အခန်း (၃၁၆၅-၃၁၆၆)
Vol. 211 Ch. 3165-3166
အခန်း ၃၁၆၅ - ကြားဖြတ်တိုက်ခိုက်ခြင်း
ငရဲမှ ဤသက်ရှိအုပ်စုသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ကျင့်ကြံသူများအပေါ် ပင်ကိုယ်သဘာဝအလျောက် မုန်းတီးမှုနှင့် စပ်ဆုပ်ရွံရှာမှု ရှိကြသည်။
ကံကောင်းထောက်မစွာဖြင့် သည်ဘက်မျိုးဆက်မှာ သိုင်းတာအိုပင်မခန္ဓာက ငရဲကို ရောက်ရှိသွားခဲ့၏။ ကြင်ရာတော်ယု၏ အကူအညီနှင့်အတူ သူသည် ကြမ်းကြုတ်ခက်ထန်၍ သွေးဆာရက်စက်သော ဤငရဲစစ်တပ်ကို ချိုးနှိမ်ကာ ယဉ်ပါးစေခဲ့သည်။
မဟုတ်ပါက ဤကဲ့သို့သော ငရဲစစ်တပ်တစ်တပ်က ရုတ်တရက် ဆင်းသက်လာပြီး အထိန်းကွပ်မဲ့သွားမည်ဆိုလျှင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကအတွက် ကြီးမားသော ကပ်ဘေးတစ်ခု ဖြစ်လာပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာသည် ငရဲအရှင် ခါးသက်စိမ့်စမ်းကဲ့သို့ ဧကရာဇ်ဖြစ်လာနိုင်သည့် ငရဲသက်ရှိများစွာကို မဟာအရိုင်းကမ္ဘာသို့ တိတ်တဆိတ် ခေါ်ဆောင်လာခဲ့လေသည်။
မည်သို့ပင်ဆိုစေ ငရဲကမ္ဘာသည် ပညာရှင်များစွာနှင့်အတူ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် ယှဉ်နိုင်သော လောကတစ်ခု ဖြစ်လေသည်။
ငရဲကမ္ဘာ၏ နိယာမများက ပြီးပြည့်စုံမှု မရှိတော့သည့်အတွက်ကြောင့်သာ ငရဲသက်ရှိများသည် ဖိနှိမ်ခံထားရပြီး အချိန်အတော်ကြာသည်အထိ ဧကရာဇ်နယ်ပယ်သို့ မတက်လှမ်းနိုင်ကြတော့ပေ။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ ပြီးပြည့်စုံသော ကောင်းကင်နှင့်မြေကြီး ဓမ္မတာအိုနှင့်အတူ ငရဲသက်ရှိ ၁၀၀ ကျော်က ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းလာခဲ့ကြ၏။
ဤကဲ့သို့သော ငရဲစစ်တပ်တစ်တပ်က မှောင်မိုက်၍ မကောင်းဆိုးဝါးဆန်သော ငရဲကမ္ဘာမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ချုပ်တည်းထားခဲ့ကြရ၏။ ယခု သူတို့သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ဆင်းသက်ရောက်ရှိလာပြီး တုန်လှုပ်စရာကောင်းသော တိုက်ခိုက်ရည်ခွန်အားကို ထုတ်ဖော်လိုက်ကြသည်။
ငရဲသက်ရှိများက အကြောက်အလန့်ကင်းမဲ့ပြီး အလွန်တရာ စိတ်လှုပ်ရှားနေကြ၏။ သူတို့က လူအုပ်ကြားထဲသို့ ပြေးဝင်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို စတင်လိုက်ကြသည်။
တိုက်ပွဲနယ်မြေက ဝရုန်းသုန်းကား ဖြစ်သွားသည်။
ကောင်းကင်ဘုံမျက်လုံးကမ္ဘာ၊ ကျောက်တုံးကမ္ဘာ၊ ရွှေကျီးကန်းကမ္ဘာနှင့် အခြားသော ထိပ်တန်းကမ္ဘာကြီးများ၏ ကျင့်ကြံသူစစ်တပ်များသည် ငရဲစစ်တပ်၏ ဝင်ရောက်လာမှုမှာ ဖရိုဖရဲဖြင့် ပြန့်ကျဲသွားကြ၏။
ရလဒ်အနေဖြင့် ဓားကျင့်ကြံသူများစွာက အသက်ရှင်ခွင့် ရရှိလာလေသည်။ နောက်ဆံတင်းစရာ မရှိတော့ဘဲ သိုင်းတာအိုပင်မခန္ဓာက ကောင်းကင်ဘုံခုံရုံးနှင့် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ဧကရာဇ်ပညာရှင်များကို နောက်တစ်ဖန် အမဲလိုက်လေသည်။ ခြေလှမ်းတစ်လှမ်းနှင့်အတူ သူက အဆုံးမဲ့ကြယ်တာရာကောင်းကင်ကို ဖြတ်ကျော်ပြီး တိုက်ပွဲနယ်မြေမှာ သာမန်ကာလျှံကာ ကူးလူးသွားလာနေ၏။
မည်သည့် ဧကရာဇ်ပညာရှင်ကမှ သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ခိုက်မှုများကို မခုခံနိုင်ပေ။
သိုင်းတာအိုပင်မခန္ဓာသည် တစ်ဖက်သူ၏ ရှေ့သို့ ရောက်ရှိလာပြီး ထိုးချက်တစ်ချက်ကို သာမန်ကာလျှံကာ ထုတ်ဖော်ကာ ဧကရာဇ်ပညာရှင်တစ်ဦးကို သတ်ဖြတ်လိုက်သည်။
တိုက်ပွဲနယ်မြေမှာ ဧကရာဇ်များ၏ အရေအတွက်က လျင်မြန်စွာ လျော့ကျလာနေသည်။
ကောင်းကင်ဘုံမျက်လုံးကမ္ဘာ၊ ကျောက်တုံးကမ္ဘာနှင့် ရွှေကျီးကန်းကမ္ဘာမှ လောကအရှင်များက ဖြူဖပ်ဖြူရော် ဖြစ်လာကြ၏။ သူတို့သည် နောက်ဆုတ်ဖို့ စိတ်ကူးလာကြပြီဖြစ်ပြီး ကြောက်ရွံ့မှုဖြင့် တုန်ယင်နေကြ၏။
ဤအတိုင်းသာ ဆက်သွားလျှင် ဓားကမ္ဘာက ဖျက်ဆီးမခံရခင် ဤနေရာသို့ သူတို့ခေါ်လာခဲ့သော ဧကရာဇ်ပညာရှင်များက သေဆုံးသွားကြပေလိမ့်မည်။
အမှုဆောင်တမန်တော်နှစ်ဦး၏ မျက်နှာက သုန်မှုန်နေပြီး ကြောင်တိကြောင်တောင် ဖြစ်နေကြ၏။
အခြေအနေက မကောင်းတော့ပေ။
ဧကရာဇ်ပိုင်ယွီနှင့် ဧကရာဇ်မိုးပြာရောင်မီးတောက် ယခင်ဖော်ပြပုံအရ သူတို့ အမှုဆောင်တမန်တော်တချို့သည် ဧကရာဇ်အထီးကျန်သိုင်းသခင်ကို ကိုင်တွယ်ဖို့အတွက် လုံလောက်သင့်လေသည်။
သို့သော်လည်း နှစ်တစ်ရာမျှနှင့် ဧကရာဇ်အထီးကျန်သိုင်းသခင်၏ တိုက်ခိုက်ရည်ခွန်အားသည် ကောင်းကင်ဘုံခုံရုံးမှ သခင်လေးသုံးဦး ဖော်ပြထားသည်ထက် များစွာပိုမိုသန်မာလာခဲ့၏။
ဘုန်း…
ထိုစဉ်မှာပင် မိုးကောင်းကင်ထက်ကနေ ကျယ်လောင်သော မြည်ဟည်းသံ ထွက်ပေါ်လာ၏။ ထို့နောက် ဧရာမအက်ကွဲကြောင်းတစ်ခုက ကောင်းကင်ထက်မှာ ပွင့်ထွက်သွားပြီး ချောက်ချားစရာကောင်းသော စွမ်းပကားတစ်ခုက အထဲကနေ ဖြာထွက်လာ၏။ အင်မော်တယ်အသံများက ခပ်ယဲ့ယဲ့ထွက်ပေါ်လာပြီး အမြုတေချီက ကြွယ်ဝနေ၏။ ပုံရိပ်ငါးခုက ပေါ်ထွက်လာပြီး လေထဲမှာ မတ်တတ်ရပ်ကာ အေးစက်နေသော အမူအရာများနှင့်အတူ ဓားကမ္ဘာ၏ တိုက်ပွဲနယ်မြေကို ငုံ့ကြည့်နေ၏။
သူတို့ ငါးယောက်၏ ခါးများပေါ်မှာ ကောင်းကင်ဘုံခုံရုံး၏ တစ်မူထူးခြားသော တံဆိပ်ပြားများကို ချိတ်ဆွဲထားပြီး စွမ်းအား၊ ဆောင်းဦး၊ တမလွန်၊ ဟင်္သပဒါးနှင့် မီးပဒေသာ ဟူသော စာလုံးများကို ရေးထိုးထားလေသည်။
စွမ်းအားကောင်းကင်ဘုံ၊ ဆောင်းဦးကောင်းကင်ဘုံ၊ တမလွန်ကောင်းကင်ဘုံ၊ ဟင်္သပဒါးကောင်းကင်ဘုံနှင့် မီးပဒေသာကောင်းကင်ဘုံတို့မှ အမှုဆောင်တမန်တော်ငါးဦးက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ အကူအညီတောင်းခြင်းကို လက်ခံရရှိပြီးနောက် သူတို့၏ အင်အားများကို စုစည်းခြင်းပင်မရှိဘဲ ချက်ချင်းရောက်ရှိလာကြ၏။
တိုက်ပွဲနယ်မြေမှာ အမှုဆောင်တမန်တော်နှစ်ဦးသည် ကောင်းကင်ဘုံခုံရုံးမှ သခင်လေးနှစ်ဦးနှင့်အတူ လူအုပ်ကြားထဲမှာ ပုန်းကွယ်နေ၏။ သူတို့သည် သူတို့၏ ခြေရာများကို ဖျောက်ဖျက်ပြီး သိုင်းတာအိုပင်မခန္ဓာ၏ လိုက်လံတိုက်ခိုက်မှုကို ရှောင်လွှဲရန် မဟာဧကရာဇ်လက်နက်များနှင့် ဖရိုဖရဲဖြစ်နေသော တိုက်ပွဲနယ်မြေကို အသုံးချနေ၏။
သူတို့က လက်ရှိမြင်ကွင်းမှာ နောက်ဆုံး စိတ်သက်သာရာရသွားကြ၏။ အမှုဆောင်တမန်တော်ခုနစ်ဦးက ပူးပေါင်းမည်ဆိုလျှင် သူတို့က ဧကရာဇ်အထီးကျန်သိုင်းသခင်ကို မသတ်ဖြတ်နိုင်ဘူးဆိုလျှင်တောင် သူတို့သည် သူ့ကို အတတ်နိုင်ဆုံး တားဆီးထားပြီး ကောင်းကင်ဘုံခုံရုံးမှ စစ်ကူများရောက်အလာကို စောင့်ဆိုင်းနိုင်မည်ဖြစ်သည်။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က ပျောက်ကွယ်သွားပြီကို အမှုဆောင်တမန်တော် ပေါ်ထွန်းမှုကောင်းကင်ဘုံက ရုတ်တရက် နားလည်သဘောပေါက်သွား၏။
အမှုဆောင်တမန်တော် ပေါ်ထွန်းမှုကောင်းကင်ဘုံက ထိတ်လန့်သွားလေသည်။ သူက ဘေးဘီဝဲယာကို ကြည့်ရှုလိုက်သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ မည်သည့်အရိပ်အယောင်ကိုမှ မတွေ့မြင်ရပေ။
“သတိထားကြ”
တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား သူက ကောင်းကင်ထက်ကနေ ဆင်းသက်လာသော အမှုဆောင်တမန်တော်ငါးဦး ရှိရာဘက်သို့ ချာခနဲလှည့်ကာ လှမ်းအော်သတိပေးလိုက်၏။
သိုင်းတာအိုပင်မခန္ဓာသည် ယခုတင် ရောက်ရှိလာသော အမှုဆောင်တမန်တော်ငါးဦးကို သေချာပေါက် ပစ်မှတ်ထားပေလိမ့်မည်။
ထိုအမှုဆောင်တမန်တော်ငါးဦးသည် ယခုမှ ဆင်းသက်ရောက်ရှိလာခါစဖြစ်ပြီး ဧကရာဇ်အထီးကျန်သိုင်းသခင်အကြောင်း ဘာမှ မသိသလောက်ပင်။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ကောင်းကင်ဘုံခုံရုံးမှ သခင်လေးလေးဦးက ကြီးမားစွာ ရှုံးနိမ့်နေသည်ကိုသာ သူတို့က ကြားသိထားပြီး သူတို့၏ ပြိုင်ဘက်က ဘယ်လောက်စွမ်းအားကြီးမားသည်ကို သိရှိမထားကြပေ။
ဒါ့အပြင် မဟာဧကရာဇ်နယ်ပယ်အောက်မှာ သူတို့ကို ခြိမ်းခြောက်နိုင်သည့်သူက မရှိသလောက်နီးပါးပင်။
မိစ္ဆာအရှင်နှင့် တစ္ဆေမိခင်တို့၏ လက်အောက်ရှိ စွမ်းအားကြီးမားသော ဧကရာဇ်များပင်လျှင် သူတို့နှင့် ရင်ဆိုင်ရပါက မည်သည့်အသာစီးမှ ရရှိနိုင်မည် မဟုတ်ပေ။
ထိုကဲ့သို့ စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှုအောက်မှာ သူတို့သည် သိုင်းတာအိုပင်မခန္ဓာ၏ ပစ်မှတ်ထားခြင်းခံရမည်ဆိုလျှင် သူတို့က သေချာပေါက် ဒဏ်ရာအပြင်းအထန် ရရှိသွားပေလိမ့်မည်။
ထင်မှတ်ထားသည့်အတိုင်းပင်။
အမှုဆောင်တမန်တော် ပေါ်ထွန်းမှုကောင်းကင်ဘုံ၏ သတိပေးသံ ထွက်ပေါ်လာသည့်ခဏမှာပင် သိုင်းတာအိုပင်မခန္ဓာက အမှုဆောင်တမန်တော် တမလွန်ကောင်းကင်ဘုံ၏ ရှေ့သို့ ဆင်းသက်ရောက်ရှိလာခဲ့ပြီဖြစ်သည်။
သူ၏ သွေးချီက တရုန်းရုန်းထကြွနေပြီး သူ့ခန္ဓာကိုယ်ထဲမှာ မရေမတွက်နိုင်သော မီးတောက်များက လောင်ကျွမ်းနေသည့်အလားပင်။ သူက သူ၏ လက်ကိုမြှောက်ပြီး အရာရာတိုင်းကို လောင်ကျွမ်းပြာကျပစ်နိုင်သည့် ပေါက်ကွဲထွက်ပေါ်လာသော မီးတောက်တစ်လုံးကဲ့သို့ ထိုးချက်တစ်ချက်ကို ထုတ်ဖော်လိုက်၏။
ဤအမှုဆောင်တမန်တော်က အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ဆင်းသက်ရောက်ရှိလာသည့် အကြိမ်တိုင်းမှာ ဧကရာဇ်ပညာရှင်များအားလုံးသည် သူတို့ရှေ့မှာ နာခံစွာဖြင့် ဦးညွှတ်ရပေလိမ့်မည်။
အမှုဆောင်တမန်တော် တမလွန်ကောင်းကင်ဘုံသည် ဤကဲ့သို့သော အခြေအနေတစ်ရပ်နှင့် ဘယ်တုန်းကမှ မတွေ့ကြုံခဲ့ဖူးပေ။ သူက သူ၏ ဟန်ချက်ကို မထိန်းနိုင်ခင်မှာပင် ခရမ်းရောင်ဝတ်အမျိုးသားတစ်ဦးက ရုတ်တရက် ချဉ်းကပ်လာပြီး သူ့ထံ ဤကဲ့သို့ ကြောက်စရာကောင်းသော ထိုးချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
ထိုထိုးချက်နှင့် ရင်ဆိုင်ရချိန်မှာ သူ၏ နည်းလမ်းများအားလုံးက သုံးစားမရဖြစ်လာသည့်ပုံပင်။ သူ၏ မျိုးဆက်သွေးနယ်မြေကို မစုဖွဲ့နိုင်ခင် ၎င်းသည် ထိုးချက်ကနေ ထွက်ပေါ်လာသော မြင်မားသည့်အပူရှိန်ကြောင့် ဘာမှမကျန်အောင် လောင်ကျွမ်းသွား၏။
သူ၏ လောကက ပုံသဏ္ဌာန်မယူနိုင်ခင် ၎င်းသည် လက်သီး၏ ဘေးပတ်လည်ရှိ ဓမ္မတာအို ဝဲကတော့ကြောင့် အပိုင်းပိုင်းဆုတ်ဖြဲခံလိုက်ရ၏။
“ဒီလူ့ရဲ့တိုက်ခိုက်ရည်ခွန်အားက မဟာဧကရာဇ်တစ်ပါးနဲ့ ယှဉ်နိုင်နေလောက်ပြီ”
အမှုဆောင်တမန်တော် တမလွန်ကောင်းကင်ဘုံ၏ စိတ်ထဲတွင် ထိုအတွေးက ဖျတ်ခနဲပေါ်ထွက်လာ၏။ နောက်ခဏ၌ သူ၏ အမြင်အာရုံက မှောင်ကျသွားပြီး သူ၏ အသိစိတ်ကို ဆုံးရှုံးသွားလေသည်။
လူတိုင်း၏ ရှေ့မှောက်မှာ အမှုဆောင်တမန်တော်ငါးဦး ဆင်းသက်လာသည့် ခဏမှာပင် သူတို့ထဲမှ တစ်ယောက်သည် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ဖြင့် သတ်ဖြတ်ခံလိုက်ရသည်။
ကျန်ရှိနေသော အမှုဆောင်တမန်တော်လေးဦး၏ အမူအရာက တုန်လှုပ်စွာဖြင့် ပြောင်းလဲသွားကြ၏။ စဉ်းစားနေဖို့ အချိန်မရဘဲ သူတို့က သူတို့၏ အစစ်အမှန်ပုံစံများသို့ ပြောင်းလဲပြီး သူတို့၏ လောကများကို စုဖွဲ့လိုက်ကြ၏။ သူတို့သည် မဟာဧကရာဇ်လက်နက်များကို ဆင့်ခေါ်ပြီး သူတို့၏ ဘေးပတ်လည်မှာ လှည့်ပတ်နေစေ၏။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က နောက်တစ်ဖန် ပျောက်ကွယ်သွားလေသည်။
အမှုဆောင်တမန်တော်လေးဦးသည် ပူးပေါင်းတိုက်ခိုက်ဖို့ အခွင့်အရေးပင် မရလိုက်ပေ။ ဓားကမ္ဘာတိုက်ပွဲနယ်မြေမှာ အမှုဆောင်တမန်တော် တမလွန်ကောင်းကင်ဘုံက သေဆုံးသွားပြီး သိုင်းတာအိုပင်မခန္ဓာက နောက်တစ်ဖန် ပျောက်ကွယ်သွားသည်ကို အမှုဆောင်တမန်တော် ပေါ်ထွန်းမှုကောင်းကင်ဘုံ တွေ့မြင်သောအခါ သူ၏ ရင်ထဲမှာ မြူခိုးတစ်လွှာ ရုတ်တရက် လွှမ်းခြုံလာခဲ့သည်။
သန်မာသော အန္တရာယ်အငွေ့အသက်တစ်ခုက ရုတ်တရက် ဆင်းသက်ရောက်ရှိလာ၏။
“မဟန်တော့ဘူး”
အမှုဆောင်တမန်တော် ပေါ်ထွန်းမှုကောင်းကင်ဘုံက ခေါင်းနားပန်းကြီးပြီး ရင်တထိတ်ထိတ်ဖြစ်လာ၏။ သူက ဧကရာဇ်ပိုင်ယွီကို ဆွဲခေါ်ပြီး သိုင်းတာအိုပင်မခန္ဓာ သတိမထားမိစေရန် သူ၏ မဟာဧကရာဇ်လက်နက်၏ ဖုံးကွယ်မှုအောက်ကနေ လူအုပ်ကြားထဲသို့ ဝင်ပုန်းလိုက်၏။ သို့သော်လည်း စောစောက သူ၏ အော်သံသည် သူ့တည်နေရာကို ပေါ်ထွက်သွားစေသည်နှင့် တူညီသည်။
ဝုန်း…
သိပ်သည်းပြင်းထန်သော ချစ်ချစ်တောက် အပူစွမ်းအားက တလိပ်လိပ်တိုးဝင်လာ၏။
အမှုဆောင်တမန်တော် ပေါ်ထွန်းမှုကောင်းကင်ဘုံ၏ သူငယ်အိမ်ထဲမှာ လက်သီးတစ်လုံးက လျင်မြန်စွာ ချဉ်းကပ်လာနေပြီး ကြီးမားသည်ထက်ကြီးမားကာ သူ၏ မြင်ကွင်းကို ဖုံးအုပ်သွားလေသည်။
စွမ်းအားကြီးမားသော စုပ်ယူအားတစ်ခုက သူ့နှင့် ဧကရာဇ်ပိုင်ယွီကို ထိုလက်သီးရှိရာသို့ ဆွဲယူသွင်းနေသည်။
အဲဒါကို ရှောင်လွှဲလို့ မရနိုင်ပေ။
“ဂါး…”
အမှုဆောင်တမန်တော် ပေါ်ထွန်းမှုကောင်းကင်ဘုံနှင့် ဧကရာဇ်ပိုင်ယွီက တစ်ချိန်တည်းမှာ ဟိန်းဟောက်လိုက်ပြီး သူတို့၏ သွေးချီကို အကန့်အသတ်ထိ လှည့်ပတ်လိုက်၏။
အမှုဆောင်တမန်တော် ပေါ်ထွန်းမှုကောင်းကင်ဘုံက နောက်ထပ် တဗူးနည်းစနစ်တစ်ခုကို ထုတ်ဖော်ပြီး သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးကို ပစ်ထိုးလိုက်၏။
ဘုန်း…
အမှုဆောင်တမန်တော် ပေါ်ထွန်းမှုကောင်းကင်ဘုံနှင့် ဧကရာဇ်ပိုင်ယွီသည် သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးနှင့် ထိခတ်မိသောအခါ ဆတ်ခနဲတုန်ခါသွားပြီး ပါးစပ်အပြည့်သွေးများ လျှံကျလာ၏။
ထိုထိုးချက်က ခံ့ညားထည်ဝါပြီး တည်ကြည်ခိုင်မာနေကာ သိပ်သည်းလေးလံလွန်းသည်။
၎င်းကို ရပ်တန့်တားဆီး၍ မရနိုင်ပေ။
အမှုဆောင်တမန်တော် ပေါ်ထွန်းမှုကောင်းကင်ဘုံ၏ ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာက ထိုထိုးချက်ဖြင့် စုတ်ပြဲကာ ကွာကျသွား၏။
သူက ဒဏ်ရာများဖြင့် ပြည့်နှက်သွားပြီဖြစ်သည်။
သူ၏ အသားနှင့် အရေပြားက ဆုတ်ဖြဲခံလိုက်ရပြီး သွေးများက သူ၏ နှင်းဖြူရောင်ဆံပင်ကို နီစွေးသွားစေ၏။
ဧကရာဇ်ပိုင်ယွီကလည်း သွေးများစွာကို တစ်လုတ်ပြီးတစ်လုတ် ထွေးထုတ်နေရပြီး သူ၏ အကြည့်က မှေးမှိန်သွား၏။ သူတို့နှစ်ယောက်က အသက်ကောင်းကောင်းမရှူနိုင်ခင် ဒုတိယမြောက်ထိုးချက်က ရောက်ရှိလာ၏။ ၎င်းသည် ယခင်ထိုးချက်ထက်ပင် ပို၍ကြမ်းကြုတ်ခက်ထန်ပြီး မွန်းကျပ်ဖွယ်ရာကောင်းနေ၏။
၎င်းသည် မရဏအော်ရာနှင့် အဆုံးမဲ့စွမ်းပကားကို သယ်ဆောင်ထားပြီး ခံ့ညားထည်ဝါသော စွမ်းပကားတစ်ခုနှင့်အတူ အုပ်မိုးကျဆင်းလာခဲ့လေသည်။
အခန်း ၃၁၆၆ - မဟာဧကရာဇ်
အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ ကျယ်ပြောသော ကြယ်တာရာကောင်းကင်၏ ထောင့်တစ်နေရာမှာ…။
မျက်ခုံးမွေးဖြူအဖိုးအိုတစ်ဦးက ဗလာကျင်းနေသော ဂူကမ္ပည်းကျောက်စာတိုင်ပေါ်မှာ ကုပ်ကိုင်းစွာ ထိုင်နေပြီး ဓားကမ္ဘာတိုက်ပွဲမြေရှိရာဘက်သို့ ကြည့်နေ၏။ သူက တီးတိုးရေရွတ်လိုက်သည်။
“ဒီတစ်ခေါက် ရုတ်ရုတ်သဲသဲအခြေအနေက အရမ်းကို ကြီးမားသွားပြီ… ကောင်းကင်ဘုံခုံရုံးက ဟိုလူတချို့ ပေါ်ထွက်လာလောက်တယ်”
ကြယ်တာရာကောင်းကင်၏ အခြားတစ်ဘက်မှာ ပိန်ပိန်ပါးပါးမိန်းကလေးတစ်ဦးက လေထဲမှာ မတ်တတ်ရပ်ပြီး သူမကလည်း ဓားကမ္ဘာရှိရာဘက်သို့ ကြည့်နေ၏။ ရုတ်တရက် သူမက မေးလိုက်သည်။
“အဲဒီလူတချို့က တိုက်ခိုက်လာမယ်ဆိုရင် ငါတို့ ကူညီပေးသင့်လား”
သူတို့နှစ်ယောက်သည် မိုင်ပေါင်းဘီလီယံချီကွာဝေးသော်လည်း ကြားထဲမှာ မည်သည့်အဟန့်အတားမှ မရှိသည့်အလားပင်။
သူတို့သည် ဘေးချင်းကပ်ရှိနေသည့်အလား သာမန်ကာလျှံကာ စကားပြောဆိုနေကြ၏။
ကြယ်တာရာကောင်းကင်၏ နောက်ထပ်တစ်နေရာအမှောင်ထုထဲမှာ လမ်းလျှောက်တောင်ဝှေးကို ကိုင်ဆွဲထားသည့် အမျိုးသမီးအိုတစ်ဦးက တဖြည်းဖြည်းပေါ်ထွက်လာ၏။ သူမက ဖြည်းဖြည်းချင်းပြောလိုက်သည်။
“ငါတို့တွေက ကောင်ကင်ဘုံခုံရုံကို တိုက်ခိုက်မယ်ဆိုရင် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲ စတင်ပြီဆိုတဲ့သဘောပဲ”
“အခုချိန်ထိ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မဟာဧကရာဇ်တစ်ပါး ပေါ်ထွက်မလာသေးဘူး… အဲဒါကြောင့် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကို စတင်ဖို့ အချိန်မတန်သေးဘူး… နောက်ပြီး ဖုန့်တူကလည်း အဲဒီနောက်ဆုံးခြေလှမ်းကို အခုချိန်ထိ မလှမ်းနိုင်သေးဘူး”
မျက်ခုံးမွေးဖြူအဖိုးအိုက အမျိုးသမီးအိုပြောသည်ကို သဘောတူထောက်ခံသည့်အလား တစ်စုံတစ်ရာပြောဆိုခြင်း မရှိပေ။
မိန်းကလေး၏ အကြည့်က ကောင်းကင်ဘုံကမ္ဘာရှိရာဘက်သို့ ရောက်ရှိသွားပြီး သူမ၏ မျက်လုံးကို မှေးကျဉ်းလိုက်၏။ သူမ၏ အသံက အေးစက်စွာထွက်ပေါ်လာလေသည်။
“သူက တော်တော်လေး လွန်ကျူးနေပြီ”
“သူက ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲအတွက် အဲဒါကို လုပ်နေရုံပါပဲ… အဲဒါက ငါတို့တွေ မဟာကမ္ဘာတစ်ထောင်လောကကို ပြန်သွားနိုင်အောင် ကူညီပေးလိမ့်မယ်”
အမျိုးသမီးအိုက မှင်သေသေဖြင့်ပြောလိုက်၏။
မိန်းကလေးက နှုတ်ဆိတ်သွားသော်လည်း သူမ၏ အမူအရာက အေးစက်နေဆဲဖြစ်၏။
ဓားကမ္ဘာတိုက်ပွဲနယ်မြေမှာ…။
သိုင်းတာအိုပင်မခန္ဓာထံမှ ဒုတိယမြောက်ထိုးချက်က ဆင်းသက်လာပြီး အမှုဆောင်တမန်တော် ပေါ်ထွန်းမှုကောင်းကင်ဘုံနှင့် ဧကရာဇ်ပိုင်ယွီကို လွှမ်းခြုံသွားလေသည်။
ဝုန်း…
ကျယ်လောင်သောမြည်ဟည်းသံက ထွက်ပေါ်လာ၏။
နောက်ဆုံးမှာ အမှုဆောင်တမန်တော်ပေါ်ထွန်းမှုကောင်းကင်ဘုံသည် ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။ သူ၏ ခန္ဓာကိုယ်က ၎င်း၏ အကန့်အသတ်ထိ ရောက်ရှိသွားပြီး ထိုထိုးချက်တစ်ချက်နှင့်အတူ ပေါက်ကွဲထွက်သွား၏။ သူ၏ အမြုတေစိတ်ဝိညာဉ်ကလည်း ဖျက်ဆီးခံလိုက်ရလေသည်။
နောက်ဆုံးသေရေးရှင်ရေးအခိုက်အတန့်မှာ ဧကရာဇ်ပိုင်ယွီက အဆောင်တစ်ခုကို ချိုးချေလိုက်၏။
ထိုအဆောင်က တုန်လှုပ်စရာကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုကို ထုတ်ဖော်လိုက်ပြီး အဆုံးမဲ့ဓမ္မတာအိုကိုးခုက ဧကရာဇ်ပိုင်ယွီကို လွှမ်းခြုံကာ သူ့ကို ကောင်းကင်ဘုံခုံရုံးရှိရာဘက်သို့ ဆွဲခေါ်သွားလေသည်။
“မင်းက ထပ်ပြီးတော့ ထွက်ပြေးနိုင်မယ်ထင်နေတာလား”
သိုင်းတာအိုပင်မခန္ဓာက လှောင်ရယ်လိုက်ပြီး သူ၏ လက်သီးက လက်ဖဝါးတစ်ခုအဖြစ် အသွင်ပြောင်းလဲကာ ဧကရာဇ်ပိုင်ယွီ၏ ဦးခေါင်းကို ဖမ်းဆွဲလိုက်၏။
ဧကရာဇ်ပိုင်ယွီ၏ ခန္ဓာကိုယ်ပေါ်တွင် ဓမ္မတာအိုမှော်စာလုံးများက လျင်မြန်စွာစုဖွဲ့လာပြီး သိပ်သည်းပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသည့် ဓားရှည်တစ်လက်အဖြစ် အသွင်ပြောင်းလဲကာ သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးကို ခုတ်ပိုင်းချလိုက်၏။
သိုင်းတာအိုပင်မခန္ဓာသည် ထိုဓမ္မတာအိုမှော်စာလုံးများက မဟာဧကရာဇ်တစ်ပါးချန်ထားသည့် နည်းလမ်းများဖြစ်သည်ကို အာရုံခံမိနိုင်၏။
လွန်ခဲ့သည့် နှစ်တစ်ရာကျော်ကသာဆိုလျှင် သူက အခက်အခဲတချို့ ကြုံတွေ့ရပေလိမ့်မည်။ သို့သော်ယခု…
အတွေးတစ်ချက်နှင့်အတူ သိုင်းတာအိုပင်မခန္ဓာက ငရဲဖိနှိမ်မီးဖိုကို ပြန်ခေါ်ပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒဓားကို ဖိနှိမ်လိုက်၏။
ကျယ်လောင်သောပေါက်ကွဲသံက ထွက်ပေါ်လာခဲ့သည်။
သတ်ဖြတ်ခြင်းစိတ်ဆန္ဒဓားသည် ငရဲဖိနှိမ်မီးဖိုကြောင့် ကြေမွပျက်စီးသွား၏။
သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးက ဧကရာဇ်ပိုင်ယွီ၏ ဦးခေါင်းပေါ်သို့ ဆင်းသက်လာသည်။
“မင်းငါ့ကို သတ်လို့မရဘူးနော်”
ဧကရာဇ်ပိုင်ယွီက ခပ်စူးစူးအော်ဟစ်လိုက်၏။
ဖြောင်း…
သိုင်းတာအိုပင်မခန္ဓာက သူ့ကို နောက်ထပ်စကားထပ်ပြောခွင့်မပေးတော့ပေ။ သူ၏ လက်ဖဝါးဆီသို့ ခွန်အားကိုပို့လွှတ်လိုက်ပြီး ထိုသူ၏ ဦးခေါင်းက ချက်ချင်းပင် သွေးမြူတစ်ခုအဖြစ်ပေါက်ကွဲထွက်သွားစေ၏။ သူ၏ ဝိညာဉ်က ပျက်ပြယ်သွားပြီး သေဆုံးသွားလေသည်။
ဧကရာဇ်ပညာရှင်များက ထိုသည်ကိုတွေ့မြင်သောအခါ သူတို့၏ ရင်ထဲမှာ နက်ရှိုင်းသောအကြောက်တရားက ထိန်းမနိုင်သိမ်းမရ ပေါ်ထွက်လာကြသည်။
တိုက်ပွဲ၏ ဤအဆင့်အရောက်မှာ ဧကရာဇ်အထီးကျန်သိုင်းသခင်သည် ဧကရာဇ်ပညာရှင်တစ်ရာကျော်ကို သတ်ဖြတ်ခဲ့ပြီးလေပြီ။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ဧကရာဇ်များအပြင် အမှုဆောင်တမန်တော်သုံးဦးနှင့် ကောင်းကင်ဘုံခုံရုံးမှ သခင်လေးတစ်ဦးပါ ပါဝင်နေ၏။
မဟာအရိုင်းကမ္ဘာ၏ တိုက်ပွဲနှင့် ယနေ့တိုက်ပွဲအပြီးမှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသည် ဧကရာဇ်အထီးကျန်သိုင်းသခင် တစ်ဦးတည်း၏ လက်ချက်ဖြင့် ဖျက်ဆီးခံရလုနီးပါးဖြစ်သည်။
ကောင်းကင်ဘုံခုံရုံးကနေ နောက်ထပ် အမှုဆောင်တမန်တော်တချို့ ဆင်းသက်လာမည်ဆိုလျှင်တောင် လက်ရှိအခြေအနေအရ သူတို့သည် ဧကရာဇ်အထီးကျန်သိုင်းသခင်၏ သတ်ဖြတ်မှုကို တားဆီးနိုင်တော့မည် မဟုတ်ပေ။
ဤတိုက်ပွဲက စိတ်အာရုံများ၏ ဗဟိုချက်ဖြစ်နေ၏။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မရေမတွက်နိုင်သောပညာရှင်များသည် ဤတိုက်ပွဲကို အာရုံစိုက်ထားပြီး ရလဒ်တစ်ခုကို စောင့်ဆိုင်းနေကြသည်။
ထိုအခိုက်အတန့်မှာ ကောင်းကင်ဘုံမျက်လုံးကမ္ဘာ၊ ကျောက်တုံးကမ္ဘာ၊ ရွှေကျီးကန်းကမ္ဘာနှင့် အခြားကမ္ဘာများသာလျှင်မဟုတ်ဘဲ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ကျန်ရှိနေသော ဧကရာဇ်များကလည်း ဆုတ်ခွာချင်နေကြပြီဖြစ်သည်။
ကောင်းကင်ဘုံခုံရုံးက ရှုံးနိမ့်တော့မည့်ဆဲဆဲဖြစ်သည်။ သူတို့မှာ သာလွန်ထူးခြားသောနည်းလမ်းများမရှိဘူးဆိုလျှင် ဤအခြေအနေကို ပြန်ပြောင်းပစ်ဖို့က မလွယ်ကူတော့ပေ။
ထိုစဉ်မှာပင် ကောင်းကင်ထက်ရှိ အက်ကွဲကြောင်းထဲကနေ ချောက်ချားစရာကောင်းသော အော်ရာတစ်ခုက ရုတ်တရက်ဆင်းသက်လာ၏။ ထိုအော်ရာက ကြောက်စရာကောင်းပြီး တိုက်ပွဲနယ်မြေမှ နှစ်ဦးနှစ်ဖက်စလုံးက တိုက်ခိုက်နေခြင်းကို တစ်ယောက်ပြီးတစ်ယောက် ရပ်တန့်ပြီး ထိတ်လန့်တကြားအမူအရာများဖြင့် မော့ကြည့်လာကြ၏။
သိပ်သည်းပြင်းထန်သော မမြင်ရသည့်ဖိအားတစ်ခုက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို လွှမ်းခြုံလာသည်။
ထိုအခိုက်အတန့်မှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရှိ မျိုးနွယ်စုတစ်သောင်း သက်ရှိများအားလုံးသည် မည်သည့်ကျင့်ကြံမှုနယ်ပယ်မှာရှိသည်ဖြစ်စေ သို့မဟုတ် မည်သည့်နေရာမှာရောက်ရှိနေသည်ဖြစ်စေ သူတို့အားလုံးက နိုးထလာပြီး ကြယ်တာရာကောင်းကင်ထက်ကို မော့ကြည့်လာကြ၏။
မျိုးနွယ်စုတစ်သောင်းသက်ရှိများသည် အသက်အောင့်ထားပြီး အာရုံစိုက်ကြည့်ကာ မအီမသာခံစားနေရ၏။ လောကမှာ ကပ်ဘေးတစ်ခု ဆင်းသက်လာတော့မည့်အလားပင်။
ဓားကမ္ဘာ၏ တိုက်ပွဲနယ်မြေမှာသာလျှင်မဟုတ်ဘဲ ထျန်ဟွမ်ကမ္ဘာဘက်ခြမ်းရှိ တိုက်ပွဲကလည်း တဖြည်းဖြည်းရပ်တန့်သွားလေသည်။
“ဒီဖိအားက…”
တျဲယွဲ့၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး သုန်မှုန်နေသော အမူအရာတစ်ခုပေါ်ထွက်လာ၏။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရှိ မျိုးနွယ်စုတစ်သောင်းသက်ရှိများအားလုံးကို ဤကဲ့သို့ ကြီးမားသောဖိအားအောက် ကျရောက်စေနိုင်သည့် တစ်ဦးတည်းသောသူက မဟာဧကရာဇ်တစ်ပါးသာဖြစ်ပေမည်။
“ပုရွက်ဆိတ်…”
ထိုစဉ်မှာပင် မိုးကောင်းကင်ထက်ရှိ အက်ကွဲကြောင်းထဲကနေ အော်ဟစ်သံတစ်သံက ရုတ်တရက်ထွက်ပေါ်လာ၏။
ထိုအသံက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ဆင်းသက်လာသောအခါ ၎င်းသည် မိုးကြိုးသံကဲ့သို့ ပေါက်ကွဲထွက်ပြီး အဆုံးမဲ့စွမ်းပကားက အဆက်မပြတ် ဖြာထွက်သွား၏။
ထိုအော်ဟစ်သံမှာ ကျင့်ကြံမှုနယ်ပယ်နိမ့်ကျသော ကျင့်ကြံသူများကိုမပြောနှင့် လက်ရှိဧကရာဇ်ပညာရှင်များပင် မြေပြင်ပေါ်မှာ ဒူးထောက်ကျလုမတတ်ဖြစ်၏။ သူတို့၏ နားထဲမှာ တစီစီအော်မြည်နေပြီး သူတို့၏ စိတ်များက ဗလာကျင်းနေ၏။
ပုရွက်ဆိတ်ဟူသောသတ်မှတ်ချက်ကို သူတို့ကိုယ်တိုင် လက်ခံသွားသည့်အလားပင်။
သံသရဖူဆောင်းအဖိုးအို၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေ၏။
ဤတိုက်ပွဲသည် မဟာဧကရာဇ်တစ်ပါးကို ပေါ်ထွက်လာစေမည်ဆိုလျှင် ဓားကမ္ဘာနှင့် ထျန်ဟွမ်ကမ္ဘာက ဖယ်ရှားသုတ်သင်ခံရမည်သာမက ဧကရာဇ်အထီးကျန်သိုင်းသခင်ကပင်….။
ဓားကမ္ဘာနှင့် ထျန်ဟွမ်ကမ္ဘာမှ ဧကရာဇ်ပညာရှင်များနှင့်မတူဘဲ ကောင်းကင်ဘုံခုံရုံးမှ ဧကရာဇ်ပညာရှင်များက ထိုအသံကိုကြားသောအခါ စိတ်သက်သာစွာသက်ပြင်းချလိုက်ကြ၏။
အမှုဆောင်တမန်တော်များကလည်း စိတ်သက်သာစွာရသွား၏။
သူတို့သည် ဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် ဆက်လက်ရင်ဆိုင်ရဖို့ကို သူတို့က ယုံကြည်မှုလုံးဝမရှိတော့ပေ။
စိတ်လှုပ်ရှားတက်ကြွနေခြင်းအပြင် ပေါ်ထွန်းမှုကောင်းကင်ဘုံမှ ဧကရာဇ်များက အနည်းငယ်မချင့်မရဲဖြစ်နေကြ၏။
ပေါ်ထွန်းမှုကောင်းကင်ဘုံမှ ဧကရာဇ်တစ်ဦးက စိတ်ထိခိုက်စွာဖြင့် အော်ပြောလိုက်လေသည်။
“အရှင်… အမှုဆောင်တမန်တော်နဲ့ သခင်လေးကို အခုပဲ အထီးကျန်သိုင်းသခင်က သတ်ဖြတ်လိုက်ပြီ”
“အထီးကျန်သိုင်းသခင်… အထီးကျန်သိုင်းသခင်…”
နက်ရှိုင်းသောရေရွတ်သံက ကောင်းကင်ထက်ရှိ အက်ကွဲကြောင်းထဲကနေ ပဲ့တင်ထပ်ထွက်ပေါ်လာ၏။
ကောင်းကင်ဘုံခုံရုံမှ ထိုပုဂ္ဂိုလ်ကို အနှောက်အယှက်ပေးမိမည်ဆိုး၍ မည်သူကမှ စကားမပြောရဲကြပေ။
လောကရှိ လေထုက အလွန်တရာတင်းကျပ်လေးလံလာ၏။
ထိုအခိုက်အတန့်မှာ သိုင်းတာအိုပင်မခန္ဓာသည် လေထဲမှာမတ်တတ်ရပ်ပြီး သူ၏ခေါင်းကို အနည်းငယ်မော့ထား၏။
သူသည် မာရ်နတ်မျက်နှာဖုံးကို တပ်ထားပြီး သူ၏ အမူအရာကို မည်သူကမှ မတွေ့မြင်နိုင်ပေ။
တစ်ယောက်ယောက်က အဲဒါကို ထွင်းဖောက်မြင်နိုင်မည်ဆိုလျှင် ဧကရာဇ်အထီးကျန်သိုင်းသခင်၏ အမူအရာက လူတိုင်းတွေးထင်ထားသည်ထက် များစွာပိုမိုတည်ငြိမ်နေသည်ကို သူတို့က အံ့အားသင့်ဖွယ်ရာ တွေ့ရှိရပေလိမ့်မည်။
“အထီးကျန်သိုင်းသခင်… အထီးကျန်သိုင်းသခင်…”
နက်ရှိုင်းသောအသံက အဆက်မပြတ် ပဲ့တင်ထပ်ထွက်ပေါ်နေ၏။
ထို့နောက် ထိုအသံက ယတိပြတ်ရပ်တန့်သွားလေသည်။
“မင်းဘယ်လိုတောင် လုပ်ရဲတာလဲ”
ကျယ်လောင်သော အော်ဟစ်သံက ကောင်းကင်ထက်ကနေ ထွက်ပေါ်လာ၏။
ကျယ်ပြော၍ ခံ့ညားထည်ဝါသော စွမ်းပကားတစ်ခုနှင့်အတူ ဧရာမလက်တစ်ဖက်က မိုးကောင်းကင်ထက် အက်ကွဲကြောင်းကနေတစ်ဆင့် ဧကရာဇ်အထီးကျန်သိုင်းသခင်ရှိရာသို့ ကျဆင်းလာလေသည်။
ဧရာမလက်က ကောင်းကင်တစ်ခွင်အုပ်မိုးထားပြီး အဖျက်စွမ်းအားမြင့်မားသော အော်ရာတစ်ခုပါဝင်နေ၏။ ၎င်းက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ရောက်ရှိလာသည့်ခဏမှာပင် ဘေးပတ်ဝန်းကျင်မှာရှိသော မရေမတွက်နိုင်သည့်ကြယ်များက ချက်ချင်းပင် ဖျက်ဆီးခံရပြီး ဖုန်မှုန့်များအဖြစ်ပြောင်းလဲသွား၏။
ကြယ်တာရာကောင်းကင်က တုန်ခါ၍ လောကက မှောင်ကျလာခဲ့သည်။
မဟာဧကရာဇ်တစ်ပါး၏ တိုက်ခိုက်မှု…။
ဓားကမ္ဘာမှ ဓားကျင့်ကြံသူတချို့သည် ထိုဖိအားဒဏ်ကို ခံနိုင်ရည်မရှိဘဲ မြေပြင်ပေါ်မှာ တစ်ယောက်ပြီးတစ်ယောက်ဒူးထောက်ကျသွား၏။
ကောင်းကင်တစ်ခွင်အုပ်မိုးထားသော ဧရာမလက်သည် သိုင်းတာအိုပင်မခန္ဓာကို ဖိခြေသတ်ဖြတ်ချင်ရုံသာမက ၎င်းသည် ဓားကမ္ဘာတစ်ခုလုံးကိုပါ အုပ်မိုးပြီး ၎င်းကို ဖျက်ဆီးပစ်ချင်နေ၏။
တိုက်ပွဲနယ်မြေ၏ အပြင်ဘက်မှာရှိသော ဧကရာဇ်များပင်လျှင် ထိုအော်ရာကို အာရုံခံမိသောအခါ တုန်လှုပ်ချောက်ချားသွားကြ၏။
ကွာဟချက်က အရမ်းကို ကြီးမားလွန်းနေသည်။
ဤသည်က မဟာဧကရာဇ်တစ်ပါး၏ စွမ်းအားဖြစ်သည်။
သူတို့က အဲဒါကို လုံးဝမခုခံနိုင်ကြပေ။
ထျန်ဟွမ်ကမ္ဘာမှာ။
ဧကရာဇ်မြောက်ပိုင်းခွန်နှင့် ဧကရာဇ်တောင်ပိုင်းဖန်းက ထိုသည်ကိုတွေ့မြင်သောအခါ သူတို့ကလည်း သက်ပြင်းချလိုက်ကြ၏။
သူတို့သည် ထျန်ဟွမ်ကမ္ဘာကို တစ်ချိန်လုံးကူညီမပေးခဲ့သည့်အကြောင်းအရင်းမှာ ဤတိုက်ပွဲသည် မဟာဧကရာဇ်များကို ပေါ်ထွက်လာစေမည်ကို သူတို့က စိုးရိမ်နေခဲ့သောကြောင့်ဖြစ်သည်။
မဟာဧကရာဇ်တစ်ပါး၏ တိုက်ခိုက်မှုက အရာအားလုံးကို ငြိမ်ဝပ်ပိပြားစေဖို့ လုံလောက်လေသည်။