အခန်း (၁၈၆၁-၁၈၆၂)
Vol. 127 Ch. 1861-1862
အဆတစ်ရာစနစ် စာစဥ်(၁၂၇)
အခန်း(၁၈၆၁)
"ဝုန်း"
ကောင်းကင်ထက်မှ ကြယ်တာရာဓားသည် မျက်တစ်မှိတ်အတွင်း ဆင်းသက်လာကာ ယန်ဝူကျိ၏ ခရမ်းရောင်မျက်လုံးစွမ်းအားနှင့် ထိပ်တိုက် ဆုံတွေ့သွားသည်။
မိုးချုန်းသံပမာ ကျယ်လောင်သော ပေါက်ကွဲသံ တစ်သံသည် ကောင်းကင်ယံအနှံ့ ရုတ်ချည်း ပဲ့တင်ထပ်သွားခဲ့၏။
ပင်လယ်လှိုင်းလုံး ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအင် မုန်တိုင်းကြီးသည် အရပ်မျက်နှာ အနှံ့သို့ တဟုန်ထိုး တိုက်ခတ် ပျံ့နှံ့သွားခဲ့သည်။
ကောင်းကင်ယံတွင် ဝင့်ကြွားစွာ ရပ်နေဆဲဖြစ်သော အရှင် စန်းယန်မှ လွဲလျှင် ဟွမ်ဖူလင်နှင့် အပေါင်းအပါများဖြစ်စေ၊ သို့မဟုတ် အင်အားကြီးမားသော နန်လီမျိုးနွယ်စုဝင်များ ဖြစ်စေ၊ ထိုအဖျက်စွမ်းအင် မုန်တိုင်း၏ ရိုက်ခတ်မှုအောက်တွင် ပြင်းထန်စွာ နောက်ဆုတ်သွားကြရသည်။
ဤအချိန်တွင် ဟွမ်ဖူအိမ်တော် အထက်ရှိ ကောင်းကင်ယံ တစ်ခုလုံးသည် အဖျက်စွမ်းအင် မုန်တိုင်းကြောင့် ပရမ်းပတာ ဖြစ်နေခဲ့သည်။
ဟွမ်ဖူမိသားစုကို နယ်မြေနတ်ဘုရား စီရင်ပေးထားသည့် အကာအကွယ် အတားအဆီးများကသာ မကာကွယ်ပေးခဲ့လျှင် ဟွမ်ဖူမိသားစု တစ်ခုလုံးသည် ထိုအဖျက်စွမ်းအင် မုန်တိုင်းအောက်တွင် ပြာပုံဘဝသို့ ပြောင်းလဲသွားမည်မှာ ဧကန်မလွဲ ဖြစ်သည်။
အဖျက်စွမ်းအင် မုန်တိုင်း ကောင်းကင်ယံကို တိုက်ခတ်နေစဉ် စစ်မြေပြင်ဗဟိုရှိ ယန်ဝူကျီ၏ တစ်ကိုယ်လုံးသည် တုန်ယင်သွားခဲ့ပြီး ထိတ်လန့်တကြား ကြည့်နေကြသည့် အကြည့်များစွာ အောက်မှာပင် လေထဲတွင် လွင့်စင်သွားခဲ့သည်။
သူသည် မီတာ ရာပေါင်းများစွာ အကွာအဝေးထိ နောက်ပြန် လွင့်ထွက်သွားခဲ့ပြီးမှ သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့သည်။
ယခုအခါတွင် သူ၏ မျက်နှာက ဖြူဖျော့နေပြီး ဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း မပေါက်ပြဲသည့် နေရာ မရှိသလောက် ပြဲစုတ်နေ၏။
ခန္ဓာကိုယ်ပေါ်တွင်လည်း သွေးစွန်း ဒဏ်ရာများစွာ ထင်ထင်ရှားရှား ဖြစ်ပေါ်နေခဲ့သည်။
ဤတစ်ကြိမ် တိုက်ပွဲတွင် ယန်ဝူကျိ ရှုံးနိမ့်သွားခဲ့ချေပြီ။
ယင်းအခိုက်အတန့်၌ ကောင်းကင်နှင့် မြေကြီးသည် အပ်ကျသံမျှပင် မကြားရလောက်အောင် တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။
လူအများက တွေဝေမှိုင်းမောသော မျက်ဝန်းများဖြင့် လေထုထဲမှ အခြေအနေကို စိုက်ကြည့်နေခဲ့ကြပြီး အချိန်အတော်ကြာအောင်ပင် အသိပြန်မဝင်နိုင် ဖြစ်နေခဲ့သည်။
ယန်ဝူကျီသည် နန်လီမျိုးနွယ်စု၏ အကြီးအကဲချုပ် ဖြစ်ပြီး ကောင်းကင်နတ်ဘုရား အထွတ်အထိပ် အဆင့် ကျင့်ကြံသူ ဖြစ်သည်။
နန်လီနယ်မြေ တစ်ခုလုံး၌ပင် နယ်မြေနတ်ဘုရား အဆင့်အောက်တွင် ယန်ဝူကျီသည် ပြိုင်ဘက်မရှိ နံပါတ်တစ် ပုဂ္ဂိုလ်ဖြစ်သည်။
သို့သော် ထိုကဲသို့သော သူကို ကျန်းချန်က တိုက်ကွက် တစ်ကွက်တည်းဖြင့်ပင် အနိုင်ယူလိုက်၏။
ဤကဲ့သို့ အင်အားကို နန်လီနယ်မြေ၌ အရှင် စန်းယန်သာလျှင် ထုတ်ဖော်နိုင်ပေလိမ့်မည်။
အားလုံးက အသိစိတ် ပြန်ဝင်လာချိန်တွင် အံ့အားသင့်နေခဲ့၏။
ကျန်းချန်သည် နယ်မြေနတ်ဘုရား တစ်ပါး ဖြစ်နေလေပြီလော။
"တစ်နှစ်လောက် မတွေ့ရတာနဲ့ ဒီကောင်လေးရဲ့ စွမ်းအားက ဒီလောက်ထိ ကြောက်ဖို့ကောင်းတဲ့ အဆင့်ကို ရောက်နေပြီပဲ"
ယန်ဝူကျီက ခန္ဓာကိုယ် အတွင်းမှ မငြိမ်မသက် ဖြစ်နေသည့်စွမ်းအားကို ပြင်းထန်စွာ ဖိနှိပ်လိုက်၏။
သူ၏ ကျန်းချန်ကို ကြည့်နေသော မျက်ဝန်းများ၌ ထိတ်လန့်တုန်လှုပ်သော အမူအရာများ မကြုံစဖူး ဖြစ်ပေါ်လာခဲ့သည်။
"နတ်ဆိုးပဲ"
သူ၏ရှေ့မှ ကောင်လေးသည် တကယ်ပင် နတ်ဆိုးဆန်သောသူ ဖြစ်သည်။
လွန်ခဲ့သော တစ်နှစ်က ဟော်ယွင် တောင်တန်းတွင် ကျန်းချန်သည် အစွမ်းကုန် ကြိုးစားတိုက်ခိုက်ခဲ့သည့်တိုင် သူ့နှင့် တန်းတူသာ ရှိခဲ့သည်။
ယခုမူ တစ်နှစ်သာ ကြာမြင့်ခဲ့သော်လည်း ကျန်းချန်၏ တိုက်ကွက် တစ်ကွက်ကိုပင် သူက တားဆီးနိုင်ခြင်း မရှိတော့ပေ။
"ခေါင်းဆောင်.. ဒီကောင်လေးက ယန်ကျင်းတို့ တစ်တွေကို သတ်ဖြတ်ခဲ့တဲ့သူပဲ.. နန်လီမျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာကို ပြန်လည် အဖတ်ဆည်နိုင်ဖို့ ခေါင်းဆောင် ကိုယ်တိုင် ဒီကောင်လေးကို ကိုင်တွယ် သုတ်သင်ပေးဖို့ တောင်းဆိုပါတယ်"
ယန်ဝူကျိသည် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။
သူ၏ မျက်ဝန်းများတွင် ထက်မြသော အေးစက်စက် အလင်းတန်း တစ်ခု ဖြစ်ပေါ်နေခဲ့၏။
ထိုကောင်လေး၏ ပါရမီသည် အလွန်ပင် ထူးခြားဆန်းကြယ်လွန်းသည်။
ထိုကောင်လေးကိုသာ ကြီးထွားရန် အချိန်အနည်းငယ် ထပ်ပေးလိုက်လျှင် နယ်မြေနတ်ဘုရား အဆင့်ရှိ အရှင်စန်းယန် အတွက်ပင် ဖိနှိပ်ရန် ခက်ခဲလာနိုင်၏။
ထို့ကြောင့် မည်သို့ပင်ဆိုစေကာမူ ကျန်းချန်ကို ယနေ့ နန်လီမြို့တော်တွင် အဆုံးသတ်ရပေလိမ့်မည်။
"ကောင်လေး.. မင်းက အရမ်း အရည်အချင်းရှိတယ်.. ငါတို့ နန်လီမျိုးနွယ်စုရဲ့ အသက်ပေါင်းများစွာကို ဆုံးရှုံးစေခဲ့တာကပဲ မင်းရဲ့ ပါရမီကို သက်သေပြနေတယ်"
အရှင် စန်းယန်က ကျန်းချန်ကို အထက်စီးဆန်စွာ ကြည့်၍ ပြောလိုက်သည်။
"မင်းသာ ငါရဲ့ တပည့် အဖြစ် လုပ်ဖို့ ဆန္ဒရှိရင် ဒီနတ်ဘုရားက မင်းရဲ့ အသက်ကို ချမ်းသာပေးမယ်"
အရှင် စန်းယန်၏ မြင်နိုင်စွမ်းအရ ကျန်းချန်၏ အလားအလာက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။
ကျန်းချန်ကို နန်လီမျိုးနွယ်စု အတွက် အသုံးချနိုင်ခဲ့လျှင် ယခင်က ဖြစ်ပေါ်ခဲ့သော ဆုံးရှုံးမှုများကို ဂရုစိုက်စရာ မလိုတော့ပေ။
အရှင် စန်းယန်၏ စကားကို ကြားလျှင် ကျန်းချန်က နှုတ်ခမ်းထောင့်ကို အနည်းငယ် ကွေးညွတ်ကာ လှောင်ပြုံး ပြုံးလိုက်သည်။
"ကျုပ်က လက်မခံဘူး ဆိုရင်ရော.."
"အကောင်းအဆိုး နားမလည်တဲ့ ကောင်လေးပဲ"
အရှင် စန်းယန်က အေးစက်စက် ရေရွတ်လိုက်သည်။
"မင်းသာ ဆက်ပြီး ခေါင်းမာနေဦးမည်ဆိုရင် ဒီနေ့ နန်လီ မြို့တော်က မင်း ခေါင်းချရမဲ့နေရာ ဖြစ်သွားလိမ့်မယ်"
"ဟားဟား.. အရှင် စန်းယန်.. ခင်ဗျားမှာ ကျုပ်အသက်ကို ယူနိုင်တဲ့ စွမ်းရည်မျိုး ရှိ၊ မရှိ ကြည့်ရသေးတာပေါ့"
ကျန်းချန်က အရှင် စန်းယန်ကို စိုက်ကြည့်ရင်း မထီမဲ့မြင် ရယ်မောလိုက်သည်။
သူ၏ ရယ်သံသည် ပတ်ဝန်းကျင်တွင် ချက်ချင်း ပဲ့တင်ထပ်သွား၏။
"ခင်ဗျားသာ ဆင်ခြင်တုံတရား ရှိမယ်ဆိုရင် ဟွမ်ဖူ မိသားစုဝင်တွေကို နန်လီမြို့တော်က ထွက်သွားခိုင်းလိုက်ပါ.. မဟုတ်ရင်တော့ ကျုပ် ကျန်းချန်က နယ်မြေနတ်ဘုရား တစ်ပါးကို သတ်ဖြတ်ဖို့ စိတ်မပါပေမဲ့လည်း မဖြစ်မနေ သတ်ဖြတ်ရတော့မယ်"
အခန်း(၁၈၆၁) ပြီး၏။
အခန်း(၁၈၆၂)
"ကျုပ် ကျန်းချန်က နယ်မြေနတ်ဘုရား တစ်ပါးကို သတ်ဖြတ်ဖို့ စိတ်မပါပေမဲ့လည်း မဖြစ်မနေ သတ်ဖြတ်ရတော့မယ်"
ကျန်းချန်၏ အေးစက်စက် ကြုံးဝါးသံကို ကြားလိုက်ရလျှင် လူအများသည် မှင်တက်သွားခဲ့ပြီး အချိန်အတော်ကြာ သတိပြန်မဝင်လာခဲ့ကြပေ။
နတ်ဘုရားနယ်မြေတွင် အစွမ်းထက် ကျင့်ကြံသူများစွာ နေရာအနှံ့ ရှိကြသည်။
ကောင်းကင် နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူများပင်လျှင် အရေအတွက်အားဖြင့် မရေမတွက်နိုင်အောင် ရှိကြ၏။
သို့သော် ကောင်းကင် နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ တစ်သောင်းတွင် ကမ္ဘာစွမ်းအား ၆မျိုးကို ပေါင်းစည်းကာ နယ်မြေနတ်ဘုရား အဆင့်သို့ ထိုးဖောက်နိုင်သူ တစ်ဦးမျှ ပေါ်ထွက်ရန်ပင် ခက်ခဲသည်။
ဆိုရလျှင် ကောင်းကင်နတ်ဘုရား အဆင့်နှင့် နယ်မြေနတ်ဘုရား အဆင့်ကြားတွင် ကြီးမားသော ချောက်ကမ်းပါးတစ်ခုသဖွယ် ခြားနားလျက် ရှိ၏။
ကောင်းကင်နတ်ဘုရား အများစုသည် ထိုအဆင့်ကို ဖြတ်ကျော်ရန် တစ်သက်တာလုံး အားထုတ်ခဲ့လျှင်ပင် အောင်မြင်ရန် ခဲယဉ်းလှသည်။
ထို့ကြောင့်ပင် ဤအဆင့်နှစ်ခုကြားမှ ခွန်အားကွာဟချက်သည် အလွန်တရာ ကြီးမားသည်ဟု ဆိုနိုင်၏။
မည်သည့် နယ်မြေနတ်ဘုရား အဆင့် ကျင့်ကြံသူ မဆို ကောင်းကင် နတ်ဘုရား ဆဋ္ဌမအဆင့် အထွတ်အထိပ် ကျင့်ကြံသူကို အလွယ်တကူ ဖိနှိပ်နိုင်စွမ်း ရှိ၏။
သူ၏ရှေ့မှ လူငယ်လေးက ကောင်းကင်နတ်ဘုရား အဆင့်ဖြင့် နယ်မြေနတ်ဘုရား တစ်ပါးကို သတ်ဖြတ်လိုနေသည်မှာ မည်မျှပင် ရူးမိုက်ရာ ကျပါသနည်း။
"ဟမ့် အရှက်မရှိ ပြောရဲတယ်"
"ကောင်လေး.. မင်းမှာ ခွန်အားအချို့ ရှိရုံနဲ့ပဲ ငါ့ရှေ့မှာ လာပြီး မောက်မာလို့ရပြီ မထင်နဲ့"
"စစ်မှန်တဲ့ နယ်မြေနတ်ဘုရား အဆင့်က မင်းနဲ့ ဘယ်လောက် ကွာခြားလဲဆိုတာ ငါ မကြာခင် ပြပေးမယ်"
အရှင်စန်းယန်က ကျန်းချန်အား စူးရှစွာ စိုက်ကြည့်လိုက်ပြီး နယ်မြေနတ်ဘုရား တစ်ပါး၏ ကြောက်မက်ဖွယ် စွမ်းအားဖြင့် ကျန်းချန်ကို ချက်ချင်းဆိုသလို ဖိနှိပ်လိုက်သည်။
ကောင်းကင်နတ်ဘုရား အဆင့်ဖြင့် နယ်မြေနတ်ဘုရားများကို သတ်ဖြတ်ရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်သော်လည်း လမ်းစဥ်၇မျိုး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်သည့် မဟာ ကောင်းကင် နတ်ဘုရားများသာ လုပ်ဆောင်နိုင်စွမ်း ရှိသည်။
သူ၏ရှေ့မှ ကျန်းချန်၏ ကျင့်ကြံမှုအဆင့်မှာ ကောင်းကင် နတ်ဘုရား ပဥ္စမအဆင့်ထက် မကျော်လွန်သေးပေ။
ကျန်းချန်၏ ပါရမီက မည်မျှပင် ထူးခြားနေစေကာမူ ကောင်းကင် နတ်ဘုရား ပဥ္စမအဆင့် နတ်ဘုရားအဆင့် စွမ်းအားဖြင့် နယ်မြေနတ်ဘုရား တစ်ပါးကို သတ်ဖြတ်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။
"ခုနှစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်း"
အရှင်စန်းယန်၏ ကြောက်မက်ဖွယ်ရာ ကောင်းသော နယ်မြေနတ်ဘုရား ဖိအားကို ရင်ဆိုင်ရလျှင် ကျန်းချန်၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားခဲ့သည်။
သူက ခုနှစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်း စွမ်းအားဖြင့် စုစည်းထားသော ကောင်းကင်ဓားကို တစ်ဖန် ထုတ်ဖော်လိုက်သည်။
ကောင်းကင်ဓားက အလွန်တရာ ခမ်းနားထည်ဝါလွန်း၏။
ဤအခိုက်အတန့်၌ နန်လီမြို့တော် တစ်ခုလုံး အထက်ဝယ် ထိုဓားသွား တစ်လက်သာလျှင် လွှမ်းမိုးနေခဲ့ပြီး ရှေးနတ်ဘုရားများက ကမ္ဘာကို ပိုင်းဖြတ်လိုက်သကဲ့သို့ပင် ပြင်းထန်ကာ နေနှင့်လကိုပင် ဗြောင်းဆန်စေခဲ့သည်။
နယ်မြေနတ်ဘုရား အရှင်စန်းယန်နှင့် ရင်ဆိုင်ရချိန်တွင် ကျန်းချန်သည် မည်သည့်အရာကိုမျှ ထိန်ချန်မထားဘဲ ခန္ဓာကိုယ်မှ စွမ်းအား အလုံးစုံကို အစွမ်းကုန် ထုတ်ဖော်ကာ ခုနှစ်စဥ်ကြယ် ကောင်းကင်ဓားကို ထပ်မံ ထုတ်ဖော်ခဲ့ခြင်းပင်။
"အံ့မခန်းတဲ့ ဓားပါလား.. ဒီဓားက ယန်ဝူကျီကို အနိုင်ယူခဲ့တဲ့ ဓားထက် အများကြီး ပိုကြောက်စရာကောင်းတာပဲ"
ကောင်းကင်ယံမှ မြင်ကွင်းကို ကြည့်ရှုနေကြသူ အများအပြား၏ မျက်နှာများသည် ဖြူဖျော့သွားကြ၏။
နန်လီမြို့တော်မှ လူအများစုသည် နယ်မြေနတ်ဘုရားတစ်ပါး၏ စွမ်းအားက မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို တစ်သက်တာလုံး မမြင်ဖူးကြသော်လည်း ယခုမြင်ကွင်းမှာ နယ်မြေနတ်ဘုရား တစ်ပါး၏ တိုက်ခိုက်မှုလောက်ပင် ပြင်းထန်ဖွယ် ရှိသည်ဟု ခံစားမိခဲ့သည်။
ထိုလူငယ်လေးသည် ကောင်းကင်နတ်ဘုရား အဆင့် စွမ်းအားကို အသုံးပြု၍ နယ်မြေနတ်ဘုရားနှင့် တကယ်ပဲ ယှဉ်ပြိုင်နိုင်ပါမည်လော။
လူတိုင်းက ကျန်းချန်၏ ဓားချက်ကို အံ့အားသင့်စွာ ကြည့်နေစဉ်မှာပင် မယုံကြည်နိုင်စရာ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အရှင်စန်းယန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေဆဲဖြစ်ပြီး ခန္ဓာကိုယ်ကို မည်သို့မျှ မလှုပ်ရှားခဲ့ပေ။
သို့တိုင် ကောင်းကင်ဓားသည် သူ၏ ဦးခေါင်းနှင့် ပေတစ်ရာခန့် အကွာသို့ ရောက်သောအခါတွင် အရှိန်ပြင်းပြင်း တိုးဝင်လာရာမှ ရုတ်တရက် ငြိမ်သက်သွားခဲ့သည်။
ထို့နောက် တစ်ခဏမျှ အကြာတွင် လေထုထဲ၌ ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ဓားက ရုတ်တရက် ပြိုကွဲသွားခဲ့သည်။
ကောင်းကင်ဓားကို ကြယ်စွမ်းအားများဖြင့် စုစည်းထားသဖြင့်
သန့်စင်သော ကြယ်စွမ်းအား အပိုင်းအစများသည် အရပ်မျက်နှာ အနှံ့သို့ ပြန့်ကျဲသွားခဲ့သည်။
ကြယ်စွမ်းအား အပိုင်းအစများက လေထု အလွှာများစွာကို ထိုးဖောက်ကာ မိုင်ပေါင်းရာချီ အကွာအဝေးရှိ နယ်မြေတစ်ခုလုံးကို စွမ်းအင်မုန်တိုင်း အဖြစ် ပြောင်းလဲသွားစေခဲ့၏။
"ဒါက နယ်မြေနတ်ဘုရားရဲ့ စွမ်းအားလား.. တကယ်ကို ကြောက်ဖို့ကောင်းတာပဲ"
ဤမြင်ကွင်းကို မြင်တွေ့ရချိန်တွင် လူတိုင်း၏ မျက်ဝန်းများ၌ ထိတ်လန့်သော အမူအရာများဖြင့် ပြည့်နှက်နေခဲ့သည်။
ကျန်းချန်၏ အစွမ်းထက် ဓားချက်ကို အရှင်စန်းယန်က ပေတစ်ရာ အကွာသို့ မရောက်မီမှာပင် ဤမျှ အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။
လူတိုင်းသည် "နယ်မြေနတ်ဘုရား အဆင့်အောက်တွင် သက်ရှိအားလုံးက ပုရွက်ဆိတ်" ဟူသော စကားက အချည်းနှီး မဟုတ်ကြောင်းကို ယခု အခိုက်အတန့်တွင် လက်တွေ့သိမြင် နားလည်လိုက်ကြသည်။
စစ်မှန်သော နယ်မြေနတ်ဘုရား တစ်ပါး၏ ရှေ့တွင် ကျန်းချန်သည် မည်မျှပင် သန်မာနေပါစေ၊ ပုရွက်ဆိတ်နှင့် မခြားနားပေ။
"ခေါင်းဆောင်.. ညီနောင် ကျန်းချန်က အစွမ်းထက်ပေမဲ့လည်း အရှင်စန်းယန်နဲ့ ယှဉ်ပြိုင်ဖို့ ခက်ခဲလိမ့်မယ် ထင်တယ်"
လေထုထဲမှ တိုက်ပွဲကို ကြည့်ရင်း ဟွမ်ဖူစုန့်၏ အိုမင်းသော မျက်ဝန်းများ၌ လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
"မိတ်ဆွေလေးကျန်းချန် ယှဉ်ပြိုင်နိုင်မလား ဆိုတာ ခဏနေရင် သိရပါလိမ့်မယ်"
ဟွမ်ဖူလင်း၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့၏။
"မိတ်ဆွေလေး ကျန်းချန်က ဒီအထိ လာရောက်ရဲမှတော့ သူ့မှာ သေချာပေါက် ပြင်ဆင်ထားတာ ရှိမှာပဲ"
ကျန်းချန်သည် နန်လီမြို့တော်၏ အခြေအနေကို အနည်းငယ် သိရှိ နားလည်ထားသည်။
နန်လီမျိုးနွယ်စု၏ ခေါင်းဆောင် အရှင်စန်းယန် ပြန်ရောက်နေမှန်း သိပါလျက်နှင့် နန်လီမြို့တော်သို့ ရဲရဲဝံ့ဝံ့ လာရောက်ရဲပုံထောက်လျှင် မည်ကဲ့သို့ ပြင်ဆင်ထားခြင်း မရှိဘဲ နေပါမည်နည်း။
"သစ်ပင်ကြီးကို ပိုးကောင်ကလေးက လှုပ်ခတ်နိုင်မယ် ထင်နေလား... ရယ်စရာကောင်းလိုက်တာ"
အရှင်စန်းယန်က ကျန်းချန်ကို ခနဲ့လိုက်သည်။
သူ၏ မျက်ဝန်းများက ရေခဲမြစ်ကဲ့သို့ အေးစက်နေခဲ့၏။
"ကောင်းပြီလေ"
ကျန်းချန်က တည်ငြိမ်စွာ ပြန်ပြောသည်။
"ဒါဆိုလည်း ခင်ဗျား မျက်လုံးကို ပြူးနေအောင် ဖွင့်ပြီး ကျုပ်ဆိုတဲ့ ပိုးကောင်လေးက ခင်ဗျားဆိုတဲ့ သစ်ပင်ကြီးကို ဘယ်လို လှုပ်ခါစေနိုင်မလဲ ဆိုတာ ကြည့်ထားလိုက်တော့"
"မင်းက သေခါနီးနေတာတောင် ငါ့ရှေ့မှာ စကားကြီး စကားကျယ် ပြောရဲသေးတယ်.. သွားသေလိုက်စမ်း"
အရှင်စန်းယန်၏ ကြုံးဝါးသံ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် နန်လီမြို့တော် အထက်ရှိ ကောင်းကင်နှင့် မြေကြီး၏ အသက်စွမ်းအင်များသည် ဆူပွက်လာခဲ့၏။
ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူများပင် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်ကို တစ်စက်ကလေးမျှ မခံစားနိုင်တော့ဘဲ နန်လီမြို့တော် တစ်ခုလုံးက အရှင်စန်းယန်၏ ကမ္ဘာသဖွယ် ဖြစ်နေခဲ့သည်။
နယ်မြေနတ်ဘုရား တစ်ပါး သတ်မှတ်ထားသော နေရာသည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိပြီး သေခြင်း ရှင်ခြင်း အားလုံးသည် အတွေးတစ်ချက်တည်းဖြင့်ပင် တည်ရှိသည်ဟု ဆိုစမှတ်ပြုကြသည်။
လက်ရှိတွင် အရှင်စန်းယန်သည် နယ်မြေနတ်ဘုရား၏ အထူး စွမ်းအားကို နောက်ဆုံး၌ ထုတ်သုံးခဲ့ချေပြီ။
လူတိုင်းက သူတို့ရှေ့မှ အခြေအနေကို ကြည့်ကာ ခေါင်းခါယမ်း၍ သက်ပြင်းချလိုက်ကြသည်။
သူတို့က နယ်မြေနတ်ဘုရားများ၏ စွမ်းအားသည် ကောင်းကင်နတ်ဘုရားများနှင့် အဆင့်တူ မဟုတ်သည်ကို သိသောကြောင့် ယခုတစ်ကြိမ်တွင် ကျန်းချန် သေဆုံးရတော့မည်ကို ထင်မှတ်ခဲ့ကြ၏။
"နတ်ခန္ဓာပုံရိပ်"
ကျန်းချန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူ၏ ကျောဘက်ကနေ ရွှေရောင် ဓားပုံရိပ် ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ပေါ်သို့ မြင့်တက်သွားကာ မီတာ ရာပေါင်းများစွာ ကျယ်သော နေရာလွတ်ကို ဖန်တီးလိုက်ပြီး လေထုထဲမှ ကြောက်မက်ဖွယ် စွမ်းအားကို ပိတ်ဆို့ထားလိုက်သည်။
တစ်ချိန်တည်းမှာပင် ကျန်းချန်သည် လုံးဝ တုံ့ဆိုင်းမနေတော့ဘဲ ပြီးပြည့်စုံသော နေရာလွတ် လမ်းစဥ်စွမ်းအားကို ချက်ချင်းပင် နှိုးဆွလိုက်ကာ ဆဋ္ဌမမြောက် ကမ္ဘာ့စွမ်းအားကို စုစည်းလိုက်သည်။
ကျန်းချန် နေရာလွတ် ကမ္ဘာ့စွမ်းအားကို စုစည်းလိုက်သည်နှင့် တစ်ပြိုင်နက် လေထုထဲတွင် လေမုန်တိုင်းနှင့် တိမ်တိုက်များ စုဝေးလာသည်။
ကြောက်မက်ဖွယ် မိုးကြိုးစွမ်းအင်တို့သည်လည်း နဂါးပမာ ကောင်းကင်ယံ၌ လှည့်လည် သွားလာလျက် ရှိ၏။
အရှင်စန်းယန်က ခေါင်းမော့၍ လေထုထဲ၌ လျင်မြန်စွာ စုစည်းလာသော မိုးကြိုးကပ်ဘေးကို ကြည့်လိုက်သည်။
သူ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းဆိုသလို ထိတ်လန့်တုန်လှုပ်သည့် အမူအရာဖြင့် ကျန်းချန်ကို စိုက်ကြည့်လိုက်၏။
"မင်း.. မင်းက ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ရဲ့ ကောင်းကင်နတ်ဘုရား ကပ်ဘေးကို လှုံ့ဆော်လိုက်တယ်လား"
နယ်မြေနတ်ဘုရား ဖြစ်သော အရှင်စန်းယန်ပင်လျှင် ဤအခိုက်အတန့်တွင် တုန်လှုပ် ချောက်ချားသွားခဲ့သည်။
"အရူး.. ဒီကောင်က သောက်ရူးပဲ"
အရှင်စန်းယန်သည် ဤသို့ ဖြစ်လာမည်ဟု လုံးဝ မစဉ်းစားထားခဲ့ပေ။
ကျန်းချန်က သူ့ကို တန်ပြန် တိုက်ခိုက်ရန်အတွက် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်၏ ကောင်းကင် နတ်ဘုရားကပ်ဘေးကို တမင်တကာ ဖြစ်ပေါ်စေပြီး ထိုကပ်ဘေး အတွင်းသို့ သူ့ကိုပါ ဆွဲသွင်းရန် တွန့်ဆုတ်မနေခဲ့ပေ။
ဤလူငယ်၏ ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား ကပ်ဘေး စွမ်းအားသည် အစကတည်းက ကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီ ဖြစ်သည်။
ယခု နယ်မြေနတ်ဘုရားတစ်ပါး ဖြစ်သော သူကိုယ်တိုင် ဤကပ်ဘေးတွင် ပါဝင်လာလျှင် ကောင်းကင်နတ်ဘုရား ကပ်ဘေး၏ စွမ်းအားသည် နယ်မြေနတ်ဘုရား ကပ်ဘေးထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းလာနိုင်၏။
တခြားနယ်မြေမှ နယ်မြေနတ်ဘုရား အဆင့် ကျင့်ကြံသူများပင်လျှင် ဤကဲ့သို့သော ကောင်းကင်နတ်ဘုရား ကပ်ဘေး စွမ်းအားကို ရင်ဆိုင်ရလျှင် သတိထား၍ ကိုင်တွယ်ရလိမ့်မည် ဖြစ်သည်။
အခန်း(၁၈၆၂) ပြီး၏