အခန်း (၃၁၇၃-၃၁၇၄)
Vol. 211 Ch. 3173-3174
အခန်း ၃၁၇၃ - လောကကို ဆန့်ကျင်တိုက်ခိုက်ခြင်း
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးသည် စိတ်လှုပ်ရှားတက်ကြွနေပြီး သူတို့၏ သွေးများက ဆူပွက်လာသည်။ မိုးကောင်းကင်ထက်မှ သွေးနီရောင်လိပ်ပြာ အမှတ်အသားကိုကြည့်ရင်း သူတို့က အဆက်မပြတ် တုန်လှုပ်နေကြ၏။
“အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ တာအိုကို အတည်ပြုပြီး မဟာဧကရာဇ်နယ်ပယ်ကို တက်လှမ်းလာတာ ဘယ်သူလဲ”
သက်ရှိအများစုသည် သွေးလိပ်ပြာ အမှတ်အသားကို မမှတ်မိ မသိရှိကြပေ။
“တခြားဘယ်သူရှိဦးမှာလဲ… အဲဒါ မဟာအရိုင်းကမ္ဘာက သားရဲဧကရီသွေးလိပ်ပြာပေါ့”
“မင်းပြောတာမှားတယ်… သူ့ရဲ့နာမည်က အခု မဟာဧကရီ သွေးလိပ်ပြာဖြစ်သွားပြီ”
“မဟာဧကရာဇ်အထီးကျန်သိုင်းသခင်… မဟာဧကရီ သွေးလိပ်ပြာ… ဒါဆို ဒီဘက်မျိုးဆက် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မဟာဧကရာဇ်နှစ်ပါး ပေါ်ထွက်လာပြီဆိုတဲ့ အဓိပ္ပာယ်မလား”
“ဒီခေတ်ကို အထီးကျန်သိုင်းသခင်ခေတ်လို့ ရိုးရိုးရှင်းရှင်း ခေါ်လို့မရတော့ဘူး… ဒါက မကြုံစဖူး မဟာဧကရာဇ်နှစ်ပါးခေတ်ပဲ”
“အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက စည်ပင်ဝပြောပြီး မျိုးနွယ်စုတစ်သောင်းက ထွန်းတောက်လာတော့မယ်”
“မဟာဧကရီ သွေးလိပ်ပြာက ကောင်းကင်ဘုံခုံရုံးနဲ့ ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် မဟာဧကရာဇ်အထီးကျန်သိုင်းသခင်ကို ကူညီပေးပါ့မလား”
“မဟာဧကရီ သွေးလိပ်ပြာက မဟာဧကရာဇ်အထီးကျန်သိုင်းသခင်ရဲ့ တာအိုလက်တွဲဖော်ပဲ… အခု မဟာဧကရာဇ်အထီးကျန်သိုင်းသခင်က ရှုံးနိမ့်နေပြီဆိုတော့ သူက တခြားဘာလုပ်ဦးမယ်လို့ မင်းထင်လို့လဲ”
ထိုအခိုက်အတန့်မှာ မိုးကောင်းကင်ထက်ရှိ သွေးလိပ်ပြာ တာအိုအမှတ်အသားသည် လူတိုင်း၏ အာရုံစူးစိုက်စရာ ဖြစ်လာခဲ့၏။
တူညီသောခေတ်မှာ မဟာဧကရာဇ်နှစ်ပါး မွေးဖွားပေါ်ထွက်လာခြင်းသည် အတိတ်ကာလက အသိသညာများအားလုံးနှင့် မှတ်တမ်းများကို ချိုးဖျက်သွားခဲ့ပြီဖြစ်သည်။
ဒါ့အပြင် မဟာဧကရာဇ်နှစ်ပါးသည် တာအိုလက်တွဲဖော်များ ဖြစ်နေကြသည်။ ဤခေတ်သည် သမိုင်းထဲမှာ အထူးခြားဆုံး မှတ်တမ်းတင်ခံရဖို့ ကံပါလာခဲ့သည်။
ဧကရာဇ်ပညာရှင်များစွာပင်လျှင် ဘာကြောင့်ရယ်မသိ ဒွိဟဖြစ်နေကြသည်။
လူအနည်းအကျဉ်းကသာ အကြောင်းအရင်းကို အကြမ်းဖျင်းခန့်မှန်းနိုင်ကြ၏။
တကယ်တမ်းမှာ ဧကရာဇ်အထီးကျန်သိုင်းသခင်သည် မဟာဧကရာဇ်တစ်ပါး ဖြစ်မလာသေးပေ။ ထို့အစား သူသည် တိုက်ခိုက်ရည်ခွန်အားအရာမှာ မဟာဧကရာဇ်နယ်ပယ်သို့ ရောက်ရှိသွားရုံမျှသာ ဖြစ်သည်။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ တာအိုကို အမှန်တကယ်အတည်ပြုပြီး မဟာဧကရာဇ်နယ်ပယ်သို့ တက်လှမ်းလာခဲ့သည့်သူက မဟာအရိုင်းကမ္ဘာမှ သွေးလိပ်ပြာ ဖြစ်သည်။
ထိုအခိုက်အတန့်မှာ ဓားကမ္ဘာ၊ ထျန်ဟွမ်ကမ္ဘာနှင့် မဟာအရိုင်းကမ္ဘာမှ အော်ဟစ်အားပေးသံများ ထွက်ပေါ်လာကြသည်။
ကောင်းကင်ဘုံခုံရုံးမှာ အမှုဆောင်တမန်တော်များနှင့် ဧကရာဇ်ပညာရှင်များက ထိတ်လန့်သွားပြီး သူတို့၏ အမူအရာများက ရုတ်ခြည်းပြောင်းလဲသွားကြသည်။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မဟာဧကရာဇ်တစ်ပါး ထပ်တိုးလာခြင်းသည် လက်ရှိအခြေအနေအပေါ် တိုင်းတာ၍မရနိုင်သော သက်ရောက်မှုတစ်ခု ရှိလာပေလိမ့်မည်။
ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်က မျက်မှောင်ကြုတ်လိုက်ရုံမျှသာဖြစ်သည်။ သို့သော်လည်း သူ၏အမူအရာက အတော်လေးတည်ငြိမ်နေဆဲဖြစ်သည်။
ဆန့်ကျင်ဘက်အနေဖြင့် ကောင်းကင်ဘုံခုံရုံးမှ ဧကရာဇ်များက သိသိသာသာ ကြောက်လန့်လာကြ၏။
အထူးသဖြင့် ထျန်ဟွမ်ကမ္ဘာတိုက်ပွဲနယ်မြေမှ အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံ၊ ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသော ဧကရာဇ်များ၏ အမူအရာများက တုန်လှုပ်စွာဖြင့် ပြောင်းလဲသွားကြသည်။
သူတို့က တိုက်ခိုက်နေစဉ် မဟာဧကရာဇ်တစ်ပါး ပေါ်ထွက်လာမည်ဟု ဘယ်သူက တွေးမိခဲ့ပါ့မလဲ။
ထွက်ပြေးကြ…
အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံနှင့် ဧကရာဇ်မိုးပြာရောင်မီးတောက်သည် ဖြစ်ပျက်နေသည့်အရာကို နားလည်သဘောပေါက်သွားသည့်အခါ လှည့်ထွက်ပြေးလိုက်ကြ၏။
မဟာဧကရာဇ်တစ်ပါး၏ ရှေ့မှာ သူတို့ ကောင်းကင်ဘုံခုံရုံးမှ ဧကရာဇ်များသည် ဘာမှမဟုတ်တော့ပေ။
တျဲယွဲ့၏ အမူအရာက မှင်သေသေဖြင့်ရှိနေပြီး လှုပ်ရှားခြင်းမရှိဘဲ သူတို့နှစ်ယောက်ရှိရာဘက်သို့ ကြည့်လိုက်၏။ သို့သော်လည်း မိုးကောင်းကင်ထက်ရှိ သွေးလိပ်ပြာတာအိုအမှတ်အသားက ၎င်း၏ တောင်ပံများကို ရုတ်တရက်ခတ်လိုက်၏။
ဖောက်… ဖောက်…
မရေမတွက်နိုင်သော အကြည့်များအောက်မှာ အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံနှင့် ဧကရာဇ်မိုးပြာရောင်မီးတောက်၏ ခန္ဓာကိုယ်များသည် ချက်ချင်းပင် ပေါက်ကွဲထွက်ပြီး သွေးမြူလုံးနှစ်လုံးအဖြစ် ပြောင်းလဲသွားသည်။ သူတို့၏ ခန္ဓာကိုယ်များနှင့် ဝိညာဉ်များက ဖျက်ဆီးခံရပြီး သေဆုံးသွားကြသည်။
ဟာ…
ဤသည်မှာ မဟာဧကရာဇ်တစ်ပါး ဖြစ်လာပြီးနောက် သားရဲဧကရီ သွေးလိပ်ပြာ၏ ပထမဆုံးအကြိမ် တိုက်ခိုက်မှုဖြစ်သည်။ ထိုတိုက်ခိုက်မှုသည် ဤမျှအထိ စွမ်းအားကြီးမားနေသည်ဆိုတော့…။
ထိုလှုပ်ရှားမှုတစ်ခုတည်းကပင် ကောင်းကင်ဘုံခုံရုံးမှ ဧကရာဇ်များ၏ စိတ်ပိုင်းဆိုင်ရာခံစစ်ကို လုံးလုံးလျားလျား ချိုးဖျက်လိုက်ပြီဖြစ်သည်။
ထျန်ဟွမ်ကမ္ဘာမှာသာလျှင်မဟုတ်ဘဲ ဓားကမ္ဘာမှာရှိသော ကောင်းကင်ဘုံခုံရုံးမှ ဧကရာဇ်များသည်လည်း အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ဆက်လက်၍ မနေဝံ့တော့ဘဲ ထိတ်လန့်တကြားဖြင့် ဆုတ်ခွာနေကြပြီဖြစ်သည်။ သူတို့သည် ကောင်းကင်ဘုံခုံရုံး ရှိရာဘက်သို့ ပြေးလွှားနေကြ၏။
ယခုအချိန်မှာ သူတို့သည် လောလောဆယ် ပုန်းလျှိုးပြီး ကောင်းကင်ဘုံခုံရုံးမှ အခြားသော မဟာဧကရာဇ်များ၏ အမိန့်ကို စောင့်ဆိုင်းရမည်သာ ဖြစ်သည်။
မဟာဧကရာဇ်ပညာရှင်များသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ မည်သည့်နေရာဒေသကိုမဆို စိတ်ရှိသလို ဆင်းသက်နိုင်ကြသည်။
တျဲယွဲ့၏ နောက်ထပ်တိုက်ခိုက်မှုက မည်သည့်နေရာကနေ မည်သည့်နေရာသို့ ရောက်ရှိလာမည်ကို မည်သူကမှ မသိကြပေ။
သို့သော်လည်း မဟာဧကရာဇ်တစ်ပါး၏ ဟန့်တားပေးမှုမရှိဘဲ မဟာဧကရီ သွေးလိပ်ပြာသည် ပုရွက်ဆိတ်များကို ဖိခြေသက်ဖြတ်သလို သူတို့ကို အလွယ်တကူ သက်ဖြတ်နိုင်သည်ကို ဧကရာဇ်ပညာရှင်များက သိရှိထားကြသည်။
ကောင်းကင်ဘုံခုံရုံးမှ ဧကရာဇ်များ ဆုတ်ခွာသွားခြင်းနှင့်အတူ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၊ အလင်းကမ္ဘာ၊ ကျောက်တုံးကမ္ဘာ၊ ကောင်းကင်ဘုံမျက်လုံးကမ္ဘာနှင့် အခြားသော ကမ္ဘာများစွာမှ ပူးပေါင်းမဟာမိတ်စစ်တပ်များသည် တိုက်ခိုက်ဖို့ စိတ်ကူးမရှိတော့ဘဲ တစ်ယောက်ပြီးတစ်ယောက် လှည့်ထွက်ပြေးလိုက်ကြ၏။
ဓားကမ္ဘာနှင့် ထျန်ဟွမ်ကမ္ဘာမှ ကျင့်ကြံသူများသည် နောက်ဆုံး အသက်ရှူခွင့်ရပြီး လောလောဆယ်မှာ အန္တရာယ်ကနေ လွတ်မြောက်လာကြသည်။
သွေးနီရောင်လိပ်ပြာအမှတ်အသားက မိုးကောင်းကင်ထက်မှာ ရှိနေဆဲဖြစ်သည်။ ၎င်း၏ တောင်ပံများပေါ်ရှိ သွေးနီရောင် လပြည့်ဝန်းနှစ်ခုက တိုက်ပွဲနယ်မြေရှိ ဧကရာဇ်များကို စိုက်ကြည့်နေသော သွေးနီရောင် သူငယ်အိမ်တစ်စုံနှင့် တူနေ၏။
ထိုသွေးနီရောင်သူငယ်အိမ်တစ်စုံ၏ အောက်မှာ ကောင်းကင်ဘုံခုံရုံး၊ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၊ အလင်းကမ္ဘာနှင့် အခြားသောကမ္ဘာများမှ ဧကရာဇ်ပညာရှင်များသည် သူတို့၏ နောက်ကျောကို ဓားများထိုးစိုက်လာတော့မည့်အလား ခံစားနေရသည်။
ဤသည်ကား မဟာဧကရာဇ်တစ်ပါး၏ ခြိမ်းခြောက်နိုင်စွမ်းဖြစ်သည်။
မဟာဧကရာဇ်အထီးကျန်သိုင်းသခင်၊ ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်နှင့် တမလွန်ဘုံအရှင်တို့သည် သန်မာကြသော်လည်း သူတို့မှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကအတွင်း မဟာဧကရီ သွေးလိပ်ပြာ၏ အော်ရာနှင့် စွမ်းပကားမျိုး မရှိကြပေ။
သိုင်းတာအိုပင်မခန္ဓာသည် ဧကရာဇ်နယ်ပယ်သို့ မကြာသေးခင်ကမှ တက်လှမ်းလာခဲ့သည်။ သူသည် မဟာဧကရာဇ်တစ်ပါးနှင့် ယှဉ်နိုင်သော တိုက်ခိုက်ရည်ခွန်အားနှင့်အတူ သူ၏ ကျင့်ကြံမှုနယ်ပယ်အထက်မှာရှိသော သူများနှင့် တိုက်ခိုက်နေရုံမျှသာဖြစ်သည်။
တမလွန်ဘုံအရှင်၏ အမြုတေစိတ်ဝိညာဉ်သည် မဟာဧကရာဇ်နယ်ပယ်သို့ ရောက်ရှိနေသည်။ သို့သော်လည်း သူသည် ခွဲထုတ်ထားသော အလောင်းသုံးလောင်းကို ပေါင်းစည်းပြီး တာအိုကို အတည်ပြုဖို့ ခြေတစ်လှမ်းလိုနေဆဲဖြစ်သည်။
ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်က အစစ်အမှန် မဟာဧကရာဇ်တစ်ပါးဖြစ်သော်လည်း အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူ၏ တာအိုအမှတ်အသားသည် မဟာဧကရီ သွေးလိပ်ပြာ၏ တာအိုအမှတ်အသားဖြင့် မသိမသာ ဖိနှိမ်ခံထားရသည်။
တျဲယွဲ့သည် ထွက်ပြေးနေသော ကောင်းကင်ဘုံခုံရုံးမှ ဧကရာဇ်များကို လျစ်လျူရှုလိုက်သည်။ သူမ၏ သွေးနီရောင်ဝတ်ရုံက လှုပ်ခါသွားပြီး သူက ညင်သာစွာ လှုပ်ရှားလိုက်၏။ တစ်ခဏချင်းမှာပင် သူမသည် ကြယ်တာရာကောင်းကင် တိုက်ပွဲနယ်မြေကို ရောက်ရှိလာသည်။
တစ်ယောက်ယောက်က မဟာဧကရာဇ်တစ်ပါး ဖြစ်လာသည့်ခဏမှာပင် ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်၊ တမလွန်ဘုံအရှင်နှင့် သိုင်းတာအိုပင်မခန္ဓာတို့၏ တိုက်ပွဲက ရပ်တန့်သွားခဲ့ပြီဖြစ်သည်။
ထိုအခိုက်အတန့်မှာ တျဲယွဲ့ရောက်ရှိလာခြင်းနှင့်အတူ ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်နှင့် တမလွန်ဘုံအရှင်တို့က မဆင်မခြင် မပြုမူရဲတော့ပေ။
“မဟာဧကရီ သွေးလိပ်ပြာလား”
ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်၏ မျက်လုံးက တဖျပ်ဖျပ်လက်သွားပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“မင်းက ကောင်းကင်ဘုံခုံရုံးဆီမှာ အညံ့ခံလိုမယ်ဆိုရင် ပြီးခဲ့တာတွေကို ခဝါချဖို့ ငါဆုံးဖြတ်ချက်ချပေးနိုင်တယ်”
“အနာဂတ်မှာ မင်းက မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းပြီး ထာဝရရှင်သန်မှုကို ရနိုင်မယ့် အခွင့်အရေးတစ်ခုကိုပါ ရရှိလိမ့်မယ်”
တျဲယွဲ့သည် မလှမ်းမကမ်းမှာ ဒဏ်ရာများ၊ သွေးများဖြင့် ပြည့်နှက်နေသော သိုင်းတာအိုပင်မခန္ဓာကိုကြည့်ပြီး ရင်ထဲမှာ နာကျင်လာကာ သူမ၏ သတ်ဖြတ်လိုစိတ်က အထွတ်အထိပ်ကို ရောက်ရှိလာခဲ့ပြီဖြစ်သည်။
သူမသည် ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်နှင့် တမလွန်ဘုံအရှင်ကို အေးစက်နေသောအကြည့်ဖြင့် လှည့်ကြည့်လိုက်၏။
ဝုန်း…
တျဲယွဲ့က သူတို့နှစ်ယောက်နှင့် လုံးဝ လေကြောရှည်မနေပေ။ သူမသည် တိုက်ရိုက်တိုက်ခိုက်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းယူလိုက်၏။ သူမ၏ ကျယ်ပြန့်သော သွေးနီရောင်ဝတ်ရုံအောက်ကနေ သူမ၏ နုနယ်သော လက်ဖဝါးက ဆန့်ထွက်လာပြီး သူတို့နှစ်ယောက်ကို ပစ်ရိုက်ချလိုက်၏။
သွေးလိပ်ပြာတစ်ကောင်၏ ဓမ္မတာအိုအမှတ်အသားက တျဲယွဲ့၏ လက်ဖဝါးပေါ်မှာ ခပ်ရေးရေးပေါ်ထွက်လာသည်။
သွေးလိပ်ပြာပေါ်ရှိ တောင်ပံများက အနည်းငယ် တုန်ခါသွားလေသည်။
တျဲယွဲ့၏ လက်ဖဝါး ရောက်ရှိမလာခင် ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်နှင့် တမလွန်ဘုံအရှင်တို့သည် ကြီးမားသော မုန်တိုင်းတစ်ခု ဆင်းသက်လာသည်ဟု ခံစားလိုက်ရ၏။ ၎င်းသည် သူတို့၏ အရိုးများကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်နေသည့်အလားပင်။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံး၏ အကြည့်များအောက်မှာ တျဲယွဲ့သည် မဟာဧကရာဇ်တစ်ပါး ဖြစ်လာခါစဖြစ်သည်။ ချက်ချင်းပင် သူမသည် နှစ်ယောက်တစ်ယောက် ဆန့်ကျင်တိုက်ခိုက်ပြီး ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်နှင့် တမလွန်ဘုံအရှင်ကို စီးပိုးခြယ်လှယ်စွာ ဖိနှိမ်ပစ်ချင်နေ၏။
အခြားတစ်ဖက်မှာတော့…
သိုင်းတာအိုပင်မခန္ဓာသည် အသက်ရှူခွင့်ရရှိသွားပြီး သိုင်းစကြဝဠာနှင့် ကောင်းကင်နှင့်မြေကြီးမီးဖိုကို နောက်တစ်ဖန် လှည့်ပတ်ကာ သူ့ဒဏ်ရာပေါ်ရှိ ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်၏ ဓမ္မတာအိုအမှတ်အသားကို ရူးသွပ်စွာ ချေဖျက်နေ၏။
တျဲယွဲ့သည် မဟာဧကရာဇ်တစ်ပါး ဖြစ်လာခါစဖြစ်ပြီး သူမ၏ ဓမ္မတာအိုအမှတ်အသားက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် လုံးလုံးလျားလျား မပေါင်းစည်းရသေးပေ။
သူမ၏ တိုက်ခိုက်ရည်ခွန်အားသည် ၎င်း၏ အထွတ်အထိပ်ကို မရောက်ရှိသေးဘဲ သူမသည် ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်နှင့် တမလွန်ဘုံအရှင်ကို သေချာပေါက် ဖိနှိမ်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း တျဲယွဲ့၏ တိုက်ခိုက်မှုသည် သိုင်းတာအိုပင်မခန္ဓာအတွက် အလွန်တရာ အဖိုးတန်သော ပြန်လည်အားဖြည့်ချိန်ကို ရရှိလာ၏။
“ဟမ်…”
ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်က လှောင်ရယ်လိုက်သည်။
“အားနည်းတဲ့မျိုးနွယ်က လိပ်ပြာတစ်ကောင်က ကံကောင်းပြီး မဟာဧကရာဇ်တစ်ပါး ဖြစ်လာတာပဲ… ဒါပေမဲ့ မင်းက အကောင်းအဆိုး နားမလည်ရုံတင်မကဘူး… မင်းက ငါ့ကိုပါ ဖိနှိမ်ဖို့ ကြိုးစားနေတာလား”
“ငါက နင့်ကို ဖိနှိမ်ရုံတင် မဟုတ်ဘူး… ကောင်းကင်ဘုံခုံရုံးကိုပါ ဖျက်ဆီးပစ်ချင်တာ”
တျဲယွဲ့က အော်ပြောလိုက်ပြီး သူမ၏ အော်ရာက တလိပ်လိပ်ထိုးတက်လာ၏။
သူမသည် မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းလိုသည်။
သို့သော်လည်း သူမသည် ကောင်းကင်ဘုံခုံရုံး၏ သနားညှာတာမှုကို မလိုပေ။
သူမသည် မဟာတာအိုရှေ့မှာ ရှိသော အဟန့်အတားများအားလုံးကို ဖြတ်ကျော်ဖို့အတွက် ကိုယ့်အားကိုယ်ကိုးလိုလေသည်။
ထိုသည်က တျဲယွဲ့၏ တာအို ဖြစ်သည်။
“စိတ်ကူးသာ ယဉ်နေစမ်းပါကွာ”
ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်က နောက်တစ်ဖန် လှောင်ရယ်လိုက်၏။
ကောင်းကင်ဘုံခုံရုံးမှ မဟာဧကရာဇ်ရှစ်ဦး ဆင်းသက်လာမည်ဆိုလျှင် မဟာဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် မဟာဧကရီ သွေးလိပ်ပြာက သေရပေမည်။
အခြားတစ်ဖက်မှာ သိုင်းတာအိုပင်မခန္ဓာ၏ ဒဏ်ရာပေါ်ရှိ ဓမ္မတာအိုအမှတ်အသားက တိတ်တဆိတ် ပျက်ပြယ်သွားခဲ့ပြီဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးချီက နောက်တစ်ဖန် လောင်ကျွမ်းလာ၏။
ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာလေသည်။
သိုင်းတာအိုပင်မခန္ဓာ၏ လက်သည် မြင်နိုင်သောနှုန်းထားဖြင့် အသစ်ပြန်ပေါက်လာသည်။
ဤသိုင်းတာအိုခန္ဓာသည် မရေမတွက်နိုင်သော ဓမ္မတာအိုများကို အရည်ဖျော်ချထားသည့် အမြုတေသိုင်းလောကပင် ဖြစ်လေသည်။
ထိုသွေးချီက အရမ်းကို ကြောက်စရာကောင်းပြီး အသက်ရှူချိန်အနည်းငယ်မျှမှာ သိုင်းတာအိုပင်မခန္ဓာ၏ ဒဏ်ရာများက ပုံမှန်အတိုင်း သက်သာပျောက်ကင်းလာ၏။
“ဟားး...”
သိုင်းတာအိုပင်မခန္ဓာက သူ၏ ခေါင်းကိုမော့ပြီး ဟိန်းဟောက်လိုက်၏။ ခြေလှမ်းတစ်လှမ်းနှင့်အတူ သူက ကြယ်တာရာကောင်းကင်ကို ခြိမ်းခြောက်ဖျက်ဆီးပြီး ငရဲဖိနှိမ်မီးဖိုနှင့်အတူ တိုက်ပွဲနယ်မြေသို့ ဆင်းသက်ရောက်ရှိလာ၏။
“ဖုန့်တူ… မင်းသေလိုက်တော့”
ထိုအခိုက်အတန့်မှာ မဟာဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် မဟာဧကရီ သွေးလိပ်ပြာက လောကကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် ပူးပေါင်းထားကြပြီဖြစ်သည်။
အခန်း ၃၁၇၄ - ဝှက်ဖဲ
တျဲယွဲ့သည် ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်ကို ထိန်းပေးထားပြီး သိုင်းတာအိုပင်မခန္ဓာအနေဖြင့် တမလွန်ဘုံအရှင်နှင့်တိုက်ခိုက်ဖို့ ပိုမိုလွယ်ကူလာခဲ့သည်။
သို့သော်လည်း တမလွန်ဘုံအရှင်အတွက် အခြေအနေက ပြောင်းပြန်ဖြစ်လာခဲ့၏။ သူ့အပေါ်ဖိအားက ကြီးမားစွာတိုးလာသည်။
သိုင်းတာအိုပင်မခန္ဓာသည် ယခုအချိန်ထိ မဟာဧကရာဇ်တစ်ပါး ဖြစ်မလာသေးသော်လည်း သူ၏ တိုက်ခိုက်ရည်ခွန်အားနှင့်အတူ ကျင့်ကြံရေးနယ်ပယ်ကို ချိုးဖျက်ပြီး ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်နှင့် အရေးနိမ့်ခြင်းမရှိဘဲ အမှန်တကယ်တိုက်ခိုက်နိုင်သည့်သူဖြစ်လာခဲ့သည်။
တမလွန်ဘုံအရှင်သည် သူ၏ ခွဲထုတ်ထားသော အလောင်းသုံးလောင်းကို အောင်မြင်စွာ ပေါင်းစည်းနိုင်မည်ဆိုလျှင် သူ၏ တိုက်ခိုက်ရည်ခွန်အားသည် မဟာဧကရာဇ်တစ်ပါးနှင့် ယှဉ်နိုင်လာပေလိမ့်မည်။
သို့သော်လည်း ယခု သူက ခြေတစ်လှမ်းလိုနေဆဲဖြစ်သည်။
ထိုအချက်တစ်ချက်ကပင် တမလွန်ဘုံအရှင်က အစစ်အမှန်မဟာဧကရာဇ်တစ်ပါးမဟုတ်ဟု ဆိုလိုပြီး သူသည် တိုက်ခိုက်ရည်ခွန်အားမျာ သိုင်းတာအိုပင်မခန္ဓာကို မယှဉ်နိုင်ပေ။
ထိုအခိုက်အတန့်မှာ တျဲယွဲ့သည် မဟာဧကရာဇ်တစ်ပါးဖြစ်လာသောကြောင့် ထျန်ဟွမ်ကမ္ဘာနှင့် ဓားကမ္ဘာအပေါ် အန္တရာယ်က ပြေလည်သွားသည်။
အတွေးတစ်ချက်နှင့်အတူ သိုင်းတာအိုပင်မခန္ဓာသည် ငရဲဂိတ်တံခါးဆယ်ချပ်ကို ပြန်လည်ဆင့်ခေါ်လိုက်၏။ သူ၏ အော်ရာက သိပ်သည်းစုဖွဲ့လာပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက ဆပွားမြင့်တက်လာသည်။
ဝုန်း… ဝုန်း… ဝုန်း…
သိုင်းတာအိုလက်သီး…
အထွတ်အမြတ်တောကောင်ဝိညာဉ်များဝန်းရံ၍ ဂါထာမန္တန်ရွတ်ဖတ်သံ ပဲ့တင်ထပ်ထွက်ပေါ်နေသော ငရဲဖိနှိမ်မီးဖို…။
ငရဲဂိတ်တံခါးဆယ်ချပ်…။
ကောင်းကင်နှင့်မြေကြီးမီးဖို…
သိုင်းစကြဝဠာ…
သိုင်းတာအိုပင်မခန္ဓာ၏ သိပ်သည်းပြင်းထန်သော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရချိန်မှာ တမလွန်ဘုံအရှင်သည် လုံးဝမခုခံနိုင်ဘဲ တစ်လှမ်းပြီးတစ်လှမ်းဆုတ်ခွာပေးနေရ၏။ သူစုဖွဲ့ထားသည့် မဟာဧကရာဇ်တစ်ပိုင်းအလောင်းခန္ဓာသည် အက်ကွဲသွားပြီး သွေးပမာဏများစွာ လျှံကျလာ၏။
တမလွန်ဘုံအရှင်၏ လက်ထဲရှိ အနက်ရောင်စာရွက်က အလွန်တရာလျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးမားနေခြင်းကြောင့်မဟုတ်လျှင် တမလွန်ဘုံအရှင်၏ အလောင်းခန္ဓာက သိုင်းတာအိုပင်မခန္ဓာ၏ လက်ချက်ဖြင့် ကြေမွပျက်စီးခဲ့ပြီးသားဖြစ်ပေလိမ့်မည်။
ကြယ်တာရာကောင်းကင်၏ အမှောင်ထုထဲမှာ..။
အမျိုးသမီးအိုက တည်တံ့သောအမူအရာဖြင် တိုက်ပွဲနယ်မြေတွင် ဖြစ်ပွားနေသည်ကို ကြည့်နေ၏။ သူမက မိန်းကလေးနှင့် မျက်ခုံးမွေးဖြူလူအိုကြီးရှိရာဘက်သို့ ကြည့်ပြီး တည်တံ့စွာမေးလိုက်၏။
“အထီးကျန်သိုင်းသခင်က ဖုန့်တူကို ဖိနှိမ်နေပြီ… ငါတို့တွေ ဘာမှမလုပ်ဘဲဒီတိုင်းနေမှာလား”
“အဲဒါကို သူကိုယ်တိုင် ဖြစ်လာစေခဲ့တာပဲ… သူက ဘယ်သူ့ကို အပြစ်တင်နိုင်မှာလဲ”
မိန်းကလေးက သရော်တော်တော်လေသံဖြင့် လှောင်ရယ်လိုက်သည်။
မျက်ခုံးမွေးဖြူလူအိုကြီးက တရားထိုင်နေသောဘုန်းကြီးအိုတစ်ပါးကဲ့သို့ မျက်လွှာချထား၏။
အမျိုးသမီးအိုက သူမ၏ မျက်လုံးကို မှေးကျဉ်းပြီး ပြောလိုက်၏။
“သူ့ရဲ့နောက်ခံနဲ့ သူက ဘယ်သူ့ကို ကိုယ်စားပြုတယ်ဆိုတာကို မမေ့လိုက်နဲ့”
မိန်းကလေးက ထိုစကားကိုကြားသောအခါ သူမ၏ အမူအရာက အေးစက်လာပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
“အဲဒီအချက်ကြောင့်မဟုတ်ရင် ငါသူ့ကို တောကောင်တာအိုထဲ ဆွဲခေါ်ခဲ့တာကြာပြီ… သူက ဒီနေ့အချိန်ထိ ဘယ်လိုလုပ် ရှင်သန်နေနိုင်မှာလဲ”
“မိစ္ဆာအရှင်… ရှင်ဘယ်လိုထင်လဲ”
မျက်ခုံးမွေးဖြူလူအိုကြီးက မကြားသလိုဟန်ဆောင်နေသည်ကို အမျိုးသမီးအိုတွေ့မြင်သောအခါ သူမက တည့်တည့်ပင်မေးလိုက်၏။
မျက်ခုံးမွေးဖြူလူအိုကြီးက သူ၏ ငိုက်မျည်းနေသောမျက်လုံးများကို ဖွင့်ပြီး မှင်သေသေဖြင့်ပြောလိုက်၏။
“အခု… အထီးကျန်သိုင်းသခင်နဲ့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ မဟာဧကရာဇ်က သူ့ကိုသတ်ဖြတ်ချင်နေတယ်… ငါတို့သူ့ကိုကူညီပေးမယ်ဆိုရင် ငါတို့က မဟာဧကရာဇ်အထီးကျန်သိုင်းသခင်နဲ့ မဟာဧကရီသွေးလိပ်ပြာတို့နဲ့ ရန်သူတွေဖြစ်လာမယ်ဆိုတဲ့သဘောပဲ… အဲဒါက ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲအတွက် ငါတို့ကို အရေးနိမ့်စေလိမ့်မယ်”
သည့်ယခင်က သိုင်းတာအိုပင်မခန္ဓာသည် ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်နှင့် တမလွန်ဘုံအရှင်၏ ပူးပေါင်းတိုက်ခိုက်မှုမှာ ဒဏ်ရာအပြင်းအထန်ရရှိပြီး သေလုမတတ်ဖြစ်ခဲ့ရ၏။ ထိုစဉ်တုန်းက သူသည် ဂရုမစိုက်ဘဲ သိုင်းတာအိုပင်မခန္ဓာကို ကူညီပေးလိုသည့် မိန်းကလေးကိုပင် တားဆီးခဲ့လေသည်။
ထိုစဉ်တုန်းက သူသည် တမလွန်ဘုံအရှင်ဘက်ကနေ သိသိသာသာဘက်လိုက်နေခဲ့ပုံရသည်။
ထိုအခိုက်အတန့်မှာ တမလွန်ဘုံအရှင်သည် သိုင်းတာအိုပင်မခန္ဓာ၏ ရိုက်နှက်ခြင်းခံနေရပြီး ပြန်လည်မတိုက်ခိုက်နိုင်တော့ဘဲ ဖိနှိမ်ခံရတော့မည့်ပုံရှိနေသည်။
ဤကဲ့သို့သောအချိန်မှာပင် သူက လှုပ်ရှားယိမ်းယိုင်သွားခြင်းမရှိဘဲ ဖုန့်တူကို ကူညီပေးလိုသည့် အမျိုးသမီးအိုကိုပင် တားဆီးလိုက်လေသည်။
ကြည့်ရသည်မှာ သူသည် မဟာဧကရာဇ်အထီးကျန်သိုင်းသခင်၏ ဘက်ကို တစ်ဖန်ပြန်လည်ရောက်ရှိသွားပုံရသည်။
မျက်ခုံးမွေးဖြူလူအိုကြီး၏ စိတ်သဘောထားသည် ယခင်ကနှင့် ကွဲပြားသွားပြီး ရှေ့နောက် ကွဲလွဲဆန့်ကျင်နေသည်ဟုပင် ထင်ရသည်။
တကယ်တမ်းမှာ မျက်ခုံးမွေးဖြူလူအိုကြီးသည် မဟာဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် တမလွန်ဘုံအရှင်ကြား မည်သူသေသည်ဖြစ်စေ ဂရုမစိုက်ပေ။ သူက အချက်ကိုသာဂရုစိုက်လေသည်။
ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲ…။
ယခင်က အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မည်သူကမှ မဟာဧကရာဇ်တစ်ပါးဖြစ်မလာခဲ့ပေ။
ထိုစဉ်တုန်းက မိန်းကလေးသည် အထီးကျန်သိုင်းသခင်ကို ကယ်တင်ရန် ပေါ်ထွက်မည်ဆိုလျှင် အဲဒါက ဖုန့်တူကို ဆန့်ကျင်ရာကျသွားပေလိမ့်မည်။ ဒါ့အပြင် သူတို့သည် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကို ကြိုတင်စတင်ရတော့မည်ဖြစ်ပြီး အဲဒါက သူတို့အတွက် အရေးနိမ့်စေပေလိမ့်မည်။
သို့သော်ယခု တျဲယွဲ့က မဟာဧကရာဇ်တစ်ပါးဖြစ်လာခဲ့သည်။
အမျိုးသမီးအိုက တမလွန်ဘုံအရှင်ကို ကယ်တင်မည်ဆိုလျှင် သူတို့သည် မဟာဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် မဟာဧကရီသွေးလိပ်ပြာနှင့် ပဋိပက္ခတစ်ခု သေချာပေါက်ရှိလာပေလိမ့်မည်။
ယခုအချိန်ထိ မဟာဧကရာဇ်တစ်ပါးပင် ဖြစ်မလာသေးသော ဖုန့်တူအတွက် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ မဟာဧကရာဇ်နှစ်ပါးကို ဆန့်ကျင်ခြင်းသည် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲအတွက် သူတို့ကို အရေးနိမ့်စေပေလိမ့်မည်။
အစကနေ ယခုအချိန်ထိ မျက်ခုံးမွေးဖြူလူအိုကြီးက သူ၏ ဆုံးဖြတ်ချက်မှာ ပြတ်သားမှုမရှိပုံရသော်လည်း တကယ်တမ်းမှာတော့ သူက အလွန်တရာတည်ငြိမ်နေ၏။
ထိုတည်ငြိမ်မှုသည် အေးစက်ခြင်းနှင့် နှလုံးသားကင်းမဲ့ခြင်းအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။
မိန်းကလေးက မျက်ခုံးမွေးဖြူလူအိုကြီးကို လေးလေးနက်နက်တစ်ချက်သာကြည့်ပြီးနောက် တစ်စုံတစ်ရာပြောဆိုခြင်းမရှိပေ။
အမျိုးသမီးအိုက အတန်ကြာအောင်နှုတ်ဆိတ်နေပြီးနောက် ရုတ်တရက်ပြုံးလိုက်၏။
“ရှင်က ပင်ကိုယ်အရ အေးစက်ပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်ဘူးလို့ ဆရာကပြောခဲ့တယ်… သူပြောတာမှန်နေတာပဲ”
မျက်ခုံးမွေးဖြူလူအိုကြီးက မည်သည့်စကားကိုမှ မကြားရသည့်အလား မှင်သေသေဖြင့် ရှိနေပြီး သူက ဈာန်ဝင်စားခြင်းသို့ နောက်တစ်ဖန်ဝင်ရောက်သွားပုံရသည်။
သူတို့တွေ အပြန်အလှန်ပြောဆိုနေစဉ် တိုက်ပွဲနယ်မြေက နောက်တစ်ဖန်ပြောင်းလဲသွားသည်။
ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်သည် တျဲယွဲ့နှင့် တိုက်ခိုက်ရာမှာ မည်သည့်အသာစီးမှ မရရှိနိုင်ဘဲ မျက်မှောင်ကြုတ်လာခဲ့သည်။
လက်ရှိအခြေအနေအရ သူ့အနေဖြင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ တစ်ယောက်တည်းဆက်ရှိနေဖို့ မလိုတော့ပေ။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မဟာဧကရာဇ်နှစ်ပါးမွေးဖွားပေါ်ထွက်လာခဲ့သည်။
ဧကရီဆိုးယုတ်နှင့် မိစ္ဆာအရှင်က အမှောင်ထဲကနေ စောင့်ကြည့်နေမည်ဖြစ်ပြီး လှုပ်ရှားမှုတစ်ခုပြုလုပ်ဖို့အတွက် အခွင့်အလမ်းတစ်ခုကို စောင့်ဆိုင်းနေပေလိမ့်မည်။
ကောင်းကင်ဘုံခုံရုံး၏ အခြားသော အရှင်ခုနှစ်ပါးနှင့် ကောင်းကင်ဘုံခုံရုံးမှ အင်အားအကုန်ကို စုစည်းခြင်းဖြင်သာ သူတို့သည် ဤအခြေအနေကို ဖြေရှင်းနိုင်မည်ဖြစ်သည်။
ထိုသို့အတွေးဖြင့် ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်က တျဲယွဲ့နှင့် နောက်တစ်ဖန်ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ပြီးနောက် နောက်သို့ဆုတ်ခွာကာ ကောင်းကင်ဘုံခုံရုံးရှိရာဘက်သို့ အလင်းတန်းတစ်ခုအသွင် ပြေးထွက်သွားလေသည်။
ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်က နောက်သို့ဆုတ်ခွာဖို့ ရွေးချယ်ခဲ့သည်မှာ နောက်ထပ်ပိုမိုလေးနက်သည့် အဓိပ္ပါယ်တစ်ခုရှိနေ၏။
အထီးကျန်သိုင်းသခင်က ဒေါသချောင်းချောင်းထွက်နေပြီး တမလွန်ဘုံအရှင်ကို ဖိနှိမ်ချင်သည်မှာ သိသာနေ၏။
သူသည် တိုက်ပွဲနယ်မြေကနေ ယခုအချိန်မှာ ထွက်ခွာသွားမည်ဆိုလျှင် မဟာဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် မဟာဧကရီသွေးလိပ်ပြာ၏ ပူးပေါင်းတိုက်ခိုက်မှုမှာ တမလွန်ဘုံအရှင်က သေချာပေါက် ရှုံးနိမ့်တော့မည်ဟု ဆိုလိုသည်။
တမလွန်ဘုံအရှင်သည် ဆိုးယုတ်မိစ္ဆာများ၏ ဘက်မှာ ရှိနေသည်။
ဗြဟ္မာတစ္ဆေမိခင်၊ မိစ္ဆာအရှင်နှင့် ဧကရီဆိုးယုတ်တို့က ကြားဝင်စွက်ဖက်လာဖို့ ဖြစ်နိုင်ခြေမြင့်မားသည်။
မဟာဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် မဟာဧကရီသွေးလိပ်ပြာက ဗြဟ္မာတစ္ဆေမိခင်၊ မိစ္ဆာအရှင်နှင့် ဧကရီဆိုးယုတ်တို့နှင့် ဆန့်ကျင်တိုက်ခိုက်မည်ဆိုလျှင် ကောင်းကင်ဘုံခုံရုံးသည် ကြားထဲကနေ အမြတ်ထွက်ပေလိမ့်မည်။
နှစ်ဦးနှစ်ဖက်က မတိုက်ခိုက်ကြဘူးဆိုလျှင်တောင် တမလွန်ဘုံအရှင်ကို ဖိနှိမ်လိုက်ခြင်းသည် ဗြဟ္မာတစ္ဆေမိခင်နှင့် အခြားသူများ၏ ရင်ထဲမှာ အထုံးတစ်ခုကို သေချာပေါက် ကျန်ရစ်ခဲ့စေလိမ့်မည်ဖြစ်ပြီး နှစ်ဦးနှစ်ဖက်ကြား ခွာပြဲစေဖို့ အကြောင်းဖန်လာနိုင်သည်။
တျဲယွဲ့သည် မဟာဧကရာဇ်တစ်ပါး ဖြစ်လာခါစပင်။ တကယ်တမ်းမှာ သူမ၏ ဓမ္မတာအိုသည် ယခုအချိန်ထိ ပြီးပြည့်စုံမှုမရှိသေးဘဲ သူမ၏ တိုက်ခိုက်ရည်ခွန်အားကို ၎င်း၏ အထွတ်အထိပ်ထိ မထုတ်ဖော်နိုင်သေးပေ။
သူမ၏ လက်ရှိနည်းလမ်းများအရ သူမသည် ဆုတ်ခွာသွားသော ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်ကို မတားဆီးနိုင်ပေ။
တျဲယွဲ့က သူ့နောက်သို့ လိုက်မသွားပေ။ ထိုအစား သူမက တစ်ဘက်သို့လှည့်ပြီး နောက်ထပ်တိုက်ပွဲနယ်မြေသို့ ဝင်ရောက်ကာ တမလွန်ဘုံအရှင်ကို ဖြတ်ရိုက်ချလိုက်၏။
“မင်းတို့တွေ…”
တမလွန်ဘုံအရှင်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး ခပ်စူးစူးအော်ဟစ်လိုက်၏။
သူသည် သိုင်းတာအိုပင်မခန္ဓာတစ်ယောက်တည်း၏ ရိုက်နှက်မှုကနေပင် လဲပြိုကျတောမည့်ဆဲဆဲဖြစ်၏။
ယခု နောက်ထပ်မဟာဧကရာဇ်တစ်ဦးက တိုက်ပွဲနယ်မြေသို့ ဝင်ရောက်လာပြီး သူ့အနေဖြင့် ခုခံဖို့ ပို၍ပင် မဖြစ်နိုင်တော့ပေ။
ဝုန်း…
တမလွန်ဘုံအရှင်၏ အဝတ်အစားများက ကြေမွပျက်စီးသွားပြီး သူ၏ အရေပြားက စုတ်ပြဲသွားလေသည်။ သူ၏ ခန္ဓာကိုယ်အနှံ့ ကြီးမားသော သွေးသံရဲရဲဒဏ်ရာများ ပေါ်ထွက်လာ၏။
စောစောက တမလွန်ဘုံအရှင်နှင့် ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်သည် အတူပူးပေါင်းပြီး သိုင်းတာအိုပင်မခန္ဓာကို ဒဏ်ရာအပြင်းအထန်ရရှိစေကာ အသာစီးရယူခဲ့သည်။
မထင်မှတ်ထားစွာ တစ်ခဏချင်းမှာပင် တမလွန်ဘုံအရှင်သည် တူညီသောအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး မဟာဧကရာဇ်နှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်ခြင်းခံနေရ၏။
သိုင်းတာအိုပင်မခန္ဓာသည် တမလွန်ဘုံအရှင်နှင့် ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင် ပူးပေါင်းတိုက်ခိုက်ခဲ့စဉ်က အနိုင်နိုင်တောင့်ခံထားနိုင်ခဲ့ဆဲဖြစ်သည်။
သို့သော် တျဲယွဲ့တိုက်ခိုက်လာပြီးနောက် တမလွန်ဘုံအရှင်က ချက်ချင်းပင် လဲပြိုကျသွား၏။
“ဖုန့်တူ…”
သိုင်းတာအိုပင်မခန္ဓာက ငရဲဖိနှိမ်မီးဖိုကို ကိုင်ဆွဲပြီး အထက်စီးကနေကြည့်ကာ အေးစက်စွာပြောလိုက်၏။
“ငါမင်းကို ဒီနေ့ ဒုတိယမြောက်ငရဲအရှင်ဖြစ်လာအောင် လုပ်ပေးမယ်”
“အထီးကျန်သိုင်းသခင်…”
တမလွန်ဘုံအရှင်က ကြမ်းကြုတ်ခက်ထန်သောအကြည့်ကို ထုတ်ဖော်ပြီး ကြောက်မက်ဖွယ်ရာကောင်းသောအမူအရာနှင့်အတူ အေးစက်စွာပြောလိုက်၏။
“ငါ့ကို ဖိနှိမ်ပြီးရင် မင်းလည်း ကောင်းကောင်းနေရမယ်လို့ မထင်နဲ့… ငါ့ရဲ့အစွမ်းအစက ဘာလည်းဆိုတာ မင်းကိုငါပြပေးမယ်”
“သေစမ်း”
တမလွန်ဘုံအရှင်က သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး အော်ဟစ်လိုက်၏။
ဝုန်း…
ရုတ်တရက် ထျန်ဟွမ်ကမ္ဘာရှိရာဘက်ကနေ ရွှေရောင်အလင်းလုံးတစ်လုံးက ပစ်လွင့်ထွက်ပေါ်လာပြီး မီးတောက်များက တလိပ်လိပ်ထိုးတက်လာ၏။ ၎င်းသည် ထျန်ဟွမ်ကမ္ဘာကို နေ့ဘက်အလား ထိန်ထိန်လင်းသွားစေ၏။
ထျန်ဟွမ်ကမ္ဘာမှလူတိုင်းက မျက်လုံးများပြူးကျယ်သွားကြသည်။
လူအုပ်ကြားထဲမှာ ရွှေရောင်မီးတောက်လုံးတစ်လုံးက ဆူဇီမို၏ ခန္ဓာကိုယ်ကို ရုတ်တရက်လောင်ကျွမ်းစေပြီး သူ့ကို ချက်ချင်းပင်လွှမ်းခြုံကာ ဘာမှမကျန်အောင် ပြာချပစ်လိုက်၏။
ရွှေရောင်မီးတောက်များကြားမှာ ရှေးဟောင်းကြေးမီးအိမ်တစ်လုံးက လွင့်မျောနေ၏။
ဝိညာဉ်မီးအိမ်…
လူတိုင်း၏ ရှေ့မှောက်မှာ ဝိညာဉ်မီးအိမ်သည် ရွှေရောင်အလင်းတစ်ခုအသွင်ပြောင်းလဲပြီး လေဟာနယ်ထဲသို့ဝင်ရောက်ကာ ချက်ချင်းပင်ပျောက်ကွယ်သွားလေသည်။