အခန်း (၃၁၇၁-၃၁၇၂)
Vol. 211 Ch. 3171-3172
အခန်း ၃၁၇၁ - ငါ ဂရုစိုက်တယ်
ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်အတွက်တော့ ဖုန့်တူသည် မဟာဧကရာဇ်တစ်ပါးဖြစ်လာမည်ဆိုလျှင်တောင် ထိုသူက ကောင်းကင်ဘုံခုံရုံး သို့မဟုတ် သူ့အတွက် ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ရပ် မဟုတ်ပေ။
ဒါ့အပြင် မဟာဧကရာဇ်တစ်ပါးဖြစ်လာဖို့ တာအိုကို အတည်ပြုနေသည့် ဖုန့်တူ၏ နည်းလမ်းများသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ တာအိုကို အတည်ပြုနေခြင်း မဟုတ်ပေ။
ထိုအစား သူသည် အလောင်းသုံးလောင်းအဖြစ် ခွဲထုတ်ပြီးနောက် သူတို့ကို မဟာဧကရာဇ်တစ်ပါး၏ ခန္ဓာကိုယ်အဖြစ် ပြန်လည်ပေါင်းစည်းနေခြင်းဖြစ်သည်။ ထို့နောက် သူသည် သူ၏ မဟာဧကရာဇ်အဆင့် အမြုတေစိတ်ဝိညာဉ်ကို ထည့်သွင်းပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက မဟာဧကရာဇ်တစ်ပါး၏ အဆင့်ကို ရောက်ရှိလာနိုင်မည်ဖြစ်သည်။
ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်အတွက်တော့ အစစ်အမှန်ခြိမ်းခြောက်မှုက သိုင်းတာအိုပင်မခန္ဓာဖြစ်သည်။
သူသည် ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းခါစသာဖြစ်ပြီး မဟာဧကရာဇ်တစ်ပါးနှင့်ယှဉ်နိုင်သော တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထားပြီဖြစ်သည်။
သူ့ကို ဆက်လက်ပြီး ကြီးထွားခွင့်ပေးမည်ဆိုလျှင် သူသည် ကောင်းကင်ဘုံခုံရုံးကို အပြင်းအထန်ပျက်စီးထိခိုက်အောင် ပြုလုပ်နိုင်ဖို့ အခွင့်များနေသည်။
ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သက်ရှိများ၏ အသက်များကို ဂရုမစိုက်ပေ။
သူသည် ကောင်းကင်ဘုံခုံရုံးနှင့် တမလွန်ဘုံကြား ရန်လိုစိတ်ကိုပင် ဂရုမစိုက်ပေ။
သူသည် သိုင်းတာအိုပင်မခန္ဓာ၏ အလားအလာမြင့်မားသော ခြိမ်းခြောက်မှုကို ရှင်းထုတ်ပစ်ဖို့သာ ဂရုစိုက်လေသည်။
ထို့ကြောင့် သိုင်းတာအိုပင်မခန္ဓာသည် ဖုန့်တူနှင့်တိုက်ခိုက်နေစဉ် ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်က ဖုန့်တူကို တိုက်ခိုက်ခြင်းမရှိပေ။ ထိုအစား သူက သိုင်းတာအိုပင်မခန္ဓာကို တိုက်ခိုက်ဖို့ရွေးချယ်လိုက်သည်။
ဤတိုက်ခိုက်မှုမှာ ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်၏ တိုက်ခိုက်မှုများကို စုစည်းထားသည်။
သူသည် ချိန်သားကိုက်ကို တွက်ချက်ပြီး သိုင်းတာအိုပင်မခန္ဓာက အဲဒါကို ရှောင်လွှဲနိုင်မည်မဟုတ်ဟု သေချာစွာပြောနိုင်ခဲ့သည်။
သိုင်းတာအိုပင်မခန္ဓာသည် လက်တစ်ဖက်ကိုစတေးပြီး ထိုသေကွင်းသေကွက်တိုက်ခိုက်မှုကို ရှောင်လွှဲနိုင်ခဲ့ခြင်းသည် ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်၏ တွက်ချက်မှုကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
“ဟွန်း…”
ကျယ်ပြောသော ကြယ်တာရာကောင်းကင်၏ နက်မှောင်နေသောအရိပ်များအောက်မှာ အမျိုးသမီးအိုက နှာတစ်ချက်မှုတ်လိုက်၏။
“အထီးကျန်သိုင်းသခင်က သူ့ကိုယ်သူအထင်ကြီးလွန်းနေတာပဲ… သူက ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်တစ်ယောက်တည်းကိုတောင် ကောင်းကောင်းမကိုင်တွယ်နိုင်တာ… သူက ဖုန့်တူကိုပါ သွားပြီးတော့ ရန်စလိုက်သေးတယ်”
“အခုတော့ ဘာဖြစ်လဲ သူက နှစ်ယောက်တစ်ယောက် တိုက်ခိုက်ရတော့မှာပဲ… ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်ကြောင့် ဒဏ်ရာအပြင်းအထန်ရရှိပြီးတဲ့နောက် သူက ဘယ်လောက်ကြာကြာတောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့”
မျက်ခုံးမွေးဖြူအဖိုးအိုက သူ့ရှေ့မှာရှိသောမြင်ကွင်းကို ဂရုစိုက်ခြင်းမရှိသည့်အလား မျက်လွှာချထား၏။
မိန်းကလေးငယ်ကသာ တိုက်ပွဲနယ်မြေကို တိတ်တဆိတ်ကြည့်နေပြီး သူမ၏ လက်သီးနှစ်ဖက်ကို ဆုပ်ထား၏။
သူမသည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား အမျိုးသမီးအိုက မိန်းကလေးကိုလှည့်ကြည့်ပြီး ရုတ်တရက်ပြောလိုက်၏။
“အာရှဲ့… နင်က အထီးကျန်သိုင်းသခင်ကို ကူညီပေးချင်နေတယ်လို့ ငါ့ကို မပြောနဲ့နော်”
မိန်းကလေးငယ်က မှင်သေသေဖြင့်ရှိနေပြီး နှုတ်ဆိတ်နေ၏။
အမျိုးသမီးအိုက ပြုံးလိုက်၏။
“ငါနင့်ကို အကြံပေးလိုက်မယ်… တခြားသူတွေရဲ့ကိစ္စကို သွားမရှုပ်နဲ့… နင်က ကောင်းကင်ဘုံခုံရုံးက အဲဒီလူတချို့ကို ရန်သွားစပြီး ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲက ရှေ့ကိုကြိုတင်ပြီး ဖြစ်ပွားလာမယ်ဆိုရင် အဲဒါက ငါတို့အတွက် အကျိုးမရှိဘူး”
. . . . .
“အရှက်မဲ့လိုက်တာ..”
ထျန်ဟွမ်ကမ္ဘာမှာ မျောက်ဝံအိုကြီးသည် စောစောကမြင်ကွင်းကို အာရုံခံမိသောအခါ သူက ကျိန်ဆဲလိုက်၏။
ကောင်းကင်ဘုံခုံရုံးနှင့် တမလွန်ဘုံကြား ရန်ငြိုးရန်စက အလွန်တရာနက်ရှိုင်းနေခဲ့သည်။ သို့သော်လည်း စောစောက တမလွန်ဘုံအရှင်သည် သက်ရှိများအားလုံးကို သန့်စင်မွမ်းမံပစ်ချင်သည့်အခါ ကောင်းကင်ဘုံခုံရုံးမှ မဟာဧကရာဇသည် သူ့ကိုတားဆီးဖို့ စိတ်ကူးမရှိရုံသာမက သူသည် ဖုန့်တူကိုတားဆီးနေသော ဧကရာဇ်အထီးကျန်သိုင်းသခင်ကိုပင် ဒဏ်ရာအပြင်းအထန်ရရှိအောင် တိုက်ခိုက်လိုက်သည်။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သက်ရှိများက ငေးမောမှင်တက်နေကြ၏။
အစကတော့ သူတို့ထဲမှ များစွာသည် ကောင်းကင်ဘုံခုံရုံးနောက်သိုလိုက်ပြီး ဆိုးယုတ်မိစ္ဆာများကို သတ်ဖြတ်လိုခဲ့ကြသည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ ကောင်းကင်ဘုံခုံရုံးမှ မဟာဧကရာဇ်၏ ရွေးချယ်မှုက သူတို့ကို လုံးဝစိတ်ပျက်သွားစေ၏။
ဆိုးယုတ်မိစ္ဆာတစ်ဦးက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာရှိသော သက်ရှိများအားလုံးကို ထင်တိုင်းကြဲသတ်ဖြတ်နေသော်လည်း ကောင်းကင်ဘုံခုံရုံးမှ မဟာဧကရာဇ်က ဂရုမစိုက်ပေ။
သူဂရုစိုက်သည်မှာ မဟာဧကရာဇ်အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ဖို့သာဖြစ်သည်။
စောစောက မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများကို ကာကွယ်ဖို့အတွက် မဟာဧကရာဇ်အထီးကျန်သိုင်းသခင်သည် သန်မာသောရန်သူတစ်ယောက် ထပ်မံရရှိမည်ကို တွေဝေတုံ့ဆိုင်းမနေခဲ့ပေ။ ထိုသို့ဖြင့် သူက နှစ်ဦးနှစ်ဖက်ညှပ်၍ တိုက်ခိုက်ခံရပြီး လက်တစ်ဖက်ကို ဆုံးရှုံးခဲ့ရ၏။
ထိုအခိုက်အတန့်မှာ ကျင့်ကြံသူများစွာနှင့် သက်ရှိများသည် နိုးထလာကြပြီဖြစ်၏။
တမလွန်ဘုံအရှင် ဖုန့်တူက နှလုံးသားကင်းမဲ့ပြီး လူမဆန်သည်ကို လူတိုင်းက ပြောနိုင်ကြသည်။ သူသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ ရှင်သန်မှုကို လုံးဝဂရုမစိုက်ပေ။
ကောင်းကင်ဘုံခုံရုံးမှလူများကလည်း သူတို့၏ အသက်များကို ဂရုမစိုက်ကြပေ။
မဟာဧကရာဇ်အထီးကျန်သိုင်းသခင်ကသာ သူတို့ကိုကယ်တင်ဖို့အတွက် အတတ်နိုင်ဆုံးကြိုးစားပေးနေသည်။
“မဟာဧကရာဇ်အထီးကျန်သိုင်းသခင်… သူက ငါတို့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ မဟာဧကရာဇ်ပဲ… သူက ငါတို့လူသားမျိုးနွယ်ရဲ့မဟာဧကရာဇ်ပဲ”
လူတစ်ယောက်က ရေရွတ်ပြောဆိုနေပြီး သူ၏ မျက်လုံးများကနေ မျက်ရည်များက စီးကျနေ၏။
ကောင်းကင်ဘုံကမ္ဘာ၏ အထက်မှာ…။
သိုင်းတာအိုပင်မခန္ဓာသည် လေထဲမှာ မတ်တတ်ရပ်နေ၏။ သူ၏ ပြတ်တောက်သွားသောလက်ပေါ်ရှိ ဒဏ်ရာက သွေးတိတ်သွားခဲ့ပြီဖြစ်သည်။
ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်၏ တိုက်ခိုက်မှုက အရမ်းကို စွမ်းအားကြီးမားလေသည်။
ဓားသွားကို ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်၏ ဓမ္မတာအိုအမှတ်အသားဖြင့် အဆင့်မြှင့်တင်ထားပြီး ကျားဖြူအထွတ်အမြတ်တောကောင်မျိုးနွယ်၏ အလွန်တရာကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒပါဝင်နေ၏။ စူးရှနေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒပါဝင်သည့် ဓမ္မတာအိုအမှတ်အသားက သိုင်းတာအို့ပင်မခန္ဓာ၏ ဒဏ်ရာပေါ်မှာ စုဖွဲ့နေသည်။
သိုင်းတာအိုပင်မခန္ဓာသည် ယာယီအားဖြင့် သွေးတိတ်စေဖို့ သူ၏ စွမ်းအားကြီးမားသော သွေးချီကို မှီခိုပြီး သွေးချီများစွာ ဆုံးရှုံးရခြင်းကို တားဆီးလိုက်၏။
သို့သော်လည်း သူက အချိန်တိုအတွင်းမှာ သူ၏ လက်ကို ပြန်မပေါက်စေနိုင်ပေ။
“ဟီးဟီး…”
ဖုန့်တူက ထိုသည်ကို တွေ့မြင်သောအခါ အူမြူးအားရစွာဖြင့် ထူးဆန်းစွာရယ်မောလိုက်၏။
“အထီးကျန်သိုင်းသခင်… မင်းကို တကယ်ပဲ ကူညီပေးချင်တဲ့သူက ငါလေ… ကံဆိုးစွာနဲ့ပဲ မင်းက ငါ့ရဲ့စေတနာကို အသိအမှတ်မပြုခဲ့ဘူး… အခု မင်းဘာဖြစ်သွားလဲကြည့်လေ”
“ဒါက အားအားယားယားဝင်ပါတဲ့အတွက် မင်းပေါ်ကျရောက်လာတဲ့ ဒဏ်ခတ်မှုပဲ”
ခဏမျှရပ်တန့်ပြီးနောက် ဖုန့်တူက ထပ်မံ၍ ပြောလိုက်၏။
“ငါ အရင်တုန်းက ပြောတာမှားခဲ့တယ်… မင်းက ဒုတိယမြောက်မဟာဧကရာဇ်အနန္တ လုံးဝဖြစ်မလာနိုင်ဘူး… မင်းက ဧကရာဇ်နယ်ပယ်ကို ဝင်ရောက်ခါစပဲရှိသေးတယ်… မင်းက အနန္တထက်အများကြီးနိမ့်ကျတယ်”
“မင်းကိုသတ်ဖို့တော့ လုံလောက်တယ်”
သိုင်းတာအိုပင်မခန္ဓာက ယိုယွင်းပျက်စီးမှုနှင့် အလောင်းများဖြင့် ပြည့်နှက်နေသော ကောင်းကင်ဘုံကမ္ဘာကို ကြည့်ပြီး အေးစက်စွာပြောလိုက်၏။
ဒင်…
ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်က သိုင်းတာအိုပင်မခန္ဓာကို အသက်ရှူခွင့်မပေးဘဲ နောက်တစ်ဖန်တိုက်ခိုက်လိုက်၏။
သူက အခွင့်အလမ်းကိုချိန်ဆပြီး ထိုသူကို ဤနေရာမှာပင် သတ်ဖြတ်လိုလေသည်။
“ဟဲဟဲ…”
ထိုသည်ကိုတွေ့မြင်သောအခါ ဖုန့်တူက ရယ်မောလိုက်၏။
မဟာဧကရာဇ်အထီးကျန်သိုင်းသခင်တဲ့လား… သူ့အနေဖြင့် ထိုလူကို လုံးဝဂရုစိုက်နေစရာပင် မလိုအပ်ပေ။
သူသည် ကောင်းကင်ဘုံခုံရုံးမှ မဟာဧကရာဇ်၏ အကူအညီနှင့်အတူ ထိုသူကို ရှင်းထုတ်ပစ်နိုင်သည်။
ဖုန့်တူက သူ၏ အမြုတေစိတ်ဝိညာဉ်ကို အသက်သွင်းပြီး ကောင်းကင်ဘုံသင်္ချိုင်းသုတ္တန်ကို နောက်တစ်ဖန်လှည့်ပတ်လိုက်၏။
သူသည် နောက်ဆုံးခြေလှမ်းကို လှမ်းနိုင်ဖို့အတွက် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ဆက်လက်၍ သန့်စင်ပြီး မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများကို သန့်စင်မွမ်းမံနေ၏။
ဝုန်း…
ကောင်းကင်သင်္ချိုင်းသုတ္တန်ကို စတင်လှည့်ပတ်လိုက်သည့်ခဏမှာပင် ငရဲဖိနှိမ်မီးဖိုက ဂမ္ဘီရအလင်းဖြင့် တောက်ပပြီး အထွတ်အမြတ်တောကောင်များက မာန်ဖီဟိန်းဟောက်လာခဲ့၏။ ဂါထာမန္တန်ရွတ်ဖတ်သံက ပဲ့တင်ထပ်ထွက်ပေါ်လာပြီး သူ၏ ဦးခေါင်းပေါ်ကို နောက်တစ်ဖန်ကျဆင်းလာလေသည်။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ နောက်ထပ်ဓားဒဏ်ရာတစ်ခု ရရှိလာနိုင်သည့်အန္တရာယ်ကိုစွန့်စားပြီး ရှေ့သို့တက်လှမ်းကာ သူ၏ ဓမ္မပညာရပ်ကို ဖြတ်တောက်ပစ်ချင်နေ၏။
“မင်းကတော့…”
ဖုန့်တူက ဒေါသချောင်းချောင်းထွက်နေ၏။
အထီးကျန်သိုင်းသခင်သည် လက်တစ်ဖက်ကို ဆုံးရှုံးထားပြီး ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်၏ တိုက်ခိုက်မှုမှာ သူ့ကိုယ်သူပင် ကောင်းကောင်းမကာကွယ်နိုင်တော့ပေ။ ဒါတောင် အထီးကျန်သိုင်းသခင်က သူ့ကိုမရမက တားဆိးလိုနေသေးသည်။
အဲဒါကို တွေးမိသော်လည်း ဖုန့်တူက ပေါ့ပေါ့ဆဆမပြုမူရဲပေ။ သူက အညိုရောင်အလင်းဖြာထွက်နေသည့် သူ၏ အိတ်ထဲမှာ အနက်ရောင်စာရွက်တစ်ရွက်ကို ထုတ်ယူပြီး သူ၏ ဦးခေါင်းထက်ကို မြှောက်တင်ကာ ငရဲဖိနှိမ်မီးဖိုကို တားဆီးလိုက်၏။
အနက်ရောင်စာရွက်သည် စွမ်းအား၏ ထက်ဝက်ကျော်ကို ပိတ်ဆို့တားဆီးနေလျှင်တောင် ဖုန့်တူ၏ ခန္ဓာကိုယ်က တုန်ခါသွားဆဲဖြစ်သည်။
“ဟမ်…”
ဖုန့်တူ၏ အမူအရာက သုန်မှုန်လာပြီး သူက အေးစက်စွာနှာတစ်ချက်မှုတ်ကာ အံကိုကြိတ်ပြီး ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်… အခုချိန်မှာတောင် မင်းက အခြေအနေကို ရှင်းရှင်းလင်းလင်းမမြင်နိုင်သေးဘူးလား”
“အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေအားလုံးက ပုရွက်ဆိတ်တွေဖြစ်ပြီး သူတို့ရဲ့အသက်တွေက တန်ဖိုးမရှိဘူးလို့ ငါမင်းကိုပြောခဲ့တယ်… သူတို့ကို ဘယ်သူကမှ ဂရုစိုက်မနေဘူးကွ… ငါလည်း ဂရုမစိုက်ဘူး… ကောင်းကင်ဘုံခုံရုံကလည်း ဂရုမစိုက်ဘူး”
ဖုန့်တူသည် သူ၏ လေသံကို ဖုံးကွယ်မထားဘဲ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သက်ရှိများအားလုံးက ထိုအသံကို ရှင်းရှင်းလင်းလင်းကြားနေရ၏။
လူတိုင်းက အရာရာတိုင်းကို ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်သည်။
မျိုးနွယ်တစ်သောင်းမှသက်ရှိများသည် ဖုန့်တူပြောသည်က မှန်ကန်သည်ကို သူတို့၏ ရင်ထဲမှာ သိရှိထားကြ၏။
ကောင်းကင်ဘုံခုံရုံးနှင့် တမလွန်ဘုံမှလူများ၏ မျက်လုံးများထဲမှာ သူတို့က ပုရွက်ဆိတ်များနှင့် ခြံမွေးတိရစ္ဆာန်များသာဖြစ်ကြသည်။
မည်သူကမှ သူတို့၏ အသက်များကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ကြပေ။
ရှေးဟောင်းခေတ်ကတည်းက သူတို့သည် ဤမဟာကပ်ဘေး၏ ကစဉ့်ကလျားအခြေအနေမှာ အမြဲတမ်းသားကောင်များဖြစ်ခဲ့ကြသည်။
“ငါကတော့ ဂရုစိုက်တယ်”
ထိုစဉ်မှာပင် နောက်ထပ်အသံတစ်သံက လောကမှာ ထွက်ပေါ်လာ၏။
သူ၏ လေသံက တည်ငြိမ်သော်လည်း တစ်မူထူးခြားစွာခိုင်မာပြီး မေးခွန်းမထုတ်နိုင်ပေ။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက ရင်တထိတ်ထိတ်ဖြစ်သွားပြီး တစ်ယောက်ပြီးတစ်ယောက် မော့ကြည့်လိုက်ကြ၏။
“ငါရှိနေသရွေ့ မင်းတို့တွေထဲ ဘယ်သူကမှ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနဲ့ လာရှုပ်လို့မရစေရဘူး”
ကြယ်များ၏ အထက်မှာ သွေးများစိုရွှဲနေသည့် ခရမ်းရောင်ဝတ်အမျိုးသားက သူ၏ တစ်ဖက်တည်းသောလက်ကိုမြှောက်ပြီး ကောင်းကင်နှင့်မြေကြီးကို လက်ညှိုးထိုးလိုက်၏။ သူ၏ အသံက ခေါင်းလောင်းသံကဲ့သို့ ဟိန်းထွက်နေပြီး သူက ဆက်လက်၍ပြောဆိုလိုက်၏။
“မင်းတို့တွေက ကောင်းကင်ဘုံခုံရုံးကပဲဖြစ်ဖြစ်… တမလွန်ဘုံကပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး… မင်းတို့က အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာရှိတဲ့ အပြစ်မဲ့တဲ့သူတွေကို သတ်ဖြတ်ရဲမယ်ဆိုရင် မင်းတို့ကို ငါအရင် ဖျက်ဆီးပစ်မယ်”
ထိုစကားလုံးများသည် သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်နေပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ပဲ့တင်ထပ်ထွက်ပေါ်လာ၏။
ထိုစကားကိုကြားရသောလူတိုင်းက စိတ်လှုပ်ရှားယိမ်းယိုင်သွားကြလေသည်။
“အထီးကျန်သိုင်းသခင်က မဟာဧကရာဇ်တစ်ပါးဖြစ်ဖို့ တကယ်ပဲ ထိုက်တန်တယ်”
သံသရဖူဆောင်းအဖိုးအိုက အလွန်တရာစိတ်လှုပ်ရှားနေပြီး နှလုံးခုန်မြန်နေ၏။
ထျန်ဟွမ်ကမ္ဘာမှာ…။
ဧကရာဇ်မြောက်ပိုင်းခွန်နှင့် ဧကရာဇ်တောင်ပိုင်းဖန်း၏ မျက်လုံးများက မျက်ရည်များနှင့်အတူ တဖြည်းဖြည်းနီရဲလာပြီး သူတို့က တစ်ချိန်တည်းမှာပင် သိုင်းတာအိုပင်မခန္ဓာရှိရာဘက်သို့လေးနက်စွာ ဦးညွှတ်လိုက်ကြ၏။
ထို့နောက် ခွန်ဖန်းကမ္ဘာမှ လောကအရှင်နှစ်ဦးသည် တိုက်ပွဲကွင်းထဲကို ဝင်ရောက်ပြီး ကောင်းကင်ဘုံခုံရုံးနှင့် အလင်းကမ္ဘာမှဧကရာဇ်များရှိရာသို့ ပြေးဝင်သွားသည်။
“မဟာဧကရာဇ်အထီးကျန်သိုင်းသခင်…”
ပန်းလောကအရှင်က ငေးငိုင်နေသောအမူအရာဖြင့် တီးတိုးရေရွတ်လိုက်၏။
“သူက မဟာဧကရာဇ်တစ်ပါးဆိုတဲ့ အဓိပ္ပါယ်ရဲ့ အကောင်းဆုံးပြယုဂ်ဖြစ်လိမ့်မယ်”
ပန်းလောကအရှင်၏ မျက်လုံးများက ကြည်လင်ရှင်းလင်းမှုကို တဖြည်းဖြည်းပြန်လည်ရရှိလာပြီး တိုက်ပွဲထဲသို့ ဝင်ရောက်လိုက်၏။
“မဟာဧကရာဇ်အထီးကျန်သိုင်းသခင်…”
“မဟာဧကရာဇ်အထီးကျန်သိုင်းသခင်…”
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကနေ အောဟစ်သံများက ထွက်ပေါ်လာ၏။
မျိုးနွယ်စုတစ်သောင်းသက်ရှိများ၏ ရင်ထဲအသည်းထဲမှလာသော အော်ဟစ်သံများသည် သိုင်းတာအိုပင်မခန္ဓာကို အားဖြည့်ထောက်ပံ့ဖို့အတွက် ကမ္ဘာတုန်လောက်ဖွယ်ရာအသံလှိုင်းတစ်ခုအဖြစ် စုစည်းသွားလေသည်။
သိုင်းတာအိုပင်မခန္ဓာက တစ်ယောက်တည်းဖြစ်သော်လည်း သူ၏ နောက်ဘက်မှာ လောကမှာ မရေမတွက်နိုင်သော သက်ရှိများက ရပ်တည်နေသည့်အလားပင်။
ထိုအခိုက်အတန့်မှာ ကောင်းကင်ဘုံခုံရုံးမှ မဟာဧကရာဇ်နှင့် တမလွန်ဘုံအရှင်၏ ဖိအားအောက်မှာ သိုင်းတာအိုပင်မခန္ဓာ၏ အော်ရာက ဒီရေလှိုင်းကိုဆန်၍ မြင့်တက်လာပြီး သူ၏ မျက်လုံးများထဲမှာ စစ်ပွဲမီးတောက်များက နောက်တစ်ဖန်လောင်ကျွမ်းလာနေသည်။
အခန်း ၃၁၇၂ - တာအိုကို အတည်ပြုခြင်း
ဖုန့်တူသည် ကောင်းကင်ဘုံကို မြှုပ်နှံပြီး သက်ရှိများအားလုံးကို သန့်စင်မွမ်းမံဖို့ ဤအခွင့်အရေးကို အသုံးချဖို့ ရွေးချယ်ခဲ့သည်မှာ သိုင်းတာအိုပင်မခန္ဓာကို ကောင်းကင်ဘုံခုံရုံးမှ မဟာဧကရာဇ်က တားဆီးထားလိမ့်မည်ဖြစ်ပြီး သူက လွတ်လွတ်လပ်လပ်ရှိနေမည်ဟု တွက်ချက်မိခဲ့သောကြောင့်ဖြစ်သည်။ သို့သော်လည်း သူသည် သိုင်းတာအိုပင်မခန္ဓာ၏ ဆုံးဖြတ်ချက်ပြတ်သားမှုကို လျှော့တွက်မိခဲ့သည်။
နှစ်ယောက်တစ်ယောက် ရင်ဆိုင်ရပြီး ကောင်းကင်ဘုံခုံရုံးနှင့် တမလွန်ဘုံကို ဆန့်ကျင်ရမည်ဟူသော ရွေးချယ်မှုနှင့်ပင်လျှင် သိုင်းတာအိုပင်မခန္ဓာက သူ့ကို တားဆီးလာဆဲဖြစ်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။
ဖုန့်တူသည် အထီးကျန်သိုင်းသခင်၏ တာအိုကို အထင်သေးခဲ့မိသည်။
အထီးကျန်သိုင်းသခင်သည် သူ၏ တာအိုကို တည်ထောင်ပြီး သက်ရှိများအားလုံးကို သိုင်းပညာ သင်ကြားပေးခဲ့သည်။
သိုင်းတာအို၏ မူလရည်ရွယ်ချက်သည် လောကရှိ သက်ရှိများအားလုံးက ကျင့်ကြံနိုင်ပြီး အင်မော်တယ်များ ဖြစ်လာစေဖို့ပင်။
မဟာတာအိုက ရှည်လျားပြီး ရှေ့မှာရှိသော လမ်းခရီးက ရေရာသေချာမှု မရှိပေ။ အထီးကျန်သိုင်းသခင်က ရှေ့သို့လျှောက်လှမ်းလေလေ၊ သိုင်းတာအို၏ မူလရည်ရွယ်ချက်က ပို၍သိသာထင်ရှားလာလေပင်။
ကြယ်တာရာကောင်းကင်၏ ထောင့်တစ်နေရာမှာရှိသော မိန်းကလေးက အေးတိအေးစက် ရှိနေပြီး တိုက်ပွဲနယ်မြေမှလူကို ညင်သာသော အကြည့်ဖြင့် ကြည့်နေ၏။
သူမက သူနှင့်ပတ်သက်၍ အကဲဖြတ်မမှားခဲ့သည်ကို သိရှိထားသည်။
သူ့ကို အိပ်မက်တံဆိပ်ပြား ပေးခဲ့ခြင်းက မှန်ကန်သော ရွေးချယ်မှုဖြစ်သည်ကို သူမ သိရှိထား၏။
ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်၏ အမူအရာက ပြောင်းလဲသွား၏။
အချိန်ဆက်ဆွဲထားပြီး အထီးကျန်သိုင်းသခင်၏ အော်ရာကို ၎င်း၏ အထွတ်အထိပ်အထိ စုဆောင်းခွင့်ပေးထားမည်ဆိုလျှင် ဖြစ်ပျက်လာမည့်အရာကို သူ မခန့်မှန်းနိုင်တော့ပေ။ အထီးကျန်သိုင်းသခင်က ဒဏ်ရာရရှိနေစဉ် သူက ဆက်လက်၍ ဖိနှိမ်ရပေမည်။
ဇီး…
ဓားတေးသံက အဆက်မပြတ်ထွက်ပေါ်လာပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ဆင်းသက်လာ၏။ ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်က နောက်တစ်ဖန် တိုက်ခိုက်လိုက်သည်။
“ဟုတ်ပြီလေ”
တစ်ချိန်တည်းမှာပင် ဖုန့်တူက ကြမ်းကြုတ်ခက်ထန်သော အကြည့်နှင့်အတူ အေးစက်စွာ ပြောလိုက်၏။
“မင်းက ဒီလောက်ထိ သေချင်နေတယ်ဆိုမှတော့ ငါမင်းကို တမလွန်ဘုံဆီ အရင်ပို့ပေးမယ်”
သိုင်းတာအိုပင်မခန္ဓာ ရှိနေသရွေ့ သူသည် ကောင်းကင်ဘုံကို မြှုပ်နှံပြီး သက်ရှိများအားလုံးကို သန့်စင်မွမ်းမံဖို့ မဖြစ်နိုင်တော့ပေ။
ဖုန့်တူသည် လောလောဆယ်မှာ သူ၏ အစီအစဉ်ကို လက်လျှော့ပြီး သိုင်းတာအိုပင်မခန္ဓာကို အရင်ဆုံးသတ်ဖြတ်ဖို့အတွက် ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်နှင့် ပူးပေါင်းလိုက်သည်။
ထို့ကြောင့် လောကမှာ အလွန်တရာထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာသည်။
ကမ္ဘာ့ရန်ဘက်များဖြစ်သော ကောင်းကင်ဘုံခုံရုံးမှ မဟာဧကရာဇ်နှင့် တမလွန်ဘုံအရှင်က သိုင်းတာအိုပင်မခန္ဓာကို တိုက်ခိုက်ဖို့အတွက် ပူးပေါင်းလိုက်ကြသည်။
ဝုန်း… ဝုန်း… ဝုန်း…
ပညာရှင် သုံးဦးကြားတိုက်ပွဲက လောကကို လဲပြိုသွားစေပြီး ကြယ်တာရာကောင်းကင်က တုန်ခါသွားသည်။
လက်တစ်ဖက်သာရှိသော အထီးကျန်သိုင်းသခင်က ငရဲဖိနှိမ်မီးဖိုကို သူ၏ ဦးခေါင်းထက်မှာ မြှောက်တင်ထား၏။ သူ၏ အကြည့်က မီးမောင်းတစ်ခုကဲ့သို့ တောက်ပနေ၏။ သူက ထိခိုက်ဒဏ်ရာ ရရှိထားသော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်ရှိ တိုက်ပွဲဝင်စိတ်ဝိညာဉ်က လုံးဝ အားလျော့မသွားပေ။ သူသည် ထိပ်သီးပညာရှင်နှစ်ဦးနှင့် ဆန့်ကျင်တိုက်ခိုက်နေ၏။
သူတို့သုံးယောက်က အဆက်မပြတ် ထိတွေ့တိုက်ခိုက်ပြီး အရိပ်များနှင့် အလင်းရောင်က ရောထွေးကာ ဓားချီက အဆက်မပြတ် တုန်ခါနေ၏။
သိုင်းတာအိုပင်မခန္ဓာမှာ နောက်ချန်အစီအစဉ်တစ်ခုခု ရှိမနေခြင်း မဟုတ်ပေ။
အမြုတေသိုင်းလောကက သူ၏ အဆုံးစွန်ဝှက်ဖဲဖြစ်သည်။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် အဲဒါကို အလွယ်တကူ မထုတ်ဖော်ရဲပေ။
သူက အမြုတေသိုင်းလောကကို နောက်တစ်ဖန် ဆင့်ခေါ်သည်နှင့် သိပ်သည်းပြင်းထန်သော အန္တရာယ်အငွေ့အသက်က သေချာပေါက် စုဖွဲ့ပြီး သူ့ထံသို့ ဆင်းသက်လာမည်ကို သူက ခံစားနေရ၏။ သိုင်းတာအိုပင်မခန္ဓာသည် အမြုတေသိုင်းလောကကို ဆင့်ခေါ်ပြီးနောက် သူ့မှာ အချိန်ဘယ်လောက်များများ ကျန်မည်ကို မသိရှိပေ။
သို့သော်လည်း ယခုက အချိန်မတန်သေးသည်ကို သူသိရှိထား၏။
သိုင်းတာအိုပင်မခန္ဓာက အခွင့်အလမ်းတစ်ခုကို စောင့်ဆိုင်းနေသည်။
ကောင်းကင်ဘုံခုံရုံးမှ နောက်ထပ်မဟာဧကရာဇ်တချို့ ဆင်းသက်လာမည်ဆိုလျှင် သူသည် အသေအကြေတိုက်ခိုက်ဖို့အတွက် သူ၏ အမြုတေသိုင်းလောကကို ဆင့်ခေါ်ပြီး သိုင်းစကြာဝဠာနှင့် ပေါင်းစည်းနိုင်မည်ဖြစ်သည်။ လောကနှစ်ခု ပေါင်းစည်းသွားပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက အကန့်အသတ်အထိ မြင့်တက်လာမည်ဆိုလျှင် သူသည် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲအတွက် အသာစီးရရှိနိုင်မည်ဖြစ်သည်။
သို့သော်လည်း ယခု သူ၏ လက်တစ်ဖက်ကို ဆုံးရှုံးထားရပြီး သူက အမြုတေသိုင်းလောကကို မထုတ်ဖော်ပေ။ သိုင်းတာအိုပင်မခန္ဓာသည် ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်နှင့် တမလွန်ဘုံအရှင်၏ ပိတ်ဆို့တိုက်ခိုက်မှုကို မခုခံနိုင်ဘဲ တစ်လှမ်းပြီးတစ်လှမ်း ဆုတ်ပေးနေရ၏။
သူက စောင့်ဆိုင်းနေဆဲဖြစ်သည်။
တစ်ချိန်တည်းမှာပင် သိုင်းတာအိုမီးဖိုသည် သူ၏ လက်ပြတ်ဒဏ်ရာပေါ်ရှိ ဓမ္မတာအိုအမှတ်အသားကို ၎င်း၏ အစွမ်းကုန်ဖြင့် သန့်စင်မွမ်းမံပြီး ၎င်းကို သူ၏ ခန္ဓာကိုယ်နှင့် သိုင်းစကြာဝဠာထဲသို့ ထည့်သွင်းပေါင်းစည်းနေ၏။
တစ်ကြိမ်တိုက်ခိုက်ပြီးတိုင်း သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ပေါ်တွင် ဓားဒဏ်ရာတစ်ခု ပေါ်ထွက်လာတတ်သည်။
သူသည် ဖုန့်တူ၏ အနက်ရောင်စာရွက်ဖြင့် တစ်ကြိမ်ထိခတ်ခံရတိုင်း သွေးတစ်လုတ်ကို အန်ထုတ်ရသည်။
ထိုအခိုက်အတန့်မှာ သိုင်းတာအိုပင်မခန္ဓာသည် သူ၏ အင်အားကြီးမားသော စိတ်စွမ်းအားနှင့် သိုင်းတာအို၏ အနိုင်မခံ အရှုံးမပေးသော စိတ်နှလုံးအပေါ် မှီခိုပြီး ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်နှင့် ဖုန့်တူကို တတ်နိုင်သမျှ ဆန့်ကျင်တိုက်ခိုက်နေ၏။
သူ့မှာ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံး၏ မျှော်လင့်ချက်များ ရှိနေသော်လည်း မဟာဧကရာဇ်များကြားတိုက်ပွဲက မည်သို့ပင်ဆိုစေ ကလေးကစားစရာမဟုတ်ပေ။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ၏ မျှော်လင့်ချက်များနှင့် အော်ဟစ်သံများက သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်သော်လည်း သူ၏ တိုက်ခိုက်ရည်ခွန်အားကို မြှင့်တင်မပေးနိုင်ပေ။ ကြယ်တာရာကောင်းကင်ထဲမှာ သိုင်းတာအိုပင်မခန္ဓာသည် အရေးနိမ့်စွာဖြင့် နောက်ဆုတ်နေရ၏။ သူ၏ ခြေလှမ်းများနောက်မှာ သွေးသံရဲရဲခြေရာများက တုန်လှုပ်စရာကောင်းသော ပုံစံဖြင့် ကျန်ရစ်ခဲ့သည်။
မျိုးနွယ်စုတစ်သောင်း သက်ရှိများ၏ အော်ဟစ်သံများက တဖြည်းဖြည်း လျော့ကျသွားသည်။ တွေ့မြင်ရသော မြင်ကွင်းမှာ ကျင့်ကြံသူများစွာ၏ စိတ်နှလုံးက တဖြည်းဖြည်း ဆို့နင့်လာခဲ့၏။ မဟာဧကရာဇ်အထီးကျန်သိုင်းသခင်က ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။
သွေးများအန်ထွက်ကာ ဒယီးဒယိုင်ဖြစ်သည်အထိ ရိုက်နှက်ခံနေရသော သွေးများဖြင့် စိုရွှဲနေသည့် မဟာဧကရာဇ်အထီးကျန်သိုင်းသခင်ကို လူတချို့က ဆက်လက်၍ မကြည့်ရက်နိုင်တော့ပေ။
“အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မဟာဧကရာဇ်အထီးကျန်သိုင်းသခင်ကို ကူညီပေးနိုင်တဲ့သူ ဘယ်သူမှ မရှိကြတော့ဘူးလား”
အင်မော်တယ်ဘုရင်ပညာရှင်တစ်ဦးက ကျယ်လောင်စွာ မေးလိုက်၏။
မည်သူကမှ တုံ့ပြန်မလာခဲ့ပေ။
သံသရဖူဆောင်းအဘိုးအို၊ ဧကရာဇ်မြောက်ပိုင်းခွန်၊ နဂါးဧကရီဆီးနှင်းနှင့် အခြားသူများက တွေ့မြင်ရသော အခြင်းအရာမှာ သူတို့၏ စိတ်နှလုံးကလည်း ဆို့နင့်သွားကြသည်။
ဤသည်က မဟာဧကရာဇ်များကြား တိုက်ပွဲတစ်ခုဖြစ်သည်။
အင်မော်တယ်ဘုရင်များကို မပြောနှင့်၊ သူတို့လို အထွတ်အထိပ်ဧကရာဇ်များပင် ဤတိုက်ပွဲမှာ သုံးစားမရပေ။
သူတို့က ရှေ့သို့ ပြေးတက်သွားမည်ဆိုလျှင် အနားသို့ မချဉ်းကပ်နိုင်ခင်မှာ သူတို့သုံးယောက် တိုက်ခိုက်နေသော တုန်ခါလှိုင်းဖြင့် သတ်ဖြတ်ခံရပေလိမ့်မည်။
တျဲယွဲ့သည် ဧကရာဇ်မြောက်ပိုင်းခွန်နှင့် ဧကရာဇ်တောင်ပိုင်းဖန်း၏ အကူအညီနှင့်အတူ ထျန်ဟွမ်ကမ္ဘာတိုက်ပွဲနယ်မြေမှာ ပကတိအသာစီးရရှိထား၏။ သို့သော်လည်း သူမသည် အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံ၊ ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသော ဧကရာဇ်များ၏ ဝိုင်းပတ်ပိတ်ဆို့မှုကနေ အချိန်တိုအတွင်းမှာ ရုန်းမထွက်နိုင်ပေ။
သူမသည် ဧကရာဇ်တိုက်ပွဲထဲမှာ ရှိနေသော်လည်း သူမသည် ကြယ်တာရာကောင်းကင်ထဲရှိ အထွတ်အထိပ်တိုက်ပွဲကို အဆက်မပြတ် အာရုံစိုက်ထား၏။
တျဲယွဲ့၏ အမူအရာက မှင်သေသေဖြင့် ရှိနေသည်။ သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက တစ်ကြိမ်ထိခိုက်ဒဏ်ရာရရှိသွားတိုင်း သို့မဟုတ် သွေးများကို အန်ထုတ်လိုက်တိုင်း သူမ၏ လှပသောမျက်လုံးများ၏ အနက်ပိုင်းထဲမှာ ဝဲဂယက်တစ်ခု ဖြာထွက်လာတတ်သည်။
“ဒီဘက်မျိုးဆက် လူသားမျိုးနွယ်ရဲ့ မဟာဧကရာဇ်က ဒီလိုနဲ့ပဲ သေဆုံးသွားရတော့မှာလား”
မည်သူကမှ ထိုအချက်ကို လက်မခံလိုကြပေ။
“မဟာဧကရာဇ်အထီးကျန်သိုင်းသခင်ကို ကူညီပေးနိုင်တဲ့သူ မရှိကြတော့ဘူးလား”
လူတစ်ယောက်က ခါးသီးစွာဖြင့် အော်ဟစ်လိုက်၏။
“ငါတို့တွေက သေရေးရှင်ရေး အခြေအနေမှာ ရှိနေပြီ… မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေကို ကယ်တင်ဖို့အတွက် မဟာဧကရာဇ်အထီးကျန်သိုင်းသခင်ကို ဘယ်သူကမှ ကူညီမပေးနိုင်တော့ဘူးလား”
လူတိုင်းက ကျယ်လောင်စွာ အော်ဟစ်နေသော်လည်း မည်သူကမှ ပြန်ဖြေမလာခဲ့ပေ။
ပူဆွေးဝမ်းနည်းမှုနှင့် စိတ်ပျက်အားငယ်မှု ခံစားချက်တစ်ခုက လောကမှာ ပျံ့လွင့်သွားပြီး မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများထံ ရစ်ဝဲနေ၏။
မဟာဧကရာဇ်အထီးကျန်သိုင်းသခင်၏ သေဆုံးမှုနှင့်အတူ သူတို့အများစုသည် တမလွန်ဘုံအရှင်၏ တာအိုကိုအတည်ပြုရာ လမ်းကြောင်းမှာ မြှုပ်နှံခံရပေလိမ့်မည်။
ကြယ်တာရာကောင်းကင်တိုက်ပွဲနယ်မြေမှာ…
သိုင်းတာအိုပင်မခန္ဓာ၏ အခြေအနေက ဆိုးဝါးသည်ထက် ဆိုးဝါးလာပြီး သူ၏ ဒဏ်ရာများက ပိုမိုပြင်းထန်လာ၏။
“ဟဲဟဲ”
အမှောင်ထုထဲမှ အမျိုးသမီးအိုက ထိုသည်ကို တွေ့မြင်သောအခါ ရယ်မော၍ မှင်သေသေဖြင့် ပြောလိုက်၏။
“ပုရွက်ဆိတ်တစ်အုပ်စုက ဒီလိုအခြေအနေနဲ့ အဆုံးသတ်ရတော့မယ်… ဘယ်လောက်တောင် ရူးမိုက်လိုက်လဲ”
မျက်ခုံးမွေးဖြူ လူအိုကြီးက မှင်သေသေဖြင့် ရှိနေ၏။ သူက လှောင်ပြောင်သရော်ခြင်း သို့မဟုတ် ပူပန်သောကများခြင်း ရှိမနေပေ။
သူက သူ၏ မျက်လုံးနှစ်ဖက်ကိုသာ ဖြည်းဖြည်းချင်း မှိတ်လိုက်၏။
အထီးကျန်သိုင်းသခင်က သေရတော့မည်ကို သူက သိရှိထားသောကြောင့်ဖြစ်သည်။
အထီးကျန်သိုင်းသခင်သည် တစ်ခါတုန်းက သူ မြင့်မြင့်မားမား သတ်မှတ်ထားခဲ့သောလူ ဖြစ်သည်။
သို့သော်လည်း သူသည် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲအတွက် ယခုအချိန်မှာ ဝင်မပါလိုသေးပေ။
ကြယ်တာရာကောင်းကင်၏ အခြားတစ်ဖက်မှာ…
မိန်းကလေးငယ်က သူမ၏ ဆုပ်ထားသော လက်သီးနှစ်ဖက်ကို ရုတ်တရက် ဖြေလျှော့လိုက်၏။
သူမသည် ဆုံးဖြတ်ချက်တစ်ခု ချပြီးသွားသည့်အလား ခေါင်းကိုမော့ပြီး ရှေ့သို့ ခြေတစ်လှမ်းယူလိုက်၏။
သို့သော်လည်း ထိုအခိုက်အတန့်မှာ သူမသည် ရုတ်တရက် ရပ်တန့်ပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ အစွန်အဖျားတစ်နေရာသို့ လှည့်ကြည့်လိုက်၏။
တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား မျက်ခုံးမွေးဖြူဘုန်းကြီးအိုကလည်း ရုတ်တရက် သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်ပြီး ထျန်ဟွမ်ကမ္ဘာရှိရာဘက်သို့ ကြည့်လိုက်လေသည်။
“ဟမ်…”
အမှောင်ထုထဲမှ အမျိုးသမီးအိုက တည်တံ့သောအမူအရာဖြင့် ပေါ်ထွက်လာ၏။
လောကရှိ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် တစ်ချိန်တည်းမှာပင် တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရသည်။
လူများ၏ အော်ဟစ်သံများနှင့် ငိုကြွေးသံများက ရပ်တန့်သွားလေသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် အသက်ကိုအောင့်ကာ မိုးကောင်းကင်ထက်ကို အလိုလိုမော့ကြည့်လိုက်ကြ၏။
ဓားကမ္ဘာနှင့် ထျန်ဟွမ်ကမ္ဘာ၏ တိုက်ပွဲနယ်မြေများမှာပင်လျှင် ဧကရာဇ်များ၊ အင်မော်တယ်ဘုရင်များနှင့် ပကတိစိတ်ဝိညာဉ်ပညာရှင်များက အလိုလိုရပ်တန့်ကာ မော့ကြည့်လိုက်ကြ၏။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ မိုးကောင်းကင်များထက်မှာ သွေးနီရောင်လိပ်ပြာတစ်ကောင် ခပ်ရေးရေးပေါ်ထွက်လာပြီး လူတိုင်း၏ အကြည့်အောက်မှာ ရှင်းလင်းသည်ထက် ရှင်းလင်းလာနေ၏။
လိပ်ပြာ၏ သွေးရောင်က ပို၍ပင် တောက်ပစိုပြည်လာလေသည်။
“ဒါက...”
မရေမတွက်နိုင်သော ပညာရှင်များသည် တုန်လှုပ်နေသော အမူအရာများနှင့်အတူ ဤမြင်ကွင်းကို မယုံကြည်နိုင်စွာ ငေးကြည့်နေကြ၏။
နောက်ခဏ၌ မဟာတာအိုက ပဲ့တင်ထပ်ပြီး လောကက တသိမ့်သိမ့် လှုပ်ခါသွားသည်။
“ဒါက မဟာတာအိုအမှတ်အသားပဲ… အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ မဟာတာအိုအမှတ်အသားပဲ”
“တစ်ယောက်ယောက်က အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ တာအိုကို အတည်ပြုပြီး မဟာဧကရာဇ်တစ်ပါး ဖြစ်လာပြီ”
ဧကရာဇ်ပညာရှင်များက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြ၏။
သံသရဖူဆောင်းအဘိုးအိုသည် မိုးကောင်းကင်ထက်ရှိ သွေးနီရောင်လိပ်ပြာကို ငေးကြည့်ရင်း သူက အလွန်တရာ စိတ်လှုပ်ရှားတက်ကြွနေကာ သူ၏ မျက်နှာပေါ်ကနေ မျက်ရည်များက စီးကျနေ၏။
“ကောင်းလိုက်တာကွာ… ကောင်းတယ်… ကောင်းလိုက်တာ”
“ဒီဘက်မျိုးဆက်မှာ ဒီဧကရာဇ်နှစ်ပါး အတူယှဉ်တွဲရှိနေသရွေ့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနဲ့ မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေအတွက် မျှော်လင့်ချက်ရှိလာပြီ။”