အခန်း (၃၁၇၇-၃၁၇၈)
Vol. 211 Ch. 3177-3178
အခန်း ၃၁၇၇ - စစ်တပ်များ စုစည်းလာခြင်း
သိုင်းတာအိုပင်မခန္ဓာသည် တာအိုကို သင်ကြားပေးနေစဉ် တျဲယွဲ့က သူမ၏ ဓမ္မတာအိုကို ပြီးပြည့်စုံအောင် ဖြည့်စွက်နေ၏။
သူမသည် ဓမ္မတာအို အမှတ်အသားတစ်ခုကို စုဖွဲ့ပြီး မဟာဧကရာဇ်တစ်ပါး ဖြစ်လာခဲ့ပြီးလေပြီ။
သူမသည် တာအိုကို အောင်မြင်ရရှိသည့်အချိန်မှာ သူမ၏ အသိအမြင်များနှင့် နားလည်ဆင်ခြင်မှုများအားလုံးကို သူမ ဖန်တီးထားသည့် ကျင့်ကြံခြင်းနည်းစနစ်ထဲသို့ ထည့်သွင်းပေါင်းစည်းလို၏။
ထိုကျင့်ကြံရေးနည်းစနစ်သည် သည်ဘက်မျိုးဆက်၏ တဗူးဂမ္ဘီရကျင့်စဉ် ဖြစ်လာပေလိမ့်မည်။
တျဲယွဲ့သည် ၎င်းကို မဟာအရိုင်းသုတ္တန်ဟု ခေါ်ဆိုသည်။
သူမသည် မဟာအရိုင်းသုတ္တန်ကို ကောက်ချက်ချပြီး ပြီးပြည့်စုံအောင် ဖြည့်စွက်နေစဉ် ၎င်းသည် ဤနေ့ ဤအချိန်ထိ သူမကျင့်ကြံမှု၏ အနှစ်ချုပ်တစ်ခုလည်း ဖြစ်လာခဲ့သည်။ ၎င်းသည် သူမ၏ ကျင့်ကြံမှုနယ်ပယ်ကို တည်ငြိမ်စေပြီး သူမ၏ တိုက်ခိုက်ရည်ခွန်အားကို နောက်တစ်ဖန် မြှင့်တက်လာစေပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာသည် မိုးကောင်းကင်ထက်မှာ သိုင်းတာအိုတွင် ပါရှိသည့် ဓမ္မတာအိုအငွေ့အသက်များအားလုံးကို ချန်ပေးခဲ့လေသည်။
သို့သော်လည်း သည်ဘက်မျိုးဆက်မှာ တျဲယွဲ့သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူမ၏ တာအိုကို အရင်ဆုံးအတည်ပြုခဲ့သည်။ ထို့ကြောင့် ထိုဓမ္မတာအိုအငွေ့အသက်များက သိပ်ကြာကြာ ရှိနေလိမ့်မည် မဟုတ်ပေ။
သက်ရှိများအားလုံးသည် ၎င်းထံကနေ ဘယ်လောက်များများ နားလည်ဆင်ခြင်နိုင်မလဲဆိုသည်က သူတို့၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုနှင့် ကံကြမ္မာအပေါ် မူတည်ပေလိမ့်မည်။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ပညာရှင်များသည် ဤမြင်ကွင်းကို ခေါင်းမော့၍ ကြည့်လိုက်ကြ၏။ သူတို့က တုန်လှုပ်နေစဉ် ရှေ့သို့သာ တက်လှမ်းပြီး ဘယ်တော့မှ ပြန်လှည့်မလာမည့် မဟာဧကရာဇ် အထီးကျန်သိုင်းသခင်နှင့် မဟာဧကရာဇ် သွေးလိပ်ပြာ၏ အနိုင်မခံအရှုံးမပေးသော စိတ်ဝိညာဉ်ကို သူတို့က ခပ်ရေးရေး အာရုံခံမိနေကြ၏။
သူတို့က ဤတိုက်ပွဲမှာ အနိုင်ရရှိမည်ဆိုလျှင် မဟာဧကရာဇ်နှစ်ပါးသည် မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းသွားကြပေလိမ့်မည်။
သူတို့က ရှုံးနိမ့်သွားမည်ဆိုလျှင်လည်း သူတို့က နောက်ဆုတ်ဖို့ စိတ်ကူးရှိကြလိမ့်မည် မဟုတ်ပေ။
ထိုစဉ်မှာပင် ခံ့ညားထည်ဝါသော စွမ်းပကားတစ်ခုက မိုးကောင်းကင်ထက်ကနေ ပေါ်ထွက်လာ၏။
မိုးကောင်းကင်က လဲပြိုကျတော့မည့်ဆဲဆဲဖြစ်ပြီး မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးသည် မွန်းကျပ်ဖွယ်ရာ ခံစားလာရကာ အသက်ပင် ကောင်းကောင်းမရှူနိုင်တော့သည့်အလားပင်။
ဒုန်း… ဒုန်း… ဒုန်း…
ကောင်းကင်ဘုံနတ်ဘုရားများက စစ်ပွဲဗုံများကို တီးခတ်ပြီး လူတိုင်း၏ စိတ်အားမာန်ကို နှိုးဆွပေးလိုက်သည့်အလားပင်။
ဝေါ…
မရေမတွက်နိုင်သော စစ်ရထားများသည် ကောင်းကင်ဘုံခုံရုံးကနေ ဖြတ်ကျော်လာပုံရပြီး မိုးကြိုးထစ်ချုန်းသံများကဲ့သို့ ကျယ်လောင်သော ဆူညံသံများနှင့်အတူ ချဥ်းကပ်လာနေသည်။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ၏ ရှေ့မှာ ဧရာမအက်ကွဲကြောင်းကိုးခုက ကျယ်ပြော၍ အကန့်အသတ်မဲ့သော ကြယ်တာရာကောင်းကင်မှာ ပေါ်ထွက်လာပြီး ကျိန်းစပ်နေသော အလင်းရောင်တစ်ခုကို ဖြာထုတ်ပေးနေ၏။
ဘုရင်များနှင့် ဧကရာဇ်ပညာရှင်များကသာ အက်ကွဲကြောင်းကိုးခုကနေတစ်ဆင့် အထဲမှာရှိသော လောင်ကျွမ်းနေသည့် အလံများနှင့် သိပ်သည်းများပြားသော လူရိပ်များစွာကို ခပ်ရေးရေး တွေ့မြင်နေရ၏။
ကောင်းကင်ဘုံခုံရုံး၏ စစ်တပ်က အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ အချိန်မရွေး ဆင်းသက်လာပေတော့မည်။
သိုင်းတာအိုပင်မခန္ဓာ ထင်မှတ်ထားသည့်အတိုင်း ကောင်းကင်ဘုံခုံရုံးသည် သူ့ကို နောက်ထပ် ကြီးပြင်းခွင့် ပေးလိမ့်မည် မဟုတ်ပေ။ သူတို့သည် သူ့လိုမျိုး ကြီးမားသည့် အန္တရာယ်တစ်ခုကို တတ်နိုင်သမျှမြန်မြန် ရှင်းထုတ်ပစ်ချင်နေကြသည်။
ကောင်းကင်ဘုံခုံရုံးအတွက်တော့ ဤရွေးချယ်မှုက မမှားပေ။
ကောင်းကင်ဘုံခုံရုံးသည် ခံစစ်အတိုင်း ဆက်လက်၍နေမည်ဆိုလျှင် သိုင်းတာအိုပင်မခန္ဓာက ဆက်လက်ကျင့်ကြံပြီး ပကတိဧကရာဇ်နယ်ပယ်သို့ ရောက်ရှိသည့်အခါ ကောင်းကင်ဘုံခုံရုံးက သည်ဘက်ခေတ်မှာ ဖျက်ဆီးခံရနိုင်သည်။
ကောင်းကင်ဘုံခုံရုံး၏ ကြောက်စရာကောင်းသော အစုအဖွဲ့က ဆင်းသက်မလာခင်မှာပင် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက မခံမရပ်နိုင်သော ဖိအားတစ်ခုကို ခံစားနေရပြီဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့ကို ယုံကြည်လက်ခံလိုကြသော အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ပညာရှင်များစွာ ရှိနေလျှင်ပင် သူတို့သည် ဤကဲ့သို့သော ဖိအားအောက်မှာ ရှေ့ထွက်ပြီး ကောင်းကင်ဘုံခုံရုံးနှင့် ဆန့်ကျင်တိုက်ခိုက်ရဲခြင်း မရှိတော့ပေ။
ဓားကမ္ဘာနှင့် ထျန်ဟွမ်ကမ္ဘာကတော့ သူတို့မှာ ရွေးချယ်စရာ မရှိပေ။
နီညိုရောင်မျောက်ဝံကမ္ဘာ၊ နဂါးကမ္ဘာ၊ ခွန်ဖန်းကမ္ဘာ၊ ပန်းကမ္ဘာ၊ မဟာအရိုင်းကမ္ဘာနှင့် အခြားသော ကမ္ဘာများကို ထပ်ပေါင်းမည်ဆိုလျှင်တောင် သူတို့သည် အရေအတွက်နှင့် ခွန်အားအရာမှာ ကောင်းကင်ဘုံခုံရုံးစစ်တပ်နှင့် မိုးနှင့်မြေလို ကွာခြားနေဆဲဖြစ်သည်။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူတို့မှီခိုအားထားနိုင်သည့်သူများမှာ မဟာဧကရာဇ် အထီးကျန်သိုင်းသခင်နှင့် မဟာဧကရီသွေးလိပ်ပြာသာဖြစ်သည်။
သို့သော်လည်း ထိုမဟာဧကရာဇ်နှစ်ပါး စုစည်းထားသည့် စွမ်းအားက အတော်လေး အားနည်းနေပုံရ၏။
သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့နှင့်အတူ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ ပါဝင်ဆင်နွှဲဖို့ ပြင်ထားကြသော ကမ္ဘာတချို့ပင်လျှင် စတင်၍ တွေဝေတုံ့ဆိုင်းပြီး နောက်သို့ဆုတ်ခွာလာကြ၏။
ဝေါ….
ကောင်းကင်ဘုံခုံရုံးမှ ဧကရာဇ်များက ဆင်းသက်လာကြ၏။ အပြာရောင်ကောင်းကင်ဘုံ၏ စစ်တပ်က အရှေ့ဘက်မှာ စည်းစနစ်ကျနစွာ ရှိနေကြ၏။ သူတို့အားလုံးက အစိမ်းရောင်ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး ဓားများနှင့် လှံများကို ကိုင်စွဲထားကြ၏။ သူတို့၏ ခါးများပေါ်မှာ အပြာရောင်ဟူသော စာလုံးပါရှိသည့် တံဆိပ်ပြားများကို ချိတ်ဆွဲထားပြီး သူတို့သည် မိုးကောင်းကင်၏ အရှေ့ဘက်တစ်ခြမ်းလုံးကို နေရာယူထားကြသည်။
ရှေ့တည့်တည့်မှာ အပြာရောင်ကောင်းကင်ဘုံမှ ဧကရာဇ်ပညာရှင် ၁၀၀ကျော်က မတ်တတ်ရပ်နေကြ၏။
ဧကရာဇ်ပညာရှင်တစ်ဦးချင်းစီသည် သွေးများစွန်းထင်း၍ နတ်နဂါးကိုးကောင်ဆွဲသော ရှေးဟောင်းစစ်ရထားများကို စီးနင်းလာကြ၏။
နတ်နဂါးကိုးကောင်သည်လည်း ဧကရာဇ်နယ်ပယ်ကျင့်ကြံမှုမှာ ရှိကြသည်။
သို့သော်လည်း ဤနတ်နဂါးများ၏ မျိုးဆက်သွေးများက သန့်စင်မှုမရှိဘဲ သူတို့သည် နဂါးကျွန်းပေါ်မှ နဂါးမျိုးနွယ်နှင့် မတိမ်းမယိမ်းမှာ ရှိလေသည်။ သူတို့ကို မိုးပြာနဂါးအထွတ်အမြတ်တောကောင်မျိုးနွယ်ဟု မဆိုနိုင်ဘဲ သူတို့သည် ကောင်းကင်ဘုံခုံရုံးမှ အစီးအနင်းတောကောင်များသာ ဖြစ်နေကြ၏။
နဂါးဧကရီဆီးနှင်းက ထိုသည်ကို တွေ့မြင်သောအခါ သူမ၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွား၏။
တစ်နည်းအားဖြင့်ဆိုသော် သူမ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးအရ သူမသည် ကောင်းကင်ဘုံခုံရုံးသို့ ဝင်ရောက်မည်ဆိုလျှင် သူမသည် အလွန်ဆုံး အခြားသူတစ်ယောက်၏ အစီးအနင်းတောကောင်သာ ဖြစ်ပေလိမ့်မည်။
“ဂါး…”
နဂါးဟိန်းသံက တုန်လှုပ်ဖွယ်ရာ ထွက်ပေါ်လာ၏။
အပြာရောင်ကောင်းကင်ဘုံအဖွဲ့မှ ဧကရာဇ်ပညာရှင်များသည် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများကို ငုံ့ကြည့်လိုက်ကြ၏။ သူတို့သည် ပုရွက်ဆိတ်များကို ကြည့်နေသည့်အတိုင်းပင်။
ဤဧကရာဇ်ပညာရှင်များ၏ နောက်ဘက်မှာ အပြာရောင်ကောင်းကင်ဘုံအဖွဲ့မှ မရေမတွက်နိုင်သော ဘုရင်များနှင့် ပကတိစိတ်ဝိညာဉ်စစ်တပ်များ ရှိနေ၏။
မိုးကောင်းကင်ကိုးလွှာထဲမှ အပြာရောင်ကောင်းကင်ဘုံ…
အပြာရောင်ကောင်းကင်ဘုံ၏ စွမ်းအားကပင်လျှင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သက်ရှိများကို ရင်တလှပ်လှပ်ဖြစ်သွားစေဖို့ လုံလောက်နေသည်။
ဝေါ…
ထိုစဉ်မှာပင် မြောက်ဘက်မိုးကုတ်စက်ဝိုင်းကနေ ဆူနာမီအသံတစ်သံက ထွက်ပေါ်လာ၏။ ထိုအသံက အပြာရောင်ကောင်းကင်ဘုံ၏ နဂါးဟိန်းသံများကိုပင် မသိမသာ နစ်မြုပ်သွားစေ၏။
လူတိုင်းသည် အသံထွက်ပေါ်လာရာဘက်သို့ ကြည့်လိုက်ကြ၏။ မြောက်ဘက် မိုးကောင်းကင်မှာ အက်ကွဲကြောင်းထဲကနေ ပင်လယ်ရေများက တစ်ဟုန်ထိုး စီးထွက်လာ၏။ ၎င်းသည် မရေမတွက်နိုင်သည့် သီးခြားကြယ်များဖြင့် စုဖွဲ့ထားသော ကြယ်ပင်လယ်တစ်စင်း ဖြစ်နေသည်။
အဆုံးမဲ့ကြယ်ပင်လယ်ထဲမှာ စိတ်ဝိညာဉ်လိပ်များစွာက နင်းဖြတ်လာပြီး မုန်တိုင်းထန်သော လှိုင်းလုံးများစွာကို ပေါ်ထွက်လာစေ၏။
တောင်ကုန်းများနှင့်တူသော လိပ်ကျောခွံများပေါ်မှာ ဧကရာဇ်ပညာရှင်များက မတ်တတ်ရပ်နေကြ၏။ သူတို့အားလုံးက အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားပြီး အရေအတွက် ၁၀၀ ကျော် ရှိနေ၏။
ကောင်းကင်ကိုးလွှာထဲမှ ဆန်းကြယ်ကောင်းကင်ဘုံ၏ စစ်တပ်က ဆင်းသက်လာခဲ့လေသည်။
အပြာရောင်ကောင်းကင်ဘုံနှင့် ဆန်းကြယ်ကောင်းကင်ဘုံ၏ ရောက်ရှိလာမှုကပင် သူတို့ကို အသာစီးရရှိစေပြီး မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးကို ရင်တလှပ်လှပ်ဖြစ်စေ၏။
ကွာဟချက်က အရမ်းကို ကြီးမားနေသည်။
ခွန်အားအရာမှာသာမက ကြောက်စရာကောင်းသော ထိုအော်ရာကပင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို လုံးလုံးလျားလျား ဖိနှိမ်နိုင်နေ၏။
ထျန်ဟွမ်ကမ္ဘာနှင့် ဓားကမ္ဘာသည် မဟာဧကရာဇ် အထီးကျန်သိုင်းသခင်နှင့် မဟာဧကရာဇ် သွေးလိပ်ပြာ၏ နောက်ဘက်မှာ ရှိနေကြပြီး သူတို့က အပြာရောင်ကောင်းကင်ဘုံနှင့် ဆန်းကြယ်ကောင်းကင်ဘုံ၏ စစ်သည်အင်အားအစုအဖွဲ့များနှင့် ရင်ဆိုင်ရချိန်မှာ အလွန်တရာ အရေးမပါအရာမရောက်တော့ဟု ထင်ရသည်။
ဝုန်…
ထိုစဉ်မှာပင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ ကြယ်တာရာကောင်းကင်ထဲကနေ ကြီးမားသော တုန်ခါမှုတစ်ခု ထွက်ပေါ်လာ၏။ တောင်တန်းများက လဲပြိုကျပြီး မြေပြင်က အက်ကွဲလာနေ၏။
မရေမတွက်နိုင်သော အကြည့်များအောက်မှာ နက်မှောင်၍ အလွန်တရာကြီးမားသော ချောက်နက်တစ်ခုက ကျယ်ပြောသော ကြယ်တာရာကောင်းကင်ကို ရုတ်တရက် ကွဲထွက်သွားစေ၏။
ချောက်နက်သည် ရုန်းကန်ပေါက်ကွဲအား ပြင်းထန်၍ ကြောက်စရာကောင်းသော အော်ရာတစ်ခုအဖြစ် ပြည့်နှက်နေ၏။
ရုတ်တရက် မနှိုင်းယှဉ်သာအောင် မြင့်မားသော အနက်ရောင်အရိပ်တစ်ခုက ချောက်နက်ထဲကနေ ပျံသန်းထွက်ပေါ်လာ၏။
ပညာရှင်များစွာက အနက်ရောင်အရိပ်ကို ကြည့်ပြီးနောက် တုန်လှုပ်၍ ပါးစပ်အဟောင်းသားဖြစ်နေကြ၏။
အနက်ရောင်အရိပ်သည် ချောက်နက်၏ တစ်ဖက်တစ်ချက်စီနှင့် ကြယ်တာရာကောင်းကင်ထဲမှာ မတ်တတ်ရပ်နေ၏။
ဟာ…
လူတိုင်းက အနက်ရောင်အရိပ်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရသောအခါ ပင့်သက်ကို ရှိုက်လိုက်ကြ၏။
ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ သက်ရှိလဲ…
ထိုသတ္တဝါမှာ ဦးခေါင်းကိုးလုံး၊ မျက်လုံးတစ်ထောင်၊ လက် ၉၉၀ နှင့် ခြေရှစ်ချောင်း ပါရှိနေပြီး မီးတောက်များက သူ၏ ပါးစပ်ပေါက်များထဲကနေ လျှံထွက်နေ၏။
သူ၏ ခန္ဓာကိုယ်သည် ကောင်းကင်ဘုံကမ္ဘာမှ မြင်းမိုရ်တောင်ထက်ပင် ပိုမိုမြင့်မားနေ၏။
တကယ်ဆို ကောင်းကင်ထက်ရှိ ကြယ်များကပင် သူ၏ လက်သည်းခွံကို မယှဉ်နိုင်ပေ။
ကြယ်တာရာကောင်းကင်ထဲမှာ ကြောက်စရာကောင်းသောသတ္တဝါက မတ်တတ်ရပ်နေပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက မီးတောက်များဖြင့် လောင်ကျွမ်းကာ ပြင်းထန်ကြမ်းတမ်းသော အော်ရာတစ်ခုကို ဖြာထုတ်နေ၏။ သူက မိုးကောင်းကင်ထက်ကို မော့ကြည့်လိုက်၏။
“သတ်… သတ်… သတ်…”
နက်မှောင်နေသော ချောက်နက်ထဲမှ မရေမတွက်နိုင်သော သက်ရှိများသည် ထိုပုံရိပ်၏ နောက်သို့ လိုက်ပါပြီး ပျံသန်းထွက်ပေါ်လာကြ၏။
ဤသတ္တဝါများထဲ တချို့သည် ပေတစ်ထောင်မြင့်မားပြီး တချို့က ပေတစ်သောင်း မြင့်မားနေ၏။
တချို့က ပေတစ်သိန်းကျော်ပင် မြင့်မားနေကြ၏။
ပေတစ်သိန်းကျော် မြင့်မားသော သက်ရှိများမှာ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ပါရှိနေ၏။
ဤသတ္တဝါများသည် ကြယ်တာရာကောင်းကင်၏ ချောက်နက်ထဲကနေ ရောက်ရှိလာကြပြီး သူတို့အားလုံးက အဆူရာများ ဖြစ်ကြသည်။
အဆူရာမိစ္ဆာတာအို၏ စစ်တပ်က ရောက်ရှိလာခဲ့လေပြီ။
ဦးဆောင်လာသူ ခေါင်းကိုးလုံးနှင့် မျက်လုံးတစ်ထောင်ပါရှိသည့် ကြောက်စရာကောင်းသော သက်ရှိသည် အဆူရာမျိုးနွယ်၏ ခေါင်းဆောင်တပ်မှူးလေးဦးထဲမှ တစ်ဦးဖြစ်သော ဝေပစိတ္တိအဆူရာစစ်သူကြီး ဖြစ်လေသည်။
“ဂါး…”
ထိုစဉ်မှာပင် ချောက်နက်ထဲကနေ နောက်ထပ် ဟိန်းဟောက်သံတစ်သံက ထွက်ပေါ်လာ၏။ ထိုအသံသည် နဂါးများနှင့် ဆူနာမီများ၏ အသံထက်ပင် ပို၍ကြောက်စရာကောင်းလေသည်။
ဒုတိယမြောက် အဆူရာစစ်သူကြီးက ရောက်ရှိလာပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ဆင်းသက်လာခဲ့လေပြီ။
အခန်း ၃၁၇၈ - ကောင်းကင်နှင့်မြေကြီး ထိပ်တိုက်ရင်ဆိုင်ခြင်း
“ကရကဏ္ဌ… ကရကဏ္ဌ…”
ချောက်နက်ထဲကနေ ထွက်ပေါ်လာသော အဆူရာများက ပို၍ပို၍များပြားလာပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ဆင်းသက်လာကြ၏။ သူတို့သည် ဒုတိယမြောက် အဆူရာစစ်သူကြီးကို ကြည့်ပြီး အော်ဟစ်လိုက်ကြ၏။
ကရကဏ္ဌဟုခေါ်သော အဆူရာစစ်သူကြီးသည် ပို၍ပင် ကြောက်စရာကောင်းနေ၏။ သူ၏ ခန္ဓာကိုယ်က မြင်းမိုရ်တောင်ထက် လေးဆပိုမိုကြီးမားပြီး သူ၏ ပခုံးများက အလွန်တရာ ပြန့်ကားနေ၏။ သူ့မှာ ဦးခေါင်းတစ်ထောင် ပါရှိပြီး သူ၏ ကြီးမားသော လက်နှစ်ထောင်ကို လွှဲယမ်းနေ၏။ သူတစ်ယောက်တည်းကို မြင်ရသည်ကပင် ကြက်သီးထစရာကောင်းနေသည်။
“ဂါး…”
ကရကဏ္ဌ၏ ခေါင်းတစ်ထောင်က ကောင်းကင်ဘုံခုံရုံးရှိရာဘက်သို့ မော့ကြည့်ပြီး တစ်ချိန်တည်းမှာ ဟိန်းဟောက်လိုက်၏။ သူ၏ အသံက မိုးကြိုးထစ်ချုန်းသံကဲ့သို့ဖြစ်ပြီး မိစ္ဆာမီးတောက်များက တလိပ်လိပ်ထိုးတက်လာ၏။
အဆူရာစစ်သူကြီး၏ ဟိန်းဟောက်သံအောက်မှာ ဆန်းကြယ်ကောင်းကင်ဘုံကနေ တလိပ်လိပ်တိုးထွက်လာသော ကြယ်ပင်လယ်က တဖြည်းဖြည်း ငြိမ်သက်သွား၏။
နောက်ထပ်လူတစ်ယောက်က ချောက်နက်ထဲကနေ ပေါက်ထွက်လာ၏။
“ရာဟု… ရာဟု…”
အဆူရာများစွာက ထိုသူကိုတွေ့မြင်သောအခါ အော်ဟစ်အားပေးလိုက်ကြ၏။
အဆူရာစစ်သူကြီးလေးဦးထဲမှ တတိယမြောက်စစ်သူကြီး ရာဟု…
ရာဟုသည် အဆူရာမျိုးနွယ်နှင့် အဆင်တူဆုံးဖြစ်လေသည်။ သူ့မှာ လက်ခြောက်ဖက်နှင့် စိမ်းဖန့်ဖန့်မျက်နှာနှင့် ခေါင်းသုံးလုံး ပါရှိလေသည်။ သူ၏ ကြွက်သားများက ဖုထစ်နေပြီး သတ္တုရောင်ဖြင့် တလက်လက်တောက်ပနေ၏။ သူ၏ လက်ထဲမှာ နေနှင့်လကို ကိုင်စွဲထားပြီး သူက တစ်မူထူးခြားစွာ ကြံ့ခိုင်သန်မာသည့်ပုံပေါ်ပြီး ကြမ်းကြုတ်ခက်ထန်သော အော်ရာကို ပိုင်ဆိုင်ထားသည်။
ထို့နောက် ချက်ချင်းပင် နောက်ဆုံးအဆူရာစစ်သူကြီးက ဆင်းသက်လာ၏။
“ဗာလီ ဗာလီ….”
အဆူရာများ၏ အော်ဟစ်သံများက နောက်တစ်ဖန် ပြောင်းလဲသွား၏။
စစ်သူကြီး ဗာလီသည် ယခင်စစ်သူကြီးသုံးဦးထက် များစွာပိုမို သေးငယ်သည့်ပုံပေါ်သည်။ သူ့မှာ လူသားခန္ဓာ၊ နဂါးအမြီးနှင့် လက်လေးဖက်သာလျှင် ပါရှိလေသည်။ သို့သော်လည်း သူသည် နဖူးကနေ ခြေဖျားအထိ အလွန်တရာ အန္တရာယ်များသော အော်ရာတစ်ခုကို ထုတ်ဖော်ထား၏။
ကြယ်တာရာကောင်းကင်၏ ချောက်နက်အက်ကွဲကြောင်းထဲကနေ အတောမသတ်နိုင်သော အဆူရာများက အတန်းလိုက် ပေါ်ထွက်လာကြ၏။ စစ်သူကြီးလေးဦး၏ ဦးဆောင်မှုအောက်မှာ သူတို့သည် ဆင်းသက်လာသော ကောင်းကင်ဘုံခုံရုံးစစ်တပ်နှင့် မျက်နှာချင်းဆိုင်ရပ်ပြီး ကောင်းကင်ဘုံခုံရုံးကနေ ယူဆောင်လာသည့် ကြောက်စရာကောင်းသော ဖိအားကို ချက်ချင်းပင် ကြေမွပျက်စီးသွားစေသည်။
အဆူရာမျိုးနွယ်မှ စစ်သူကြီးလေးဦးစလုံးမှာ သိပ်သည်းပြင်းထန်သော တိုက်ပွဲဝင်စိတ်စိတ်ဝိညာဉ်နှင့် ကြောက်စရာကောင်းသော အော်ရာများ ရှိနေ၏။ ကောင်းကင်ဘုံခုံရုံး၏ အမှုဆောင်တမန်တော်များနှင့် ရင်ဆိုင်ရလျှင်ပင် မည်သူက အနိုင်ရရှိမည်ကို ပြောဖို့ခက်သည်။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာပေါ် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ ကြောက်ရွံ့ထိတ်လန့်မှုက သူတို့၏ အရိုးများထိတိုင် စွဲထင်နေပြီဖြစ်သည်။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို နောက်ခံပေးထားသည့် ကောင်းကင်ဘုံခုံရုံးကို ထည့်ပြောနေစရာပင် မလိုတော့ပေ။
ကြမ်းကြုတ်ခက်ထန်သော အဆူရာကမ္ဘာမှ ဤအဆူရာအုပ်စုကသာ ကောင်းကင်ဘုံခုံရုံးအပေါ် ပင်ကိုယ်မုန်းတီးမှုရှိပြီး အော်ရာချင်းယှဉ်ရာမှာ အရေးနိမ့်ခြင်းမရှိဘဲ သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်နိုင်လေသည်။
ဤအဆူရာအုပ်စုသည် ယနေ့အတွက် ခေတ်တစ်ခေတ်လုံးကြာအောင် အဆူရာတာအိုထဲမှာ ပုန်းခိုနေခဲ့ကြ၏။
ဝေးကွာသော ကြယ်တာရာကောင်းကင်ထဲမှာ ညှိုးနွမ်းသော အမူအရာနှင့် ကုပ်ကုပ်ကိုင်းကိုင်း မျက်ခုံးမွေးဖြူဘုန်းကြီးအိုတစ်ပါးက ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။
ပထမကြည့်စဉ်မှာ သူက ကြယ်တာရာကောင်းကင်၏ အစွန်အဖျားမှာ ရှိနေဆဲဖြစ်သည်။
တစ်ခဏချင်းမှာပင် သူက အနားကို ချဉ်းကပ်လာခဲ့ပြီဖြစ်သည်။
ကြီးမားသော အဆူရာစစ်တပ်က တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကျသွား၏။
မျက်ခုံးမွေးဖြူဘုန်းကြီးအိုရှေ့မှာ စစ်သူကြီးလေးဦးပင်လျှင် ရိုသေလေးစားစွာဖြင့် ဦးညွှတ်လိုက်ကြ၏။
“နှုတ်ဆက်ပါတယ် အရှင်”
အဆူရာများစွာက တစ်ချိန်တည်းမှာ အော်ဟစ်နှုတ်ဆက်လိုက်ကြ၏။
အလယ်အလတ်ကမ္ဘာထောင်လောကမှ ပညာရှင်များစွာက တုန်လှုပ်သွားကြသည်။
ဤမျက်ခုံးမွေးဖြူဘုန်းကြီးအိုက ဒဏ္ဍာရီလာ မိစ္ဆာအရှင် ဖြစ်နိုင်မလား…
ပညာရှင်များသည် အလွန်တရာ ထူးဆန်းသော ခံစားချက်တစ်ခုကို ရရှိနေကြသည်။
ဒဏ္ဍာရီလာ မိစ္ဆာအရှင်သည် အဆူရာစစ်သူကြီးလေးဦးအပါအဝင် ရန်လိုပြီး ကြမ်းကြုတ်ခက်ထန်သော အဆူရာပေါင်း ဘီလီယံချီကို အုပ်ချုပ်လေသည်။
သို့သော်လည်း စစ်သူကြီးလေးဦးနှင့်ယှဉ်လျှင် မျက်ခုံးမွေးဖြူဘုန်းကြီးအိုက အလွန်တရာ အားနည်းသည့်ပုံပေါ်ပြီး သူတို့တွေးထင်ထားသည့် မိစ္ဆာအရှင်၏ သွင်ပြင်ဟန်ပန်နှင့် ကွဲလွဲနေ၏။
အဆူရာများက ဒူးထောက်ပြီး စစ်သူကြီးလေးဦးက ဦးညွှတ်နေခြင်းကြောင့်မဟုတ်လျှင် ဘဝသက်တမ်းကုန်ဆုံးတော့မည်ဟု ထင်ရသော ဤလူအိုကြီးက ခေတ်အဆက်ဆက်မှာ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော ဒဏ္ဍာရီလာ မိစ္ဆာအရှင် ဖြစ်လိမ့်မည်ဟု ဘယ်သူက ယုံကြည်ပါ့မလဲ။
ဤကဲ့သို့သော လူအိုကြီးတစ်ဦးက အဆူရာမျိုးနွယ်၏ ဘီလီယံနှင့်ချီသော စစ်သည်များကို တကယ်ပဲ အမိန့်ပေးနိုင်တာလား…
ကောင်းကင်ဘုံခုံရုံးမှ ဧကရာဇ်ပညာရှင်များသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ပထမဆုံးဆင်းသက်လာစဉ်က သူတို့မှာ မောက်မာခက်ထန်သော အမူအရာများ ရှိခဲ့ကြပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရှိ မျိုးနွယ်စုတစ်သောင်းသက်ရှိများကို လုံးဝဂရုမစိုက်ခဲ့ကြပေ။
သို့သော်လည်း အဆူရာစစ်သူကြီးလေးဦးက ချောက်နက်ထဲကနေ ပေါ်ထွက်လာပြီးနောက် ကောင်းကင်ဘုံခုံရုံးမှ ဧကရာဇ်များ၏ အမူအရာက ပြောင်းလဲသွားကြ၏။
မျက်ခုံးမွေးဖြူဘုန်းကြီးအို ပေါ်ထွက်လာသည်ကို တွေ့မြင်သောအခါ ကောင်းကင်ဘုံခုံရုံးဧကရာဇ်များသည် တည်တံ့သွားပြီး သတိကပ်ထားကြလေသည်။
“မိစ္ဆာအရှင် ကျန်းမာပါရဲ့လား”
ကောင်းကင်ဘုံခုံရုံးကနေ ညင်သာသော အသံတစ်သံ ထွက်ပေါ်လာ၏။
အပြာရောင်ကောင်းကင်ဘုံ၏ အက်ကွဲကြောင်းထဲကနေ အစိမ်းရောင်ဝတ်အမျိုးသားတစ်ဦးက ပေါ်ထွက်လာ၏။ သူက လေဟာနယ်ထဲမှာ လျှောက်လှမ်းပြီး သူ၏ ခြေဖဝါးအောက်မှာ လှေကားထစ်များ ရှိသည့်အလား ဖြည်းဖြည်းချင်း ဆင်းသက်လာ၏။
အပြာရောင်ကောင်းကင်ဘုံအရှင်က ရောက်ရှိလာခဲ့လေပြီ။
တစ်ချိန်တည်းမှာပင် အနက်ရောင်ဝတ်အမျိုးသားတစ်ဦးက ဆန်းကြယ်ကောင်းကင်ဘုံ၏ အက်ကွဲကြောင်းထဲကနေ ဆင်းသက်လာ၏။ သူ၏ အမူအရာက တည်တံ့နေပြီး သူ၏ မျက်လုံးများက ပင်လယ်တစ်စင်းကဲ့သို့ နက်ရှိုင်းကာ မျက်ခုံးမွေးဖြူဘုန်းကြီးအိုကို စိုက်ကြည့်နေ၏။
ဆန်းကြယ်ကောင်းကင်ဘုံအရှင်ကလည်း ရောက်ရှိလာသည်။
ကောင်းကင်ဘုံခုံရုံးမှာ အရှင်နှစ်ပါး၏ ရောက်ရှိလာမှုနှင့်အတူ လောကဆိုင်ရာ ဤထိပ်တိုက်ရင်ဆိုင်မှု၏ အော်ရာက နောက်တစ်ဖန် ပြောင်းလဲသွား၏။
ရုတ်တရက် မျက်ခုံးမွေးဖြူဘုန်းကြီးအို၏ အောက်ဘက်မှာ ဧရာမ ဂူကမ္ပည်းကျောက်စာတိုင်တစ်ခု ပေါ်ထွက်လာပြီး ၎င်းအပေါ်မှာ မည်သည့်စာလုံးကိုမှ ရေးထိုးမထားပေ။
“ဟီးဟီး”
မျက်ခုံးမွေးဖြူဘုန်းကြီးအိုက နာမည်မပါသော ကမ္ပည်းကျောက်စာတိုင်ပေါ်မှာ ထိုင်ပြီး ရုတ်တရက်ပြုံးလိုက်၏။ ထို့နောက် ချက်ချင်းပင် အားလုံး၏ အကြည့်အောက်မှာ မျက်ခုံးမွေးဖြူဘုန်းကြီးအို၏ ဦးခေါင်းပြောင်ပေါ်မှာ အနက်ရောင်ဆံပင်များ ရုတ်တရက် ပေါ်ထွက်လာပြီး သူ၏ အဖြူရောင်မျက်ခုံးမွေးများက ကျွတ်ကျသွားလေသည်။
သိပ်သည်းပြင်းထန်သော အသက်ဓာတ်အားတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲမှာ ရုတ်တရက် ရုန်းကန်ပေါက်ကွဲထွက်ပေါ်လာ၏။
အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော သူ၏ မျက်နှာက ဆက်လက်၍ အိုစာနေခြင်း မရှိတော့ပေ။
သူ၏ မျက်လုံးများက ထုံထိုင်းမနေတော့ဘဲ ကြည်လင်ရှင်းလင်းလာ၏။ သူ၏ အကြည့်က ဓားတစ်လက်ကဲ့သို့ ဖြစ်လာသည်။
သူ၏ ခါးက ဆက်လက်၍ ကုပ်ကိုင်းမနေတော့ဘဲ လှံတစ်စင်းကဲ့သို့ ဖြောင့်မတ်လာ၏။
အဆုံးမဲ့အနက်ရောင်ချီက မိစ္ဆာအရှင်ကို ရစ်ပတ်ပြီး နက်မှောင်နေသော ချပ်ဝတ်တန်ဆာတစ်ခုအဖြစ် စုဖွဲ့ကာ သူ၏ အော်ရာက တဖြည်းဖြည်း မြင့်တက်လာနေ၏။
ဘဝသက်တမ်းကုန်ဆုံးခါနီး လူအိုကြီးက ဆက်လက်၍ မရှိတော့ပေ။
ယခုအချိန်မှာ အမျိုးသားတစ်ဦးက အေးစက်နေသော အမူအရာနှင့် ဂူကမ္ပည်းကျောက်စာတိုင်ပေါ်မှာ ထိုင်နေပြီး ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုနှင့်အတူ အနက်ရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထား၏။ သူသည် ဘီလီယံနှင့်ချီသော အဆူရာများကို အုပ်ချုပ်သည့် ဒဏ္ဍာရီလာ မိစ္ဆာအရှင် ဖြစ်သည်။
ထိုအခိုက်အတန့်မှသာ ကောင်းကင်နှင့်မြေကြီးအကြား ဤတိုက်ပွဲက ဖြစ်ပွားလာတော့မည်ကို အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ မျိုးနွယ်စုတစ်သောင်းသက်ရှိများက အမှန်တကယ် နားလည်သိရှိသွားကြသည်။ ယခင်ခေတ်များနှင့် ဆင်တူစွာပင် ဤတိုက်ပွဲ၏ စစ်မြေပြင်က အလယ်အလတ်ကမ္ဘာတစ်ထောင်လောက ဖြစ်နေဆဲပင်။
သို့သော်လည်း ယခင်ကနှင့်မတူသည်မှာ…
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သည်ဘက်မျိုးဆက်တွင် မဟာဧကရာဇ်နှစ်ပါး မွေးဖွားပေါ်ထွက်လာခဲ့သည်။ ထို့နောက် ချက်ချင်းပင် ပေါ်ထွန်းမှုကောင်းကင်ဘုံနှင့် မီးတောက်ကောင်းကင်ဘုံ၏ စစ်တပ်များ ဆင်းသက်လာပြီးနောက် ချက်ချင်းမှာပင် ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်ကလည်း ဆင်းသက်လာခဲ့၏။
မီးတောက်ကောင်းကင်ဘုံ၏ စစ်တပ်ကို စုစည်းထားပြီး သူတို့မှာ လူအရေအတွက်များစွာ ပါလာသော်လည်း သူတို့၏ အော်ရာသည် ပေါ်ထွန်းမှုကောင်းကင်ဘုံနှင့် အပြာရောင်ကောင်းကင်ဘုံထက် သိသိသာသာ များစွာပိုမိုအားနည်းနေသည််။
သူတို့ဘက်မှာ မီးကောင်းကင်ဘုံအရှင် မရှိရုံသာမက မီးတောက်ကောင်းကင်ဘုံ၏ သခင်လေးတစ်ဦးပင် မရှိပေ။
အမှုဆောင်တမန်တော် မီးတောက်ကောင်းကင်ဘုံပင် သိုင်းတာအိုပင်မခန္ဓာ၏ လက်ချက်ဖြင့် သတ်ဖြတ်ခံခဲ့ရသည်။
မီးတောက်ကောင်းကင်ဘုံစစ်တပ်က ဆင်းသက်လာသောအခါ သူတို့သည် ခေါင်းဆောင်တစ်ဦးမရှိဘဲ ဖရိုဖရဲဖြစ်နေပုံရသည်။
နောက်ထပ်ချောက်နက်တစ်ခုက ကြယ်တာရာကောင်းကင်ထဲမှာ ပွင့်ထွက်သွား၏။
မျိုးနွယ်စုပေါင်းစုံမှ မရေမတွက်နိုင်သော သက်ရှိများက ထွက်ပေါ်လာကြ၏။ သူတို့ထဲမှာ လူသားများ၊ နဂါးများ၊ မြေခွေးများနှင့် နတ်ဘုရားမျိုးနွယ်မှ သူများပင် ပါဝင်နေ၏။ သူတို့အုပ်စုက အလွန်တရာ ရှုပ်ထွေးနေ၏။
ဤသက်ရှိများမှာ ဆင်တူသည့် တစ်ခုတည်းသောအရာမှာ သူတို့၏ မျက်လုံးများက နီရဲနေပြီး ရူးကြောင်ကြောင်အမူအရာများ ရှိနေခြင်းပင်။ သူတို့သည် သူတို့၏ ဘေးပတ်လည်ရှိ အရာရာတိုင်းကို ကိုက်ဖြတ်ချင်နေသည့်အလား ဆင်ခြင်တုံတရား လုံးဝမရှိကြပေ။
“ဟီးဟီးဟီးဟီး”
သက်ရှိများ၏ ပါးစပ်များထဲကနေ ထူးဆန်းသော အသံများ ထွက်ပေါ်လာကြသည်။
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က ရွေ့လျားသွားပြီး ထိုသက်ရှိများကြားမှာ သူသိသော လူတစ်ယောက်ကို တွေ့မြင်လိုက်ရ၏။
ထိုသူသည် အရင်တုန်းက သူ ယက္ခိုသ်အပြစ်သားကုန်းမြေကို ဖျက်ဆီးပြီးနောက် သူ့နောက်သို့ လိုက်လံတိုက်ခိုက်ခဲ့သော မီးတောက်ကောင်းကင်ဘုံမှ အထွတ်အထိပ်ဧကရာဇ် ဖြစ်လေသည်။
ထိုအချိန်တုန်းက သူတို့နှစ်ယောက်ကို ဆိုးယုတ်ဧကရီက အိပ်မက်တစ်ခုထဲသို့ ဆွဲခေါ်သွားခဲ့သည်။ သို့သော်လည်း သူသည် ဆိုးယုတ်ဧကရီ၏ စမ်းသပ်ချက်ကို ဖြတ်ကျော်ပြီးနောက် အိပ်မက်ကနေ နိုးထလာခဲ့သည်။
မီးတောက်ကောင်းကင်ဘုံမှ ဧကရာဇ်ကတော့ သူသည် အိပ်မက်ထဲမှာ နစ်မြုပ်သွားပြီး တောကောင်တာအိုမှာ လုံးလုံးလျားလျား ကျဆင်းကာ ဘယ်လိုကိုက်ဖြတ်ရမလဲသာသိသော ဆင်ခြင်တုံတရားကင်းမဲ့သည့် ဤတောကောင်များထဲမှ တစ်ကောင်ဖြစ်လာခဲ့သည်။
မိန်းကလေးက ရုတ်တရက် ပေါ်ထွက်လာ၏။
ကြယ်တာရာကောင်းကင်၏ အဝေးကနေ သူမသည် ကြယ်များကို ဖြတ်ကျော်ကာ လျှောက်လှမ်းလာ၏။
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က သူမအပေါ် ဆင်းသက်ရောက်ရှိသွား၏။
အစကတော့ အာရှဲ့သည် အိပ်မက်ထဲမှာ သူတွေ့မြင်ခဲ့ဖူးသော ဖြူဖပ်ဖြူရော်နှင့် ပိန်ပိန်ပါးပါးမိန်းကလေး ဖြစ်နေဆဲပင်။ သို့သော်လည်း သူမ အနားကိုချဉ်းကပ်လာသည့်အခါ မိန်းကလေးသည် အသက် ၁၈နှစ်ဝန်းကျင် မိန်းမပျိုလေးတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ပြီဖြစ်၏။ သူမ၏ ရုပ်ရည်သွင်ပြင်က ပိန်ပါး၍ သူမက အမူအရာကင်းမဲ့နေဆဲဖြစ်သော်လည်း သူမ၏ ကလေးဘဝမှ ရုပ်ရည်သွင်ပြင်ကို သူမ၏ မျက်နှာအပေါ်မှာ ခပ်ရေးရေး ဖမ်းမိနိုင်ဆဲဖြစ်သည်။