အခန်း (၄၆)
Vol. 5 Ch. 46
မိနစ် အနည်းငယ်ကြာ စောင့်ဆိုင်းပြီးနောက် ယွမ်လော့ရီက သတင်းတင်ဆက်မှုကို မတွေ့ရသေးသဖြင့် အလွန် စိတ်ပျက်သွား၏။
ဤအနာဂတ်ကမ္ဘာ၌ပင် တရားခံ အစစ်အမှန်ကို ရှာဖွေရခြင်းမှာ ထိုမျှ မလွယ်ကူချေ။ စနစ်က သူမအပေါ် ကန့်သတ်ချက် များစွာ ချမှတ်ထားပြီး သူမ မပြောနိုင်သော အရာများစွာ ရှိနေကာ လည်ချောင်းကို တစ်စုံတစ်ခုက ညှစ်ထားသကဲ့သို့ အသံတစ်ချက်ပင် မထွက်နိုင်ခဲ့ပေ။
ရုတ်တရက် ကြီးမားသည့် လက်တစ်ဖက်က ယွမ်လော့ရီ၏ ပခုံးပေါ်သို့ လေးလံစွာ ကျရောက်လာပြီး တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သဖြင့် သူမ လန့်သွားရသည်။ သူမ လှည့်ကြည့်လိုက်ရာ ယွမ်အောင်းနှင့် အကြည့်ချင်း ဆုံသွားလေ၏။
ယွမ်အောင်း၏ မျက်နှာမှာ မှိုင်းညို့နေသည်။
“ကိုကို့ကို ကားထဲမှာ စောင့်နေမယ်လို့ ကတိပေးခဲ့တယ်လေ”
ယွမ်လော့ရီ အလွန် စိတ်လှုပ်ရှားသွား၏။
အနာဂတ်ကမ္ဘာရှိ အစ်ကိုကြီးမှာ သူ့ညီမ သေဆုံးမှုကြောင့် စိတ်ဓာတ်ကျကာ ပုံမှန် အခြေအနေ မဟုတ်တော့ချေ။ ထို့ကြောင့် သူက ၁၁ နှစ်အရွယ် ယွမ်လော့ရီအပေါ် အလွန်အကျွံ ကာကွယ်လိုစိတ် ဖြစ်ပေါ်လာပြီး သူ့ညီမကို အပြင်ထွက်ခွင့် မပေးလိုတော့ပေ။ သူ အလိုက်လျောပေးနိုင်ဆုံးမှာ သူ့ညီမကို မြေအောက် ကားဂိုထောင်တွင် တစ်ယောက်တည်း သော့ခတ်မထားခြင်းပင် ဖြစ်၏။
ယခု ယွမ်လော့ရီက သူမ၏ ကတိကို ဖောက်ဖျက်ပြီး ထွက်ပြေးလာခဲ့ရာ အစ်ကိုကြီးကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်မှာ ထင်ရှားသည်။ သူ့မျက်လုံးများက ယွမ်လော့ရီကို စူးစိုက်ကြည့်နေပြီး အားကောင်းကာ အေးစက်နေ၏။
ယွမ်လော့ရီ၏ လက်ချောင်းထိပ်များမှာ မထိန်းချုပ်နိုင်ဘဲ တုန်ယင်လာပြီး နှလုံးက ဒိန်းခနဲ ခုန်နေသည်။ အစ်ကိုကြီးက သူမအပေါ် ဘယ်သောအခါမှ ဒေါသမထွက်ခဲ့ဖူးသဖြင့် ဘာလုပ်ရမည်ကို မသိတော့ပေ။ သူမ အနည်းငယ် ရုန်းကန်ရင်း ယွမ်အောင်း၏ ဆုပ်ကိုင်မှုမှ လွတ်မြောက်ရန် ကြိုးစားလိုက်၏။
သူမ၏ ပခုံးပေါ်မှ လက်မှာ တင်းကြပ်သွားပြီး ယွမ်အောင်းက မေးလာသည်။
“ထွက်ပြေးချင်နေတာလား”
ယွမ်လော့ရီက ပြန်ဖြေလိုက်၏။
“မဟုတ်ပါဘူး၊ ကားထဲမှာ နေရတာ ပျင်းလို့ လမ်းထွက်လျှောက်တာပါ”
ယွမ်အောင်းက အေးစက်စွာ ရယ်မောလိုက်ပြီး မျက်လုံးများကို အောက်သို့ ချကာ သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်သည်။
“စိတ်ကူးယဉ် ဖန်တီးထားတဲ့ ညီမလေးကတောင် ငါ့ကို ထားသွားချင်နေတာပဲ၊ ငါက မင်းကို ကာကွယ်ပေးချင်ရုံလေးပါ”
ယွမ်လော့ရီက ရုန်းကန်လိုက်၏။
“မဟုတ်ဘူး၊ ကိုကို့ကြောင့် သမီးနာနေပြီ”
ထိုစကားလုံးများက ယွမ်အောင်းကို လှုပ်နှိုးလိုက်ပုံရသည်။ သူက ချက်ချင်းပင် သူ၏ ဆုပ်ကိုင်မှုကို လွှတ်ပေးလိုက်၏။
“တောင်းပန်ပါတယ်”
ယွမ်အောင်းက မျက်မှောင်ကျုံ့ကာ သူ၏ ထိုးကိုက်နေသည့် ခေါင်းကို ပွတ်သပ်လိုက်သည်။ သူ၏ စိတ်အခြေအနေသည် အခုတလော ပို၍ မတည်မငြိမ် ဖြစ်လာပြီး မကြာခဏ ထိန်းချုပ်မှု လွတ်သွားတတ်၏။ သူ လုံးဝ ပြိုလဲသွားရန် မဝေးတော့ကြောင်း သူ သိသည်။
သူ့ဘဝ၏ နောက်ဆုံး အခိုက်အတန့်များတွင် သူ သူ့ညီမကို တစ်ဖန် ပြန်တွေ့ခဲ့ရသော်လည်း သူမကို ပုံမှန်အတိုင်း မဆက်ဆံနိုင်ခဲ့ပေ။ သူက တကယ်ပင် ဆိုးဝါးသော အစ်ကိုတစ်ယောက် ဖြစ်၏။
ယွမ်လော့ရီက ယွမ်အောင်းကို စိုးရိမ်တကြီး ကြည့်ရင်း မေးလိုက်သည်။
“ကိုကို ခေါင်းပြန်ကိုက်နေပြန်ပြီလား”
ညီမလေး၏ ဖြူစင်၍ အပြစ်ကင်းသော မျက်လုံးများက ကြည်လင်သည့် ရေကန်တစ်ခုကဲ့သို့ ယွမ်အောင်းအား အရာအားလုံးကို မေ့သွားစေ၏။
ယွမ်လော့ရီ၏ လက်သေးသေးလေးက ယွမ်အောင်း၏ လက်အကြီးကြီးကို ဆုပ်ကိုင်လိုက်သည်။
“သမီး တကယ် ထွက်ပြေးဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး၊ သမီး ကိုကို့ကို ထားမသွားပါဘူး”
ယွမ်အောင်းက မီးလောင်သွားသကဲ့သို့ သူ၏ လက်ကို ရုတ်တရက် ပြန်ဆွဲလိုက်၏။
ယွမ်လော့ရီမှာ ဖြူစင်သန့်ရှင်းပြီး ယွမ်အောင်းကမူ သွေးနှင့် အပြစ်များဖြင့် စွန်းထင်းကာ ရွှံ့နွံထဲသို့ နစ်မြုပ်သွားပြီး အစပြုခဲ့သည့် အချိန်မှစ၍ နောက်ပြန်မလှည့်နိုင်တော့ပေ။
သူ၏ စိတ်ဝိညာဉ်ပင်လျှင် မည်းနက်နေပြီး သူ့နှလုံးသားထဲတွင် သူ့ညီမတစ်ဦးတည်းကသာ ဖြူစင်လှပစွာ ကျန်ရှိနေသည်။ သူ ပိုင်ဆိုင်ခဲ့ဖူးသည့် တစ်ခုတည်းသော အလှတရားကိုပါ ညစ်ညမ်းစေရန် သူ မလိုလားပေ။
ယွမ်အောင်းက ပြောလိုက်သည်။
“ကိုကို ပစ္စည်းတွေ ဝယ်ပြီးပြီ၊ သွားကြစို့”
ယွမ်အောင်းက ရှေ့မှ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားပြီး ယွမ်လော့ရီက သူ့ကို မှီရန် နောက်မှ ပြေးလိုက်ခဲ့ရ၏။
သူတို့ ကားထဲသို့ ဝင်ကာ ကုမ္ပဏီ၏ မြေအောက် ကားပါကင်သို့ ပြန်လာခဲ့ကြသည်။ ယွမ်လော့ရီ အံ့ဩသွားသည်မှာ ယွမ်အောင်းက သူမကို လူသတ်မှုများဖြင့် ပြည့်နှက်နေသည့် ထိုအခန်းသို့ မခေါ်သွားဘဲ သူ ပုံမှန်နေထိုင်ရာ အပေါ်ဆုံးထပ်သို့ ဓာတ်လှေကားဖြင့် တက်သွားခြင်းပင် ဖြစ်၏။
အတွင်းပိုင်းသည် ကျယ်ဝန်းပြီး တောက်ပကာ ခေတ်မီ၍ ရိုးရှင်းသော အပြင်အဆင်ရှိသည်။ ကြီးမားသည့် ကြမ်းပြင်မှ မျက်နှာကြက်အထိ မှန်ပြတင်းပေါက်များမှတဆင့် မြို့တစ်ခုလုံးကို အပေါ်စီးမှ မြင်နေရ၏။
ယွမ်အောင်းက သူဝယ်ခဲ့သော ပစ္စည်းများကို စားပွဲပေါ်တွင် တင်လိုက်သည်။ ယွမ်လော့ရီ တောင်းဆိုခဲ့သော အစားအစာများအပြင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ များစွာကိုလည်း ဝယ်ခဲ့သေး၏။
နို့စို့အရွယ် ယွမ်လော့ရီကို စောင့်ရှောက်ခဲ့စဉ်ကတည်းက မျှတပြီး အာဟာရ ပြည့်ဝသည့် အစားအစာ အခြေခံမူမှာ သူ၏ စိတ်ထဲတွင် စွဲမြဲနေခဲ့သည်။ ယခုအခါ သူ၏ စိတ်က ပြိုလဲလုနီးပါး ဖြစ်နေသော်လည်း ဤအရာများကို လုပ်ဆောင်ရန် သူ မှတ်မိနေဆဲပင်။
“ကိုကို ချက်ပြုတ်လိုက်ဦးမယ်၊ ဒီမှာနားနေ”
ယွမ်အောင်းက ထိုသို့ ပြောပြီး ဟင်းသီးဟင်းရွက်များကို မီးဖိုချောင်ထဲသို့ ယူသွား၏။
ယွမ်လော့ရီ သူ့နောက်သို့ လိုက်ဝင်ချင်မိသည်။ သူမ၏ အစ်ကိုကြီးမှာ ပင်ပန်းနွမ်းနယ်နေပုံရပြီး သူမကို စိုးရိမ်စေသော်လည်း ယွမ်အောင်းက သူမ၏ မျက်နှာရှေ့တွင် တံခါးကို ပိတ်ချလိုက်၏။
သူ ယွမ်လော့ရီကို သူ့ဘေးတွင် လိုအပ်သော်လည်း အလွန် နီးကပ်ရန် မလိုလားပေ။
ယွမ်လော့ရီ ဧည့်ခန်းသို့သာ ပြန်လာနိုင်ခဲ့၏။ ပတ်ပတ်လည် လျှောက်ကြည့်ပြီးနောက် သူမ တီဗီကို တွေ့လိုက်ရပြီး သူမ၏ မှိုင်းညှို့နေသော စိတ်အခြေအနေမှာ အနည်းငယ် တက်ကြွလာသည်။
သူမ ဆိုဖာပေါ်တွင် ထိုင်ကာ တီဗီကို ဖွင့်ပြီး သူမ စောင့်မျှော်နေခဲ့သည့် သတင်းတင်ဆက်မှုကို မတွေ့မချင်း ချန်နယ်များကို အမြန် ပြောင်းကြည့်လိုက်၏။
စတူဒီယိုထဲတွင် လှပသည့် အမျိုးသမီး သတင်းကြေညာသူ တစ်ယောက်က သတင်းကို တင်ဆက်နေသည်။
“တိုင်ဖွန်းမုန်တိုင်း ဘာရိုကီက ကမ်းခြေကို ဝင်ရောက်လာတော့မှာ ဖြစ်ပြီး နိုင်ငံသားများ အားလုံး တံခါးတွေနဲ့ ပြတင်းပေါက်တွေကို လုံခြုံအောင် ပိတ်ထားဖို့ အကြံပြုပါတယ်ရှင်”
ယွမ်လော့ရီ စိတ်မပါ့တပါ နားထောင်နေမိ၏။ မိနစ် အနည်းငယ် ကြာပြီး နောက်ဆုံးတွင် ထိုပျင်းစရာကောင်းသည့် ပုံမှန် အကြောင်းအရာ ပြီးဆုံးသွားလေသည်။
“နောက်တစ်ခုကတော့ မကြာသေးမီက ပြည်သူ့လုံခြုံရေး ပြဿနာတွေကို ကြည့်လိုက်ကြရအောင်ပါ၊ လူတွေ ပျောက်ဆုံးနေဆဲဖြစ်ပြီး ဒီဆက်တိုက် ဖြစ်ပွားနေတဲ့ အမှုတွေ အပေါ်မှာ ထင်မြင်ချက်တွေ မျှဝေဖို့အတွက် နာမည်ကြီး ရာဇဝတ်ဗေဒပညာရှင် ပါမောက္ခဝမ်ကို ဖိတ်ကြားထားပါတယ်”
ပါမောက္ခဝမ်က ဝမ်းနည်းစွာဖြင့် ပြောလာ၏။
“ပျောက်ဆုံးသူ အရေအတွက် များပြားလာတာက တကယ်ကို ပုံမှန် မဟုတ်ပါဘူး၊ ကျွန်တော်တို့ မြို့ထဲမှာ ကွင်းဆက်လူသတ်သမား တစ်ယောက် ဒါမှမဟုတ် ဖြစ်နိုင်တာက ပြစ်မှုတွေကို ပူးပေါင်းညှိနှိုင်းပြီး ဆောင်ရွက်နေတဲ့ လူသတ်သမား အများအပြား ရှိနေတာကို ညွှန်ပြနေပါတယ်၊ သွေးအေးတဲ့ နတ်ဆိုးအုပ်စု တစ်စုပါပဲ”
ယွမ်လော့ရီက တိတ်တဆိတ် တွေးလိုက်သည်။
“အာ၊ ဒါ ငါ့အစ်ကိုတွေ လုပ်ခဲ့တာပဲ”
သတင်းကြေညာသူက ဆက်ပြောလာ၏။
“အခြေအနေတွေက ပိုပိုပြီး စိုးရိမ်စရာ ကောင်းလာပါတယ် ပါမောက္ခဝမ်၊ ဒီပျောက်ဆုံးမှုတွေက အရင်က ယဲ့မိသားစု အစုလိုက် အပြုံလိုက် အသတ်ခံရမှုနဲ့ ဆက်စပ်မှု ရှိပါသလား”
ယွမ်လော့ရီ၏ နှလုံးက တစ်ချက် ဆောင့်ခုန်သွားတော့သည်။
ယဲ့မိသားစုလား။
တကယ့် အဖိုးတန် ကောင်မလေးဆိုတဲ့ အဲဒီမိသားစုက ယဲ့မင်ဆိုတာလား။
တီဗီမျက်နှာပြင်သည် ယဲ့မိသားစုဝင် လေးဦး၏ သေဆုံးချိန် ဓာတ်ပုံများကို ပြသရန် ပြောင်းလဲသွား၏။ မစ္စတာယဲ့၊ မစ္စယဲ့၊ အစ်မကြီးယဲ့ နှင့် အဖိုးတန် ကောင်မလေး ယဲ့မင်ပင်။
ယွမ်လော့ရီ နားလည်သွားသည်။ စနစ်မှ သူမကို ယခင်က ပြသခဲ့သော မြင်ကွင်းများမှာ ယဲ့မင်က နှလုံးခုန် ရပ်နေသော သူမ၏ အစ်မကို အသက်ပြန်ရှင်ရန် အပြင်းအထန် ကြိုးစားကာ CPR ပြုလုပ်နေသည့် မြင်ကွင်းများ ဖြစ်သည်။
ဒါပေမဲ့ ဘာတွေဖြစ်နေတာလဲ။
အဖိုးတန် ကောင်မလေး ယဲ့မင်က တရားခံ မဟုတ်ဘဲ သားကောင်တစ်ယောက်လား။
ဓာတ်ပုံများ အောက်တွင် ဖော်ပြထားသော သေဆုံးသည့် နေ့စွဲမှာ ဇွန်လ ၂၇ ရက်နေ့ ဖြစ်ပြီး ယွမ်လော့ရီ၏ အမေ အသတ်ခံရသည့် နေ့နှင့် တူညီနေ၏။
ယွမ်လော့ရီ နားမလည်နိုင် ဖြစ်သွား၏။ သူမ အနာဂတ်သို့ လာခြင်းက မြူခိုးများကို ရှင်းလင်းပြီး အမှန်တရားကို ဖော်ထုတ်ပေးလိမ့်မည်ဟု ထင်ခဲ့သော်လည်း ယခုအခါ မြူခိုးများမှာ ပို၍ပင် ထူထပ်လာသည်။
ယွမ်လော့ရီ တရားခံ၏ အသံကို မှတ်မိနေသေး၏။ အချိန်ခရီးသွားခြင်း ပြီးဆုံးသွားပြီ ဖြစ်သောကြောင့် သူမ ယဲ့မင်ကို ရှာပြီး သူမ၏ အသံကို နားထောင်ရမည်။
ထိုစဉ် အရသာရှိသော အစားအစာများ၏ ရနံ့က ပျံ့လွင့်လာသည်။ ယွမ်အောင်းက ပင်လယ်စာ ခေါက်ဆွဲကြော် တစ်ပန်းကန်ကို ယွမ်လော့ရီ၏ ရှေ့တွင် ချပေးလိုက်၏။ အစပိုင်းတွင် ဗိုက်မဆာဟု ခံစားရသော်လည်း ယွမ်လော့ရီ ရုတ်တရက် စားချင်စိတ် ဖြစ်ပေါ်လာသည်။
ယွမ်အောင်းက သူ၏ ခါးစည်းကို ချွတ်ပြီး ယွမ်လော့ရီ ဘေးတွင် ထိုင်ချလိုက်၏။
“အေးမသွားခင် မြန်မြန်စား”
ဆွဲဆောင်မှုရှိသည့် ရနံ့ကို မတွန်းလှန်နိုင်သောကြောင့် ယွမ်လော့ရီ အားရပါးရ စားလိုက်တော့သည်။
သူမ၏ အစ်ကိုကြီးက တကယ်ပင် ချက်ပြုတ်ရာတွင် အလွန် ကောင်းမွန်၏။
စားပြီးနောက် သတင်းမှာ ယဲ့မိသားစု အစုလိုက် အပြုံလိုက် အသတ်ခံရမှု အမှုကို ဆက်လက် သုံးသပ်နေပြီး တရားခံကိုမူ မသိရသေးပေ။
ယွမ်လော့ရီမှာ သူမ၏ အစ်ကိုကြီးကို ယဲ့မင်က အဖိုးတန် ကောင်မလေး ဖြစ်ကြောင်း ရုတ်တရက် ပြောပြချင်စိတ် ဖြစ်ပေါ်လာသော်လည်း ထိုသို့ တွေးလိုက်ရုံနှင့် သူမ အသက်ရှူမဝ ဖြစ်သွားသည်။ စနစ်က သူမကို ပြောခွင့်မပြုသော်လည်း သူမ ကြိုးစားချင်သေး၏။
သူမ လက်မြှောက်လိုက်ပြီး ယဲ့မင်၏ ဓာတ်ပုံကို ထိုးပြလိုက်သည်။
“ကိုကို၊ သူက..”
သူမ၏ အသံမှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင် မြင်ကွင်းများလည်း ပျောက်ကွယ်သွားကာ အဆုံးမဲ့ ဗလာနတ္ထိထဲသို့ နစ်မြုပ်သွားသည်။ အမည်မဖော်နိုင်သည့် ခြောက်ခြားစရာ တစ်ခုက ယွမ်လော့ရီ၏ လည်ချောင်းကို ဆုပ်ကိုင်ထားလေ၏။
[ဒင်! စနစ်: သတိပေးချက်၊ ကမ္ဘာလမ်းကြောင်းကို နှောင့်ယှက်နိုင်တဲ့ အပြုအမူတွေ မလုပ်ပါနဲ့]
“ဒုန်း”
ယွမ်လော့ရီ သတိလစ်သွားပြီး လဲကျသွား၏။ သူမ၏ နဖူးမှာ ကြမ်းပြင်နှင့် ပြင်းထန်စွာ ဆောင့်မိသွားသည်။ လက်တစ်စုံက သူမကို ကောက်ယူပြီး ဆိုဖာပေါ်သို့ ညင်သာစွာ ချပေးလိုက်၏။
“ထပါဦး”
ယွမ်အောင်း၏ အသံမှာ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေ၏။
ခဏအကြာတွင် ယွမ်လော့ရီ သတိပြန်ရလာသည်။ စနစ်က သူမကို တိတ်ဆိတ်စွာ နေရန် အတင်းအကျပ် ပြုလုပ်နိုင်ပုံရ၏။
ယွမ်အောင်း၏ အေးစက်သည့် လက်က ယွမ်လော့ရီ၏ နဖူးကို ဖုံးအုပ်ကာ သူမ၏ အပူချိန်ကို ဂရုတစိုက် တိုင်းတာလိုက်သည်။ ယွမ်လော့ရီ၏ ရုတ်တရက် သတိလစ်သွားခြင်းက သူ၏ ယခင် လျစ်လျူရှုထားသော မျက်လုံးများတွင် လှိုင်းဂယက်များ ဖြစ်ပေါ်စေခဲ့ပြီး သူက ပို၍ပင် ဖြူဖျော့သွားကာ အသက်ရှူသံမှာလည်း အနည်းငယ် မြန်ဆန်နေ၏။
ယွမ်လော့ရီက ပြောလိုက်သည်။
“ကိုကို၊ သမီးအဆင်ပြေပါတယ်”
သူမ၏ အပူချိန်မှာ ပုံမှန် ဖြစ်နေသည့်အတွက် ယွမ်အောင်းက သူ့လက်ကို ပြန်ရုတ်ပြီး ယွမ်လော့ရီ ဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေလိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက ပြောလာ၏။
“ညီမလေးကို ကိုကို့အပေါ် မှီခိုစေချင်လို့ စိတ်ကူးယဉ် ပုံရိပ်ကို ပိုအားနည်းသွားစေတာလား”
ယွမ်လော့ရီ နားမလည်နိုင် ဖြစ်သွားသည်။
“မဟုတ်ပါဘူး၊ ဒါသမီးရဲ့ ပေါ့ဆမှုကြောင့်ပါ”
ယွမ်အောင်းက သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် ဖုံးအုပ်လိုက်ပြီး နာကျင်နေပုံရ၏။
“ကိုကို နားမလည်ဘူး တကယ် နားမလည်ဘူး၊ ကိုကို လုပ်နိုင်တာက ညီမလေးကို နာကျင်စေတာပဲ ရှိတယ် ကာကွယ်ပေးနေတာ မဟုတ်ဘူးလို့ ထင်ရတယ်၊ ညီမလေး အကျဉ်းကျနေတုန်းက ကိုကို စိတ်လိုက်မာန်ပါ ဖုန်းခေါ်လိုက်ပြီး သူတို့ကို ကိုကိုတို့ ညီမလေးကို ပြန်ကယ်ဖို့ လာနေမှန်း သိစေခဲ့တယ် အဲဒီညမှာပဲ ညီမလေးက..”
သူ အသက်ကို ပြင်းပြင်းရှူပြီး ဝမ်းနည်းစွာ ပြောလိုက်သည်။
“ထွက်သွားခဲ့တယ်၊ ကိုကိုသာ အဲဒီဖုန်းကို မခေါ်ခဲ့ရင်..ငါဘာလုပ်နေခဲ့တာလဲ အားလုံးက ငါ့အမှားပဲ”
ယွမ်လော့ရီက ယွမ်အောင်း၏ ပိန်လှီနေသည့် ကျောပြင်ကို ကြည့်လိုက်၏။
ဒါဆို သူက သူ့ကိုယ်သူ အမြဲတမ်း အမုန်းဆုံး ဖြစ်နေခဲ့တာပဲ။
ထို့ကြောင့်ပင် သူ့မှာ အမာရွတ်များဖြင့် ဖုံးလွှမ်းနေသော်လည်း လက်စားချေရန် ကြိုးစားနေဆဲ ဖြစ်သည်။ ၎င်းက အပြစ်ဖြေခြင်းနှင့် မိမိကိုယ်ကို အပြစ်ပေးခြင်းပင်။
ယွမ်လော့ရီက ပြောလိုက်သည်။
“ကိုကို သမီး ဖုန်းကိုင်တုန်းက တကယ်တော့ ပျော်ခဲ့ပါတယ်၊ သမီး သေတာ ကိုကို့ အမှား မဟုတ်ပါဘူး ကိုကို့ကြောင့်ပဲ ကြံ့ကြံ့ခံနိုင်ခဲ့တာပါ”
ယွမ်အောင်းက ယွမ်လော့ရီကို မော့ကြည့်လိုက်၏။ သူမ၏ စကားများက အလွန် ရိုးသားပြီး လှပသော်လည်း ၎င်းတို့မှာ စိတ်ကူးယဉ် ပူဖောင်းတစ်ခုသာ ဖြစ်သည်။ လိမ်ညာမှုတစ်ခု ဖြစ်ကြောင်း သိနေသော်လည်း သူ့ကို အနည်းငယ်တော့ စိတ်သက်သာရာရစေ၏။
ယွမ်အောင်းက မေးလိုက်သည်။
“အဲဒီ နောက်ဆုံး အခိုက်အတန့်တွေမှာ ဘယ်လိုဖြစ်ခဲ့လဲ”
သူက သူ့ညီမ၏ ပြာများကိုသာ လက်ခံရရှိခဲ့ပြီး သူမ၏ သေဆုံးရခြင်း အကြောင်းအရင်း အတိအကျကို မသိခဲ့ပေ။ သူ မျက်လုံးမှိတ်လိုက်တိုင်း ထိုလူများက သူမကို နာကျင်စေပြီး နောက်ဆုံးတွင် သတ်ပစ်သည်ကို မြင်ယောင်ကာ ညဘက်တွင် အိပ်မပျော်နိုင်ခဲ့ချေ။
ယွမ်လော့ရီက ပြန်ဖြေလိုက်သည်။
“သမီးကို သူတို့က ထိုးဆေး တစ်ခုခု ထိုးပေးလိုက်ပြီးတော့ နာကျင်မှု မရှိဘဲ အေးအေးချမ်းချမ်း အိပ်ပျော်သွားခဲ့တာ”
အမှန်တကယ်တွင် ကြိုးက သူမ၏ လည်ပင်း တင်းကြပ်လာပြီး မလှုပ်ရှားတော့သည်အထိ သူတို့က သူမကို ဆက်လက် ရိုက်နှက်နေသဖြင့် သူမ အပြင်းအထန် ရုန်းကန်ခဲ့ရသည်။ သူမ၏ ခန္ဓာကိုယ်မှာ သတ်သေသည်ဟု မထင်ရလောက်အောင် အလွန်အမင်း ဒဏ်ရာရနေသည့်အတွက် သူတို့ သူမကို မီးသင်္ဂြိုဟ်ခဲ့ရ၏။
ယွမ်လော့ရီက သူမ၏ လက်ကလေးကို ဆန့်တန်းပြီး ယွမ်အောင်းကို ပွေ့ဖက်လိုက်သည်။
“တကယ်ပါ နာကျင်မှု မရှိခဲ့ဘူး၊ ကိုကိုတို့ သမီးကို အိမ်ပြန်ခေါ်လာတယ်လို့တောင် အိပ်မက်မက်ခဲ့သေးတယ်၊ ပြီးတော့ သမီးတို့ အားလုံး မြက်ခင်းပြင်ပေါ်မှာ အသားကင်စားပြီး မီးရှူးမီးပန်းတွေ အတူတူ ဖောက်ခဲ့ကြတယ်”
ယွမ်အောင်းက ညင်သာစွာ ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ်”
၎င်းမှာ လှပသည့် လိမ်ညာမှုတစ်ခု ဖြစ်ကြောင်း သူသိပေသည်။