← Chapters

အခန်း (၁၈၅၁-၁၈၅၂)

Vol. 126 Ch. 1851-1852

အခန်း (၁၈၅၁-၁၈၅၂)

Vol. 126 Ch. 1851-1852

အဆတစ်ရာစနစ် စာစဥ်(၁၂၆)

အခန်း(၁၈၅၁)

“ဝုန်း..”

ပြိုင်ဘက်ကင်းဓားစွမ်းအင်တစ်ခုက ထိပ်တိုက် ဆုံတွေ့မိကြပြီးနောက်တွင် ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာခဲ့သည်။

ကြောက်မက်ဖွယ် ဓားစွမ်းအင်များက အရပ်မျက်နှာအနှံ့သို့ တိုက်ခတ်သွားခဲ့ရာ နယ်မြေနတ်ဘုရားအဆင့် မှော်ရတနာကနေ ပြောင်းလဲဖန်တီးထားသော တိုက်ခိုက်ရေးစင်မြင့်သည်ပင် ပြိုကျလုနီးပါး ဖြစ်သွားခဲ့သည်။

ဓားအလင်းနှစ်ခုက ကောင်းကင်ယံတွင် တစ်ခဏမျှ ရှုပ်ထွေးရစ်ပတ်နေခဲ့ကြ၏။

သိပ်မကြာခင်မှာပင် ကုန်းလင်၏ ဓားအလင်းသည် ကျန်းချန်၏ ခုနစ်စဥ်ကြယ်စွမ်းအားကနေ လှုံ့ဆော်ထားသော ကောင်းကင်ဓားအောက်၌ ကျိုးပျက်သွားခဲ့သည်။

“ဝေ့ါ..”

ကုန်းလင်က ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး လေထဲတွင် လွင့်စင်သွားခဲ့သည်။

သူသည် ခုနစ်စဥ်ကြယ် စွမ်းအားဖြင့် ကျန်းချန် လှုံ့ဆော်ထားသော ကောင်းကင်ဓားကို ကြည့်ကာ နားမလည်နိုင်သော အေးစိမ့်မှုက သူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထားသလို ခံစားမိခဲ့သည်။

ကုန်းလင်က နတ်ခန္ဓာပုံရိပ်နှင့် သိုင်းစွမ်းအားပုံရိပ်ကို လှုံ့ဆော်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို အကန့်အသတ် အထိ ထုတ်ဖော်ကာ ကောင်းကင်နတ်ဘုရားကမ္ဘာကို ဖန်တီးလိုက်သည်။

သို့သော်လည်း ကျန်းချန်၏ ခုနစ်စဥ်ကြယ်‌ စွမ်းအားကနေ လှုံ့ဆော်ထားသော ကောင်းကင်ဓားသည် ပြိုင်ဘက်ကင်းသော စွမ်းအားကို သယ်ဆောင်ကာ ကုန်းလင်၏ ကောင်းကင်နတ်ဘုရား ကမ္ဘာကို ဖျက်ဆီးပစ်လိုက်သည်။

ယင်းနောက်တွင် ကောင်းကင်ဓားသည် အရှိန်မလျော့‌သေးဘဲ ကုန်းလင်၏ ခန္ဓာကိုယ်ကိုပါ ပြင်းထန်စွာ သက်ရောက်သွားခဲ့သည်။

“ဝေ့ါ..”

ဤတစ်ကြိမ်တွင်မူ ကုန်းလင်သည် အနည်းငယ်မျှပင် ခုခံနိုင်ခြင်း မရှိခဲ့ဘဲ သွေးများကို အန်ထုတ်ကာ အတွင်းဒဏ်ရာ ရရှိသွားခဲ့သည်။

ကုန်းလင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပေရာချီ အကွာအဝေးသို့ လွင့်စင်သွားခဲ့၏။

နယ်မြေနတ်ဘုရားအဆင့် မှော်ရတနာကနေ ပြောင်းလဲ ဖန်တီးထားသော တိုက်ခိုက်ရေးစင်မြင့် ဖြစ်လင့်ကစား ကုန်းလင်ပြုတ်ကျသော နေရာတွင် ၁၀ပေ ပတ်လည်ရှိ ကြီးမားသော တွင်းနက်ကြီး အဖြစ် ကျိုးပဲ့သွားခဲ့သည်။

ဤအခိုက်အတန့်တွင် သိုင်းပြိုင်ကွင်း တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်းသည် စင်မြင့်ထက်တွင် မာန်အပြည့်ဖြင့် ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို မှင်တက်စွာ စိုက်ကြည့်နေခဲ့ကြပြီး အချိန်အတန်ကြာသည်အထိ သတိပြန်ဝင်မလာခဲ့ကြပေ။

ကျန်းချန်၏ ပိန်ပါးပါး ပုံရိပ်သည် ဤအချိန်တွင် လူတိုင်း၏ မျက်ဝန်းထဲ၌ အရာအားလုံးကို စိုးမိုးထားသော ဧကရာဇ်တစ်ပါးနှယ် ဖြစ်နေခဲ့သည်။

ကျန်းချန်က အရည်အချင်းစစ် ပြိုင်ပွဲနှင့် အဆင့်သတ်မှတ်ပြိုင်ပွဲတွင် အလွန်တရာ သန်မာသော ခွန်အားကို ပြသခဲ့သော်လည်း ဤတိုက်ပွဲမတိုင်မီတွင် မည်သူကမှ ဤကဲ့သို့သော ရလဒ် ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဆိုရလျှင် ကုန်းလင်သည် ဟန်ယွဲ့နန်းတော်၏ နံပါတ်(၁) ပါရမီရှင်ဖြစ်ပြီး မဟာမြေရိုင်းပါရမီရှင် စာရင်းတွင် ပါဝင်သော ထိပ်တန်းပါရမီရှင်လည်း ဖြစ်သည်။

ဟန်ယွဲ့နန်းတော်မှ တပည့်များ၏ စိတ်နှလုံးထဲတွင် ကုန်လင်း၏ ပြိုင်ဘက်ကင်းစွမ်းအားသည် အမြစ်တွယ်နေသည်မှာ ကြာပြီ ဖြစ်၏။

ကျန်းချန်က အလွန်တရာ သန်မာသော်လည်း အဆုံးသတ်တွင် သိပ်မကြာခင်ကမှ ထွန်းတောက်လာသော ကြယ်တစ်ပွင့်သာဖြစ်၍ ကုန်းလင်နှင့် ယှဥ်ပြိုင်ရန် ခက်ခဲလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။

သို့ရာတွင် ကျန်းချန်က ကုန်းလင်၏ အရှုံးမရှိ မှတ်တမ်းကို ချိုးဖျက်ကာ သိုင်းပြိုင်ပွဲတွင် အနိုင်ရသွားလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။

“ဆရာတူအစ်ကိုရှန်း.. ဆရာတူညီလေးကျန်းက တကယ်ပဲ ကုန်းလင်ကို အနိုင်ယူပြီး ပထမနေရာကို ရသွားခဲ့ပြီ”

ရှချင်းမင်က မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် တအံ့တသြ ရေရွတ်လိုက်သည်။

“ဟားဟား ဆရာတူညီလေးကျန်းက ဆရာရဲ့ အချစ်ဆုံးတပည့် ဖြစ်ထိုက်ပါပေတယ်.. နောက်ဆုံးတော့ ဟိုကောင် ကုန်းလင် ရှုံးနိမ့်ရသွားရပြီ”

ကုန်းလင်ကို အနိုင်ယူခဲ့သူက သူကိုယ်တိုင်ပင် ဖြစ်နေသည့်အလား ရှန်းဟုန်သည် စိတ်လှုပ်ရှားစွာ ရယ်မောလိုက်၏။

လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ခန့်က ရှန်းမိသားစုကို ကုန်းလင်ဖျက်ဆီးခဲ့သော အချိန်မှစ၍ ရှန်းဟုန်သည် ကုန်းလင်ကို အလွန်အမင်း မုန်းတီးခဲ့ပြီး လက်စားချေရန် ကြိုးစား ကျင့်ကြံခဲ့သည်။

သို့သော် ကုန်းလင်သည် ဟန်ယွဲ့နန်းတော်သခင် ဟောင်ယွဲ့၏ တပည့်ရင်း ဖြစ်ရုံသာမက ဟန်ယွဲ့နန်းတော်၏ နံပါတ်(၁) ပါရမီရှင်လည်း ဖြစ်သည်။

သူက အရှင်ရွှယ်သောင်း၏ တပည့် ဖြစ်ခွင့်ရခဲ့ရသော်လည်း ကုန်းလင်နှင့် သူ၏ကြားမှ ကွာဟချက်ကို လိုက်မမီခဲ့ပေ။

နှစ်ပေါင်း ၁၀၀ခန့် ကြိုးစားခဲ့သည့်တိုင် သူနှင့် ကုန်းလင်တို့အကြားတွင် ကြီးမာသော ကွာဟချက်ရှိနေဆဲပင်။

ယခုအခါတွင် သူ၏ ဆရာတူညီလေးက ကုန်းလင်ကို သိုင်းပြိုင်ပွဲတွင် အနိုင်ယူကာ ပထမနေရာကို ရယူသွားခဲ့ပြီ ဖြစ်ရာ ရှန်းဟုန်သည် မည်ကဲ့သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါအံ့နည်း။

“ချန်အာ သူတကယ်လုပ်နိုင်ခဲ့ပြီ”

ကျီဝူရွှယ်က စင်မြင့်ထက်မှ ကျန်းချန်ကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

အဆုံးသတ်တွင် သူမ၏ အေးစက် လှပသော မျက်ဝန်းထဲတွင် ကျေနပ်သော အပြုံးရိပ်များ ဖြစ်ပေါ်လာခဲ့သည်။

အဆင့်နိမ့် နယ်မြေကတည်းကပင် ကျန်းချန်သည် ရွှယ်လင်ကုန်းမြေတိုက်မှ ပါရမီရှင်များကို လွှမ်းမိုးခဲ့ပြီး လူသားဧကရာဇ် အရိုက်အရာကို ဆက်ခံခဲ့သူ ဖြစ်သည်။

ထိုမျှသာမကဘဲ ကျန်းချန်သည် ရွှယ်လင်ကုန်းမြေတိုက်မှ လူသားမျိုးနွယ်စုကို ဦးဆောင်၍ သွေးဝိညာဥ် မျိုးနွယ်စုကို အနိုင်ယူကာ ဒဏ္ဍာရီ တစ်ခုကိုပင် ဖန်တီးခဲ့သည်။

ယခု နတ်ဘုရားနယ်မြေသို့ ရောက်ရှိလာပြီး‌ နောက်တွင်လည်း ကျန်းချန်သည် ၁၀နှစ်ကျော်အတွင်း မယုံကြည်နိုင်လောက်သော အဆင့်အထိ တိုးတက်လာခဲ့၏။

ကုန်းလင်ကဲ့သို့ မဟာမြေရိုင်းပါရမီရှင် စာရင်းတွင် ပါဝင်သော ထိပ်တန်းပါရမီရှင် ပင်လျှင် ကျန်းချန်၏ အလွယ်တကူ ဖိနှိပ်ခြင်းကို ခံခဲ့ရ၏။

“သန်မာလိုက်တာ.. တကယ်ကို သန်မာလွန်းတာပဲ”

“အမှန်ပဲ အစ်ကိုကုန်းက လဧကရာဇ်ဓားသိုင်းကို ထုတ်သုံးခဲ့တာတောင် ကျန်းချန်ကို ရှုံးနိမ့်လိမ့်မယ်လို ငါမထင်ထားခဲ့ဘူး.. ကျန်းချန်ရဲ့ ခွန်အားနဲ့သာဆိုရင် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲမှာ ပါဝင်ဖို့ အရည်အချင်း အပြည့်အဝရှိတယ်.. သိပ်မကြာခင် ကျန်းချန်က မဟာမြေရိုင်း နယ်မြေမှာ နာမည်ကျော်ကြားလာတော့မှာ သေချာသလောက်ပဲ”

“.............”

သတိပြန်ဝင်လာကြသောအခါတွင် လူတိုင်း၏ ကျန်းချန်ကိုကြည့်နေသော အကြည့်များတွင် အံ့သြသော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။

“ကုန်းလင်က တကယ်ပဲ ရှုံးနိမ့်သွားတယ်လား.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

စင်မြင့်အထက် လေထုထဲရှိ ကျုံးလီရွှေသည် အောက်ဘက်မှ မယုံကြည်နိုင်စရာ မြင်ကွင်းကိုကြည့်ကာ မှင်တက်နေခဲ့သည်။

လွန်ခဲ့သည့် ၅နှစ်က အရှင်ဟောင်ယွဲ့သည် နယ်မြေနတ်ဘုရားသလင်းကျောက်ကို ကုန်းလင် တရားဝင်ရယူနိုင်ရန် အတွက် သိုင်းပြိုင်ပွဲ၏ ပထမ ဆုလာဘ်တွင် နယ်မြေနတ်ဘုရားသလင်းကျောက်ကို ပိုင်ဆိုင်ခွင့်ပေးရန် ထည့်သွင်းခဲ့သည်။

သိုင်းပြိုင်ပွဲ မစတင်ခင်တွင် ကျုံးလီရွှေသည် မည်သူကမှ ကုန်းလင်၏ ထိပ်ဆုံးနေရာကို ခြိမ်းခြောက်နိုင်လိမ့်မည်ဟု မခံစားမိခဲ့ပေ။

သို့သော်လည်း ကျန်းချန်ကဲ့သို့ ဖျက်မြင်းတစ်ကောင်က ပြိုင်ပွဲတွင် ထွက်ပေါ်လာခဲ့ပြီး ကုန်းလင်ကို မထင်မှတ်ဘဲ အနိုင်ယူသွားခဲ့၏။

သိုင်းပြိုင်ပွဲတွင် ထင်မှတ်မထားသော ကိစ္စများ ဖြစ်ပွားခဲ့ရာ ကျုံးလီရွှေသည် အရှင်ဟောင်ယွဲ့ကို မည်ကဲ့သို့ ရှင်းပြရမှန်းပင် အမှန်တကယ် မသိတော့ပေ။

နယ်မြေနတ်ဘုရား သလင်းကျောက်ကို ပိုင်ဆိုင်ခွင့်ရသူမှာ ကျန်းချန်ဟု သူက ကြေညာရပါမည်လော။

“အကြီးအကဲကျုံး.. တိုက်ပွဲက အနိုင်အရှုံးပေါ်နေပြီပဲ.. ရလဒ်ကို ဘာလို့မကြေညာသေးတာလဲ”

ကျုံးလီရွှေက စိတ်ထဲတွင် ချီတုံချတုံ ဖြစ်နေစဥ်မှာပင် ကျန်းချန်၏ အသံသည် သူ၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။

“မဟုတ်ဘူး.. ငါမရှုံးသေးဘူး”

ထိုအချိန်တွင် စူးရှသော အော်ဟစ်သံ တစ်သံသည် သိုင်းပြိုင်ကွင်းတွင် ရုတ်တရက် ပဲ့တင်ထပ်သွားခဲ့သည်။

နောက်ထပ် တစ်ခဏမှာပင် သွေးများစွန်းပေနေသော ကုန်းလင်သည် တိုက်ခိုက်ရေးစင်မြင့်တွင် ဖြစ်ပေါ်နေသော တွင်းနက်ကြီးထဲကနေ ထွက်ပေါ်လာခဲ့သည်။

သူက ကျန်းချန်ကို ရူးသွပ်သော အမူအရာဖြင့် ကြည့်လိုက်၏။

“ကျန်းချန် မင်းငါ့ကို အနိုင်ယူချင်ရင် အိပ်မက်ပဲ မက်နေလိုက်.. ငါကုန်းလင်က ဟန်ယွဲ့နန်းတော်ရဲ့ အသန်မာဆုံးကျင့်ကြံသူပဲ.. အရင်ကလည်း ငါပဲ.. အခုလည်းငါပဲ.. နောင်လည်းငါပဲ ဖြစ်ရလိမ့်မယ်”

ကုန်းလင်က အေးစက်စက် ကြုံးဝါးလိုက်ပြီးနောက်တွင် လရောင်အလင်းကို ထုတ်လွှတ်နေသော လျှို့ဝှက်ဆန်းကြယ်သည့် စာလိပ်တစ်လိပ်သည် သူ၏ လက်ဖဝါးထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် လူတိုင်း၏ စိတ်ဝိညာဥ်ကိုပင် တုန်လှုပ်စေသော ကြောက်မက်ဖွယ် နတ်စွမ်းအားသည် သိုင်းပြိုင်ကွင်းတွင် ပျံ့နှံ့သွားခဲ့သည်။

“နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းပါလား”

ကုန်းလင်၏ လက်ထဲမှ လျှို့ဝှက်ဆန်းကြယ်သော စာလိပ်ကိုမြင်လျှင် ဟန်ယွဲ့နန်း‌တော်မှ တပည့်များစွာသည် အထိတ်တလန့် ရေရွတ်လိုက်ကြသည်။

“ကုန်းလင်.. မင်းက လူယုတ်မာပဲ.. ဆရာတူညီလေးကျန်းကို မနိုင်တာနဲ့ နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းကို အသုံးပြုရဲတယ်”

ရှန်းဟုန်နှင့် ရှချင်းမင် တို့သည် သူတို့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ဒေါသအိုး ပေါက်ကွဲသွားကြသည်။

“နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းနဲ့ ငါတို့ ဆရာတူညီလေးကို ထိခိုက်အောင် လုပ်ရဲရင် ငါတို့ဆရာက မင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး”

“ကုန်းလင်.. မြန်မြန်ရပ်လိုက်စမ်း”

ကုန်းလင်က ရူးသွပ်သော လုပ်ရပ်အား လုပ်ဆောင်နေသည်ကို မြင်လျှင် ကျုံးလီရွှေ၏ အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

သူက ချက်ချင်းဆိုသလိုပင် ကုန်းလင်ကို ရပ်တန့်ရန် အော်ဟစ်လိုက်၏။

ကုန်းလင်က အရှင်ဟောင်ယွဲ့ ပေးအပ်ထားသော နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းကိုပင် အသုံးပြုလိမ့်မည်ဟု ကျုံးလီရွှေ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

အခန်း(၁၈၅၁)ပြီး၏။

အခန်း(၁၈၅၂)

နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းတွင် နယ်မြေနတ်ဘုရား၏ စိတ်ဝိညာဥ်တစ်စ ပါဝင်နေခဲ့ရာ နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းသည် ကောင်းကင်နတ်ဘုရား အဆင့်ကို လုံးဝ ကျော်လွန်နေသော စွမ်းအားတစ်ခု ဖြစ်သည်။

ကုန်းလင်က နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းကို လှုံ့ဆော်လိုက်သည်နှင့် ကျန်းချန်၏ ခွန်အားက မည်မျှပင် တုန်လှုပ်ဖွယ် အစွမ်းထက်နေပါစေ၊ ခုခံရန် လုံးဝမဖြစ်နိုင်တော့ပေ။

ကျန်းချန်သာ နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းဖြင့် အသတ်ခံလိုက်ရလျှင် ကိစ္စသည် ပိုမို ကြီးလေးလာပေလိမ့်မည်။

စင်စစ် သိုင်းပြိုင်ပွဲတွင် နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းကဲ့သို့ စွမ်းအားများကို အသုံးပြုခြင်းသည် တရားမဝင်ပေ။

ကျန်းချန်သည် အရှင်ရွှယ်သောင်း၏ တိုက်ရိုက် တပည့် ဖြစ်သည်။

သို့သော်လည်း ကျုံးလီရွှေ၏ တားဆီးမှုသည် နှောင့်နှေးသွားခဲ့ချေပြီ။

ကုန်းလင်သာ ဤနည်းလမ်းဖြင့် ကျန်းချန်ကို ထိခိုက်စေခဲ့လျှင် အရှင်ရွှယ်သောင်းကို အမျက်ဒေါသထွက်စေမည်မှာ သေချာပြီး အကျိုးဆက်များမှာ စိတ်ကူး၍ပင် မရနိုင်ပေ။

“ဝုန်း..”

ဒေါသကြောင့် အမှောင်ဖုံးနေသော ကုန်းလင်သည် ကျုံးလီရွှေ၏ သတိပေးမှုကို လုံးဝ ဂရုမစိုက်ဘဲ သူ၏လက်ထဲမှ နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းကို တုံ့ဆိုင်းခြင်းမရှိ လှုံ့ဆော်လိုက်သည်။

မျက်စိကျိန်းလောက်စရာ လရောင်အလင်းတန်းသည် နယ်မြေနတ်ဘုရားအဆင့် မှော်ရတနာကနေ ဖန်တီးထားသော တိုက်ခိုက်ရေးစင်မြင့်ကနေ ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့သည်။

ခဏအကြာတွင် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့သော လရောင်အလင်းတန်းသည် အလျားမီတာ ထောင်ချီရှိသော ပုံရိပ်တစ်ခု အဖြစ်သို့ စုစည်းသွားခဲ့သည်။

ထိုပုံရိပ်မှာ ဟန်ယွဲ့နန်းတော်သခင် အရှင်ဟောင်ယွဲ့၏ ပုံရိပ်ပင်ဖြစ်၏။

အရှင်ဟောင်ယွဲ့က အောက်ဘက်ရှိ ကျန်းချန်ကို ထီမထင်သော အမူအရာဖြင့် ငုံ့ကြည့်လိုက်သည်။

ယင်းနောက်တွင် သူ၏ ကျောဘက်ကနေ ကောင်းကင်နှင့်နေမင်းကိုပင် ဖုံးအုပ်ထားနိုင်သော လဝန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုလဝန်းက ကောင်းကင်ကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည့် စွမ်းအားကို သယ်ဆောင်ကာ ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့၏။

“နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းပါလား”

သူမ ရှေ့မှ မြင်ကွင်းကိုကြည့်ကာ ကျီဝူရွှယ်၏ လှပသော မျက်ဝန်းလေးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

လွန်ခဲ့သော ၅နှစ်ခန့်က ဟန်ယွဲ့နန်းတော်၏ အကြီးအကဲချုပ် ဖြစ်သော သူမ၏ ဆရာသည် နယ်မြေနတ်ဘုရား သလင်းကျောက်အား သူမအား ပေးအပ်ခဲ့သော်လည်း အရှင်ဟောင်ယွဲ့ ဦးဆောင်သော အဆင့်မြင့် အကြီးအကဲများသည် သူမကို ဖိအားပေးကာ နယ်မြေနတ်ဘုရား သလင်းကျောက်အား လုယူရန် ကြိုးစားခဲ့သည်။

ထိုကိစ္စတွင် သူမ၏ ဆရာနှင့် မိတ်ဆွေရင်းချာ ဖြစ်သော အရှင် ရွှယ်သောင်းက ဝင်ရောက် ကူညီခဲ့သည်။

အရှင်ရွှယ်သောင်း၏ ဆွေးနွေးညှိုနှိုင်းမှုကြောင့် နယ်မြေနတ်ဘုရား သလင်းကျောက်ကို သိုင်းပြိုင်ပွဲတွင် အနိုင်ရသူအား ပေးအပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ယခုတစ်ကြိမ် သိုင်းပြိုင်ပွဲတွင် ကျီဝူရွှယ်သည် နယ်မြေနတ်ဘုရား သလင်းကျောက်ကို ထိန်းသိမ်းထားရန် မျှော်လင့်ချက်အလွန်အမင်း မထားခဲ့ပေ။

သို့သော်လည်း ကျန်းချန်က သိုင်းပြိုင်ပွဲတွင် ရုတ်တရက် ပေါ်လာခဲ့ပြီး ကုန်းလင်ကိုပင် အနိုင်ယူသွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

ယခု သိုင်းပြိုင်ပွဲ၏ ပထမနေရာက ကျန်းချန်အတွက် သေချာသွားသော အချိန်တွင် ကုန်းလင် ဟူသော လူယုတ်မာသည် ကျန်းချန်ကို တိုက်ခိုက်ရန်အတွက် နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းကို အသုံးပြုလိုနေသည် ဖြစ်ရာ ကျီဝူရွှယ်သည် ကုန်းလင်၏ ဆန္ဒအတိုင်း အဘယ်ကြောင့် ပြုလုပ်ခွင့် ပေးပါမည်နည်း။

ကျီဝူရွှယ်က ချက်ချင်းဆိုသလိုပင် သူမ ဆရာ ချန်ထားပေးခဲ့သော နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းကို လှုံ့ဆော်ရန် ပြင်လိုက်၏။

ယင်းအချိန်မှာပင် ကျန်းချန်၏ လက်ဖဝါးထဲတွင် နယ်မြေနတ်ဘုရား၏ စွမ်းအားများကို ထုတ်လွှတ်နေသော စာလိပ်တစ်လိပ် ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။

“ချန်အာမှာလည်း နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းရှိနေတယ်လား”

ကျီဝူရွှယ်က တစ်ခဏမျှ မှင်တက်သွားပြီးနောက်တွင် လျင်မြန်စွာ စိတ်သက်သာရာ ရသွားခဲ့သည်။

ကျန်းချန်၏ ဆရာက အရှင်ရွှယ်သောင်း ဖြစ်ရာ အရှင်ရွှယ်သောင်းက နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းကို ကျန်းချန်အား ပေးထားမည်မှာ ထူးဆန်းသောအရာ မဟုတ်ပေ။

“ငါ အရမ်း အစိုးရိမ်လွန်သွားတဲ့ပုံပဲ”

ကျီဝူရွှယ်က တိတ်တဆိတ် ခေါင်းခါရမ်းလိုက်သည်။

အရှင်ရွှယ်သောင်းသည် ယနေ့ခေတ် ဟန်ယွဲ့နန်းတော်၏ နယ်မြေနတ်ဘုရား နှစ်ပါးထဲမှ တစ်ပါး ဖြစ်ပြီး သူ၏ အဆင့်အတန်းသည် ဟန်ယွဲ့နန်းတော်သခင် ဖြစ်သည့် အရှင်ဟောင်ယွဲ့ထက် မနိမ့်ကျပေ။

အရှင်ရွှယ်သောင်းသည် သူ၏ တိုက်ရိုက်တပည့် ဖြစ်သည့် ကျန်းချန်ကို ကာကွယ်ရန် အတွက် နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းကို ပေးအပ်ထားမည်မှာ ဆန်းကြယ်သော အရာ မဟုတ်ချေ။

တိုက်ခိုက်ရေးစင်မြင့်၏ အလယ်ဗဟိုတွင် ကျန်းချန်သည် အရှင် ရွှယ်သောင်း ပေးအပ်ထားသော နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းကို ကိုင်ဆောင်ရင်း ကောင်းကင်ယံကနေ သူ့ဆီသို့ ဆင်းသက်လာသော လဝန်းကို စူးစိုက်ကြည့်လိုက်သည်။

အရှင်ဟောင်ယွဲ့ ကုန်းလင်ကို ပေးအပ်ထားသော နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်း၏ စွမ်းအားသည် ကျန်းချန် မြင်တွေ့ဖူးသမျှ နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းများထက် အနည်းငယ် ပိုမို အားကောင်းနေခဲ့သည်။

သူ၏ခွန်အားဖြင့် နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းကို ခုခံလိုလျှင် တစ်ခုတည်းသော နည်းလမ်းမှာ ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား ကပ်ဘေးကို လှုံ့ဆော်ရန်သာ ဖြစ်လောက်၏။

သို့သော်လည်း ဤအချိန်တွင် ကျန်းချန်သည် အဆင့်ထိုးဖောက်ရန် ဆန္ဒမရှိခဲ့ဘဲ သူ့ဆရာ သူ့ကို ပေးအပ်ထားသော နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းကိုသာ လှုံ့ဆော်လိုက်သည်။

“ဝုန်း..”

ကျန်းချန်၏ လှုံ့ဆော်မှုကနေ နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းမှ နတ်အလင်းတန်း တစ်စင်းသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့ပြီး အရှင်ရွှယ်သောင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

နောက်ထပ် တစ်ခဏမှာပင် တိုက်ခိုက်ရေးစင်မြင့်၏ အထက်ကောင်းကင်ယံတွင် အရှင်ရွှယ်သောင်းက လက်ချောင်းတစ်ချောင်းအား ဆန့်ထုတ်လိုက်သည်ကို အားလုံးက မြင်လိုက်ရ၏။

ထိုလက်ချောင်းသည် ကျန်းချန် ဆီသို့ ဆင်းသက်လာသောလဝန်းကို ရှေ့သို့ တိုး၍ မရစေရန် ပိတ်ဆို့ထားခဲ့သည်။

“ဆရာတူညီလေးကျန်းရဲ့ လက်ထဲမှာလည်း ဆရာပေးအပ်ထားတဲ့ နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်း ရှိနေပါလား”

ကျန်းချန်၏ နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းကိုမြင်လျှင် ရှန်းဟုန်တို့ နှစ်ဦးစလုံး၏ စိုးရိမ်နေသော အမူအရာသည် တစ်ချိန်တည်းမှာပင် အံ့အားသင့်သော အမူအရာ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အစောပိုင်းက တင်းကျပ်နေသော သူတို့၏ နှလုံးသားသည်လည်း အနည်းငယ် ပြေလျော့သွားခဲ့၏။

လူတိုင်း၏ အကြည့်အောက်မှာပင် လေထုထဲရှိ နယ်မြေနတ်ဘုရား နှစ်ပါးသည် အဆက်မပြတ် ထိပ်တိုက် ရင်ဆိုင်နေခဲ့ကြပြီး အလယ်ဗဟိုကနေ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအင်လှိုင်းများသည် တိုက်ခိုက်ရေးစင်မြင့်၏ အထက်တွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။

ထိုစွမ်းအင်လှိုင်းများ၏ သက်ရောက်မှုအောက်တွင် မျက်စိတစ်မှိတ် အတွင်းမှာပင် မီတာထောင်ချီ နေရာလွတ်သည် ဘာမှမကျန်ရှိတော့သည် အထိ ပြိုကျသွားခဲ့သည်။

လေထုထဲရှိ ကျုံးလီရွှေပင် ထိုစွမ်းအား၏ ရိုက်ခတ်မှုကြောင့် ပေ၁၀၀၀ခန့် နောက်သို့ ဆုတ်လိုက်ရသည်။

စွမ်းအင်လှိုင်းများသာ ဤပုံအတိုင်း ဆက်လက်တိုက်ခတ်နေမည်ဆိုလျှင် သိုင်းပြိုင်ကွင်းကိုပါ သက်ရောက်လာမည်ကို သူ စိုးရိမ်လာမိသည်။

ကျုံးလီရွှေက ရင်မောလာခဲ့ပြီး အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ရသည်။

ဤကိစ္စသည် သူ၏ ထိန်းချုပ်နိုင်စွမ်းထက် လုံးဝကို ကျော်လွန်နေခဲ့၏။

သူက အရှင်ဟောင်ယွဲ့ကို ဆက်သွယ်ရန် ပြင်လိုက်စဥ်မှာပင် နေရာလွတ် လှိုင်းလုံး အတက်အကျသည် ကောင်းကင်ပေါ်တွင် ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

နောက်ထပ် တစ်ခဏမှာပင် သိုင်းပြိုင်ကွင်း တစ်ခုလုံး၏ အချိန်နှင့် နေရာလွတ်က ငြိမ်သက်သွားသကဲ့သို့ ဖြစ်သွားခဲ့သည်။

လေထုထဲတွင် ပျံ့နှံ့နေသော စွမ်းအင်လှိုင်းများသည် ချက်ချင်းဆိုသလိုပင် အေးခဲသွားခဲ့ပြီး လျင်မြန်စွာပင် ပြန့်ကျဲသွားခဲ့သည်။

မျက်စိတစ်မှိတ် အတွင်းမျာပင် အခြေအနေအားလုံးသည် ပုံမှန်အတိုင်း ပြန်လည် ဖြစ်သွားခဲ့၏။

လူတိုင်းက ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ ‌ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် အထက်ကောင်းကင်ယံတွင် ဟန်ပန်အပြည့်ဖြင့် ရပ်နေသည်ကို မြင်လိုက်ရသည်။

သူက ထိုနေရာတွင် ရပ်နေရုံမျှသာ ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကနေ အဆုံးမဲ့ အရှိန်အဝါများ ထွက်ပေါ်နေခဲ့ပြီး လူအများကို ကိုးကွယ်လိုစိတ်များပင် ဖြစ်‌ပေါ်စေခဲ့သည်။

“နန်း‌တော်သခင်ကို ဂါဝရပြုပါတယ်”

ကျုံးလီရွှေက ရုတ်တရက် ‌ရောက်ရှိလာသူကို မြင်လျှင် ဦးညွှတ်ကာ အရိုအသေ‌ပေးလိုက်သည်။

သိုင်းပြိုင်ကွင်းသို့ သက်ရောက်လာနိုင်သည့် အခက်အခဲကို ဖြေရှင်းပေးခဲ့သောသူသည် အခြားသူ မဟုတ်ဘဲ ဟန်ယွဲ့နန်းတော်၏ သခင် ဖြစ်သည့် အရှင်ဟောင်ယွဲ့ ဖြစ်နေခဲ့သည်။

အရှင်ဟောင်ယွဲ့က ကျုံးလီရွှေကို လျစ်လျူရှုလိုက်ပြီး ဆန့်ကျင်ဘက်ရှိ လေဟာနယ်ကို တည်ငြိမ်စွာ ကြည့်ကာ ပြောလိုက်သည်။

“ရွှယ်သောင်း မင်းလည်း ‌ရောက်နေပြီ မဟုတ်လား.. ဘာလို့ ပုန်းနေသေးတာလဲ”

“ဟားဟား ဟောင်ယွဲ့.. ငါ့ရဲ့တည်ရှိမှုကိုတောင် ရှာတွေ့နိုင်ခဲ့ပြီဆိုတော့ ဒီနှစ်တွေ အတွင်းမှာ မင်းအများကြီး တိုးတက်လာပုံပဲ”

လေထုထဲတွင် ရယ်မောသံ တစ်သံသည် ပဲ့တင်ထပ်လာခဲ့ပြီး အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အရှင်ရွှယ်သောင်းသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

အရှင်ဟောင်ယွဲ့က အောက်ဘက်ရှိ ကျန်းချန်ကို ကြည့်ကာ အရှင် ရွှယ်သောင်းကို ပြောလိုက်သည်။

“ရွှယ်သောင်း.. ဒီလို တပည့်ကောင်း တစ်ယောက်ကို လက်ခံနိုင်ခဲ့တယ်ဆိုတော့ မင်းရဲ့အမြင်က ဘယ်ဆိုးလို့လဲ”

“သိပ်မှန်တာပေါ့.. ငါ့ရဲ့အမြင်က ဘယ်တုန်းကမှ မဆိုးရွားခဲ့ဘူး”

အရှင်ရွှယ်သောင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“ဟောင်ယွဲ့.. စိန်ခေါ်ပွဲရဲ့ရလဒ်က ထွက်ပေါ်နေပြီ မဟုတ်လား.. ဘာလို့ ရလဒ်ကို အခုထိ မကြေညာသေးတာလဲ”

ထိုစကားကို ကြားလျှင် အရှင်ဟောင်ယွဲ့က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

“ရွှယ်သောင်း.. မင်းရဲ့တပည့်က သိုင်းပြိုင်ပွဲကို အနိုင်ရသွားတာမှန်ပါတယ်.. ဒါပေမဲ့ ငါက နယ်မြေနတ်ဘုရား သလင်းကျောက်နဲ့ ပတ်သက်ပြီး မင်းနဲ့ ဆွေးနွေးချင်သေးတယ်”

“ဟောင်ယွဲ့.. ဒီကိစ္စနဲ့ ပတ်သက်ရင် ဘာမှ ဆွေးနွေးနေစရာ မရှိဘူး.. သိုင်းပြိုင်ပွဲမှာ ပထမရတဲ့သူက နယ်မြေနတ်ဘုရား သလင်းကျောက်ကို ပိုင်ဆိုင်ခွင့်ရှိတယ်.. ဒါက မင်းကိုယ်တိုင် အဆိုပြုခဲ့တာပဲ”

အရှင်ရွှယ်သောင်းက အေးစက်စက် ပြောလိုက်သည်။

“ဘာလဲ မင်းက စကားမတည်ချင်တာလား”

အခန်း(၁၈၅၂)ပြီး၏။

All Chapters