အခန်း (၄၇)
Vol. 5 Ch. 47
ယွမ်အောင်းသည် ယွမ်လော့ရီနှင့်အတူ တီဗီ ကြည့်နေခဲ့၏။ သူ့ညီမလေး၏ စိတ်သဘောထားကောင်းစွာ လိမ်ညာမှုကို ကြားပြီးနောက် အံ့ဩဖွယ်ပင် သူ၏ ခေါင်းမှာ ထိုမျှ မကိုက်တော့ဘဲ အစားထိုး ဝင်ရောက်လာသည်က တိုးလာသော မောပန်းနွမ်းနယ်မှု ဖြစ်သည်။
ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ နောက်ဆုံး အသက်တစ်ချောင်းကို နုတ်ယူပြီး အလောင်းကို စွန့်ပစ်ခြင်းက အလွန် ပင်ပန်းလှ၏။ ယွမ်အောင်းမှာ သုံးရက်ကြာ မနားခဲ့ရဘဲ သူ၏ အာရုံကြောများကို အဆက်မပြတ် တင်းမာနေစေခဲ့သည်။ ယနေ့ သူ သူ့ညီမကို ထိခိုက်စေခဲ့သည့် လူကို ကွပ်မျက်ခဲ့ပြီး ဖြစ်၏။
သို့သော် ယွမ်အောင်းမှာ သူ နိုးလာသည့်အခါ ယွမ်လော့ရီ ထွက်သွားမည်ကို စိုးရိမ်သောကြောင့် သူ့ကိုယ်သူ အတင်း နိုးကြားနေစေခဲ့သည်။
ယွမ်လော့ရီက သူမအစ်ကို၏ အတွင်းစိတ် ဂယက်ထမှုကို သတိပြုမိပြီး သူ့ပခုံးကို ပုတ်လိုက်၏။
“အဆင်ပြေပါတယ် ကိုကို အိပ်လို့ ရပါတယ်၊ သမီး ဒီမှာပဲ နေမှာ ထွက်မပြေးဘူး၊ ကိုကို မအိပ်ရင် ခေါင်းပိုကိုက်လာပြီး ထိန်းချုပ်မှု ပြန်လွတ်သွားမှာ၊ အဲဒါဆို သမီး သေချာပေါက် ကြောက်မိမှာပဲ”
ယွမ်အောင်းက ပြန်ပြောလာသည်။
“ညီမလေးက ခုနကမှ ထွက်သွားခဲ့တာလေ၊ ကိုကို ဘယ်လိုယုံနိုင်မှာလဲ”
ယွမ်လော့ရီက ခိုင်မာစွာ ပြောလိုက်၏။
“အရင်က သမီး
တကယ်ပဲ ကားထဲမှာ နေရတာ ပျင်းလို့ ထွက်သွားခဲ့တာပါ၊ ဒါပေမဲ့ ဒီတစ်ခါ တီဗီ ရှိတယ်လေ ဒီမှာပဲ တီဗီကြည့်နေမှာ”
၎င်းမှာ အမှန်ပင် ဖြစ်သည်။ သတင်းကြည့်ခြင်းက အသုံးဝင်သော သတင်းအချက်အလက် များစွာကို စုဆောင်းနိုင်၏။
ယွမ်အောင်းက ပြန်ပြောလာသည်။
“ကောင်းပြီ၊ ကိုကို နောက်တစ်ခါ ယုံကြည်လိုက်မယ်”
ယွမ်အောင်းသည် ဆိုဖာကို မှီရင်း အိပ်ငိုက်စပြုလာကာ မျက်လုံးမှိတ်လိုက်ပြီး မကြာမီမှာပင် အိပ်ပျော်သွားခဲ့၏။
ယွမ်လော့ရီက အနားသို့ သွားကာ သူမ၏ အစ်ကိုကို အနီးကပ် လေ့လာကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင်လည်း မှိန်ဖျော့သော အမာရွတ်ဟောင်းများ ရှိနေ၏။ ဤလက်စားချေခြင်း လမ်းခရီးတွင် သူ သေရေးရှင်ရေး အခိုက်အတန့် များစွာကို ရင်ဆိုင်ခဲ့ရမည်မှာ သေချာသည်။
ယွမ်လော့ရီက ခါးစည်း တစ်ခုကို ဝတ်ဆင်ရင်း ပန်းကန်များကို ဆေးကြော သိမ်းဆည်းလိုက်၏။ မီးဖိုချောင်ကို စူးစမ်းကြည့်ရာ အလွန် သန့်ရှင်းသည်ဟု ခံစားရသော်လည်း ချက်ပြုတ်သည့် အငွေ့အသက် ကင်းမဲ့နေသည်။ သူမ အစ်ကိုက သိပ်ပြီး အစားစားပုံ မပေါ်ချေ။
အမှန်ပင် အစောပိုင်းက သူမအတွက် ပင်လယ်စာ ခေါက်ဆွဲကြော် တစ်ပွဲသာ လုပ်ပေးခဲ့ပြီး သူကိုယ်တိုင် ဘာမှ မစားခဲ့ပေ။ သူ ဤမျှ ပိန်လှီသွားသည်မှာ အံ့ဩစရာ မဟုတ်ချေ။ ယွမ်လော့ရီ၏ စိတ်ထဲတွင် အကြံညဏ်ကောင်း တစ်ခု ပေါ်လာ၏။ သူမ သူမအစ်ကိုအတွက် တစ်ခုခု ချက်ပြုတ်ပေးနိုင်သည်။
မည်သည့် အစ်ကိုမျှ သူ့ညီမလေး လုပ်ပေးသည့် အစားအစာကို ငြင်းဆန်နိုင်မည် မဟုတ်ချေ။
ယွမ်လော့ရီက မဆိုင်းမတွပင် ရေခဲသေတ္တာကို ဖွင့်ကာ ပါဝင်ပစ္စည်းများကို စစ်ဆေးပြီး ဘာလုပ်ရမည်ကို စဉ်းစားနေလိုက်သည်။
[ဒင်! စနစ် အချက်ပေးချက်: အချိန် နောက်ပြန်ဆုတ်ခြင်း သက်တမ်း ကုန်ဆုံးပါတော့မယ်၊ ကျေးဇူးပြုပြီး ပြင်ဆင်ပါ]
ယွမ်လော့ရီ အော်ဟစ်လိုက််မိ၏။
“အားး အခုလား အနည်းဆုံးတော့ ငါအရင်ချက်ပြုတ်ပြီးအောင် စောင့်ပါဦး၊ ကိုကို နိုးလာလို့ ငါမရှိတော့ရင် ငါ့ကို ဘယ်တော့မှ ယုံတော့မှာ မဟုတ်ဘူး”
[အချိန်ရေတွက်မှု စတင်ပါပြီ]
[၃]
[၂]
[၁]
[နောက်ပြန်ဆုတ်ခြင်း ပြီးဆုံးပါပြီ]
မူးဝေသည့် လည်ပတ်မှုတစ်ခု အပြီးတွင် ယွမ်လော့ရီမှာ သူမ၏ မူလအချိန်ကာလသို့ ပြန်လည် ဆွဲခေါ်ခံလိုက်ရပြီး သူ စောင်အောက်မှ ရုန်းကန်ထွက်ကာ အပြင်ဘက်မှ မှိန်ဖျော့နေသော ကောင်းကင်ကို စိုက်ကြည့်နေလိုက်သည်။ ဤနောက်ပြန်ဆုတ်ခြင်းမှာ တစ်ညလုံး ကြာမြင့်ခဲ့၏။
“တီတီ”
၆ နာရီဖြစ်ပြီး နှိုးစက် မြည်လာလေသည်။ ယွမ်လော့ရီ နှိုးစက်ကို စိတ်မရှည်စွာ ရိုက်ချပစ်လိုက်၏။
ပုံမှန်အားဖြင့် ယွမ်လော့ရီသည် ၇နာရီအထိ နောက်ထပ် တစ်နာရီကြာ ကုတင်ထဲတွင် လဲလျောင်းနေတတ်သည်။ သို့သော် ယခုအခါ သူမ လုံးဝ မအိပ်ချင်တော့ဘဲ စိတ်ရှုပ်ထွေးနေ၏။
အဓိကအားဖြင့် သူမ ဒေါသထွက်နေသည်။ သူမသည် သူမအစ်ကိုကို ထွက်မသွားကြောင်း ပြောပြီးခါမှ သူ အိပ်ပျော်သွားစဉ် အချိန်နောက်ပြန်ဆုတ်ပြီး သူ့ကို ထားခဲ့ရ၏။
သူမအစ်ကိုမှာ သူ၏ ညီမက သူ့ကို လိမ်ညာခဲ့သည်ဟု ခံစားရကာ အလွန် စိတ်ပျက်နေတော့မည်။
အား။
ဩဇာလွှမ်းမိုးမှု အဆင့်ကို နောက်ထပ် ၃၀ တိုးမြှင့်လိုက်ရင် အစ်ကိုကြီးနဲ့ ပြန်တွေ့နိုင်မှာလား။
အင်း…မသေချာပေ။ အချိန် နောက်ပြန်ဆုတ်ခြင်း တစ်ခုစီက သူမကို မတူညီသည့် နေရာသို့ ပို့ဆောင်သည်။ ထို့ကြောင့် သူမ သူ့ကို တစ်ဖန် ပြန်တွေ့ရန်သာ မျှော်လင့်နိုင်တော့၏။ သူမ၏ သနားစရာ အစ်ကိုမှာ အဖော်ပြုမှုကို တကယ် လိုအပ်နေသည်။
ရိုးရှင်းစွာ သန့်စင်ပြီးနောက် ယွမ်လော့ရီက သူမ၏ ကျောပိုးအိတ်ကို လွယ်ကာ ကျောင်းသွားရန် ပြင်လိုက်၏။ ယနေ့ သူမ၌ အလွန် အရေးကြီးသည့် တာဝန်တစ်ခု ရှိလေသည်။ စစ်မှန်သော ရွှေရောင်သခင်မလေးနှင့် တွေ့ဆုံရန် ဖြစ်၏။
သူမ၏ အသံကို နားထောင်လိုက်လျှင် သူမက သားကောင်လား သို့မဟုတ် တရားခံလား ဆိုသည်ကို သိရပေမည်။
ဧည့်ခန်းသို့ ရောက်သည့်အခါ ယွမ်လော့ရီမှာ သူမ၏ အကြီးဆုံးအစ်ကို ယွမ်အောင်းကို တွေ့လိုက်ရသဖြင့် အံ့ဩသွား၏။ သူက ဆိုဖာပေါ်တွင် ထိုင်ကာ တက်ဘလက် တစ်ခုကို စူးစိုက်ကြည့်နေသည်။ ဖြစ်နိုင်သည်မှာ အနာဂတ် ဈေးကွက် တစ်ခုခုကို ကြည့်နေပြန်ပြီ ထင်သည်။
ဤအချိန်ကာလတွင် သူမ၏ အစ်ကိုမှာ မကျိုးပဲ့နေပေ။ သူက သပ်ရပ်စွာ ဝတ်စားထားပြီး ကျက်သရေရှိကာ ဉာဏ်ကောင်းလှသည်။ သူ၏ မျက်လုံးများက မှင်ကဲ့သို့ နက်မှောင်၍ နက်ရှိုင်းကာ လျှို့ဝှက်ဆန်းကြယ်၏။ ရံဖန်ရံခါ အေးစက်သော တောက်ပမှု တစ်ခု ဖြတ်သန်းသွားတတ်သော်လည်း ယွမ်လော့ရီကို ကြည့်သည့်အခါ အမြဲတမ်း နူးညံ့သော နွေးထွေးမှုကို ပြသခဲ့သည်။
ဤပြင်းထန်သည့် ခြားနားမှုက ယွမ်လော့ရီကို ပို၍ပင် ဝမ်းနည်းစေ၏။
ထိုအခြားကမ္ဘာတွင် နာကျင်မှု၊ နောင်တနှင့် မုန်းတီးမှုများက သူမ၏ အစ်ကိုကို ဖျက်ဆီးခဲ့သည်။ သူ၏ ကိုယ်ပိုင်အမှားများကြောင့် သူ့ညီမ သေဆုံးခဲ့ရသည်ဟု ခိုင်မာစွာ ယုံကြည်ခဲ့၍ သူ့ကိုယ်သူ ငရဲသို့ နှင်ထုတ်ကာ မျှော်လင့်ချက် မဲ့နေသည့် လှောင်ချိုင့်ထဲမှ သားရဲတစ်ကောင်ကဲ့သို့ အကြိမ်ကြိမ် စိတ်ပျက်အားငယ်မှုထဲ ကျဆင်းပြီး တဖြည်းဖြည်း ထိန်းချုပ်မှု လွတ်သွား၏။
ထိုဝမ်းနည်းဖွယ် အဖြစ်အပျက်များသာ မဖြစ်ပွားခဲ့လျှင် သူမ၏ အစ်ကိုသည် အမှန်တကယ်ပင် ပြီးပြည့်စုံသည့် လူတစ်ယောက် ဖြစ်နေပေလိမ့်မည်။
ယွမ်လော့ရီ ယွမ်အောင်းထံသို့ ပြေးသွားလိုက်၏။
“ကိုကို ခေါင်းကိုက်နေလား”
ယွမ်အောင်းက မော့ကြည့်လာသည်။
“ဟင့်အင်း၊ မကိုက်ပါဘူး”
ယွမ်လော့ရီက ပြုံးလိုက်၏။
“ဒါဆို ကောင်းတာပေါ့၊ ဒီနေ့ သမီးကို ကျောင်းလိုက်ပို့မှာလား”
“ဟုတ်တယ် အခုတလော အလုပ် နည်းနည်း ပါးတယ်၊ အဲဒါကြောင့် ညီမလေးနဲ့အတူ အချိန်ပိုကုန်ဆုံးချင်လို့”
“ရေး”
“ဒီနေ့ ထူးထူးခြားခြား ပျော်နေပုံပဲ”
“အင်း ကိုကို ရှိနေရင် သမီး အမြဲတမ်း ပျော်ပါတယ်”
ယွမ်လော့ရီက ယွမ်အောင်း၏ နောက်မှ ကားငယ်လေးထဲသို့ လိုက်ပါသွားသည်။ ဤအသစ်စက်စက် အချိန်ကာလတွင် သူမ တရားခံ အစစ်အမှန်ကို ရှာဖွေပြီး ထိုဝမ်းနည်းဖွယ် အဖြစ်အပျက် ထပ်မံ မဖြစ်ပွားအောင် တားဆီးပေတော့မည်။