အခန်း (၁၈၅၃-၁၈၅၄)
Vol. 126 Ch. 1853-1854
အခန်း(၁၈၅၃)
“မင်းမစိုးရိမ်ပါနဲ့ ငါက ငါ့ရဲ့စကားကို တည်မှာပါ”
အရှင်ဟောင်ယွဲ့က လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“ငါမင်းနဲ့ဆွေးနွေးချင်ရတာက ဟန်ယွဲ့နန်းတော် အတွက် နယ်မြေနတ်ဘုရား သလင်းကျောက်က အရမ်းကို အရေးကြီးလို့ပဲ.. ကျန်းချန်သာ နယ်မြေနတ်ဘုရား သလင်းကျောက်ကို ပေးအပ်ဖို့ ဆန္ဒရှိသရွေ့ ဘယ်လို အခြေအနေမျိုးကိုမဆို တောင်းဆိုနိုင်ပါတယ်”
ဟန်ယွဲ့နန်းတော်တွင် အကြီးအကဲချုပ် သေဆုံးသွားခြင်းသည် ဟန်ယွဲ့နန်းတော် အတွက် အလွန်ကြီးလေးသော ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်။
လက်ရှိအချိန်တွင် ဟန်ယွဲ့နန်းတော်၌ နယ်မြေနတ်ဘုရားနှစ်ပါး ဟူ၍ သူနှင့် ရွှယ်သောင်းသာ ကျန်ရှိတော့၏။
ပို၍ တိတိကျကျ ပြောရလျှင် အရှင်ရွှယ်သောင်းသည် ဟန်ယွဲ့နန်းတော်၏ အဖွဲ့ဝင် မဟုတ်ဘဲ ဟန်ယွဲ့နန်းတော်တွင် ဧည့်သည်အဖြစ်သာ ရှိနေသူ ဖြစ်၍ ဟန်ယွဲ့နန်းတော်ကနေ အချိန်မရွေး ထွက်ခွာသွားနိုင်သည်။
အရှင်ရွှယ်သောင်း ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် ဟန်ယွဲ့နန်းတော်၌ နယ်မြေနတ်ဘုရား ဟူ၍ သူတစ်ဦးတည်းသာ ကျန်ရှိတော့မည် ဖြစ်၏။
ထိုသို့သာ ဖြစ်လာလျှင် ဟန်ယွဲ့နန်းတော်သည် ဟန်ယွဲ့နယ်မြေကို လွှမ်းမိုးခွင့်အား ဆုံးရှုံးရနိုင်ခြေ ရှိသည်။
ဟန်ယွဲ့နန်းတော်၏ နန်းတော်သခင် ဖြစ်သည့် အရှင်ဟောင်ယွဲ့သည် ဤအခြေအနေကို ကောင်းစွာ သိရှိထားခဲ့သည်။
ထို့ကြောင့် ဟန်ယွဲ့နန်းတော်တွင် နယ်မြေနတ်ဘုရား အသစ်တစ်ပါး မွေးထုတ်ပေးရန် အလွန်အမင်း ဆန္ဒ ပြင်းပြခဲ့သည်။
အကြီးအကဲချုပ် ချန်ထားရစ်ခဲ့သည့် နယ်မြေနတ်ဘုရား သလင်းကျောက်သည် ဟန်ယွဲ့နန်းတော် အတွက် နယ်မြေနတ်ဘုရား တစ်ပါးကို လျင်မြန်စွာ မွေးထုတ်ပေးနိုင်သည့် အမြင့်မြတ်ဆုံးရတနာ ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
ထိုအကြောင်းကြောင့်ပင် အကြီးအကဲချုပ်၏ တပည့်ထံမှ နယ်မြေနတ်ဘုရား သလင်းကျောက်ကို ရယူရန် ကြိုးစားခဲ့ခြင်းပင် ဖြစ်၏။
စင်စစ် သူ့အနေဖြင့် ထိုသို့ ပြုလုပ်ရခြင်းမှာ ဟန်ယွဲ့နန်းတော် တစ်ခုလုံး၏ အနာဂတ်အတွက် ထည့်သွင်းစဥ်းစား၍သာ ဖြစ်သည်။
“ဟောင်ယွဲ့.. သိုင်းပြိုင်ပွဲမှာ ပထမနေရာကို ကျန်းချန်က ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့တာပဲ.. ဘာလို့ ငါတို့က နယ်မြေနတ်ဘုရား သလင်းကျောက်ကို မင်းဆီ လက်လွှဲပေးရမှာလဲ”
နယ်မြေနတ်ဘုရား သလင်းကျောက်သည် နယ်မြေနတ်ဘုရား အဆင့်အောက်ရှိ ကျင့်ကြံသူများ အတွက် အဖိုးမဖြတ်နိုင်သော ရတနာ ဖြစ်သည်။
သူ၏ တိုက်ရိုက်တပည့် ဖြစ်သည့် ကျန်းချန်က ယခုအခါတွင် သိုင်းပြိုင်ပွဲ၏ ပထမနေရာကို ရယူကာ နယ်မြေနတ်ဘုရား သလင်းကျောက်၏ ပိုင်ဆိုင်ခွင့်ကို ရရှိထားပြီ ဖြစ်ရာ ကျန်းချန်၏ လက်ထဲမှ နယ်မြေနတ်ဘုရား သလင်းကျောက်အား မည်သူ့ကိုမှ လုယူခွင့်ပေးမည် မဟုတ်ပေ။
“ရွှယ်သောင်း မင်းဆီမှာ ဆွေးနွေးညှိနှိုင်းလိုစိတ် မရှိဘူးကိုး”
အရှင်ဟောင်ယွဲ့၏ မျက်နှာသည် အနည်းငယ် သုန်မှုန်စ ပြုလာခဲ့သည်။
“ငါက ဒီဟန်ယွဲ့နန်းတော်ရဲ့ နန်းတော်သခင် ဆိုတာ မင်းမမေ့ပါနဲ့”
“ဟောင်ယွဲ့.. ကျန်းချန်ကလည်း အခုအချိန်မှာ ဟန်ယွဲ့နန်းတော်ရဲ့ တပည့်တစ်ယောက် ဆိုတာ မင်းမေ့နေပြီလား.. ကုန်းလင်ထက် စာရင် နယ်မြေနတ်ဘုရား သလင်းကျောက်ကို ကျန်းချန်က ပိုင်ဆိုင်ဖို့ ပိုပြီး အရည်အချင်းရှိတယ်.. ဟန်ယွဲ့နန်းတော်ရဲ့ နန်းတော်သခင် အနေနဲ့ မင်းဆီမှာ ကျန်းချန်ကို နယ်မြေနတ်ဘုရား သလင်းကျောက် မပေးအပ်ဖို့အခွင့်အာဏာ ရှိပါတယ်”
ထိုစကားကို ပြောပြီးနောက်တွင် အရှင်ရွှယ်သောင်းသည် အရှင်ဟောင်ယွဲ့ကို စူးစိုက်ကြည့်လိုက်သည်။
“ဒါပေမဲ့ မင်းသေချာစဥ်းစားပါ.. မင်းသာ နယ်မြေနတ်ဘုရား သလင်းကျောက်ကို ကုန်းလင်ဆီ ပေးဖို့ အတင်းအကျပ် ဆက်လုပ်မယ်ဆိုရင် ဟန်ယွဲ့နန်းတော်ကနေ ငါထွက်သွားမယ်.. ဟန်ယွဲ့နန်းတော်နဲ့ ငါဘယ်တော့မှ မပတ်သက်တော့ဘူး”
ထိုစကားကို ကြားလျှင် အရှင်ဟောင်ယွဲ့၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ဟန်ယွဲ့နန်းတော်၏ အကြီးအကဲချုပ် သေဆုံးသွားခြင်းသည်ပင် ဟန်ယွဲ့နန်းတော်၏ ခွန်အားကို များစွာ ပျက်စီးစေခဲ့ပြီ ဖြစ်၏။
ဤအချိန်တွင် အရှင်ရွှယ်သောင်းကပါ ထွက်ခွာသွားခဲ့လျှင် ဟန်ယွဲ့နန်းတော်ကို ပို၍ပင် ဆိုးရွားစေမည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
အရှင်ဟောင်ယွဲ့က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ခါးသီးစွာ ပြုး၍ ပြောလိုက်သည်။
“ရွှယ်သောင်း ငါသေချာမစဥ်းစားမိခဲ့ဘူး.. မင်းက ကျန်းချန်အတွက် နယ်မြေနတ်ဘုရား သလင်းကျောက်ကို လက်လွှတ်ဖို့ ဆန္ဒမရှိဘူးဆိုရင် ငါ အတင်းအကျပ် မပြောတော့ပါဘူး”
“ဟောင်ယွဲ့ မင်းဘာအတွက် စိတ်ပူနေလဲဆိုတာ ငါသိတယ်.. ဘယ်လိုပဲဖြစ်ဖြစ် ငါနဲ့ ကျန်းချန်တို့ နှစ်ယောက်စလုံးက ဟန်ယွဲ့နန်းတော်ရဲ့ နာမည်အောက်ကပဲ.. လအနည်းငယ်ကြာရင် ကျင်းပတော့မဲ့ မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲမှာ ကျန်းချန်က ဟန်ယွဲ့နန်းတော်ရဲ့ ကိုယ်စားပြုတပည့် အနေနဲ့ ပါဝင်တဲ့အခါကျရင် ကုန်းလင်ထက် ဟန်ယွဲ့နန်းတော်ရဲ့ အကျိုးကျေးဇူးကို သေချာပေါက် ပိုမို ဆောင်ကြဥ်းပေးနိုင်လိမ့်မယ်လို့ ငါပြောရဲတယ်”
အရှင်ရွှယ်သောင်းက အရှင်ဟောင်ယွဲ့ကို ကြည့်ကာ အလေးအနက် ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် အရှင်ဟောင်ယွဲ့က တစ်ခဏမျှ မှင်တက်သွားသော်လည်း အရှင်ရွှယ်သောင်း၏ စကားထဲမှ ဆိုလိုရင်းကို ချက်ချင်းဆိုသလို နားလည်သွားခဲ့သည်။
ထို့အပြင် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတွင် ကျန်းချန်ပါဝင်ခြင်းသည် ဟန်ယွဲ့နန်းတော် အတွက် အမှန်တကယ်ပင် ပိုမိုများပြားသော အကျိုးကျေးဇူးကို ဆောင်ကြဥ်းပေးနိုင်မည်ဖြစ်၏။
အရှင်ရွှယ်သောင်း ဟန်ယွဲ့နန်းတော်တွင် ရှိနေသည်ဖြစ်စေ၊နောက်ပိုင်းတွင် ထွက်ခွာသွားလျှင် ဖြစ်စေ၊ အချို့သော ရန်သူများကို ဟန့်တားရန် ဟန်ယွဲ့နန်းတော် အနေဖြင့် လုံလောက်နေသေး၏။
တကယ်တမ်းတွင် ကုန်းလင်က မဟာမြေရိုင်းပါရမီရှင် စာရင်းတွင် ပါဝင်နေပြီ ဖြစ်ရာ ဤတစ်ကြိမ် မဟာမြေရိုင်းပါရမီရှင်စာရင်းတွင် ပိုမို မြင့်မားသော နေရာကို မရနိုင်ပါကလည်း အရေးမကြီးပေ။
သို့သော် ကျန်းချန်ကမူ မတူချေ။
ကျန်းချန်သာ မဟာမြေရိုင်းပါရမီရှင် စာရင်းသို့ ဝင်ရောက်နိုင်ခဲ့လျှင် ဟန်ယွဲ့နန်းတော်သည် မဟာမြေရိုင်းပါရမီရှင် စာရင်းတွင် ပါဝင်သည့် ပြိုင်ဘက်ကင်း တပည့်နှစ်ဦးကို ပိုင်ဆိုင်ခွင့်ရတော့မည်ဟု ဆိုလိုနေသည် မဟုတ်ပါလော။
“ရွှယ်သောင်း ငါနားလည်ပြီ”
အရှင်ဟောင်ယွဲ့က ခေါင်းညိတ်လိုက်ပြီး သူ၏နံဘေးမှ ကျုံးလီရွှေကို ကြည့်ကာ ပြောလိုက်သည်။
“အကြီးအကဲကျုံး ဒီကိစ္စကို မင်းဆီပဲ လွှဲပေးလိုက်ပြီ”
ထိုစကားကို ပြောပြီးနောက်တွင် အရှင်ဟောင်ယွဲ့၏ ပုံရိပ်သည် တိုက်ခိုက်ရေးစင်မြင့်၏ အထက်ကောင်းကင်ယံကနေ တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့သည်။
“ချစ်တပည့်.. သိုင်းပြိုင်ပွဲပြီးရင် ဆရာ့ဆီ လာဖို့မမေ့နဲ့ဦး”
အရှင်ရွှယ်သောင်းက အောက်ဘက်ရှိ ကျန်းချန်ကို ပြုံး၍ ကြည့်လိုက်သည်။
သူ၏ ပုံရိပ်သည် လေထုထဲတွင် တဖြည်းဖြည်း မှေးမှိန်ကာ ပျောက်ကွယ်သွားခဲ့၏။
နယ်မြေနတ်ဘုရားနှစ်ပါး ထွက်ခွာသွားသည်ကို မြင်လျှင် ကျုံးလီရွှေသည် အနည်းငယ် သက်ပြင်းချလိုက်သည်။
မကြာမီမှာပင် သူက အောက်ဘက်ရှိ ကျန်းချန်တို့ နှစ်ဦးကို ကြည့်ကာ ရလဒ်ကို ကြေညာလိုက်သည်။
“ကျန်းချန်က ကုန်းလင်ကို အနိုင်ယူပြီး ပထမနေရာကို ယာယီရရှိခဲ့တယ်”
“ချီးပဲကွာ”
အရှင်ဟောင်ယွဲ့ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသော်လည်း အဆုံးသတ်တွင် အလျှော့ပေးကာ နောက်ဆုတ်သွားသည်ကို မြင်လျှင် ကုန်းလင်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
သူ၏ မျက်နှာထက်တွင် ကျန်းချန် ပထမနေရာအား ယာယီ ယူသွားသည်ကို မလိုလားသော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
ဟန်ယွဲ့နန်းတော်၏ နံပါတ်(၁)ပါရမီရှင် အနေဖြင့် ကုန်းလင်သည် နှစ်ပေါင်းရာချီ ကြာအောင် ဟန်ယွဲ့နန်းတော်၏ တပည့်များကြားထဲတွင် ပြိုင်ဘက်ကင်း ဖြစ်ခဲ့သည်။
သို့သော်လည်း ဤတစ်ကြိမ် သိုင်းပြိုင်ပွဲတွင် ကျန်းချန်သည် သူ့ကို အနိုင်ယူကာ သိုင်းပြိုင်ပွဲ၏ ပထမနေရာကို ယာယီရယူသွားခဲ့ချေပြီ။
သူပိုင်ဆိုင်သင့်သည့် နယ်မြေနတ်ဘုရား သလင်းကျောက်ကို ကျန်းချန် လုယူသွားသည်အား တွေ့လိုက်မိလျှင် ကုန်းလင်သည် သွေးအန်မတတ်ပင် ခံစားလိုက်ရသည်။
“ကျန်းချန်.. မင်းငါ့ကို စောင့်နေလိုက်.. ဒီနေ့ရဲ့ အရှက်ကွဲခဲ့ရမှုကို သိပ်မကြာခင် ၁၀ဆ ပြန်လည် ပေးဆပ်စေမယ်”
ကုန်းလင်၏ မျက်ဝန်းတွင် ရုတ်တရက် အေးစက်သော အလင်းတန်း တစ်ခုက လင်းလက်လာခဲ့သည်။
ထို့နောက်တွင် ကုန်းလင်သည် စကားတစ်ခွန်းမှ မပြောတော့ဘဲ လှည့်ထွက်သွားရန် ပြင်လိုက်၏။
“ခဏနေဦး”
ကုန်းလင် လှည့်ထွက်သွားတော့မည့် အချိန်မှာပင် ကျန်းချန်၏ အသံက ကုန်းလင်၏ နောက်ကျောကနေ ထွက်ပေါ်လာခဲ့သည်။
ကုန်းလင်က ခြေလှမ်းကို ရပ်တန့်လိုက်ပြီး ခေါင်းလှည့်၍ ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
“ကျန်းချန်.. မင်းက သိုင်းပြိုင်ပွဲမှာ ပထမနေရာကိုတောင် ရဖို့သေချာသလောက် ဖြစ်နေပြီ.. မင်း ဘာထပ်လုပ်ချင်သေးလို့လဲ”
“ငါဘာမှမလုပ်ချင်ပါဘူး.. မင်းက လောင်းကြေးကို မေ့နေပုံရလို့ သတိပေးမလို့ပါ”
ကျန်းချန်က မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။
“မင်း ငါ့ကို ရှုံးရင် လမင်းတုန်ခါ နတ်ဓားကို လောင်းကြေးအဖြစ် ပေးရမယ် ဆိုတာ မေ့နေပြီလား”
ကျန်းချန်၏ စကားကိုကြားလျှင် ကုန်းလင်၏ မျက်နှာ အမူအရာသည် ပို၍ပင် အကျည်းတန်သွားခဲ့သည်။
ဤလမင်းတုန်ခါ နတ်ဓားသည် မဟာမြေရိုင်း နယ်မြေတွင် အလွန်တရာ ရှားပါးသော နယ်မြေနတ်ဘုရားအဆင့် လက်နက် တစ်ခု ဖြစ်သည်။
သူက ရှန်းမိသားစု တစ်ခုလုံးကို သတ်ဖြတ်ပြီးမှသာလျှင် လမင်းတုန်ခါ နတ်ဓားကို ရရှိခဲ့ခြင်း ဖြစ်၏။
ယခုအခါတွင် လမင်းတုန်ခါနတ်ဓားကို လောင်းကြေးအဖြစ် ကျန်းချန်ကို ပေးအပ်ရတော့မည်လော။
သူက ဟန်ယွဲ့နန်းတော်မှ တပည့်များအားလုံး၏ ရှေ့တွင် ကျန်းချန်နှင့် အလောင်းအစားကို သဘောတူခဲ့သည်။
သူ့အနေဖြင့် လောင်းကြေးအဖြစ် လမင်းတုန်ခါနတ်ဓားကို မပေးအပ်ခဲ့လျှင် အနာဂတ်တွင် ဟန်ယွဲ့နန်းတော်၌ ခြေချစရာနေရာပင် ရှိနိုင်တော့မည် မဟုတ်ပေ။
“ရော့.. ယူထားလိုက်တော့”
ကုန်းလင်က တစ်ခဏမျှ တွေဝေပြီးနောက်တွင် အဆုံးသတ်၌ လမင်းတုန်ခါနတ်ဓားကို ကျန်းချန်ထံ ပစ်ပေးလိုက်ပြီး လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
ထွက်ခွာသွားသော ကုန်းလင်၏ ကျောပြင်ကို ကြည့်ကာ ကျုံးလီရွှေသည် မျက်မှောင်ခပ်တင်းတင်း ကြုတ်သွားခဲ့သည်။
ကုန်းလင်သည် ကျန်းချန်ကို ရှုံးနိမ့်ခဲ့သော်လည်း သူ၏ ခွန်အားဖြင့်ဆိုလျှင် အခြားနှစ်ဦးကို ဆက်လက် စိန်ခေါ်ကာ သိုင်းပြိုင်ပွဲ၏ ထိပ်ဆုံး သုံးနေရာတွင် ပါဝင်ရန် ကြိုးစားနိုင်သေး၏။
သိထားရမည့်အချက်မှာ သိုင်းပြိုင်ပွဲ၏ ထိပ်ဆုံးသုံးနေရာသည် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ၏ ခွဲတမ်းနေရာနှင့် တိုက်ရိုက်သက်ဆိုင်မှု ရှိနေခြင်းပင်။
ယခု ကုန်းလင်က စိန်ခေါ်မှုကို လုံးဝ စွန့်လွှတ်လိုက်ခြင်းသည် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတွင် ပါဝင်ခွင့်အား လက်လွှတ်လိုက်ခြင်းနှင့် အတူတူပင် မဟုတ်ပါလား။
အခန်း(၁၈၅၃)ပြီး၏။
အခန်း(၁၈၅၄)
ကျုံးလီရွှေက ကုန်းလင်၏ ကျောပြင်ကို ကြည့်ကာ ခါးသီးစွာပြုံး၍ ခေါင်းခါရမ်းလိုက်သည်။
နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းသုံးကာ တိုက်ခိုက်ခဲ့သောကုန်းလင်၏ လုပ်ရပ်ကို အရှင်ဟောင်ယွဲ့က အပြစ်မဆိုခဲ့သောကြောင့် ကျုံးလီရွှေသည် ထိုကိစ္စနှင့် ပတ်သက်၍ အရေးမယူခဲ့ပေ။
သူက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ယွဲ့ဝူရွှမ်းနှင့် ပိုင်ရှင်းကျန့် တို့ကို ကြည့်ကာ မေးလိုက်သည်။
“မင်းတို့နှစ်ယောက်ရော ကျန်းချန်ကို စိန်ခေါ်ဦးမှာလား”
ယခု ကုန်းလင်က ထွက်ခွာသွားပြီ ဖြစ်ရာ သိုင်းပြိုင်ပွဲ၏ ထိပ်ဆုံး သုံးနေရာသည် ကျန်းချန်နှင့် သူ၏ ရှေ့မှ နှစ်ဦး အတွက်သာ ဖြစ်သည်။
ကျန်းချန်သည် ကုန်းလင်ကို အနိုင်ယူပြီး ပထမနေရာကို ယာယီ ရယူထားခဲ့သည်။
သိုင်းပြိုင်ပွဲ၏ စည်းမျဥ်းအရ ယွဲ့ဝူရွှမ်းနှင့် ပိုင်ရှင်းကျန့် တို့နှစ်ဦးစလုံးသည် ကျန်းချန်ကို စိန်ခေါ်ရန် အခွင့်အရေး ရှိပြီး သိုင်းပြိုင်ပွဲ၏ ပထမနေရာ အတွက် ယှဥ်ပြိုင်နိုင်မည် ဖြစ်၏။
“ကျွန်မ လက်လျှော့ပါတယ်”
ယွဲ့ဝူရွှမ်းက အေးစက်စက် ပြောလိုက်ပြီးနောက်တွင် ချာခနဲလှည့်ကာ ထွက်ခွာသွားခဲ့သည်။
ယွဲ့ဝူရွှမ်း ထွက်ခွာသွားပြီးနောက်တွင် ပိုင်ရှင်းကျန့် တစ်ဦးတည်းသာ ကျန်ရှိတော့၏။
ကျန်းချန်နှင့် ကုန်းလင်တို့ တိုက်ပွဲမတိုင်မီက သူသည် ကျန်းချန်ကို ကုန်းလင်၏ လက်ထဲတွင် အရှက်ကွဲစေလိုခဲ့သည်။
သို့သော် ယခုအခါတွင် ကျန်းချန်သည် စီနီယာအစ်ကိုကုန်းလင်၏ အရှုံးမရှိ ဒဏ္ဍာရီကိုပင် ချိုးဖျက်နိုင်ခဲ့ပြီ ဖြစ်ရာ သူက ကျန်းချန်ကို အဘယ်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါအံ့နည်း။
ကုန်းလင်က တုံ့ဆိုင်းမနေတော့ဘဲ စိန်ခေါ်ခွင့်ကို စွန့်လွှတ်လိုက်ကာ စိတ်ပျက်အားငယ်စွာဖြင့် ထွက်ခွာသွားခဲ့သည်။
ယွဲ့ဝူရွှမ်းနှင့် ပိုင်ရှင်းကျန့်တို့က တစ်ချိန်တည်းမှာပင် စိန်ခေါ်မှုကို စွန့်လွှတ်လိုက်သောကြောင့် ကျန်းချန်သည် အငြင်းပွားဖွယ်ရာမရှိ သိုင်းပြိုင်ပွဲ၏ ပထမနေရာကို ရရှိခဲ့သည်။
ယင်းနောက်တွင် ကျုံးလီရွှေသည် ရလဒ်ကို ကြေညာခဲ့သည်။
“အားလုံးပဲ ဟန်ယွဲ့နန်းတော်ရဲ့သိုင်းပြိုင်ပွဲက အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ.. သိုင်းပြိုင်ပွဲမှာ ပထမနေရာကို ရရှိသွားတဲ့ကျန်းချန်ကို ဂုဏ်ပြုပါတယ်.. ယွဲ့ဝူရွှမ်းနဲ့ ပိုင်ရှင်းကျန့်တို့က ဒုတိယနဲ့ တတိယနေရာကို ရရှိခဲ့တယ်.. ဒါကြောင့် သူတို့သုံးဦးစလုံးက မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲမှာ ပါဝင်ဖို့ ဟန်ယွဲ့နန်းတော်ကို ကိုယ်စားပြုခွင့် ရရှိသွားခဲ့ပြီ.. သိုင်းပြိုင်ပွဲမှာ ပါဝင်ခဲ့တဲ့ တပည့်တွေက ဆုလာဘ်တွေကို ရယူဖို့ ကျုံးဝူခန်းမကို သွားပါ.. သိုင်းပြိုင်ပွဲမှာ ပထမနေရာကို ရတဲ့ ကျန်းချန်ကတော့ အထူးဆုလာဘ်ကို ရယူဖို့အတွက် လော်ယွဲ့တောင်ထွတ်ကို သွားနိုင်ပါတယ်”
ကျုံးလီရွှေ၏ စကားသံ အဆုံးသတ်သည်နှင့် ကျန်းချန်ကိုကြည့်နေသော ဟန်ယွဲ့နန်းတော်မှ တပည့်များစွာ၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးသော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
ပြိုင်ပွဲတွင် ရုတ်တရက် ထွက်ပေါ်လာသော ဖျက်မြင်း ဖြစ်သည့် ကျန်းချန်သည် ကုန်းလင်၏ အရှုံးမရှိ ဒဏ္ဍာရီကို ချိုးဖျက်ကာ သိုင်းပြိုင်ပွဲ၏ ထိပ်ဆုံးနေရာကို ရယူလိမ့်မည်ဟု မည်သူမှ မတွေးမိခဲ့ပေ။
ဤအခိုက်အတန့်တွင် ဟန်ယွဲ့နန်းတော်၌ ကုန်းလင် ကြီးစိုးခဲ့သောခေတ်က ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း လူတိုင်းနီးပါးက သိရှိခဲ့ကြသည်။
မကြာမီမှာပင် ကျန်းချန်၏ ခေတ်တစ်ခေတ်ကို ရောက်ရှိလာတော့မည် ဖြစ်သည်။
ကျန်းချန်က ဟန်ယွဲ့နန်းတော်မှ တပည့်များစွာ၏ အကြည့်များကို လျစ်လျူရှုခဲ့ပြီး ရှန်းဟုန်တို့ နှစ်ဦး ရှိရာသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။
ထို့နောက်တွင် သူက လမင်းတုန်ခါနတ်ဓားကို ရှန်းဟုန်ထံ ပစ်ပေးလိုက်ပြီး ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ဆရာတူအစ်ကိုရှန်း.. ကျွန်တော် ဆရာတူအစ်ကိုရှန်း အတွက် လမင်းတုန်ခါနတ်ဓားကို ပြန်ယူလာနိုင်ခဲ့ပြီ”
ရှန်းဟုန်က လမင်းတုန်ခါနတ်ဓားကို ကြည့်ကာ တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ခန့်က ဤလမင်းတုန်ခါနတ်ဓားကြောင့်ပင် သူတို့ ရှန်းမိသားစု တစ်ခုလုံးသည် ပျက်စီးခဲ့ရပြီး သူတစ်ဦးတည်းသာလျှင် ကံကောင်းထောက်မစွာဖြင့် အသက်ရှင် ကျန်ရစ်ခဲ့သည်။
ရှန်းမိသားစုဝင်များ၏ သေဆုံးခဲ့ရသည့် အခြေအနေကို ရှန်းဟုန်သည် ယခုထိတိုင် ရှင်းရှင်းလင်းလင်း မှတ်မိနေပါသေး၏။
သူက ရှန်းမိသားစု၏ ဘိုးဘေးသင်္ချိုင်းရှေ့တွင် လမင်းတုန်ခါနတ်ဓားကို ပြန်လည်ရယူမည်ဟု ကျိန်ဆိုခဲ့ဖူးသည်။
သို့သော် အဆင့်အတန်းတွင် ဖြစ်စေ၊ ခွန်အားတွင်ဖြစ်စေ ကုန်းလင်သည် ဟန်ယွဲ့နယ်မြေ တစ်ခုလုံးတွင် ပထမနေရာတွင် ရှိသူ ဖြစ်သည်။
သူက အရှင်ရွှယ်သောင်းကို ဆရာအဖြစ် ဆည်းကပ်ခွင့် ရခဲ့သော်လည်း ကုန်းလင်နှင့် သူ့ ကြားမှ ကွာဟချက်ကို မဖြည့်ဆည်းနိုင်ခဲ့ပေ။
ထို့ကြောင့် ကုန်းလင်ကို အနိုင်ယူကာ လမင်းတုန်ခါ နတ်ဓားကို ပြန်လည်ရယူရန် မျှော်လင့်ချက် ရှိတော့မည် မဟုတ်ဟု ရှန်းဟုန် မူလက ထင်မှတ်ထားခဲ့သည်။
သို့သော်လည်း သူက ကျန်းချန်ကဲ့သို့ နတ်ဆိုးဆန်သော ပါရမီရှင် ညီလေး တစ်ဦးကို ရုတ်တရက် ရရှိခဲ့ပြီး ထိုညီလေးသည် ကုန်းလင်ကို အနိုင်ယူကာ သူ့အတွက် လမင်းတုန်ခါနတ်ဓားကို ပြန်လည် ရယူပေးခဲ့သည်။
“ဆရာတူညီလေးကျန်း.. မင်းရဲ့ကြင်နာမှုကို ကျေးဇူးတင်စကားလောက်နဲ့ မလုံလောက်တာ ငါသိပါတယ်.. မင်းရဲ့ကြင်နာမှုကို ငါ့ရင်ထဲမှာ မှတ်တမ်းတင်ထားပါ့မယ်”
ရှန်းဟုန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီးနောက်တွင် ကျန်းချန်ကို အလေးအနက် ပြောလိုက်သည်။
“အနာဂတ်မှာ ဆရာတူညီလေးကျန်း ငါ့ကို ဘာပဲခိုင်းခိုင်း ငါတစ်ချက်တောင် မျက်ခုံးတွန့်မှာ မဟုတ်ဘူး”
“ဆရာတူအစ်ကိုရှန်းက လေးလေးနက်နက်ကို ပြောနေတော့တာပဲ”
ကျန်းချန်က ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
“ကျွန်တော်တို့က ဆရာတူညီအစ်ကိုတွေပါ.. ဒီလောက်အထိ မလိုပါဘူး ဆရာတူအစ်ကိုရှန်း”
ထိုအချိန်မှာပင် ကျီဝူရွှယ်သည် ကျန်းချန်ဆီသို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့သည်။
သူမ၏ မျက်နှာထက်တွင် အပြုံးတစ်ပွင့် ဖြစ်ပေါ်နေခဲ့၏။
“ချန်အာ သိုင်းပြိုင်ပွဲမှာ ပထမနေရာ ရတဲ့အတွက် ဂုဏ်ပြုပါတယ်.. ဘယ်အချိန် ငါနဲ့အတူ နယ်မြေနတ်ဘုရားသလင်းကျောက်ကို ယူဖို့ လော်ယွဲ့တောင်ထွတ်ကို လိုက်ခဲ့မလဲ”
ကျီဝူရွှယ်၏ စကားကိုကြားလျှင် ရှန်းဟုန်တို့ နှစ်ယောက်က လျင်မြန်စွာ ပြောလိုက်ကြသည်။
“ဆရာတူညီလေးကျန်း.. ငါတို့ဆရာ့ဆီ အရင်သွားပြီး မင်းကိုစောင့်နေမယ်.. အရေးကြီးတာကို အရင် ဦးစားပေးပါ”
နယ်မြေနတ်ဘုရား သလင်းကျောက်သည် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူ တစ်ဦး အတွက် မည်သည့်အဓိပ္ပါယ် ရှိသည်ကို သူတို့ ကောင်းစွာ သိထားကြသည်။
ထို့ကြောင့် မတော်တဆ ဖြစ်ရပ်များ မဖြစ်ပွားစေရန် အတွက် သူတို့က ကျန်းချန်ကို နယ်မြေနတ်ဘုရား သလင်းကျောက်အား အမြန်ဆုံး ရယူစေလိုသည့် ဆန္ဒ ရှိခဲ့ကြသည်။
“သွားစို့ အမေ”
ကျန်းချန်က ခေါင်းညိတ်ကာ ပြုံး၍ ပြောလိုက်သည်။
သူက နယ်မြေနတ်ဘုရား သလင်းကျောက်ကို မယူရန် စီစဥ်ထားသော်လည်း သူ့အမေကို ပြောချင်သောစကားများ ရှိနေသောကြောင့် သူ့အမေနှင့်အတူ လော်ယွဲ့တောင်ထွတ်ကို သွားရန် ဆုံးဖြတ်ခဲ့သည်။
မကြာမီမှာပင် ကျန်းချန်နှင့် ကျီဝူရွှယ်သည် လော်ယွဲ့တောင်ထွတ် ဆီသို့ ရောက်ရှိသွားခဲ့သည်။
ယနေ့တွင် အရှင်ဟောင်ယွဲ့သည် လော်ယွဲ့ တောင်ထွတ်၏ တားမြစ် အစီအရင်ကို ဖယ်ရှားလိုက်ပြီ ဖြစ်၍ ကျန်းချန်သည် လော်ယွဲ့တောင်ထွတ် ဆီသို့ အတားအဆီးမရှိ ဝင်ရောက်နိုင်ခဲ့သည်။
“ချန်အာ.. နတ်ဘုရားနယ်မြေကို ရောက်ပြီး ၁၀နှစ်ကျော်အတွင်းမှာ သား ဒီအဆင့်အထိ တိုးတက်လာလိမ့်မယ်လို့ အမေ မထင်ထားခဲ့ဘူး”
ကျီဝူရွှယ်က သူ၏ရှေ့မှ ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
သူမ၏ လှပသော မျက်လုံးလေးတွင် ကျေနပ်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။
“မင်းသာ နယ်မြေနတ်ဘုရား သလင်းကျောက်ကို ရရင် သိပ်မကြာခင်မှာ နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်နိုင်လိမ့်မယ်”
“အမေ ကျွန်တော့်အတွက် နယ်မြေနတ်ဘုရား သလင်းကျောက် မလိုအပ်ပါဘူး”
ကျန်းချန်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။
“နယ်မြေနတ်ဘုရား သလင်းကျောက်က အမေ့ရဲ့ဆရာ အမေ့ကို ပေးခဲ့တာ ဆိုတော့ အမေကပဲ နယ်မြေနတ်ဘုရား သလင်းကျောက်ကို အမွေဆက်ခံသင့်တယ်”
ကျန်းချန်၏စကားကိုကြားလျှင် ကျီဝူရွှယ်သည် မျက်မှောင်ခပ်တင်းတင်းကြုတ်သွားခဲ့သည်။
“ချန်အာ နတ်ဘုရားနယ်မြေက အဆင့်နိမ့်နယ်မြေလို မရိုးရှင်းဘူး.. နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူတွေပဲ နတ်ဘုရားနယ်မြေမှာ ကောင်းမွန်စွာ ရပ်တည်နိုင်ကြတယ်.. သားရဲ့အရည်အချင်းက အမေ့ထက် အများကြီးသာပါတယ်.. သားရဲ့လက်ထဲမှာဆိုရင် ဒီနယ်မြေနတ်ဘုရား သလင်းကျောက်က ပိုပြီး အသုံးဝင်လိမ့်မယ်”
“အမေ.. သား နတ်ဘုရားနယ်မြေကို ဝင်ရောက်ပြီးတဲ့ နောက်မှာ နယ်မြေနတ်ဘုရား သလင်းကျောက်တစ်ခုကို ရရှိခဲ့ပြီးပါပြီ.. ဒီနယ်မြေနတ်ဘုရား သလင်းကျောက်ကို ရရှိလို့လည်း သားအတွက် သိပ်အသုံးဝင်တော့မှာ မဟုတ်ဘူး”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“အမေ ကျွန်တော်က အများနဲ့မတူတဲ့ လမ်းကြောင်း တစ်ခုကို လျှောက်လှမ်းနေတာမို့ နယ်မြေနတ်ဘုရား အဆင့်ကို ဒီလောက်ထိ မြန်မြန် ထိုးဖောက်ဖို့ မစဥ်းစားထားဘူး”
“ချန်အာ.. သားက..”
ကျီဝူရွှယ်က တစ်စုံတစ်ရာကို တွေးမိလိုက်ပြီး စိတ်နှလုံးထဲတွင် တုန်လှုပ်သွားခဲ့သည်။
“ဟုတ်တယ်အမေ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က မဟာကောင်းကင်နတ်ဘုရား ဒါမှမဟုတ် အထွတ်အထိပ်ကောင်းကင်နတ်ဘုရား ဖြစ်ဖို့ပဲ.. ဒါကြောင့် ဒီနယ်မြေနတ်ဘုရား သလင်းကျောက်က သားအတွက် သိပ်အသုံးဝင်မှာမဟုတ်ဘူး”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို ခေါင်းစဥ်ပြောင်းကာ မေးလိုက်သည်။
“အမေ.. ချင်းရွှယ်တို့ရော အခု ဘယ်နေရာမှာ ရှိနေလဲ”
အခန်း(၁၈၅၄)ပြီး၏။