← Chapters

အခန်း (၄၅)

Vol. 5 Ch. 45

အခန်း (၄၅)

Vol. 5 Ch. 45

“Tick... tock... tick... tock…”

နံရပ်ကပ်နာရီ၏ ဒုတိယလက်တံမှာ ဖြေးဖြေးချင်း ရွေ့လျားနေ၏။

အချိန်နောက်ပြန်ဆုတ်ခြင်းမှာ ထူးဆန်းနေပြီး အဆုံးသတ်သွားခြင်း မရှိဘဲ အချိန်ကြာမြင့်စွာ ဖြစ်ပေါ်နေခဲ့သည်။

ယွမ်လော့ရီက ၎င်းမှာ သူမ၏ ဆုတောင်းနှင့် တစ်ခုခု သက်ဆိုင်နေလောက်မည်ဟု ခံစားလိုက်ရ၏။ စနစ်က သူမ၏ ဆုတောင်းကို အကောင်အထည် ဖော်ရန် ကူညီမည်ဟု ပြောထားပြီး အချိန် နောက်ပြန်ဆုတ်ခြင်း လုပ်ဆောင်ချက်မှာလည်း ထိုဆုတောင်း၏ ရလဒ်အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်နိုင်သည်။

ယခု သူမ စိတ်ကို တည်တည်ငြိမ်ငြိမ် ထား၍ အသုံးဝင်မည့် သဲလွန်စများကို ရှာဖွေရန် လိုအပ်၏။ သူမ သေဆုံးပြီးနောက် သူမ၏ အစ်ကိုမှာ တကယ့် လူသတ်သမားကို ဆက်တိုက် ရှာဖွေခဲ့ပြီး သက်သေ အများအပြားကို စုဆောင်းထားခဲ့ပြီး ဖြစ်သည်။

ယွမ်လော့ရီက ဓာတ်ပုံများစွာနှင့် ပြည့်နေသော နံရံဘက်သို့ လျှောက်သွားလိုက်ပြီး သူမ၏ အကြည့်မှာ ရာနှင့်ချီသော အမျိုးသား၊ အမျိုးသမီး ပုံများကို တစ်ပုံချင်းစီ လိုက်လံ ကြည့်ရှုနေ၏။ အချို့ပုံများတွင် အနီရောင် ကြက်ခြေခတ်ထားသည်ကို တွေ့ရသော်လည်း အချို့မှာ မရှိချေ။

ဒါက ဘာကို ဆိုလိုတာလဲ။

ယွမ်အောင်းက ပြဿနာအချို့ကို ဖြေရှင်းပြီးချိန်တွင် သူမ၏ နောက်ဘက်မှ ခြေသံများ ထွက်ပေါ်လာ၏။ သူက အင်္ကျီလဲထားပြီး ဤတစ်ကြိမ်၌ တရုတ် လည်ထောင်ကော်လံ ပါသော အနက်ရောင် ရှပ်အင်္ကျီကို သေသပ်စွာ ဝတ်ဆင်ထားလေသည်။

ယွမ်လော့ရီက သူမ၏ အစ်ကို ထိုရှပ်အင်္ကျီအား ဝတ်ဆင်ဖူးသည်ကို ယခင်က မြင်ဖူး၏။ ယခင်က ထိုအင်္ကျီိမှာ သူနှင့် ကွက်တိကျကာ သူ၏ အကျင့်စရိုက်နှင့် လိုက်ဖက်ခဲ့သည်။ သို့သော် ယခုမူ သူက ပိုမို ပိန်ပါးကာ၊ ဖြူဖျော့လာသောကြောင့် အင်္ကျီမှာ ချောင်ချိနေပြီး သူ့လက်ပေါ်ရှိ အကြောများကိုပင် ပို၍ ရှင်းလင်းစွာ မြင်နေရ၏။

သူမ အစ်ကို၏ နောက်ကျောရှိ ဒဏ်ရာများအား တွေးမိသောအခါ သူ ပြင်းထန်စွာ နာကျင်ခဲ့ရသည်ကို ယွမ်လော့ရီ သိလိုက်ရသည်။

မည်မျှပင် သတ်ဖြတ်ပါစေ၊ သူ၏ ညီမလေး ပြန်လာတော့မည် မဟုတ်ကြောင်းကို အခြားသူများထက် သူက ပို၍ နားလည်ခဲ့သော်လည်း သည်းမခံနိုင်လောက်သည့် နာကျင်မှုကြောင့် တဖြည်းဖြည်း ထုံကျင်ကာ ရက်စက်လာခဲ့၏။ လွန်ခဲ့သည့် အချိန်ခဏလေးကပင် အသက်တစ်ချောင်းကို အနည်းငယ်မျှ တုန်ယင်ခြင်း မရှိဘဲ နုတ်ယူခဲ့သည်။

ယွမ်အောင်းက မှင်နီတစ်ချောင်းကို ထုတ်ကာ အမျိုးသားတစ်ယောက်၏ ပုံပေါ်တွင် အနီရောင် ကြက်ခြေခတ် ခြစ်လိုက်၏။

ယွမ်လော့ရီ နားလည်သွားခဲ့သည်။ သူ သတ်ပြီးသွားသော သူများက ကြက်ခြေခတ် ခြစ်ခံရမည်ပင်။

သူမက မေးလိုက်၏။

“ကိုကို ဒီလူတွေ အကုန်လုံးက ညီမလေးကို နာကျင်အောင် လုပ်ခဲ့တာလား”

ယွမ်အောင်းက ပြောလိုက်သည်။

“အင်း ဒါပေမဲ့ စိတ်မပူပါနဲ့၊ ကိုကို လုံးဝ စိတ်မလွတ်သွားခင်မှာ ကိုကို သူတို့ အကုန်လုံးကို သတ်သွားမှာပါ”

ယွမ်လော့ရီ ဓာတ်ပုံများကို ဆက်ကြည့်နေခဲ့၏။ ရာနှင့်ချီသော လူများထဲမှ လူအများစုကို သူမ တစ်ခါမှပင် မမြင်ဖူးပေ။ သူမ၏ သေဆုံးမှုနှင့် သိပ်မဆက်နွယ်နေသော သူများပင်လျှင် ယွမ်အောင်း၏ လူသတ်စာရင်းထဲတွင် ပါသွားမည်မှာ ထင်ရှားပြီး တကယ့် လူသတ်သမား အစစ်ကမူ ထိုလူများကြားတွင် ပုန်းအောင်းနေနိုင်သည်။

သူမ နောက်ထပ် အချက်အလက်များကို မေးချင်ပါသော်လည်း အသံမထွက်နိုင်ဘဲ စနစ်၏ စွမ်းအားကြောင့် လည်ချောင်း တင်းကြပ်လာသကဲ့သို့ ရင်းနှီးသည့် ခံစားချက်မျိုး ခံစားလာရ၏။

စားပွဲပေါ်ရှိ မစားထားသည့် ပန်းသီးများကို ကြည့်၍ ယွမ်အောင်းက မေးလာသည်။

“ညီမလေး ဘာလို့ ပန်းသီးတွေကို မစားတာလဲ”

ယွမ်လော့ရီက ပြန်ဖြေလိုက်၏။

“သမီး ဗိုက်သိပ်မဆာသေးလို့”

ယွမ်အောင်းက ပြောပြန်သည်။

“အခု နေ့လယ်တောင် ရောက်နေပြီ ညီမလေး ဗိုက်မဆာရင်တောင် တစ်ခုခု စားသင့်တယ်၊ ကလေးတွေက ဗိုက်ဆာနေရင် အရပ်ရှည်လာတော့မှာ မဟုတ်ဘူး”

ယွမ်လော့ရီက ယွမ်အောင်းကို ကြည့်လိုက်သည်။ သူ့ကို ကြည့်ရသည်မှာ အနည်းငယ် စိုးရိမ်နေပုံပေါ်၏။ သူက ယွမ်လော့ရီအား ဂရုစိုက်ရခြင်းကို အမြဲတစေ စွဲလမ်းနေခဲ့ကာ သူမက ပုံရိပ်ယောင်မျှသာ ဖြစ်သည်ဟု ထင်မှတ်နေသည်ကိုပင် သူမ၏ အစားအသောက်၊ အဝတ်အထည်နှင့် နေစရာများကို ဂရုစိုက်နေဆဲပင်။

သူမ မေးလိုက်၏။

“ကိုကိုက လူတွေကို ဂရုစိုက်ရတာ သဘောကျတာလား”

ယွမ်အောင်းက ပြောလာသည်။

“ကိုကိုက ညီမလေးကို ဂရုစိုက်ရတာပဲ ကြိုက်တာပါ အားလုံးကို မဟုတ်ဘူး”

“တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ညီမလေး ကိုကို့ကို တစ်သက်လုံး အားကိုးနေဖို့ ကိုကို မျှော်လင့်မိတယ်၊ ဒါပေမဲ့ မျက်စိတစ်မှိတ် အတွင်းမှာပဲ ညီမလေးက ကြီးလာပြီးတော့ ကိုကို့ကို မေ့သွားတယ်မလား၊ ကိုကို ညီမလေးနဲ့ ရင်းနှီးဖို့ ဘယ်လိုပဲ ကြိုးစားကြိုးစား ညီမလေးက ကိုကို့ကို ကြောက်နေခဲ့တာလေ”

“ဒါပေမဲ့ ညီမလေးဖျားပြီး အဖျားကြောင့် ကယောင်ကတမ်းတွေ ဖြစ်နေတုန်းက ကိုကို့ကို မကြောက်တော့တဲ့အပြင် ရှောင်လည်း မရှောင်တော့ဘူး၊ အဲဒီတုန်းက ညီမလေး အမြဲဖျားနေရင် ကောင်းမှာပဲလို့တောင် ကိုကို တွေးခဲ့ဖူးတယ်”

ယွမ်အောင်းက လှောင်ရယ် ရယ်၍ ပြောလာ၏။

“ကိုကိုက တကယ် ပုံမှန် မဟုတ်ဘူးဘဲ ကိုကိုက အစ်ကိုတစ်ယောက် မဖြစ်သင့်ပါဘူး၊ အရူးကောင်က ဘယ်လို အမိန့်ပေးရမလဲ ဆိုတာပဲ သိပြီး သူ့ညီမလေးကို ဘယ်လို သေချာ ကာကွယ်ရမယ် ဆိုတာကို မသိဘူးလေ”

အစောပိုင်းတွင် ယွမ်လော့ရီက သူမ၏ အစ်ကိုအား တူညီသော မေးခွန်းကို မေးခဲ့သော်လည်း လိမ်ညာ၍ မပျော်ရွှင်ကြောင်း ဖြေခဲ့သည်။ သို့သော် ယခု သူမကို ပုံရိပ်ယောင်ဟု ထင်မှတ်နေချိန်တွင် သူ၏ အမှောင်ခြမ်းအား ဖုံးကွယ်ထားရန်ကိုပင် လုံးဝ ဂရုမစိုက်တော့ချေ။

ယွမ်အောင်းက ရေခဲသေတ္တာကို မွှေနှောက်၍ မေးပြန်၏။

“ညီမလေး ဂျုံပေါင်မုန့် စားချင်လား”

ယွမ်လော့ရီက ပြောလိုက်သည်။

“ဟင့်အင်း သမီး ဘာမှ မစားချင်ဘူး”

ယွမ်အောင်းက အင်္ကျီချိတ်မှ ကုတ်အင်္ကျီကို ဖြုတ်ပြီး အလျင်အမြန် ဝတ်လိုက်၏။

“ကိုကို အပြင်သွားပြီးတော့ စားစရာ နည်းနည်း သွားဝယ်လိုက်ဦးမယ်”

ယွမ်လော့ရီ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှု အနည်းငယ် ပေါ်လာခဲ့သည်။

သူမရဲ့ အစ်ကိုက အပြင်သွားပြီးတော့ သူမကိုကျ လူသတ်သမားရဲ့ အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတဲ့ ဒီအခန်းထဲမှာ ထားခဲ့မယ်ပေါ့။

ယွမ်လော့ရီက ယွမ်အောင်းထံသို့ ပြေးသွားခဲ့၏။

“သမီးလည်း လိုက်ချင်တယ်”

ယွမ်အောင်းက ခြေလှမ်းများကို ရပ်လိုက်ကာ ယွမ်လော့ရီကို ပြန်လှည့်ကြည့်လိုက်ပြီး သူ၏ အကြည့်များက တဖြေးဖြေး မည်းမှောင်လာခဲ့သည်။

“ညီမလေး အပြင်ထွက်လို့ မရဘူး”

သူ၏ အသံက အေးစက်နေပြီး မည်သည့် ခံစားချက် အရိပ်အယောင်မျှ မရှိပေ။

ယွမ်လော့ရီက မေးလိုက်၏။

“ဘာလို့လဲ”

“ဘာလို့ဆို အပြင်မှာ အရမ်း အန္တရာယ် များလွန်းတယ်လေ၊ အဲဒီမှာ ညီမလေးကို နာကျင်အောင် လုပ်ချင်တဲ့ သူတွေ အများကြီးပဲ၊ ကိုကို သူတို့ အကုန်လုံးကို သတ်ပြီးသွားတဲ့အခါကျရင် ညီမလေး အပြင်ထွက်လို့ ရပါပြီ”

“သမီး ကိုကိုနဲ့တူတူ တစ်ချိန်လုံး နေပြီး ဘယ်ကိုမှ လျှောက်မသွားပါဘူး၊ အဲတာဆိုရင် သမီးတို့ သူတို့နဲ့လည်း မတွေ့တော့ဘူးလေ”

“ကိုကို တောင်းပန်ပါတယ် ဒါပေမဲ့ ကိုကို ညီမလေးကို ဒီနေရာကနေ ပေးထွက်လို့ မရဘူး၊ ကိုကို ညီမလေးကို တစ်ခါ ဆုံးရှုံးခဲ့ရပြီးပြီ နောက်တခါ ထပ်ပြီး မဆုံးရှုံးချင်ဘူး၊ ကိုကို စားစရာ ဝယ်ပြီးတာနဲ့ ချက်ချင်း ပြန်လာခဲ့ပါ့မယ်”

ယွမ်အောင်းက အပြင်ထွက်ရန် တံခါးကို ဖွင့်လိုက်စဉ် ယွမ်လော့ရီက သူမ၏ လက်လေးကို ထုတ်၍ သူ့အင်္ကျီစကို ဆွဲကာ အစ်ကိုဖြစ်သူနှင့် အလွန် နီးကပ်နေမှုကြောင့် တုန်ယင်နေခဲ့၏။

“ကိုကို ဒီမှာ နေရာတိုင်းက သွေးနံ့တွေ ရနေတာ၊ ကျေးဇူးပြုပြီး သမီးကို ဒီနေရာမှာ တစ်ယောက်တည်း မထားခဲ့ပါနဲ့နော်”

သူ့ညီမလေး၏ ဖြူစင်သည့် မျက်လုံးများနှင့် တုန်ယင်နေသော လက်လေးများကို စိုက်ကြည့်ရင်း ယွမ်အောင်း တုံ့ဆိုင်းသွားခဲ့သည်။

“ကိုကို့ကို မကြောက်တော့ဘူးလား ညီမလေး အခုတောင် တုန်နေတာလေ၊ ကိုကိုနဲ့ တစ်ချိန်လုံး အတူတူ နေနိုင်လို့လား”

ယွမ်လော့ရီက ပြောလိုက်၏။

“သမီး နေနိုင်ပါတယ်၊ ကိုကိုက အခု ကြောက်စရာ ကောင်းနေပေမဲ့ သမီးရဲ့ ကိုကိုပဲလေ၊ ကိုကို သမီးကို နာကျင်အောင် လုပ်မှာ မဟုတ်ပါဘူး”

ယွမ်အောင်း၏ မျက်လုံးများမှာ သူ အမြဲတစေ လိုချင်ခဲ့သော်လည်း မရရှိခဲ့ဖူးသည့် ထိုယုံကြည်မှုကြောင့် အနည်းငယ် တောက်ပသွားလေသည်။

သူ တံခါး အပြင်သို့ ထွက်သွားပြီးနောက် ယွမ်လော့ရီလည်း လိုက်ထွက်လာသော်ငြား သူမကို မတားခဲ့ပေ။

အပြင်ရောက်သွားချိန်၌ ဤသည်မှာ မြေအောက် ကားပါကင် ဖြစ်ကြောင်းကို ယွမ်လော့ရီ သိလိုက်ရပြီး လေဝင်လေထွက် ပန်ကာက မနားတမ်း မြည်နေကာ ဘေးပတ်ပတ်လည်မှာ မှောင်မည်းနေခဲ့သည်။ သူတို့ ရောက်နေခဲ့သည့် အခန်းမှာ ယွမ်အောင်း သတ်ဖြတ်ရန် ပြောင်းလဲထားသည့် စတိုခန်းပင် ဖြစ်၏။

ယွမ်လော့ရီက မေးလိုက်၏။

“ကိုကို ဒါက ဘယ်နေရာလဲ”

ယွမ်အောင်းက ပြန်ဖြေလာသည်။

“ဒါက ကိုကို့ ကုမ္ပဏီ တတိယထပ်က စတိုခန်းလေ အရမ်းလုံခြုံတယ်၊ ကိုကိုက လွဲပြီး ဘယ်သူမှ ဝင်လို့မရဘူး”

သူတို့ ပိုဝေးဝေး လျှောက်လာသည်နှင့်အမျှ အလင်းရောင် ပိုရလာခဲ့ကာ ပါကင်ထိုးထားသည့် ကားများကို တွေ့လိုက်ရ၏။

ယွမ်အောင်းက ထိုကားများထဲမှ တစ်စီးထံသို့ လျှောက်သွားကာ တံခါးဖွင့်လိုက်သည်။ ယွမ်လော့ရီ အထဲဝင်ပြီးနောက် သူ ကားစက်နှိုးကာ မောင်းထွက်သွားတော့၏။

အပြင်ဘက်ရှိ နေရောင်က တောက်ပနေကာ ယွမ်လော့ရီမှာ နေသားကျရန် အချိန်တစ်ချို့ပင် ယူလိုက်ရသည်။ လုံခြုံရေးက ယွမ်အောင်း၏ ကားဖြစ်သည်ကို မြင်လိုက်၍ မစစ်ဆေးတော့ဘဲ ဖြတ်သွားခွင့် ပေးလိုက်၏။

မိနစ် အနည်းငယ် ကြာပြီးနောက် သူတို့နှစ်ယောက် စျေးဝယ်စင်တာသို့ ရောက်ရှိခဲ့ကြသည်။ ယွမ်အောင်းက ကားကို ရပ်လိုက်ပြီး ယွမ်လော့ရီဘက်သို့ ကြည့်လိုက်၏။

“ကိုကို အထဲကို ဝင်ပြီးတော့ ပစ္စည်း နည်းနည်း သွားဝယ်ရမယ်၊ ညီမလေး ကားထဲမှာ ခဏလောက် စောင့်နေလို့ ဖြစ်တယ်မလား”

ယွမ်လော့ရီက ပြန်ဖြေလိုက်၏။

“ဟုတ်”

ယွမ်အောင်းက မေးလာသည်။

“ညီမလေး ဘာစားချင်လဲ”

ယွမ်လော့ရီက သူမ၏ ကမ္ဘာတွင် အစ်ကိုများနှင့် အသားကင် စားထားသည် ဖြစ်၍ ဗိုက်ပြည့်နေပြီး တကယ်တမ်း ဗိုက်ဆာမနေပေ။

သို့သော် ယွမ်အောင်းမှာ သူမအား အမှန်တကယ် ဂရုစိုက်ပေးချင်နေပုံရ၍ ပြောလိုက်၏။

“ဂျယ်လီနဲ့ ချောကလက် စားချင်တယ်”

ထိုအခါ ယွမ်အောင်းက ပြောလာသည်။

“မုန့်တွေပဲ စားတာက ညီမလေးရဲ့ ကျန်းမာရေးအတွက် မကောင်းဘူးလေ”

ယွမ်လော့ရီ: “အဲတာဆိုရင် ခရင်မ်တွေ အများကြီး ပါတဲ့ နာနတ်သီး ပေါင်မုန့်ရော ဝယ်လာပေးပါ”

ယွမ်အောင်းက ခေါင်းညိတ်၍ ထွက်သွားပြီး စျေးဝယ်စင်တာထဲသို့ ဝင်သွားခဲ့သည်။

အခွင့်အရေး ရောက်လာခဲ့လေပြီ။

ယွမ်လော့ရီက ကားတံခါးကို ဖွင့်၍ ခုန်ဆင်းလိုက်ပြီး လူအများ သွားလာနေကြကာ ကြီးမားသည့် ဖန်သားပြင်ပေါ်တွင် ကြော်ငြာ အမျိုးမျိုးကို ပြသနေသော ပလာဇာဘက်သို့ ပြေးသွားခဲ့၏။

စနစ်၏ ကန့်သတ်ချက်များကြောင့် ယွမ်လော့ရီတစ်ယောက် ယွမ်အောင်းကို မေး၍ မရသည့် မေးခွန်းအချို့ ရှိသော်လည်း သူမကိုယ်တိုင် စူးစမ်းရှာဖွေနိုင်လေသည်။ ဥပမာအားဖြင့် သတင်းများ ကြည့်ခြင်းက သူမအား အသုံးဝင်မည့် အချက်အလက် များစွာကို ပေးနိုင်လိမ့်မည်။

အလှကုန် ကြော်ငြာပြီးနောက် အိမ်မွေးတိရစ္ဆာန် စောင့်ရှောက်မှု ကြော်ငြာ၊ ထို့နောက် အာမခံ ကြော်ငြာထပ်လာကာ တစ်ခုပြီးတစ်ခု အဆုံးမသတ်နိုင်ဘဲ လာနေပါသော်ငြား သတင်း မလာခဲ့ပေ။

ယွမ်လော့ရီမှာ စောင့်ဆိုင်းရင်း အလွန် စိတ်လှုပ်ရှားလာခဲ့သည်။ အကယ်၍ သူမအစ်ကို ပြန်လာချိန်၌ သူမအား ကားထဲတွင် မတွေ့ပါက ပြဿနာနှင့် ရင်ဆိုင်ရလိမ့်မည်ပင်။

All Chapters