← Chapters

အခန်း (၁၈၆၃-၁၈၆၄)

Vol. 127 Ch. 1863-1864

အခန်း (၁၈၆၃-၁၈၆၄)

Vol. 127 Ch. 1863-1864

အခန်း(၁၈၆၃)

"ကျန်းချန်က တိုက်ပွဲအတွင်းမှာ ကောင်းကင်နတ်ဘုရားကပ်ဘေးကို တကယ်ပဲ လှုံ့ဆော်လိုက်တယ်လား"

"ဒီကောင်လေးက အတော် အတင့်ရဲတာပဲ.. အရှင် စန်းယန်ကိုပါ ကောင်းကင် နတ်ဘုရား ကပ်ဘေးထဲ ဆွဲသွင်းဖို့ ရည်ရွယ်ထားတဲ့ပုံပဲ"

"ပိုပြီး အဆင့်မြှင့်လာတဲ့ ကောင်းကင် နတ်ဘုရား ကပ်ဘေးကို အရှင် စန်းယန် ခုခံနိုင်ပါ့မလား"

".............."

လေထုထဲမှ အခြေအနေကို ကြည့်ရှုနေကြသူများ၏ မျက်ဝန်းထဲတွင် ထိတ်လန့် တုန်လှုပ်သော အမူအရာများ မကြုံစဖူး ဖြစ်ပေါ်နေခဲ့၏။

"မိတ်ဆွေလေး ကျန်းချန်က ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား ကပ်ဘေးကို လှုံ့ဆော်လိုက်တာလား"

ကျန်းချန် ဖန်တီးလိုက်သော ကောင်းကင်နတ်ဘုရား ကပ်ဘေးကို ကြည့်ပြီးနောက် ဟွမ်ဖူစုန့်၏ အိုမင်းသော မျက်ဝန်းများတွင် ဝမ်းသာသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

"မိတ်ဆွေလေး ကျန်းချန်မှာ ပြင်ဆင်မှု တစ်ခုခုတော့ ရှိမယ်လို့ ငါ ထင်ထားတာ မှန်သားပဲ"

ဟွမ်ဖူလင်းက သက်ပြင်းချရင်း ရေရွတ်လိုက်သည်။

သူ၏ မျက်နှာတွင် တွေ့ရခဲသော အပြုံးတစ်ချက်ပင် ပေါ်လာခဲ့၏။

ကျန်းချန်သည် ကောင်းကင်ဥပဒေသ နိယာမများကို လျစ်လျူနိုင်စွမ်း ရှိသည့် ရှားပါးသော အနှိုင်းမဲ့ နတ်ခန္ဓာကိုယ် ပိုင်ရှင် ဖြစ်သည်။

လွန်ခဲ့သော တစ်နှစ်ခန့်က ဟော်ယွင်တောင်တန်းတွင် နယ်မြေနတ်ဘုရား အမိန့်ကိုပြန်တမ်းကို ချိုးဖျက်ရန် အတွက် ကျန်းချန်က ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရား ကပ်ဘေးအား လှုံ့ဆော်ခဲ့သည်ကို သူကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။

ယခု ကျန်းချန်က ထိုနည်းလမ်းဟောင်းကို ပြန်လည် အသုံးပြုလိုက်ပြီး အရှင် စန်းယန်ကို သူ၏ ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား ကပ်ဘေးအတွင်း ဆွဲသွင်းခဲ့ချေပြီ။

အရှင် စန်းယန်၏ စွမ်းအားက ကြီးမားသော်ငြားလည်း ဤကပ်ဘေး၏ လက်ချက်ဖြင့် ဆိုလျှင် သေဆုံးသွားနိုင်ဖွယ်ပင် ရှိ၏။

"ကျန်းချန်.. မင်း ငါနတ်ဘုရားကို လျှော့တွက်ထားတာပဲ"

အရှင် စန်းယန်က ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

"ငါ့ကို မင်းရဲ့ ကောင်းကင်နတ်ဘုရား ကပ်ဘေးထဲ ဆွဲသွင်းရုံလောက်နဲ့ ကိုင်တွယ်နိုင်မယ်လို့ မင်း ထင်နေတာလား"

ကျန်းချန်၏ တည်ရှိမှုကြောင့် ကောင်းကင်နတ်ဘုရား ကပ်ဘေးက အလွန်ကြောက်မက်ဖွယ်ရာ ကောင်းနိုင်သော်လည်း နယ်မြေနတ်ဘုရား တစ်ပါး၏ စွမ်းအားဖြင့် ၎င်းကို မကိုင်တွယ်နိုင်စရာ အကြောင်း မရှိပေ။

ဤကပ်ဘေးသည် အလွန်တရာ အင်အားကြီးမားလွန်း၍ သူ မဖြေရှင်းနိုင်သည့်တိုင် နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူဖြစ်၍ ကျန်းချန်ထက် ပိုမိုကြာရှည်စွာ ခံနိုင်ရည် ရှိမည်မှာ သေချာ၏။

ဆိုလိုသည်မှာ ဤကောင်းကင် နတ်ဘုရား ကပ်ဘေးသည် ကျန်းချန်၏ ကပ်ဘေးသာ ဖြစ်၍ ကပ်ဘေး၏ လှုံ့ဆော်သူ ဖြစ်သော ကျန်းချန်သာ ကျဆုံးသွားလျှင် ကောင်းကင်နတ်ဘုရား ကပ်ဘေးသည် အလိုအလျောက် ပျောက်ကွယ်သွားမည် ဖြစ်သောကြောင့်ပင်။

ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်၍ ဟန်ပါ​ပါရပ်၍ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"ကျုပ် ခင်ဗျားကို ကိုင်တွယ်နိုင်မနိုင် ဆိုတာ ခင်ဗျား မကြာခင် သိလာပါလိမ့်မယ်"

ကျန်းချန်က ကောင်းကင်နတ်ဘုရား ကပ်ဘေးအား ဂရုမစိုက်ပုံရသည်ကို မြင်လျှင် အရှင် စန်းယန်သည် ရုတ်တရက် မကောင်းသော ခံစားချက် တစ်ခုကို ခံစားမိလိုက်သည်။

သို့သော် ထိုအချိန်မှာပင် မရေမတွက်နိုင်သော မိုးကြိုးများက တစ်ပြိုင်နက်တည်း တဟုန်ထိုး ပျံသန်းလာပြီး လေထုကို ထိုးခွဲကာ အရှင်စန်းယန် ထံသို့ ဦးတည် ဆင်းသက်လာသည့် မိုးကြိုးတိုင်လုံးကြီး အဖြစ်သို့ လျင်မြန်စွာ စုစည်းသွား၏။

"ဂျိန်း.. "

မိုးခြိမ်းသံက ဘုံကိုးပါး တိုင်အောင် တုန်ခါသွား၏။

ဟွမ်ဖူလင်းသည်ပင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးစွမ်းအားကို ရင်ဆိုင်ရသောအခါ တုန်လှုပ်ချောက်ချားမှုကို ခံစားလိုက်ရသည်။

"ဟူး... ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလိုက်တဲ့ ကောင်းကင် နတ်ဘုရားကပ်ဘေးလဲ"

ဟွမ်ဖူလင်းနှင့် အခြားသူများက ကြောက်မက်ဖွယ် မိုးကြိုးစွမ်းအားကို ခံစားမိချိန်တွင် ထိတ်လန့်တကြား ရေရွတ်လိုက်ကြသည်။

ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား ကပ်ဘေး၏ မိုးကြိုးကပ်ဘေးသည် အပြင်းထန်ဆုံး ဖြစ်ကာ စုစုပေါင်း ကိုးကြိမ် ရှိသည်။

ယေဘုယျအားဖြင့် ပထမဆုံး မိုးကြိုးကပ်ဘေးသည် အားအပျော့ဆုံး ဖြစ်လေ့ရှိသည်။

သို့သော် ကျန်းချန်၏ ပထမဆုံး မိုးကြိုးကပ်ဘေးသည် သာမန် ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရားများ၏ နဝမမြောက် မိုးကြိုးကပ်ဘေးထက်ပင် အားကောင်းနေခဲ့၏။

ထို့ကြောင့် မိုးကြိုးကပ်ဘေးသည် နောက်ပိုင်း အကြိမ်များတွင် ပို၍ပင် ပြင်းထန်လာမည်မှာ သေချာသလောက်ပင်။

အကယ်၍ နဝမမြောက် မိုးကြိုးကပ်ဘေးသာ ဖြစ်ခဲ့လျှင် မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းလိုက်ပါမည်နည်း။

ထိုမျှ ကြောက်မက်ဖွယ်ရာ ကောင်းသော ကပ်ဘေး စွမ်းအားကို နယ်မြေနတ်ဘုရားပင် အလွယ်တကူ ခုခံရန် စွမ်းနိုင်မည်မဟုတ်ပေ။

အရှင် စန်းယန်၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားခဲ့ပြီး မျက်ဝန်းကနေ အလျှံညီးညီး တောက်လောင်နေသော ခရမ်းရောင် မီးလျှံကို ထုတ်ဖော်ကာ ကောင်းကင်ကနေ ဆင်းသက်လာသည့် မိုးကြိုးစွမ်းအားနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်ပြီး ပထမဆုံး မိုးကြိုးကို ချက်ချင်းပင် လောင်ကျွမ်း ပျက်စီးစေခဲ့သည်။

ပထမ မိုးကြိုးကို ဖျက်ဆီးပြီးနောက်တွင် အရှင် စန်းယန်သည် တည်ငြိမ်စွာ ရပ်နေသည့် ကျန်းချန်ကို ကြည့်လိုက်မိသည်။

ထိုခဏတွင် သူ၏ မျက်ဝန်းများ၌ မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ပေါ်လာခဲ့၏။

"ဒီကောင်လေးက ဘာလို့ ကောင်းကင်နတ်ဘုရား ကပ်ဘေးရဲ့ တိုက်ခိုက်မှုကို မခံရတာလဲ"

ဤကပ်ဘေးသည် ကျန်းချန် လှုံ့ဆော်လိုက်သည့် ကပ်ဘေးဖြစ်သည်။

သို့ဖြစ်ရာ ကပ်ဘေး၏ လှုံ့ဆော်သူ ဖြစ်သည့် ကျန်းချန်ကို မတိုက်ခိုက်ဘဲ အဘယ်ကြောင့် သူ့ကိုသာ တိုက်ခိုက်ရပါသနည်း။

ဖြစ်နိုင်သည်မှာ ထိုကောင်လေးသည် ကောင်းကင်နိယာမများကို လျစ်လျူရှုနိုင်သည့် ဒဏ္ဍာရီလာ အနှိုင်းမဲ့ နတ်ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်နေပါသလော။

ထိုသို့ တွေးမိသောအခါ အရှင် စန်းယန်သည် ရင်ထဲ၌ မွန်းကြပ်ကာ သွေးအန်လုမတတ်ပင် ဖြစ်သွားရ၏။

သူက ဂုဏ်အရှိန်အဝါကြီးသော နယ်မြေနတ်ဘုရား တစ်ပါးဖြစ်သော်လည်း ကျန်းချန်က သူ့ကို ပရိယာယ်ဖြင့် လှည့်စားလိုက်သည်ဟု တွေးမိလိုက်သည်။

နန်လီမြို့တော်ရှိ မရေမတွက်နိုင်သော ပရိသတ်များသည် လေထုထဲမှ မြင်ကွင်းကို ကြည့်ရင်း မျက်လုံးများ ပြူးကျယ်လုမတတ် ဖြစ်သွားခဲ့၏။

ကျန်းချန်က အရှင် စန်းယန်ကို ပါဝင်စေရန် ကောင်းကင်ကပ်ဘေးကို ဖန်တီးခဲ့သော်လည်း အရှင်စန်းယန် တစ်ဦးတည်းသာ မိုးကြိုးကပ်ဘေး၏ တိုက်ခိုက်ခြင်းကို ခံရသည်မှာ အံ့မခန်း ဖြစ်ရပ်ပင် မဟုတ်ပါလား။

"ဂျိန်း.. ဂျိန်း.. ဂျိန်း"

လူအများ ထိတ်လန့်တကြား ဖြစ်နေစဉ်မှာပင် ကောင်းကင်ယံကနေ မိုးကြိုးများသည် တစ်ခုပြီး တစ်ခု ကျဆင်းလာခဲ့၏။

မိုးကြိုးများက တစ်ခုထက် တစ်ခု ပိုမို ထူထဲလာသလို ပိုမို၍လည်း ကြောက်မက်ဖွယ်ရာ ကောင်းလာခဲ့သည်။

သိပ်မကြာခင်မှာပင် ဒုတိယမြောက် မိုးကြိုးကပ်ဘေးသည် ကောင်းကင်ယံကနေ ဆင်းသက်လာခဲ့၏။

ဆင်းသက်လာသည့် ဒုတိယမြောက် မိုးကြိုးကပ်ဘေးကို မြင်လျှင် အရှင် စန်းယန်သည် တွေးတောချိန်ပင် မရတော့ဘဲ နယ်မြေနတ်ဘုရား၏ စွမ်းအားကို တိုက်ရိုက် လှုံ့ဆော်ကာ ဒုတိယမြောက် မိုးကြိုးကပ်ဘေးနှင့် ရင်ဆိုင်လိုက်သည်။

အရှင် စန်းယန်သည် နယ်မြေနတ်ဘုရား အဆင့်နှင့် ထိုက်တန်မှု ရှိသည်ဟုပင် ဆိုရမည်။

သူက အလွန်နက်ရှိုင်းသော စွမ်းအားကို ပိုင်ဆိုင်ထား၍ အဆင့်မြှင့်လာသော မိုးကြိုးကပ်ဘေးကိုပင် အလွယ်တကူ ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့သည်။

မိုးကြိုးကပ်ဘေး ခြောက်ကြိမ် ဆက်တိုက် ကျရောက်လာခဲ့သော်လည်း အရှင် စန်းယန်သည် သူ၏ ကြောက်မက်ဖွယ် စွမ်းအားဖြင့် အားလုံးကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့သည်။

"နယ်မြေနတ်ဘုရားအဆင့်က ကောင်းကင်နတ်ဘုရား အဆင့်ထက် လုံးဝ သာလွန်နေတဲ့ အဆင့်ပါလား"

ကျန်းချန်က သူ့ရှေ့မှ အခြေအနေကို ကြည့်ရှုရင်း နယ်မြေနတ်ဘုရား၏ စွမ်းအားကို ရင်ထဲတွင် အသစ်တဖန် နားလည်သွားခဲ့သည်။

ဤ မိုးကြိုးကပ်ဘေး ခြောက်ကြိမ်သည် တစ်ကြိမ်ထက် တစ်ကြိမ် ပိုမို၍ ကြောက်မက်ဖွယ်ရာ ကောင်းလာ၏။

သူ၏ လက်ရှိ စွမ်းအားဖြင့်ပင် ဤမိုးကြိုးကပ်ဘေး ခြောက်ကြိမ်ကို ခုခံနိုင်လျှင်ပင် အသက်ရှင်ရန်အတွက် ကြီးမားသည့် နာကျင်မှုကို ခံစားရပေလိမ့်မည်။

သို့သော်လည်း သူ၏ရှေ့မှ အရှင် စန်းယန်ကမူ အလွယ်တကူပင် အနိုင်ယူခဲ့သည်။

ဤအချက် တစ်ခုတည်းဖြင့်ပင် အရှင်စန်းယန်၏ စွမ်းအားသည် သူ့ထက် များစွာ သာလွန်သည်မှာ ထင်ရှား၏။

ကျန်းချန်က အံ့အားသင့်နေသော်လည်း မိုးကြိုးကပ်ဘေးက ရပ်တန့်မသွားဘဲ ပို၍ပင် ကြောက်မက်ဖွယ်ရာ ကောင်းလာခဲ့သည်။

မိုးကြိုးနဂါးများက တစ်ကောင်ပြီး တစ်ကောင် ဟိန်းဟောက်၍ မိုးကြိုးတိမ်တိုက် အတွင်း ပျံသန်းနေကြသည်။

မိုးကြိုးနဂါး တစ်ကောင်စီသည် ပေထောင်ချီ ရှည်လျားကာ တောက်ပသော မိုးကြိုးလျှပ်စီးများဖြင့် လင်းလက်နေခဲ့၏။

နောက်ဆုံး၌ မရေမတွက်နိုင်သော မိုးကြိုးနဂါးများသည် စုစည်သွားခဲ့ပြီး ရှေးဟောင်း မိုးကြိုးတောင်တန်း အဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ယံကနေ ဆင်းသက်လာခဲ့သည်။

ဤတိုက်ခိုက်မှု၏ စွမ်းအားသည် အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းလှ၍ အရှင် စန်းယန်၏ မျက်နှာထက်မှာပင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

"ဝုန်း"

အရှင် စန်းယန်က စွမ်းအားကို ထပ်မံ ထုတ်ဖော်ကာ ရှေးဟောင်း မိုးကြိုးတောင်တန်း နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ဤတစ်ကြိမ်တွင် အရှင် စန်းယန်၏ ခွန်အားဖြင့်ပင် ရှေးဟောင်း မိုးကြိုးတောင်တန်း၏ ရိုက်ခတ်မှုအောက်၌ ခြေ ဆယ်လှမ်းကျော်မျှ နောက်ဆုတ်သွားခဲ့ရ၏။

အရှင်စန်းယန်က ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းလိုက်ချိန်မှာပင် အဋ္ဌမမြောက် မိုးကြိုးကပ်ဘေးသည် လေထုထဲတွင် စုစည်းနေခဲ့ချေပြီ။

မိုးကြိုးစွမ်းအား ရာပေါင်းများစွာသည် လေထုထဲတွင် အရောင်အသွေး စုံလင်သော မိုးကြိုးတိုင်လုံးကြီး အဖြစ် စုစည်းကာ ဆင်းသက်လာခဲ့ပြန်သည်။

၎င်း၌ ပါဝင်သည့် အဖျက်စွမ်းအင်သည် အရှင် စန်းယန်ကိုသာမက ပတ်ဝန်းကျင်ရှိ မိုင်ပေါင်းများစွာကိုပင် ဖုန်မှုန့်အဖြစ် ပြောင်းလဲပစ်နိုင်လောက်၏။

"နေမင်းနတ်မီးလျှံ"

အရှင် စန်းယန်က လက်ဟန်များကို ပြုလုပ်လိုက်ရာ လေထုကိုပင် လောင်ကျွမ်းပစ်နိုင်လောက်သည့် နေလုံးကြီး တစ်လုံးသည် လေထုထဲတွင် ချက်ချင်း စုစည်းသွားခဲ့ပြီး အဋ္ဌမမြောက် မိုးကြိုးနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

"ဝုန်း"

အရှင် စန်းယန်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားခဲ့ပြီး မျက်နှာထက်တွင် ဖြူဖျော့သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

တစ်ကြိမ်ထက် တစ်ကြိမ် ပိုမို ကြောက်မက်ဖွယ်ရာ ကောင်းလာသော မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ရန်မှာ အရှင် စန်းယန်၏ ခွန်အားဖြင့်ပင် အလွန်တရာ ခက်ခဲလာပြီ ဖြစ်သည်။

ဤအခိုက်အတန့်တွင် မိုးကြိုးကပ်ဘေးဒဏ်ကို လုံးဝ မထိခိုက်သော ကျန်းချန်ကို ကြည့်ရင်း အရှင် စန်းယန်၏ ရင်ထဲတွင် ဒေါသများ ပြည့်နှက်သွားခဲ့၏။

ယင်းနောက်တွင် ကောင်းကင်ကိုပင် တုန်လှုပ်စေသော ကြုံးဝါးသံသည် ကမ္ဘာတစ်ဝှမ်း၌ ချက်ချင်း ပဲ့တင်ထပ်သွားခဲ့သည်။

"ခွေးမသား ကျန်းချန်.. မင်းကများ ငါနတ်ဘုရားကို လှည့်စားရဲတယ်.. ဒီနောက်ဆုံး မိုးကြိုးကပ်ဘေး ပြီးတာနဲ့ မင်းရဲ့ ခန္ဓာကိုယ်ကို သေချာပေါက် အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်"

အခန်း(၁၈၆၃) ပြီး၏။

အခန်း(၁၈၆၄)

အရှင်စန်းယန်၏ ရင်ထဲဝယ် ဒေါသအမျက်များ ပြင်းထန်နေစဉ်မှာပင် နဝမမြောက် မိုးကြိုးကပ်ဘေးသည် လေထုထဲတွင် အလျင်အမြန် စုစည်းလျက်ရှိ၏။

မရေမတွက်နိုင်သော မိုးကြိုးစွမ်းအင်များသည် မျက်စိကျိန်းလောက်စရာ ရွှေရောင်မိုးကြိုး အဖြစ်သို့ စုစည်းသွားခဲ့၏။

ထိုရွှေရောင်မိုးကြိုး ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် နန်လီမြို့တော် အထက်ရှိ ကောင်းကင်ယံ တစ်ခွင်လုံးသည် တုန်ခါသွားခဲ့သည်။

ကောင်းကင်ဘုံကိုပင် ဖျက်ဆီးနိုင်လောက်သည့် ကြောက်မက်ဖွယ်စွမ်းအားကို သယ်ဆောင်လာသော ထိုရွှေရောင်မိုးကြိုးသည် အရှင်စန်းယန် ထံသို့ တန်းတန်းမတ်မတ် ကျဆင်းလာခဲ့သည်။

နောက်ဆုံး မိုးကြိုးကပ်ဘေး၏ ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိသည်နှင့် နယ်မြေနတ်ဘုရား တစ်ပါး၏ အင်အားကြီးမားလှသော စွမ်းအင်များသည် အရှင်စန်းယန်၏ ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာတော့သည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ခရမ်းရောင်မီးလျှံများဖြင့် စုစည်းထားသည့် အကာအကွယ်အလွှာ ဆယ်ခုသည် အရှင်စန်းယန်၏ ဦးခေါင်းထက်၌ ပေါ်ထွက်လာခဲ့၏။

အကာအကွယ် အလွှာများ စုစည်းပြီးသည်နှင့် တစ်ပြိုင်နက် ရွှေရောင်မိုးကြိုးသည်လည်း ရောက်ရှိလာခဲ့သည်။

ကြောက်မက်ဖွယ် စွမ်းအားများ ကိန်းအောင်းနေသည့် ရွှေရောင်မိုးကြိုးရှေ့တွင် အရှင်စန်းယန်၏ မီးလျှံအကာအကွယ်သည် စက္ကူစုတ် သဖွယ် ဖြစ်နေခဲ့ပြီး ထိမိရုံမျှဖြင့်ပင် ပြိုကွဲပျက်စီးသွားခဲ့သည်။

အကာအကွယ်အလွှာ ဆယ်ခုစလုံးသည် ရွှေရောင်မိုးကြိုးအောက်တွင် ချက်ချင်းဆိုသလို ပျက်စီးသွားခဲ့ချေပြီ။

အရှင်စန်းယန်၏ ခန္ဓာကိုယ်ပင်လျှင် ထိုရွှေရောင်မိုးကြိုးအတွင်း၌ နစ်မြုပ်ပျောက်ကွယ်သွား၏။

ခဏအကြာတွင် ရွှေရောင်မိုးကြိုး ပျောက်ကွယ်သွားသောအခါ လေထုထဲတွင် အရှင်စန်းယန်၏ အရိပ်အယောင်မျှပင် မတွေ့ရတော့ပေ။

ရွှေရောင်မိုးကြိုး၏ တိုက်ခိုက်မှုကြောင့် အဆုံးသတ်တွင် အရှင်စန်းယန်သည် အစအနပင် မကျန်သည်အထိ ပျက်စီးသွားဟန် တူ၏။

ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့်မြေကြီးသည် တစပြင်နှယ် လုံးဝ တိတ်ဆိတ်သွားခဲ့သည်။

ဤမြင်ကွင်းကို ကြည့်ရှုနေသူ အားလုံးသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်နှယ် မှင်တက်ကုန်ကြ၏။

အရှင်စန်းယန်သည် နန်လီမျိုးနွယ်စု၏ ခေါင်းဆောင် ဖြစ်ပြီး နန်လီနယ်မြေကို နှစ်သန်းပေါင်းများစွာ စိုးမိုးလာခဲ့သည့် နာမည်ကျော် နယ်မြေနတ်ဘုရား ဖြစ်သည်။

ထိုမျှ ကြီးကျယ်ခမ်းနားသည့် နယ်မြေနတ်ဘုရားသည် ကျန်းချန်၏ ကောင်းကင်နတ်ဘုရား ကပ်ဘေးထဲတွင် အမှန်တကယ် ကျဆုံးသွားခဲ့ပြီလော။

"ခေါင်းဆောင်"

ယန်ဝူကျီတို့ နန်လီမျိုးနွယ်စုဝင် အားလုံးသည် ဖြူဖျော့သောမျက်နှာများဖြင့် စိတ်ပျက်အားငယ် ကုန်ကြသည်။

"ခေါင်းဆောင်.. အရှင်စန်းယန် တကယ်ပဲ သေသွားပြီလား"

ဟွမ်ဖူစုန့်သည် မှင်တက်ရာကနေ ပြန်လည် သက်သာလာရန် အချိန်အတော် ယူလိုက်ရသည်။

သူ၏ အိုမင်းသော မျက်ဝန်းများတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့၏။

ဟွမ်ဖူမိသားစု သေရေးရှင်ရေး အကျပ်အတည်းသို့ ကျရောက်ရသည့် အဓိက အကြောင်းရင်းမှာ နန်လီမျိုးနွယ်စု၏ ခေါင်းဆောင် အရှင်စန်းယန် ပြန်လာခြင်းကြောင့် ဖြစ်သည်။

အရှင်စန်းယန်သာ ကျဆုံးသွားလျှင် သူတို့ ဟွမ်ဖူမိသားစုသည် နန်လီမျိုးနွယ်စုကို ရင်ဆိုင်ဖြေရှင်းရန် အရည်အချင်းများ ရှိလာတော့မည် ဖြစ်၏။

"နယ်မြေနတ်ဘုရား တစ်ပါးကို ကျဆုံးစေဖို့က ဒီလောက်ထိ လွယ်ကူလိမ့်မယ်လို့တော့ ငါ မထင်ဘူး"

ဟွမ်ဖူလင်းသည် လေးနက်စွာ ခေါင်းခါယမ်းလိုက်၏။

သူက ကောင်းကင်ယံကို စူးစိုက်၍ ကြည့်နေခဲ့သည်။

နယ်မြေနတ်ဘုရား တစ်ပါးသည် ကောင်းကင်နတ်ဘုရား အဆင့်ထက် လုံးဝ သာလွန်သော အဆင့်အတန်း ဖြစ်သည်။

ကျန်းချန်၏ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကပ်ဘေးသည် အရှင်စန်းယန် ပါဝင် ပတ်သက်ခဲ့ခြင်းကြောင့် အမှန်တကယ်ပင် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းသော အဆင့်သို့ ရောက်ရှိခဲ့သည်။

သို့သော် ဤမျှလောက်ဖြင့် အရှင်စန်းယန်ကို သတ်ဖြတ်ပစ်နိုင်ရန်မှာ မလွယ်ကူလောက်ဟု သူခံစားမိခဲ့၏။

မှန်ပါသည်။ ဟွမ်ဖူလင်းက ထိုအတွေးများကို တွေးမိလိုက်ချိန်မှာပင် လေထုအတွင်း၌ ပြင်းထန်သော လှုပ်ရှားမှုတစ်ရပ် ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

မကြာခင်မှာပင် ခရမ်းရောင်မီးလျှံ အကာအကွယ်များဖြင့် ဖုံးလွှမ်းနေသည့် ပုံရိပ်တစ်ခုသည် နေရာလွတ်ကို ဖောက်ထွက်ကာ လေထုထဲတွင် ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

သူ၏ မျက်နှာက ဖြူဖျော့နေပြီး ခန္ဓာကိုယ်တွင် သွေးများလည်း စွန်းထင်းနေ၏။

ခမ်းနားထည်ဝါသော ခရမ်းရောင်ဝတ်ရုံသည်လည်း အဝတ်စုတ်သဖွယ် ဖြစ်နေခဲ့သည်။

အရှင်စန်းယန်သည် သူ၏ အစွမ်းထက် ခွန်အားဖြင့် နောက်ဆုံး မိုးကြိုးကပ်ဘေးကို ကာကွယ်နိုင်ခဲ့သော်လည်း မိုးကြိုးကပ်ဘေးအောက်တွင် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သည်မှာ ထင်ရှား၏။

"အရှင်စန်းယန်က အသက်ရှင်နေတုန်းပဲဟ"

ဟွမ်ဖူမိသားစုမှ အကြီးအကဲများသည် ဖြည်းညှင်းစွာ ထွက်ပေါ်လာသော အရှင်စန်းယန်ကို မြင်လျှင် မျက်နှာများ ချက်ချင်း ဆိုသလို ဖြူဖျော့သွားခဲ့သည်။

ကျန်းချန် ဖြစ်ပေါ်စေခဲ့သည့် ကောင်းကင်နတ်ဘုရား ကပ်ဘေးသည်ပင် အရှင်စန်းယန်ကို မသတ်နိုင်ခဲ့ရာ ယခု မည်သူက အရှင်စန်းယန်ကို တားဆီးနိုင်တော့မည်နည်း။

သူတို့က ဤတစ်ကြိမ်တွင် ဟွမ်ဖူအိမ်တော် အမှန်တကယ်ပင် ပျက်စီးရချေတော့မည်ဟု စိုးရိမ်မကင်း ဖြစ်လာကြ၏။

"မစိုးရိမ်ပါနဲ့.. မိတ်ဆွေလေး ကျန်းချန်က ကောင်းကင် နတ်ဘုရား ဆဋ္ဌမအဆင့်ကို ထိုးဖောက်သွားခဲ့ပြီ.. သူ့ရဲ့ ခွန်အားက သေချာပေါက် တိုးလာလိမ့်မယ် ဆိုတော့ အရှင်စန်းယန်နဲ့ ယှဉ်ပြိုင်နိုင်လောက်မှာပါ"

ဟွမ်ဖူလင်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်၏။

သူက လေထုဆီသို့ စူးစိုက်၍ ကြည့်နေခဲ့သည်။

ယနေ့ ဘေးအန္တရာယ်မှ သူတို့ ဟွမ်ဖူမိသားစု လွတ်မြောက်နိုင်မလား ဆိုသည်မှာ ကျန်းချန် အပေါ်တွင်သာ မူတည်တော့မည် ဖြစ်သည်။

"ကောင်လေး.. မင်းမှာ ကောင်းကင် ဥပဒေ နိယာမတွေကို လျစ်လျူရှုနိုင်တဲ့ အနှိုင်းမဲ့ နတ်ခန္ဓာ ရှိနေမယ်လို့ ငါ မထင်ထားခဲ့ဘူး.. ဒီနတ်ဘုရားက မင်းကို တကယ်ပဲ အထင်သေးမိခဲ့ပြီ"

"ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက နောက်ဆုံးမှာ မင်းက အားနည်းနေဆဲပဲ"

"ကောင်းကင်နတ်ဘုရား ကပ်ဘေးကို ဖြစ်ပေါ်စေခဲ့ရင်တောင် နယ်​မြေ နတ်ဘုရားကို ရင်ဆိုင်ဖို့ မင်းမှာ လိုအပ်ချက်တွေ ရှိနေပါသေးတယ်"

အရှင်စန်းယန်သည် ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်၏။

သူ၏ ခန္ဓာကိုယ်ကနေ ပြင်းထန်သော လူသတ်ငွေ့များ ထွက်ပေါ်နေခဲ့သည်။

ထိုကောင်လေးသည် ကောင်းကင် ဥပဒေသများကို လျစ်လျူရှုနိုင်သည့် အနှိုင်းမဲ့ နတ်ခန္ဓာကိုယ် ပိုင်ရှင် ဖြစ်သည်။

နတ်ဘုရားနယ်မြေ တစ်ခုလုံးကို ကြည့်လိုက်လျှင်ပင် သူ၏ ပါရမီကို ယှဉ်နိုင်သူ အနည်းငယ်သာ ရှိ၏။

အတိတ်နှင့် ပစ္စုပ္ပန်တွင် အကောင်းဆုံး ဖြစ်သည့် ထိုသို့သော ပါရမီရှင်နှင့် ရင်ဆိုင်ရသောအခါတွင် အရှင်စန်းယန် ပင်လျှင် တုန်လှုပ်သွားမိသည်။

ထိုကောင်လေးကို နန်လီမျိုးနွယ်စု အတွက် အသုံးမပြုနိုင်လျှင် မကြီးပြင်းလာခင် သတ်ပစ်ရပေမည်။

သို့မဟုတ်လျှင် ထိုကောင်လေး ကြီးပြင်းလာသည်နှင့် နန်လီမျိုးနွယ်စု အတွက် ဘေးအန္တရာယ် ဖြစ်စေမည်မှာ သေချာသည်။

အလွန်အမင်း သတ်ဖြတ်လိုစိတ် ပြင်းပြနေသော အရှင်စန်းယန်နှင့် ရင်ဆိုင်နေရသော်လည်း ကျန်းချန်သည် လုံးဝ မကြောက်ရွံ့ပေ။

သူ၏ ရင်ထဲတွင် တုန်လှုပ်ဖွယ်ရာ တိုက်ပွဲဝင် စိတ်ဓာတ်များ ဖြစ်ပေါ်လာခဲ့သည်။

"ခွေးအိုကြီး စန်းယန်.. အဓိပ္ပာယ်မရှိတာတွေ ပြောမနေဘဲ ငါ့ကို လာတိုက်ခိုက်စမ်းပါ"

ကျန်းချန်က ထီမထင်ဟန်ဖြင့် သူ၏ လက်ထဲမှ ကောင်းကင်မီးနတ်ဓားကို ဝှေ့ယမ်းလိုက်ကာ ခုနှစ်စဥ်ကြယ်ကို လှုံ့ဆော်လိုက်ပြီး ကြယ်စွမ်းအားများဖြင့် စုစည်းထားသော ကောင်းကင်ဓားကို ဖွဲ့စည်းလိုက်သည်။

နတ်ဘုရင်အဆင့် နည်းစနစ်(ဝါ) ခုနှစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းသည် ကျန်းချန်က ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကို ထိုးဖောက်လိုက်သည်နှင့်အမျှ ယခင်ကထက် ဆယ်ဆ ပိုမို အားကောင်းလာခဲ့သည်။

အရှင်စန်းယန်၏ အမူအရာသည်ပင် အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့၏။

သူ၏ မျက်ဝန်းများတွင် အံ့အားသင့်သော အရိပ်အယောင်များ ပေါ်ထွက်လာပြီး ချက်ချင်းဆိုသလို လောဘအရိပ်အယောင် အဖြစ် ပြောင်းလဲသွားသည်။

"ကောင်လေး.. မင်းက နတ်ဘုရင် အဆင့် နည်းစနစ်ကိုတောင် တတ်မြောက်ထားတယ် ဆိုတော့ အတော် ကံကောင်းတာပဲ.. ကောင်းပြီ.. ငါ မင်းရဲ့ နတ်ဘုရင်အဆင့် နည်းစနစ်ကို ခံယူလိုက်မယ်"

အရှင်စန်းယန်က သူ၏ လက်ညှိုးကို အသာအယာ မြှောက်လိုက်ရာ လက်ညှိုးထိပ်ကနေ စွမ်းအားတစ်ခု ပေါ်ထွက်လာခဲ့သည်။

"ဝုန်း"

အရှင်စန်းယန်၏ လက်ညှိုးမှ စွမ်းအားသည် ပေထောင်ချီမြင့်မားသော တောင်တန်းကြီးနှယ် ကောင်းကင်ဓားကို သက်ရောက်သွားခဲ့ရာ ကောင်းကင်ဓားသည် လေထုထဲတွင် ချက်ချင်းဆိုသလို ပေါက်ကွဲ ပျက်စီးသွားခဲ့သည်။

ကြယ်စွမ်းအင် အစအနများသည် လေထုထဲတွင် ပြန့်ကျဲသွားခဲ့ပြီး မိုင်ပေါင်းများစွာ ကျယ်ဝန်းသည့် လေထုကို ပျားအုံကြီးသဖွယ် ပြောင်းလဲစေခဲ့ကာ မရေမတွက်နိုင်သော အနက်ရောင်တွင်းပေါက်များအား ပေါ်ပေါက်လာစေခဲ့၏။

ကျန်းချန်၏ ခန္ဓာကိုယ်သည်လည်း ထိုကြောက်မက်ဖွယ် စွမ်းအားကြောင့် ချက်ချင်းဆိုသလို ပေရာပေါင်း များစွာ အထိနောက်ပြန် လွင့်စင်သွားခဲ့သည်။

ဆိုရလျှင် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကို ထိုးဖောက်ထားသည့် ကျန်းချန်အား အရှင်စန်းယန်သည် လက်ညှိုး တစ်ချောင်းတည်းဖြင့်ပင် အလွယ်တကူ အသာစီးယူလိုက်ခြင်းပင်။

ဤအခိုက်အတန့်တွင် ကြည့်ရှုနေသူ အားလုံးသည် တိတ်ဆိတ် ငြိမ်သက်သွားခဲ့ပြီး သူတို့၏ မျက်လုံးများကိုပင် မယုံနိုင်အောင် ဖြစ်နေခဲ့ကြသည်။

"ဒါက နယ်မြေနတ်ဘုရားရဲ့ စွမ်းအားလား.. တကယ်ကို ကြောက်စရာကောင်းတာပဲ"

"အမှန်ပဲ.. ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကို ထိုးဖောက်ခဲ့တဲ့ ကျန်းချန်က အရှင်စန်းယန်ရဲ့ လက်ညှိုး တစ်ချက်ကိုတောင် မတားဆီးနိုင်ခဲ့ဘူး"

"............."

လေထုထဲမှ မြင်ကွင်းကို ကြည့်ရင်း ဟွမ်ဖူလင်းသည် သူ၏ နှလုံးသားထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

ကျန်းချန်က ဒဏ္ဍာရီလာ အနှိုင်းမဲ့နတ်ခန္ဓာကိုယ် ပိုင်ရှင် ဖြစ်၍ ကျန်းချန်၏ ပါရမီသည် ကမ္ဘာပေါ်တွင် ရှားပါးလှ၏။

ထို့ကြောင့် ကောင်းကင်နတ်ဘုရား အဆင့် နှင့် နယ်မြေနတ်ဘုရား အဆင့်တို့ကြားမှ ကွာဟချက်ကို လျစ်လျူရှုနိုင်မည်ဟုသူ မူလက ထင်မိခဲ့သည်။

သို့သော် ကျန်းချန်နှင့် အရှင်စန်းယန်တို့၏ ရင်ဆိုင်တွေ့ဆုံမှုမှတဆင့် ကောင်းကင်နတ်ဘုရားများနှင့် နယ်မြေနတ်ဘုရားများအကြား ကွာခြားချက်က အလွန်တရာ ကြီးမားကြောင်း ဟွမ်ဖူလင်း နားလည်သွားခဲ့ချေပြီ။

အရှင်စန်းယန်သည် နဝမမြောက် မိုးကြိုးကပ်ဘေးကို ခက်ခက်ခဲခဲ ကျော်လွှားခဲ့ရသဖြင့် အထွတ်အထိပ် အခြေအနေ၌ မရှိတော့သော်လည်း ကျန်းချန်သည် အရှင်စန်းယန်၏ ပြိုင်ဘက် မဟုတ်သေးပေ။

ဤအခိုက်အတန့်တွင် "နယ်မြေနတ်ဘုရားရှေ့တွင် သက်ရှိအားလုံးသည် ပုရွက်ဆိတ်သာ ဖြစ်သည်" ဟူသော အဓိပ္ပာယ်ကို ဟွမ်ဖူလင်သည် အမှန်တကယ် နားလည်သဘောပေါက်သွားခဲ့၏။

ကျန်းချန် ကဲ့သို့သော ပြိုင်ဘက်ကင်းသည့် ပါရမီရှင် တစ်ဦးပင် ဤချောက်ကမ်းပါးကို မဖြတ်ကျော်နိုင်သေးချေ။

အခန်း(၁၈၆၄) ပြီး၏။

All Chapters