← Chapters

အခန်း (၃၁၆၃-၃၁၆၄)

Vol. 211 Ch. 3163-3164

အခန်း (၃၁၆၃-၃၁၆၄)

Vol. 211 Ch. 3163-3164

အခန်း ၃၁၆၃ - တဗူးနည်းစနစ်တိုက်ပွဲ

ဝုန်း... ဝုန်း... ဝုန်း...

ကောင်းကင်ဘုံခုံရုံးမှ ဧကရာဇ်များ၊ အလင်းလောကအရှင်နှင့် အခြားသော ဧကရာဇ်ပညာရှင်များက သူတို့၏ လောကများကို မြှောက်တင်ပြီး တျဲယွဲ့ကို ဝိုင်းပတ်ပိတ်ဆို့လိုက်ကြ၏။

ဧကရာဇ်များကြားမှာ အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံနှင့် ဧကရာဇ်မိုးပြာရောင်မီးတောက်က အသန်မာဆုံးဖြစ်ကြသည်။

သူတို့ထဲမှ တစ်ယောက်ယောက်က ဓားကမ္ဘာမှာ အမှုဆောင်တမန်တော် မီးတောက်ကောင်းကင်ဘုံ သေဆုံးသွားသလို တျဲယွဲ့၏ သတ်ဖြတ်ခြင်းခံရမည်ဆိုလျှင် ကောင်းကင်ဘုံခုံရုံးအတွက် အလွန်တရာ အကျိုးယုတ်မှု ဖြစ်သွားပေလိမ့်မည်။

“ဂါး...”

ဧကရာဇ်မိုးပြာရောင်မီးတောက်က မာန်ဖီဟိန်းဟောက်လိုက်၏။ သူ၏ ခန္ဓာကိုယ်က လုံးလုံးလျားလျား အသွင်မပြောင်းလဲသော်လည်း ကြီးမားသော ပါးစပ်ပေါက်တစ်ခုကို ဖွင့်ဟထားသည့် ကြမ်းကြုတ်ခက်ထန်သော နဂါးဦးခေါင်းတစ်ခု ပေါ်ထွက်လာပြီး တျဲယွဲ့ရှိရာဘက်သို့ ကြောက်စရာကောင်းသော နဂါးထွက်သက်ကို ထွေးထုတ်လိုက်၏။

နဂါးထွက်သက်သည် အလွန်တရာ ကြောက်စရာကောင်းသော အစိမ်းရောင်မီးတောက်တစ်ခုနှင့် ရောထွေးနေပြီး တာအို၏ ကနဦးပုံစံနှင့် ထိတွေ့မိနေပြီဖြစ်သည်။

တဗူးနည်းစနစ်တစ်ခု ထွက်ပေါ်လာ၏။

သူတို့သည် တျဲယွဲ့၏ ဆက်လက်ဖိနှိမ်ခြင်း ခံနေရမည်ဆိုလျှင် သူတို့နှစ်ယောက်သည် သူတို့၏ အစစ်အမှန်ပုံစံများသို့ပင် အသွင်မပြောင်းလဲနိုင်ခင် တျဲယွဲ့၏ သေသည့်တိုင်အောင် ရိုက်နှက်ခြင်းခံရပေလိမ့်မည်။

အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံ၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူက သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ကာ တဗူးနည်းစနစ်တစ်ခုကို ထုတ်ဖော်လိုက်၏။

မိုးကောင်းကင်က ကွဲထွက်သွားပြီး မနှိုင်းယှဉ်သာအောင် ရှေးကျသော နဂါးလက်သည်းတစ်ဖက် ပေါ်ထွက်လာကာ တျဲယွဲ့ကို ပစ်ရိုက်ချလိုက်၏။ ၎င်းသည် အလွန်တရာ ရှည်လျားသော အချိန်မြစ်၏ အစွန်းတစ်ဖက်ကနေ ရောက်ရှိလာသည့်အလားပင်။

နဂါးလက်သည်းကနေ ဖြာထွက်နေသော မျိုးဆက်သွေးအော်ရာက မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများကို ဖိနှိမ်နိုင်၏။

တျဲယွဲ့၏ နောက်ဘက်မှာရှိသော သွေးလိပ်ပြာ နယ်မြေဖြစ်စဉ်ကပင် တဖျပ်ဖျပ်ဖြစ်လာပြီး အချိန်မရွေး ဖျက်ဆီးခံရနိုင်သည့်အလားပင်။

“စီရင်ချက်…”

အလင်းလောကအရှင်၏ ခန္ဓာကိုယ်ကနေ ရွှေရောင်သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး သူ၏ နောက်ဘက်မှာ မျိုးဆက်သွေးနယ်မြေဖြစ်စဉ်တစ်ခု ပေါ်ထွက်လာ၏။ ရှေးကျသော ပိရမစ်တစ်ခုက ပေါ်ထွက်လာပြီး အောက်ဘက်မှာ မရေမတွက်နိုင်သော သက်ရှိများက ဒူးထောက်နေကြ၏။

အလင်းလောကအရှင်က ပိရမစ်၏ ထိပ်ဖျားမှာ မတ်တတ်ရပ်နေ၏။ အဖြူရောင်စွမ်းအားသည် သက်ရှိများစွာ၏ ဦးခေါင်းထက်ကနေ အဆက်မပြတ် ပစ်လွင့်ထွက်ပေါ်လာပြီး အလင်းလောကအရှင်ထံမှာ စုဝေးလာလေသည်။

အလင်းလောကအရှင်သည် သူ့ရှေ့မှာ သူ၏ လက်နှစ်ဖက်ကို ဆုပ်လိုက်၏။ အဖြူရောင်စွမ်းအားသည် အဆက်မပြတ်စုဖွဲ့ပြီး သူ၏ လက်ဖဝါးထဲမှာ တဖျတ်ဖျတ်တလက်လက် ဓားတစ်လက်ကို လျင်မြန်စွာ စုဖွဲ့လာခဲ့၏။

“ရွှစ်...”

အလင်းလောကအရှင်က သူ၏ လက်ကို ဝှေ့ယမ်းလိုက်၏။

ဧရာမဓားသည် မနှိုင်းယှဉ်သာအောင် ဂမ္ဘီရဆန်နေပြီး ဓမ္မတာအိုများအားလုံးကို ဖြတ်တောက်နိုင်သည့်အလားပင်။

၎င်းသည် နတ်ဘုရားမျိုးနွယ်၏ တဗူးနည်းစနစ်တစ်ခု စီရင်ချက် ဖြစ်သည်။

နှစ်ဦးနှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားလာသည့်ခဏမှာပင် သူတို့၏ အကန့်အသတ်အထိ လျင်မြန်စွာ မြင့်တက်လာပြီး တဗူးနည်းစနစ်များစွာက ထိန်ချန်မှုမရှိဘဲ ထွက်ပေါ်လာကြ၏။

တျဲယွဲ့သည် ဤကဲ့သို့သော တိုက်ခိုက်မှုများကို လျစ်လျူမရှုနိုင်ပေ။

ထိုသို့ဖြင့် သူမသည် သူမ၏ စွမ်းအားကြီးမားသော တိုက်ခိုက်မှုများကို ဆက်လက်၍ ထိန်းမထားနိုင်တော့ပေ။

တျဲယွဲ့၏ ခန္ဓာကိုယ်က ရုတ်တရက်ပျောက်ကွယ်သွား၏။

ရုတ်တရက် ကောင်းကင်ထက်မှာ ထူးဆန်းသော ကြက်သွေးရောင် လနှစ်စင်း ပေါ်ထွက်လာလေသည်။

ကြက်သွေးရောင် လနှစ်စင်း၏ အရောင်အဝါအောက်မှာ ဧရာမလိပ်ပြာတစ်ကောင်က ခပ်ရေးရေးပေါ်ထွက်လာပြီး လောကကို ငုံ့ကြည့်ကာ ၎င်း၏ တောင်ပံများက ညင်သာစွာ တုန်ခါနေ၏။

ဝေါ…

တောင်ပံတစ်ချက်ခတ်ရုံမျှနှင့် အဆုံးမဲ့မုန်တိုင်းတစ်ခုက တိုက်ပွဲနယ်မြေမှာ ပေါ်ထွက်လာပြီး အဘက်ဘက်ကို တိုက်ခတ်ကာ ရပ်တန့်တားဆီးမရနိုင်သောပုံစံဖြင့် အသက်ဓာတ်များအားလုံးကို ဖျက်ဆီးပစ်နေ၏။

တျဲယွဲ့၏ တဗူးနည်းစနစ် သွေးလမုန်တိုင်း…

ဧကရာဇ်မိုးပြာရောင်မီးတောက် ထုတ်ဖော်လိုက်သော အစိမ်းရောင်မီးတောက်များသည် မုန်တိုင်း၏ တိုက်ခတ်မှုမှာ ငြိမ်းသေလုနီးပါးဖြစ်ပြီး နဂါးထွက်သက်ကလည်း ပျက်ပြယ်တော့မည့်ဆဲဆဲဖြစ်သည်။

လေထဲကနေ ဆင်းသက်လာသော ရှေးဟောင်းနဂါးလက်သည်းပေါ်မှာ တုန်လှုပ်စရာကောင်းသော ဒဏ်ရာများပေါ်ထွက်လာ၏။

နဂါးလက်သည်းက ဆက်လက်၍ ကျဆင်းလာသော်လည်း ၎င်း၏ ခွန်အားက လျင်မြန်စွာ ပျက်ပြယ်နေလေသည်။

အလင်းလောကအရှင် ထုတ်ဖော်လိုက်သော စီရင်ချက်ဓားသည် တျဲယွဲ့ကို မခုတ်ပိုင်းနိုင်ခင် ၎င်းသည် သွေးရောင်မုန်တိုင်းကြောင့် ဆုတ်ဖြဲခံလိုက်ရ၏။

ထိုမျှသာမက အလင်းလောကအရှင်၏ အောက်ဘက်မှာရှိသော ပိရမစ်က မုန်တိုင်း၏ တိုက်ခတ်မှုမှာ လဲပြိုကျသွား၏။

“အား...”

အလင်းလောကအရှင်က စူးစူးဝါးဝါးအော်ဟစ်လိုက်ပြီး သူ၏ နတ်ဘုရားခန္ဓာမှာ မရေမတွက်နိုင်သော ဒဏ်ရာများပေါ်ထွက်လာ၏။ ရွှေရောင်သွေးက တိုက်ပွဲနယ်မြေမှာ ဖိတ်စင်ပြန့်ကျဲသွားပြီး သူက ဒဏ်ရာများဖြင့် ပြည့်နှက်သွားလေသည်။

ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံသည် အခွင့်အလမ်းကို ချိန်ဆပြီး သူတို့၏ အစစ်အမှန်ပုံစံများသို့ အလောတကြီး ပြောင်းလဲလိုက်ကြ၏။ သူတို့၏ အော်ရာက ဆပွားမြင့်တက်လာပြီး သူတို့၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအားက အဆက်မပြတ်တိုးလာလေသည်။

ဝေါ… ဝေါ…

သူတို့နှစ်ယောက်က သူတို့၏ လောကများကို မြှောက်တင်ပြီး တျဲယွဲ့၏ ကြောက်စရာကောင်းသော တဗူးနည်းစနစ်ကို ခုခံရန် သူတို့၏ တဗူးနည်းစနစ်နှစ်ခု၏ စွမ်းအားကို ပေါင်းစည်းလိုက်၏။

အလင်းလောကအရှင်ကတော့ သူသည် မုန်တိုင်းထဲမှာ နစ်မြုပ်နေပြီဖြစ်၏။ သူ၏ လောက၊ သူ၏ကိုယ်ကာယနှင့် မျိုးဆက်သွေးသည် အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံနှင့် ဧကရာဇ်မိုးပြာရောင်မီးတောက်ကို လုံးဝမယှဉ်နိုင်ပေ။

အထွတ်အထိပ်ဧကရာဇ်များကြားမှာ ကျင့်ကြံမှုနယ်ပယ်ကို တိတိကျကျ ခွဲခြားထားခြင်းမရှိပေ။ ထိုသို့ဖြင့် အထွတ်အထိပ်ဧကရာဇ်များကြား တိုက်ခိုက်ရည်ခွန်အားကွာဟချက်က အလွန်တရာကြီးမားနိုင်သည်။

အလင်းလောကအရှင်သည် သူ၏ တဗူးနည်းစနစ်ကို ထုတ်ဖော်ပြီးနောက် တိုက်ပွဲနယ်မြေ၏ အလယ်ဗဟိုကနေ ချက်ချင်းဆုတ်ခွာမည်ဆိုလျှင် သူက ရှင်သန်နိုင်ကောင်း ရှင်သန်နိုင်ပေလိမ့်မည်။

သို့သော် ယခု အခြေအနေမကောင်းတော့သည်ကို သူနားလည်သိရှိသည့်အချိန်မှာ နောက်ကျသွားခဲ့ပြီဖြစ်သည်။

တျဲယွဲ့အပေါ် သူ၏ နားလည်မှုသည် မဟာအရိုင်းကမ္ဘာတိုက်ပွဲကို သူမြင်တွေ့ခဲ့စဉ်က အချိန်မှာ ကျန်ရှိနေဆဲဖြစ်၏။

သို့သော်လည်း ပြီးခဲ့သည့် နှစ်တစ်ရာမှာ တျဲယွဲ့သည် နောက်ထပ်အဆင့်တစ်ဆင့်ကို တက်လှမ်းလာခဲ့ပြီဖြစ်သည်။

သူမသည် မဟာဧကရာဇ်တစ်ပါး ဖြစ်မလာသော်လည်း မဟာအရိုင်းကမ္ဘာမှ တိုက်ပွဲအခြေအနေမျိုး ထပ်မံပေါ်ထွက်လာမည်ဆိုလျှင် သိုင်းတာအိုပင်မခန္ဓာ၏ အကူအညီမရှိဘဲ သူမက တိုက်ခိုက်နိုင်လေသည်။

အရင်တုန်းက တျဲယွဲ့သည် သွေးလမုန်တိုင်းကို ထုတ်ဖော်ခဲ့စဉ်က သူမသည် ထိုတဗူးနည်းစနစ်၏ စွမ်းအားကို ခံနိုင်ရည်မရှိဘဲ သူမ၏ ခန္ဓာကိုယ်က ဆုတ်ဖြဲခံခဲ့ရလေသည်။

သို့သော် ယခု သွေးလမုန်တိုင်း၏ အလယ်ဗဟိုမှာ တျဲယွဲ့သည် အလွန်တရာ တည်ငြိမ်နေပြီး လုံးဝမထိမခိုက်ရှိနေ၏။

ဝေါ…

မုန်တိုင်းက အော်မြည်တိုက်ခတ်နေ၏။ လူတိုင်း၏ ရှေ့မှောက်မှာ အလင်းလောကအရှင်၏ အသားသည် သွေးနီရောင်မုန်တိုင်းဖြင့် တိုက်စားခံရပြီး သူ့ခန္ဓာကိုယ်ပေါ်ကနေ တစ်လွှာပြီးတစ်လွှာ အဆက်မပြတ်ကွာကျသွား၏။

တစ်ခဏချင်းမှာပင် အလင်းလောကအရှင်၏ ရွှေရောင်အရိုးစုတစ်ခုသာ ကျန်ရစ်ခဲ့လေသည်။ သူက နေရာမှာတင် မတ်တတ်ရပ်ပြီး သူ၏ မျက်လုံးများက ကြောက်ရွံ့မှုဖြင့် တဖျပ်ဖျပ်ဖြစ်နေ၏။

ဘန်း…

နောက်ခဏ၌ အလင်းလောကအရှင်၏ အရိုးစုသည်လည်း သွေးနီရောင်မုန်တိုင်းဖြင့် တိုက်ချခံလိုက်ရ၏။

သူ့မျက်လုံးထဲရှိ ခပ်ဖျော့ဖျော့အလင်းက လုံးလုံးလျားလျား ငြိမ်းသေသွားလေသည်။

အလင်းလောကအရှင်က သေဆုံးသွားသည်။

တဗူးနည်းစနစ်များ၏ ထိတွေ့ရိုက်ခတ်မှုမှ ထွက်ပေါ်လာသော တုန်ခါလှိုင်းက ဤနေရာမှာ ရပ်တန့်မသွားပေ။

စောစောက အချိန်မီမရှောင်တိမ်းနိုင်ခဲ့သော ဧကရာဇ်ပညာရှင် ဆယ်ဦးကျော်ကျော်က တဗူးနည်းစနစ်များ၏ ထိတွေ့ရိုက်ခတ်မှုမုန်တိုင်းဖြင့် တိုက်ခိုက်ခံရပြီး နေရာမှာပင် သေဆုံးသွားကြ၏။

အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံနှင့် ဧကရာဇ်မိုးပြာရောင်မီးတောက်သည် တျဲယွဲ့၏ ဖိနှိမ်မှုကနေ လွတ်မြောက်ပြီး သူတို့၏ အစစ်အမှန်ပုံစံများသို့ အသွင်ပြောင်းလဲထားသော်လည်း သူတို့က သိသာထင်ရှားသော တန်ဖိုးတစ်ခုကို ပေးဆပ်လိုက်ရ၏။

ဧကရာဇ် ဆယ်ဦးကျော်ကျော်နှင့်အတူ အလင်းလောကအရှင်က သေဆုံးသွားသည်။

တကယ်တော့ သေဆုံးသွား​သော ဧကရာဇ်ပညာရှင်များအားလုံးသည် အလင်းကမ္ဘာနှင့် အခြားသောကမ္ဘာများမှ ဖြစ်ကြသည်။

သူတို့၏ မျက်လုံးထဲမှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ဧကရာဇ်များက ပုရွက်ဆိတ်များသာဖြစ်သည်။

ထိုသူတို့မှာ မည်မျှများပြားသည့် ပျက်စီးမှုများဖြစ်ပါစေ သူတို့က ဂရုစိုက်လိမ့်မည် မဟုတ်ပေ။

အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံနှင့် ဧကရာဇ်မိုးပြာရောင်မီးတောက်သည် သူတို့၏ အစစ်အမှန်ပုံစံများသို့ ပြောင်းလဲပြီးနောက် သူတို့၏ တိုက်ခိုက်ရည်ခွန်အားကို အကန့်အသတ်အထိ ထုတ်ဖော်လိုက်၏။

ကျန်ရှိနေသော ဧကရာဇ်ပညာရှင်များကို ဦးဆောင်ပြီး သူတို့သည် အခြေအနေကို ယာယီအားဖြင့် ထိန်းညှိကာ တျဲယွဲ့၏ တိုက်ခိုက်မှုများကို ခုခံနိုင်ကြသည်။

မျောက်ဝံအိုကြီး၊ သားရဲဧကရီအမြီးကိုးချောင်း၊ သားရဲဧကရာဇ်နတ်ဆင်၊ သားရဲဧကရာဇ်ပိုင်ကျဲနှင့် ယက္ခိုသ်ဧကရာဇ်တစ်အုပ်စုက တိုက်ပွဲထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်ကာ တျဲယွဲ့ကို ကူညီပေးရန် ဧကရာဇ်ပညာရှင်တချို့ကို အတတ်နိုင်ဆုံး တားဆီးပေးထားကြ၏။

မျောက်ဝံအိုကြီးတစ်ယောက်တည်းက အထွတ်အထိပ်ဧကရာဇ်ပညာရှင် သုံးဦးကို ရင်ဆိုင်ထားလေသည်။

ထိုသို့ဆိုလျှင်တောင် တျဲယွဲ့ကို ဝိုင်းပတ်ထားသော ဧကရာဇ်များ၏ အရေအတွက်က ၁၀၀ ခန့် ရှိနေဆဲဖြစ်သည်။

အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံက သူ၏ခွန်အားအပြည့်အဝကို ထုတ်ဖော်ပြီး သူ၏ အထွတ်အထိပ်တိုက်ခိုက်ရည်ခွန်အားကို ပြသလိုက်၏။ သူသည် အပြာရောင်ကောင်းကင်ဘုံမှာ မဟာဧကရာဇ်နယ်ပယ်အောက် နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်ဖို့ တကယ်ပင် ထိုက်တန်လေသည်။

သူတစ်ယောက်တည်းကသာ တျဲယွဲ့နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်၏။

အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံသည် တျဲယွဲ့၏ တိုက်ခိုက်မှုများ ထက်ဝက်ကျော်ကို ခုခံတားဆီးပေးထားပြီး ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် ဧကရာဇ်ပညာရှင် ၁၀၀ကျော်နှင့်အတူ တျဲယွဲ့သည် လောလောဆယ်မှာ မည်သည့်အသာစီးမှ မရရှိနိုင်ပေ။

အခြားသော ဧကရာဇ်ပညာရှင်များသည် တျဲယွဲ့၏ နည်းလမ်းများကို ထိတွေ့မြင်ထားပြီး ပို၍ပင် သတိထားလာကြ၏။

သူတို့က အခြေအနေမကောင်းတော့သည်ကို တွေ့မြင်သည့်အခါ ချက်ချင်းပင် နောက်သို့ဆုတ်ခွာကြပေလိမ့်မည်။

အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံနှင့် ဧကရာဇ်မိုးပြာရောင်မီးတောက်သည် တျဲယွဲ့၏ စိတ်အာရုံအများစုကို ခွဲယူထားပြီး သူမအနေဖြင့် ဘေးပတ်လည်မှ ဧကရာဇ်ပညာရှင်များကို သတ်ဖြတ်ဖို့ ခဲယဉ်းလာခဲ့သည်။

“မြောက်ပိုင်းခွန်၊ တောင်ပိုင်းဖန်း... မင်းတို့တွေ ဘာကိုစောင့်နေကြသေးတာလဲ”

မျောက်ဝံအိုကြီးက တိုက်ခိုက်ရင်း ဧကရာဇ်မြောက်ပိုင်းခွန်၊ ဧကရာဇ်တောင်ပိုင်းဖန်းနှင့် ဘေးကနေ စောင့်ကြည့်နေသော အခြားသူများကို လှမ်း၍အော်ပြောလိုက်၏။

“ဒီလိုအချိန်မှာတောင် မင်းတို့တွေက တွေဝေတုံ့ဆိုင်းနေကြတုန်းပဲလား”

ဧကရာဇ်မြောက်ပိုင်းခွန်၊ ဧကရာဇ်တောင်ပိုင်းဖန်း၊ နဂါးဧကရီဆီးနှင်းနှင့် ပန်းလောကအရှင်တို့က ထျန်ဟွမ်ကမ္ဘာ၏ ဘက်မှာ ရပ်တည်ပေးလိုမည်ဆိုလျှင် သူတို့သည် ဧကရာဇ်ပညာရှင်တချို့ကို တားဆီးကာ တျဲယွဲ့ကို ကူညီပေးနိုင်မည်ဖြစ်သည်။

ထိုအနည်းငယ်သော ပြောင်းလဲမှုသည် တျဲယွဲ့အပေါ် ဖိအားကို လျှော့ချပေးနိုင်မည်ဆိုလျှင် တိုက်ပွဲ၏ နောက်ဆုံးရလဒ်အပေါ် သက်ရောက်မှု ရှိကောင်းရှိလာပေလိမ့်မည်။

အခန်း ၃၁၆၄ - ငရဲစစ်တပ်

ဧကရာဇ်မြောက်ပိုင်းခွန်နှင့် အခြားသူများက မပြောနိုင်ခင် အမှုဆောင်တမန်တော်အပြာရောင်ကောင်းကင်ဘုံက လှောင်ရယ်လိုက်၏။ သူက တျဲယွဲ့နှင့် ဆန့်ကျင်တိုက်ခိုက်ရင်း အေးစက်စွာပြောလိုက်၏။

“မင်းတို့တွေက ကောင်းကင်ဘုံခုံရုံးကို ဆန့်ကျင့်ရင် ကြုံတွေ့ရမယ့် နောက်ဆက်တွဲရလဒ်တွေအကြောင်း သေသေချာချာစဉ်းစားတာပိုကောင်းလိမ့်မယ်”

ဧကရာဇ်မြောက်ပိုင်းခွန်နှင့် အခြားသောလောကအရှင်သုံးဦးက အကျပ်ရိုက်နေသောအမူအရာများနှင့်အတူ မျက်မှောင်ကြုတ်လိုက်ကြ၏။

သူတို့သည် အမှားအမှန်ကို မခွဲခြားနိုင်ဘဲ ထျန်ဟွမ်ကမ္ဘာကို မကူညီပေးချင်သောကြောင့် မဟုတ်ပေ။

သူတို့သည် တကယ်ပင် ထိုအန္တရာယ်ကို မစွန့်စားရဲသောကြောင့်ဖြစ်သည်။

သူတို့သည် ထျန်ဟွမ်ကမ္ဘာကို ကူညီဖို့ ရွေးချယ်သည်နှင့် သူတို့သည် ကောင်းကင်ဘုံကမ္ဘာကို ဆန့်ကျင်ရတော့မည်ဟု ဆိုလိုလေသည်။

ပြီးခဲ့သည့်ခေတ်တချို့မှာ ကောင်းကင်ဘုံခုံရုံးကို ဆန့်ကျင်ခဲ့သော အဖွဲ့အစည်းများကြားထဲ ဘယ်အဖွဲ့အစည်းက အဆုံးသတ်ကောင်းခဲ့လို့လဲ။

သူတို့ထဲမှတချို့၏ မျိုးနွယ်ဝင်များသည် အပြစ်သားကုန်းမြေမှာ ထာဝရအကျဉ်းချခံရပြီး နေ့အလင်းရောင်ကို တွေ့မြင်ရခြင်းမရှိဘဲ သေသည်ထက်ပင်ဆိုးဝါးသော ကံကြမ္မာနှင့် ကြုံတွေ့ခဲ့ရ၏။

ကမ္ဘာတချို့သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကနေ အပြီးတိုင်ဖျောက်ဖျက်ခံလိုက်ရ၏။ ရံဖန်ရံခါမှာ သူတို့အကြောင်းပြောဆိုသည့်အခါ သူတို့သည် လူတိုင်း၏ စွပ်စွဲပုတ်ခတ်ခြင်းခံရပေလိမ့်မည်။

သမိုင်းတစ်လျှောက်မှာ ကောင်းကင်ဘုံခုံရုံးကို စိန်ခေါ်ရဲခဲ့သော လူများစွာရှိခဲ့၏။ ရှေးဟောင်းမဟာဧကရာဇ်အချို့လည်း ပါဝင်ခဲ့လေသည်။

နောက်ဆုံးမှာ သူတို့တွေ ဘာဖြစ်သွားခဲ့ကြသလဲ။

သူတို့ထဲ ဘယ်သူက အဆုံးသတ်ကောင်းခဲ့လို့လဲ။

ဧကရာဇ်အထီးကျန်သိုင်းသခင်က သန်မာသော်လည်း သူက မဟာဧကရာဇ်တစ်ပါး ဖြစ်မလာသေးပေ။

ပြီးခဲ့သည့် ခေတ်အတော်များများမှာ မဟာဧကရာဇ်ပညာရှင်များသည် တစ်ယောက်ပြီးတစ်ယောက်သေဆုံးခဲ့ရပြီး ဆိုးယုတ်စိတ်ဝိညာဉ်များဟုပင် ခေါ်ဆိုသမုတ်ခံခဲ့ရလေသည်။ ဧကရာဇ်အထီးကျန်သိုင်းသခင်တစ်ယောက်တည်းက လှိုင်းဂယက်ဘယ်လောက်များများကို ဖြစ်ပေါ်စေနိုင်မှာလဲ။

ယခုအချိန်မှာ ဧကရာဇ်အထီးကျန်သိုင်းသခင်သည် လွှမ်းမိုးနိုင်စွမ်းရှိပြီး ပြိုင်ဘက်ကင်းသည့်ပုံပေါ်နေ၏။ သို့သော်လည်း ကောင်းကင်ဘုံခုံရုံး၏ အစစ်အမှန်အရှင်သခင်များက ယခုအချိန်ထိ တိုက်ခိုက်မလာကြသေးပေ။

ကောင်းကင်ဘုံခုံရုံး၏ မဟာဧကရာဇ်များတိုက်ခိုက်လာသည်နှင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မည်သူကမှ ခုခံနိုင်မည် မဟုတ်ပေ။

ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲများသည် ကျရှုံးမှုဖြင့် ထပ်တလဲလဲအဆုံးသတ်သွားခဲ့ကြသည်။

ကျရှုံးမှုတိုင်းသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရှိ မျိုးနွယ်စုတစ်သောင်းသက်ရှိများထံ ပြင်းထန်သောနာကျင်မှုကို ဆောင်ကြဉ်းပေးခဲ့ပြီး သူတို့သည် တစ်ကျော့ပြန်ဦးမော့ဖို့အတွက် နှစ်ပေါင်းမရေမတွက်နိုင်အောင် အချိန်ယူခဲ့ရလေသည်။

ဧကရာဇ်မြောက်ပိုင်းခွန်နှင့် ဧကရာဇ်တောင်ပိုင်းဖန်းသည် မျောက်ဝံအိုကြီး၏ အကြည့်နှင့် ဆုံရဲခြင်းမရှိဘဲ တိတ်တဆိတ်ခေါင်းငုံ့ထားကြ၏။

သူတို့သည် ဤတာဝန်ကို မခံယူနိုင်ကြပေ။

သူတို့သည် ကောင်းကင်ဘုံခုံရုံးကို ဆန့်ကျင်ဖို့ရွေးချယ်သည်နှင့် အသစ်စက်စက်ဖြစ်ပေါ်လာသော ခွန်ဖန်းကမ္ဘာက ဖျက်ဆီးခံရနိုင်သည်။

နဂါးဧကရီဆီးနှင်းကလည်း နှုတ်ဆိတ်နေ၏။

သူမသည် နဂါးလောကအရှင်ဖြစ်ပြီး နဂါးမျိုးနွယ်ပြန်လည်ဦးမော့လာဖို့အတွက် မျှော်လင့်ချက်ထားနေ၏။

သူတို့သည် ကောင်းကင်ဘုံခုံရုံးနှင့် ဆန့်ကျင်ဘက်မှာ ရပ်တည်သည်နှင့် နဂါးကမ္ဘာသည် ပြန်လည်းဦးမော့ဖို့မပြောနှင့် သည်ဘက်မျိုးဆက်မှာပင် ပြန်လည်ရှင်နိုင်လောက်တော့မည်မဟုတ်ပေ။ သို့သော်လည်း ဧကရာဇ်အထီးကျန်သိုင်းသခင်ကြောင့် မဟုတ်ခဲ့လျှင် နဂါးမျိုးနွယ်သည် ဖျက်ဆီးခံခဲ့ရမည်ဖြစ်ပြီး သူမသည် ယခုအချိန်ထိပင် ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။

သူမအတွက် အလွန်တရာခက်ခဲသော ရွေးချယ်စရာတစ်ခုဖြစ်နေ၏။

တစ်ဘက်မှာတော့ နဂါးကမ္ဘာ၏ နဂါးမျိုးနွယ်ဖျက်ဆီးခံရနိုင်သော အန္တရာယ်ရှိနေ၏။

တစ်ဘက်မှာတော့ ကိုယ်ကျင့်တရားနှင့် တရားမျှတမှုရှိနေ၏။

နောက်ဆုံးမှာတော့ နဂါးဧကရီဆီးနှင်းသည် သူမ၏ လက်ထဲရှိနဂါးဦးခေါင်းနှင်တံကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း လေးနက်စွာပြောလိုက်၏။

“ကောင်းကင်ဘုံခုံရုံးနဲ့ တိုက်ခိုက်ဖို့အတွက် ငါ့အသက်ကို စွန့်လွှတ်စတေးမယ်”

“နဂါးမျိုးနွယ်က အနာဂတ်မှာ ဘာတွေပဲဖြစ်လာဖြစ်လာ ငါ့ရဲ့မျိုးနွယ်ဝင်တွေက ငါ့ကိုမမုန်းတီးဖို့ပဲ ငါမျှော်လင့်မိတယ်”

ထိုအခိုက်အတန့်မှာ နဂါးဧကရီဆီးနှင်းက သေဖို့အတွက် စိတ်ပိုင်းဖြတ်ပြီး ရှေ့သို့ထွက်လာ၏။

ဓားကမ္ဘာမှာ…။

ဧကရာဇ်တိုက်ပွဲ၏ အစမှာ သိုင်းတာအိုပင်မခန္ဓာသည် ဧကရာဇ်သုံးရာနီးပါး၏ တိုက်ခိုက်မှုများကို ခုခံပြီး အမှုဆောင်တမန်တော်တစ်ဦးကို စီးပိုးခြယ်လှယ်စွာ သတ်ဖြတ်ကာ အခြေအနေကို ချက်ချင်းပင် ပြောင်လဲသွားစေခဲ့သည်။

ကျန်ရှိနေသော အမှုဆောင်တမန်တော်နှစ်ဦးနှင့် ကောင်းကင်ဘုံခုံရုံးမှ သခင်လေးနှစ်ဦးသည် သူတို့၏ ခွန််အားအပြည့်အဝနှင့်ပင် သိုင်းတာအိုပင်မခန္ဓာကို မခုခံနိုင်ကြပေ။

အစကနေ ယခုအချိန်ထိ သိုင်းတာအိုပင်မခန္ဓာသည် သူ၏ လောကကိုပင် ထုတ်ဖော်ခဲ့ခြင်းမရှိပေ။ သူက သူ၏သွေးချီကိုသာလှည့်ပတ်ပြီး သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးနှင့်အတူ ရှေ့သို့တက်လှမ်းနေ၏။

အမှုဆောင်တမန်တော်နှစ်ဦးကလွဲလျှင် ပကတိလောကများနှင့် အထွတ်အထိပ်ဧကရာဇ်များအပါအဝင် အခြားသောဧကရာဇ်ပညာရှင်များသည် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ကိုပင် ခံနိုင်ရည်မရှိကြပေ။

သိုင်းတာအိုပင်မခန္ဓာထံမှ ရိုးရှင်းသော ထိုးချက်တစ်ချက်ကို မည်သည့်နတ်ဘုရားလက်နက်၊ မည်သည့်လျှို့ဝှက်အတတ် သို့မဟုတ် မည်သည့်အင်မော်တယ်ပညာရပ်ကမှ မခုခံနိုင်ပေ။

သူက တကယ့်ကို ရပ်တန့်တားဆီး၍မရနိုင်ဖြစ်နေ၏။

သိုင်းတာအိုပင်မခန္ဓာဖြတ်သွားရာနေရာတိုင်းမှာ လူတိုင်းက လဲကျသွားလေသည်။

ကောင်းကင်ဘုံခုံရုံးမှ သခင်လေးနှစ်ဦး၊ ဧကရာဇ်ပိုင်ယွီနှင့် ဧကရာဇ်ရွှမ်စန်ထုတ်ဖော်ခဲ့သော တဗူးနည်းစနစ်များသည် သိုင်းတာအိုပင်မခန္ဓာထံမှ သာမန်ကာလျှံကာ ထိုးချက်နှစ်ချက်ဖြင့် ဖျက်ဆီးခံလိုက်ရ၏။

ကောင်းကင်ဘုံခုံရုံမှ သခင်လေးနှစ်ဦး၏ အမူအရာက တုန်လှုပ်စွာဖြင့် ပြောင်းလဲသွားပြီး သူတို့က လိပ်ပြာလွင့်မတတ်ကြောက်လန့်လာကြ၏။

ဧကရာဇ်အထီးကျန်သိုင်းသခင်သည် မဟာအရိုင်းကမ္ဘာတိုက်ပွဲမှာတုန်းကထက် သိသိသာသာများစွာ ပိုမိုသန်မာလာပြီး ပို၍ ကြောက်စရာကောင်းလာသည်။

သူတို့သည် ဤကဲ့သို့သောနည်းလမ်းများကို အရင်က ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့ပေ။

ထိုအရာများက တဗူးနည်းစနစ်များဖြစ်ကြသည်။

သို့သော်လည်း သူတို့သည် ဧကရာဇ်အထီးကျန်သိုင်းသခင်ထံမှ သာမန်ကာလျှံကာထိုးချက်နှစ်ချက်ဖြင့် ဖျက်ဆီးခံခဲ့ရ၏။

တဗူးနည်းစနစ်နှစ်ခုသည် သိုင်းတာအိုပင်မခန္ဓာကို ခဏကြာအောင်ပင် တားဆီးမထားနိုင်ပေ။ ထိုသူက အနားသို့ချဉ်းကပ်လာပြီး ကောင်းကင်ဘုံခုံရုံးမှ သခင်လေးနှစ်ဦးက အချိန်မီမလွတ်မြောက်နိုင်တော့ဘူးဆိုတာကို တွေ့မြင်လိုက်ရ၏။

အမှုဆောင်တမန်တော်နှစ်ဦးက သူတို့ကိုကယ်တင်ဖို့ အချိန်မီရောက်ရှိလာခြင်းမဟုတ်လျှင် ဧကရာဇ်ပိုင်ယွီနှင့် ဧကရာဇ်ရွှမ်စန်သည် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်များဖြင့် သေရပေလိမ့်မည်။

အမှုဆောင်တမန်တော်နှစ်ဦးသည် ကောင်းကင်ဘုံခုံရုံးမှ သခင်လေးနှစ်ဦးကို ကယ်တင်နိုင်ခဲ့သော်လည်း သူတို့သည်လည်း အခြေအနေသိပ်မကောင်းခဲ့ပေ။ သူတို့၏ လောကများသည် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်နှစ်ချက်ကြောင့် လဲပြိုကျတော့မည့်ဆဲဆဲဖြစ်ပြီး အက်ကွဲကြောင်းများဖြင့် ပြည့်နှက်လာ၏။

သိပ်သည်းပြင်းထန်ကြီးမားသောအင်အားတစ်ခုက သူတို့လောကများ၏ အက်ကွဲကြောင်းကနေတစ်ဆင့် သူတို့၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာ၏။

အမှုဆောင်တမန်တော်နှစ်ဦးသည် ထိုထိုးချက်ဖြင့် သွေးများကို အန်ထုတ်လိုက်ရ၏။ သူတို့လုပ်နိုင်သည့်အရာအားလုံးမှာ နောက်ထပ်တိုက်ခိုက်မှုများရှောင်လွှဲရန် ဧကရာဇ်ပိုင်ယွီနှင့် ဧကရာဇ်ရွှမ်စန်ကို လူအုပ်ကြားထဲသို့ ဆွဲခေါ်သွားခြင်းဖြစ်လေသည်။

သူတို့က မတိုက်ခိုက်နိုင်ကြပေ။

သူတို့က လုံးဝကို မတိုက်ခိုက်နိုင်ကြတော့ပေ။

အမှုဆောင်တမန်တော်နှစ်ဦး၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်နေကြ၏။

မဟာဧကရာဇ်နယ်ပယ်အောက်မှာ အသန်မာဆုံးပညာရှင်များအနေဖြင့် သူတို့မှာ သူတို့၏ မာန်မာနရှိလေသည်။ သို့သော်လည်း သိုင်းတာအို့ပင်မခန္ဓာ၏ရှေ့မှာ သူတို့သည် ထိုသူ့ထံမှ ထိုးချက်သုံးချက်ကိုပင် ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။

ကံကောင်းထောက်မစွာဖြင့် သူတို့သည် ကောင်းကင်ဘုံခုံရုံးမှ အခြားသောအမှုဆောင်တမန်တော်များကို အင်အားအကူချက်ချင်းလာပေးရန် သတင်းပို့ထားခဲ့ပြီဖြစ်သည်။

သူတို့က ပူးပေါင်းထားမည်ဆိုလျှင် သူတို့သည် ဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် အချိန်ဆွဲထားနိုင်ပေလိမ့်မည်။

“ဓားကမ္ဘာက အဲဒီလူတွေကို သွားပြီးသတ်ကြ… သူ့ကိုတိုက်ခိုက်ဖို့ပဲလုပ်မနေနဲ့ အဲဒါက သုံးစားမရဘူး”

အမှုဆောင်တမန်တော် ပေါ်ထွန်းမှုကောင်းကင်ဘုံက အခြားသောဧကရာဇ်များကို အော်ဟစ်သတိပေးပြီး ဓားကမ္ဘာမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုစတင်ရန် စေခိုင်းလိုက်လေသည်။

ဧကရာဇ်အထီးကျန်သိုင်းသခင်က ဘယ်လောက်ပင်သန်မာသည်ဖြစ်စေ သူက လူတိုင်းကို ဂရုစိုက်ပေးနိုင်မည် မဟုတ်ပေ။

ထိုလုပ်ရပ်သည် ဧကရာဇ်အထီးကျန်သိုင်းသခင်နှင့်အချိန်ဆွဲပြီး သူ၏ စိတ်အာရုံကို ခွဲထုတ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်လေသည်။

အမှုဆောင်တမန်တော် ပေါ်ထွန်းမှုကောင်းကင်ဘုံ၏ လှုပ်ရှားမှုက အချိန်ကိုက်ဖြစ်သည်ဟု ဆိုရပေမည်။

ဧကရာဇ်ပညာရှင်များသည် ဆက်လက်၍ စုရုံးပြီး ဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် တိုက်ခိုက်နေမည်ဆိုလျှင် သူတို့သည် တစ်ယောက်ပြီးတစ်ယောက်သတ်ဖြတ်ခံရပြီး ဧကရာဇ်အထီးကျန်သိုင်းသခင်၏ ခြေရင်းမှာ အလောင်းများဖြစ်လာပေလိမ့်မည်။

အချိန်တိုအတွင်းမှာပင် ဧကရာဇ်ပညာရှင်များက လျင်မြန်စွာလျော့ကျလာနေ၏။

အဲဒီမှာ သူတို့၏ အရေအတွက်က နှစ်ရာပင်မရှိတော့ပေ။

မွန်မြတ်ကောင်းကင်ဘုံလောကအရှင်ခြောက်ဦးထဲမှ ထက်ဝက်သည် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်နှစ်ချက်ဖြင့် သတ်ဖြတ်ခံလိုက်ရ၏။

ယခုအချိန်မှာ ဧကရာဇ်ပညာရှင်များသည် နေရာတိုင်းမှာပြန့်ကျဲနေပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို စတင်ရန် ဓားကမ္ဘာကုန်းမြေတိုက်သို့ ပြေးဝင်သွားလေသည်။

ထိုလုပ်ရပ်သည် ဓားကမ္ဘာမှ ကျင့်ကြံသူများအပေါ် သိသာထင်ရှားသော ပျက်စီးထိခိုက်မှုဖြစ်စေမည်သာမက ဧကရာဇ်အထီးကျန်သိုင်းသခင်အနေဖြင့် သူတို့ကို တစ်ယောက်ပြီးတစ်ယောက်လိုက်လံတိုက်ခိုက်ဖို့အတွက် အချိန်များစွာယူရပေလိမ့်မည်။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ဧကရာဇ်ပညာရှင်များသာလျှင်မဟုတ်ဘဲ ကျောက်တုံးကမ္ဘာ၊ ကောင်းကင်ဘုံမျက်လုံးကမ္ဘာနှင့် ရွှေကျီးကန်းကမ္ဘာကဲ့သို့ ထိပ်တန်းကမ္ဘာကြီးများမှ ကျင်ကြံသူများကလည်း ရူးသွပ်ပေါက်ကွဲနေကြပြီဖြစ်သည်။

သိုင်းတာအိုပင်မခန္ဓာက အဲဒါကို အာရုံခံမိသောအခါ သူ၏ အမူအရာက အေးစက်လာပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။

“မင်းတို့တွေက အသက်ရှင်ရတာ ငြီးငွေ့နေတာပဲဖြစ်ရမယ်”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် သိုင်းတာအိုပင်မခန္ဓာ၏ နောက်ဘက်မှာ ရှေးကျ၍ တုတ်ခိုင်သော ငရဲဂိတ်တံခါးဆယ်ချပ်က ပေါ်ထွက်လာလေသည်။ ဧရာမငရဲဂိတ်တံခါးများသည် ကြယ်တာရာကောင်းကင်ထဲမှာ ထောင်မတ်နေပြီး ချောက်ချားစရာကောင်းသော အော်ရာတစ်ခုကို ထုတ်ဖော်ထား၏။

ဂိတ်တံခါးတိုင်းကနေ တစ္ဆေသရဲများနှင့် စိတ်ဝိညာဉ်များ၏ ညည်းတွားအော်ဟစ်သံများထွက်ပေါ်နေ၏။

ကျင့်ကြံသူများစွာက မတုံ့ပြန်နိုင်ခင် ငရဲဂိတ်တံခါးကိုးခုထဲကနေ ပုံရိပ်များစွာသည် ကျိုင်းကောင်အုပ်များကဲ့သို့ ပြေးထွက်လာပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို စတင်ရန် လူအုပ်ကြားထဲသို့ ပြေးဝင်သွားကြသည်။

ဤသက်ရှိများသည် ငရဲကိုးခုကနေ လာခဲ့ပြီး သွေးဆာရက်စက်ပြီးကြမ်းကြုတ်ခက်ထန်ကြလေသည်။ သူတို့သည် တမလွန်ဘုံ၏ အော်ရာဖြင့် ပြည့်နှက်နေပြီး ငရဲ၏ အစစ်အမှန်သက်ရှိများဖြစ်ကြသည်။

“ဓားကမ္ဘာက ကျင့်ကြံသူတွေကလွဲရင် ကျန်တဲ့သူတွေကို အကုန်သတ်..”

သိုင်းတာအိုပင်မခန္ဓာ၏ အသံက အလွန်တရာအေးစက်နေ၏။

အစကတော့ သူသည် ငရဲစစ်တပ်ကို ဤအခိုက်အတန့်မှာ အသုံးချဖို့ စိတ်ကူးမရှိခဲ့ပေ။

သူသည် ဤငရဲစစ်တပ်ကို ကောင်းကင်ဘုံခုံရုံးအတွက် ပြင်ဆင်ထား၏။

ယခု ဤနေရာမှာ ကောင်းကင်ဘုံခုံရုံးနှင့် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာအပြင် ကောင်းကင်ဘုံမျက်လုံးကမ္ဘာ၊ ကျောက်တုံးကမ္ဘာနှင့် ရွှေကျီးကန်းကမ္ဘာကဲ့သို့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ကျင့်ကြံသူများစွာလည်းရှိနေကြ၏။

သိုင်းတာအိုပင်မခန္ဓာသည် အစမှာ ထိန်ချန်ထားပြီး ဤကမ္ဘာများမှ လူများအပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခု စတင်ဖို့မရည်ရွယ်ခဲ့ပေ။

သို့သော်လည်း ဤကမ္ဘာများမှ သက်ရှိများသည် ဓားကမ္ဘာအပေါ် သနားညှာတာမှုမပြဘဲ မရမကသတ်ဖြတ်ဖို့ ပြုလုပ်လာကြ၏။

ထိုသည်ကိုတွေ့မြင်သောအခါ သိုင်းတာအိုပင်မခန္ဓာကလည်း ဆက်လက်၍ ထိန်ချန်မထားတော့ပေ။ သူက ငရဲဂိတ်တံခါးများကို ဖွင့်ထုတ်ပြီး သွေးဆာရက်စက်သောစစ်တပ်တစ်တပ်ကို လွှတ်ပေးလိုက်လေသည်။

All Chapters