← Chapters

အခန်း (၁၈၅၉-၁၈၆၀)

Vol. 126 Ch. 1859-1860

အခန်း (၁၈၅၉-၁၈၆၀)

Vol. 126 Ch. 1859-1860

အခန်း(၁၈၅၉)

ဟွမ်ဖူလင်းက သူ၏စိတ်နှလုံးထဲတွင် ခါးသီးစွာ ပြုံးနေစဥ်မှာပင် မိုးခြိမ်းသံကဲ့သို့ အသံတစ်သံသည် ဟွမ်ဖူ မျိုးနွယ်တစ်ခုလုံး၏ အထက်ကောင်းကင်ယံတွင် ပေါက်ကွဲသွားခဲ့သည်။

ပေါက်ကွဲသံက နန်လီမြို့တော် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့ပြီး မြို့တွင်းရှိ လူများကိုပင် ကောင်းကင်ကို မော့ကြည့်စေခဲ့သည်။

ပေါက်ကွဲသံ ထွက်ပေါ်လာသော နေရာကို ကြည့်လိုက်သောအခါ စွမ်းအင် စုစည်းမှုကြောင့် ဖြစ်ပေါ်သော သွေးနီရောင်မီးလျှံတစ်ခုသည် မီးရှုးမီးပန်းကဲ့သို့ လွင့်စင်နေသည်ကို တွေ့လိုက်ရသည်။

“ဒါက နန်လီမျိုးနွယ်စုရဲ့ ထိုးစစ်ဆင်တဲ့ အချက်ပြမှုပဲ”

ကောင်းကင်ယံရှိ သွေးနီရောင် မီးလျှံများကို မြင်လျှင် နန်လီမြို့တော် တစ်ခုလုံးကနေ တအံ့တသြ‌ ရေရွတ်သံများ ထွက်ပေါ်လာခဲ့သည်။

မကြာသေးမီကစ၍ နန်လီမျိုးနွယ်စုနှင့် ဟွမ်ဖူမိသားစုတို့သည် တစ်ဖက်နှင့် တစ်ဖက် တိုက်ခိုက်ခဲ့ကြပြီး နန်လီမြို့တော် တစ်ခုလုံးကို ထိတ်လန့်တကြား ဖြစ်စေခဲ့သည်။

မူလက ဟွမ်ဖူမိသားစု၏ ခွန်အားသည် နန်လီမျိုးနွယ်စုနှင့် ယှဥ်ပြိုင်ရန် လုံးဝ မလုံလောက်ပေ။

သို့သော်လည်း လွန်ခဲ့သော ၁နှစ်ခန့်က ဟော်ယွင်တောင်တန်းမှ တိုက်ပွဲတွင် နန်လီမျိုးနွယ်စုသည် ကြီးမားသော ဆုံးရှုံးမှုများကို ကြုံတွေ့ခဲ့ရပြီး မျိုးနွယ်စု၏ အင်အားကို များစွာ ထိခိုက်ခဲ့ရသည်။

ဟွမ်ဖူမိသားစုကမူ အရှင်ဟော်ယွင်၏ နယ်မြေနတ်ဘုရား သလင်းကျောက်ကို ရရှိခဲ့၍ ယခင်ကထက် အင်အားကြီးလာခဲ့သည်။

သို့သော်လည်း ဤချိန်ခွင်လျာသည် နန်လီမျိုးနွယ်စု၏ ခေါင်းဆောင် ဖြစ်သည့် နယ်မြေနတ်ဘုရား စန်းယန် ပြန်လာပြီးနောက်တွင် လုံးဝ ပျက်ပြားသွားခဲ့သည်။

နန်လီမျိုးနွယ်စုက ထိုးစစ်ဆင်သည့် အချက်ပြမှုကို ထုတ်ပြန်ခဲ့ပြီ ဖြစ်ရာ ဟွမ်ဖူမိသားစုကို အစွမ်းကုန် တိုက်ခိုက်ရန်မှာ အလွန်တရာ နီးစပ်နေပြီ ဖြစ်၏။

နန်လီမြို့တော်မှ လူများ အတွေးထဲ နစ်မြောနေစဥ်မှာပင် ဟွမ်ဖူစံအိမ်၏ အပြင်ဘက်ရှိ‌ လေထုထဲတွင် သွေးနီရောင်ပုံရိပ် အများအပြား ထွက်ပေါ်လာခဲ့သည်။

ဦး‌ဆောင်လာသည့်သူမှာ ဆံပင်အနီ‌ရောင်နှင့် ကျင့်ကြံသူ တစ်ဦးဖြစ်ပြီး ခန္ဓာကိုယ်ကနေ လွှမ်းမိုးနိုင်သော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။

ထိုသူ၏ မျက်ဝန်းများတွင် မီးလျှံများ ခပ်သဲ့သဲ့ လင်းလက်နေခဲ့သည်။

ထိုအကြည့်ဖြင့်သာ စိုက်ကြည့်ခံရလျှင် သာမန်လူများသည် မီးပင်လယ်ထဲတွင် ကျရောက်သွားသလို ခံစားရမည် ဖြစ်ပြီး တစ်ကိုယ်လုံး ပြာကျသွားပေလိမ့်မည်။

ထိုဆံပင်အနီရောင်နှင့် ကျင့်ကြံသူသည် တခြားသူ မဟုတ်ပေ။

နန်လီမျိုးနွယ်စု၏ ခေါင်းဆောင် ဖြစ်သည့် နယ်မြေနတ်ဘုရားစန်းယန် ဖြစ်သည်။

အရှင်စန်းယန်၏ အနောက်ဘက်တွင် နန်လီမျိုးနွယ်စုမှ အကြီးအကဲချုပ် ယန်ဝူကျီ ဦးဆောင်သော မျိုးနွယ်စု၏ အစွမ်းထက် ကျင့်ကြံသူများစွာ လိုက်ပါလာခဲ့ကြသည်။

“အရှင်စန်းယန်က နန်လီမျိုးနွယ်စု တစ်ခုလုံးကို ဦးဆောင်ပြီး ရောက်လာတယ်ဟ.. ကြည့်ရတာ ဟွမ်ဖူမိသားစုကို အမြစ်ဖြတ် သုတ်သင်ချေမှုန်းလိုတဲ့ပုံပဲ”

လေထုထဲမှ အခြေအနေကိုမြင်လျှင် အောက်ဘက်မှ ကြည့်ရှုနေသူများသည် အထိတ်တလန့် ရေရွတ်လိုက်ကြသည်။

ဤတစ်ကြိမ်တွင် ဟွမ်ဖူမိသားစုသည် အမှန်တကယ် အန္တရာယ်ရှိနေပြီ ဖြစ်၏။

“ဟွမ်ဖူလင်း ငါရောက်လာပြီ.. မြန်မြန်ထွက်လာပြီး အသေလာခံစမ်း”

အရှင်စန်းယန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေရင်း အောက်ဘက်ရှိ စံအိမ်တော်ကို အထက်စီးကနေ ကြည့်လိုက်သည်။

သူ၏ ဒေါသတကြီး ကြုံးဝါးသံသည် ဟွမ်ဖူစံအိမ်တော်တွင် တိုက်ရိုက် ပဲ့တင်ထပ်သွားခဲ့၏။

အရှင်စန်းယန်၏ ကြုံးဝါးသံကို ကြားလျှင် ဟွမ်ဖူစံအိမ်၏ အစည်းအဝေးခန်းမရှိ ဟွမ်ဖူလင်း ဦးဆောင်သော စီနီယာအဖွဲ့ဝင်များ၏ အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့ကြသည်။

ဟွမ်ဖူမိသားစုမှ တပည့်အချို့ ဆိုလျှင် မျက်နှာများပင် အလွန်တရာ ဖြူဖျော့သွားခဲ့ကြ၏။

အကြီးအကဲ တစ်ဦးက ထိတ်လန့်တကြားဖြင့် မေးလိုက်၏။

“ခေါင်းဆောင်.. အရှင်စန်းယန်က နန်လီမျိုးနွယ်စု တစ်ခုလုံးကို ဦးဆောင်လာပြီး ကျွန်တော်တို့ကို အစွမ်းကုန် တိုက်ခိုက်တော့မယ်.. အခု ကျွန်တော်တို့ ဘာလုပ်သင့်လဲ”

“ငါတို့က အခု တခြားဘာလုပ်နိုင်ဦးမှာလဲ.. ဟွမ်ဖူမိသားစုနဲ့ နန်လီမျိုးနွယ်စု တို့က ပြေလည်မှု မဖြစ်နိုင်တော့တဲ့ အခြေအနေကို လွန်ခဲ့တဲ့ ၁နှစ်ကတည်းက ရောက်ရှိနေခဲ့ပြီ.. အခုမှတော့ သူသေကိုယ်သေ တိုက်ခိုက်ဖို့ပဲ ရှိတော့တယ်”

ဟွမ်ဖူလင်း၏ မျက်ဝန်းများတွင် ထက်ရှသော အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ချက်ချင်းဆိုသလို သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ဖြစ်ပေါ်လာခဲ့သည်။

ယနေ့တွင် ဟွမ်ဖူမိသားစု ဖျက်ဆီးခံရလျှင်ပင် ဟွမ်ဖူလင်းသည် နန်လီ မျိုးနွယ်စုကို ကြီးမားသော အဖိုးအခအား ပေးဆပ်စေမည် ဖြစ်၏။

မကြာမီမှာပင် သူ၏ ပုံရိပ်သည် ဖျတ်ခနဲ လက်သွားခဲ့ပြီး ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့သည်။

သူ၏ အနောက်ကနေ ဟွမ်ဖူစုန့်နှင့် တခြားသူများသည် နီးကပ်စွာ လိုက်ပါလာခဲ့ကြပြီး ဟွမ်ဖူစံအိမ် အထက် ကောင်းကင်ယံရှိ အရှင်စန်းယန်တို့ လူစုကို မျက်နှာချင်းဆိုင်လိုက်သည်။

“ဟွမ်ဖူလင်း ခေါင်းမမာစမ်းနဲ့.. မင်းရဲ့ ခွန်အားလောက်နဲ့ အခြေအနေကို ပြောင်းပြန်လှန်နိုင်လိမ့်မယ်လို့ ထင်နေတာလား”

အရှင်စန်းယန်က အေးစက်သော မျက်နှာထားဖြင့် ဟွမ်ဖူလင်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“မင်းသာ အခြေအနေကို နားလည်တယ် ဆိုရင် ငါ့ရှေ့မှာ ဒူးထောက်ပြီး အသနားခံသင့်တယ်.. ဒီလိုဆိုရင်တော့ ငါမင်းကို ခွင့်လွှတ်ဖို့ စဥ်းစားပေးမယ်”

ထိုစကားကို ကြားလျှင် ဟွမ်ဖူလင်းက ခနဲ့ကာ ပြောလိုက်သည်။

“အရှင်စန်းယန်.. ခင်ဗျားက ကျုပ်ကို ၃နှစ်သားကလေးလို့ ထင်နေတာလား”

ဟော်ယွင်တောင်တန်းမှ တိုက်ပွဲတွင် ဟွမ်ဖူမိသားစုနှင့် ကျန်းချန်တို့ ပူးပေါင်း၍ နန်လီမျိုးနွယ်စု၏ သခင်လေး ယန်ကျင်းနှင့် ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား ၃ပါးကို သတ်ပစ်ခဲ့သည်။

ထိုကတည်းပင် နန်လီမျိုးနွယ်စုနှင့် ဟွမ်ဖူမိသားစုတို့ ကြားတွင် ပြေလည်စရာ အကြောင်း လုံးဝမရှိတော့ပေ။

ပြောနေစရာ မလိုလောက်အောင်ပင် သူက ယခုအခါတွင် အရှင်ဟော်ယွင်၏ နယ်မြေနတ်ဘုရား သလင်းကျောက်ကို ရရှိထားခဲ့သည်။

ထို့ကြောင့် အချိန်အနည်းငယ် ပေးလိုက်သည်နှင့် သူက နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်နိုင်မည် ဖြစ်၏။

အရှင်စန်းယန်က မိုက်မဲခြင်း မရှိသရွေ့ နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်ရန် အခွင့်အရေး ရရှိစေမည့် အချိန်ကို သူ့အားပေးမည် မဟုတ်ချေ။

“အေးအေးဆေးဆေး ပြောနေတာကို နားမလည်ဘူးကိုး”

အရှင်စန်းယန်၏ အမူအရာက အေးစက်သွားခဲ့သည်။

သူ၏ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော အေးစက်စက်ရေရွတ်သံသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့၏။

“ကောင်းပြီလေ ဒီလိုဆိုမှတော့ ဒီနတ်ဘုရားက ဟွမ်ဖူမိသားစုကို နန်လီမြို့တော်ကနေ လုံးဝ ဖယ်ရှားပစ်မယ်”

အခန်း(၁၈၅၉)ပြီး၏။

အခန်း(၁၈၆၀)

“ဝုန်း..ဝုန်း..ဝုန်း..”

အရှင်စန်းယန်၏ အသံက ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားပြီးနောက်တွင် ယန်ဝူကျီနှင့် နန်လီမျိုးနွယ်စုမှ အစွမ်းထက်ကျင့်ကြံသူများထံမှ ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါများသည် ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး ဟွမ်ဖူမိသားစု တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

“ခေါင်းဆောင် အခု ငါတို့ ဘာဆက်လုပ်သင့်လဲ”

နန်လီမျိုးနွယ်စုက အင်တိုက်အားတိုက် အစွမ်းကုန် တိုက်ခိုက်တော့မည်ကို မြင်လျှင် ဟွမ်ဖူမိသားစုမှ အကြီးအကဲများစွာသည် မျက်နှာများ ဖြူဖျော့သွားခဲ့ကြသည်။

ဟော်ယွင်တောင်တန်းမှ တိုက်ပွဲတွင် နန်လီမျိုးနွယ်စုသည် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရသော်လည်း ယန်ဝူကျီဦးဆောင်သော ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား၃ပါး ရှိနေသေးသည်။

ထို၃ဦးနှင့် နန်လီမျိုးနွယ်စုမှ အစွမ်းထက် ကျင့်ကြံသူများကို ရင်ဆိုင်ရလျှင်ပင် ဟွမ်ဖူမိသားစု အတွက် ကိုင်တွယ်ရန် လွယ်ကူမည်မဟုတ်ပေ။

ပြောနေစရာ မလိုလောက်အောင်ပင် ဤတစ်ကြိမ်တွင် နန်လီမျိုးနွယ်စုဘက်၌ နယ်မြေနတ်ဘုရားအဆင့် ဖြစ်သည့် အရှင်စန်းယန်လည်း ပါဝင်နေခဲ့သည်။

ထို့ကြောင့် ယနေ့တိုက်ပွဲတွင် ဟွမ်ဖူမိသားစုသည် အနိုင်ရရန် အခွင့်အရေး လုံးဝရှိမည်မဟုတ်ပေ။

“ငါတို့အနေနဲ့ သူသေကိုယ်သေ တိုက်ခိုက်ဖို့က လွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူး.. အားလုံးပဲ နန်လီမျိုးနွယ်စုဝင်တွေကို ရနိုင်သမျှ သတ်ဖြတ်ကြတာပေါ့”

ဟွမ်ဖူလင်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။

သူ၏ မျက်ဝန်းများတွင် တိုက်ပွဲဝင်လိုစိတ်များ ပြည့်နှက်သွားခဲ့ပြီး ဟွမ်ဖူမိသားစုမှ အစွမ်းထက် ကျင့်ကြံသူများစွာကို ဦးဆောင်ကာ ယန်ဝူကျီတို့ လူစုကို တိုက်ခိုက်လိုက်သည်။

“ဝုန်း..ဝုန်း..ဝုန်း..”

ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်ပေါက်ကွဲသံများသည် လေထုထဲတွင် အဆက်မပြတ် ထွက်ပေါ်နေခဲ့ပြီး မိုင်ထောင်ချီ ကွာဝေးသော လေထုကိုပင် သက်ရောက်စေခဲ့သည်။

နာကျင်စွာ အော်ဟစ်လိုက်သော အသံများသည်လည်း လေထုထဲတွင် ထွက်ပေါ်လာခဲ့၏။

ဟွမ်ဖူလင်းက ယန်ဝူကျီနှင့် တိုက်ကွက် အနည်းငယ် ရင်ဆိုင်ပြီးနောက်တွင် မီတာရာပေါင်းများစွာ အကွာအဝေးအထိ နောက်ဆုတ်သွားခဲ့ရသည်။

သူ၏ ဖြူဖျော့သော မျက်နှာသည် ဤအချိန်တွင် ပို၍ပင် ဖြူဖျော့သွားခဲ့သည်။

သူက နယ်မြေနတ်ဘုရား သလင်းကျောက်ကို ရရှိပြီးနောက်ပိုင်းတွင် ယန်ဝူကျီကို အေးအေးဆေး‌ဆေး ရင်ဆိုင်နိုင်ခဲ့သည်။

သို့သော်လည်း လွန်ခဲ့သော ရက်အနည်းငယ်ခန့်က အရှင်စန်းယန်နှင့် တိုက်ခိုက်ခဲ့ပြီးနောက်တွင် သူ၏ အခြေခံအုတ်မြစ် ထိခိုက်ခဲ့ရုံသာမက ဒဏ်ရာအပြင်းအထန်လည်း ရရှိခဲ့ပြီး ယခုအချိန်အထိ လုံးဝ မသက်သာသေးပေ။

ထို့ကြောင့် လက်ရှိအခြေအနေတွင် ဟွမ်ဖူလင်းသည် ယန်ဝူကျီကို ရင်ဆိုင်ရန်ပင် အလွန်တရာ ခက်ခဲနေခဲ့သည်။

သို့ဖြစ်ရာ အရှင်စန်းယန် ဆိုလျှင် ထည့်သွင်းစဥ်းစားနေစရာပင် မလိုတော့ပေ။

ဟွမ်ဖူလင်းကို နောက်ဆုတ်အောင် တိုက်ခိုက်ပြီးနောက်တွင် ယန်ဝူကျီသည် အေးစက်စက် ကြုံးဝါးလိုက်သည်။

“ဟွမ်ဖူလင်း မင်းငါ့ကို တိုက်ခိုက်ဖို့ကြိုးစားနေလည်း အပိုပဲ မင်းရဲ့ လက်ရှိအခြေအနေအရ မင်းက ငါ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး”

“ယန်ဝူကျီ အပိုစကားတွေ မပြောစမ်းနဲ့.. ဒီနေ့ ငါတို့ ဟွမ်ဖူမိသားစု ပျက်စီးသွားခဲ့ရင်တောင် မင်းတို့ နန်လီမျိုးနွယ်စုကို ကြီးလေးတဲ့အဖိုးအခ ပေးဆပ်ခိုင်းမယ်”

ဟွမ်ဖူလင်းက ယန်ဝူကျီကို ဒေါသတကြီး စိုက်ကြည့်ကာ ရေရွတ်လိုက်သည်။

သူ၏မျက်ဝန်းတွင် ရူးသွပ်သော တိုက်ပွဲဝင်လိုသော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

“ကောင်းပြီလေ ဟွမ်ဖူလင်း.. မင်းဒီလောက်တောင် သေချင်နေမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်”

စကားဆုံးသည်နှင့် ယန်ဝူကျီက လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်ရာ ဧရာမ မီးလက်ဝါးကြီးသည် မီတာထောင်ချီ အကွာအဝေးကို ထိုးဖောက်ကာ ဟွမ်ဖူလင်း ဆီသို့ သက်ရောက်လာခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ဟွမ်ဖူလင်း၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲသည်။

သူက အသက်စွန့်တိုက်ခိုက်ရန် ပြင်လိုက်စဥ်မှာပင် ရုတ်တရက် ဓားသံတစ်သံသည် ဝေးကွာသော နေရာကနေ တဖြည်းဖြည်း နီးကပ်လာခဲ့သည်။

အစပိုင်းတွင် ဓားသံသည် အတော်လေး ဝေဝါးနေပြီး ပြတ်တောင်းပြတ်တောင်း ဖြစ်နေခဲ့သည်။

သို့သော်လည်း တစ်ခဏအတွင်းမှာပင် ဓားသံသည် ပို၍ ပို၍ ကျယ်လာခဲ့ပြီး တောက်ပသော ဓားအလင်းတစ်ခုသည် ဘုံကိုးပါးမိုးကြိုးကဲ့သို့ ရောက်ရှိလာခဲ့သည်။

ထိုဓားအလင်းအောက်တွင် ယန်ဝူကျီ၏ ကောင်းကင်ကိုပင် လောင်ကျွမ်းစေလောက်သော ဧရာမ မီးလက်ဝါးကြီးသည် ချက်ချင်းဆိုသလို ပြိုကွဲသွားခဲ့၏။

ရုတ်တရက် ဖြစ်ပေါ်လာသော မြင်ကွင်းသည် အသက်စွန့်တိုက်ခိုက်ရန် ပြင်ဆင်နေသော ဟွမ်ဖူလင်းကိုပင် ခဏမျှ မှင်တက်သွားစေခဲ့သည်။

သူက ဓားအရှိန်အဝါ သက်ရောက်လာသည့် ဦးတည်ရာဆီသို့ မယုံကြည်နိုင်စွာ လှမ်းကြည့်လိုက်သည်။

တစ်ချိန်တည်းမှာပင် ဟွမ်ဖူလင်းကို အနည်းငယ် ဖိအားဖြစ်စေသည့် အစွမ်းထက် အရှိန်အဝါတစ်ခုသည် နေရာလွတ်ကို ဖြတ်ကျော်ကာ ထွက်ပေါ်လာခဲ့သည်။

ဟွမ်ဖူလင်းကို အပျော်ရွှင်ဆုံး ဖြစ်စေသောအရာမှာ ထိုအရှိန်အဝါသည် သူနှင့် အလွန်ရင်းနှီးသော အရှိန်အဝါ ဖြစ်နေခြင်းကြောင့်ပင်။

“ဒါက မိတ်ဆွေလေး ကျန်းချန်ရဲ့ အရှိန်အဝါပဲ”

ဟွမ်ဖူလင်း၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားသော အမူအရာများ ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်က ဤကဲ့သို့သော အချိန်တွင် နန်လီမြို့တော်သို့ ပြန်လာလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။

ဟွမ်ဖူလင်း၏ နှလုံးသားထဲတွင် ကျန်းချန်သည် အံ့ဖွယ်ကိစ္စများကို ဖန်တီးနိုင်သော မွန်းစတားတစ်ကောင် ဖြစ်သည်။

ဟော်ယွင်တောင်တန်းတွင် ကျန်းချန်သည် မဖြစ်နိုင်သည်များကို လက်တွေ့ လုပ်ဆောင်ပြခဲ့သည်။

ထို့ကြောင့် ကျန်းချန် ရုတ်တရက် ပြန်ရောက်လာခြင်းသည် ဟွမ်ဖူမိသားစု အတွက် အသက်ကယ် ကောက်ရိုးတစ်မျှင်ဆိုလည်းမမှားပေ။

လေထုထဲမှ မြင်ကွင်းသည် ကြည့်ရှုသူ အမြောက်အများကို အံ့အားသင့်စေခဲ့သည်။

လူတိုင်းက မှင်တက်ရာကနေ သတိပြန်ဝင်မလာမီမှာပင် အနက်ရောင်ပုံရိပ် တစ်ခုသည် ကောင်းကင်ယံတွင် ထွက်ပေါ်လာခဲ့သည်။

တစ်ခဏအတွင်းမှာပင် ထိုအနက်ရောင် ပုံရိပ်သည် ဟွမ်ဖူလင်း၏ ရှေ့တွင် ပေါ်လာခဲ့၏။

“ဟွမ်ဖူအိမ်တော်ကို အကူအညီပေးဖို့ ရောက်လာတဲ့ ဒီကောင်လေးက ဘယ်သူလဲဟ.. ဒီကောင်လေးက နန်လီမျိုးနွယ်စုရဲ့ကိစ္စကိုတောင် ဝင်ရှုပ်ရဲတယ်.. သူတကယ်ပဲ သေချင်နေပြီထင်တယ်"

"ဒီကောင်လေးကို ကြည့်ရတာ ရင်းနှီးနေတယ်လို့ မထင်ဘူးလား.. သူက လွန်ခဲ့တဲ့၁နှစ်က ဟော်ယွင်တောင်တန်းမှာ နန်လီမျိုးနွယ်စုကို အပြင်းအထန် ထိခိုက်စေခဲ့ပြီး နန်လီမျိုးနွယ်စုကနေ အလိုရှိ ဝရမ်းထုတ်ခံထားရတဲ့ ကျန်းချန်ပဲ.. ဒီကောင်လေးက နန်လီမြို့တော်ထဲကို ပြန်လာရဲမယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး”

“.............”

လေထုထဲမှ မြင်ကွင်းကိုမြင်လျှင် နန်လီမြို့တော်မှ ကြည့်ရှုနေသူများစွာသည် သူတို့၏ အမြင်များကို ဆွေးနွေးပြောဆိုခဲ့ကြသည်။

လွန်ခဲ့သည့် ၁နှစ်ခန့်က ကျန်းချန်နှင့် ဟွမ်ဖူမိသားစုတို့ ပူးပေါင်း၍ နန်လီမျိုးနွယ်စုမှ သခင်လေးနှင့် အစွမ်းထက် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ ၃ဦးကို သတ်ဖြတ်ခဲ့သည်။

ဤနောက်ပိုင်းတွင် ကျန်းချန်၏ နာမည်သည် နန်လီမြို့‌တော်တွင် တစ်ဟုန်ထိုး ကျော်ကြားခဲ့၏။

သို့ရာတွင် ယခုအခါ နန်လီမျိုးနွယ်စုတွင် နယ်မြေနတ်ဘုရားစန်းယန် ပြန်ရောက်လာခဲ့ပြီ ဖြစ်ရာ ကျန်းချန်က မည်မျှပင် အားကောင်းစေကာမူ နယ်မြေနတ်ဘုရားနှင့် မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါမည်နည်း။

သူတို့၏ အမြင်အရ ဤအချိန်တွင် နန်လီမြို့တော်သို့ ကျန်းချန် ပြန်လာခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးသည်နှင့် မခြားပေ။

“ကောင်းတယ် သိပ်ကောင်းတယ် ကျန်းချန်.. မင်းနန်လီမြို့တော်ကို ပြန်လာဖို့ သတ္တိရှိလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ကောင်းကင်ဘုံကို သွားဖို့လမ်းရှိပေမဲ့ မင်းက ငရဲကို ထိုးဆင်းချင်တာကိုး.. ဒီလိုဆိုမှတော့ ဒီနေ့ ဒီနန်လီမြို့တော်က မင်းခေါင်းချရမဲ့ နေရာပဲ”

ယန်ဝူကျီက ရက်စက်သောအပြုံးကို ပြုံးကာ ကြုံးဝါးလိုက်သည်။

သူ၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်ရာကောင်းသော သတ်ဖြတ်လိုစိတ်များသည် ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့၏။

လွန်ခဲ့သော ၁နှစ်ခန့်က နန်လီမျိုးနွယ်စု၏ သခင်လေးနှင့် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ ၃ဦးကို ကျဆုံးသွားကြောင်း သိရပြီးနောက်တွင် ယန်ဝူကျီသည် ဒေါသအိုး ပေါက်ကွဲသွားခဲ့ပြီး ဟော်ယွင်တောင်တန်းတွင် ကျန်းချန်နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။

သို့သော်လည်း ကျန်းချန်သည် သူ့ကိုလှည့်စားကာ အရှင်ဟော်ယွင်၏ အမွေအနှစ်များနှင့် အတူ ထွက်ပြေးသွားခဲ့သည်။

ထိုနောက်ပိုင်းတွင် နန်လီမျိုးနွယ်စုသည် ကျန်းချန်ကို ဖမ်းဆီးမိန့် တိုက်ရိုက် ထုတ်ပြန်ခဲ့၏။

သို့သော်လည်း ထိုအချိန်မှစ၍ ကျန်းချန်သည် နန်လီနယ်မြေတွင် ပျောက်ကွယ်သွားခဲ့ပြီး သတင်းအချက်အလက် လုံးဝမရရှိခဲ့ပေ။

ယခု ကျန်းချန်က သူ၏ရှေ့တွင် ပေါ်ထွက်လာခဲ့ပြီဖြစ်ရာ ယန်ဝူကျီသည် မည်ကဲ့သို့ ‌ဒေါသမထွက်ဘဲ နေနိုင်ပါအံ့နည်း။

ယန်ဝူကျီ၏ အရှိန်အဝါက အဆုံးအစွန်ထိ ရောက်ရှိသွားပြီးနောက်တွင် ခရမ်းရောင်မီးလျှံ နှစ်စင်းသည် ယန်ဝူကျီ၏ မျက်စိသူငယ်အိမ် အတွင်းဘက်တွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့သည်။

ထိုမီးလျှံနှစ်စင်းသည် ယန်ဝူကျီ၏ မျက်စိသူငယ်အိမ်တွင် လျင်မြန်စွာ ကျယ်ပြန့်လာခဲ့ပြီး ကောင်းကင်ကိုပင် လောင်ကျွမ်းစေသော ခရမ်းရောင်နတ်မီးလျှံ နှစ်စင်း အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်ဆီသို့ သက်ရောက်လာခဲ့၏။

ဤသည်မှာ နန်လီမျိုးနွယ်စု၏ အစွမ်းထက် ကိုယ်ခံပညာရပ် ဖြစ်သည့် ခရမ်းရောင်မျက်လုံး မှော်စွမ်းအား ပညာရပ် ဖြစ်သည်။

“ညီနောင်ကျန်းချန် သတိထား.. ဒါက နန်လီမျိုးနွယ်စုရဲ့ အစွမ်းထက် ကိုယ်ခံပညာရပ် ဖြစ်တဲ့ ခရမ်းရောင်မျက်လုံးမှော်စွမ်းအား ပညာရပ်ပဲ”

ဟွမ်ဖူလင်း၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ကို ခပ်သွက်သွက် သတိပေးလိုက်သည်။

ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် ကောင်းကင်မီးနတ်ဓားဖြင့် ဓားချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်။

‌နောက်ထပ် တစ်ခဏမှာပင် ခုနစ်စဥ်ကြယ်၏ စွမ်းအားကို လှုံ့ဆော်ထားသော ဓားချီခုနစ်ခုသည် ကောင်းကင်ယံတွင် ထွက်ပေါ်လာခဲ့သည်။

ထိုဓားရှည်ခုနစ်သည် တစ်ခုတည်း အဖြစ်သို့ ပေါင်းစပ်သွားခဲ့ပြီး ကောင်းကင်ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ဝုန်း..”

မျက်တောင်တစ်ခတ် အတွင်းမှာပင် ခုနစ်စဥ်ကြယ်၏ စွမ်းအားပါဝင်သော ကောင်းကင်ဓားတစ်စင်းသည် ယန်ဝူကျီဆီသို့ တိုက်ရိုက်ပင် သက်ရောက်လာခဲ့သည်။

အခန်း(၁၈၆၀)ပြီး၏။

All Chapters