အကုန်လုံးက အတု
Vol. 8 Ch. 76
“ ထက်ထက်မြက်မြက်ရှိတဲ့ အလှလေး တစ်ယောက်ယောက်လောက် ငါ့ကိုရှင်းပြကြစမ်းပါ … သူ သုံးနေတဲ့ နာမည်နောက်ကွယ်က လျှို့ဝှက်ချက်က ဘာတဲ့တုန်း ….”
“ စန်ညာ တာဝါက ငါရှာကြည့်တာတော့ ဘရာဇီးမှာရှိတဲ့ အမြင့်စား တာဝါ တစ်လုံးပဲ …”
“ ဆိုတော့ …. ဘယ်လိုလျှို့ဝှက်ချက်က အဲ့ဒီ တာဝါနဲ့ ဆက်စပ်နေတာ ….”
“ ငါ့ခေါင်းတွေ မီးတောက်နေပြီ … စုံထောက် ဒရာမာ ကြည့်တာကတောင် သည့်ထက်ပိုပြီး နားလည်ချင်စရာ ကောင်းမယ်လို့ ထင်တယ် …”
“ ဒီလိုမှပဲ ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းမှာ….”
စကားပြောခန်းထဲရှိ ကြည့်ရှုသူတို့မှာ မတူကွဲပြားသည့် အမြင်အမျိုးမျိုးနှင့် ဖြစ်နေခဲ့ကြပြီး သူတို့၏ ဦးနှောက်များကို ဖုန်ခါခပ်၍ လျှို့ဝှက်ချက်က ဘာများဖြစ်မလဲလို့ တွေးတောနေခဲ့ကြသည်။
ခန့်မှန်းမှု ပြုနေကြသည့် ကြည့်ရှုသူများကို ကြည့်ရင်း ချန်ယွီ့ ပြောလိုက်၏။ “ ခင်များက သူများတွေအပေါ် လိမ်လည်လှည့်ဖျားတဲ့နေရာမှာ တမူထူးခြားတဲ့ စိတ်ဝင်စားမှုနဲ့ ပါရမီအရည်အချင်းတွေ ရှိတယ် …. ဒါပေမယ့် ခင်များလည်း လိမ်လည်တဲ့ နယ်ပယ်က ဂန္တဝင် ပုဂ္ဂိုလ်ကြီးတွေလိုမျိုး ဂုဏ်သတင်းကို တောင့်တတယ် ….”
“ သူတို့ကို ယှဉ်နိုင်မယ့် လှည့်စားမှု လုပ်ကွက်တစ်ခုကို ခင်များ အမြဲတမ်း အကောင်အထည် ဖော်ချင်နေခဲ့တာ ….”
“ နှစ်အနည်းငယ်လောက် အစီအစဉ် ရေးဆွဲပြီးတဲ့နောက်မှာ လျန်ပေမြို့က အဲ့ဒီအတွဲလိုက် ဖြိုချဖျက်စီးမှုကို ဖန်တီးနိုင်ခဲ့တယ် ….”
“ တခြားလူတွေရဲ့ မျက်လုံးထဲမှာ ဒါက ဆယ်စုနှစ်တစ်ခုရဲ့ အကြီးမားဆုံးသော လိမ်လည်မှုကြီးပဲ … ဒါပေမယ့် ခင်များအတွက်ကတော့ အဲ့တာက ပြီးပြည့်စုံမှု မရှိခဲ့တဲ့ စစ်ဆင်ရေးကြီး ….”
“ ခင်များက စန်ညာတာဝါဆိုတဲ့ နာမည်ကိုသုံးပြီး ခင်များရဲ့ အိုင်ဒေါ ကမ္ဘာ့နာမည်ကြီး လိမ်လည်ရေးသမား Victor Lustig ကို အမှတ်ရနေအောင် လုပ်ထားတယ် …”
Victor Lustig ဆိုသည့် နာမည်ကို ကြားတော့ ကြည့်ရှုသူ တော်တော်များများမှာ ဘာဖြစ်နေလဲဆိုတာကို ရုတ်ချည်း နားလည်သွားခဲ့ကြတော့သည်။
Victor Lustig က ကမ္ဘာ့နာမည်ကြီး လိမ်လည်မှု အနုပညာရှင်များထဲက တစ်ဦးဖြစ်သည်။
ပြောင်မြောက်လှသည့် ကလိမ်ကျသည့် အနုပညာကို အသုံးချ၍ သူက တရားဝင် အစိုးရ အရာရှိ အဖြစ် နှစ်ကြိမ်တိုင်တိုင် ဟန်ဆောင်ခဲ့သည်။
သူက အီဖယ်မျှော်စင်ကို ရောင်းမည်ဆိုပြီး ငွေ ပမာဏအမြောက်အများကို လိမ်လည်ခဲ့၏။
အီဖယ်မျှော်စင်ဆိုသည်မှာ ပဲရစ်မြို့၏ အထင်ကရ သမိုင်းဝင်နေရာ တစ်ခုပင်။ ၎င်းနေရာကို ရောင်းမည်ဟု ပြောလျှင် ကမ္ဘာပေါ်ရှိ မည်သူကမျှ ယုံကြည်နိုင်ကြမှာ မဟုတ်ချေ။
သို့သော် Victor Lustig ကတော့ ပြုလုပ်နိုင်ခဲ့သည်။
သူက လူတစ်အုပ်စုကို သူ၏ အလိမ်အညာစကားများထဲသို့ နစ်မြောအောင် ပြုလုပ်၍ ထိုအတိုင်း နှစ်ကြိမ် နှစ်ခါပင် လိမ်လည်ခဲ့သေးသည်။
သူက လူလိမ်များထဲက တကယ့်လူလိမ်ပင်။
“ ဒေါက်တာချန် … ကျေးဇူးပြုပြီး ဆက်ပြောပါဦး …”
စန်ညာတာဝါက ခံစားချက်တို့ ရောပြွမ်းနေခဲ့သည်။
ယခင်တုန်းက ချန်ယွီ့သည် သူ ယခင် အတိတ်တုန်းက ပြုလုပ်ခဲ့သည်များကိုသာ ဖောက်ထွင်းမြင်နိုင်သည်ဟု ထင်ထားခဲ့သော်လည်းပဲ သူ၏ အတွင်းကျသည့် အတွေးစိတ်ကူးတို့ကပါ ချန်ယွီ့၏ ရှေ့မှောက်တွင် ဖုံးကွယ်မထားနိုင်ဘဲ ရှိနေလိမ့်မည်လို့ မမျှော်လင့်ခဲ့ချေ။
သူက ကံကြမ္မာဟောပြောသူ တစ်ယောက်မျှသာ မဟုတ်တော့။ လူအများကြားထဲက တန်ခိုးရှင်ပင်။
ဤအခြေအနေသို့ ရောက်လာပြီးမှတော့ စန်ညာတာဝါ သွားမယ့်သွား ရောက်အောင်ကို သွားမည်။
သူ့ သမီးက ဘာကြောင့် သူ့ နှလုံးသားထဲ နက်နက်ရှိုင်းရှိုင်း နစ်မြုပ်ထားခဲ့တဲ့ အတွေးတွေကို လှုံ့ဆော်စေနိုင်ခဲ့မလဲဆိုတာ သူ သိချင်သည်။
“ တစ်လကြာပြီးရင် ခင်များ သမီးက ကြမ်းပြင်အောက်မှာ ဖွက်ထားတဲ့ ဒိုင်ယာရီစာအုပ်တစ်အုပ်ကို တွေ့သွားမယ် …”
“ ခင်များ ထောင်ထဲက လွတ်လာခဲ့ပြီးနောက်ပိုင်းမှာ အစီအစဉ်တစ်ခု ထပ်ပြီး ရေးဆွဲနေတာကို သူ တွေ့သွားမယ် … နောက်ထပ် လိမ်လည်မယ့် အစီအစဉ်တစ်ခုပေါ့ ….”
ဤတစ်ကြိမ်တွင်တော့ အံ့အားသင့်ရမည့်သူများက ကြည့်ရှုသူများပင်။
စန်ညာတာဝါက ဘယ်လိုတောင် သတ္တိတွေ ကောင်းနေတာ …
အရင်တုန်းက အဲ့ဒီ လိမ်လည်မှုနဲ့တင် ပျက်စီးဆုံးရှုံးမှုတွေ အများကြီး ဖြစ်ခဲ့ပြီးပြီးကို တူညီတဲ့နေရာမှာ တူညီတဲ့ နည်းလမ်းနဲ့ ထပ်လုပ်ဦးမလို့လား …
လျန်ပေရဲ့ ရဲတပ်ဖွဲ့က မတည်ရှိဘူးလို့များ သူ့ဦးနှောက်ထဲ ထင်နေတာလား ….
သို့သော် … သူ့ အိုင်ဒေါက ကမ္ဘာ့ဂန္တဝင် ကလိမ်ကျမှု အနုပညာရှင်ကြီး တစ်ယောက် ဖြစ်နေတာကို စဉ်းစားမိတော့
ထိုသို့သော အတွေးမျိုး ရှိနေသည်က ထူးဆန်းသော်လည်းပဲ အီဖယ်တာဝါကိုပင် နှစ်ခါပြန် လိမ်လည်ပြီး ရောင်းချနိုင်ခဲ့သူ တစ်ဦး …
စန်ညာတာဝါကလည်း သူ့လိုမျိုးပဲ အန္တရာယ်ရှိတဲ့ အလုပ်ကို နှစ်ခါပြန် လုပ်ချင်နေတာလား …
သူ့အိုင်ဒေါတောင် အောင်မြင်ခဲ့တာကို သူကရော ဘာကြောင့် မအောင်မြင်ရမှာလဲ …
“ ဒါပေါ့ … ခင်များက ပြီးပြည့်စုံတဲ့ ပလန်တစ်ခုကို ရေးဆွဲထားခဲ့တယ် ဆိုပေမယ့် အကောင်အထည်ဖော်ဖို့တော့ ဘယ်တော့မှ အစီအစဉ် မရှိခဲ့ဖူးဘူး ….”
“ လိမ်လည်တဲ့ အလုပ်က မကောင်းဘူးဆိုတာကို ခင်များ သိတယ် ….”
“ ဒါပေမယ့် တခြားတစ်ဖက်မှာကျတော့လည်း ခင်များက ခင်များရဲ့ အိုင်ဒေါနဲ့ လယ်ဗယ်တူ ဖြစ်ချင်တယ် ….”
“ ခင်များသမီးက ခင်များရဲ့ ဒိုင်ယာရီကို ဖတ်ပြီးတော့ ခင်များကို ဒီလောက်ထိ ရည်မှန်းချက်ကြီးမားတဲ့၊ ကြီးမြတ်တဲ့ လိမ်လည်မှု အနုပညာရှင် တစ်ယောက် ဖြစ်ရကောင်းလားဆိုပြီး ချီးမွမ်းတယ် … ပြီးတာနဲ့ ခင်များနောက် လိုက်ကပ်ပြီး သူ့ကို လှည့်ကွက်တွေ ပိုသင်ပေးဖို့ တောင်းဆိုလာခဲ့တော့တာပဲ ….”
“ အဲ့လို တောင်းဆိုလာတဲ့အတွက် ခင်များ သူ့ကို တရားဟောမယ် … လက်ချာတွေ ရိုက်မယ် … ဒါပေမယ့် ခင်များရဲ့ အတွင်းစိတ်ထဲမှာတော့ ရုန်းရင်းဆန်ခတ်တွေ ဖြစ်နေပြီ ….”
“ ခင်များက မရည်ရွယ်ဘဲနဲ့ ခင်များရဲ့ သမီးကို လိမ်လည်မှု အနုပညာရဲ့ အနှစ်သာနဲ့ ခင်များရဲ့ တကယ့်အရည်အချင်းတွေကို ချပြမိသွားခဲ့တယ် ….”
“ ခင်များရဲ့ သင်ခန်းစာတွေကို ရရှိပြီးတဲ့နောက်မှာ ခင်များသမီးက လက်တွေ့ လေ့ကျင့်ရေးတွေ ဆင်းတယ် …”
“ ဒါပေမယ့် ဒီတစ်ခေါက်တော့ သူ ပြဿနာ အကြီးကြီး တက်လာခဲ့တယ် ….”
“ သူ လိမ်လည်မိလိုက်တဲ့လူက လူမိုက်ဂိုဏ်းခေါင်းဆောင်ကြီး တစ်ယောက် ဖြစ်နေတယ် … နောက်တစ်နေ့မှာ အဲ့လူမိုက်က ခင်များတို့ အိမ်ကိုရောက်လာပြီး ယွမ်တစ်သန်းပေးဖို့ ခြိမ်းခြောက်တယ် … မဟုတ်ရင် သူက ရဲသွားတိုင်မှာ ….”
“ ငွေ အတွက်ကြောင့်နဲ့ ခင်များရဲ့ အရင်အလုပ်ဟောင်းကို ပြန်လုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်မှာပဲ ခင်များရဲ့ သမီးက ရုတ်တရက်ဆိုသလို လူမိုက်ရဲ့ ခေါင်းကို မီးအိမ်နဲ့ ရိုက်ခွဲပစ်လိုက်တယ် …”
“ ခင်များ အသိစိတ်ပြန်ဝင်လာတဲ့ အချိန်မှာ လူမိုက်က အသက်မရှူတော့ဘူး … ခင်များ သမီး ထောင်ကျသွားမှာကို စိုးရိမ်တဲ့စိတ်နဲ့ ခင်များ ကြောက်အား လန့်အားနဲ့ ခေါင်းတွေ ပူထူကုန်တယ် … ဒါနဲ့ပဲ ခင်များ သူ့လက်ကိုဆွဲပြီး နေရာကနေ ခက်ချင်း ထွက်ပြေးလာခဲ့တယ် ….”
သူ့သမီး တစ်စုံတစ်ယောက်ကို သတ်လိုက်တယ် ဆိုတဲ့ စကားကိုကြားတော့ စန်ညာတာဝါ၏ အမြင်တို့ မှောင်မိုက်သွားခဲ့ရသည်။
သူ့ နှလုံးသားထဲ နောင်တ တရားတို့ဖြင့် ပြည့်နှက်လာသည်။
အကယ်၍ သူသာ သူ့သမီးကို လိမ်လည်သည့် အရည်အချင်းများ မသင်ပေးခဲ့ဘူးဆိုပါက သူ့ သမီး ဒီလိုဘဝမျိုးနဲ့ ဇာတ်သိမ်းသွားခဲ့မှာ မဟုတ်ချေ။
ဤသည်က ကံကံ၏ အကျိုးပင်။
သေးငယ်တဲ့ လှည့်စားမှုလေးကနေ အကြီးစား ငွေလိမ်လည်မှုကြီးဆီ ၊ သူ့ရဲ့ လိမ်လည်တဲ့ စကေးတွေက ပိုပြီး ထက်မြိလာလေလေ ၊ သူ့ရဲ့ ရည်မှန်းချက်တို့က ပိုပြီး ကြီးမားလေလေ။
သူလည်း အရင်တုန်းက အဲ့လိုပဲ ဖြစ်ခဲ့တာ မဟုတ်လား …
နှစ်ပေါင်းများစွာ ထောင်ထဲ နေခဲ့ရတာတောင် သူ့ရဲ့ အရည်အချင်းတွေပေါ် ထားတဲ့ မာနက ဘယ်တော့မှ ပျောက်ပျက်မသွားခဲ့။
“ သူ စိုက်ပျိုးတာကို သူ ပြန်ရိတ်သိမ်းလိုက်ရတာပဲ ….”
“ အင်း … အဲ့လိုပဲ ….”
“ ငါ သေလမ်းရှာကြတဲ့ လူတော်တော်များများကို မြင်ဖူးပါတယ် … ဒါပေမယ့် သူ့သမီးလို ကိုယ့်သေတွင်းကိုယ် အဆင်သင့် ကြိုတူးထားကြတဲ့ လူတွေတော့ မမြင်ဖူးသေးဘူး …”
စန်ညာတာဝါ၏ သမီးဖြစ်သူက လူသတ်သမား ဖြစ်လာသည်ကို သူတို့တွေ သိလိုက်ရတော့ ကြည့်ရှုသူများမှာ သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။
ဤသည်က မဖြစ်သေးသည့် အနာဂတ်တွင်မှ ဖြစ်လာမည့် အရာမှန်း သူတို့ သိနေပါသော်လည်း သူတို့ နှလုံးသားထဲရှိ ဝမ်းနည်းမှုကိုတော့ ဖြေဖျောက်ဖို့ အင်မတန် ခဲယဉ်းနေဆဲပင်။
တောက်ပတဲ့ အနာဂတ်ရှိတဲ့ မိန်းမငယ်လေး တစ်ယောက်။
ဒါပေမယ့် သူမက လိမ်လည်တဲ့ အနုပညာကို သင်ယူခဲ့ပြီး ထောင်နှုတ်ခမ်းဘေးမှာ လမ်းလျှောက်ချင်ခဲ့တယ်။
လူတိုင်း သက်ပြင်းချနေစဉ်မှာပဲ ချန်ယွီ့က စကားကိုဆက်သည်။
“ ခင်များနဲ့ ခင်များသမီး ထွက်ပြေးတော့မယ့် အချိန်မှာပဲ ခင်များရဲ့ အိမ်ကို ဝိုင်းထားတဲ့ လူမိုက်ရဲ့ လက်ပါးစေတွေကြောင့် ခင်များတို့နှစ်ယောက် ရပ်တန့်လိုက်ရတယ် ….”
“ ခင်များက သမီး လူတစ်ယောက် သတ်ခဲ့တာကို ခင်များရဲ့ မျက်လုံးနဲ့ ကိုယ်တိုင်မြင်ခဲ့ရတဲ့လူ … ခင်များ ရှေ့တက်ပြီး ဒီလူတွေကို ရိုက်နှက်ချင်တယ် … ဒါပေမယ့် ခင်များ အနောက်ကနေ သတိမေ့အောင် ရိုက်နှက်ခံလိုက်ရတယ် …”
“ ခင်များ ပြန်ပြီး သတိရလာတဲ့အချိန်မှာ ခင်များရဲ့ ကမ္ဘာကြီး တစ်ခုလုံး ပျက်စီးသွားခဲ့ပြီ ….”
“ မျှော်လင့်ချက်အားလုံး ပျက်သုဉ်းသွားသလို ခင်များ ခံစားနေရတယ် …. ခင်များဘဝ ဒီလို အခြေအနေ ရောက်ရအောင် စတင်ခဲ့တာက သေးငယ်တဲ့ လှည့်စားမှုလေး တစ်ခုကနေပဲ …”
“ လိမ်လည်မှုက ခင်များရဲ့ မိသားစု၊ ခင်များရဲ့ လွတ်လပ်မှု ၊ ခင်များရဲ့ ကျန်းမာရေး ၊ ပြီးတော့ ခင်များရဲ့ သမီးကို ဆုံးရှုံးစေခဲ့တယ် ….”
“ အတောမသတ်နိုင်တဲ့ နောင်တရစိတ်တွေ ဗလောင်ဆူရင်း ခင်များ ကိုယ့်ကိုယ်ကို အဆုံးစီရင်တော့မယ့် အချိန်မှာပဲ ခင်များရဲ့ ဖုန်းက အသံမြည်လာခဲ့တယ် …”
“ ခင်များ တွေ့ကြုံခံစားခဲ့ရသမျှ အရာအားလုံးက အတုတွေချည်းပဲ ….”
ချန်ယွီ့က မနှေးမမြန်နှင့် စကားကို ဆက်ပြီးပြောသည်။ “ ခင်များ သမီး အရင်တုန်းက လိမ်လည်ခဲ့တဲ့ နစ်နာသူတွေ အကုန်လုံးက အတု ၊ လူမိုက်ဂိုဏ်းကဆောင်ကလည်း အတု၊ သူနဲ့ အတူ ပါလာတဲ့ အကုန်လုံးကလည်း အတု ….”
“ အတုတွေ ဟုတ်လား ….”
စန်ညာတာဝါ၏ မျက်လုံးတို့ ပြူးကျယ်သွားခဲ့၏။
“ အင်း ….” ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။ “ ဒါတွေ အကုန်လုံးကို ခင်များရဲ့ ငယ်သူငယ်ချင်းကြီး စီစဉ်ခဲ့တာပဲ ….”
“ သူလား …”
စန်ညာတာဝါ ရှော့ခ်ရသွားခဲ့သည်။
၎င်းနောက် ချက်ချင်းပဲ သူ့ ငယ်သူငယ်ချင်းက ဘာကြောင့် ဒီလိုတွေ စီစဉ်ခဲ့တာလဲဆိုတာကို နားလည်သွားသည်။
သူ ငယ်စဉ်အခါတုန်းက သူ့ သူငယ်ချင်းကို အသုံးချပြီး သူ၏ လိမ်လည်သည့် နည်းစနစ်များကို လေ့ကျင့်ခဲ့သည်။
သူ့ သူငယ်ချင်း အလိမ်ခံလိုက်ရသည့် အခါတိုင်း စန်ညာတာဝါမှာ အလွန်အမင်း အားရကျေနပ် ဖြစ်မိ၏။
သူ့ သူငယ်ချင်းကို ပိန်းရကောင်းလားဆိုပြီး လှောင်သည်။ သကောင့်သားက ရိုးရှင်းသည့် လှည့်ကွက်လေးကိုပင် ဖောက်မမြင်နိုင်။
“ ငါ နားလည်သွားပြီ … ငါ အခု နားလည်သွားပြီ …”
စန်ညာတာဝါ သက်ပြင်းချလိုက်၏။
သူ ငယ်စဉ်တုန်းက သူ့ ငယ်သူငယ်ချင်းကို ဘယ်လိုတွေ အနိုင်ကျင့်ခဲ့ကြောင်း ချန်ယွီ့ကို ပြောပြလိုက်သည်။
သူ ထောင်ထဲက လွတ်လာခဲ့သည့် နေ့မှာပဲ သူ့ငယ်သူငယ်ချင်းက ထောင်ပြင်ဘက်တွင် ကြိုစောင့်နေ၍ သူထွက်အလာကို ကြိုဆိုပေးသည်။
သူ နေဖို့ထိုင်ဖို့နှင့် အလုပ်ဝင်ဖို့ ကိစ္စကိုလည်း စီစဉ်ပေးထားခဲ့၏။
အရာအားလုံးကို လက်စားချေဖို့ အကွက်ချ စီစဉ်ထားခဲ့ခြင်းပင်။
သူက သူ့လို ပရော်ဖက်ရှင်နယ်ကျတဲ့ လူလိမ်သမားကိုပင် ကောင်းကောင်းကြီး လှည့်စားနိုင်ခဲ့သည်။
သူက စန်ညာတာဝါကို အလိမ်ခံလိုက်ရတဲ့ ခံစားချက်က ဘယ်လိုမျိုးလဲ ဆိုတာကို ခံစားသိစေချင်တာဖြစ်၏။
“ ဒေါက်တာချန် … ငါ့သမီး ငါ ဝှက်ထားတဲ့ ဒိုင်ယာရီကို ရှာတွေ့ခဲ့တာကလည်း ငါ့သူငယ်ချင်း ငါ့အခန်းထဲမှာ လျှို့ဝှက်ကင်မရာ တပ်ထားခဲ့လို့ ဟုတ်တယ်မလား ….”
“ အင်း …”
ချန်ယွီ့ ခေါင်းညိတ်ပြီး စကားဆက်သည်။ “ ဒါပေမယ့် မင်း နားလည်မှုလွဲနေပြီ ….”
“ ငါက ဘာနားလည်မှုလွဲလို့ ….”
စန်ညာ တာဝါ မေးလိုက်၏။
“ ခင်များကက သူ့ကို အကြိမ်မရေမတွက်နိုင်အောင် လှည့်စားခဲ့တာတောင်မှ ခင်များရဲ့ သူငယ်ချင်းက ခင်များကို မမုန်းခဲ့ဘူး ….”
“ သူ ကင်မရာ တပ်ထားခဲ့တယ်ဆိုတာကလည်း ခင်များ ရောဂါ ထဖောက်လို့ ရူးမိုက်တာတွေ လျှောက်လုပ်မိမှာကို စိုးရိမ်လို့ပဲ ….”
“ ဒီရဲ့ လိမ်လည်လှည့်စားမှုကတော့ …….”
“ အတွေ့အကြုံ ရင့်ကျက်တဲ့ စိတ်ကျန်းမာရေး ဆရာဝန်တွေ အများကြီးနဲ့ ဆွေးနွေးတိုင်ပင်ပြီးတော့မှ စီစဉ်လိုက်တဲ့ အထူးကုသနည်းလမ်းပဲ …” ချန်ယွီ့ပြောဆိုပြီးနောက် သူ့စကားကို ခေတ္တ ရပ်နားထားလိုက်သည်။