← Chapters

အခန်း (၄၄)

Vol. 5 Ch. 44

အခန်း (၄၄)

Vol. 5 Ch. 44

ယွမ်လော့ရီ၏ အတွေးထဲတွင် သူမ၏ အကြီးဆုံးအစ်ကို ယွမ်အောင်းမှာ အမြဲတမ်း သပ်သပ်ရပ်ရပ် နေတတ်သည့် သူမျိုး ဖြစ်၏။

သူ၏ ရှပ်အင်္ကျီအား ကြယ်သီးများ အကုန် တပ်ကာ နွေပူပူမှာပင် အသားအရေကို တစ်လက်မမျှ ဖော်ပြလိမ့်မည် မဟုတ်ချေ။ သူ၏ လက်ချောင်းများမှာ ရှည်လျား၊ သွယ်လျ၍ လက်သည်းများကို သေသပ်စွာ ညှပ်ထားမည် ဖြစ်ပြီး အမြဲတစေ သန့်ရှင်းကာ သပ်ရပ်နေမည်ပင်။

သို့‌သော် ယခု သူမ၏ အချိန်ခရီးသွားနိုင်သည့် စွမ်းရည်ဖြင့် သူမ သေဆုံးပြီးသည့် အချိန်ကို ရောက်လာခဲ့ပြီးနောက် ယွမ်အောင်းမှာ အတော်လေး ကွဲပြားနေသည်ကို တွေ့လိုက်ရ၏။

သူက ကော်လံနားရှိ ကြယ်သ်ီးကို မတပ်ထားသည့်အပြင် အင်္ကျီလက်များကိုလည်း တံတောင်ဆစ်အထိ ခေါက်တင်ထားလေသည်။ အဖြူရောင် ရှပ်အင်္ကျီပေါ်တွင် အနီရောင် သွေးစက်များ စွန်းနေပြီး သူ၏ လက်ထဲ၌လည်း လတ်ဆတ်သည့် သွေးများနှင့်ပင်။ သူက သွေးဆာမှု လွှမ်းမိုးသွားခဲ့ပြီး ရူးသွပ်သွားခဲ့ပြီ ဖြစ်၏။

သူက ယွမ်လော့ရီကို စူးစူးရဲရဲ စိုက်ကြည့်နေပြီး သူ၏ အကြည့်မှာ အေးစက်၍ ကြောက်စရာကောင်းလှသည်။

“မင်း..”

ယွမ်လော့ရီက ကြောက်ရွံ့ကာ အနောက်သို့ ဆုတ်သွားမိ၏။ သူမ၏ အစ်ကိုမှာ သူမကို စစ်ဆေးဖို့အတွက် အပိုင်းပိုင်း ဖြတ်ပစ်တော့မည့် ထက်ရှသော ဓါးသွားကဲ့သို့ မျက်လုံးမျိုးနှင့် ယခင်က မကြည့်ခဲ့ဖူးပေ။

သူ တစ်စုံတစ်ယောက်ကို နှိပ်စက်နေချိန်တွင် သေဆုံးသွားသည့် ညီမဖြစ်သူမှာ ဆယ့်တစ်နှစ်အရွယ်အဖြစ် တံခါးဝတွင်​ ပေါ်လာခဲ့လျှင် မည်သူမဆို သံသယဝင်မည် ဖြစ်၏။

အရမ်း ကြောက်စရာကောင်းတာပဲ၊ ဒါက သူမရဲ့ အစ်ကို မဟုတ်တော့ဘူး။

ယွမ်အောင်းက ဓါးကို စားပွဲပေါ် တင်လိုက်ပြီး သူ၏ လက်ကို လက်ကိုင်ပဝါဖြင့် သုတ်ကာ သူမ၏ အနားသို့ လှမ်းလာခဲ့သည်။

ယွမ်လော့ရီ နောက်လှည့်ပြီး ထွက်ပြေးခဲ့သော်လည်း ယွမ်အောင်း၏ ခြေသံမှာ ပိုမို နီးကပ်လာသည်ကို သူမ ကြားနေရ၏။

သူမရဲ့ သေးငယ်တဲ့ ခန္ဓာကိုယ်လေးက သူမ အစ်ကိုဆီကနေ ဘယ်လို လွတ်အောင် ပြေးနိုင်မှာတဲ့လဲ။

“ရပ်လိုက်”

ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် ယွမ်လော့ရီ၏ လက်မောင်းမှာ ချုပ်နှောင်ခံလိုက်ရပြီး ယွမ်အောင်းက သူမ၏ အရိုးများပါ ကျိုးကြေသွားနိုင်လောက်သည့် အားမျိုးနှင့် ဆုပ်ကိုင်ထား၍ ယွမ်လော့ရီကို နာကျင်စေခဲ့၏။

သူမ ယွမ်အောင်းကို ကြောက်ကြောက်ရွံ့ရွံ့နှင့် ကြည့်လိုက်ရာ သူ အတော် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရ၏။ အထူးသဖြင့် သူ၏ မျက်လုံးများမှာ အထိန်းအကွပ်မဲ့လုနီးပါး ဖြစ်နေပြီး အရာအားလုံးကို ဖျက်ဆီးချင်နေကာ ဤသည်မှာ ယွမ်အောင်း၏ အစစ်အမှန်ပုံစံပင် ဖြစ်သည်။

ယွမ်လော့ရီကို အမြဲ သကြားလုံး ပေးသည့် သိမ်မွေ့သော အစ်ကိုမှာ ထင်ယောင်ထင်မှား ဖြစ်နေခြင်း ဖြစ်ပြီး သူမကို လှည့်ဖြားဖို့ရာ ဖန်တီးထားခဲ့ခြင်း ဖြစ်၏။

ယွမ်အောင်းက သူမကို ကိုင်ထားရာမှ လွှတ်ပေးလိုက်သဖြင့် ယွမ်လော့ရီ ပြေးဖို့ အခွင့်အရေး ရသွား၏။ သူမ အထိတ်တလန့်ဖြင့် နောက်ပြန်လျှောက်နေရင်း ဗီရိုနှင့် တိုက်မိသွားခဲ့သည်။

ထိုအခါ မရေတွက်နိုင်သော ဟင်းချက်ဓါးများနှင့် ဓါးသွားများက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာခဲ့ပြီး သတ္တုများ၏ ပြုတ်ကျသံများမှာ တုန်လှုပ်ဖွယ်ရာပင်။

ယွမ်လော့ရီ ကြမ်းပြင်ပေါ် လဲကျသွားကာ သူမ၏ နှလုံးက တဒိန်းဒိန်း ခုန်နေပြီး ဤသည်မှာ သူမအစ်ကို လူများအား နှိပ်စက်ရာ၌ အသုံးပြုသည့် ကိရိယာများ ဖြစ်ကြောင်းကို သူမသိ၏။ သတင်းများအရ သူက သူ၏ ပစ်မှတ်များအား မသတ်ခင် ရက်ပေါင်းများစွာ ရက်ရက်စက်စက် နှိပ်စက်ညှင်းပမ်းတတ်သည်ဟု ပြောကြသည်။

ယွမ်အောင်းက ယွမ်လော့ရီကို စိုက်ကြည့်နေကာ အရှေ့သို့ တိုးလာပြီး မျက်မှောင်ကျုံ့၍ ပြောလာ၏။

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

သူ လက်လှမ်းလိုက်ကာ ယွမ်လော့ရီကို ထိရန် တဖြေးဖြေးချင်း နီးကပ်လာသော်လည်း သွေးခြောက်များမှာ သူ၏ ဖြူဖွေးသည့် အသားအရေကို သဘာဝ

မဆန်စွာ ပိုမို ဖြူဖျော့နေစေသည်။

လန့်ဖျပ်သွားသည့် ယွမ်လော့ရီမှာ ယွမ်အောင်း၏ လက်ကို ရှောင်ကာ အလျင်အမြန် ပြေး၍ သူမ အရှေ့တံခါးကို ရှာမတွေ့ခင်အထိ အခန်းထဲတွင် ဦးတည်ရာမဲ့စွာ ပတ်ပြေးနေလေ၏။ တံခါးကို ရှာတွေ့ချိန်တွင် အလျင်အမြန် ဖွင့်လိုက်ပြီး ဝင်လာသော လေများကြောင့် သူမ၏ ဆံမြိတ် ပုံပျက်သွားခဲ့သည်။

သို့သော် မကြာခင်မှာပင် တံခါးက အားဖြင့် ပိတ်ခံလိုက်ရပြီး လေများမှာလည်း မဝင်လာတော့ပေ။

ယွမ်အောင်းက ယွမ်လော့ရီ၏ ဘေးတွင် ရပ်နေပြီး သူ၏ လက်ဖြင့် တံခါးကို ဖိပိတ်ထား၍ မည်းမှောင်နေသည့် အရိပ်မှာ သူမကို လွှမ်းမိုးနေလေ၏။ သူ့အသံမှာလည်း ခံစားချက်မဲ့ပြီး အေးစက်နေကာ သူမအား ပြောလာ၏။

“မင်း အပြင်ထွက်လို့မရဘူး”

“ကလစ်”

ယွမ်အောင်းက တံခါးကို လော့ခ်ချလိုက်သည်။

လွတ်မြောက်ဖို့ လမ်းမရှိတော့သဖြင့် ယွမ်လော့ရီမှာ ဆက်ပြေးရုံသာ တတ်နိုင်ကာ သန့်စင်ခန်းသို့ ပြေးပြီး သူမ တံခါးမပိတ်လိုက်နိုင်ခင်မှာပင် ယွမ်အောင်းက အခန်းထဲသို့ သူမနှင့်အတူ လိုက်ဝင်လာ၏။

ယွမ်အောင်းက သူ၏ လက်များကို

ယွမ်လော့ရီဘက်သို့ ဆန့်တန်းလိုက်ကာ ပြောလာသည်။

“မကြောက်ပါနဲ့ ကိုကိုက ညီမလေးရဲ့ ကိုကိုလေ၊ ကိုကို ညီမလေးကို နာကျင်အောင် မလုပ်ပါဘူး”

ယွမ်လော့ရီက နံရံဘက်သို့ ကြုံ့ဝင်သွားကာ သူမ၏ အသံမှာ တုန်ယင်နေ၏။

“ကိုကိုက မတူတော့ဘူး”

ထိုအခါ ယွမ်အောင်း သူ၏ ပုံစံကို မှန်ထဲတွင် ကြည့်လိုက်သည်။ ဖြူဖျော့ပြီး ပိန်ပိန်ပါးပါးနှင့် အမူအယာမဲ့နေကာ အဝတ်များမှာလည်း သွေးများ ပေကျံနေပြီး ယခင်ကနှင့် အမှန်ပင် ကွဲပြားနေ၍ သူ့ညီမလေး သူ့ကို ကြောက်နေသည်မှာ အံ့ဩစရာ မရှိတော့ပေ။

သူ ရေပိုက်ကို ဖွင့်လိုက်ပြီး တည်ငြိမ်စွာ လက်ဆေး၍ စီးဆင်းနေသည့် ရေများကို အနီရောင် အစအနများအား သယ်ဆောင်သွားစေ၏။ ထို့နောက် သန့်ရှင်းသည့် အဖြူရောင် ရှပ်အင်္ကျီတစ်ထည်ကို လဲဝတ်လိုက်သည်။ သူ၏ ဗလာဖြစ်နေသော နောက်ကျောကို ယွမ်လော့ရီ ကြည့်မိလိုက်ချိန်တွင် အမာရွတ် အသစ်နှင့် အဟောင်းများ အများကြီးကို တွေ့လိုက်ရ၏။

ယွမ်အောင်းက သူ့ညီမလေးအား ဆုံးရှုံးရပြီးနောက် လူများစွာကို သတ်ခဲ့ကာ သူကိုယ်တိုင်လည်း မရေတွက်နိုင်သည့် ဒါဏ်ရာများ ရခဲ့သော်လည်း နာကျင်မှုကို မခံစားရသည့်ပုံ ပေါက်နေပြီး သူ၏ လက်စားချေသည့် လမ်းကို မရပ်တန့်နိုင်ခဲ့ပေ။

နောက်ဆုံးကြယ်သီးကို တပ်ပြီးနောက် ယွမ်အောင်းက ယွမ်လော့ရီဘက်သို့ လှည့်လာပြီး လက်ကို ဆန့်ထုတ်ပေးလာ၏။

“အခု ကိုကို အရင်တုန်းကနဲ့ တူသွားပြီလေ လာပါဦး”

ယွမ်အောင်းက စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေခဲ့သည်။

နောက်ဆုံးတော့ ယွမ်လော့ရီ ပထမခြေလှမ်း စလှမ်းလာကာ ယွမ်အောင်းထံသို့ သတိထား၍ ချဥ်းကပ်လာခဲ့ပြီး အကွာအဝေးတစ်ချို့ ခြားထားလေ၏။

ယွမ်အောင်းက ပြောလာသည်။

“အခု နေ့လယ်ရောက်နေပြီဆိုတော့ ညီမလေး ဗိုက်ဆာနေပြီလားဟင်၊ ညီမလေး ဗိုက်ဆာနေလောက်တယ် အရွယ်ရောက်နေတဲ့ ကလေးတွေက ခဏခဏ ဗိုက်ဆာတတ်ကြတယ်”

သူ မျက်လွှာချထားရင်း သူ့ဘာသာသူ ရေရွတ်နေကာ ထွက်သွား၏။ ရှုပ်ပွနေသည့် ရေခဲသေတ္တာအား ရှာလိုက်သော် ဂျုံပေါင်မုန့် နှစ်ချပ်နှင့် ပန်းသီးတစ်လုံးကိုသာ ရှာတွေ့ခဲ့သည်။

တစ်ခါတလေတွင် ယွမ်အောင်းက အလွန် အလုပ်ရှုပ်ကာ စားဖို့ မေ့နေမည် ဖြစ်ပြီး အစားအသောက်များ ပြန်ဖြည့်သည်မှာလည်း သူ၏ သုံ့ပန်းများကို နည်းနည်းလောက် အသက်ပိုရှင်နိုင်ရန်သာ ဖြစ်၏။

သူ ပန်းသီးကို အခွံနွှာ၍ အစိတ်လေးများအဖြစ် စိတ်လိုက်ပြီး ပန်းကန်ထဲ ထည့်ကာ ထမင်းစား စားပွဲပေါ်သို့ တင်လိုက်သည်။

“ပန်းသီး အရင်စားထားလိုက်နော် အဲတာတွေက အာဟာရ ရှိတယ်”

ထို့နောက် ထိုင်ခုံတစ်ခုံကို ဆွဲထုတ်ကာ ထိုင်ချလိုက်ပြီး သူ၏ နားထင်များအား နှိပ်နယ်ရင်း မျက်မှောင်ကျုံ့နေလေသည်။

ယွမ်လော့ရီက မေးလိုက်၏။

“ကိုကို ခေါင်းကိုက်နေတာလား”

ယွမ်အောင်းက ပြန်ဖြေလိုက်သည်။

“ဟုတ်တယ် အဲဒါက အရမ်း နာတာပဲ”

ယွမ်လော့ရီ၏ အကြည့်က ထမင်းစား စားပွဲပေါ်မှ ဆေးများထံသို့ ရောက်သွား၏။

“ဆေးသောက်လိုက်ရင် ကိုကို မနာတော့ဘူးလား”

ယွမ်အောင်းက လက်လျှော့ဟန်ဖြင့် ရယ်မောကာ အနောက်ဘက်သို့ ပျင်းရိစွာ မှီချလိုက်ပြီး ခေါင်းမော့၍ သူ၏ အသက်မဲ့နေသည့် မျက်လုံးများနှင့် မျက်နှာကျက်ကို ဗလာသက်သက် စိုက်ကြည့်နေခဲ့သည်။

“ညီမလေး သေသွားပြီးတော့ ကိုကို စိတ်ဓါတ်ကျသွားခဲ့တယ်၊ ကိုကို မျက်လုံးမှိတ်လိုက်တိုင်း ညီမလေး အဲဒီလူတွေဆီကနေ နှိပ်စက်ခံနေရတာကို ပြန်မြင်လာပြီး အမုန်းတရားတွေက ကိုကိုရဲ့ အတွေးတွေကို လမ်းမှားသွားစေခဲ့တယ်၊ အမြဲ နာကျင်ခဲ့ရတယ် ပုံရိပ်ယောင်တွေ အများကြီးနဲ့၊ ကိုကို ဘယ်လောက်ပဲ သတ်နေပါစေ မလုံလောက်နိုင်ဘူး”

“ဆေးတွေက နည်းနည်း ထိန်းပေးနိုင်ပေမဲ့ ညီမလေးကို ပြန်တွေ့ရတာက ကောင်းတယ်၊ အဲတာကြောင့် ကိုကို ဆေးထပ်မသောက်တော့ဘူး”

ယွမ်လော့ရီ နားလည်သွားခဲ့သည်။ သူမ၏ အစ်ကိုမှာ သူမကို ပုံရိပ်ယောင်ဟု ထင်နေခြင်းပင်။

ယွမ်အောင်းက မတ်တတ်ရပ်ကာ ယွမ်လော့ရီထံသို့ တိုးလာရင်း စားပွဲပေါ် မှီ၍ မေးလာ၏။

“ဒီအရွယ်မှာဆို ညီမလေး အလယ်တန်း တက်နေမှာပေါ့၊ ညီမလေး အတန်းဖော်တွေဆီက ဝိုင်းပယ်ခံနေရတုန်းလား”

ယွမ်လော့ရီ ခေါင်းညိတ်ပြလိုက်သည်။

ယွမ်အောင်း: “တောင်းပန်ပါတယ် အဲဒါတွေ အကုန် ကိုကို့အမှားတွေပါပဲ၊ တကယ်လို့ ကိုကိုသာ စောစော သိခဲ့မယ်ဆိုရင် ညီမလေး စိတ်ဆင်းရဲပြီး ကျောင်းထွက်ခဲ့ရမှာ မဟုတ်ဘူး၊ ညီမလေးရဲ့ အဆိုးရွားဆုံး အချိန်တွေမှာ ကိုကို မရှိနိုင်ခဲ့ဘူး ကိုကိုက ဘယ်လောက်တောင် ဆိုးရွားတဲ့ အစ်ကိုမျိုးလဲ”

“ညီမလေး ယွမ်မိသားစုထဲကို လာခဲ့တာ မှားတာပဲ တခြားကလေးတွေက အချစ်တွေနဲ့ ကြီးပြင်းလာခဲ့ချိန်မှာ ညီမလေးကတော့ ညီမလေးဘေးက အရူးငါးယောက်ကြောင့် မျက်ရည်ကျတဲ့အထိ ကြောက်နေရတယ်”

သူကိုယ်သူ လှောင်ပြောင်ရယ်မောကာ ပြောလာသည်။

“ကိုကိုတို့တွေထဲက ဘယ်သူကမှ သာမန် စိတ်ခံစားချက်တွေကို နားမလည်နိုင်ဘူး ကိုကိုတို့တွေ ညီမလေးကို ဘယ်လိုလုပ် ကောင်းကောင်း စောင့်ရှောက်ပြီး ပျိုးထောင်ပေးနိုင်ပါ့မလဲ၊ ညီမလေးရဲ့ တကယ့်မိဘတွေနဲ့ ညီမလေး ကြီးပြင်းလာခဲ့သင့်တာ၊ ညီမလေး ပိုပျော်နေသင့်ပြီးတော့ ကမ္ဘာကြီးကနေ ဒီလောက် အစောကြီး မထွက်သွားခဲ့သင့်ဘူး”

“အား”

အခန်းထဲမှ သူ ချည်နှောင်ထားခဲ့သည့် အမျိုးသားထံမှ ညည်းသံတစ်သံ ထွက်လာ၏။

ယွမ်အောင်း​၏ မျက်လုံးများမှာ ချက်ချင်း လူသတ်ချင်စိတ်များဖြင့် ပြည့်နှက်သွားကာ အထူးသဖြင့် သူ၏ ညီမလေးနှင့် စကားပြောနေချိန်တွင် နှောင့်ယှက်ခံရသည်ကို မုန်းပြီး မည်သူကမျှ အသံထွက်ခွင့် မရှိပေ။

ယွမ်လော့ရီ လန့်ဖျန့်သွားပြီး ကြောက်စိတ်ကြောင့် ခြေတစ်လှမ်း နောက်ဆုတ်သွားခဲ့သည်။

ယွမ်အောင်းက သူ့ကိုယ်သူ အနည်းငယ် ထိန်းပြီး ညင်သာစွာ ပြောလိုက်၏။

“ကိုကို အဲဒီစိတ်အနှောင့်အယှက် ဖြစ်စရာကို သွားရှင်းလိုက်ဦးမယ်နော်၊ ညီမလေးက ဘယ်ကိုမှ မသွားပဲ ဒီမှာပဲ နေနော် ဟုတ်ပြီလား”

ယွမ်လော့ရီ တုန်တုန်ယင်ယင်နှင့် ပြန်ဖြေလိုက်သည်။

“ဟုတ်”

ယွမ်အောင်း ထွက်သွားပြီး မကြာခင်မှာပင် ယွမ်လော့ရီက အရိုးများ ကွဲအက်သွားသံကို ကြားလိုက်ရ၏။ ထို့နောက် လုံးဝ တိတ်ဆိတ်သွားခဲ့ပြီး သူမ၏ လက်များမှာလည်း ထိန်းမရစွာပင် တုန်ယင်လာခဲ့သည်။

သူမအစ်ကို၏ ဒီပုံစံအား ရင်ဆိုင်ဖို့ သတ္တိလိုလေ၏။ သူက စိတ်ဓါတ်ကျနေပြီး သူ၏ လုပ်ရက်များမှာ ခန့်မှန်း၍ မရနိုင်ဘဲ မသေချာခြင်းများနှင့် ပြည့်နှက်နေသည်။

သို့သော် သူ သိသိသာသာ ပြောင်းလဲသွားသည့်တိုင် ဤသည်မှာ သူမ၏ အစ်ကိုဖြစ်သည်ကို ယခု ယွမ်လော့ရီ သေချာသွား၏။

သန့်စင်ခန်းထဲ၌ ယွမ်အောင်း သူမကို ခေါ်လိုက်ချိန်တွင် သူ၏ မျက်လုံးထဲ၌ ကြောက်ရွံ့ဖွယ် ကောင်းသော အမှောင်ထုအပြင် လေးနက်သည့် ဝမ်းနည်းမှုများလည်း ရှိနေကာ ယွမ်လော့ရီကို တောင်းပန်နေခဲ့သည်။

ဘယ်လို အစ်ကိုမျိုးက သူတို့ညီမလေးဆီကနေ အကြောက်ခံချင်မှာလဲ။

ထိုကြောင့် ယွမ်လော့ရီ အကြောက်တရားကို ကျော်လွှားကာ သူ့ထံ ချဥ်းကပ်ခဲ့ခြင်း ဖြစ်၏။

“ဟူးး”

ယွမ်လော့ရီ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်း၊ ရှူထုတ် လုပ်လိုက်ကာ သူမ၏ စိတ်ခံစားချက်များကို တည်ငြိမ်စေပြီး သူမကိုယ်သူမ မတုန်ယင်တော့အောင် ဖိအားပေးနေခဲ့သည်။

အတိတ်သို့ ပြန်လာသည့် ခရီးစဥ်၏ အချိန်တိုင်းမှာ တန်ဖိုးရှိသဖြင့် သူမ ယခု တခုခု လုပ်ရမည်ပင်။

All Chapters