အခန်း (၁၈၅၇-၁၈၅၈)
Vol. 126 Ch. 1857-1858
အခန်း(၁၈၅၇)
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ဟင်းလင်းပြင်လှေကို သူ၏ရှေ့ရှိ သစ်တောဆီသို့ လျင်မြန်စွာ မောင်းနှင်လိုက်သည်။
ဟင်းလင်းပြင်လှေက မိုင်ရာချီ အကွာအဝေးကို ချက်ချင်းဆိုသလိုပင် ရောက်ရှိသွားခဲ့၏။
အောက်ဘက်ရှိ သစ်တောထဲတွင် ကျန်းချန်နှင့် ရင်းနှီးသော ပုံရိပ် တစ်ခုသည် ကျန်းချန်၏ မြင်ကွင်းတွင် လျင်မြန်စွာ ပေါ်လာခဲ့သည်။
ထိုသူမှာ တခြားသူ မဟုတ်ဘဲ ရှေးဟောင်းနဂါး ကုန်သည်အသင်း၏ ခေါင်းဆောင် ကုမင်ဟဲပင် ဖြစ်၏။
ဤအချိန်တွင် ကုမင်ဟဲ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးများစွန်းပေးနေခဲ့ပြီး ဒဏ်ရာ ပြင်းထန်စွာ ရရှိနေသည်မှာ ထင်ရှားသည်။
ကုမင်ဟဲ၏ နောက်ကနေ မီးလျှံ သံချပ်ဝတ်စုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူ များစွာက လိုက်လံသတ်ဖြတ်နေကြ၏။
“နန်လီမျိုးနွယ်စုက လူတွေပါလား”
ကုမင်ဟဲကို လိုက်လံဖမ်းဆီးနေသော လူစုကိုမြင်လျှင် ကျန်းချန်၏ မျက်ဝန်းများက ချက်ချင်းဆိုသလို အေးစက်သွားခဲ့သည်။
“ကုမင်ဟဲ မင်းထွက်ပြေးနေလို့လည်း လွတ်မြောက်မှာ မဟုတ်ဘူး.. လိမ်လိမ်မာမာပဲ ငါတို့လက်ထဲမှာ အဖမ်းခံလိုက်ပါ”
နန်လီမျိုးနွယ်စုဝင်များကို ဦးဆောင်လာသော ကျင့်ကြံသူက ကုမင်ဟဲ၏ ရှေ့တွင် တစ္ဆေကဲ့သို့ ရုတ်တရက် ပေါ်လာပြီး ကုမင်ဟဲကို ဟန့်တားလိုက်သည်။
တစ်ချိန်တည်းမှာပင် နောက်ကနေ လိုက်ပါလာသည့် နန်လီမျိုးနွယ်စုမှ ကျင့်ကြံသူ တစ်ဒါဇင်ကျော်သည် လျင်မြန်စွာ ရောက်ရှိလာခဲ့ပြီး ကုမင်ဟဲကို ဝိုင်းရံလိုက်ကြသည်။
“နောက်ဆုံးတော့ မလွတ်မြောက်နိုင်တော့ဘူး ထင်ပါရဲ့”
သူ၏ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ကုမင်ဟဲ၏ မျက်နှာထက်တွင် စိတ်ပျက်အားငယ်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
နန်လီမျိုးနွယ်စုဝင်များကို ခေါင်းဆောင်လာသော ကျင့်ကြံသူသည် ကုမင်ဟဲကို အထက်စီးဆန်စွာ ကြည့်၍ ပြောလိုက်၏။
“ကုမင်ဟဲ.. နောက်ဆုံးအနေနဲ့ မင်းကို အခွင့်အရေး တစ်ခုပေးမယ်.. ကျန်းချန် ဘယ်နေရာမှာလဲဆိုတာ ငါတို့ကို ပြောပြပါ.. ဒါဆိုရင်တော့ မင်းအသက်ကို ချမ်းသာပေးဖို့ ငါစဥ်းစားပေးမယ်”
“အပိုစကားတွေ ပြောမနေနဲ့.. ဒီနေ့မှာ ငါက မင်းတို့ နန်လီမျိုးနွယ်စုလက်ထဲမှာ ကျဆုံးသွားခဲ့ရင်တောင် အကြီးအကဲကျန်းက ငါ့အတွက် သေချာပေါက် လက်စားချေပေးမှာပဲ”
ကုမင်ဟဲက သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို လက်ခုံဖြင့်သုတ်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
“မင်းက ဒီလောက်အထိ အကြောမာလိမ့်မယ်လို့ မထင်ထားမိဘူး.. ကောင်းပြီလေ ဒီလောက်တောင် သေချင်နေမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်”
နန်လီမျိုးနွယ်စုဝင် ကျင့်ကြံသူများကို ခေါင်းဆောင်လာသောသူ၏ အမူအရာက အေးစက်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူ၏ ကောင်းကင်နတ်ဘုရား တတိယအဆင့် အရှိန်အဝါသည် ခန္ဓာကိုယ်ကနေ ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့၏။
သို့သော်လည်း သူက ကုမင်ဟဲကို သတ်ဖြတ်ရန် ကြိးစားနေစဥ်မှာပင် အေးစက်စက် အသံတစ်သံသည် သစ်တောထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“မင်းတို့ နန်လီမျိုးနွယ်စုက ငါ့ကို ရှာနေတာလား”
ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် နန်လီမျိုးနွယ်စုဝင်များကို ခေါင်းဆောင်လာသော ကျင့်ကြံသူ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူက ခေါင်းကို မော့၍ ကြည့်လိုက်ရာ သူတို့ရှေ့ရှိ လေထုတစ်နေရာတွင် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် လက်ထဲတွင် တစ်စုံတစ်ရာကို ကိုင်ဆောင်ကာ သူတို့ဆီသို့ လမ်းလျှောက်လာသည်ကို မြင်လိုက်ရ၏။
“ကျန်း.. အကြီးအကဲကျန်းလား”
ကုမင်ဟဲက ကောင်းကင်ပေါ်မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို တအံ့တသြ စိုက်ကြည့်ကာ သူ၏ မျက်လုံးကိုပင် မယုံကြည်နိုင်လုနီးပါး ဖြစ်သွားခဲ့သည်။
သူက အိပ်မက်မဟုတ်မှန်း သေချာစေရန် သူ၏ မျက်လုံးကို ပြင်းပြင်းထန်ထန်ပင် ပွတ်သပ်လိုက်၏။
ယင်းနောက်တွင်မူ သူ၏ မျက်နှာထက်တွင် ဝမ်းသာသောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ယနေ့တွင် နန်လီမျိုးနွယ်စုဝင်များ၏ လက်ထဲတွင် သေရမည့် ကံကြမ္မာ ပါနေပြီဟု ကုမင်ဟဲ မူလက ထင်မှတ်ထားခဲ့သည်။
သို့သော်လည်း သေရေးရှင်ရေး အခိုက်အတန့်တွင် အကြီးအကဲကျန်းနှင့် တွေ့ဆုံရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
အကြီးအကဲကျန်း ရှိနေသရွေ့ နန်လီမျိုးနွယ်စုသည် သူ့ကို သတ်ဖြတ်နိုင်မည် မဟုတ်ချေ။
“မင်းက ကျန်းချန်ပဲ”
နန်လီမျိုးနွယ်စုဝင်များကို ဦးဆောင်လာသောခေါင်းဆောင်သည် အနည်းငယ် ရင်းနှီးသော ကျန်းချန်၏ ပုံပန်းသဏ္ဌာန်ကို မြင်လျှင် ရုတ်တရက် တစ်စုံတစ်ရာကိုသတိရသွားခဲ့ပြီး မျက်ဝန်းများ အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
သူတို့က ဟော်ယွင်တောင်တန်းသို့ ဝင်ရောက်ပြီးနောက်တွင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦး၏ တားမြစ်ခြင်းကို ခံခဲ့ရ၏။
လွန်ခဲ့သော ၁နှစ်ခန့်က နန်လီမျိုးနွယ်စု၏ အကြီးအကဲချုပ် ယန်ဝူကျီသည် နန်လီမျိုးနွယ်စုမှ ကိုယ်ရံတော် ၃၀၀၀ကို ဟော်ယွင် တောင်တန်းသို့ သွားရောက်ရန် အမိန့်ပေးခဲ့ပြီး သူသည်လည်း ထိုအထဲမှ တစ်ဦး ဖြစ်သည်။
ထိုအနက်ရောင် ဝတ်စုံဝတ်လူငယ်သည် သူတို့၏ အကြီးအကဲချုပ် ယန်ဝူကျီကိုပင် တိုက်ခိုက်နိုင်ခဲ့သူ ဖြစ်၏။
အစပိုင်းတွင် သူသည် အလွန် ဝေးကွာနေခဲ့၍ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ပုံသဏ္ဌာန်ကို ခပ်ရေးရေးသာ မြင်နိုင်ခဲ့သည်။
သို့သော်လည်း ထိုသို့ပင် ဖြစ်လင့်ကစား သူ၏ ရှေ့မှ ပုဂ္ဂိုလ်သည် သူတို့၏ အကြီးအကဲချုပ်နှင့် ရင်ဆိုင် တိုက်ခိုက်ခဲ့သော အနက်ရောင်ဝတ်စုံဝတ် လူငယ်မှန်း ကောင်းစွာ သိနေခဲ့၏။
တစ်နည်းအားဖြင့် ထိုလူငယ်သည် သူတို့ နန်လီမျိုးနွယ်စုက အလိုရှိနေသော ကျန်းချန်ပင် ဖြစ်သည်။
“ဆုတ်ခွာကြ..”
နန်လီမျိုးနွယ်စုဝင်များကို ဦးဆောင်လာသော ခေါင်းဆောင်သည် သူ၏ စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး ချာခနဲလှည့်ကာ နန်လီမြို့တော် ဆီသို့ ဦးတည်၍ ထွက်ပြေးခဲ့သည်။
“အကြီးအကဲကျန်း.. သူတို့ကို ထွက်သွားခွင့်ပေးလို့ မဖြစ်ဘူး.. နန်လီမျိုးနွယ်စုက အခု အကြီးအကဲကျန်းကို ရှာနေကြတယ်”
သူ၏ရှေ့မှ ပုဂ္ဂိုလ်သည် သူတို့၏ အကြီးအကဲချုပ်ကိုပင် ရင်ဆိုင်နေသော အစွမ်းထက် ကျင့်ကြံသူ ဖြစ်သည်။
သူ့လို တတိယအဆင့် ကောင်းကင်နတ်ဘုရားသည် ကျန်းချန်၏ ရှေ့တွင် ပုရွက်ဆိတ်နှင့်ပင် ခြားနားမည်မဟုတ်ပေ။
“အကြီးအကဲကျန်းရဲ့ သတင်းကို သူတို့က ပေါက်ကြားအောင်လုပ်လိမ့်မယ်”
ထိုမြင်ကွင်းကိုမြင်လျှင် ကုမင်ဟဲသည် ကျန်းချန်ကို သတိပေးလိုက်သည်။
ကျန်းချန်က စကားတစ်ခွန်းမှ မပြောတော့ဘဲ ချက်ချင်းဆိုသလိုပင် အလင်းရိပ်တစ်ခု အဖြစ်သို့ ပြောင်းလဲကာ ပြေးထွက်သွားခဲ့သည်။
နောက်ထပ် တစ်ခဏမှာပင် နန်လီမျိုးနွယ်စုဝင် တစ်စုသည် ကောင်းကင်ကနေ လွင့်စင်ကာ အောက်ဘက်ရှိ သစ်တောထဲသို့ ကျရောက်သွားခဲ့ပြီး မည်သည့် အရှိန်အဝါမှ ပတ်ဝန်းကျင်တွင် မရှိတော့ပေ။
ကျန်းချန်က တစ်ခဏ အတွင်းမှာပင် နန်လီမျိုးနွယ်စုဝင် ၁၀ဦးကျော်ကို သတ်ဖြတ်ခဲ့၏။
နန်လီမျိုးနွယ်စုဝင်များကို အလွယ်တကူ ရှင်းလင်းပြီးနောက်တွင် ကျန်းချန်သည် ကုမင်ဟဲကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“ခေါင်းဆောင်ကု.. ငါမထွက်လာခင်က ရှေးဟောင်းနဂါး ကုန်သည်အသင်းကို ဂရုစိုက်ပေးဖို့ ဟွမ်ဖူ မိသားစုကို တောင်းဆိုပေးခဲ့တယ်.. အခု ဘာလို့ ခေါင်းဆောင်ကုက လိုက်လံဖမ်းဆီးခံနေရတာလဲ”
“အကြီးအကဲကျန်း.. ဒီကိစ္စနဲ့ ပတ်သက်ပြီး ဟွမ်ဖူမိသားစုမှာ အပြစ်မရှိပါဘူး”
ကုမင်ဟဲက ခါးသီးစွာ ပြုံးလိုက်ပြီးနောက်တွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ကျန်းချန်အား လျင်မြန်စွာ ပြောပြခဲ့သည်။
ထိုနေ့က ဟော်ယွင် တောင်တန်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် နန်လီမျိုးနွယ်စု၏ သခင်လေးနှင့် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ သုံးဦးကို ဆုံးရှုံးခဲ့ရပြီး ပြင်းထန်သော ဆုံးရှုံးမှုများကို ခံစားခဲ့ရသည်။
တစ်ဖက်တွင်မူ ဟွမ်ဖူလင်းသည် နယ်မြေနတ်ဘုရား သလင်းကျောက်ကို ရရှိသွားခဲ့ပြီ ဖြစ်ရာ နန်လီမျိုးနွယ်စုနှင့် ယှဥ်ပြိုင်ရန် ဟွမ်ဖူမိသားစုကို ဦးဆောင်နိုင်ခဲ့သည်။
ဟွမ်ဖူလင်းသည် ကျန်းချန်၏ တောင်းဆိုချက်ကို မမေ့လျော့ခဲ့ပေ။
ရှေးဟောင်းနဂါး ကုန်သည်အသင်း၏ လုံခြုံရေးအတွက် သူက ရှေးဟောင်းနဂါး ကုန်သည်အသင်းကို ဟွမ်ဖူမိသားစုအိမ်တော်သို့ ယာယီ ပြောင်းရွှေ့ပေးခဲ့သည်။
ဟွမ်ဖူမိသားစု၏ ဂရုစိုက်ပေးမှုကြောင့် ရှေးဟောင်းနဂါး ကုန်သည်အသင်းသည် ငြိမ်းချမ်းစွာ နေထိုင်နေခဲ့၏။
သို့သော်လည်း လွန်ခဲ့သည့် ၁၀ရက်ကျော်ခန့်က စ၍ ဟွမ်ဖူမိသားစုနှင့် နန်လီမျိုးနွယ်စုတို့ အကြားရှိ အင်အား ချိန်ခွင်လျာက ပျက်စီးသွားခဲ့သည်။
အကြောင်းရင်းမှာ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေသည့် နန်လီ မျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သည့် နယ်မြေနတ်ဘုရားက နန်လီမြို့တော်သို့ ရုတ်တရက် ပြန်ရောက်လာခဲ့ခြင်းကြောင့်ပင်။
နယ်မြေနတ်ဘုရားက နန်လီမျိုးနွယ်စု၏ အခြေအနေများကို သိရှိပြီးနောက်တွင် ဒေါသထွက်လာခဲ့ပြီး နန်လီ မျိုးနွယ်စုကို ဦးဆောင်ကာ ဟွမ်ဖူ စံအိမ်တော်ကို တိုက်ခိုက်ခဲ့သည်။
ထို့ကြောင့် ဟွမ်ဖူလင်းသည် တခြား ရွေးချယ်စရာ မရှိတော့ဘဲ ကုမင်ဟဲနှင့် ဟွမ်ဖူမိသားစုမှ ပါရမီရှင် တပည့်တချို့ကို နန်လီမြို့တော်ကနေ တိတ်တဆိတ် ထွက်ခွာစေခဲ့သည်။
သို့သော်လည်း ဟွမ်ဖူမိသားစု၏ ဤလုပ်ရပ်သည် နန်လီမျိုးနွယ်စု၏ မျက်စိဒေါက်ထောက် ကြည့်ရှုခြင်းကနေ မလွတ်မြောက်ခဲ့ပေ။
ကုမင်ဟဲတို့ လူစုက နန်လီမြို့တော်ကနေ ထွက်ခွာခဲ့ပြီး သိပ်မကြာမီမှာပင် နန်လီမျိုးနွယ်စုမှ ကျင့်ကြံသူများနှင့် ရင်ဆိုင်ခဲ့ရ၏။
ကံကောင်းထောက်မစွာဖြင့် ကုမင်ဟဲသည် သေရေးရှင်ရေး အခြေအနေတွင် ရုတ်တရက် ပြန်ရောက်လာသော ကျန်းချန်နှင့် တွေ့ဆုံခဲ့ရသည်။
သို့မဟုတ်လျှင် သူသည် ယနေ့ သေဆုံးသွားမည်မှာ သေချာသလောက်ပင်။
ကုမင်ဟဲ၏ စကားကို ကြားပြီးနောက်တွင် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့၏။
နန်လီမြို့တော်၏ အင်အားချိန်ခွင်လျာ တိမ်းစောင်းသွားသည်မှာ အံ့သြစရာ မရှိတော့ချေ။
အကြောင်းရင်းမှာ နန်လီမျိုးနွယ်စု၏ နယ်မြေနတ်ဘုရားက ပြန်လည် ရောက်ရှိလာခဲ့ခြင်းကြောင့် ဖြစ်သည်။
ဟွမ်ဖူလင်းက အရှင်ဟော်ယွင်၏ နယ်မြေနတ်ဘုရား သလင်းကျောက်ကို ရရှိခဲ့သော်လည်း ၁နှစ်အောက် ကာလအတွင်း နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ရန်မှာ လက်တွေ့မကျပေ။
ဟွမ်ဖူမိသားစုသည် နယ်မြေနတ်ဘုရား တစ်ပိုင်း မိသားစု ဖြစ်သော်လည်း နန်လီမျိုးနွယ်စု ကဲ့သို့ နယ်မြေနတ်ဘုရား အင်အားစု၏ ခွန်အားနှင့် နှိုင်းယှဥ်လျှင် အကွာအဝေး တစ်ခု ကျန်ရှိနေသေးသည်။
ဟော်ယွင်တောင်တန်းမှ တိုက်ပွဲတွင် နန်လီမျိုးနွယ်စု၏ ခွန်အားများ ပြင်းထန်စွာ ထိခိုက်သွားခြင်းကြောင့်သာ ဟွမ်ဖူ မိသားစုသည် နန်လီမျိုးနွယ်စုနှင့် ယှဥ်ပြိုင်နိုင်ခဲ့ခြင်းဖြစ်သည်။
ယခုအခါတွင်မူ နန်လီမျိုးနွယ်စု၏ နယ်မြေနတ်ဘုရားက ပြန်ရောက်လာခဲ့ပြီ ဖြစ်ရာ ဟွမ်ဖူမိသားစုသည် နန်လီမျိုးနွယ်စုကို မည်ကဲ့သို့ ရပ်တန့်နိုင်ပါမည်နည်း။
ပြင်ပ အကူအညီ မရသရွေ့ ဟွမ်ဖူမိသားစုသည် နန်လီမျိုးနွယ်စု၏ ဖျက်ဆီးခြင်းကို မကြာမီ အချိန်အတွင်း သေချာပေါက် ခံရလိမ့်မည် ဖြစ်သည်။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လေးနက်စွာ ပြောလိုက်၏။
“ခေါင်းဆောင်ကု ငါ့ကို ဟွမ်ဖူအိမ်တော်ဆီ သွားခွင့်ပြုပါဦး”
အခန်း(၁၈၅၇)ပြီး၏။
အခန်း(၁၈၅၈)
ထိုစကားကိုကြားလျှင် ကုမင်ဟဲက အံ့အားသင့်သွားခဲ့ပြီး မယုံကြည်နိုင်လောက်သော အမူအရာဖြင့် ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
“အကြီးအကဲကျန်း ဟွမ်ဖူအိမ်တော်ကို တကယ်ပဲ သွားမလို့လား”
ကျန်းချန်က ဤအချိန်တွင် ဟွမ်ဖူစံအိမ်ကို ကူညီရန် ရွေးချယ်လိမ့်မည်ဟု ကုမင်ဟဲ မထင်ထားခဲ့ပေ။
သိထားရမည့်အချက်မှာ နန်လီမျိုးနွယ်စု၏ ခေါင်းဆောင် ဖြစ်သည့် အရှင်စန်းယန်သည် နယ်မြေနတ်ဘုရား တစ်ပါး ဖြစ်သည်။
ဤကိစ္စတွင် နယ်မြေနတ်ဘုရား ဝင်ပါနေခဲ့ပြီ ဖြစ်ရာ မည်သူကမှ နန်လီမျိုးနွယ်စုကို ယှဥ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ယခု ဟွမ်ဖူစံအိမ်သို့ သွားခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးသည်နှင့် မခြားနားပေ။
“ဟုတ်တယ် ခေါင်းဆောင်ကု”
ကျန်းချန်က ပြုံး၍ ပြန်ဖြေလိုက်သည်။
“ငါ ဒီတစ်ခေါက် နန်လီနယ်မြေကို ပြန်လာတာက နန်လီမျိုးနွယ်စုရဲ့ ပြဿနာကို ဖြေရှင်းဖို့ပဲ.. နန်လီမျိုးနွယ်စုရဲ့ ခေါင်းဆောင် ဖြစ်တဲ့ နယ်မြေနတ်ဘုရား စန်းယန် ပြန်ရောက်လာပြီ ဆိုမှတော့ ငါက နယ်မြေနတ်ဘုရား စန်းယန်နဲ့ တွေ့ဆုံရမှာပေါ့”
ဟွမ်ဖူမိသားစုနှင့် ပူးပေါင်းကာ အရှင်ဟော်ယွင်၏ အမွေအနှစ်ကို ရယူရာတွင် ဟွမ်ဖူမိသားစုသည် သူ့အပေါ်တွင် စိတ်ရင်းမှန်သည်ဟု ကျန်းချန် ခံစားခဲ့ရ၏။
ထို့အပြင် ဟန်ယွဲ့နန်းတော်သို့ သွားနေစဥ် အတွင်း ဟွမ်ဖူမိသားစုသည် ကတိအတိုင်း ရှေးဟောင်းနဂါး ကုန်သည်အသင်းကို အစွမ်းကုန် ကာကွယ်ရန် ကြိုးပမ်းပေးခဲ့သည်။
ယခုအခါတွင် ဟွမ်ဖူမိသားစုသည် အမြစ်ပြတ် သုတ်သင်ခံရမည့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီ ဖြစ်ရာ ကျန်းချန်သည် သဘာဝကျစွာပင် ထိုင်ကြည့်နေမည် မဟုတ်ပေ။
သူ၏ လက်ရှိခွန်အားသည် နယ်မြေနတ်ဘုရား၏ ပြိုင်ဘက်မဟုတ်သော်လည်း သူ၏လက်ထဲတွင် ဝှက်ဖဲတစ်ခု ရှိနေပါသေးသည်။
ယင်းမှာ ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား ကပ်ဘေးပင်ဖြစ်၏။
ကျန်းချန်၏ ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား ကပ်ဘေး၏ စွမ်းအားသည် သာမန်ဆဋ္ဌမ အဆင့် ကောင်းကင်နတ်ဘုရား ကပ်ဘေးထက် အဆပေါင်းများစွာ ပိုမိုအားကောင်းသည်။
အကယ်၍ စန်းယန်ကိုသာ ကောင်းကင်နတ်ဘုရား ကပ်ဘေးထဲတွင် ထည့်သွင်းလိုက်လျှင် သူ၏ ကောင်းကင်နတ်ဘုရား ကပ်ဘေးစွမ်းအားသည် ကြောက်မက်ဖွယ်ရာ အကောင်းဆုံး အဆင့်သို့ ရောက်ရှိသွားမည်မှာ သေချာ၏။
ယင်းက ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကနေ နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ရာ၌ ကြုံတွေ့ရသော နယ်မြေနတ်ဘုရား ကပ်ဘေးထက်ပင် ပိုမို၍ ကြောက်မက်ဖွယ်ရာ ကောင်းနိုင်သည်။
ထိုအချိန်သို့ ရောက်လျှင် အရှင်စန်းယန်သည် သေဆုံးခြင်းမရှိလျှင်ပင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားလိမ့်မည် ဖြစ်၏။
“ခေါင်းဆောင်ကု.. မသွားချင်ဘူးဆိုရင် တစ်နေရာရာ ရှာပြီး ပုန်းနေလိုက်ပါ.. နန်လီမျိုးနွယ်စုရဲ့ကိစ္စကို ငါဖြေရှင်းပြီးမှပဲ နန်လီမြို့ကို ပြန်လာခဲ့ပေါ့”
ကုမင်ဟဲက စကားမပြောဘဲ ငြိမ်ကျသွားသည်ကို မြင်လျှင် ကျန်းချန်က လေထုထဲသို့ ခုန်တက်ကာ နန်လီမြို့ ဆီသို့ လျင်မြန်စွာ ရွေ့လျားသွားခဲ့သည်။
ကုမင်ဟဲ၏ မျက်ဝန်းများက အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး နန်လီမြို့တော်တွင် ကျန်းချန် ဖန်တီးခဲ့သည့် အံ့ဖွယ်ကိစ္စများကို ပြန်လည် စဥ်းစားမိကာ အဆုံးသတ်၌ သွားများကို အံကြိတ်၍ ကျန်းချန်၏ နောက်သို့ အလျင်အမြန် လိုက်ပါသွားခဲ့သည်။
ဟွမ်ဖူစံအိမ်တော်၏ အထက် ကောင်းကင်ယံတွင် အားကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေသည့် အစီအရင် တစ်ခု ရှိနေခဲ့သည်။
ထိုအစီအရင်က ဟွမ်ဖူစံအိမ်တော်ကို အလွန်ပင် တင်းကျပ်စွာ ကာကွယ်ပေးထားခဲ့ပြီး ခြင်တစ်ကောင်ပင် စံအိမ်ထဲသို့ မပျံသန်းနိုင်ခဲ့ပေ။
လက်ရှိအချိန်တွင် ဟွမ်ဖူမိသားစု၏ အစည်းအဝေးခန်းမထဲရှိ လေထုသည် အတော်လေး လေးနက်နေပုံရသည်။
အစည်းအဝေးတွင် ရှိနေသူ အားလုံးနီးပါးသည် ဟွမ်ဖူမိသားစု၏ စီနီယာအဖွဲ့ဝင်များ ဖြစ်ကြသည်။
သို့သော်လည်း ဤအချိန်တွင် အားလုံး၏ မျက်နှာသည် မသာမယာ ဖြစ်နေခဲ့ကြသည်။
မှန်ပါသည်။ နန်လီမြို့တွင် နန်လီမျိုးနွယ်စု၏ မျက်လုံးထဲမှ ဆူးတစ်ချောင်း အဖြစ် သတ်မှတ်ခံရသည့် မည်သူမဆို ပြုံးနိုင်ရန် ခက်ခဲလိမ့်မည် မဟုတ်ပါလား။
“အကြီးအကဲစုန့် နန်လီမျိုးနွယ်စုက ငါတို့ကို အပြည့်အဝတိုက်ခိုက်ဖို့ အဆင့်သင့် ဖြစ်နေပြီလား”
ဟွမ်ဖူလင်းက အစည်းအဝေးခန်းမ၏ အဓိကထိုင်ခုံတွင် ထိုင်နေခဲ့သည်။
သူက နံဘေးရှိ ဟွမ်ဖူစုန့်ကို ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
သူ၏ ဖြူဖျော့နေသော မျက်နှာထက်တွင် အလွန်တရာ လေးနက်သော အမူအရာက ဖြစ်ပေါ်နေခဲ့၏။
ဟွမ်ဖူစုန့်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ လေးနက်စွာ ပြန်ဖြေလိုက်သည်။
“ခေါင်းဆောင်.. နန်လီမျိုးနွယ်စုက စတင် လှုပ်ရှားနေပါပြီ နောက်၂ရက်အတွင်းမှာ ကျွန်တော်တို့ကို အစွမ်းကုန် တိုက်ခိုက်မယ်လို့ ထင်တယ်”
ထိုစကားကိုကြားလျှင် ဟွမ်ဖူမိသားစုမှ စီနီယာ အဖွဲ့ဝင်များစွာ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
နန်လီမျိုးနွယ်စုက ဟွမ်ဖူမိသားစုကို တိုက်ခိုက်ရန်မှာ အချိန်တစ်ခုသာ လိုအပ်ကြောင်း သူတို့ စိတ်ထဲတွင် ကောင်းစွာသိထားသော်လည်း တကယ်တမ်း လက်တွေ့ကြုံရတော့မည်အခါတွင် တုန်လှုပ်နေခဲ့ကြသည်။
ဟွမ်ဖူစုန့်၏ စကားကိုကြားလျှင် ဟွမ်ဖူလင်းသည် သက်ပြင်းကို လေးနက်စွာ ချလိုက်သည်။
နယ်မြေနတ်ဘုရား သလင်းကျောက်ကို ရရှိပြီးနောက်တွင် ဟွမ်ဖူလင်းသည် နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ရန်အတွက် ကြီးမားသော ခြေလှမ်းကို လှမ်းနိုင်ခဲ့သည်။
နောက်ထပ် နှစ်အနည်းငယ်သာ ရရှိလျှင် သူက နယ်မြေနတ်ဘုရား အဆင့်ကို သေချာပေါက် ထိုးဖောက်နိုင်ပေလိမ့်မည်။
သို့သော်လည်း အချိန်သည် မည်သူ့ကိုမှ စောင့်မနေခဲ့ပေ။
နန်လီမျိုးနွယ်စုမှ ထွက်ခွာသွားသော အရှင်စန်းယန်သည် ဤကဲ့သို့ အချိန်တွင် ရုတ်တရက် ပြန်ရောက်လာလိမ့်မည်ဟု သူလုံးဝ တွေးမထားခဲ့ချေ။
လွန်ခဲ့သော ရက်အနည်းငယ်က နန်လီမျိုးနွယ်စု၏ ခေါင်းဆောင် ဖြစ်သည့် အရှင်စန်းယန်သည် ဟွမ်ဖူ မိသားစုကို တိုက်ခိုက်ခဲ့သည်။
ဟွမ်ဖူလင်းက နယ်မြေနတ်ဘုရား သလင်းကျောက်၏ စွမ်းအားအချို့ကို ထုတ်သုံးကာ အရှင်စန်းယန်၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည်။
သို့သော် ထိုသို့ပင် ဖြစ်လင့်ကစား ဟွမ်ဖူလင်းသည် အရှင်စန်းယန်၏ လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။
ယခုတစ်ခါတွင် အရှင်စန်းယန်က ထပ်မံ တိုက်ခိုက်လာတော့မည် ဖြစ်ရာ ဟွမ်ဖူမိသားစုသည် မည်ကဲ့သို့ ခုခံနိုင်ပါမည်နည်း။
“ဒီတစ်ကြိမ်တော့ ဟွမ်ဖူမိသားစုက တကယ်ပဲ အန္တရာယ်ရှိနေပြီ”
“ဝုန်း..”
အခန်း(၁၈၅၈)ပြီး၏။