← Chapters

ဆွေမျိုးသားချင်းက အကောင်းဆုံးသော အလိမ်အညာ ဒါမှမဟုတ် အဆိပ်ဖြေဆေး

Vol. 8 Ch. 78

ဆွေမျိုးသားချင်းက အကောင်းဆုံးသော အလိမ်အညာ ဒါမှမဟုတ် အဆိပ်ဖြေဆေး

Vol. 8 Ch. 78

ဘာကြောင့်မှန်း သူမသိ။ သို့သော် … စန်ညာတာဝါမှာ ချန်ယွီ့ ဖော်ပြသွားသည့် အနာဂတ်ကို သူကိုယ်တိုင် ကိုယ်ကျ တွေ့ကြုံခံစားခဲ့ရသည်နှယ် ခံစားနေရသည်။

မြင်ကွင်းတွေ တစ်ခုပြီးတစ်ခု … သူ့ မျက်လုံးထဲ ထွက်ပေါ်လာသည်။

“ခင်များရဲ့ သမီးအတု လူသတ်ပြီး ခင်များ စိတ်ဓာတ်ကျနေတဲ့အချိန် ခင်များရဲ့ သူငယ်ချင်းဆီက ဖုန်းဝင်လာမယ် …”

“ ခင်များ ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးက အတုအယောင်တွေပါဆိုတာကို သူ ပြောပြလိမ့်မယ် ….”

“ အဲ့ဒီအချိန်မှာ ခင်များရဲ့ နှလုံးသားထဲ ဓားတစ်စင်း ထိုးဖောက်သွားသလို မခံမရပ်နိုင်အောင် နာကျင်လာမယ် …”

“ အဲ့မှာ ခင်များ သူငယ်ချင်းက ခင်များ တစ်ချိန်လုံး ကကြီကကြောင် နိုင်တဲ့ လိမ်လည်လှည့်စားမှုကို စွဲလမ်းတဲ့ ဘဝမျိုးမှာ တစ်လျှောက်လုံး နေထိုင်ခဲ့တဲ့ အကြောင်း ရှင်းပြမယ် …”

“ခင်များရဲ့ စွဲလမ်းရူးသွပ်မှုက ခင်များရဲ့ မိသားစု အသိုက်အမြုံလေးကို ပြိုကွဲသွားစေခဲ့တယ် …”

“ ခင်များရဲ့ အဲ့ဒီ စွဲလမ်းရူးသွပ်မှုကြောင့်ပဲ ကိုယ့်ကိုယ်ကို အချိန်အကြာကြီး ညှင်းပန်းနှိပ်စက်နေခဲ့မိတာပဲ …”

“ ခင်များက ကိုယ့်ကိုယ်ကို လိမ်လည်မှု အနုပညာရှင် တစ်ယောက်လို့ ယူဆတယ် … ဒါပေမယ့် သူ့လို သာမန်လူတစ်ယောက်ကတောင် ခင်များကို အရူးလုပ်နိုင်ခဲ့တယ် ….”

“ ဒီရဲ့ စွဲလမ်းရူးသွပ်မှု အိပ်မက်ကနေ ခင်များ နိုးထဖို့ အချိန်ကျပြီ ….”

ချန်ယွီ့ ပြောပြနေသည့် အသံက သူ့နားထဲတွင် ချာ့ချ်ကျောင်းက ခေါင်းလောင်းသံများကဲ့သို့ ပဲ့တင်ထပ်သွားခဲ့သည်။

စန်ညာတာဝါမှာ ဆတ်ခနဲ လန့်ဖျပ်သွားခဲ့ပြီး သူ နိုးထဖို့ အချိန်ရောက်လာပြီဆိုတာကို သိလိုက်သည်။

အကယ်၍ ထိုအရာသည်သာ သူ၏ သမီးအရင်းခေါက်ခေါက် ဖြစ်ခဲ့မည်ဆိုပါက လိမ်လည်မှု အနုပညာကို စိတ်ဝင်စားနေခဲ့လျှင် မည်သို့ဖြစ်မည်နည်း။

သူမလည်းပဲ တူညီတဲ့ အဆုံးသတ်နဲ့ပဲ အဆုံးသတ်သွားခဲ့မှာလား …

သူက ခြေတစ်လှမ်းနောက်ဆုတ်ပြီး သူ့ သမီးက အဲ့လို လိမ်လည်တာတွေ စိတ်မဝင်စားပါဘူး ပြောရင်တောင် နောက်ထပ် လိမ်လည်လှည့်စားမှု အကြီးစားကြီး တစ်ခု လုပ်ချင်နေတဲ့ သူ့ရဲ့ အတွင်းစိတ်ကို လုံးဝ ဖိနှိပ်မထားနိုင်။ တစ်နေ့ သူ့ကြောင့်နဲ့ နစ်နာခဲ့ရသူများက သူ့သမီးအပေါ် ပြန်ပြီး လက်စားလာချေနိုင်မယ်မလား …

ကြောက်မက်ဖွယ်ရာကောင်းသည့် အမျိုးမျိုးသော အကျိုးဆက်များကို တွေးမိရုံမျှနှင့် စန်ညာတာဝါ၏ ခန္ဓာကိုယ်သည် ရပ်နားမရအောင် တုန်ယင်လာသည်။

သူ့ခေါင်းကို တစ်ဖန် ပြန်အုပ်ထားမိ၏။

“ ဒေါက်တာချန်ကလည်း ရှော့ခ်သရဖီ လုပ်နေတာများလား ….”

“ တော်တော်လေး တူတယ် …”

“ ကံကောင်းလို့ စန်ညာတာဝါက ဒေါက်တာချန်နဲ့ တွေ့ခဲ့မိလို့သာပေါ့ ၊ မဟုတ်လို့ကတော့ … မဟုတ်လို့ကတော့ သူ့ရဲ့ ရောဂါကလည်း ကောင်းတယ်ဆိုရုံလောက်ပဲ ကောင်းသွားနိုင်မှာ ….”

“ ဟားဟား … ရယ်ရတယ်ဟုတ် ….”

“ မရယ်ရပါဘူး … ငါတော့ ဒေါက်တာချန်ရဲ့ ကုသနည်းလမ်းက ပိုပြီး ကောင်းတယ်လို့ ထင်တယ် … အနည်းဆုံးတော့ လက်တွေ့ နာကျင်စရာတွေ အများကြီးကို ဖြတ်ကျော်စရာ မလိုတော့ဘူးလေ …”

“ ကံဆိုးမိုးမှောင်ကျမှု အမျိုးမျိုးကို တွေ့ကြုံခံစားရပြီး ဘယ်သူမဆို သူတို့ရဲ့ ချိန်းကြိုးတွေကို ဖြတ်တောက်၊ နာကျင်မှုတွေရဲ့ အလယ်မှာ ပြန်ပြီး မတ်တပ်ရပ်နိုင်ကြတာ မဟုတ်ဘူး ….”

“ ဆွေမျိုးသားချင်းတွေဆိုတာ အလိမ်အညာတွေ …”

“ ဒါပေမယ့် အကောင်းဆုံး အဆိပ်ဖြေဆေးဆိုလည်း ဟုတ်တယ် ….”

တစ်ချို့သော စိတ်ပညာမေဂျာ ယူထားသူများ ၊ သို့မဟုတ် ခါးသီးမှုနှင့် ပျော်ရွှင်မှုများကို မျိုးစုံအောင် ကြုံတွေ့ခဲ့ပြီးကြသည့်လူများက ပြောပြလာခဲ့ကြသည်။

စန်ညာတာဝါ လွယ်လင့်တကူ အလိမ်ခံလိုက်ရသည်က သူ့ သူငယ်ချင်းအပေါ် သတိထားစိတ် မရှိသောကြောင့်ပင်။

ဒါပေါ့။ သူ့ရဲ့ စိတ်ရောဂါ အခြေအနေကလည်း အရေးပါတဲ့ နေရာမှာ ပါဝင်နေတာပေါ့။ သူ့မှာ လိမ်လည်လှည့်စားသူ တစ်ယောက် ရှိသင့်တဲ့ နိုးနိုးကြားကြား ရှိမှုတို့ ပျောက်ဆုံးနေခဲ့တာ ကြာပြီ။

ကောင်မလေး တစ်ယောက်က သူ့နောက်လိုက်လာပြီး သူ့ သမီးပါလို့ ပြောတာကို သံသယ မဝင်တာကတင် အဲ့ဒီ အချက်ကို သက်သေပြဖို့ လုံလောက်နေပြီးသား …

ဒါပေမယ့် တကယ်လို့ သူက ချန်ယွီ့ရဲ့ ဆေးကို သောက်လိုက်မယ်ဆိုရင် …

သူကိုယ်တိုင်က အရင်လို တည်ငြိမ်တဲ့ စိတ်အခြေအနေနဲ့ ဉာဏ်ထက်တဲ့ လူတစ်ယောက် ပြန်ဖြစ်သွားမယ် …

မကြာခင်မှာပဲ သူက လိမ်လည်လှည့်စားမှုကြီး တစ်ခုလုံးကို ဖောက်ထွင်းမြင်နိုင်သွားပြီး သူ့သမီးလို့ ဆိုတဲ့တစ်ယောက်ကလည်း သူ့အပေါ် လှည့်စားနေတာကို ရိပ်မိသွားလိမ့်မယ်…

အစီအစဉ်တစ်ရပ်လုံးမှာ အဓိက အသည်းအူတိုင်က စန်ညာတာဝါရဲ့ အယောင်အဆောင် သမီးဖြစ်သူပဲ ၊ သူက ဆွေမျိုးသားချင်း သံယောဇဉ်ကို ကိုယ်စားပြုတယ် …

သူတစ်ဦးတည်းကသာ စန်ညာတာဝါကို ပုံမှန် စိတ်အခြေအနေ ပြန်ဖြစ်အောင် လုပ်ပေးနိုင်တဲ့ တစ်ဦးတည်းသောသူပဲ ….

တကယ်လို့ သူ့ရဲ့ ‘ သမီး ‘ ဖြစ်သူကလည်း သူ့ လမ်းကြောင်း အတိုင်း လျှောက်လှမ်းပြီး သူ့ကြောင့်နဲ့ သေလုမြောပါး ဖြစ်သွားခဲ့တာတောင် စန်ညာတာဝါကို လှုပ်မနိုးသွားနိုင်ဘူးဆိုရင် သူ့ရောဂါကိုလည်း တစ်သက်လုံး ကုလို့ ရမှာ မဟုတ်တော့ဘူး ….

“ ဒေါက်တာချန် … ကျေးဇူးတင်ပါတယ် ….”

စန်ညာတာဝါက မတ်တပ်ရပ်ပြီး ချန်ယွီ့ထံသို့ ရိုသေလေးစားစွာ ဦးညွှတ်လိုက်သည်။

စောနက ကြည့်ရှုသူ တစ်ယောက် ပြောသည့် စကားကို သူလည်း ထောက်ခံသည်။

ဆွေမျိုးသားချင်း ဆိုသည်မှာ အကောင်းဆုံးသော အဆိပ်ဖြေဆေးပင်။

သူ ကိုယ်တိုင် လိမ်လည်လှည့်စားခံလိုက်ရသည့်အခါမှ လူလိမ်တစ်ယောက်က ဘယ်လောက်တောင် ရွံ့ရှာ စက်ဆုပ်ဖို့ကောင်းလဲဆိုတာ ကောင်းကောင်းကြီး သိသွားခဲ့သည်။

သူ့ ဘဝသက်တမ်း ပထမအရွယ်ရဲ့ တစ်ဝက်လောက်ကို ပြန်ကြည့်ရင် စန်ညာတာဝါက သူများတွေကို လှည့်စားရင်းနဲ့ အချိန်ကုန်ဆုံးခဲ့တာချည်းပဲ …

သူ့လုပ်ရပ်ကြောင့် ထောင်ကျခဲ့ပြီးတာတောင် အဲ့ဒီ အကျင့်ကို လက်မလျှော့နိုင်ခဲ့။

ဒါပေမယ့် သူက တခြားသူများကို လိမ်လည်တာမျိုးတော့ မဟုတ်ဘဲ သူ့ကိုယ်သူ လိမ်လည်လှည့်စားနေခဲ့ခြင်းပင်။

သူ့ရဲ့ ဗီဇအကျင့်ကို အာရုံလွှဲဖို့အတွက်ဆိုပြီး တခြားအရာတစ်ခု ပြုလုပ်ရင်းနဲ့ အာရုံလွှဲပြောင်းဖို့ ကိုယ့်ကိုယ်ကို လှည့်စားတယ်။

ထိုအရာကလည်း လိမ်လည်လှည့်စားမှု တစ်ခုပဲ ဆိုတာပဲ သူ မသိခဲ့။

“ ကျွန်တော့်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး … လူနာတွေရဲ့ ပြဿနာကို ဖြေရှင်းပေးရမှာက ကျွန်တော်တို့ ဆရာဝန်တွေရဲ့ တာဝန်ပါပဲ …”

ချန်ယွီ့ ထူးမခြားနား အမူအရာဖြင့် ပြောလိုက်သည်။

“ တကယ်လို့ ခင်များ ကျေးဇူးတင်ချင်တယ်ဆိုရင် ခင်များရဲ့ သူငယ်ချင်းကိုပဲ ကျေးဇူးတင်လိုက် ….”

“ ငါ လုပ်မှာပါ ….”

စန်ညာတာဝါက ချန်ယွီ့ကို နောက်တစ်ကြိမ် အရိုအသေပေးပြီး သူ၏ ဆေးဖိုးကို ပေးလိုက်သည်။

သူ ထွက်မသွားခင် တစက္ကန့်လောက် အလိုမှာပဲ ချန်ယွီ့ သူ့မျက်နှာကို တစ်ချက် ကြည့်လိုက်၏။

အနှီ မျက်လုံးတို့ထဲရှိ စိတ်ညှိုးငယ်မှုနှင့် စိုးရိမ်ကြောင့်ကြမှုတို့မှာ လုံးဝ ကင်းစင်သွားလေခဲ့ပြီ။

“ ဒီနေ့အတွက် တိုင်ပင်ဆွေးနွေးမှု သုံးခု ပြီးသွားပြီ … နောက်တစ်ခေါက်မှ ထပ်တွေ့ကြတာပေါ့ …”

လက်ဝှေ့ယမ်းရင်း ချန်ယွီ့ အနားယူရင် လိုင်းဆင်းသွားခဲ့သည်။

တိုင်ပင်ဆွေးနွေးမှု သုံးခု ၊ မတူညီသည့် ဘဝပုံစံ သုံးခု ။

ချန်ယွီ့က သူတို့ကို ကူညီပေးခဲ့ပြီး ကံကောင်းမှုနှင့် ကုသိုလ်များ စုဆောင်းသည်ဟု သတ်မှတ်နိုင်သည်။

ခွန်ကတော့ သေဖို့ထိုက်တန်သည့် အကောင်ပင်။

အကယ်၍ သူ့တွင်သာ အသက်ရှင်နိုင်သည့် မျှော်လင့်ချက် ရေးရေးလေး ရှိမနေတော့ဘူးဆိုပါက ချန်ယွီ့ သူ့ကို အဖတ်လုပ်၍ပင် စကားပြောနေခဲ့မှာ မဟုတ်ချေ။

ချန်ယွီ့ လိုင်းဆင်းသွားသည်နှင့် သန်မာအားကောင်းသည့် ကုသိုလ် အမျှင်တန်း နှစ်ခုက သူ့နားတစ်ဝိုက်တွင် စုဝေးလာခဲ့သည်။

ဤသို့သော အချင်းအရာနှင့် ရင်းနှီးနေပြီးသား ဖြစ်သည့် ချန်ယွီ့ကတော့ ၎င်းတို့ကို အလျင်အမြန် စုပ်ယူလိုက်သည်။

“ ဟမ် …”

ကုသိုလ်အမျှင်တန်းများကို စုပ်ယူပြီးနောက် ချန်ယွီ့ ရင်ထဲ တစ်ချက် တုန်ခါသွားသည်။

သူ့လက်ချောင်းများကို ဖြည်းညင်းစွာ ချိုးလိုက်၏။

နောက်တစ်ခဏ၌ ရှုပ်ထွေးသည့် အမူအရာက ချန်ယွီ့ မျက်နှာထက်တွင် ဖြစ်ပေါ်လာသည်။

......

ဟန်ကျိုးမြို့ ၊ ယွီလင် လမ်း။

ယင်းက သာမန်လမ်းဟောင်းလေး တစ်ခုပင်။

နေ့အချိန်၌ ဤလမ်းသို့ လာရောက်လာပတ်ကြသူ အရေအတွက်က မများပြား။ သို့သော် ညအချိန်တွင်တော့ ပုံမှန်မဟုတ် အထူးစည်ကားတတ်သည်။ အထူးသဖြင့် ညဉ့်နက်ပိုင်းတွင် ဖြစ်၏။

ညသန်းခေါင်အချိန် ကျော်ပြီးနောက် လမ်းများမှာလည်း တောက်ပသည့် မီးအလင်းရောင်တို့ ထိန်လင်းနေလျက်ပင်။

သွားလာလှုပ်ရှားနေကြသည့် လူအုပ်ကြီးမှာလည်း နှစ်သစ်ကူးတွင် ဘုရားတွင် အမွှေးတိုင် သွားပူဇော်မည့် လူအုပ်ကြီးနှယ် ကြိတ်ကြိတ်တိုး စည်ကားနေသည်။

မရေမတွက်နိုင်သည့် ဈေးဆိုင်တန်းများက လမ်းဘေး၀ဲယာတွင် ကိုယ်စီ တဲထိုးလျက် မိမိတို့၏ ကောင်းရာမွန်ရာ ပစ္စည်းများကို ရောင်းချနေကြသည်။

ရှေးဟောင်းပစ္စည်းများ၊ ကျောက်စိမ်း၊ ထိပ်တန်း ဆေးပင်များ ၊ ရွှေနှင့် ငွေထည် လက်ဝတ်ပစ္စည်းများကို နေရာအနှံ့ တွေ့ရှိနိုင်သည်။

ဤနေရာက ဟန်ကျိုးမြို့၏ အဆန်းကြယ်ဆုံး လမ်းဘေးဈေးတစ်ခု ဖြစ်သည့် …

တစ္ဆေဈေးပင်။

ထိုအချိန်တွင် ချန်ယွီ့လည်း လူအုပ်ကြီးထဲသို့ ဝင်ရောက်ရောနှေလျက် ဘေးဘီဝဲယာကို ကြည့်ရှုနေလျက် ရှိသည်။

မကြာမီ သူ့အကြည့်က လမ်းလယ်ခေါင်တွင် ခင်းကျင်းထားသည့် ဆိုင်တစ်ဆိုင်ထံသို့ အကြည့်ကျရောက်သွားခဲ့၏။

ဝဖိုင့်ဖိုင့်နှင့် ဆိုင်ပိုင်ရှင်က ပစ္စည်းကောင်းဟု ထင်ရသည့် ရှေးဟောင်းပစ္စည်းမျိုးစုံကို ခင်းကျင်း၍ ရောင်းချနေသည်။

သို့သော် အင်မတန် နည်းပါးသည့် လူအရေအတွက်ကသာလျှင် ခေတ္တတစ်ထောက်နား၍ သူ့ဆိုင်ကို ကြည့်ကြ၏။

“ ကောင်လေး … ဒါတွေ အကုန်လုံးက အရည်အသွေးကောင်းတဲ့ ရှေးဟောင်းပစ္စည်းတွေချည်းပဲ … ငါ့အိမ်အဟောင်းထဲက အခုလေးတင် ထုတ်လာခဲ့တာ ….”

“ မင်းကြိုက်တာ ရှိရင် စိတ်ကြိုက် ယူကြည့် ၊ ကိုင်ကြည့် ၊ ကြိုက်တယ်ဆိုဝယ် … ငါမင်းကို သေချာပေါက် လျှော့ဈေးပေးမယ် …”

ဝဖိုင့်ဖိုင့်နှင့် ဆိုင်ပိုင်ရှင်က သူ့ဆိုင်လေးထံသို့ တစ်စုံတစ်ယောက် ချဉ်းကပ်လာနေသည်ကို မြင်တော့ ချက်ချင်းဆိုသလို ဈေးဗန်းခင်းတော့သည်။

“ ဒါဆို ကျုပ် ခင်များလည်ပင်းမှာ ဝတ်ထားတဲ့ ပစ္စည်းကို လိုချင်တယ် …”

ချန်ယွီ့က ညင်သာစွာ ပြုံးလျက် ပြောလိုက်သည်။

ဤသည်ကို ကြားတော့ ဆိုင်ပိုင်ရှင်မှာ ကြက်သေသေသွားခဲ့သည်။

သူ ချန်ယွီ့ကို အစုံအဆန် ထပ်ကြည့်လိုက်၏။

“ ဘာလဲ … မရောင်းချင်ဘူးလား ….”

ချန်ယွီ့ မေးလိုက်သည်။

“ ကောင်လေး … မင်း မျက်စိက တကယ်မြင်တတ်တာပဲ … ဒီပစ္စည်းလေးက ငါ အခွင့်အရေးကောင်းနဲ့ ကြုံကြိုက်လို့ ရခဲ့တဲ့ ရတနာလေးပဲ ….”

ထိုသို့ ပြောရင်းဖြင့် ဆိုင်ပိုင်ရှင်က သူ့လည်ပင်းတွင် ဆွဲထားသည့် ဆွဲကြိုးကို ဖြုတ်လိုက်သည်။

ယင်းက အနီရောင်ကြိုးနှင့် သီထားသည့် ပုလဲအနက်တစ်လုံးဖြစ်၏။

ပြီးနောက် ချက်ချင်းပဲ ဆိုင်ပိုင်ရှင်က ဤ အနက်ရောင်ပုလဲ၏ ထူးကဲသာလွန်မှုများကို မြှောက်ပင့်၍ စတင်မိတ်ဆက်ပေးတော့၏။

ယင်းက တောင်ပင်လယ်၏ ပုလဲနက်၊ ကမ္ဘာ့ ရှားပါး ရတနာပစ္စည်းတစ်ခု ဖြစ်၏။

“ ကောင်လေး … မင်းကလည်း ကျွမ်းကျင်သူဆိုတော့ ပုလဲနက်တွေ အများကြီး မြင်ဖူးရောပေါ့ …”

“ ဒါပေမယ့် မင်းဘာမင်း ဘယ်လောက်များများ မြင်ဖူးခဲ့ မြင်ဖူးခဲ့ … ဒီလောက်ထိကြီးတဲ့ တစ်လုံးတော့ မင်း မမြင်ခဲ့ဖူးဘူးမလား ….”

ဆိုင်ပိုင်ရှင်က ဂုဏ်ယူစွာဖြင့် ကြေညာလိုက်သည်။

“ သေချာကြည့်လိုက်… ဒီလောက်ကြီးပြီး လှပတဲ့ ပုလဲနက်ကြီး …”

“ ယွမ် ၃ သိန်း …”

ဆိုင်ပိုင်ရှင်က လက်သုံးချောင်း ထောင်ပြလာသည်။

သူ့ပုံစံက ချန်ယွီ့၏ ပစ္စည်းကောင်း မြင်တတ်မှုကြောင့် ရတနာနှင့် ထိုက်တန်သည်ဟု ခံစားရကာ သူ့ ရတနှင့် ခွဲခွာရက်နေသည့်သွင်ပြင် ပေါက်နေခဲ့၏။

“ ယွမ် ၃ သိန်းက နည်းလွန်းတယ် …” ချန်ယွီ့ ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး “ ယွမ် တစ်သန်း …”

“ ယွမ် တစ်သန်း ဟုတ်လား ….”

ဆိုင်ပိုင်ရှင်မှာ ရှော့ခ်ရသွားခဲ့၏။

ချန်ယွီ့ ကြည့်ရတာ ရိုးရိုးယဉ်ယဉ်လေးပါ။ သူ့ပုံစံက ယဉ်ယဉ်လေး ရူးနေတာနဲ့လည်း မတူပါဘူး။

ဘာလို့ ဈေးဆစ်တာရဲ့ ဆန့်ကျင်ဘက် လုပ်နေတာလဲ။

“ ကောင်လေး … မင်း ဒါကို တစ်သန်းနဲ့ လိုချင်တာ သေချာလား ….”

ဆိုင်ပိုင်ရှင်က သေချာအောင် မေးလာသည်။

“ ခင်များ နားလည်မှု လွဲနေပြီ …”

“ ခင်များ ကျုပ်ကို ယွမ် တစ်သန်းပေးရင် ဒီပုလဲနက်ကို လက်ခံပေးမယ်လို့ ပြောတာ …”

ချန်ယွီ့ စကားလုံးက ရှော့ခ်ရစရာကြီး ဖြစ်ပြီး ဆိုင်ပိုင်ရှင်မှာ ဒေါသကြောင့် နှာတံကွေးကောက်လုနီးပါး ဖြစ်သွားခဲ့သည်။

All Chapters