အခန်း (၄၈)
Vol. 5 Ch. 48
"ကြည့်စမ်း ကြည့်စမ်း၊ ယွမ်လော့ရီပဲ"
"ဘယ်မှာလဲ"
"ကျောင်းဂိတ် ဘယ်ဘက်ခြမ်းမှာ၊ ကားပေါ်ကနေ အခုလေးတင် ဆင်းလာတာ"
Star Galaxy အလယ်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများသည် စိတ်လှုပ်ရှားစွာဖြင့် အုံးအုံးကျွက်ကျွက် ဖြစ်သွားကြ၏။ သူတို့ အားလုံး ကျောင်းဂိတ်ဝဆီသို့ ပြေးသွားကြပြီး လူအုပ်ကြီးဖြင့် စုရုံးကာ ယွမ်လော့ရီကို တစ်ချက်ကလေး မြင်ရရန်အလို့ငှာ လည်တဆန့်ဆန့် ခြေဖျားတထောက်ထောက်ဖြင့် တစ်ယောက်ကိုတစ်ယောက် တိုးဝှေ့နေကြပေသည်။
ယွမ်လော့ရီသည် မနေ့က အသိပညာပြိုင်ပွဲတွင် အလွန်ထူးချွန်သည့် စွမ်းဆောင်ရည်ကို ပြသခဲ့၏။ စင်မြင့်ထက်တွင် Caculusကို အသုံးပြု၍ ပန်ဂျူလမ် ညီမျှခြင်းအမှန်ကို တွက်ထုတ်ပြခဲ့သည့်အပြင် စုရွှင်းနှင့် အမေးအဖြေပြိုင်သည့်အခါတွင်လည်း တည်ငြိမ်အေးဆေးသော သူမ၏ဟန်ပန်ကြောင့် ကြည့်ရှုသူများစွာ၏ အားပေးမှုကို ချက်ချင်းပင် ရရှိခဲ့လေသည်။
ထက်မြက်ပြီး လှပသည့် မိန်းကလေးတစ်ယောက်ကို မည်သူက အားကျနှစ်သက်ခြင်း မရှိဘဲ နေမည်နည်း။
သို့သော်လည်း ယွမ်မိသားစုကို ကြောက်ရွံ့သောကြောင့် အားလုံးက ယွမ်လော့ရီကို အဝေးမှသာ အားကျနှစ်သက်ကြောင်း ပြရဲကြ၏။ အနည်းဆုံး ဆယ်မီတာအကွာမှနေ၍ မျက်လုံးများ အရောင်တလက်လက်ဖြင့် သူမကို စိုက်ကြည့်ရင်း တစ်ချက်တစ်ချက် အံ့သြချီးကျူးစကားများ ဆိုကြလေသည်။
ယွမ်လော့ရီ ကျောင်းဂိတ်ဝသို့ ချဉ်းကပ်လာသည့်အခါ လူတိုင်းက စိတ်လှုပ်ရှားစွာဖြင့် ဝိုင်းဝန်းအော်ဟစ်ကြ၏။ အထူးသဖြင့် မိန်းကလေးများမှာ ယွမ်လော့ရီကို တွေ့ရ၍ ခုန်ပေါက်မတတ်ပင် ဖြစ်နေကြသည်။
"ယွမ်လော့ရီ၊ စီနီယာ၊ ညီမတို့ အားပေးနေတယ်နော်၊ ချန်ပီယံဖြစ်အောင် ကြိုးစားပါ"
"ဝါး၊ အရမ်းချစ်ဖို့ကောင်းတာပဲ၊ အိမ်ကို ခေါ်သွားချင်လိုက်တာ"
"ရှုး၊ သူ့အစ်ကိုကြီးတွေ မပြန်သေးဘူး"
ယွမ်လော့ရီ၏ မျက်နှာသည် အနည်းငယ် နီမြန်းသွားကာ ရှက်ပြုံးလေးပြုံးလိုက်ပြီး ခေါင်းကိုငုံ့၍ ကျောင်းဂိတ်ထဲသို့ အမြန်ဝင်သွားလေ၏။
ကျင့်သားမရသေးဘူး၊ တကယ်ကို ကျင့်သားမရသေးဘူး။
ယခင်ကဆိုလျှင် သာမန်ကျောင်းသားအားလုံးမှာ သူမကို ကြောက်ရွံ့ကြသည်။ မတော်တဆ တိုက်မိလျှင်ပင် မျက်နှာများ ဖြူဖျော့ကာ တောရိုင်းတိရစ္ဆာန်ကြီး သို့မဟုတ် ရေလွှမ်းကပ်ဘေးနှင့် တွေ့ရသလိုမျိုး ထွက်ပြေးသွားတတ်ကြ၏။
ယခုမူ သူတို့အားလုံးသည် သူမ၏ အမာခံပရိသတ်များအဖြစ်သို့ ပြောင်းလဲသွားကြပြီး ကျောင်းဂိတ်ဝတွင် တခမ်းတနား ကြိုဆိုနေကြသည်။ အပြောင်းအလဲက ကြီးမားလွန်းသောကြောင့် သူမ တကယ်ပင် နေသားမကျသေးချေ။
ယွမ်လော့ရီသည် သူမ၏ စတုတ္ထအစ်ကို ယွမ်စစ်ကို သတိရလိုက်မိသည်။ သူကတော့ အများ၏ အားပေးချစ်ခင်မှုကို ကျင့်သားရနေသူဖြစ်ရာ ဤကိစ္စအတွက် သူ့ထံမှ အကြံဉာဏ်တောင်းရမည်ဟု သူမ တွေးလိုက်မိသည်။
သူမ စာသင်ဆောင်ဘက်သို့ လျှောက်သွားနေစဉ် အတန်းCမှ သာမန်ကျောင်းသားအချို့သည် ယွမ်လော့ရီကို မြင်သွားပြီး ထိတ်လန့်တကြား ပုံစံများဖြင့် အမြန်ပြေးထွက်သွားကြ၏။
ယွမ်လော့ရီ သက်ပြင်းချလိုက်မိသည်။
အာ ဒီလိုမှပေါ့ ဒါကမှ ပုံမှန်လိုဆက်ဆံခံရတာပဲ။
သူမကို အားပေးနှစ်သက်သူများ တိုးလာသော်လည်း ကြောက်ရွံ့သူများကတော့ ရှိနေဆဲပင်။
အထူးသဖြင့် အတန်းCမှ သာမန်ကျောင်းသားများမှာ ယွမ်လော့ရီအကြောင်း မကောင်းသော ကောလာဟလများစွာ ကြားထားရသဖြင့် သူမအပေါ် ကြောက်စိတ်က အမြစ်တွယ်နေပြီး လွယ်လွယ်နှင့် ပြောင်းလဲနိုင်မည်မဟုတ်ပေ။
အမွေဆက်ခံသူအစစ်အမှန်ဖြစ်သည့် ယဲ့မင်သည်လည်း အတန်းCမှ သာမန်ကျောင်းသူတစ်ယောက် ဖြစ်သည်။ မနေ့က စင်မြင့်ထက်တွင် ယွမ်လော့ရီ သူမနှင့် ခဏတာ မျက်လုံးချင်းဆုံခဲ့ရာ ယွမ်မောင်နှမများအားလုံးကဲ့သို့ပင် ယဲ့မင်၏ မျက်လုံးများမှာ ခံစားချက်ကင်းမဲ့ပြီး ရေခဲတမျှ အေးစက်နေခဲ့၏။ သူမ ယွမ်လော့ရီကို လုံးဝ မကြောက်သည်မှာ သေချာသည်။
ယခုအခါ ယွမ်လော့ရီသည် ယဲ့မင်ကို တွေ့ရန် အတန်းCသို့ သွားရန် ဆုံးဖြတ်လိုက်ပြီး ခပ်သွက်သွက် လျှောက်လှမ်းသွားလေသည်။
သူမက တကယ့်တရားခံလား သို့မဟုတ် သားကောင်လားဆိုတာကို သူ့အသံကိုကြားလိုက်သည်နှင့်တစ်ပြိုင်နက် သိရပေမည်။
စောစောက ထွက်ပြေးသွားကြသည့် အတန်းCမှ သာမန်ကျောင်းသားများမှာ ယွမ်လော့ရီက သူတို့နောက်သို့ လိုက်လာသည်ကို သိလိုက်ရသည့်အခါ လန့်ဖျပ်သွားပြီး ပို၍ပင် အမြန်ပြေးကြတော့သည်။ သို့သော် သူတို့ မည်မျှပင် အမြန်ပြေးပါစေ သူတို့၏ ပန်းတိုင်က တစ်ခုတည်းဖြစ်သောကြောင့် ယွမ်လော့ရီကို ကျော်လွှားနိုင်ခြင်းမရှိပေ။
အတန်းCထဲသို့ ဝင်ရောက်သွားသည်နှင့် သူတို့က ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
"အားလုံးပဲ၊ ယွမ်လော့ရီ ရောက်လာပြီ"
"ဘာ၊ သူက ငါတို့ အတန်းCကို ဘာလာလုပ်တာလဲ"
"ငါတို့အတန်းထဲက ကျောင်းသားတွေကို ကျောင်းထပ်ထုတ်ဖို့များ လာတာလားမသိဘူး"
"အား၊ နင်တို့တွေ ဘာလုပ်လိုက်ကြလို့ သူ ဒီအထိေရာက်လာရတာလဲ"
"ငါတို့လည်း မသိဘူး"
ယွမ်လော့ရီသည် အတန်းC၏ အဝင်ဝတွင် ရပ်နေရင်း အထဲမှ ကျောင်းသားများ ရှေ့မတိုးနောက်မဆုတ်သာဖြင့် ပျာယာခတ်နေကြသည်ကို ကြည့်နေမိ၏။
သူမက မေးလိုက်သည်။ "နင်တို့ အတန်းခေါင်းဆောင် ယဲ့မင် ရှိလား"
ရင်းနှီးသည့် အသံတစ်ခုက ထွက်ပေါ်လာသည်။ "နင် သူ့ကို ဘာလုပ်ဖို့လဲ"
ယွမ်လော့ရီ လှည့်ကြည့်လိုက်ရာ စုရွှင်းကို တွေ့လိုက်ရ၏။ ထိတ်လန့်နေသော အတန်းCကျောင်းသားများနှင့်မတူဘဲ သူမက လက်ပိုက်ကာ ယွမ်လော့ရီကို ရန်လိုသော အကြည့်များဖြင့် စိုက်ကြည့်နေသည်။
ယွမ်လော့ရီက ပြန်မေးလိုက်၏။ "နင့်အလုပ်မဟုတ်ဘူး နင် ဘာလို့ အတန်းCမှာ ရောက်နေတာလဲ"
စုရွှင်းက နှာခေါင်းရှုံ့လိုက်သည်။ "နင်ကတော့ ငါ့ကို လုံးဝ အာရုံမစိုက်ဘူးပဲနော်၊ မနေ့က အသိပညာပြိုင်ပွဲမှာ ငါခိုးချတာမိလို့ ကျောင်းထုတ်ခံရမှာ၊ ဒါပေမဲ့ ငါ့အမေက အဲဒီလိုမဖြစ်စေချင်လို့ ငါ့ကို အတန်းCကို ပြောင်းခိုင်းလိုက်တာပဲ"
ယွမ်လော့ရီက ပြောလိုက်၏။ "နင့်လို မာနကြီးတဲ့သူက ခိုးချတယ် ဟုတ်လား၊ နင် ဘာတွေကြံစည်နေတာလဲ"
ဤမေးခွန်းသည် စုရွှင်း၏ အားနည်းချက်ကို ထိသွားဟန်တူသည်။ သူမသည် တစ်ခဏမျှ အသက်ရှူမှားသွားပြီး အကြည့်လွှဲလိုက်ကာ ယွမ်လော့ရီကို ဆက်မစိုက်ကြည့်တော့ပေ။
"ဒါလည်း နင့်အလုပ်မဟုတ်ဘူး၊ ယဲ့မင်က သင်္ချာဆရာမဆီ လေ့ကျင့်ခန်းစာရွက်တွေ သွားယူနေတယ်၊ သူ့ကို ရှာချင်ရင် မြန်မြန်သွားလိုက်တော့"
ယွမ်လော့ရီသည် ထွက်သွားရန် ခြေတစ်လှမ်းလှမ်းလိုက်ပြီးမှ တုံ့ဆိုင်းကာ ခြေထောက်ကို ပြန်ရုတ်လိုက်သည်။
သူမက စုရွှင်းကို ပြောလိုက်သည်။ "ကြည့်ရတာ နင် အတန်းCမှာတော့ ဟန်ဆောင်စရာမလိုတော့ဘူးထင်တယ်"
ဘေးမှ စောင့်ကြည့်နေသော အတန်းCကျောင်းသားများအားလုံး အာမေဋိတ်သံများ ပြုလိုက်ကြသည်။
အသိဉာဏ်အနည်းငယ်ရှိသူတိုင်း စုရွှင်း၏ ချစ်စရာကောင်းသည့်ပုံစံသည် ဟန်ဆောင်မှုတစ်ခုဖြစ်ကြောင်း သိကြသော်လည်း လူများစွာက ထိုအပေါ်တွင် သာယာမိကြသဖြင့် သူမသည် ကျောင်း၏ လူကြိုက်အများဆုံး မိန်းကလေးများထဲမှ တစ်ယောက်ဖြစ်နေဆဲပင်။
ထို့ပြင် ယွမ်လော့ရီတစ်ယောက်သာ စုရွှင်းကို လူအများရှေ့တွင် ဤသို့ ပွင့်ပွင့်လင်းလင်း ပြောရဲပေမည်။
စုရွှင်း ဒေါသထွက်သွားပြီး ယွမ်လော့ရီကို စူးစိုက်ကြည့်လိုက်သည်။ သို့သော် သူမသည် ကူကယ်ရာမဲ့စွာ ခေါင်းခါရင်း မိမိကိုယ်ကို ပြန်လှောင်ရယ်လိုက်၏။
သူမ ရှုံးနိမ့်သွားသည့်အချိန်မှစ၍ သူမ၏ အဆင့်အတန်းသည် အရင်ကလို မဟုတ်တော့ပေ။ နိုင်သူကဘုရင် ရှုံးသူကကျွန် ဖြစ်သောကြောင့် ယွမ်လော့ရီက သူမကို လာရန်စရဲသည်မှာ အံ့ဩစရာမဟုတ်ပါချေ။
မာနကြီးသည့် သူမပင်လျှင် ယွမ်လော့ရီ ပြောင်းလဲသွားကြောင်း ဝန်ခံရပေမည်။
အသိပညာပြိုင်ပွဲ၏ နောက်ဆုံးရလဒ်တွင် စုရွှင်းက ၉၄ မှတ်၊ ယွမ်လော့ရီက ၉၆ မှတ်နှင့် ၂ မှတ်သာ ကွာခြားခဲ့သည်။
သို့သော်လည်းယွမ်လော့ရီနှင့် တိုက်ရိုက်ရင်ဆိုင်ခဲ့ရသည့် စုရွှင်းကမူ ထိုကွာဟချက်သည် ၂ မှတ်ထက် များစွာပိုကြီးကြောင်း ကောင်းကောင်းသိသည်။ ပြိုင်ပွဲအဆုံးပိုင်းတွင် သူမ၏ စိတ်အခြေအနေသည် လုံးဝ ပြိုလဲသွားခဲ့သော်လည်း ယွမ်လော့ရီမှာမူ အစအဆုံး တည်ငြိမ်နေခဲ့၏။
ယွမ်လော့ရီသည် သူမ မမီနိုင်သော ဖြစ်တည်မှုတစ်ခု ဖြစ်လာခဲ့ပေပြီ။
စုရွှင်းက ယွမ်လော့ရီကို အော်ပြောလိုက်သည်။ "သွားတော့၊ ငါ နင့်ကို တကယ်မမြင်ချင်ဘူး"
ယွမ်လော့ရီက ပြောလိုက်၏။ "ငါလည်း အရင်က ဟန်ဆောင်ခဲ့ဖူးတယ်၊ ဒါပေမဲ့ နင်နဲ့ ဆန့်ကျင်ဘက်ပုံစံနဲ့ပေါ့၊ ဟန်ဆောင်တာကို ရပ်လိုက်တော့မှ အများကြီး ပေါ့ပါးသွားတယ်၊ လူတွေက တခြားသူတွေရဲ့ အမြင်ကို အရမ်းဂရုစိုက်လွန်းရင် ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားစေနိုင်တယ်"
ထိုသို့ပြောပြီးနောက် ယွမ်လော့ရီ အလျင်အမြန် ထွက်ခွာသွားသည်။
စုရွှင်းက ဒေါသတကြီးဖြင့် စားပွဲပေါ်သို့ မှောက်ချလိုက်ကာ တိုးတိုးလေး ရေရွတ်နေမိတော့သည်။ "ကျစ်၊ မနက်စောစောစီးစီး ငါ့ကို လာပြီး ဆရာလုပ်သွားသေးတယ်၊ ဒါပေမဲ့၊ ဟုတ်တော့လည်း ဟုတ်သားပဲ၊ ငါ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေခဲ့တာပဲ"
ယွမ်လော့ရီ စင်္ကြံလမ်းသို့ ရောက်သည့်အခါ ယဲ့မင်နှင့် တည့်တည့်တိုးလေသည်။ ယဲ့မင်၏ ပုံစံမှာ မနေ့ကအတိုင်းပင်။ ဆံပင်ကို ကျစ်ဆံမြီးနှစ်ဖက်ခွဲချည်ထားပြီး ထူထဲသော ဆံမြိတ်ဖြောင့်ဖြောင့်တို့က မျက်လုံးများ၏ တစ်စိတ်တစ်ပိုင်း ဖုံးကွယ်ထားသဖြင့် သူမ၏ ခံစားချက်ကို ဖတ်ရခက်လှ၏။
သူမသည် သင်္ချာလေ့ကျင့်ခန်းစာရွက်တစ်ထပ်ကို သယ်ဆောင်ကာ ဖြည်းဖြည်းချင်း လျှောက်လာရင်း ယွမ်လော့ရီကို တစ်ချက်လှမ်းကြည့်ပြီးနောက် ဂရုမစိုက်ဟန်ဖြင့် အကြည့်ကို အမြန်လွှဲလိုက်သည်။
သို့သော် နှစ်ပေါင်းများစွာ အစ်ကိုများနှင့် နေထိုင်ခဲ့သော ယွမ်လော့ရီသည် ယဲ့မင်၏ မျက်လုံးများထဲတွင် သိမ်မွေ့သော ရန်လိုသည့်အရိပ်အယောင်တစ်ခုကို ခံစားမိလိုက်သည်။
ယွမ်လော့ရီက ယဲ့မင်ကို တားလိုက်၏။ "ခဏနေဦး"
ယဲ့မင်ကမေးလိုက်သည်။ "ဘာကိစ္စရှိလို့လဲ၊ အတန်းဖော်"
ဒီအသံ!
မဟုတ်သေးဘူး!
ယဲ့မင်၏ အသံသည် နူးညံ့သာယာနေပြီး တရားခံ၏အသံမှာမူ ပို၍ စူးရှလေသည်။
အရွယ်ရောက်ချိန်တွင် အသံပြောင်းတတ်သော ယောက်ျားလေးများနှင့်မတူဘဲ မိန်းကလေးတစ်ယောက်၏ အသံသည် ကြီးလာသည့်တိုင် များစွာ ပြောင်းလဲလေ့မရှိပေ။ ယွမ်လော့ရီသည် ယဲ့မင်၏ အသံက တရားခံ၏အသံနှင့် ကွဲပြားကြောင်း အတည်ပြုနိုင်ခဲ့သည်။
ယွမ်လော့ရီ အလွန်အမင်း အံ့အားသင့်သွားသလို ယဲ့မင်ကလည်း အံ့ဩနေဟန်တူ၏။
ယဲ့မင်က ပြောလိုက်သည်။ "အမ်၊ တခြားကိစ္စမရှိရင် ငါ့ကို သွားခွင့်ပြုပါလား၊ ဒီလေ့ကျင့်ခန်းစာရွက်တွေ ဝေပေးရမှာမို့လို့၊ နောက်ကျရင် ဆရာမက စိတ်ဆိုးလိမ့်မယ်"
ယွမ်လော့ရီသည် ဘေးသို့မဖယ်ပေးသေးဘဲ မေးလိုက်၏။ "နင့်မှာ အစ်မရှိလား"
ယဲ့မင်က ပြန်ဖြေသည်။"အင်း၊ ရှိပါတယ်၊ သူလည်း Star Galaxyကျောင်းမှာပဲ၊ အခု ဆယ်တန်းတက်နေတယ်၊ သူ့ကို ရှာချင်လို့လား"
ယွမ်လော့ရီက ခေါင်းခါလိုက်၏။ "ငါက နင့်ကိုလာရှာတာ၊ အဆင့်စာရင်းမှာ နင့်နာမည်ကို ငါခဏခဏတွေ့တယ်၊ စာမေးပွဲလေးကြိမ်ဆက်တိုက် နင်ကအဆင့် ၈၃ ပဲ ရတယ်နော်"
ယဲ့မင်က ပြုံးလိုက်သည်။ "တိုက်ဆိုင်လိုက်တာနော်"
ယွမ်လော့ရီကမူ တိုက်ဆိုင်မှုဟု လုံးဝမယုံကြည်ပေ။ ယွမ်မိသားစု၏ ဉာဏ်ရည်မှာ အလွန်မြင့်မားပြီး ယဲ့မင်သည် ထိုအရည်အသွေးကို ဧကန်မုချ အမွေဆက်ခံထားပေမည်။
ဤအခြေအနေ ဖြစ်ပေါ်လာရခြင်းမှာ ဖြစ်နိုင်ခြေတစ်ခုသာရှိသည်။ ယဲ့မင်သည် သူမ၏အဆင့်ကို တိတိကျကျ ထိန်းချုပ်နိုင်စွမ်းရှိပြီး အနိုင်ကျင့်ခံရလောက်အောင် အမှတ်နိမ့်မသွားစေဘဲ အတန်းCတွင် ဆက်ရှိနေနိုင်ရန် သေချာအောင် လုပ်ဆောင်နေခြင်းပင်။
"ကလင် ကလင်!"
သတိပေးခေါင်းလောင်းသံ မြည်လာရာ ပတ်ဝန်းကျင်မှ ကျောင်းသားများသည် နောက်ကျ၍ အပြစ်ပေးခံရမည်ကို စိုးရိမ်သဖြင့် ပြေးလွှားသွားကြသည်။
ယဲ့မင်၏ မျက်နှာတွင် အခက်တွေ့နေသော အရိပ်အယောင်များ ထင်ဟပ်လာ၏။ "အမ်၊ ငါ တကယ်သွားရတော့မယ်"
ယွမ်လော့ရီ ဘေးသို့ကပ်ပေးလိုက်ပြီး ထွက်ခွာသွားသည့် ယဲ့မင်၏ ကျောပြင်ကို ကြည့်နေမိသည်။
သတင်းများအရ ယွမ်လော့ရီ မိသားစုမှ မောင်းထုတ်ခံရသည့်နေ့တွင် အမွေဆက်ခံသူအစစ် ယဲ့မင်သည်လည်း အသတ်ခံခဲ့ရသည်ဟု ဆို၏။
အကယ်၍ ယဲ့မင်သာ တရားခံဖြစ်ပါက သူမသည် မိမိကိုယ်ကို သေသည်ဟု ဟန်ဆောင်ပြီး အရွယ်ရောက်လာသည့်အခါ အသံကို လုံးဝပြောင်းလဲပစ်ရပေမည်။ ထိုနှစ်ခုစလုံးကို အောင်မြင်ရန်မှာ အလွန်ခက်ခဲလွန်းလှသည်။
ဒါဆိုရင် သူမက တကယ်ပဲ သားကောင်တစ်ယောက်ပဲ ဖြစ်နေတာလား။
ထိုသို့သာဆိုလျှင် တရားခံအစစ်သည် သမီးအတု ယွမ်လော့ရီကို သတ်ဖြတ်ခဲ့သည့်အပြင် သမီးအရင်း ယဲ့မင်ကိုပါ သတ်ဖြတ်ခဲ့ပြီး ယွမ်ညီအစ်ကိုငါးယောက်ကိုပါ တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခဲ့သည်။ မည်သူ့ကိုမျှ ချန်မထားသည်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှပေ၏။
သို့သော် မည်မျှပင် ကြောက်မက်ဖွယ်ကောင်းပါစေ ယွမ်လော့ရီ တရားခံကို ရှာဖွေရပေမည်။ သူမ၏ ယခင်ဘဝမှ ဝမ်းနည်းကြေကွဲဖွယ်ရာဖြစ်ရပ်ဆိုးကြီးကို ထပ်မံအဖြစ်ခံမည်မဟုတ်တော့ချေ။