← Chapters

အခန်း (၅၀)

Vol. 5 Ch. 50

အခန်း (၅၀)

Vol. 5 Ch. 50

ယွမ်လော့ရီ အိမ်ပြန်ရောက်သည်နှင့် ကျောပိုးအိတ်ကို လွှင့်ပစ်လိုက်ပြီး ကုတင်စွန်းတွင်ထိုင်ကာ စိတ်ကိုတည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

မကြာမီတွင် သူမ အချိန်ခရီးသွားစနစ်ကို အသက်သွင်းရတော့မည်။ နောက်ဆုံးတစ်ကြိမ်က သူမ၏အစ်ကို ယွမ်အောင်း လူသတ်နေသည့်​ အခိုက်အတန့်သို့ ရောက်သွားခဲ့၏။ ဒီတစ်ခေါက်ရော ဘာတွေဖြစ်လာဦးမည် ဆိုတာကို မည်သူသိနိုင်မည်နည်း။

သူမသည် အခြားသော စိတ်မနှံ့သည့် အစ်ကိုများနှင့်ပင် တွေ့ဆုံရနိုင်သည်။ အဆိုးဆုံးအတွက် ပြင်ဆင်ထားရပေမည်။

ထိုသို့တွေးလိုက်မိသည့်အခါ ယွမ်လော့ရီ ပို၍ပင် စိုးရိမ်လာသည်။ သူမသည် ပို၍ သက်သောင့်သက်သာ အိပ်စက်နိုင်ရန်နှင့် ကြောက်မက်ဖွယ်ကောင်းသော ကြုံတွေ့မှုများကို ရှောင်ရှားနိုင်ရန် မျှော်လင့်ချက်ဖြင့် သူမ၏ စောင်နှင့် ခေါင်းအုံးကို ဖောင်းလာအောင် ပုတ်ခတ်လိုက်၏။

ပြင်ဆင်မှုအားလုံး ပြီးစီးသွားပြီဖြစ်သည်။ ယွမ်လော့ရီက ပြောလိုက်သည်။ "စနစ်၊ အချိန်ခရီးသွားစနစ်ကို စတင်ပါ"

ရင်းနှီးသည့် မူးဝေခြင်းနှင့် ခေါင်းကိုက်ခြင်းတို့က သူမထံသို့ တိုးဝင်လာသည်။ သူမ မျက်လုံးများကို မှိတ်လိုက်ပြီး သတိလစ်သွားတော့၏။

အမှောင်ထုထဲတွင် သွေးညှီနံ့တို့က ထောင်းခနဲ ထွက်ပေါ်လာသည်။ သူမ လက်လှမ်း၍ စမ်းကြည့်လိုက်ရာ မီးခလုတ်တစ်ခုကို တွေ့ရှိသွား၏။

"ချောက်"

မျက်နှာကြက်မှ မီးသည် ထိန်လင်းသွားပြီး ဤအချိန်ခရီးသွားခြင်း၏ တည်နေရာကို ဖော်ပြလိုက်သည်။

နံရံများတွင် ဓာတ်ပုံများ ကပ်ထားပြီး၊ စားပွဲများပေါ်တွင် ဆေးပုလင်းများ ရှုပ်ပွနေကာ ဗီရိုများထဲတွင် ဓားများ ပြည့်နှက်နေသည်။

အာ၊ ဒါက သူမအစ်ကိုရဲ့ မြေအောက်လူသတ်ခန်းပဲ။

နံရံပေါ်ရှိ ဓာတ်ပုံများပေါ်တွင် ကြက်ခြေခတ်အမှတ်အသားများ ပိုများလာသည်မှာ ယွမ်လော့ရီ မရှိသည့်အချိန်အတွင်း ယွမ်အောင်းသည် လူများစွာကို ထပ်မံသတ်ဖြတ်ခဲ့ကြောင်း ရှင်းလင်းစွာ ပြသနေသည်။ ဤအခန်းထဲမှ သွေးညှီနံ့သည် ယခင်ကထက် များစွာပို၍ ပြင်းထန်နေ၏။

သူမသည် စားပွဲပေါ်မှ ဆေးပုလင်းတစ်လုံးကို ကောက်ကိုင်ကာ လှုပ်ကြည့်လိုက်ရာ အတွင်းမှ ဆေးပြားများက ကျယ်လောင်စွာ မြည်သွားသည်။

ကြည့်ရသည်မှာ သူ့တွင် ဆေးများစွာ ကျန်နေသေးဟန်တူသည်။ သူမအစ်ကိုက ဆေးမသောက်တော့တာလား။

သို့ဆိုလျှင် သူ လုံးဝရူးသွပ်သွားပြီလား။

ယွမ်လော့ရီ စိုးရိမ်လာသည်။ သူမသည် နောက်ဆုံးတစ်ကြိမ်က ပေးခဲ့သည့် ကတိကို မတည်နိုင်ခဲ့ပေ။

သူမ၏ ရုတ်တရက် ပျောက်ကွယ်သွားခြင်းသည် သူ့ကို အလွန်အမင်း ဒေါသထွက်စေခဲ့မည်မှာ သေချာသည်။ ခဏတာ ပျောက်သွားခြင်းပင် သူ့ကို ထိန်းချုပ်မရသော ဒေါသများ ဖြစ်စေနိုင်သည်ဆိုလျှင် ဤတစ်ကြိမ်၊

ယွမ်လော့ရီ ဘာဆက်ဖြစ်မည်ကို မတွေးရဲတော့ချေ။ ကံကောင်းသည်မှာ အခန်းထဲတွင် တိတ်ဆိတ်နေပြီး သူမအစ်ကို မရှိနေခြင်းပင်။ ဒီတစ်ခေါက်တော့ သူနှင့် မတွေ့ဆုံရဘဲ နေနိုင်လောက်မည်။

သူမ အခန်းကို တစ်ယောက်တည်း စူးစမ်းကြည့်လိုက်၏။​ ရေခဲသေတ္တာကို ဖွင့်ကြည့်ရာ အထဲတွင် သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် မုန့်များ အပြည့်အလျှံ ရှိနေသည်။

အခြားဗီရိုများကို ဖွင့်ကြည့်သောအခါ ဓားအမျိုးမျိုးကို တွေ့ရ၏။ အသေး၊ အကြီး၊ အရိုးထုတ်ဓား၊ ထိပ်ချွန်ဓား စသည့်ရေတွက်၍မရနိုင်အောင် များပြားပြီး စိတ်ကူးနိုင်သမျှ ပုံစံမျိုးစုံ ရှိနေသည်။

ယွမ်လော့ရီ ဓားများကို မထိရဲပေ။ ဓားသွားများသည် ကြောက်မက်ဖွယ်ကောင်းအောင် တလက်လက်တောက်ပနေပြီး အလွန်ထက်မြက်ကာ လူသားများကို သတ်ဖြတ်ရာတွင် အသုံးပြုခဲ့သည်မှာ ထင်ရှားလှသည်။

တံခါးများကို တစ်ချပ်ပြီးတစ်ချပ် တွန်းဖွင့်ကြည့်ရာ မီးဖိုချောင်နှင့် ရေချိုးခန်းမှလွဲ၍ အခြားအခန်းများတွင် ကုလားထိုင်တစ်လုံး၊ စားပွဲတစ်လုံးနှင့် ကြမ်းပြင်ပေါ်တွင် သွေးစွန်းကွက်များသာ ရှိနေသည်။

ရုတ်တရက် ပုံရိပ်တစ်ခု လျှပ်ပြက်သွားသဖြင့် ယွမ်လော့ရီ လန့်ဖျပ်ကာ နောက်ဆုတ်လိုက်မိ၏။ အခန်းထဲမှာ​ အခြားတစ်ယောက် ရှိနေတယ်။

သူမ ထွက်ပြေးရန် လမ်းကြောင်းမရွေးချယ်နိုင်မီမှာပင် အဖမ်းခံလိုက်ရသည်။

သူမကို ဖမ်းဆီးသူမှာ အရပ်ရှည်ရှည်နှင့် ဖရိုဖရဲဖြစ်နေသည့် လူတစ်ယောက်ဖြစ်၏။ သူ့မျက်လုံးများက သွေးကြောများဖြင့် နီရဲနေပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာများ ပြည့်နှက်နေကာ လက်ကောက်ဝတ်များတွင် ကြိုးဖြင့်ချည်နှောင်ခံထားရသည့် သွေးစွန်းရာများ ရှိနေသည်။

သူက ယွမ်လော့ရီကို တင်းကျပ်စွာ ဆုပ်ကိုင်၍ ပြင်းထန်စွာ လှုပ်ယမ်းကာ အော်ဟစ်လိုက်၏။ "နင် ဒီထဲကို ဘယ်လိုရောက်လာလဲ ပြောစမ်း

ယွမ်လော့ရီ အသည်းအသန် ရုန်းကန်ရင်း ပြန်ပြောလိုက်သည်။​ "သမီး မသိဘူး"

ထိုလူ၏မျက်နှာသည် ဓာတ်ပုံများထဲမှ မျက်နှာတစ်ခုဖြစ်၏။

ထိုလူကလည်း ယွမ်လော့ရီ၏ မျက်နှာကို မှတ်မိသွားပြီး သူမကို အံ့ဩတကြီး စိုက်ကြည့်ကာ ရေရွတ်လိုက်သည်။ "ယွမ်လော့ရီ"

သူသည် ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားပြီး မျက်နှာမှာ ဖြူဖျော့သွားသည်။ ခဏအကြာတွင် သူ အနည်းငယ် တည်ငြိမ်သွားပုံရ၏။ "နေဦး၊ နင်က ကလေးလေးပဲရှိသေးတာ"

သူ ခေါင်းကို အကြိမ်ကြိမ် ခါယမ်းလိုက်သည်။ "မဟုတ်ဘူး သူသေသွားပြီး သူသေသွားတာ ငါမြင်လိုက်တယ် နင်က သူနဲ့တူရုံလေးပဲ အဲဒီအရူးက ကလေးတစ်ယောက်ကို ဘယ်ကနေ ရလာလဲမသိဘူး၊ သူ လုံးဝရူးသွားပြီ"

ယွမ်လော့ရီ ရုန်းထွက်လိုက်ပြီး သူနှင့် အကွာအဝေးတစ်ခုအထိ ခွာလိုက်သည်။

ထိုလူက သူ၏ မျက်နှာအမူအရာကို ထိိိန်းလိုက်ပြီး နာကျင်နေသည့် အပြုံးတစ်ခုကို အားယူဖန်တီးလိုက်သည်။ "သမီးလေး မကြောက်ပါနဲ့ ဦးက ချန်းချန်ပါ သမီးလိုပဲ သားကောင်ဖြစ်‌ေနတဲ့သူ အဲဒီအရူးက ဦးကို ပြန်ပေးဆွဲပြီး တစ်နေကုန် နှိပ်စက်ခဲ့တယ်၊ သူ အခု အပြင်ထွက်သွားတုန်း ဦးက ကြိုးတွေကို ကိုက်ဖြတ်ပြီး ထွက်ပြေးလာတာ၊ အဲ့တာ‌ေကြာင့် သမီးနဲ့ မတော်တဆ တွေ့တာ"

"ဦးက လူဆိုးမဟုတ်ပါဘူး၊ အဲဒီအရူးကမှ လူဆိုး၊ သမီးသာ ဦးစကားနားထောင်ရင် မကြာခင် အိမ်ပြန်ရမှာပါ"

ယွမ်လော့ရီသည် သဲလွန်စများ စုဆောင်းရန် သတ္တိမွေးလိုက်သည်။ "သူက ဦးကို ဘာလို့ ပြန်ပေးဆွဲတာလဲ"

ချန်းချန်က ဒေါသဖြင့် အံကြိတ်လိုက်၏။ "အဲဒီအရူး ဘာတွေတွေးနေလဲ ဘယ်သူသိမှာလဲ၊ သူညီမသေဆုံးမှုနဲ့ နည်းနည်းလေး ပတ်သက်တဲ့သူတိုင်းကို လိုက်သတ်နေတာ၊ ဦးက သာမန်သတင်းထောက်တစ်ယောက်ပါ သေဆုံးမှုနဲ့ပတ်သက်တဲ့သတင်းတချို့ကို ရေးသားမိရုံနဲ့ သူက ဦးကို သတ်ချင်နေတာ

သူက ယွမ်လော့ရီကို ကြည့်လိုက်သည်။ "သမီးက သူနဲ့ တကယ်ကို အရမ်းတူတာပဲ သူ့အတွက် အကောင်းဆုံးအစားထိုးဖြစ်လို့​ ​သူ​သမီးကို ကောင်းကောင်းဆက်ဆံခဲ့မှာ သေချာတယ် ဦးတို့လိုမဟုတ်ဘဲ သမီးမှာ ခြစ်ရာတစ်ခုတောင် မရှိဘူး"

သူ ခါးသီးစွာ ရယ်လိုက်၏။ ယွမ်အောင်းသည် နှိပ်စက်ရာတွင် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ ချန်းချန် ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း သူ၏ဘဝမှာ ပျက်စီးသွားခဲ့လေပြီ။

ချန်းချန်က ယွမ်လော့ရီထံသို့ လက်တစ်ဖက် လှမ်းလိုက်ပြီးပြောလိုက်သည်။ "လာခဲ့၊ ဦးက သမီးကို ထွက်ပေါက်ဆီ ခေါ်သွားပေးမယ်"

ယွမ်လော့ရီ ကြောက်ရွံ့စွာဖြင့် နောက်သို့ ကျုံ့သွား၏။

ချန်းချန် ချက်ချင်းပင် ဒေါသထွက်သွားပြီး အော်ဟစ်​လေ၏။ "ဒီလို ခေါင်းမာမနေနဲ့၊ နင် ကြောက်ရမှာ ငါ့ကိုမဟုတ်ဘူး အဲဒီအရူးကို ကြောက်ရမှာ နင့်ကို ဘယ်အချိန်မဆို သတ်ပစ်နိုင်တယ်"

"အဲဒီအရူးက အမှန်နဲ့အမှားကိုတောင် မခွဲခြားနိုင်တော့ဘူး၊ သူက ရုတ်တရက် ဓားနဲ့ထထထိုးပြီး သူ့ဘာသာသူ တတွတ်တွတ်ပြောနေတတ်တယ်"

"နင်က သူ့ညီမနဲ့တူရုံနဲ့ ဘာမှမဖြစ်ဘူးလို့ ထင်နေတာလား၊ တစ်မိနစ်မှာ သူက နင့်ကို သူ့ညီမလို့ထင်ပြီး နောက်တစ်မိနစ်မှာ နင့်ကို တခြားတစ်ယောက်လို့ ထင်သွားနိုင်တယ်"

"မြန်မြန် ငါနဲ့လိုက်ခဲ့၊ သူ မပြန်လာခင် ငါတို့ ထွက်ပေါက်ကို ရှာရမယ်"

ယွမ်လော့ရီမှာ သူ့ဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ သူက သူမကို စည်းရုံးနိုင်၍မဟုတ်ဘဲ သူ၏လက်ထဲတွင် ဓားတစ်ချောင်းကို ခြိမ်းခြောက်သည့်ဟန်ဖြင့် ကိုင်ထားသောကြောင့် ဖြစ်သည်။

သူသာ လိုလားလျှင် သူတို့၏ ခန္ဓာကိုယ်အင်အားကွာခြားမှုကြောင့် ယွမ်လော့ရီကို အလွယ်တကူ အတင်းအကျပ် ခေါ်ဆောင်သွားနိုင်ပေသည်။

ယခုလောလောဆယ်တွင် အလုံခြုံဆုံးရွေးချယ်မှုမှာ သူနှင့်အတူ လိုက်သွားရန်ပင်။

သူတို့နှစ်ဦး တံခါးဆီသို့ ရောက်သွားကြသည်။

"ဘုန်းဘုန်းဘုန်း" ချန်းချန်သည် သံတံခါးကို ဒေါသတကြီး ကန်ကျောက်လိုက်၏။

"ဖွင့်စမ်း ဒါက ဘာကြီးလဲ ငါ ဘယ်လိုလုပ်လုပ် ပွင့်ကိုမပွင့်ဘူး"

ချန်းချန်က အောက်သို့ထိုင်ချလိုက်ပြီး သူ၏ဓားဖြင့် သော့ကို ကလန့်ဖွင့်ရန် ကြိုးစားလိုက်သည်။

ယွမ်လော့ရီသည် ဤတံခါးမှာ အသစ်ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သော့တစ်လုံးသာရှိသော ယခင်တံခါးထက် ပို၍ခိုင်ခံ့လှ၏။ ဤတံခါးသည် သံမဏိစစ်စစ်ဖြစ်ပြီး သော့သုံးလုံး တပ်ဆင်ထားသည်။

အနီးကပ်ကြည့်လိုက်သည့်အခါ အခန်းတစ်ခုလုံးကို ပြန်ခိုင်ခံ့အောင် ပြုလုပ်ထားပြီး နေရာတိုင်းတွင် သံမဏိပြားများ ရိုက်ထားသည်ကို တွေ့ရသည်။ အတွင်းမှနေ၍ ထွက်ပြေးလွတ်မြောက်ရန်မှာ လုံးဝနီးပါး မဖြစ်နိုင်ပေ။

ချန်းချန် စိတ်ပျက်အားငယ်သွားပြီး အော်ဟစ်လေသည်။"အား၊ ငါ ဘယ်လိုလုပ်ရမလဲ၊ သူပြန်လာရင် ငါတော့ သေပြီ"

ခဏတာ စိတ်ပျက်အားငယ်မှုတွင် နစ်မြောနေပြီးနောက် သူ ရုတ်တရက်ထရပ်ကာ ယွမ်လော့ရီ၏ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။ "ဟုတ်သားပဲ၊ ကောင်မလေး၊ နင် ဒီထဲကို ဘယ်လိုရောက်လာလဲဆိုတာ ခုထိမပြောရသေးဘူး၊ နင် တံခါးကနေ ဝင်လာတဲ့အသံ ငါမကြားမိပါဘူး"

ယွမ်လော့ရီ တံတွေးကို ဂလုခနဲမျိုချလိုက်ပြီး လိမ်ညာလိုက်၏။ "သမီး အပြင်ကနေ ဝင်လာတာမဟုတ်ဘူး၊ တစ်ချိန်လုံး စားပွဲအောက်မှာ ပုန်းနေပြီး အခုမှ ထွက်လာတာပါ"

ချန်းချန်က အားဖြင့်ဖိကာမေးလိုက်သည်။ "ဒါဆို နင် အပြင်မှာ ဘယ်လိုပုံစံရှိလဲ မြင်လိုက်လား"

ယွမ်လော့ရီက ပြန်ဖြေလိုက်၏။ "မြေအောက်ကားဂိုဒေါင်ပါ"

ချန်းချန် မျှော်လင့်ချက်ကင်းမဲ့သွားသည်။ "မြေအောက်ကားဂိုဒေါင်ပေါ့၊ ဒါဆို ငါတို့ထွက်သွားနိုင်ရင်တောင် အထောက်အကူမဖြစ်ဘူး"

ရုတ်တရက် အပြင်မှ ကားမောင်းလာသံကို ကြားလိုက်ရသည်။ ချန်ချန်၏မျက်နှာသည် ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားပြီး ယွမ်လော့ရီကို ဆွဲကာ အတွင်းသို့ ပြန်ပြေးရင်း အလန့်တကြား တိုးတိုးလေး ပြောလိုက်၏။​ "အဲဒီအရူး ပြန်လာပြီ၊ ငါတို့ ပုန်းကြရအောင်၊ ပြီးတော့ အခွင့်အရေးရရင် ချောင်းမြောင်းပြီး သူ့ကိုသတ်ပစ်မယ်"

ယွမ်လော့ရီသည် အားအင်အကုန်သုံး၍ ရုန်းထွက်လိုက်ပြီး တံခါးဆီသို့ ပြန်ပြေးသွားသည်။

ချန်းချန်က ဒေါသတကြီး ဟိန်းဟောက်လိုက်၏။​"ခေါင်းမာတဲ့ အရူးမ"

"ချောက်"

သံမဏိတံခါးရှိ ပထမသော့ ပွင့်သွားသည်။

ချန်းချန်၏ မျက်နှာသည် ကြောက်ရွံ့မှုကြောင့် ရှုံ့မဲ့သွား၏။ သူသည် ယွမ်လော့ရီကို ဆွဲ၍ ပုန်းရန် ရည်ရွယ်ခဲ့သော်လည်း ယခုမူ ရှေ့သို့ ခြေတစ်လှမ်းမျှ မလှမ်းရဲတော့ပေ။ ရက်စက်ကြမ်းကြုတ်သော နှိပ်စက်မှုများသည် သူ၏စိတ်ထဲတွင် ထာဝရ စွဲထင်နေခဲ့သည်။

ကြိုးများကို ကိုက်ဖြတ်ပြီးနောက် သူပထမဆုံးလုပ်ခဲ့သည့်အရာမှာ အကိုက်အခဲပျောက်ဆေး အမြောက်အမြားကို သောက်သုံးခြင်းဖြစ်၏။ ၎င်းသည် အလွန်အန္တရာယ်များသော်လည်း ဆေးမရှိပါက သူသည် နာကျင်မှုကြောင့် သတိလစ်သွားပေမည်။

"ချောက်"

ဒုတိယသော့ ပွင့်သွားပြီး ချန်းချန်သည် ယွမ်လော့ရီကို ပစ်ထားကာ တစ်ယောက်တည်း ထွက်ပြေးသွားတော့သည်။

ယွမ်လော့ရီ မလှုပ်မယှက် ရပ်နေမိသည်။ သူမသည် အခြားသူတစ်ယောက်နှင့်ပူးပေါင်းပြီး ကိုယ့်အစ်ကိုအရင်းကို မည်သို့ ချောင်းမြောင်းတိုက်ခိုက်နိုင်မည်နည်း။

သူမ၏အစ်ကို လုံးဝစိတ်ဖောက်ပြန်သွားသည့်တိုင် သူသည် သူမအစ်ကိုပင် ဖြစ်သည်။ နောက်ဆုံးတစ်ကြိမ်က သူမ ကတိမတည်နိုင်ခဲ့ရာ သူဒေါသထွက်ကောင်းထွက်နေနိုင်သော်လည်း သူမ၏အစ်ကိုက သူမကို ဘယ်တော့မှ ထိခိုက်စေမည်မဟုတ်ကြောင်း ယုံကြည်၏။

"ချောက်"

တတိယသော့ ပွင့်သွားပြီး တံခါးသည် တကျွီကျွီမြည်သံနှင့်အတူ ဖြည်းညင်းစွာ ပွင့်ဟလာကာ အေးစက်စိုစွတ်ပြီး မှိုနံ့သင်းသော လေပြေတစ်ချက်က အတွင်းသို့ တိုးဝင်လာလေတော့သည်။

All Chapters