ငါ့ဘေးနားမှာ ရှိတဲ့ အလင်းတန်းတစ်ခု
Vol. 8 Ch. 77
ချန်ယွီ့ရဲ့ စကားက စန်ညာတာဝါကို လုံးဝ အံ့အားသင့်သွားစေခဲ့သည်။
သူ့အိုင်ကျူက ၁၇၀ ရှိသည်။ သို့သော် သူ့တွင် အိုင်ကျူ ၂၇၀ ရှိခဲ့လျှင်ပင် ချန်ယွီ့ စကားလုံး နောက်ကွယ်ရှိ အဓိပ္ပာယ်ကို နားလည်နိုင်မည်လို့လည်း မထင်ပေ။
“ ခင်များက ကလေးဘဝတုန်းကတည်းကရင် လိမ်လည်လှည့်စားရတာကို စွဲလမ်းခဲ့တယ် … ခင်များ အသက်ကြီးလာတာနဲ့ အဲ့ဒီ အကျင့်ဗီဇကို ဖျောက်ဖျက်ဖို့ ခက်လာတယ် ….”
“ လိမ်လည်မှုကြောင့် ခင်များ ထောင်ကျသွားခဲ့ရတယ် ... လိမ်လည်မှုကြောင့်ပဲ ခင်များရဲ့ ဇနီးနဲ့ ကွာရှင်းလိုက်ရတယ် … ပြီးတော့ သူမ ကလေးကို အဆုံးထိ မကာကွယ်နိုင်ခဲ့ဘူး …”
“ ငါ့ ကလေးလေး ….”
စန်ညာတာဝါက နာကျင်နေသည့် အသံဖြင့် အော်ဟစ်မိလိုက်၏။
“ ငါ့ကလေးလေး မရှိတော့ဘူးလား ….”
ကြည့်ရှုသူများနှင့် မတူညီပါဘဲ စန်ညာတာဝါသည် ချန်ယွီ့၏ အရည်အချင်းများကို တစ်ကြိမ်တစ်ခါသော်မျှ သံသယ မဝင်ခဲ့ဖူးပေ။
ချန်ယွီ့ ပြောသမျှ အရာအားလုံးက ၁၀၀ ရာခိုင်နှုန်း မှန်ကန်ကြောင်း သူ ယုံကြည်သည်။
တခြားသူများက မြင်နိုင်မှာ မဟုတ်သော်လည်းပဲ စန်ညာတာဝါကတော့ တစ်စုံတစ်ယောက် ပြောဆိုသည့် စကားလုံးများ၏ စစ်မှန်မှုကို အကြည့်တစ်ချက်မျှနှင့် ထွင်းဖောက်မြင်နိုင်ခဲ့သည်။
ယခုအခိုက်အတန့်တွင်တော့ … စန်ညာတာဝါသည် ချန်ယွီ့ကို လူလိမ်လူညာ တစ်ယောက်သာ ဖြစ်စေချင်နေမိတော့သည်။
ခေါင်းညိတ်လျက် ချန်ယွီ့ သူ့စကားကို ဆက်သည်။ “ ခင်များ ထောင်ကျပြီးသွားတဲ့နောက်မှာ ခင်များရဲ့ အိမ်နီးနားချင်းတွေက ခင်များရဲ့ ဇနီးဟောင်းကို သူလည်း အလိုတူ အလိုပါဆိုပြီး ယိုးစွပ်ကြတယ် …”
“ သူ့ကိုဆို လူရာမသွင်းကြဘူး … ရှောင်ဖယ်ကြတယ် … “
“ အမျိုးမျိုးသော လွှမ်းမိုးမှုတွေရဲ့အောက်မှာ ခင်များရဲ့ ဇနီး …. ကိုယ်ဝန်ပျက်ကျသွားခဲ့တယ် …”
ဤသည်ကို ကြားတော့ စန်ညာတာဝါ ခေါင်းငိုက်စိုက်ကျသွားခဲ့ပြီး သူ့ ဦးခေါင်းကို ကိုင်၍ ပြင်းထန်စွာ ငိုကြွေးနေမိတော့သည်။
သူ့အတွင်းထဲ ကျန်ရစ်တဲ့ နောက်ဆုံးသော ဆွေမျိုးသားချင်းတစ်ဦးက ဒီလိုပဲ ပျောက်ပျက်သွားခဲ့ရပြီလား ….
သတင်းကို တစ်ဝက်တစ်ပျက်နှင့် မရပ်တန့်လိုသောကြောင့် ချန်ယွီ့မှာလည်း ချီတုံချတုံ ဖြစ်စွာဖြင့် စကားကို ဆက်ပြီးပြောသည်။
“ ခင်များရဲ့ OCD က လိမ်လည်မှုအပေါ် ခင်များရဲ့ ရူးသွပ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါပဲ ….”
စန်ညာတာဝါက သူ့ဘဝရဲ့ အချိုးအကွေ့တစ်ခုကို ရင်ဆိုင်နေရခြင်းပင်။
အကယ်၍ ချန်ယွီ့သာ ဆက်ပြီးတော့ မပြောဆိုဘူးဆိုပါက …
သူ့စိတ်ဓာတ်အခြေအနေမှာ အလွန်အမင်း အစွန်းရောက်သွားနိုင်သည်။
“ ခင်များ ထောင်ထဲကို ရောက်သွားပြီးတဲ့နောက်ပိုင်းမှာ ခင်များကိုယ်ခင်များ ဒီတစ်သက် ဒီလို အလုပ်မျိုး ထပ်မလုပ်တော့ပါဘူးလို့ ကျိန်တယ် … ဒါပေမယ့် ခင်များဘဝရဲ့ တစ်စိတ်တစ်ပိုင်းလို ဖြစ်နေတဲ့ အရာမျိုးကို ဖျောက်ဖျက်ပစ်ဖို့က ပြောသလောက် ဘယ်လွယ်ကူမှာ …”
“ ဒီတော့ …. ခင်များ သူများကို လိမ်လည်လှည့်စားချင်လာတဲ့ အခါတိုင်း အဲ့ဒီ အတွေးကိုဖိနှိပ်တဲ့ အနေနဲ့ ခင်များကိုယ်ခင်များ တခြား အရာတွေ လုပ်ရင်း အာရုံလွှဲတယ် ….”
“ အချိန်ကြာလာတာနဲ့ အမျှ ခင်များရဲ့ အတွင်းစိတ်ထဲမှာ လိမ်လည်လိုတဲ့ ဗီဇအာသီသက ထင်သလောက် မပြင်းထန်တော့ဘူး .. ဒါပေမယ့် ခင်များကတော့ ကိုယ့်ကိုယ်ကို တခြား အလုပ်တစ်ခုခုကို ဆက်တိုက် လုပ်နေဖို့ တွန်းအားပေးနေခဲ့တယ် … ဒီလိုနဲ့ OCD နဲ့ ဆင်တူတဲ့ ရောဂါလက္ခဏာတစ်ခု ပေါက်ဖွားလာခဲ့တာပဲ ….”
“ ခင်များ ပြောသလိုမျိုးပဲ … လိမ်လည်မှုကြောင့် ခင်များရဲ့ မိသားစု ၊ ခင်များရဲ့ ကျန်းမာရေး ၊ ခင်များရဲ့ လွတ်လပ်မှုတွေ ဆုံးရှုံးသွားခဲ့ရတယ် …”
“ ဒါပေမယ့် အရာအားလုံးက တစ်ခါတည်းနဲ့ ပျက်သုဉ်းကုန်တာချည်းပဲတော့ မဟုတ်ဘူး .. ခင်များက အဲ့ဒီအရာတွေ ဆုံးရှုံးသွားခဲ့တယ်ဆိုပေမယ့် အဖိုးတန်တဲ့ သူငယ်ချင်း သံယောဇဉ်တစ်ခုတော့ ခင်များမှာ ကျန်နေခဲ့သေးတုန်းပဲ …”
ချန်ယွီ့က စကားကို ခေတ္တရပ်တန့်၍ ကိုယ့်ကိုယ်ကို အသိစိတ် ပြန်စုစည်းနေသည့် စန်ညာတာဝါကို ကြည့်လိုက်သည်။
စန်ညာတာဝါက လူအများအပြားကို လိမ်လည်ခဲ့ဖူးပြီး လူတော်တော်များများကို ကြောက်မက်ဖွယ်ရာ အကြွေးနွံထဲ နစ်စေခဲ့သည်။
ဥပဒေက သူ့ကို အပြစ်ပေးခဲ့သလို ကောင်းကင်ကလည်း သူ့နည်းသူ့ဟန်နှင့် အပြစ်ပေးခဲ့သည်။
သို့သော် … ကောင်းကင်ကတော့ မျှမျှတတ ရှိသည်။
စန်ညာ တာဝါကို အပြစ်ပေးရင်း သူ့အတွက် အသက်ရှူပေါက် တစ်ခုကိုလည်း ချန်ထားပေးခဲ့၏။
အဆိုပါ ငွေရောင်ကြိုးမျှင်လေးကတော့ သူ၏ တစ်ဦးတည်းသော သူငယ်ချင်းပင်။
“ ဒေါက်တာချန် … ငါ တစ်ခု မေးချင်လို့ … သူ့ သူငယ်ချင်းက ဒီရဲ့ လှည့်ကွက်ကို သူ့အပေါ် လုပ်ခဲ့တာက လှည့်စားချေဖို့ လုပ်ခဲ့တာလား ….”
ပိုက်ဆံသုံးထားသည့် အထူးကွန်းမန့်တစ်ခုက ချန်ယွီ့၏ လိုက်စထွင်းစခရင်ပေါ်သို့ နှေးကွေးစွာ ဖြတ်ပြေးသွားခဲ့သည်။
ထိုမေးခွန်းက ကြည့်ရှုသူများအားလုံး၏ ဇဝေဇဝါ ဖြစ်နေမှုကို ကိုယ်စားပြုလေသည်။
“ သေချာပေါက် ဘယ်ဟုတ်မှာ ….
ချန်ယွီ့က ပြုံးလျက် ရှင်းပြလိုက်၏။ “ စကားပုံတောင် ရှိသေးတယ်မလား … မီးကို မီးနဲ့ တိုက်ရမယ် ၊ အဆိပ်ကို အဆိပ်နဲ့ တိုက်ရမယ် …”
“ ငါတို့ စိတ်ရောဂါ ကုသမှု နယ်ပယ်မှာလည်း အဲ့လိုမျိုး ဆင်တူတဲ့ shock therapy (ရှော့ခ်ရ ကုထုံး ) ဆိုပြီး ရှိတယ် ….”
“ လူနာတစ်ယောက်ရဲ့ စိတ်ရောဂါ အခြေအနေက ထိန်းချုပ်ဖို့ ခက်ခဲလာတဲ့ အချိန်အနေ ရောက်လာပြီဆိုရင် သူတို့ကို ဆေးပြင်းတစ်ခွက် ပေးဖို့ လိုတယ် …”
“ ကျိန်းသေတဲ့ နေရာကဏ္ဍ တစ်ခုက ပြင်းထန်တဲ့ ထိုးနှက်မှုတွေကနေ တစ်ဆင့် လူနာရဲ့ ရောဂါကို ဖြစ်ပေါ်စေတဲ့ အတွင်းဘက်အကျဆုံး အရင်းအမြစ်ကို တိုက်ရိုက်လှုံ့ဆော်စေပြီး ကုသမှုကို အကျိုးသက်ရောက်မှု ရှိစေတာ ….”
သူ ထောင်ကျနေခဲ့သည့် ဆယ်နှစ်ကျော် ကာလအတွင်း စန်ညာတာဝါ၏ ငယ်သူငယ်ချင်းက သူ့ထံသို့ မကြာခဏ လာလည်ခဲ့သည်။
စန်ညာတာဝါက ရွက်ဟောင်းစွန့်၍ ရွက်သစ်ဝေနိုင်ဖို့ကို သူ မျှော်လင့်ခဲ့သော်လည်း ကြီးစွာ စိတ်ပျက်သွားခဲ့ရ၏။
စောင့်ကြည့်ရေး ကင်မရာ တပ်ဆင်ခဲ့သည်က စန်ညာတာဝါ၏ ရောဂါ ဆိုးရွားလာပြီး သူ့ဘက်က အချိန်မီ မတုံ့ပြန်နိုင်မှာကိုပင်။ ကင်မရာကတစ်ဆင့် စန်ညာတာဝါက လိမ်လည်လှည့်စားမှုအပေါ် ရူးသွပ်စွဲလမ်းနေဆဲ ဖြစ်နေလိမ့်ဦးမည်ဟု မျှော်လင့်မထားခဲ့ချေ။
ညဉ့်နက်အခါ ရောက်သည့်အချိန်တိုင်း စန်ညာတာဝါသည် သူ့စားပွဲခုံရှေ့၌ တစ်စုံတစ်ရာကို တစ်ကိုယ်တည်း ရေရွတ်နေပြီး ပုံကြမ်းများကိုလည်း ရေးဆွဲနေခဲ့သည်။
သူ လုပ်သမျှ အရာအားလုံး လိမ်လည်မှုနဲ့ ဆက်စပ်နေသည်။
“ ခင်များ ထောင်ထဲမှာ နှစ်တွေ ဒီလောက်အကြာကြီး နေခဲ့ရပြီး အရာရာ ဆုံးရှုံးသွားခဲ့ရတာတောင် ဘာကြောင့် အမှတ်သည်းခြေ မရှိဘဲ ဒီလိုအရာတွေ စဉ်းစားနေလဲဆိုတာကို ခင်များ သူငယ်ချင်း လုံးဝနားမလည်နိုင်ခဲ့ဘူး ….”
“ သူ အဲ့လို ဒေါသထွက်ပြီးတဲ့နောက်မှာ တဖြည်းဖြည်းချင်း ပြန်တည်ငြိမ်လာခဲ့တယ် … ခင်များရဲ့ အခုဟာက စိတ်ရောဂါ ဖြစ်နေပြီဆိုတာကို သူ နားလည်လိုက်ပြီ ….”
“ နာမည်ကြီး စိတ်ကျန်းမာရေး ဆရာဝန် တော်တော်များများနဲ့ တိုင်ပင်ဆွေးနွေးပြီးတဲ့နောက်မှာ ဒီရောဂါက လိမ်လည်မှုနဲ့ ပတ်သက်တဲ့ ခင်များရဲ့ ဥပါဒါန် အစွဲကြောင့် ဖြစ်တာဆိုပြီး ပြောတယ် …”
“ ခင်များရဲ့ OCD ရောဂါကလည်း ဒါကြောင့်ပဲ ဖြစ်မယ် ….”
ဤသည်ကို ကြားတော့ စန်ညာတာဝါမှာ သူ့မျက်နှာတစ်ပြင်လုံး မျက်ရည်တို့ဖြင့် ပြည့်နှက်လာခဲ့သည်။
“ ငါ ငယ်ငယ်တုန်းက သူ့ကို တစ်ကြိမ်ပြီးတစ်ကြိမ် ထိခိုက်အောင် လုပ်ခဲ့တာလေ … ဘာလို့ ငါ့ကို ကူညီပေးနေသေးလဲ …”
“ ဘာလို့ဆို ခင်များကလည်း သူ့ကို ကူညီပေးခဲ့လို့ပဲ…”
“ ခင်များတို့က အတူတူ ကြီးပြင်းလာခဲ့တဲ့လူတွေ …” ချန်ယွီ့က တည်ငြိမ်စွာ ရှင်းပြလိုက်သည်။ “ ခင်များက သူ့ကို မကြာခဏ လှည့်ကွက်တွေနဲ့ ဂျင်းထည့် ကစားခဲ့တယ် ဆိုပေမယ့် ပျော်ဖို့ကောင်းတာပဲ ဖြစ်ဖြစ် ၊ စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ ဖြစ်ဖြစ် သူနဲ့ မျှဝေခဲ့တယ် …”
“ ခင်များက သူ့ကို ကူညီပြီး အနိုင်ကျင့်တဲ့ အတန်းကြီး ကျောင်းသားတွေကိုလည်း သင်ခန်းစာ ပေးခဲ့သေးတယ် …”
“ သူငယ်ချင်းသံယောဇဉ်ဆိုတာ ရှုပ်ထွေးပွေလီတဲ့ အရာတစ်ခုပဲ … ဒါကြောင့်မို့ လူတိုင်းက ခင်များကို ရွံရှာစက်ဆုပ်နေကြတာ မဟုတ်ဘူး … ခင်များရဲ့ သူငယ်ချင်းက ခင်များရဲ့ ကမ္ဘာထဲမှာ တကယ့်ကို ရှားမှရှား သူငယ်ချင်း အစစ် …”
ဤလုပ်ရပ်ကြောင့် စန်ညာတာဝါ တစ်ဦးတည်းသာ ရင်ထဲ ထိခိုက်ခံစားသွားခဲ့ရသည်မဟုတ်။ ဂရုတစိုက်နှင့် နားထောင်နေခဲ့ကြသည့် ကြည့်ရှုသူများလည်း စိတ်ခံစားချက်တို့ ပြည့်နှက်သွားခဲ့ကြသည်။
“ သူတို့က soul mates(စိတ်တူကိုယ်တူ အပေါင်းအဖော်) တွေပဲ ဖြစ်ရမယ် ဟုတ်တယ်ဟုတ် ….”
“ အဲ့လို သူငယ်ချင်းမျိုးက သူများဆီပဲ ရှိရင်ရှိမယ် …. ငါ့ဒီတစ်သက်တော့ ဘယ်တော့မှ ရှိနိုင်မှာ မဟုတ်ပါဘူးလေ ….”
“ ငါ့ soulmates တွေက ငါ့ပိုက်ဆံပဲ … ငါ သုံးလိုက်တဲ့ အချိန်တိုင်း ရင်ဘက်ထဲ နာကျင်ရတယ် ….”
“ ငါရောပဲ ….”
“ မင်းတို့ကောင်တွေ ကြည့်ရသလောက်တော့ တကယ့် သူငယ်ချင်းအစစ်ဆိုတာ မရှိကြတဲ့ ပုံပဲ …”
“ ငါလည်း မရှိဘူး … နေ့တိုင်းနေ့ ဒေါက်တာချန်ရဲ့ လိုက်စထွင်းကို ကြည့်ပြီး သူတို့ရဲ့ ဒုက္ခသုခတွေကို ခံစားဖို့ပဲ တတ်နိုင်တယ် ….”
ဤသို့သော ရလဒ်မျိုး ဖြစ်ပေါ်လာလိမ့်မည်လို့ မည်သူကမျှ မျှော်လင့်မထားခဲ့ကြချေ။
အရာအားလုံး ဆုံးရှုံးသွားခဲ့ရပြီဟု ထင်ရသည့် စန်ညာတာဝါတွင် အလင်းရောင် တစ်ခုက တောက်ပစွာဖြင့် ဖြာကျလာခဲ့၏။
သူ့ဘေးနားကနေ ဘယ်တော့မှ ထွက်ခွာမသွားမည့် သူငယ်ချင်းအရင်းကြီး တစ်ယောက် ကျန်နေသေးသည်။
ကွန်းမန့်ခန်းထဲရှိ စာသားများကို ဖတ်ရင်း စန်ညာတာဝါမှာ ချန်ယွီ့၏ စကားများကို ပြန်မြင်ယောင်ကြည့်လိုက်သည်။
စန်ညာတာဝါမှာ ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်း နှစ်မျိုးလုံးကို ကြုံတွေ့ခဲ့ရ၏။
အဆုံး၌ ချန်ယွီ့ စကားလုံးများ နောက်ကွယ်ရှိ အဓိပ္ပာယ်ကို သူ တဖြည်းဖြည်းချင်း နားလည်လာသည်။
သူ့ ရောဂါ၏ လွှမ်းမိုးမှုအောက်တွင် စန်ညာတာဝါက အမြဲတစေ စိတ်ဖိစီးသည့် အခြေအနေသို့ ကျရောက်နေခဲ့ရသည်။
တစ်ဖက်၌ တခြားလူများအပေါ် လိမ်ညာလှည့်ဖျားရသည်ကို သူမုန်းတီးပြီး ကျန်တစ်ဖက်၌ သူ့အိုင်ဒေါကို ကျော်တက်၍ လိမ်လည်မှုသမိုင်းထဲတွင် မှတ်တိုင် တစ်ခု ချန်ထားရစ်ခဲ့ချင်သည်။
စန်ညာတာဝါ၏ မျက်နှာအမူအရာကို မြင်တော့ ချန်ယွီ့ အားရကျေနပ်သွားခဲ့သည်။
“ ကြည့်ရတာတော့ ခင်များ သေချာလေး တွေးပြီးသွားပြီနဲ့တူတယ် … “ ချန်ယွီ့က စကားကို အဆုံးသတ်လိုက်၏။
စန်ညာတာဝါက တည်တည်ငြိမ်ငြိမ် ဖြစ်လာခဲ့ပြီး မေးလိုက်သည်။ “ ဒေါက်တာချန် … မင်း အစောတုန်းက ပြောခဲ့တာ တကယ်လို့ ငါက မင်းရဲ့ အထူးဆေးဝါးကို သောက်ပြီး ငါ့သူငယ်ချင်းရဲ့ ထောင်ချောက်ထဲ ကျသွားခဲ့မယ်ဆိုရင် ငါသေမယ် ပြောခဲ့တယ်နော်….”
“ ဧကန္တ ငါ့စိတ်အခြေအနေ ပုံမှန် ပြန်ဖြစ်သွားတဲ့အချိန် ငါ့ သူငယ်ချင်း ငါ့အပေါ် သုံးမယ့် shock therapy က အချည်းနှီး တုံ့ပြန်မှု ဖြစ်လာစေမှာကြောင့်လား ….”
“ အမှန်ပဲ ….”
“ တကယ်လို့ ခင်များက ဆေးသောက်လိုက်မယ်ဆိုရင် ခင်များရဲ့ စိတ်အခြေအနေက ပုံမှန် ပြန်ဖြစ်သွားမယ် … “ ချန်ယွီ့ ပြောလိုက်ပြီး “ မကြာခင် ခင်များသူငယ်ချင်းရဲ့ လှည့်ကွက်တွေကို ဖောက်ထွင်းပြီး မြင်နိုင်သွားလိမ့်မယ် …”
စန်ညာတာဝါ ခေါင်းညိတ်လိုက်သည်။
သူ့ သူငယ်ချင်း စီစဉ်ထားသည့် လှည့်ကွက်က ရှုပ်ထွေးသည်ဟု ထင်ရသော်လည်း သူကဲ့သို့သော ပရော်ဖက်ရှင်နယ် လူလိမ်အကြီးစား၏ မျက်လုံးထဲတွင်တော့ ကလေးအကွက်လောက်သာ ရှိသည်။
“ ဒါတွေ အကုန်လုံးကို ခင်များသူငယ်ချင်းက စီစဉ်ခဲ့တာဆိုတာ ခင်များ သိသွားခဲ့ရင် အကြီးအကျယ် စိတ်ပျက်ဝမ်းနည်းသွားလိမ့်မယ် …”
“ တစ်ဦးတည်းရှိတဲ့ ခင်များရဲ့ သူငယ်ချင်းကလည်း ခင်များအနားကနေ ထွက်သွားခဲ့ပြီ … ခင်များ ဆက်ပြီး အသက်ရှင်နေနိုင်မယ့် မျှော်လင့်ချက်ကို ဆုံးရှုံးသွားရလိမ့်မယ် ….”
စန်ညာတာဝါ သက်ပြင်းချလိုက်သည်။
အကယ်၍ သူသာ သူ၏ တစ်ဦးတည်းနှင့် နောက်ဆုံးကျန်သည့် သူငယ်ချင်းလည်း သစ္စာဖောက်သွားတာကို သိသွားခဲ့မည်ဆိုပါက သူ တကယ်ပဲ အဆုံးစီရင်ဖို့ ကြံစည်မိလောက်သည်။