အခန်း (၃၁၇၉-၃၁၈၀)
Vol. 211 Ch. 3179-3180
အခန်း ၃၁၇၉ - ခြိမ်းခြောက်မှု
မျက်လုံးများ နီရဲနေသော တောကောင်အုပ်စုရှေ့သို့ မိန်းကလေး ရောက်ရှိလာသောအခါ သူတို့သည် ချက်ချင်းပင် ကိုက်ခဲနေခြင်းကို ရပ်တန့်ပြီး မျက်နှာလိုမျက်နှာရ အကြည့်များဖြင့် မိန်းကလေးကို ကြည့်နေကြ၏။
သူတို့သည် အဲဒါကို သူတို့မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့ရခြင်း မဟုတ်လျှင် သူတို့ရှေ့မှ အန္တရာယ်မပေးတတ်ပုံရသော မိန်းကလေးသည် ရူးသွပ်ဖောက်ပြန်နေသည့် တောကောင်ပေါင်းဘီလီယံချီကို အုပ်စိုးသည့် ဧကရီဆိုးယုတ် ဖြစ်လိမ့်မည်ဟု ဘယ်သူက ယုံကြည်ပါ့မလဲ။
သိုင်းတာအိုပင်မခန္ဓာသည် မိစ္ဆာအရှင်နှင့် ဧကရီဆိုးယုတ်ကို အတွေးနက်စွာဖြင့် ကြည့်နေ၏။
မိစ္ဆာအရှင်နှင့် ဧကရီဆိုးယုတ်ထံ သိသာထင်ရှားသော ပြောင်းလဲမှုများ ရှိနေ၏။
မိစ္ဆာအရှင်က ဆက်လက်၍ မအိုစာတော့ပေ။
ဧကရီဆိုးယုတ်ကလည်း အရွယ်ရောက်ကြီးပြင်းလာခဲ့ပြီဖြစ်သည်။
သို့သော်လည်း ဤသည်မှာ မိစ္ဆာအရှင်နှင့် ဧကရီဆိုးယုတ်၏ ပုံမှန်အခြေအနေ ဟုတ်ပုံမရပေ။
မဟုတ်ပါက သူတို့အနေဖြင့် ပုံမှန်အချိန်များမှာ တစ်ယောက်က အိုမင်းရင့်ရော်ပြီး တစ်ယောက်က ငယ်ရွယ်နေသည့်ပုံ ရှိနေစရာ မလိုအပ်ပေ။
အဲဒါထက် တစ်ယောက်က အိုမင်းရင့်ရော်ပြီး တစ်ယောက်က ကလေးငယ်တစ်ယောက်ကဲ့သို့ ငယ်ရွယ်သွားစေရန် ယခင်က သူတို့နှစ်ယောက်ထံ ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပွားခဲ့ရပေမည်။
မိစ္ဆာအရှင်သည် သူတို့အားလုံးက မဟာကမ္ဘာတစ်ထောင်လောကမှ လာခဲ့သည်ဟု တစ်ခါက ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
မိစ္ဆာအရှင်နှင့် ဧကရီဆိုးယုတ်သည် တစ်ခါက မဟာကမ္ဘာတစ်ထောင်လောကမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ဤအခြေအနေသို့ ကျဆင်းသွားခြင်း ဖြစ်ပုံရသည်။
မိစ္ဆာအရှင်နှင့် ဧကရီဆိုးယုတ်၏ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲ စတင်ရသည့် အကြီးမားဆုံး ရည်ရွယ်ချက်ပန်းတိုင်မှာ မဟာကမ္ဘာတစ်ထောင်လောကသို့ ပြန်သွားရန်ဖြစ်သည်။
မိစ္ဆာအရှင်နှင့် ဧကရီဆိုးယုတ်၏ ထိခိုက်ဒဏ်ရာများကို အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မကုသနိုင်ဘူးဟု ဆိုလိုသည် မဟုတ်ပါလား။
ကြည့်ရသည်မှာ လက်ရှိအခြေအနေသည် သူတို့အတွက် ယာယီအခြေအနေတစ်ခု ဖြစ်ပုံရပြီး သိပ်မကြာခင် သူတို့၏ အိုမင်းသောသွင်ပြင်နှင့် ကလေးငယ်သွင်ပြင်သို့ ပြန်လည်ပြောင်းလဲသွားပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာက အလေးအနက် စဉ်းစားတွေးတောနေစဉ် အရှေ့မြောက်အရပ်မှာ ဆောင်းဦးကောင်းကင်ဘုံ၊ အနောက်မြောက်အရပ်မှာ တမလွန်ကောင်းကင်ဘုံ၊ အနောက်တောင်အရပ်မှာ ဟင်္သပဒါးကောင်းကင်ဘုံ၊ အရှေ့တောင်အရပ်မှာ မီးပဒေသာကောင်းကင်ဘုံနှင့် အလယ်ဗဟိုမှာ စွမ်းအားကောင်းကင်ဘုံစစ်တပ်တို့က အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဆင်းသက်ရောက်ရှိလာကြပြီဖြစ်သည်။
ကောင်းကင်ဘုံခုံရုံး၏ အရှင်ရှစ်ပါးကလည်း ဆင်းသက်ရောက်ရှိလာကြသည်။
ဝုန်း…
ကြယ်တာရာကောင်းကင်ထဲမှာ တတိယမြောက် ချောက်နက်တစ်ခုက ပွင့်ထွက်သွား၏။
မရေမတွက်နိုင်သော အတောက်ပံပါ ယက္ခိုသ်များနှင့် ယက္ခများက ထူးဆန်းသော အော်ဟစ်သံများနှင့်အတူ ချောက်နက်ထဲကနေ ပျံသန်းထွက်လာကြ၏။ သူတို့၏ အမူအရာများက ကြမ်းကြုတ်ခက်ထန်နေပြီး သူတို့၏ အကြည့်များက ကြောက်မက်ဖွယ်ရာကောင်းကာ ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုကို ထုတ်ဖော်ထားကြသည်။
ဆာလောင်တစ္ဆေတာအိုမှာ သိုင်းတာအိုပင်မခန္ဓာ တွေ့မြင်ခဲ့ဖူးသော ယက္ခိုသ်အမျိုးသမီးဆယ်ဦးကလည်း တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာကြသည်။
ယက္ခိုသ်လမ္ဗက သူမ၏ ဘယ်ဘက်လက်ထဲမှာ ကျမ်းစာတစ်စောင်နှင့် သူမ၏ ညာဘက်လက်ထဲမှာ ဓားတစ်လက်ကို ကိုင်စွဲထားသည်။
ယက္ခိုသ်ဝိလမ္ဗက ရွှေရောင်လင်းကွင်းကို သူမ၏ လက်နှစ်ဖက်ထဲမှာ ကိုင်စွဲထား၏။
ယက္ခိုသ်ကုဋဒန္တီက ပန်းလှောင်ချိုင့်တစ်ခုကို ကိုင်စွဲထား၏။
အဲဒီမှာ ယက္ခိုသ်မာကုဋဒန္တီ၊ ယက္ခိုသ်ကေသိနီ၊ ယက္ခိုသ်အာကာလ၊ ယက္ခိုသ်မာလာဓာရီ၊ ယက္ခိုသ်ကုန္တီနှင့် ယက္ခိုသ်စင်ကြယ်အပျိုစင်တို့ ပါဝင်ကြသည်။
ယက္ခိုသ်အမျိုးသမီးဆယ်ဦးစလုံးက အထွတ်အထိပ်ဧကရာဇ်များ ဖြစ်ကြသည်။
မဟာဧကရီ တမလွန်ကိုးဘုံသည် တစ်ခါက ယက္ခိုသ်အမျိုးသမီးဆယ်ဦးထဲမှ ယက္ခိုသ်စင်ကြယ်အပျိုစင် ဖြစ်ခဲ့ဖူးသည်။
ယက္ခိုသ်အမျိုးသမီးဆယ်ဦးအပြင် ယက္ခရှစ်ဦးလည်း ရှိနေကြ၏။
ယက္ခမဏိဘဒ္ဒ၊ ယက္ခပုဏ္ဏဘဒ္ဒ၊ ယက္ခပါဉ္စိက၊ ယက္ခသာတဂိရ၊ ယက္ခဟိမဝန္တာ၊ ယက္ခဝိသာခ၊ ယက္ခအာဠာဝကနှင့် ယက္ခပဉ္စာလ…။
ယက္ခရှစ်ဦးသည်လည်း အထွတ်အထိပ်ဧကရာဇ်များဖြစ်ပြီး သူတို့ကိုယ်ပိုင်ခွန်အားများ ရှိကြသည်။ သူတို့အားလုံးသည် အလွန်တရာသန်မာပြီး ကြမ်းကြုတ်ခက်ထန်ကြသည်။
ယက္ခိုသ်အမျိုးသမီးဆယ်ဦးနှင့် ယက္ခရှစ်ဦး၏ နောက်ဘက်မှာ ကြယ်တာရာကောင်းကင်၏ အစပ်ကနေ ကြီးမားသော အနက်ရောင်မြူခိုးတစ်လွှာက တလိပ်လိပ်ထိုးတက်လာ၏။
အဆုံးမဲ့အနက်ရောင်မြူခိုးများထဲမှာ အမျိုးသမီးအိုတစ်ဦး၏ ပုံရိပ်ကို ခပ်ရေးရေးတွေ့မြင်နိုင်သည်။ အနက်ရောင်မြူခိုးများက အနားကို ချဉ်းကပ်လာသောအခါ သူတို့အားလုံးသည် အမျိုးသမီးအို၏ ပါးစပ်ထဲသို့ ဝင်ရောက်သွား၏။
လူတိုင်း၏ ရှေ့မှောက်မှာ အမျိုးသမီးအိုသည် ရင့်ကျက်၍ ညှို့ဓာတ်အော်ရာတစ်ခု ဖြာထွက်နေသည့် ချောမောလှပသော အနက်ရောင်ဝတ်အမျိုးသမီးတစ်ဦးအဖြစ် အသွင်ပြောင်းလဲသွား၏။
ဗြဟ္မာတစ္ဆေမိခင်က ရောက်ရှိလာခဲ့ပြီ။
ဤအခြေအနေအရောက်မှာ ကောင်းကင်ဘုံခုံရုံးမှ အရှင်ရှစ်ပါးကလည်း ပေါ်ထွက်လာကြသည်။
လမ်းခြောက်သွယ်ဘက်မှာ တစ္ဆေတာအို၏အရှင် ဗြဟ္မာတစ္ဆေမိခင်၊ အဆူရာတာအို၏အရှင် မိစ္ဆာအရှင်နှင့် တောကောင်တာအို၏အရှင် ဧကရီဆိုးယုတ်တို့က ရောက်ရှိလာကြသည်။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့အပါအဝင် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲအတွက် ဤဘက်မှာ မဟာဧကရာဇ်ငါးပါးသာ ရှိလေသည်။ ကောင်းကင်ဘုံခုံရုံး၏ မဟာဧကရာဇ်ရှစ်ပါးနှင့်ယှဉ်လျှင် သူတို့က အရေအတွက် လျော့နည်းနေဆဲဖြစ်သည်။
“ဟဲဟဲ”
ဗြဟ္မာတစ္ဆေမိခင်က သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့ကို သူမ၏ လှပသောမျက်လုံးများဖြင့် လှမ်းကြည့်လိုက်၏။ ရုတ်တရက် သူမက ပြုံး၍ ပြောလိုက်၏။
“နင်တို့နှစ်ယောက်က စောစောတုန်းက သနားညှာတာမှုပြခဲ့မယ်ဆိုရင် ဖုန့်တူက နောက်ဆုံးခြေလှမ်းကိုလှမ်းပြီး မဟာဧကရာဇ်တစ်ပါးဖြစ်လာမှာ… အဲဒါဆိုရင် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ ငါတို့အနိုင်ရဖို့ ပိုပြီးတော့ အလေးသာလိမ့်မယ်”
ဗြဟ္မာတစ္ဆေမိခင်သည် စကားကို ယဉ်ကျေးစွာ ပြောဆိုနေသော်လည်း သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့အပေါ် သူမ၏ မကျေနပ်မှုကို စောင်းမြောင်းဖော်ပြနေခြင်းဖြစ်၏။ သို့သော်လည်း ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲက ဖြစ်ပွားလာတော့မည်ဖြစ်ပြီး ဖုန့်တူက သေဆုံးခဲ့ပြီကို သူမက သိရှိထား၏။ ထိုအချက်ကြောင့် သူမသည် သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့နှင့် ရန်သူများဖြစ်လာစရာ မလိုအပ်ပေ။
ရုတ်တရက်ဆိုသလို…
သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့က တစ်ချိန်တည်းမှာ မျက်မှောင်ကြုတ်ပြီး သူတို့၏ အမူအရာများက အေးစက်လာ၏။
မိစ္ဆာအရှင်နှင့် ဧကရီဆိုးယုတ်၏ ခြိမ်းခြောက်နိုင်စွမ်းအောက်မှာ အဆူရာစစ်တပ်နှင့် တောကောင်စစ်တပ်သည် အတော်လေး စည်းကမ်းတကျရှိနေပြီး ချောက်နက်ထဲကနေ ထွက်ခွာလာပြီးနောက် သူတို့က မဆင်မခြင်မပြုမူကြပေ။
သို့သော်လည်း ယက္ခိုသ်စစ်တပ်များနှင့် ယက္ခစစ်တပ်သည် ချောက်နက်ထဲကနေ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ဆင်းသက်ရောက်ရှိလာပြီးနောက် အငြိမ်မနေကြပေ။
ယက္ခများစွာ၏ မျက်လုံးများက သွေးဆာရက်စက်သော အလင်းရောင်ဖြင့် တောက်ပနေ၏။ ဖျတ်ခနဲဆို သူတို့သည် ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုနှင့်အတူ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ မှီတင်းနေထိုင်ရာ ကြယ်များနှင့် ကမ္ဘာများဆီသို့ ပြေးဝင်သွားကြ၏။
ယက္ခိုသ်မျိုးနွယ်နှင့် ယက္ခမျိုးနွယ်သည် ပင်ကိုယ်သဘာဝအရ ကြမ်းကြုတ်ခက်ထန်ပြီး သွေးဆာရက်စက်ကြသည်။
ဒါ့အပြင် ယခင်ခေတ်တချို့က ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲများမှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ သူတို့ရောက်ရှိလာသည့်အချိန်မှာ သူတို့ပထမဆုံး ကြုံတွေ့ရခြင်းသည် ကောင်းကင်ဘုံခုံရုံး၏ အကျပ်ကိုင်မှုနှင့် ဖြားယောင်းမှုကြောင့် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ အတင်းအကျပ်ပါဝင်ရသော အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သက်ရှိများဖြစ်လေသည်။
ထို့ကြောင့် ယက္ခများနှင့် ယက္ခိုသ်များသည် တစ္ဆေကမ္ဘာကနေ ထွက်ခွာလာသည့်ခဏမှာပင် ဤနေရာမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို စတင်ဖို့ ပြင်ဆင်ထားကြပြီဖြစ်သည်။
အနီးအနားကြယ်များနှင့် ကမ္ဘာများသည် ယက္ခများနှင့် ယက္ခိုသ်များ၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို လုံးဝခုခံနိုင်ကြမည်မဟုတ်ပေ။
သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့သာလျှင်မဟုတ်ဘဲ ဗြဟ္မာတစ္ဆေမိခင်ကလည်း အဲဒါကို ရှင်းရှင်းလင်းလင်း သတိထားမိနေ၏။
သို့သော်လည်း သူမက သူတို့ကို မမြင်ချင်ယောင်ဆောင်ပြီး သူတို့ကို တားဆီးဖို့ စိတ်ကူးမရှိပေ။ သူမသည် သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့နှင့်အတူ ဆက်လက်၍ စကားပြောဆိုနေ၏။
တျဲယွဲ့က မှင်သေသေအမူအရာဖြင့် ရုတ်တရက်ပြောလိုက်၏။
“နင်က နင့်ရဲ့မျိုးနွယ်ဝင်တွေကို ထိန်းသိမ်းထားတာ ပိုကောင်းလိမ့်မယ်… နင်မထိန်းသိမ်းနိုင်ဘူးဆိုရင် ငါကူညီပေးရလိမ့်မယ်”
“နင်ဘာစကားပြောတာလဲ”
ဗြဟ္မာတစ္ဆေမိခင်က မျက်ခုံးပင့်ပြီး သူမ၏ မျက်လုံးကို မှေးကျဉ်းလိုက်၏။ သူမသည် စိမ်းသက်သောအမူအရာဖြင့် တျဲယွဲ့ကိုကြည့်ပြီး ဖြည်းဖြည်းချင်းမေးလိုက်၏။
“နင် ငါ့ကို ခြိမ်းခြောက်နေတာလား”
တျဲယွဲ့က စကားပြောလိုက်သည့်ခဏမှာပင် သိုင်းတာအိုပင်မခန္ဓာက မိစ္ဆာအရှင်ကို စောင့်ကြည့်နေပြီဖြစ်၏။
သူမ၏ လက်အောက်မှ တောကောင်စစ်တပ်က အပြစ်မဲ့သူများကို သတ်ဖြတ်မည်ကို ဧကရီဆိုးယုတ်က ခွင့်ပြုလိမ့်မည်မဟုတ်ဟု သိုင်းတာအိုပင်မခန္ဓာက ယုံကြည်ထားသည်။
သို့သော်လည်း မိစ္ဆာအရှင်က မည်သို့ပြုမူမည်ကို သူသေချာမပြောနိုင်ပေ။
သူတို့နှစ်ယောက်မှာ ကောင်းကင်ဘုံခုံရုံးကို သိမ်းပိုက်ရန်ဟူသော တူညီသော ရည်ရွယ်ချက်တစ်ခုသာ ရှိကြသည်။
မိစ္ဆာအရှင်သည် သူ့ကို ရစ်ပတ်ချည်နှောင်လိုခဲ့၏။ အဲဒါထက် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ သူ့ကိုအသုံးချလိုခဲ့သည်။
သူ့အနေဖြင့်လည်း ကောင်းကင်ဘုံခုံရုံးကို အနိုင်ယူဖို့အတွက် မိစ္ဆာအရှင်နှင့် ဧကရီဆိုးယုတ်၏ ခွန်အားကို လိုအပ်နေ၏။
ထိုအချက်ကြောင့်ပင် သူတို့နှစ်ယောက်က လောလောဆယ်မှာ ပူးပေါင်းနိုင်ကြသည်။
သို့သော်လည်း နှစ်ဦးနှစ်ဖက်ကြား ပူးပေါင်းမှုက ခိုင်မာမှုမရှိပေ။
မည်သို့ပင်ဆိုစေ သူတို့၏ တာအိုများက ကွဲပြားခြားနားနေသည်။
ဗြဟ္မာတစ္ဆေမိခင်သည် သူမ၏ လက်အောက်ရှိ ယက္ခများနှင့် ယက္ခိုသ်များကို တားဆီးဖို့ စိတ်ကူးမရှိသေးပေ။ သူမက တျဲယွဲ့ကိုသာ မမှိတ်မသုန်စိုက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။
“နင် ဘယ်သူနဲ့ စကားပြောနေလဲဆိုတာကို သေသေချာချာ စဉ်းစားတာ ပိုကောင်းလိမ့်မယ်”
စောစောက တျဲယွဲ့၏ လေသံသည် သူမကို ဒေါသထွက်စေခဲ့သည်။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ သွေးလိပ်ပြာသည် သူမ၏ ရှေ့မှာ ဖုန့်တူကို ဖိနှိမ်ခဲ့သည်။ အလုံးစုံအခြေအနေကို ထောက်ထားသောအားဖြင့် သူမက အဲဒါကို သည်းခံနိုင်ခဲ့သည်။
ယခု ဤသွေးလိပ်ပြာသည် သူမကို ဤကဲ့သို့သောလေသံဖြင့် တကယ်ပဲ ပြောဆိုရဲနေသည်။
မဟာကမ္ဘာတစ်ထောင်လောကမှာပင် သူမကို ခြိမ်းခြောက်ရဲသောသူ များစွာမရှိပေ။
သူမက သူမ၏ အထွတ်အထိပ်ခွန်အား တစ်ဆယ်ရာခိုင်နှုန်းကို ပြန်လည်ရရှိမည်ဆိုလျှင်တောင် သွေးလိပ်ပြာကို သတ်ဖြတ်ရခြင်းက ပုရွက်ဆိတ်တစ်ကောင်ကို ဖိခြေသတ်ဖြတ်ရသလို ရိုးရှင်းနေပေလိမ့်မည်။
ဝုန်း…
ယက္ခိုသ်များနှင့် ယက္ခများက အနီးအနားကြယ်များဆီသို့ ရောက်ရှိသွားတော့မည်ကိုကြည့်ပြီး တျဲယွဲ့က ဗြဟ္မာတစ္ဆေမိခင်နှင့် အချိန်မဖြုန်းတော့ဘဲ တိုက်ရိုက်တိုက်ခိုက်လိုက်သည်။
“နင် ဘယ်လိုတောင် လုပ်ရဲတာလဲ”
ဗြဟ္မာတစ္ဆေမိခင်က မှင်တက်သွား၏။
ကောင်းကင်ဘုံခုံရုံးမှ အရှင်ရှစ်ပါးက ဆင်းသက်လာခဲ့ပြီဖြစ်ပြီး ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲ ဖြစ်ပွားလာတော့မည့်အခြေအနေကို ငမ်းငမ်းတက်မျက်လုံးများဖြင့် စောင့်ကြည့်နေကြ၏။ ယခု မဟာဧကရီသွေးလိပ်ပြာက ကြယ်တချို့ပေါ်မှ ပုရွက်ဆိတ်တချို့အတွက် သူမကို တိုက်ခိုက်လိုလာခဲ့သည်။
ဝုန်း..
နှစ်ဦးနှစ်ဖက်က ကျယ်လောင်သော မြည်သံနှင့်အတူ လေထဲမှာ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လိုက်ကြ၏။
အခန်း ၃၁၈၀ - ပိုအရေးကြီးတဲ့အရာ
ယက္ခိုသ်ဧကရီဆယ်ဦးကြားမှာ ယက္ခစင်ကြယ်အပျိုစင်က ရှေ့ကနေချီတက်သွား၏။
ယက္ခဧကရာဇ်ရှစ်ဦးကြားမှာ ယက္ခပဉ္စာလက ကြယ်တစ်စင်းပေါ်သို့ ဆင်းသက်သွားခဲ့ပြီဖြစ်သည်။
သူ၏ မျက်လုံးက တောက်ပနေပြီး သူ၏ ထက်ရှသော သွားစွယ်များကြားကနေ စေးကပ်ကပ်သွားရည်များက စီးကျနေ၏။
သူ၏ မျက်လုံးထဲမှာ ဤကြယ်ပေါ်ရှိ ကျင့်ကြံသူများနှင့် သက်ရှိများက အားနည်းလွန်းသည်။ သူတို့သည် သတ်ဖြတ်ခံရဖို့စောင့်ဆိုင်းနေသော သိုးများကဲ့သို့ဖြစ်ပြီး သူ၏ အစာဖြစ်ကြသည်။
ယက္ခများသည် လူသားစားသုံးရခြင်းကို သဘောအကျဆုံးဖြစ်သည်။
ဝုန်း…
ထိုစဉ်မှာပင် တုန်လှုပ်စရာကောင်းသော မြည်ဟည်းသံက အထက်ကနေ ထွက်ပေါ်လာပြီး ယက္ခပဉ္စာလကို တုန်ယင်သွားစေ၏။
ထို့နောက်ချက်ချင်းပင် ကြီးမားသော အရိပ်တစ်ခုက အုပ်မိုးကျဆင်းလာ၏။
စွမ်းအားက အရမ်းကိုသန်မာပြီး ၎င်းက ယက္ခပဉ္စာလကို အမှန်တကယ်မထိခတ်ခင် သူ၏ ခန္ဓာကိုယ်သည် အဲဒါကို ခံနိုင်ရည်မရှိတော့ဘဲ သူ၏ အရိုးများက ကွဲထွက်ကုန်တော့မည့်အလား ကြောက်စရာကောင်းသောပုံစံဖြင့် တကျွိကျွိမြည်လာ၏။
“အဲဒါဘာလဲ”
ယက္ခပဉ္စာလက တုန်လှုပ်သွား၏။
သူက သူ၏ လောကကို မြှောက်တင်မည်ဆိုလျှင်ပင် သူသည် ဤကဲ့သို့သော စွမ်းအားကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
ယက္ခပဉ္စာလက စဉ်းစားနေဖို့ အချိန်မရဘဲ အပေါ်ကိုလည်း မော့မကြည့်ရဲပေ။ သူက သူ၏ မျိုးဆက်သွေးကို လှည့်ပတ်ပြီး သူ၏ ပင်ကိုယ်လျှို့ဝှက်အတတ်ကို ထုတ်ဖော်ကာ လေဟာနယ်ထဲသို့ ထွက်ပြေးပုန်းရှောင်လိုက်၏။
တိုက်ပွဲနယ်မြေက ကြေမွနေမည်ဆိုလျှင်တောင် လေဟာနယ်ယက္ခအနေဖြင့် သူသည် လေဟာနယ်ထဲသို့ အချိန်မရွေးဝင်ရောက်ပြီး တိုက်ပွဲနယ်မြေကနေ ထွက်ခွာနိုင်၏။
သို့သော်လည်း သူ၏ ခန္ဓာကိုယ်က လေဟာနယ်ထဲသို့ ဝင်ရောက်လာသည့်ခဏမှာပင် သူက ကြီးမားသော တုန်ခါမှုတစ်ခုကို ခံစားလိုက်ရ၏။
ဝုန်း…
ယက္ခပဉ္စာလက ခံ့ညားထည်ဝါ၍ သိပ်သည်းလေးလံသော စွမ်းအားတစ်ခုဖြင့် လေဟာနယ်ထဲကနေ ခါချခံလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာက ကြေမွသွားပြီး သူ၏ ခန္ဓာကိုယ်က သွေးဒဏ်ရာများဖြင့်စိုရွှဲကာ သွေးမြူတစ်ခုက သူ့ကိုလွှမ်းခြုံလာခဲ့သည်။
ထိုထိခတ်မှုတစ်ခုတည်းကပင် သူ့ကို ကြေမွပျက်စီးစေလုနီးပါးပင်။ ထိုအခိုက်အတန့်မှာ ယက္ခပဉ္စာလက လေဟာနယ်ထဲကနေ သူ့ကိုခါထုတ်လိုက်သည့်အရာကို နောက်ဆုံးမှာ တွေ့မြင်လိုက်ရ၏။
၎င်းသည် ရှေးကျ၍ လျှို့ဝှက်ဆန်းကြယ်သော မြင့်မားတုတ်ခိုင်သည့် ကျောက်သားဂိတ်တံခါးတစ်ချပ်ဖြစ်သည်။
နက်မှောင်နေသော ဧရာမဝဲကတော့တစ်ခုက ဂိတ်တံခါး၏ အလယ်မှာ ပေါ်ထွက်လာပြီး တားဆီးမရနိုင်သော စုပ်ယူအားတစ်ခုကို ထုတ်ဖော်ကာ သူ့ကိုဆွဲယူသွင်းချင်နေ၏။
ယက္ခပဉ္စာလက သူ၏ လောကကို မြှောက်တင်ပြီး သူ၏ မျိုးဆက်သွေးကို အကန့်အသတ်ထိ လှည့်ပတ်ကာ သူ၏ အစွမ်းကုန်ဖြင့် ခုခံလိုက်၏။
သို့သော်လည်း နက်မှောင်နေသော ဝဲကတော့ထဲကနေ ဖြူဖပ်ဖြူရော်လက်များက ရုတ်တရက်ထွက်ပေါ်လာပြီး သူ့ကို အဆုံးမဲ့ချောက်နက်ဆီဦးတည်နေသည့် ရှေးဟောင်းဂိတ်တံခါးထဲသို့ ဆွဲယူသွင်းလိုက်၏။
“အား…”
စူးစူးဝါးဝါးအော်သံနှင့်အတူ ယက္ခပဉ္စာလက ငရဲဂိတ်တံခါးဖြင့် ဝါးမျိုးခံရပြီး ပျောက်ကွယ်သွား၏။
တစ်ချိန်တည်းမှာပင်…
ကန့်သတ်မဲ့ငရဲဂိတ်တံခါးက ဆင်းသက်လာပြီး တစ်ဘက်မှာရှိသော ယက္ခိုသ်စင်ကြယ်အပျိုစင်ကို သတ်ဖြတ်လိုက်သည်။
တျဲယွဲ့က ဗြဟ္မာတစ္ဆေမိခင်နှင့် တိုက်ခိုက်နေစဉ် သိုင်းတာအိုပင်မခန္ဓာက ပြတ်သားစွာဖြင့် တိုက်ခိုက်လိုက်၏။
ဂိတ်တံခါးနှစ်ချပ်က ဆင်းသက်လာပြီး တစ္ဆေကမ္ဘာမှ အထွတ်အထိပ်ဧကရာဇ်နှစ်ဦးကို သတ်ဖြတ်ပစ်လိုက်၏။
ကျန်ရှိနေသော ယက္ခိုသ်များနှင့် ယက္ခများက တုန်လှုပ်သွားပြီး သူတို့၏ အမူအရာများက ပြောင်းလဲသွားကြ၏။
“အထီးကျန်သိုင်းသခင်…”
ဗြဟ္မာတစ္ဆေမိခင်က ထိုသည်ကို တွေ့မြင်သောအခါ သူမက ဒေါသချောင်းချောင်းထွက်သွားပြီး စူးစူးဝါးဝါးအော်ဟစ်လိုက်ကာ သူမ၏ နောက်ဘက်တွင် အနက်ရောင်မြူခိုးများစွာကို ပေါ်ထွက်လာစေ၏။
သို့သော်လည်း တျဲယွဲ့သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူမ၏ တာအိုကို အတည်ပြုထားပြီး မဟာအရိုင်းသုတ္တန်ကို ပြီးပြည့်စုံစေခဲ့ပြီဖြစ်၏။ သူမ၏ ဓမ္မတာအိုအမှတ်အသားက ခိုင်မာကျစ်လစ်လာခဲ့လေသည်။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ တိုက်ပွဲနယ်မြေမှာ ဗြဟ္မာတစ္ဆေမိခင်က ဒေါသထွက်နေသည်ဆိုလျှင်တောင် သူမသည် အသာစီးမရရှိနိုင်ပေ။
ကျန်ရှိနေသော ယက္ခများက ထိုသည်ကိုတွေ့မြင်သောအခါ ဘယ်သူက မဆင်မခြင်ပြုမူရဲတော့မှာလဲ။
ဗြဟ္မာတစ္ဆေမိခင်သည် မဟာဧကရီသွေးလိပ်ပြာနှင့် တိုက်ခိုက်နေရပြီး မိစ္ဆာအရှင်နှင့် ဧကရီဆိုးယုတ်က ကူညီပေးဖို့ စိတ်ကူးမရှိသည်မှာ သိသာလေသည်။
ကျန်ရှိနေသော မဟာဧကရာဇ်အထီးကျန်သိုင်းသခင်က သူတို့ကို အလွယ်တကူသတ်ဖြတ်နိုင်သည်။
သူတို့၏ မျက်လုံးထဲမှာ မျိုးနွယ်စုတစ်သောင်းမှသက်ရှိများသည် ပုရွက်ဆိတ်များကဲ့သို့ဖြစ်၏။
သို့သော်လည်း မဟာဧကရာဇ်အထီးကျန်သိုင်းသခင်၏ မျက်လုံးထဲမှာ သူတို့သည်လည်း ပုရွက်ဆိတ်များ မဟုတ်ပါလား။
ကောင်းကင်ဘုံခုံရုံးမှ အရှင်ရှစ်ပါးက အောက်ဘက်မှာရှိသောမြင်ကွင်းကို ငုံ့ကြည့်ပြီး အူမြူးအားရနေသောအကြည့်များဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြ၏။
သူတို့သည် ဤကဲ့သို့သော မြင်ကွင်းတစ်ခုကို တွေ့မြင်ရခြင်းမှာ ကျေနပ်အားရနေ၏။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ မဟာဧကရာဇ်နှစ်ပါးက မိစ္ဆာအရှင်၊ ဧကရီဆိုးယုတ်နှင့် ဗြဟ္မာတစ္ဆေဆမိခင်တို့နှင့် တိုက်ခိုက်မည်ဆိုလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။ သူတို့သည် ဘေးကနေ ရပ်ကြည့်ပြီး နောက်ဆုံးမျာ အကျိုးအမြတ်ကို ရိတ်သိမ်းနိုင်မည်ဖြစ်သည်။
“မိစ္ဆာအရှင်…”
ဗြဟ္မာတစ္ဆေမိခင်၏ အမူအရာက သုန်မှုန်လာခဲ့၏။
သူမက တျဲယွဲ့နှင့်တိုက်ခိုက်ရင်း အော်ပြောလိုက်၏။
“နင်က ဒီတိုင်းပဲရပ်ကြည့်နေတော့မှာလား… အထီးကျန်သိုင်းသခင်က ငါ့လူတွေကို သတ်ဖြတ်နေတာကို နင်က စောင့်ကြည့်နေတာလား”
ဗြဟ္မာတစ္ဆေမိခင်က ဧကရီဆိုးယုတ်ကို လုံးဝစောဒကတက်ခြင်းမရှိပေ။
ဧကရီဆိုးယုတ်က သူမကို လုံးဝကူညီပေးမည် မဟုတ်သည်ကို သူမက သိရှိထား၏။
မိစ္ဆာအရှင်၏ အမူအရာက မှင်သေသေဖြင့်ရှိနေပြီး ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်၏။
“တစ္ဆေမိခင်… ပိုအရေးကြီးတဲ့အရာကို ထောက်ထားပြီး တော်လိုက်တော့”
“ပိုအရေးကြီးတာက ဘာလဲ…”
ဗြဟ္မာတစ္ဆေမိခင်က ခပ်စူးစူးအော်ပြောလိုက်၏။
“ငါတို့ရဲ့အဆင့်အတန်းနဲ့ဆို ငါတို့က အလယ်အလတ်ကမ္ဘတစ်ထောင်လောကမှာ တစ်ဆင့်နိမ့်သွားတယ်ဆိုရင်တောင် သူတို့တွေက ငါတို့ရဲ့ခေါင်းပေါ်ကိုတက်လာမှာ ခွင့်ပြုမပေးနိုင်ဘူး”
“သူတို့တွေက ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲအတွက် ပူးပေါင်းချင်တယ်ဆိုရင် သူတို့ရဲ့စိတ်ရင်းမှန်ကန်မှုကို ပြရမှာပေါ့… ငါ့လက်အောက်က ဆာလောင်တစ္ဆေတွေက လူသားတချို့ကို စားသုံးချင်တာ ဘာများမှားနေလို့လဲ… အဲဒါအတွက် သူတို့နှစ်ယောက်က ချီးပေါက်ရဖို့ထိုက်တန်လို့လား”
မိစ္ဆာအရှင်က ဗြဟ္မာတစ္ဆေမိခင်ကို တစ်ချက်ကြည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
“သူက စိတ်ရင်းမှန်ကန်မှုကို အတော်လေးပြပြီးသွားပြီ… အဲဒါကြောင့်မဟုတ်ရင် နင့်ရဲ့ဆာလောင်တစ္ဆေတွေထဲ အခုချိန်ထိ ဘယ်သူက အသက်ရှင်နိုင်ဦးမှာလဲ”
ဗြဟ္မာတစ္ဆေမိခင်က ရင်တစ်ချက်ထိတ်သွား၏။
မိစ္ဆာအရှင်ပြောသည်က မှန်ကန်သည်ကို သူမကလည်း သိရှိလိုက်သည်။
သူမသည် မဟာဧကရီသွေးလိပ်ပြာနှင့် တိုက်ခိုက်နေရပြီး ရုန်းမထွက်နိုင်ပေ။ အထီးကျန်သိုင်းသခင်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို စတင်လိုသည်ဆိုလျှင် ယက္ခအမျိုးသမီးဆယ်ဦးနှင့် ယက္ခရှစ်ဦးက သေဆုံးသွားရပေလိမ့်မည်။
မိစ္ဆာအရှင်၏ လေသံက တည်ကြည်လေးနက်လာပြီး ဆက်ပြောလိုက်၏။
“ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲက ငါတို့ရဲ့ဦးစားပေးကိစ္စပဲ.. ကိစ္စတွေကို ရှုပ်ထွေးအောင်မလုပ်နဲ့”
ဗြဟ္မာတစ္ဆေမိခင်က ခဏမျှစဉ်းစားပြီးနောက် သူမ၏ စိတ်ကို တဖြည်းဖြည်းလျှော့ချကာ နောက်သို့ဆုတ်ခွာလိုက်၏။
တျဲယွဲ့ကလည်း သူမ၏ အကန့်အသတ်ကို သိရှိထားပြီး ဆက်မလိုက်ပေ။
အနည်းဆုံးတော့ ယခုအချိန်ထိ သူတို့မှာ တူညီသောရည်မှန်းချက်ပန်းတိုင်ရှိနေကြသည်။
ကောင်းကင်ဘုံခုံရုံး…။
နှစ်ဦးနှစ်ဖက်ကြားတိုက်ပွဲသည် မိစ္ဆာအရှင်၏ ကြားဝင်ဖျန်ဖြေမှုဖြင့် အရှိန်အဟုန်မြင့်တက်မလာတော့ပေ။
ထိုသည်ကို တွေ့မြင်သောအခါ ကောင်းကင်ဘုံခုံရုံးမှ အရှင်ရှစ်ပါး၏ မျက်လုံးများထဲမှာ စိတ်ပျက်လက်ပျက်အကြည့်တစ်ခု ပေါ်ထွက်လာ၏။
စွမ်းအားကောင်းကင်ဘုံအရှင်က စကြဝဠာကို စစ်ဆေးကြည့်ရှုပြီး အဆုံးမဲ့စွမ်းပကားတစ်ခုကို ထုတ်ဖော်ကာ အေးစက်စွာပြောလိုက်၏။
“ဆိုးယုတ်မိစ္ဆာတွေက ကစဉ့်ကလျားတွေကို ဖန်တီးလာကြပြီ… သူတို့ကိုသတ်ဖြတ်ဖို့အတွက် မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေက ပူးပေါင်းသင့်တယ်… ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့အဲဒီသူတွေက ဆိုးယုတ်မိစ္ဆာတွေလိုပဲ တူညီတဲ့အပြစ်ဒဏ်ကို လက်ခံရရှိလိမ့်မယ်”
ထိုစကားလုံးများသည် သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့ကိုသာမက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတစ်ခုလုံးကို ရည်ရွယ်လေသည်။
ကောင်းကင်ဘုံခုံရုံးသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကအပေါ် ဖိအားထပ်ပေးလိုက်၏။
အနည်းဆုံးတော့ သူတို့သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို လမ်းခြောက်သွယ်ဘက်မှာ မရပ်တည်စေလိုပေ။
တကယ်တမ်းမှာ ကောင်းကင်ဘုံခုံရုံး၏ တည်ရှိမှုသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကအတွက် တကယ်ပင်ကြီးမားသည့် အဟန့်အတားတစ်ခုဖြစ်သည်။
ပထမအချက် ကျင့်ကြံသူအမျာစုအနေဖြင့် ယခုအချိန်မှာပင် ဆိုးယုတ်မိစ္ဆာများက ကစဉ့်ကလျားများကို ဖန်တီးနေတာလား သို့မဟုတ် ကောင်းကင်ဘုံခုံရုံးက စိုးမိုးခြယ်လှယ်နေတာလား သူတို့က တပ်အပ်သေချာမပြောနိုင်ကြပေ။
သူတို့နှလုံးသား၏ အနက်ပိုင်းထဲမှာ မျိုးနွယ်စုတစ်သောင်းမှသက်ရှိများသည် ရှေးဟောင်းမဟာဧကရာဇ်များ၏ ရွေးချယ်မှုနှင့် မဟာဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် မဟာဧကရီသွေးလိပ်ပြာ၏ စကားကို ယုံကြည်လက်ခံလိုကြသည်။
သို့သော်လည်း ကမ္ဘာအများစုသည် ကောင်းကင်ဘုံခုံရုံး၏ ဖိအားအောက်မှာ သူတို့၏ ရပ်တည်ချက်ကို ဖော်မပြရဲကြပေ။
ဒုတိယအချက် ရှေးဟောင်းခေတ်အဆက်ဆက်ကတည်းက ကောင်းကင်ဘုံခုံရုံးသည် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲတိုင်းမှာ အမြဲတမ်းအနိုင်ရရှိသူဖြစ်ခဲ့သည်။ ဒါ့အပြင် ကြည့်ရသည်မှာ ကောင်းကင်ဘုံခုံရုံးသည် မဟာဧကရာဇ်အရေအတွက်မှာပင် ပကတိအားသာချက်ရရှိထား၏။
ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲပြီးဆုံးသွားသည်နှင့် ကောင်းကင်ဘုံခုံရုံးသည် သူတို့နှင့် စာရင်းရှင်းလာပေလိမ့်မည်။
ဤအခိုက်အတန့်မှာ သူတို့သည် မဟာဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် မဟာဧကရီသွေးလိပ်ပြာနှင့်အတူ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်မည်ဆိုလျှင် သူတို့ရှုံးနိမ့်သွားသည်နှင့် ကောင်းကင်ဘုံခုံရုံးသည် လက်စားချေလာလိမ့်မည်ဖြစ်ပြီး ကမ္ဘာများစွာသည် နောက်ပိုင်းအကျိုးဆက်များကို ခံနိုင်ရည်မရှိကြပေ။
သို့သော်ယခု ပညာရှင်များသည် ဆိုးယုတ်မိစ္ဆာများနှင့် ဆန့်ကျင်တိုက်ခိုက်ရန် ကောင်းကင်ဘုံခုံရုံးကို ကူညီမပေးနိုင်ကြပေ။ သူတို့သည် မဟာဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် မဟာဧကရီသွေးလိပ်ပြာကိုလည်း မဆန့်ကျင်နိုင်ပေ။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် တမလွန်ဘုံအရှင်က ကောင်းကင်ဘုံကိုမြှုပ်နှံပြီး သက်ရှိများအားလုံးကို သန့်စင်ပစ်ဖို့ကြိုးပမ်းခဲ့သည်ကို ယခုတင်မြင်တွေ့ထားခဲ့ရ၏။ ကောင်းကင်ဘုံခုံရုံးသည် သူတို့ကို ဂရုမစိုက်သလို ဆိုးယုတ်မိစ္ဆာများကလည်း ဂရုမစိုက်ပေ။ မဟာဧကရာဇ်အထီးကျန်သိုင်းသခင်ကသာ သူတို့အတွက်ရပ်တည်ပေးခဲ့သည်။
သူသည် ဒဏ်ရာအပြင်းအထန်ရရှိမည့်အန္တရာယ်ကိုပင် စွန့်စားပြီး မဟာဧကရာဇ်ပညာရှင်နှစ်ဦးနှင့် တိုက်ခိုက်ပေးခဲ့သည်။ ထိုအချက်ကြောင့်မဟုတ်လျှင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသည် ယခုအချိန်မှာ ဖွတ်ဖွတ်ညက်ညက်ကြေပြီး မရေမတွက်နိုင်သော သက်ရှိများက သေဆုံးခဲ့ရပေလိမ့်မည်။
တကယ်တော့ ထျန်ဟွမ်ကမ္ဘာ၊ ဓားကမ္ဘာ၊ နဂါးကမ္ဘာ၊ မဟာအရိုင်းကမ္ဘာ၊ နီညိုရောင်မျောက်ဝံကမ္ဘာနှင့် ခွန်ဖန်းကမ္ဘာကဲ့သို့ကမ္ဘာများသည် ကောင်းကင်ဘုံခုံရုံးနှင့် တိုက်ခိုက်ခဲ့ကြပြီးပြီဖြစ်ပြီး သူတို့မှာ ထွက်လမ်းမရှိတော့ပေ။
မျောက်ဝံအိုကြီး၊ ဧကရာဇ်မြောက်ပိုင်းခွန်၊ နဂါးဧကရီဆီးနှင်းနှင့် ပန်းလောကအရှင်တို့သည် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ အတူတကွတိုက်ခိုက်ဖို့ပြင်ဆင်ထားကြပြီဖြစ်သည်။
ဤသည်က သူတို့အတွက် ခက်ခဲသောရွေးချယ်မှုတစ်ခုဖြစ်ခဲ့၏။ သူတို့အနိုင်ရမည်ဆိုလျှင် သူတို့သည် မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းခွင့်ရပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ကြီးမားသည့်အခွင့်အလမ်းတစ်ရပ်ပေးနိုင်မည်ဖြစ်သည်။
ရှုံးနိမ့်သွားမည်ဆိုလျှင်တော့ အရာရာတိုင်းက ပြီးဆုံးသွားပေလိမ့်မည်။