← Chapters

မလုပ်ရ မနေနိုင်တဲ့ စိတ်အစွဲလမ်းကြီးတဲ့ OCD ရောဂါ လူနာတစ်ယောက်

Vol. 8 Ch. 73

မလုပ်ရ မနေနိုင်တဲ့ စိတ်အစွဲလမ်းကြီးတဲ့ OCD ရောဂါ လူနာတစ်ယောက်

Vol. 8 Ch. 73

အခန်းထဲတွင် ခွန် တစ်ဦးတည်းသာရှိသည်။ သို့တိုင် ခွေးသံ၊ ကြောင်သံတို့က နေရာ အနှံ့ဖြစ်၏။

ထို့ပြင် ခွန်၏ ကြမ်းကြုတ်ခက်ထန်နေသည့် အမူအရာနှင့် ရူးသွပ်နေသည့် ပုံစံက မြင်ကွင်းကို ကြည့်လေ ပိုပြီး ကြောက်စရာကောင်းလေ ဖြစ်လာစေသည်။

ကြောက်စိတ်အားကြီးသည့် အမျိုးသမီး ကြည့်ရှုသူများဆို အချိန်မရွေး လိုက်စထွင်းကို ပိတ်ချပစ်လိုက်ဖို့ ဟန်ပြင်ထားကြ၏။

ကျောက်စိမ်းဆွဲသီးမှ ထွက်ပေါ်လာခဲ့သည့် အနက်ရောင်မီးခိုးငွေ့အကြောင်းကို ရှင်းပြပြီးနောက် သိပ္ပံပညာကိုသာလျှင် ယုံကြည်ပြီး မိမိကိုယ်ကို ဘုရားမဲ့ဝါဒီသမားများအဖြစ် ခံယူထားကြသူများပင် နှလုံးခုန်နှုန်းတို့ မမြန်ဆန်လာဘဲ မနေနိုင်ခဲ့ချေ။

ထိုအရာကြီးက ခွန်၏ နံဘေးနားတွင် ရုတ်တရက်ကြီး ထွက်ပေါ်လာမှာကို သူတို့တွေ ကြောက်လန့်နေခဲ့ကြ၏။

“ ညီကိုတို့ ၊ ညီမတို့ … ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အတွက် ကွန်းမန့်တွေ အမြန်ပို့ကြဟေ့ ….”

မည်သူက ထိုကွန်းမန့်ကို ရေးတင်လိုက်လဲတော့ မသိ။ သို့သော် ကြည့်ရှုသူများမှာ စတင်ပြီး ကွန်းမန့်များကို တရစပ် ပေးပို့လာခဲ့ကြသည်။ ကွန်းမန့်တို့က များပြားလွန်းလှ၍ စခရင်ကိုပင် ဖုံးအုပ်သွားခဲ့ပြီး ကြောက်ဖို့ကောင်းသည့် အရာကြီးကို မြင်ရခြင်းမှ အလိုအလျောက် ကာကွယ်ပြီးသား ဖြစ်သွားခဲ့၏။

“ ချန် … မင်း … မင်း ဘာတွေ ထပ်လုပ်နေပြန်ပြီလဲ ….”

ခွန်မှာ ကြည့်ရှုသူတွေထက်ကို ပိုပြီး ကြောက်လန့်နေခဲ့သည်။

သူ့ တစ်ကိုယ်လုံး တုန်ယင်နေပြီး ပြောဆိုနေသည့် စကားအသံပင် ပြတ်တောင်း ပြတ်တောင်း ဖြစ်နေသည်။

“ ဒီ ခွေးလေးတွေ ၊ ကြောင်လေးတွေက မင်းနဲ့ ဆက်နွယ်နေတဲ့သူတွေ …”

“ မင်းက လမ်းဘေးတိလေးတွေကို ကယ်တင်ဖို့ဆိုပြီး အလိမ်အညာ ပရဟိတ ဖောင်ဒေရှင်းတစ်ခု ဖွင့်ထားတယ် …” ချန်ယွီ့ လေးနက်သည့် အမူအရာဖြင့် ဆက်ပြီးပြောသည်။

“ တကယ်လို့ အဲ့လိုသာဆိုရင်တော့ အလွန်ဆုံးရှိလှ ဥပဒေကို ချိုးဖောက်ရုံလောက်ပဲ ….”

“ ဒါပေမယ့် မင်းက အပြင်ပန်း သရုပ်သကန် ပေါ်လွင်အောင်လို့ဆိုပြီး အဲ့ဒီ တိရစ္ဆာန်လေးတွေကို ကိုယ်တိုင်ကိုယ်ကျ ထိခိုက်အောင် လုပ်ခဲ့တယ် …”

“ မြင်သူတိုင်း သနားဖို့ကောင်းသွားလောက်တဲ့ မြင်ကွင်းကို ဖန်တီးဖို့အတွက် မင်းက သူတို့လေးတွေရဲ့ ခန္ဓာကိုယ်အပေါ် ရက်စက်တဲ့ ဒဏ်ရာအမျိုးမျိုးကို ဖန်တီးခဲ့တယ် ….”

“ သူတို့အများစုက အဲ့ဒီ ဒဏ်ရာတွေကြောင့်နဲ့ တဖြည်းဖြည်းချင်း သေဆုံးသွားခဲ့ကြတာတွေချည်းပဲ ….”

“ လူသားတွေက သေဆုံးသွားပြီးတဲ့ အခါကျရင် စွမ်းအင်ခန္ဓာတစ်မျိုး ဖြစ်တည်လာမယ် … တိရစ္ဆာန်တွေလည်း ထူးမခြားနားဘဲ ….”

ချန်ယွီ့ ထိုစကားပြောလိုက်သည်နှင့် ခွန်မှာ ထိုင်ခုံပေါ်မှ ကြမ်းပြင်သို့ ဘုတ်ကနဲ ပြုတ်ကျသွားခဲ့သည်။

“ မင်း ညာနေတာ … တိရစ္ဆာန်က တိရစ္ဆာန်ပဲ … တိရစ္ဆာန် တစ္ဆေဆိုတာ ဘယ်နားက ရှိလို့လဲ … လုံးဝ မဖြစ်နိုင်ဘူး …”

ခွန် ဟိန်းဟောက်လိုက်သည်။

“ တကယ်လို့ မင်းအခုချိန် ပြန်လှည့်လာဦးမယ်ဆိုရင် မင်း အသက်ကို ကယ်တင်လို့ရသေးတယ် …”

“ ဒါပေမယ့် မင်းက ဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင်တော့ ငါလည်း မင်းကို မကယ်နိုင်ဘူး ….”

ခွန်ကို ကြည့်နေသည့် ချန်ယွီ့၏ အကြည့်ထဲတွင် သနားစိတ် အနည်းငယ်လေးမျှပင် ပါဝင်မနေခဲ့ချေ။

အရာရာတိုင်းတွင် ဝိဉာဏ်ဆိုတာ ရှိသည်။

တိရစ္ဆာန်များသည်လည်း သူတို့ သေပြီးနောက်တွင် တစ္ဆေဖြစ်လာနိုင်သည်။ သို့သော် သူတို့၏ ဉာဏ်ရည်ဦးနှောက်ကြောင့် ထိုသို့ ဖြစ်လာသည့် အရေအတွက်ကတော့ အတော်လေး နည်းသည်။

ဤနေရာတွင် ပြဿနာက ခွန်သတ်ခဲ့သည့် အရေအတွက်က အင်မတန် များပြားလွန်းနေခဲ့ခြင်းပင်။

အကန့်အသတ်တစ်ခုထိအောင် စုဆောင်းသွားခဲ့ပြီးနောက် ခွန်မှာ တဖြည်းဖြည်းချင်း သူ စိုက်ပျိုးခဲ့သမျှကို ပြန်ပြီး ရိတ်သိမ်းရလိမ့်မည်။

တစ္ဆေဖြစ်သည့် သူ့သားသာလျှင် သူ့ကို အလွှတ်မပေးသည် မဟုတ်၊ ဝိဉာဏ်ဖြစ်သွားခဲ့ကြသည့် တိရစ္ဆာန်များပင် သူ့ကို ခွင့်မလွှတ်ကြပေ။

ရှင်သန်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းက ရဲစန်းသို့ သွားရောက်ပြီး ကိုယ့်ကိုယ်ကို အဖမ်းခံဖို့ ဖြစ်၏။

ရှေးခေတ်အချိန်တုန်းကတည်းက အကျဉ်းထောင်ဆိုသည်မှာ ရန်လိုသည့် အရှိန်အဝါတို့ အများဆုံး စုဝေးသည့် နေရာပင်။

မည်သည့် သာမန် လေလွင့် တစ္ဆေမဆို ထိုနေရာမျိုးကို ရှောင်ကြဉ်ကြ၏။ တိရစ္ဆာန်ဝိဉာဏ်များဆိုလို့ကတော့ ဆိုဖွယ်ရာပင် ရှိမှာ မဟုတ်ချေ။

သူ ပြောနေတုန်းမှာပဲ ခွေးအူသံများနှင့် ကြောင်အော်သံတို့က တစ်စထက်တစ်စ ကျယ်လောင်လာသည်။

အခန်းထဲရှိ အပူချိန်သည်လည်း ဆက်တိုက် ကျဆင်းလာခဲ့၏။

“ အချိန်သုံးမိနစ် ကျန်သေးတယ် …”

ချန်ယွီ့က အချိန်ကို တစ်ချက် ကြည့်ပြီး ပြောလိုက်သည်။

ရုတ်တရက်ဆိုသလို ခွန်က ထင်မှတ်မထားသည့် တစ်စုံတစ်ရာကို ပြုလုပ်လိုက်၏။

သူက အိပ်ရာသို့ ပြေးသွားခဲ့ပြီး ဘဏ်ကတ်တစ်ချို့ကို ယူကာ တံခါးပေါက်ဝသို့ ပြေးထွက်သွားခဲ့သည်။

ကွန်ပျူတာကို ပိတ်မသွားခဲ့သည့်အတွက် ချန်ယွီ့နှင့် သူ့ကြည့်ရှုသူများမှာ အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေကြရသည်။

ခေါင်းကို ခါယမ်းရင်း ချန်ယွီ့ သူ့ မောက်စ်ကို ကိုင်၍ ခေါ်ဆိုမှုကို ရုတ်သိမ်းလိုက်သည်။

“ ဟာကွာ … စိတ်တိုဖို့ကောင်းလိုက်တာ … ဒီကောင် ထွက်ပြေးသွားတယ် ….”

“ ဒီခွေးမသား ကြာကြာ မပြေးနိုင်ပါဘူး … ငါ ရဲကို ဖုန်းဆက်ထားပြီးပြီ …

“ ဒေါက်တာချန် … ခွန်က အဖမ်းခံလိုက်ရမှာလားဟင် …”

“ မေးနေစရာ လိုသေးလို့လား … ကင်မရာတွေက ဒီလောက် နေရာတိုင်းမှာ ရှိနေတာကို ဘယ် ဆက်သွယ်ရေးလမ်းကြောင်းကိုပဲ သူ သုံးသုံး ၊ နောက် နှစ်ရက်ဆို သူ့ကို မိပြီ …”

“ ငါသာ အဲ့ကောင်ဘေးမှာ ရှိနေလို့ကတော့ တစ်ခါတည်း အသေမသတ်ဘူး … ဒုက္ခိတဖြစ်အောင်ပဲ ရိုက်နှက်မှာ ….”

“ လိုး … ရယ်သေပြီ ….”

“ သူ ငွေရှာဖို့ ကိရိယာအနေနဲ့ အသုံးချခဲ့တဲ့ အဲ့ဒီ ခွေးလေး ကြောင်လေးတွေကိုပဲ သနားတယ် ….”

ကြည့်ရှုသူများက ခွန် အသေဆိုးနှင့် သေသင့်ကြောင်း ကျိန်ဆဲနေကြစဉ် သူ၏ ဆေးခန်းထဲ သေဆုံးသွားခဲ့ရသည့် ခွေးလေး ၊ ကြောင်လေးများကိုလည်း စာနာ သနားမိကြသည်။

ချန်ယွီ့ စားပွဲကို လက်ညှိုးဖြင့် ခေါက်လိုက်သည့်အချိန်၌ ကွန်းမန့် ဖြတ်သန်းသွားသည့်နှုန်းမှာ ချက်ချင်း နှေးကွေးသွားခဲ့သည်။

“ လူတိုင်းပဲ … နောက်နှစ်ရက်လောက်အထိ ဆိုရှယ်မီဒီယာကို ပိုပြီး အာရုံစိုက်ထားကြပါ … “

“ အဲ့ဒီ တိလေးတွေကိုတော့ … တကယ်လို့ မင်းတို့ တတ်နိုင်တယ်ဆိုလည်း ခေါ်ပြီး မွေးကြပေါ့ …”

“ ကောင်းမှုတွေ ပိုလုပ်တာက လူကို ပျော်ရွှင်စေတယ် … လူက ပျော်ရွှင်ရင် စိတ်ရောဂါတွေလည်း ကင်းဝေးလိမ့်မယ် ….”

ချန်ယွီ့က သူ့ ကြည့်ရှုသူများကို သတိပေးလိုက်သည်။

“ ကဲ … ငါတို့ရဲ့ တတိယ လူနာကို ကြိုဆိုလိုက်ကြရအောင် …”

၎င်းနောက် ချက်ချင်းပဲ စခရင်က နှစ်ခြမ်းကွဲသွားခဲ့သည်။ ဤတစ်ကြိမ်တွင်တော့ ဝင်ရောက်လာသည့် လူ၏ အွန်လိုင်း အသုံးပြုသူ နာမည်က [Senna Tower ] ပင်။

သူက ကိုင်းမျက်မှန်နှင့် ညင်သာသိမ်မွေ့သည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်၏။

“ သူ့ နာမည်ကို တစ်ချက်ရှိုးဦး … လွင့်ချက်က နိုင်းပလပ် …”

“ အရမ်းမိုက်တယ် ဦးဦး ….”

“ လိုး … မိချောလေး .. ငါလည်း မိုက်တယ်လေ … မင်းဆီ တိုက်ရိုက် စာပို့လာခဲ့ရမလား …”

“ နင့်ကိုယ်နင် အဲ့လို စတိုင်လန်းတဲ့ သက်လတ်ပိုင်း ဦးလေးကြီးနဲ့ ယှဉ်လို့ရတယ်များ ထင်နေလား … သူ့အသက်က လွဲရင် တခြား အစိတ်အပိုင်းတွေ အကုန်လုံးက နင်တို့လို လူငယ်လေးတွေထက် အကုန်သာတယ် ….”

“ ဒီတိုင်း အသက်ကြီးတဲ့ ဘဲကြီးကိုကွာ … မင်းတို့ မိန်းမငယ်လေးတွေက ဘာတွေ အဖြစ်သည်းပြနေတာ …”

“ အသက်ကြီးတဲ့ လူက ရင့်ကျက်တယ် ၊ တည်ငြိမ်တယ် ၊ နည်းနည်းလေး အသက်ကြီးတဲ့ အမျိုးသားဆိုလည်း ဟုတ်တယ် ….”

“ရှင်းပြသွားတာ တကယ်ကိုမိုက်….”

“ အဟုတ်ပဲ ….”

တတိယလူနာ ဝင်ရောက်လာခဲ့တော့ ကြည့်ရှုသူများမှာလည်း မူမပျက် စတင် စနောက်ကြ၏။

သူတို့အားလုံးက သက်လတ်ပိုင်း အမျိုးသား၏ သွင်ပန်းသဏ္ဌာန်နှင့် ကိုယ်နေဟန်ထားကို မိမိုက်တယ်ဟု ချီးကျူးနေကြပြီး ချန်ယွီ့က ထိုကဲ့သို့သော လူစားမျိုးကို ဘယ်လို စိတ်ရောဂါနဲ့ ခေါင်းစဉ်တပ် ကုသပေးမလဲဆိုတာကို စိတ်ဝင်စားနေကြသည်။

“ တိတ်မယ် …”

ချန်ယွီ့စားပွဲကို သာမန်လျှံကာ တစ်ချက် ခေါက်လိုက်ရာ နောင်ပြောင်နေသည့် ကွန်းမန့်များမှာ ချက်ချင်း ရပ်တန့်သွားခဲ့ကြ၏။

“ ဒေါက်တာချန် မင်္ဂလာပါ … မင်းရဲ့ လူနာ ဖြစ်ရတာ တကယ့်ကို ဂုဏ်ယူစရာပါပဲ ….”

စန်ညာတာဝါရဲ့ အသံက တကယ့်ကို ခန့်ညားပြီး နားဝင်ပီယံရှိသည်။

ဩရှသံသဲ့သဲ့နှင့် တကယ့်ကို ရင့်ကျက်သည့် အသံမျိုးဖြစ်၏။

“ မင်္ဂလာပါ ….”

ချန်ယွီ့ ခေါင်းညိတ်ပြီး ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။ “ ဆိုတော့ ခင်များရဲ့ အခြေအနေအကြောင်း ပြောပါဦး လူနာ …”

“ ငါ့မှာ မလုပ်ရရင် မနေနိုင်တဲ့ အင်မတန်ပြင်းထန်တဲ့ OCD ရောဂါ တစ်ခု ရှိတယ် … နေ့တိုင်း ဆေးသောက်ပေးရတဲ့အထိပဲ …”

“ ဆေးတစ်လုံးလျော့တာနဲ့တင် ရောဂါက ထဖောက်တော့တာပဲ …”

“ ဒေါက်တာချန်က သာမန် စိတ်ကျန်းမာရေး ဆရာဝန် မဟုတ်ဘူးဆိုတာ ငါသိတယ် … ဆိုတော့ ငါ့ရဲ့ OCD ရောဂါကို ပျောက်ကင်းအောင် ကုသပေးနိုင်မယ့် အထူးဆေးညွှန်းတစ်ခု ပေးနိုင်ဖို့ မျှော်လင့်ပါတယ် …”

စန်ညာ တာဝါ၏ လေသံက အလွန်အမင်း ခါးသက်နေခဲ့သည်။

သူက သူ့ တက်ဘလက်ကို ထုတ်ပြလာ၍ ဗွီဒီယို တစ်ပုဒ်ကို ဖွင့်ပြသည်။

ထိုအထဲတွင် စန်ညာတာဝါက အိမ်ထဲရှိ ပရိဘောဂ တစ်ခုချင်းစီတိုင်းကို ဝင်းလက်နေအောင် သန့်ရှင်းရေးလုပ်နေသည်။

စက်ရုပ်တစ်ရုပ်ကဲ့သို့ တူညီသည့် လုပ်ရပ်ကို ထပ်ခါတလဲလဲ ပြုလုပ်နေခဲ့သည်။

“ ဒါက ငါ့အိမ်ရဲ့ စောင့်ကြည့်ကင်မရာမြင်ကွင်းပါ …”

“ OCD အပြင်ကို ငါက နည်းနည်းလေးလည်း အသန့်ကြိုက်တဲ့ထဲ ပါတယ် …”

သူ့ OCD ရောဂါက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်တုန်းက စတင်ခဲ့တာ ဖြစ်သည်။

သူ့ရောဂါ၏ အစပိုင်းအခြေအနေတွင် မရေမတွက်နိုင်သည့် စိတ်ရောဂါ အထူးကုများနှင့် တွေ့ဆုံခဲ့ပြီး စိတ်ရောဂါ ကုသနည်းလမ်းပေါင်းစုံနှင့် စမ်းကြည့်ခဲ့ဖူးသည်။

သို့သော်လည်းပဲ ၎င်းတို့အားလုံးက သူ့အပေါ် အချည်းနှီးသာ ဖြစ်ခဲ့ရသည်။

သူလည်း တခြား ရွေးချယ်စရာ မရှိတော့ပါဘဲ သောက်ဆေးနှင့် ဆေးဝါးများကို မှီခိုသုံးစွဲရာမှ ဆေးမရှိရင် မဖြစ်တော့သည်အထိ ဖြစ်လာခဲ့သည်။

“ သနားဖို့ကောင်းလိုက်တာ … OCD ရောဂါက အဲ့လောက်တောင် ကြောက်ဖို့ ကောင်းလား ….”

“ ကြောက်ဖို့ကောင်းရုံတင်ပဲ မဟုတ်ဘူး … နာလည်း နာကျင်ရတယ် …”

“ စကားပြောခန်းထဲမှာ ရှိတဲ့ လူတိုင်းကို ကြင်နာသမှုနဲ့ သတိပေးချင်တယ် … မင်းတို့မှာ OCD မရှိဘူးဆိုရင် သူတို့နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သိပ်မဖတ်နဲ့ … မဟုတ်ရင် မင်းတို့ရဲ့ စိတ်အခြေအနေအပေါ် အနည်းနဲ့အများ သက်ရောက်လာနိုင်တယ် …”

“ OCD ဖြစ်တာ ဆယ်နှစ်ကျော်ပြီ … ငါလည်း ဆေးကို စွဲသောက်နေရတဲ့လူပဲ … ငါတို့တွေ အဖြစ်ချင်း တူတယ် ….”

“ OCD ကို ကုသပေးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက ပျင်းတာပဲ ….”

“ တကယ်လို့ ကိုယ်က ပျင်းပြီး OCD လည်းရှိနေမယ်ဆို ကုမရတဲ့ ရောဂါ ဖြစ်သွားမှာလား …”

စကားပြောခန်းထဲရှိ လူတိုင်း မလုပ်ရ မနေနိုင်သည့် (OCD) ရောဂါအကြောင်း အနည်းနှင့်အများတော့ ကြားဖူးကြသည်။ TV ဇာတ်လမ်းများထဲတွင်တော့ ထိုသို့သော ကာရိုက်တာများကို မြင်ဖူးကြ၏

သို့သော် တကယ့် OCD ရောဂါ ဝေဒနာရှင် အစစ်ကို အပြင်၌ နီးနီးကပ်ကပ် မြင်တွေ့ဖူးသည်ကတော့ ပထမဆုံးအကြိမ်ပင်။

အားလုံးက စိတ်ခွန်အားပေးသည့် ကွန်းမန့်များကို ပေးပို့လာခဲ့ကြသည်။

“ ဂရုစိုက်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ် … ငါ ဒီနေ့ ဒီရောက်လာတာက ဒေါက်တာချန်နဲ့ ရောဂါ တိုင်ပင်ဆွေးနွေးဖို့ပါပဲ … “

“ ဒေါက်တာချန် … မင်းမှာ OCD ရောဂါကို ကုသပေးနိုင်တဲ့ ဆေးဝါးရှိလား ….”

“ အင်း … ရှိတယ် … ဒါပေမယ့် ခင်များ မလိုအပ်ဘူး ….” ချန်ယွီ့ ခွန်းတုံ့ပြန်လိုက်သည်။

စန်ညာ တာဝါမှာ တဒင်္ဂမျှ ကြက်သေသေသွားခဲ့၏။ ထို့နောက် သတိဝင်လာသည့် အမူအရာက သူ့မျက်နှာထက်တွင် ဖြစ်ပေါ်လာသည်။

ခေတ္တကြာ တိတ်ဆိတ်ပြီးနောက် စန်ညာ တာဝါက ခါးသီးစွာ ပြုံး၍ မေးလိုက်သည်။

“ ဒေါက်တာချန် … မင်းက သိနေပြီပေါ့ …”

All Chapters