်သွားကာ ပြန်မေးလိုက်၏။
“ဘာက မမျှတတာလဲ”
ဟယ့်ရားက စုရွှင်းကို လက်ညှိုးထိုးပြကာ ပြောလာသည်။
“သူ ခိုးချခဲ့တာ၊ သူရဲ့ အိတ်ကပ်ထဲမှာ မှတ်စုတွေ ရှိတယ်”
ထိုအခါ ရုန်းရင်းဆန်ခတ် ဖြစ်သွားပြီး ပရိတ်သတ်များ၏ ဆွေးနွေးသံများနှင့် ဆူညံသွားစေ၏။
ဟယ့်ရားမှာ စုရွှင်းနောက်သို့ တစ်ခါတစ်ရံ လိုက်လေ့ရှိပြီး သူငယ်ချင်းကောင်းများ ဖြစ်ပုံရသောကြောင့် ယွမ်လော့ရီလည်း အံ့ဩသွားခဲ့သည်။ ယခုတော့ သူမက လူသိရှင်ကြားပင် စုရွှင်းကို ခိုးချသည်ဟု စွပ်စွဲနေခဲ့၏။
စုရွှင်းက ဟယ့်ရားကို ကြည့်ကာ ပြန်ပြောလိုက်သည်။
“ငါ့ရဲ့ အိတ်ကပ်ထဲမှာ ပြန်နွေးဖို့အတွက် မှတ်စုတွေ တကယ်ပဲ ရှိတယ်၊ ဒါပေမဲ့ ငါ အဲဒါတွေကို ပြိုင်ပွဲစကတည်းက တစ်ခါမှ မကြည့်ခဲ့ဖူးဘူး ငါ့ရဲ့ အမှတ်တွေ အားလုံးက ငါ့အရည်အချင်းနဲ့ငါ ရခဲ့တာတွေချည်းပဲ”
ဟယ့်ရားက မထီမဲ့မြင်ပြုကာ ပြောလာ၏။
“နင်ကြည့်သည်ဖြစ်စေ မကြည့်သည်ဖြစ်စေ စည်းကမ်းချက်အရ ကိုးကားနိုင်တဲ့ အရာတွေ အားလုံး စင်ပေါ်မှာ ခွင့်မပြုထားဘူးလေ မဟုတ်ရင် ခိုးချတယ်လို့ သတ်မှတ်ခံရလိမ့်မယ်”
တိုက်ရိုက်ထုတ်လွှင့်မှုတွင် မှတ်ချက်များ၊ မေးခွန်းသင်္ကေတများနှင့် ပြည့်နေသော်လည်း ဆက်လက် ထုတ်လွှင့်နေသည်။
နာ့လန်က ချက်ချင်း ကြားဝင်လိုက်၏။
“ကျေးဇူးပြုပြီး ကျွန်မတို့ကို အချိန်တစ်ချို့ပေးပါဦး ကြည့်ရှူသူများရှင့်”
သူမ စုရွှင်းနှင့် ဟယ့်ရားကို စင်အောက်သို့ ခေါ်သွားခဲ့သည်။ မိနစ် အနည်းငယ် ကြာပြီးနောက် နာ့လန်က ဟယ့်ရားနှင့်အတူ ပြန်လာ၏။
ထို့နောက် နာ့လန်က ကြေညာလိုက်သည်။
“စုရွှင်းက ခိုးချခဲ့တာကို ဝန်ခံပါတယ်၊ ဆွေးနွေးပြီးတဲ့နောက်မှာ ကျွန်မတို့ ဘုတ်အဖွဲ့က သူ့အမှတ်တွေကို အရည်အချင်း မပြည့်မီဘူးလို့ သတ်မှတ်လိုက်ပါတယ်၊ အဲတော့ အခု ဒုတိယနေရာက ဟယ့်ရား ဖြစ်ပြီးတော့ တတိယနေရာက စန်းကျွင်းရွှမ်ပါ”
ယွမ်လော့ရီ လန့်ဖြန့်သွားခဲ့၏။ စုရွှင်းက ဤမျှ မာနကြီးသည်မှာ သူမက အဘယ်ကြောင့် ခိုးချရမည်နည်း။ ပြီးလျှင် မဟုတ်မမှန်သည့် ကိစ္စကို အဘယ်ကြောင့် ဝန်ခံရမည်နည်း။
ဟယ့်ရားက ငွေတံဆိပ်ဆုကို ဝမ်းမြောက်ဝမ်းသာ လက်ခံ၍ ယွမ်လော့ရီ၏ ဘေးတွင် ရပ်ပြီး အလွန်အကဲ ပို့စ်ပေးနေကာ အရှက်မဲ့စွာပင် ယွမ်လော့ရီ၏ နာမည်ကြီးမှုကို အခွင့်ကောင်း ယူနေလေသည်။
စန်းကျွင်းရွှမ်က စင်ပေါ်သို့ တက်လာကာ အံ့အားသင့်နေပြီး ကြေးတံဆိပ်ဆုကို လက်ခံလိုက်၏။
ဒီလို မမျှော်လင့်ထားတဲ့ မုန်တိုင်းတွေကို ဘယ်သူက ကြိုမြင်နိုင်မှာလဲ။
ခန်းမ အပြင်ဘက်ရှိ လျှောက်လမ်းရှည်ကြီး၌ စုရွှင်းက နံရံကို မှီကာ ရပ်နေလေသည်။
ယခင်က နာမည်ကြီး အဆိုတော် တစ်ယောက် ဖြစ်ပြီး လှပလွန်းသည့် အလှတရားနှင့် ကျော့ရှင်းသော မေမေစုက အလျင်အမြန် ရောက်လာခဲ့၏။
“ဖြန်း”
မေမေစုက စုရွှင်း၏ ပါးကို ရိုက်ချလိုက်သည်။
“နင်က အဲဒီ ယွမ်မိသားစုရဲ့ ရွံ့စရာကလေးကို ရှုံးခဲ့ရုံတင် မကဘူး ခိုးချခဲ့တယ်လို့ပါ ဝန်ခံခဲ့တယ်ပေါ့လေ၊ Star Galaxy အလယ်တန်းကျောင်းမှာ ခိုးချရင် ကျောင်းထုတ်ခံရမယ် ဆိုတာကို နင်မေ့သွားတာလား”
စုရွှင်း တည်ငြိမ်စွာပင် ပြန်ဖြေလာ၏။
“မားမား ထားလိုက်ပါ သမီးကို ကျောင်းထုတ်ပါစေတော့”
မေမေစုက ဒေါသတကြီး ပြောလာသည်။
“တိတ်စမ်း ငါ တခုခု လုပ်ခိုင်းလိုက်မယ် နင် အတန်း C ကို ရောက်သွားမယ် ဆိုရင်တောင် အဲဒီမှာ ဆက်တက်ရမယ်”