သူ့ အသုံးပြုသူ နာမည် နောက်ကွယ်က လျှို့ဝှက်ချက်
Vol. 8 Ch. 75
“ ဦးလေး … ခင်များ ဆေးကို မဝယ်နဲ့ … သူပြောတာ ကြားတယ်မလား … ခင်များ သေသွားလိမ့်မယ် ….”
“ ဒေါက်တာချန်ရဲ့ လိုက်စထွင်းတွေက ပိုပိုပြီး ဆန်းကြယ်လာတာကို မင်းတို့ သတိထားမိကြလား ….”
“ ဒေါက်တာချန် …မင်းတစ်ခါတည်း ရှင်းအောင် ပြောလို့ မရဘူးလားကွာ …”
“ ဖြစ်နိုင်တာက ဒေါက်တာချန်ရဲ့ ဆေးကို သောက်ပြီးသွားရင် ဒီ လူကြီးနဲ့ သူ့သမီးတွေရဲ့ အသက်က သူတို့ အတူနေတာနဲ့ ချက်ချင်း အန္တရာယ် ရှိလာမှာမျိုး ဖြစ်လောက်တယ် ….”
“ အဲ့တာ ဖြစ်သင့်လား ….”
ကြည့်ရှုသူများမှာ ချန်ယွီ့စကားထဲရှိ ဝှက်စာကို အဓိပ္ပာယ်ဖောက်ဖို့ ကြိုးပမ်းနေခဲ့ကြ၏။
စန်ညာတာဝါ၏ အမူအရာ ပြောင်းလဲသွားသည်။
သူကိုယ်တိုင်က အိုင်ကျူ ၁၇၀ နှင့် ဒဏ္ဍာရီဆန်သည့် လိမ်လည်မှုကြီးကို ကျူးလွန်ခဲ့သူ ဖြစ်သော်လည်း ချန်ယွီ့၏ စကားအဓိပ္ပာယ်ကို နားမလည်နိုင်ခဲ့ချေ။
ရုတ်တရက်ဆိုသလို စန်ညာတာဝါက တစ်စုံတစ်ခုကို တွေးတောမိသွားခဲ့၏။
“ တကယ်လို့ ငါက မင်းပေးတဲ့ ဆေးကို မသောက်ဘူးဆိုရင် ငါ့သမီးနဲ့ အတူနေတဲ့ အချိန်ကျရင် ငါ့အသက်ကလည်း အန္တရာယ်မရှိဘူးလို့ ပြောချင်တာမလား ….”
“ ဟုတ်တယ် ….”
ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။
“ ဒေါက်တာချန် .. ငါ့သမီးနဲ့ ငါ့ အဆင်ပြေပြေ နေနိုင်ပါ့မလား …” စန်ညာတာဝါက မေးမြန်းလာခဲ့သည်။
သူ့ဇနီးအပြင် သူ အကြွေးတွေ အတင်နေခဲ့ဆုံးက သူ့သမီးလေး ဖြစ်၏။
ယခု သူ့သမီးလေးက သူနှင့် အချိန်တစ်ခုလောက် အတူလာနေပေးဖို့ ပြောလာသည်။
ဖုံးဖိမရသည့် ဝမ်းသာမှုအပြင် စန်ညာတာဝါ၌ အချို့သော စိုးရိမ်ကြောင့်ကြမှုများလည်း ရှိနေသေး၏။
“ မပြေဘူး ….”
“ ထင်ထားတဲ့ အတိုင်းပါပဲ …”
စန်ညာတာဝါ၏ မျက်နှာက ခါးသက်သွားခဲ့သည်။
“ ငါ သိနေတယ်လေ … သူ့လို ငယ်ရွယ်တဲ့ မိန်းမငယ်လေး တစ်ယောက်က အပြင်လောကရဲ့ မကောင်းတဲ့ ဝေဖန်စကားတွေကို ဘယ်လိုလုပ်ပြီး ခံနိုင်ရည် ရှိမှာလဲ ….”
ထိုအချိန်၌ စန်ညာတာဝါက သက်ပြင်း အရှည်ကြီး ချလိုက်သည်။
ဒီနေ့ သူ ချန်ယွီ့ထံ ရောက်လာခဲ့ပြီး အကြံဉာဏ်လာတောင်းသည်။ သူ့အထောက်အထား ဖော်ထုတ်ခံရမည့် အရေးကိုလည်း သူ့စိတ်ထဲ ပြင်ဆင်ထားပြီး ဖြစ်၏။
ချန်ယွီ့ လိုက်စထွင်းထဲတွင် ကြည့်ရှုသူ အရေအတွက်က တစ်သန်းကျော်တောင် စုဝေးနေပြီး ယနေ့ လိုက်စထွင်း အဆုံးသတ်သည်နှင့် သူ့အကြောင်း သတင်းအချက်အလက်များကလည်း အင်တာနက်ပေါ် ပျံ့နှံ့သွားခဲ့မှာ ဖြစ်သည်။
သူ့သမီးလို လူငယ်လေး တစ်ယောက်က အချိန်တိုင်းနီးပါး အင်တာနက်ပေါ်တွင် ရှိနေသည်။
သူ့အကြောင်း မကောင်းပြောထားသည့် ကွန်းမန့်များကို ဖတ်မိသည်နှင့် သူမ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကလည်း တောင့်ခံနိုင်မှာ မဟုတ်ချေ။
“ ခင်များတို့ သားအဖနှစ်ယောက်ကြား အဆင်မပြေမှုက အဲ့ဒီ မကောင်းတဲ့ ကွန်းမန့်တွေကြောင့် မဟုတ်ဘူး … “ ချန်ယွီ့ ဖြည်းညင်းစွာ ပြောလိုက်သည်။
“ အဲ့တာတွေကြောင့် မဟုတ်ဘူးလား …”
စန်ညာတာဝါမှာ ကြက်သေသေသွားခဲ့သည်။ “ ဒါဆို ဘာကြောင့်လဲ ….”
“ ခင်များ ထင်ထားတဲ့ အတိုင်းပဲ ….” ချန်ယွီ့က ထူးဆန်းသည့် မျက်နှာထားဖြင့် စကားကို ဆက်သည်။ “ နာရီ အနည်းငယ် အတွင်းမှာပဲ ခင်များရဲ့ ကျောထောက်နောက်ခံနဲ့ ခင်များ အတိတ်က လုပ်ခဲ့တဲ့ လုပ်ရပ်တွေ အကုန် အင်တာနက်ပေါ်မှာ အများကြီး ထွက်ပေါ်လာမယ် …”
“ ခင်များ အသက် ဘယ်လောက်တုန်းက လူ ဘယ်နှစ်ယောက်ကို လိမ်လည်ခဲ့ပါတယ်ဆိုတဲ့ ကိစ္စတွေပါ အကုန် ဖော်ထုတ်ခံလိုက်ရလိမ့်မယ် … “
“ ဒါပေမယ့် ခင်များသမီးက အဲ့ဒီအကြောင်းအရာတွေကို ဖတ်မိတဲ့အချိန် သူက ခင်များကို အထင်အမြင်သေးပြီး မကြည့်ရုံတင် မကဘူး … ခင်များကို တကယ့်ကို ကြီးမြတ်တဲ့ ကလိမ်ကျ အနုပညာရှင် တစ်ယောက်လို့တောင် သူက ထင်သွားဦးမယ် …”
“ ငါက ကြီးမြတ်တယ်လား ….”
စန်ညာတာဝါမှာ အံ့အားတကြီး ဖြစ်သွားခဲ့သည်။
သူက ပြောင်မြောက်တဲ့ လိမ်လည်မှု အများစုကို ဒီဇိုင်းဆွဲထားခဲ့တာဆိုပေမယ့် သူ့သမီးကလည်း သူ့လိုမျိုး တူညီတဲ့ အမြင်တွေ ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ပေ။
“ ဒါ ဘယ်လို သမီးမျိုးလဲ အဲ့တာ ….”
“ တော်စမ်းပါကွာ … လိမ်လည်တာကို ဘယ်လိုလုပ်ပြီး အနုပညာတစ်ရပ်လို့ ပြောလို့ရမှာ ….”
“ ကောင်မလေးက ငယ်ငယ်လေးကတည်းက အဖေမရှိခဲ့ရလို့ သူ့အတွေးတွေကလည်း နည်းနည်း အစွန်းရောက်သွားတာများလား ….”
“ ပြောတဲ့လူသာ ဒေါက်တာချန် မဟုတ်ဘဲ တခြားလူသာဆိုလို့ကတော့ ပြောလာတဲ့ကောင်ကို ငါ တံတွေးနဲ့ သွားထွေးတယ် …”
“ ကလေးရဲ့ သဘာဝကိုက သူတို့အဖေကို လေးစားဂုဏ်ယူကြရတဲ့ လူတွေချည်းပဲ … ဒါပေမယ့် သူတို့ ဘယ်လောက်ပဲ ဂုဏ်ယူတယ်ပြောပြော လူလိမ်တစ်ယောက်ကိုတော့ ကြီးမြတ်သူဆိုပြီး သွားတွေးလို့တော့ မရဘူးလေ …”
ဤဖော်ထုတ်မှုက ကြည့်ရှုသူများကို အတော်လေး ဆွံ့အသွားစေခဲ့သည်။
နားထောင်လိုက်ရသည့် စန်ညာတာဝါသည်လည်း မိုးကြိုး အပစ်ခံလိုက်ရသည့်နှယ် တောင့်တင်းသွားခဲ့သည်။
သူ့အရင်ဇနီးက တာဝန်ယူတတ်သည့် ဇနီးကောင်းတစ်ယောက်ဖြစ်ပြီး သူ့သမီးလေး ကြီးပြင်းလာသည့် လမ်းကြောင်းကို လမ်းမှားရောက်အောင်တော့ လုပ်မှာ မဟုတ်ချေ။
ဒါဆိုရင် သူတို့ သမီးလေးက ဘာကြောင့် ဒီလိုမျိုး ဖြစ်လာခဲ့တာလဲ …
ဖြစ်နိုင်တာ သူ့သမီးလေးက နွမ်းနွမ်းပါးပါးနဲ့ ကြီးပြင်းလာခဲ့ရတော့ ပုံမှန် လူတွေရဲ့ အမြင်နဲ့ ဖီဆန်နေတဲ့ အတွေးအမြင်တစ်ချို့ ပေါက်ဖွားလာခဲ့တာများလား …
“ ခင်များအကြောင်း သတင်းတွေ အမျိုးမျိုးကို ဖတ်ပြီးတဲ့နောက်မှာ ခင်များသမီးက ခင်များကို စက်ဆုပ်ရွံရှာတာမျိုး … ဒါမှမဟုတ် ရန်သူတစ်ယောက်လိုမျိုး သဘောထား ဆက်ဆံတာတွေ မလုပ်ဘူး …” ချန်ယွီ့ စကားဆက်သည်။ “ အဲ့ဒီအစား သူ့ဘက်ကနေ ခင်များကို အမျိုးမျိုး ဆိုးနွှဲ့ပြပြီး ခင်များရဲ့ အနုပညာ အရည်အချင်းတွေ သူ့ဆီ လက်ဆင့်ကမ်းပေးလာအောင် လုပ်လိမ့်ဦးမယ် …”
“ မဟုတ်ဘူး … ငါသူ့ကို ဘယ်တော့မှ သင်ပေးမှာ မဟုတ်ဘူး … “
စန်ညာတာဝါ၏ မျက်နှာအမူအရာမှာ ဖြူလျော်သွားခဲ့သည်။
ဘယ်လိုလုပ်ပြီး သူ့သမီးလေးက … ဘာလို့ အဲ့ဒီ မကောင်းတဲ့ ပညာရပ်တွေကို သင်ယူချင်နေရတာလဲ…
သူ့လမ်းကြောင်းက ပြန်လမ်းမရှိသည့် အဆုံးပိတ် လမ်းကြောင်းကြီး တစ်ခု ဖြစ်သည်။ သူ့သမီးကို သူ ဘယ်တော့မှ တူညီသည့် အမှားမျိုး ကျူးလွန်ခိုင်းမှာ မဟုတ်ချေ။
“ ဒီရဲ့လူနာ … ခင်များ ကျုပ်ရဲ့ တိုင်ပင်ဆွေးနွေးမှုကို လက်သင့်မခံနိုင်ဘူးဆိုရင် အခုချက်ချင်း တိုင်ပင်ဆွေးနွေးတာကို အဆုံးသတ်လို့ရတယ် …”
“ ဘာပဲဆိုဆို ဒါက နာကျင်ရတဲ့ ကုသမှုပဲလေ ….”
ချန်ယွီ့က စန်ညာတာဝါကို ကြင်နာသမှုဖြင့် သတိပေးလိုက်သည်။
နောက်တစ်ဆင့်က လူနာ၏ အခြေအနေကို လေ့လာဆန်းစစ်ပြီး ကောက်ချက်ချ အဆုံးသတ်ရမည့် အဆင့်ဖြစ်၏။
စန်နာတာဝါ၏ မျက်နှာမှာ လေးနက်နေသည်။
“ ငါ ကြားချင်ပါတယ် ဒေါက်တာချန် …”
နှစ်မိနစ်လောက် ကြာပြီးနောက် သူ အခိုင်အမာ ထပ်ဖြည့်ပြောလိုက်သည်။ “ သူဘာလို့ ငါ့ လမ်းကြောင်းပေါ် လျှောက်လှမ်းချင်ရတာလဲဆိုတာ ငါသိချင်တယ် …”
“ သူ့မှာ ဘာလို့ သာမန်လူတွေနဲ့ မတူကွဲပြားတဲ့ အတွေးအခေါ်တွေ ရှိနေရတာလဲ ….”
“ ကောင်းပြီလေ … ဒါဆိုလည်း ဆက်ကြတာပေါ့ ….”
စန်ညာတာဝါ၏ ကေ့စ်ကလည်း အတော်လေး ထူးခြားသည့် ကေ့စ်တစ်ခုပင်။ ထို့ကြောင့် ချန်ယွီ့က သူ့ကို ရပ်တန်နိုင်သည့် အခွင့်အရေး တစ်ခု ပေးလိုက်ခြင်းပင်။
သူ့ဘက်က ဆက်ပြီး နားထောင်ဖို့ရာ ဆန္ဒရှိနေသဖြင့် ဤသည်ကို ကောင်းကင်၏ ဆန္ဒဟု မှတ်ယူရုံသာ ရှိတော့၏။
“ ခင်များက ခင်များရဲ့ သမီးကို ခင်များရဲ့ အသက်ထက်တောင် ပိုပြီး ချစ်သေးတယ် ….”
“ သူက ခင်များဆီကနေ လိမ်လည်မှု အနုပညာရပ်တွေ သင်ကြားလိုတာကို ခင်များ သိလိုက်တော့ ခင်များ ဘဝမှာ ပထမဆုံးအကြိမ် အနေနဲ့ ပြင်းပြင်းထန်ထန်ကို ဒေါသထွက်သွားခဲ့တယ် …”
“ ကံဆိုးချင်တော့ ခင်များဘယ်လောက်ပဲ ဒေါသထွက်ပြ ထွက်ပြ ၊ ခင်များ ဘယ်လောက်ပဲ သူမကို သတိပေး နားချပါစေ ၊ သူ့ရဲ့ စိတ်ကို ခင်များ ပြောင်းလဲအောင် မလုပ်နိုင်ခဲ့ဘူး ….”
“ ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာ ခင်များသမီးက သူ့ကိုယ်သူ ကြွက်သတ်ဆေး သောက်ပြီး သတ်သေမယ်လို့ ခြိမ်းခြောက်တယ် … ဒီလိုနဲ့ ခင်များ နောက်ဆုံးတော့ စည်းရုံးခံလိုက်ရတယ် ….”
“ ခင်များသူ့ကို အခြေခံ လှည့်စားကွက်လေးတွေ စပြီး သင်ပေးတယ် ….”
“ သူ့ကို နံရံတစ်ခုနဲ့ ပက်ပင်းတိုးခိုင်းပြီး နည်းနည်းလောက် ခံစားသွားခိုင်းဖို့ စိတ်ကူးရှိခဲ့တယ် … အဲ့လိုမှပဲ သူ့ရဲ့ ဆက်ပြီး လုပ်ကိုင်ချင်စိတ်တွေကို လက်လျှော့သွားနိုင်မှာကိုး ….”
“ ဒါပေမယ့် ခင်များ သမီးက တစ်ကြိမ်ပြီး တစ်ကြိမ် အောင်မြင်နေခဲ့လိမ့်မယ်လို့ ခင်များ မျှော်လင့်မထားခဲ့ဘူး …”
“ သူ လိမ်လိုက်တဲ့ ဘယ်သူကမှ သူတို့ကိုယ်သူတို့ လိမ်ခံလိုက်ရမှန်းတောင် မသိလိုက်ကြဘူး ….”
ဤသည်ကိုကြားတော့ စန်ညာတာဝါ၏ မျက်လုံးတို့ လင်ကွင်းလောက်ကြီး ပြူးကျယ်သွားသည်။
သူ ယုံပင် မယုံနိုင်။
ဒါပေမယ့် သူ မယုံလို့လည်း မရ။
ချန်ယွီ့က သူနှင့် ရန်ငြှိုးရန်စလည်း မရှိရာ အဘယ်ကြောင့် သူ့အား လှည့်စားရမည်နည်း။
ထို့ပြင် ချန်ယွီ့၏ အစွမ်းအစတို့က နတ်ဘုရားသဖွယ်ပင်။
သူ ပြောသမျှ အရာအားလုံးက အမှန်တရားတွေချည်းပဲ ဖြစ်၏။
“ ဘုရားရေ … ဒါ မျိုးရိုးလိုက်တာလား …”
“ လူလိမ်မျိုးရိုးဗီဇ …. တကယ့်ကို စိတ်ဝင်စားစရာပဲ …”
“ ငါ အခု နားလည်သွားပြီ … ဒါ သူ့ရဲ့ ရာဇဝတ်ကောင် မျိုးရိုးဗီဇ အကျိုးသက်ရောက်မှုကြောင့် ဖြစ်မယ် …”
“ အမှန်ပဲ ….”
“ ရာဇဝတ်ကောင် မျိုးရိုးဗီဇက ဘာကြီးလဲ …”
“ နောက်ဆုံးတော့ ငါသိချင်နေတဲ့ မေးခွန်းကို မေးလာတဲ့လူ ရှိပြီပဲ ….”
ကြည့်ရှုသူ တစ်ယောက်က ကွန်းမန့် အရှည်ကြီး တစ်ခု ပို့၍ ရာဇဝတ်ကောင် မျိုးရိုးဗီဇက ဘာကို ခေါ်လဲဆိုတာ ရှင်းပြပေးလာခဲ့သည်။
ရာဇဝတ်ကောင် မျိုးရိုးဗီဇဆိုသည်မှာ မျိုးရိုးဗီဇ အမွေဆက်ခံမှု အထူးနည်းလမ်းပုံစံ တစ်မျိုး ဖြစ်သည်။
အကယ်၍ လူနာက ရာဇဝတ်ကောင်ဖြစ်လျှင် သူနှင့် ကိုယ်ဝန်ရပြီး မွေးလာသည့် မျိုးဆက်သစ်ကလည်း သူ၏ မျိုးရိုးဗီဇများကို အမွေဆက်ခံ၍ ရာဇဝတ်ကောင် ဖြစ်လာတတ်သည်။
ဤသည်ကိုလည်း သိပ္ပံနည်းကျ သက်သေပြချက်တို့ ရှိထားပြီး ဖြစ်၏။
သို့သော်သော်လည်း ထိုသို့သော ဖြစ်နိုင်ချေအလားအလာက နည်းပါသည်။
နည်းသည်ဆိုသော်လည်းပဲ သေးငယ်သည့် ဖြစ်နိုင်ချေတို့ကတစ်ဆင့် မဖြစ်သွားနိုင်ဟု မဆိုနိုင်ပေ။
ထိုကွန်းမန့်များကို ဖတ်ရှုရင်း စန်ညာတာဝါမှာ ရင်ဘက်စူးအောင့်နာကျင်သွားခဲ့သည်။
“ ငါက ငါ့သမီးကို ထိခိုက်နာကျင်စေခဲ့တဲ့လူ ဖြစ်နေပါလား … ငါ တကယ့်ကို သုံးစားမရတဲ့ကောင်ပဲ ….”
စန်ညာတာဝါက သူ့ကိုယ်သူ ပါးတွေချည်း ဆက်တိုက်လှိမ့်ရိုက်တော့သည်။
“ ကျေးဇူးပြုပြီး စိတ်ကို ငြိမ်ငြိမ်ထားပါ လူနာ ….”
ချန်ယွီ့က စန်ညာတာဝါ သူ့ကိုယ်သူ ထိခိုက်နေသည်အား တားမြစ်လိုက်သည်။
“ ခင်များသမီးမှာ ခင်များရဲ့ ရာဇဝတ်သား မျိုးရိုးဗီဇတွေ မရှိဘူး …”
စန်ညာ တာဝါ ရပ်တန့်သွားခဲ့၏။
သူ့ရဲ့ ရာဇဝတ်သား မျိုးရိုးဗီဇတွေ မရှိဘူးဆိုရင် သူ့သမီးလေးက ဘာကြောင့် လိမ်လည်ခြင်း အနုပညာကို ဒီလောက်ထိ စိတ်ဝင်စားနေရတာလဲ …
ပြီးတော့ သူက နည်းနည်းလေး သင်ယူပြီး အကြီးကြီးတွေတောင် လုပ်ပြနိုင်နေတယ် ….
ဒါက မျိုးရိုးအမွေ ဆက်ခံတာနဲ့ အတူတူပဲ မဟုတ်ဘူးလား …
“ ပထမ တစ်ချက် … ခင်များ သမီး လိမ်ညာမှု အနုပညာကို သင်ယူတာက အဲ့ဒီ မျိုးရိုးဗီဇဆိုတဲ့ အရာနဲ့ ဘာမှ မသက်ဆိုင်ဘူး ….” ချန်ယွီ့ တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
“ ဒုတိယတစ်ချက် … သူ ဒီလိုတွေ လုပ်တာက သူ့ရဲ့ နောက်အစီအစဉ်တွေအတွက် ကြိုပြီး လမ်းခင်းထားတာပဲ…”
“ ဘာအစီအစဉ်လဲ …”
စန်ညာတာဝါက မေးလာခဲ့သည်။
“ ခင်များရဲ့ စိတ်အနက်ရှိုင်းဆုံးမှာ ထိန်းသိမ်းထားတဲ့ အကြံတစ်ခုကို အသက်သွင်းဖို့အတွက် ခင်များရဲ့ ပညာရပ်တွေ သူ့ကို သင်ပေးစေချင်တာ …”
ချန်ယွီ့က ညွှန်ပြလိုက်သည်။ “ ခင်များရဲ့ အသုံးပြုသူ နာမည်ထဲမှာ ဖုံးကွယ်ထားတဲ့ အဲ့ဒီ အိုင်ဒီယာကိုပေါ့ …”
“ သူက အဲ့ကိစ္စ ဘယ်လိုလုပ်ပြီး သိသွားခဲ့တာလဲ ….”
ချန်ယွီ့က အသုံးပြုသူ နာမည်အနောက်မှာ ဖုံးကွယ်ထားတဲ့ သူ့လျှို့ဝှက်ချက် ရှာတွေ့သွားခဲ့တာကို စန်ညာတာဝါ အံ့အားသင့်သွားခဲ့ခြင်း မရှိပေ။
ချန်ယွီ့က သာမန်လူတစ်ယောက် မဟုတ်။ သူ့ လျှို့ဝှက်ချက်တွေ အားလုံးကို သိနေသည်ကလည်း မထူးဆန်း။
သူ အံ့အားသင့်သွားခဲ့သည်က သူ့ သမီး ဒီကိစ္စကို ဘယ်လိုသိသွားခဲ့လဲ ဆိုတာကိုပင်။