← Chapters

အခန်း (၄၉)

Vol. 5 Ch. 49

အခန်း (၄၉)

Vol. 5 Ch. 49

အမွေဆက်ခံသူ အစစ်အမှန်နှင့် စကားပြောဆိုပြီးနောက် ယွမ်လော့ရီသည် သူမ၏ နောက်ထပ်ပန်းတိုင်ဖြစ်သည့် ထမင်းစားဆောင်ဆီသို့ ဦးတည်လိုက်သည်။

Star Galaxy အလယ်တန်းကျောင်းတွင် ယွမ်လော့ရီကို ပျော်ရွှင်စေနိုင်သည့်အရာ နှစ်ခုရှိ၏။ ပထမတစ်ခုမှာ ရှိုးများတွင် ပါဝင်ခြင်းဖြင့် သူမ၏ဩဇာလွှမ်းမိုးမှုကို စဉ်ဆက်မပြတ် မြှင့်တင်ခြင်း ဖြစ်ပြီး ဒုတိယတစ်ခုမှာ ထမင်းစားဆောင်သို့ သွား၍ စားသောက်ခြင်းပင်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာမှ စားဖိုမှူးများ၏ လက်ရာမှာ အမှန်တကယ်ပင် အလွန်ကောင်းမွန်သောကြောင့်ဖြစ်၏။

ဖက်ထုပ်စွပ်ပြုတ် ပြီးတော့ လတ်ဆတ်အရသာရှိတဲ့ တို့ဟူးစွပ်ပြုတ်။ အားလုံးသည် သူမ၏ ဗိုက်ထဲသို့ အပြေးအလွှား ဝင်ရောက်ကြတော့မည်။

ယွမ်လော့ရီ ထမင်းစားဆောင်အဝင်ဝသို့ ရောက်သည်နှင့် ရင်းနှီးသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။

အနက်ရောင် လေကာအင်္ကျီနှင့် အနက်ရောင်ဦးထုပ်ကို ဆင်မြန်းထားသော သူမ၏ တတိယအစ်ကို ယွမ်ရုံသည် အရိပ်ကျသည့်နေရာတွင် တိတ်ဆိတ်စွာ ရပ်နေ၏။ သူသည် ညီမဖြစ်သူကို စောင့်ဆိုင်းနေဟန်တူသည်။ သူ့ထံမှ ပင်ကိုယ်အလိုအလျောက် ထွက်ပေါ်နေသော အန္တရာယ်အငွေ့အသက်ကြောင့် သူ့အနီးရှိလူများသည် သူ့ကိုမြင်လျှင် အလိုအလျောက်ပင် လမ်းဖယ်ပေးကြလေ၏။

ယွမ်လော့ရီသည်လည်း ယခင်က သူ့ကို အလွန်ကြောက်ရွံ့ခဲ့ဖူးသည်။ အသက်ခြောက်နှစ်အရွယ်တွင် သူ့၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရသည့် အတွေ့အကြုံကို ကွက်ကွက်ကွင်းကွင်း မှတ်မိနေသေး၏။

ယွမ်ရုံက ယွမ်လော့ရီကို သူ၏ကမ္ဘာထဲသို့ ဆွဲသွင်းချင်ခဲ့ပြီး လူသတ်ခြင်း၏ ဆွဲဆောင်မှုကို သူမအား ပြသလိုခဲ့သည်။ သို့သော် ထိုစဉ်က ကလေးငယ်လေးသာဖြစ်သော ယွမ်လော့ရီမှာ ကြောက်ရွံ့ထိတ်လန့်ခြင်းကိုသာ ခံစားခဲ့ရသည်။

ယခုမူ ယွမ်လော့ရီ ယခင်ကလောက် မကြောက်တော့ပေ။ သူမ၏ အစ်ကိုများသည် ပုံမှန်မဟုတ်ဘဲ တစ်ခါတစ်ရံ ကြောက်မက်ဖွယ်ကောင်းသောအရာများကို လုပ်ဆောင်တတ်သော်လည်း သူတို့အားလုံးမှာ ယွမ်လော့ရီကို ဂရုစိုက်ကြပြီး သူတို့၏ ကိုယ်ပိုင်နည်းလမ်းများဖြင့် ကာကွယ်ပေးကြသည်ကို သူမ သိနေသောကြောင့်ပင်။

ယွမ်လော့ရီ ယွမ်ရုံ၏ဘေးသို့ ပြေးသွားလိုက်သည်။ "တတိယအစ်ကို၊ နောက်ဆုံးတော့ ရောက်လာပြီပေါ့"

ယွမ်ရုံက အနည်းငယ် ဦးညွှတ်လိုက်သည်။ "မနေ့က ညီမလေးပြိုင်ပွဲဝင်နေတုန်းက ကိုကိုမလာနိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်၊ ဒီနေ့မှပဲ လာတွေ့နိုင်တော့တယ်"

ယွမ်လော့ရီက ပြော​လိုက်၏။​ "ဒါပေမဲ့ ကိုကို တစ်ချိန်လုံး သမီးကို ကြည့်နေခဲ့တယ် မဟုတ်လား"

"ဟုတ်တယ် ညီမလေးရဲ့စွမ်းဆောင်ရည်က သိပ်ကောင်းခဲ့တယ်ပြီးတော့ ပြောင်းလဲမှုကိုလည်း ကိုကိုမြင်ခဲ့ရတယ်၊ အစပိုင်းမှာ ညီမလေးက စိုးရိမ်ပြီး​ ပူပင်ကြောင့်ကြနေခဲ့ပေမဲ့ အပြင်ခဏထွက်သွားပြီး ပြန်လာတော့ စိတ်ပိုင်းဖြတ်ထားပြီး သတ္တိရှိတဲ့ပုံ ပေါက်သွားတယ် ဘာတွေဖြစ်ခဲ့တာလဲ"

ယွမ်လော့ရီအတွက်မူ အရေးပါသည့် အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပျက်ခဲ့သည်ကား အမှန်ပင်။ သူမသည် သူမ၏ ယခင်ဘဝမှ အမှတ်တရများကို မြင်တွေ့ခဲ့ရပြီး သေခြင်းတရား၏ ကံကြမ္မာကို ပြောင်းလဲကာ လူတိုင်းကို ကယ်တင်ရန်အလို့ငှာ နှစ်ပေါင်း ၁၈၀၀ နှင့် ဘဝပေါင်း ၉၉ ဘဝ အသုံးပြု၍ ဤအချိန်ကာလအသစ်ကို ဖန်တီးခဲ့ကြောင်း သိရှိခဲ့သည်။

သို့သော်လည်း စနစ်ကြောင့် ယွမ်လော့ရီသည် ဤအကြောင်းများကို ယွမ်ရုံအား ပြောပြ၍မရပေ။

ထို့ကြောင့် သူမက အပြုံးကြီးကြီးတစ်ခုကို ပြုံးပြလိုက်ပြီး ပြောလိုက်သည်။ "သမီး အများကြီး သဘောပေါက်သွားလို့ ပြိုင်ပွဲဝင်ဖို့ သတ္တိရှိသွားတာပါ၊ တတိယအစ်ကို၊ သမီးကို ပီဇာတစ်ချပ် အကြွေးတင်နေသေးတယ်နော်၊ မမေ့သေးဘူးမလား"

ယွမ်ရုံက ပြုံးလိုက်သည်။ "ကိုကို ဘယ်မေ့ပါ့မလဲ၊ ကတိအတိုင်း လုပ်ပေးဖို့ ဒီနေ့ကိုကိုရောက်လာတာပါပဲခင်ဗျာ"

အစ်ကိုငါးယောက်ထဲတွင် ယွမ်ရုံသည် အချောမောဆုံးဖြစ်ပြီး သိမ်မွေ့သော မိန်းမဆန်သည့်အလှမျိုး ရှိသည်။ သူ ခပ်ဖွဖွပြုံးလိုက်သည့်အခါတွင် ဆွဲဆောင်မှုတစ်မျိုး ထပ်လောင်းသွားသလိုပင်ဖြစ်နေ၏။

ထမင်းစားဆောင်အနားမှ ဖြတ်သွားသော မိန်းကလေးများသည် ယွမ်ရုံကို ငေးကြည့်သွားကြသည်။

ယွမ်ရုံ၏ ရုပ်ရည်သည် အလွန်ဆွဲဆောင်မှုရှိပြီး ဆန့်ကျင်ဘက်လိင်၏ နှစ်သက်မှုကို အလွယ်တကူ ရရှိနိုင်သည်။ တကယ်တမ်းတွင်မူ အစ်ကိုငါးယောက်ထဲ၌ သူသည် သွေးအဆာဆုံးသူပင်ဖြစ်၏။

ထိုအကြောင်းကြောင့်ပင် ယွမ်ရုံကို ယွမ်လော့ရီအနားသို့ ကပ်ခွင့်မပြုထားချေ။ ယခုတစ်ကြိမ် သူကျောင်းထဲသို့ ယွမ်လော့ရီကို လာတွေ့နိုင်ရန် အတော်ပင် ကြိုးပမ်းအားထုတ်ခဲ့ရမည်မှာ သေချာ၏။

ယွမ်ရုံက သူ၏လက်ကို ယွမ်လော့ရီ၏ ပခုံးပေါ်တင်လိုက်သည်။ "သွားကြစို့၊ ဒီက ပီဇာက တော်တော်ကောင်းတယ်လို့ ကြားတယ်၊ ညီမလေး သဘောကျမှာပါ"

သူတို့နှစ်ယောက် ကန်တင်းထဲသို့ ဝင်သွားပြီး ပီဇာမှာလိုက်ကြသည်။ ထူထဲသည့် ချိစ်သည် မီးတောက်ဖြင့် ဖုတ်ထားပြီးနောက် ကာရာမယ်အရသာ အနည်းငယ်ပါဝင်ကာ မယုံနိုင်လောက်အောင်ပင် အရသာရှိလှ၏။ ပထမတစ်ကိုက် ကိုက်လိုက်သည့်အခါ ကြွပ်ရွနေသော်လည်း မကြာမီမှာပင် နူးညံ့သော ချိစ်များက တစိမ့်စိမ့်ထွက်လာပြီး အရသာကလည်း နက်ရှိုင်းပြည့်ဝကာ စားပြီးသည့်တိုင် လျှာဖျားတွင် စွဲကျန်နေခဲ့သည်။

သူတို့နှစ်ဦးစလုံး ပျော်ရွှင်စွာ စားသောက်နေကြ၏။

ယွမ်ရုံ စတင်မေးလိုက်သည်။​ "ဒုတိယဆုတောင်းတော့ ပြည့်သွားပြီ၊ တတိယတစ်ခုအတွက်ရော စဉ်းစားပြီးပြီလား"

ယွမ်လော့ရီက ခေါင်းစောင်းကာ စဉ်းစားလိုက်၏။

ဤသည်မှာ သူမ မစဉ်းစားရသေးသည့်အရာ ဖြစ်သည်။ မကြာသေးမီက သူမသည် ရှိုးများတွင် ပါဝင်ခြင်းနှင့် တရားခံအစစ်အမှန်ကို ရှာဖွေခြင်းတို့ဖြင့် အလုပ်များနေခဲ့ရာ သူမ ဘာတွေလိုအပ်သေးသည်ကို မစဉ်းစားမိခဲ့ပေ။

ယွမ်လော့ရီက ပြန်ဖြေလိုက်သည်။ "သမီးလည်း သေချာမသိသေးဘူး၊ နောက်မှပြောပြလို့ ရမလား"

ယွမ်ရုံက ပြန်ပြော၏။ "ကောင်းပြီလေ၊ ဒါပေမဲ့ မြန်မြန်ဆုံးဖြတ်ဖို့တော့ လိုတယ်နော်"

ယွမ်လော့ရီ မျက်မှောင်ကြုတ်လိုက်သည်။ "တတိယအစ်ကို၊၊ စစ်မြေပြင်ကို ပြန်သွားတော့မှာလား"

ယွမ်ရုံက ဖြေသည်။ "ဟုတ်တယ်၊ ကိုကို ဒီမှာနေတာ ကြာလွန်းနေပြီ၊ ပြန်မသွားရင် လက်ရည်တွေ ကျသွားလိမ့်မယ်"

ယွမ်ရုံ သူ၏ လူသတ်သည့်လက်ရည်ကို ရည်ညွှန်းနေမှန်း ယွမ်လော့ရီ သိပါသည်။ သူသည် သာမန်ကမ္ဘာတွင် အချိန်ကြာမြင့်စွာ မနေနိုင်ပေ။ သူသည် သတ်ဖြတ်မှုများဖြင့် ပြည့်နှက်နေသော စစ်မြေပြင်အတွက် မွေးဖွားလာသူ ဖြစ်သည်။

ပီဇာ နောက်ဆုံးတစ်ချပ်ကို စားပြီးသည့်အခါ ယွမ်ရုံလည်း ထွက်ခွာရတော့မည်။

သူက ယွမ်လော့ရီကို ညင်သာစွာ ပွေ့ဖက်လိုက်ပြီး ပြောလိုက်လေ၏။ "ကိုကိုက ညီမလေးကို အဝေးကနေ အမြဲတမ်း ကာကွယ်ပေးနေမှာပါ၊ တစ်နေ့နေ့မှာ ယွမ်မိသားစုကနေ ထွက်သွားချင်တယ်ဆိုရင်လည်း ကိုကို့ကိုပြောပါ​၊ ခေါ်ထုတ်သွားဖို့ ကိုကို အစွမ်းကုန် ကြိုးစားပေးမယ်"

ယွမ်ရုံသည် ယွမ်မိသားစုက အလွန်ဆိုးသွမ်းပြီး သူ၏ညီမငယ်ကို ပြုစုပျိုးထောင်ရန် မသင့်တော်ဟု ခံစားရသောကြောင့် ယွမ်လော့ရီကို အမြဲတမ်း ခေါ်ထုတ်သွားချင်ခဲ့သည်။

ယွမ်လော့ရီစိတ်ထဲ၌ ရုတ်တရက် သံသယတစ်ခု ပေါ်ပေါက်လာ၏။

ယွမ်လော့ရီက မေးလိုက်သည်။ "ကိုကို၊ ယွမ်မိသားစုက အရင်တုန်းက မကောင်းတာတွေ လုပ်ခဲ့ဖူးလား"

ယွမ်ရုံသည် တစ်စုံတစ်ခုကို ပြန်လည်အမှတ်ရသွားဟန်ဖြင့် မကောင်းဆိုးဝါးဆန်ဆန် အငွေ့အသက်များ ပြည့်နှက်နေသည့် ကြောက်စရာကောင်းသော ခပ်တိုးတ်ိုးရယ်သံတစ်ခုကို ရယ်လိုက်သည်။ သူက ကိုယ်ကိုကိုင်းကာ ယွမ်လော့ရီအနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်၏။

"ကိုကိုတို့လုပ်ခဲ့တဲ့ မကောင်းမှုတွေက အရမ်း၊ အရမ်းကိုများတယ် လူတွေက ကိုကိုတို့ကို မုန်းတယ်၊ ကြောက်တယ် ဒါပေမဲ့ ကိုကိုတို့အပေါ်မှာ မှီခိုနေရတယ်"

"ခေါင်းနှစ်လုံးမြွေ မျိုးနွယ်က မွေးဖွားလာကတည်းက မူလအပြစ်ကို သယ်ဆောင်လာရတာပဲ၊ ကိုကိုတို့အားလုံး ငရဲကိုသွားရမှာ၊ ဒါပေမဲ့ ညီမလေးက အပြစ်ကင်းတယ်၊ အခု ညီမလေး ငယ်လွန်းသေးတယ်၊ ကြီးလာတဲ့အခါကျရင်တော့ အဲဒီဇာတ်လမ်းတွေကို ပြောပြမယ်နော်"

"အခုတော့ သွားမှဖြစ်မယ်၊ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ဂရုစိုက်ပါ"

ယွမ်လော့ရီ ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့ တတိယအစ်ကို၊

ကိုကိုလည်း ဂရုစိုက်ပါ"

ယွမ်ရုံ ထွက်ခွာသွား၏။ သူ၏ အနက်ရောင်ပုံရိပ်သည် လူအုပ်ကြားထဲသို့ လျင်မြန်စွာ ပေါင်းစပ်သွားပြီး ခဏအကြာတွင် ပျောက်ကွယ်သွားတော့သည်။

ယွမ်လော့ရီသည် အတန်းDသို့ ပြန်လာခဲ့သည်။ သူမ၏ နှလုံးသားသည် တတိယအစ်ကို၏ စကားများကြောင့် လှိုင်းထန်နေခဲ့၏။

ယွမ်မိသားစုအကြောင်း ယွမ်လော့ရီ မသိသေးသည့်အရာများ များစွာရှိသည်။ တစ်ဖက်တွင် သူမသည် မိသားစုရေးရာများတွင် ပါဝင်ရန် ငယ်လွန်းသေးသည်။ အခြားတစ်ဖက်တွင်မူ သာမန်လူတစ်ယောက်အနေဖြင့် သူမသည် ထိုကိစ္စများကို ကိုင်တွယ်ရန် မသင့်တော်ချေ။

သူမသိသည်မှာ ယွမ်မိသားစုသည် အလွန်အမင်း ချမ်းသာပြီး ဩဇာကြီးမားကာ အရေးအကြီးဆုံးမှာ လူအများက ယွမ်မိသားစုကို အလွန်အမင်း ကြောက်ရွံ့ကြသည်ဟူသောအချက်ပင်။

သေချာစဉ်းစားကြည့်လျှင် သာမန်ချမ်းသာသည့် မိသားစုတစ်စုအတွက် လူများက အများဆုံး မနာလိုဝန်တိုဖြစ်ကြရုံသာ ဖြစ်ရမည်ဖြစ်ပြီး ဤမျှလောက် ကြောက်ရွံ့ထိတ်လန့်နေရမည်မဟုတ်ပေ။

ယွမ်မိသားစုနှင့်ပတ်သက်၍ သူမမသိသေးသော လျှို့ဝှက်ချက်များ များစွာရှိနေသေးသည်။

သက်ပြင်းရှည်ကြီးတစ်ခုကို ချရင်း ယွမ်လော့ရီ စာသင်ခန်းထဲသို့ ဝင်ကာ သူမ၏ စားပွဲတွင် ထိုင်လိုက်၏။

[ဒင်၊ စနစ်သတိပေးချက်: ဩဇာလွှမ်းမိုးမှု ၁၆၀ သို့ရောက်ရှိပြီး ခြေရာခံနိုင်စွမ်းစနစ်ကို ဖွင့်လှစ်လိုက်ပါပြီ]

ယွမ်လော့ရီ ဝမ်းသာသွားသည်။

ဤသည်မှာ တကယ်ပင် သတင်းကောင်းဖြစ်၏။ သို့သော် ယနေ့ ထူးထူးခြားခြား ဘာမှမလုပ်ရသေးဘဲ သူမ၏ဩဇာလွှမ်းမိုးမှုက အဘယ်ကြောင့် ရုတ်တရက် တက်လာရသနည်း။

သူမ ဖုန်းဖွင့်၍ စစ်ဆေးကြည့်လိုက်ရာ မနေ့က အသိပညာပြိုင်ပွဲ၏ အရှိန်အဝါကြောင့် ဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူမ မှတ်ချက်များကဏ္ဍကို လျင်မြန်စွာ ဖတ်ရှုလိုက်၏။

"အသက် ၁၁ နှစ်မှာ elliptic calculus သုံးပြီး ပန်ဂျလမ်ညီမျှခြင်းအမှန်ကို တွက်ထုတ်ပြနိုင်တယ်၊ ဒါက သေချာပေါက် ဉာဏ်ကြီးရှင်ပဲ"

"ကြိုက်ပြီ၊ ကြိုက်ပြီ၊ နောက်ဆုံးတော့ ပြည်တွင်းဖျော်ဖြေရေးလောကမှာ ဉာဏ်ကောင်းတဲ့သူတစ်ယောက် ပေါ်လာပြီ"

"ယွမ်စစ်ကို စွဲလမ်းနေပြီ၊ ယွမ်စစ်အတွက်ဆို အရူးအမူးပဲ၊ ယွမ်စစ်အတွက်ဆိုရင် နံရံကိုတောင် ဝင်တိုက်ပစ်မယ်"

ယွမ်လော့ရီ ဖုန်းကို ပိတ်လိုက်သည်။ ဟင်း၊ လူတိုင်းက အလွန်စိတ်အားထက်သန်ကြပေရာ သူမ ဩဇာလွှမ်းမိုးမှု ပိုမိုရရှိနိုင်ပေဦးမည်။

ယနေ့ည သူမသည် ခြေရာခံနိုင်စွမ်းစနစ်ကို ဖွင့်လှစ်အသုံးပြုမည်။ ထိုအခါ သူမ၏ အစ်ကိုကြီးကိုပင် တွေ့မြင်ရနိုင်ပေ၏။

All Chapters