← Chapters

အခန်း (၁၈၆၅-၁၈၆၆)

Vol. 127 Ch. 1865-1866

အခန်း (၁၈၆၅-၁၈၆၆)

Vol. 127 Ch. 1865-1866

အခန်း(၁၈၆၅)

"ကျန်းချန်.. နယ်မြေနတ်ဘုရား အဆင့်ကို မရောက်မချင်း ကောင်းကင်နတ်ဘုရားအဆင့်နဲ့ နယ်မြေနတ်ဘုရားအဆင့်ရဲ့ ခြားနားချက်က ဘယ်လောက်တောင် ကြီးမားတယ်ဆိုတာ မင်း ဘယ်လိုမှ သိနိုင်မှာ မဟုတ်ဘူး"

အရှင် စန်းယန်က ကျန်းချန်ကို ထီမထင်ဟန်ဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

"မင်းက အနှိုင်းမဲ့ နတ်ခန္ဓာကိုယ်နဲ့ မွေးဖွားလာပြီး ထူးကဲတဲ့ ပါရမီရှင် တစ်ဦး ဖြစ်ပေမဲ့လည်း ကောင်းကင် နတ်ဘုရား ဆဋ္ဌမ အဆင့်ကိုပဲ ရောက်ရှိသေးတဲ့ အတွက် နယ်မြေ နတ်ဘုရားကို စိန်ခေါ်ဖို့ မဖြစ်နိုင်သေးဘူး"

ကျန်းချန်က တစ်စုံတစ်ရာ ပြန်မပြောဘဲ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် အသက်စွမ်းအင်နှင့် သွေးစွမ်းအားများ ပြည့်လျှံလာပြီး နောက်ကျောတွင် ရွှေရောင်အလင်းတန်းများ တလက်လက် တောက်ပလာကာ ဧရာမ ရွှေရောင်ဓားပုံရိပ် ထွက်ပေါ်လာခဲ့၏။

နတ်ခန္ဓာပုံရိပ်၏ စွမ်းအင်ဖြင့် စုစည်းထားသော ဤရွှေရောင် ဓားသည် နေနှင့်လကို ပိုင်းဖြတ်တော့မည့်အလား ကောင်းကင်ယံကို ဖြတ်၍ ပျံသန်းသွားခဲ့သည်။

သို့သော် ဤမျှလောက် အဆင့်ရှိသော တိုက်ခိုက်မှုမျိုးသည်ပင် အချည်းနှီးသာ ဖြစ်နေခဲ့၏။

အရှင်စန်းယန်က လက်တစ်ဖက်ကို အသာအယာ မြှောက်လိုက်ရာ နယ်မြေနတ်ဘုရား စွမ်းအားဖြင့် စုစည်းထားသည့် ခရမ်းရောင်မီးလျှံသည် ရွှေရောင်ဓားပုံရိပ်ကို ချက်ချင်းပင် ပြာမှုန် အဖြစ် လောင်ကျွမ်း ဖျက်ဆီးလိုက်သည်။

ကျန်းချန်၏ ခန္ဓာကိုယ်ကလည်း ထပ်မံ၍ ပေရာပေါင်းများစွာ လွင့်စဉ်သွားရပြန်၏။

"နယ်မြေနတ်ဘုရားအဆင့်နဲ့ ကောင်းကင်နတ်ဘုရား အဆင့်ရဲ့ ကွာခြားချက်က ကောင်းကင်နဲ့ မြေကြီးလိုပါပဲလား"

ကျန်းချန်သည် ခန္ဓာကိုယ်တွင်းမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအင်များကို အတင်းအကျပ် ဖိနှိပ်လိုက်သည်။

ယင်းနောက် အရှင်စန်းယန်ကို ကြည့်နေသည့် သူ၏ အကြည့်များသည် ချက်ချင်းဆိုသလို ပို၍ စူးရှလာသည်။

မူလက ကျန်းချန်သည် နတ်ဘုရင်အဆင့် နည်းစနစ်များကို လေ့ကျင့်ထားခြင်း၊ အခြေခံ အုတ်မြစ်ခိုင်ခံ့ခြင်း တို့ကြောင့် ကောင်းကင် နတ်ဘုရား ဆဋ္ဌမအဆင့်ကို ထိုးဖောက်ပြီးလျှင် နယ်မြေနတ်ဘုရားများနှင့် ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့သည်။

သို့သော် ယခုအခါတွင် သူ၏ အထင်အမြင်က အလွန်အမင်း မှားယွင်းခဲ့ကြောင်း သဘောပေါက်သွား၏။

အရှင်စန်းယန်ကို သူ၏ ကောင်းကင်နတ်ဘုရား ကပ်ဘေးထဲသို့ ဆွဲသွင်းပြီး မိုးကြိုးကပ်ဘေးဖြင့် တိုက်ခိုက်သည့်တိုင် သူက အရှင်စန်းယန်ကို ယခုထိ မယှဉ်နိုင်သေးပေ။

"ဒီအတိုင်းဆိုရင် ဆရာ့ကို ဆင့်ခေါ်ဖို့ပဲ ရှိတော့တယ်"

ကျန်းချန်က စိတ်ထဲကနေ ခါးသီးစွာ ပြုံးလိုက်သည်။

ဟန်ယွဲ့ နန်းတော်မှ မထွက်ခွာမီ အရှင်ရွှယ်သောင်းက အရေးပေါ် အခြေအနေ အတွက် ရွှေရောင် တံဆိပ်ပြား တစ်ခုကို ကြိုတင် ပေးအပ်ထားခဲ့သည်။

ကျန်းချန်သည် သူ၏ လက်ရှိခွန်အားဖြင့် နန်လီနယ်မြေတွင် ဤရွှေရောင်တံဆိပ်ပြားကို အသုံးပြုရန် မလိုအပ်လောက်ဟု မူလက ထင်ခဲ့သော်လည်း ယခုအခါ မလွဲမသွေ အသုံးပြုရပေတော့မည်။

ကျန်းချန်က အသက်ပြင်းပြင်း ရှူရှိုက်လိုက်ကာ အရှင်ရွှယ်သောင်းအား ဆင့်ခေါ်ရန် ရွှေရောင်တံဆိပ်ပြားကို လှုံ့ဆော်တော့မည့် အချိန်မှာပင် စိတ်ထဲတွင် ကြည်နူးဖွယ် အသိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့၏။

"ဒင်.. သင့်ရဲ့ အသက်လမ်းစဥ် ဥပဒေသ မူလစွမ်းအားက ပြီးပြည့်စုံသော အဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ"

ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ကျန်းချန် အနည်းငယ် မှင်တက်သွားသော်လည်း မကြာမီမှာပင် သူ၏ မျက်ဝန်းများ၌ ဝမ်းသာသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

အသက်သစ်ကိုင်း ရှိနေခြင်းကြောင့် ကျန်းချန်၏ အသက်လမ်းစဥ်သည် အဆက်မပြတ် တိုးတက်လာခဲ့ပြီး ယခု နောက်ဆုံးတွင် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိသွားခဲ့ချေပြီ။

"အသက်လမ်းစဥ်က ပြီးပြည့်စုံတဲ့ အဆင့်ကို သေရေးရှင်ရေး အချိန်မှာ ကွက်တိ ရောက်ရှိသွားတာပဲ"

ကျန်းချန်က ဝမ်းသာနေခဲ့သည်။

အသက်လမ်းစဥ်ကို ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိသွားခြင်းသည် သတ္တမမြောက် ကမ္ဘာ့စွမ်းအားကို စုစည်းနိုင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် မဟာကောင်းကင် နတ်ဘုရား ကပ်ဘေးကို နိုးကြားစေကာ မဟာကောင်းကင် နတ်ဘုရားအဖြစ်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။

ယင်းမှာ သူက နယ်မြေနတ်ဘုရားများနှင့် ယှဉ်ပြိုင်နိုင်သည့် အင်အားကို ပိုင်ဆိုင်တော့မည်ဟု ဆိုလို၏။

"ကျန်းချန်.. မင်းရဲ့ အဆင့်လောက်က ငါ့ကို ခြိမ်းခြောက်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး"

အရှင် စန်းယန်က ကျန်းချန်ကို အထင်သေးသည့် အကြည့်ဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

"မင်း အရင်က သုံးခဲ့တဲ့ နတ်ဘုရင်အဆင့် နည်းစနစ်ကို ပေးရင် ငါ မင်းအသက်ကို ချမ်းသာပေးမယ်.. မဟုတ်ရင်တော့ သေတာထက် ဆိုးရွားတဲ့ အခြေအနေနဲ့ မင်း ကြုံရလိမ့်မယ်"

အရှင် စန်းယန်၏ စကားကို ကြားလျှင် ဟွမ်ဖူ မိသားစုဝင် အားလုံးသည် မျှော်လင့်ချက် ကင်းမဲ့ကာ မျက်နှာများ သုန်မှုန်သွားကြသည်။

နန်လီမြို့တော်မှ ကြည့်ရှုသူ အများအပြားသည်လည်း ခေါင်းခါယမ်းလျက် သက်ပြင်းချလိုက်ကြ၏။

နယ်မြေနတ်ဘုရားရှေ့တွင် အရာအားလုံးသည် ပုရွက်ဆိတ်များသာ ဖြစ်သည် မဟုတ်ပါလား။

ကျန်းချန်က မည်မျှပင် ပါရမီထူးကဲစေကာမူ စစ်မှန်သော နယ်မြေနတ်ဘုရား တစ်ပါး ရှေ့တွင် လုံးဝ ခုခံနိုင်စွမ်း မရှိမှန်း သူတို့ တွေ့မြင်နေရ၏။

သို့သော် လူတိုင်းက ကျန်းချန် ကံဆိုးတော့မည်ဟု ထင်နေချိန်မှာပင် ရုတ်တရက် ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။

အရှင်စန်းယန်က မျက်မှောင်ကြုတ်သွားခဲ့ပြီး ကျန်းချန်ကို အေးစက်စွာ ကြည့်၍ မေးလိုက်သည်။

"ဘာကို ရယ်နေတာလဲ"

"ခင်ဗျား ဗဟုသုတ နည်းပါးတာကို ရယ်နေတာပါ"

ကျန်းချန်က ပြန်ဖြေလိုက်သည်။

ထို့နောက်တွင် ကျန်းချန်၏ မျက်လုံးများက စူးရှလာခဲ့၏။

"နယ်မြေနတ်ဘုရားအဆင့်က အရမ်း အစွမ်းထက်ပေမဲ့လည်း ကောင်းကင်နတ်ဘုရား အဆင့်ကို အသုံးပြုပြီး နယ်မြေနတ်ဘုရားအဆင့်ကို အနိုင်ယူနိုင်သူတွေ မရှိတာတော့ မဟုတ်ဘူး"

"မင်းပြောတာ မှန်တယ်.. ဒီလောကမှာ ထူးကဲတဲ့ ပါရမီရှင်တွေ ရှိတယ်.. သူတို့က သတ္တမမြောက် လမ်းစဥ် ဒါမှမဟုတ် ဒီထက်ပိုတဲ့ လမ်းစဥ်ကို ပိုင်နိုင်ကြပြီး မဟာကောင်းကင် နတ်ဘုရားအဆင့် ဒါမှမဟုတ် အထွတ်အထိပ် ကောင်းကင် နတ်ဘုရားအဆင့်ကို တက်လှမ်းကြတယ်.. သူတို့လို ပါရမီရှင်တွေကပဲ နယ်မြေနတ်ဘုရားကို အနိုင်ယူနိုင်စွမ်း ကြတယ်"

အရှင်စန်းယန်က စကားခဏရပ်ပြီး ကျန်းချန်ကို လှောင်ပြုံးဖြင့် စိုက်ကြည့်လိုက်သည်။

"မင်းမှာ မဟာကောင်းကင် နတ်ဘုရား ဖြစ်လာနိုင်တဲ့ အလားအလာ ရှိကောင်း ရှိနိုင်ပေမယ့် ကံဆိုးစွာနဲ့ မင်းက အဲဒီအခွင့်အရေးကို ရတော့မှာ မဟုတ်ဘူး"

စကားဆုံးသည်နှင့် အရှင်စန်းယန်က လက်ကို ဆန့်တန်းကာ ကျန်းချန် ရှိနေသည့် လေဟာနယ်ကို လှုပ်ခါလိုက်သည်။

"ဝုန်း"

ခရမ်းရောင် မီးလျှံများဖြင့် စုစည်းထားသည့် ဧရာမ လက်သည်းကြီးသည် ကျန်းချန် ပတ်ဝန်းကျင်ရှိ နေရာလွတ်ကို ချက်ချင်း ထိန်းချုပ်လိုက်ပြီး ကျန်းချန်ကို ပြင်းထန်စွာ ဖိနှိပ်ထားလိုက်သည်။

"ဟားဟား... ကျုပ်မှာ အခွင့်အရေး မရှိဘူးလို့ ခင်ဗျား ပြောလိုက်တာလား"

ကျန်းချန်က ပြုံးရင်း မေးလိုက်သည်။

သူ၏ နှုတ်ခမ်းထောင့်က ကွေးညွှတ်သွားခဲ့ပြီး မဲ့ပြုံးပြုံးကာ စန်းယန်ကို ကြည့်လိုက်သည်။

နောက်ထပ် တစ်ခဏမှာပင် ကျန်းချန်သည် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိသွားသော အသက်လမ်းစဥ် စွမ်းအားကို တိုက်ရိုက် လှုံ့ဆော်လိုက်ပြီး သူ၏ ကိုယ်ပိုင်စွမ်းအားနှင့် ပေါင်းစပ်ကာ သတ္တမမြောက် ကမ္ဘာ့စွမ်းအားကို စုစည်းလိုက်သည်။

ကျန်းချန်၏ သတ္တမမြောက် ကမ္ဘာ့စွမ်းအားများ စုစည်းလာသည်နှင့်အမျှ မူလက ကြည်လင်နေသော ကောင်းကင်ယံက တစ်ဖန် မငြိမ်မသက် ဖြစ်လာခဲ့သည်။

"သတ္တမမြောက် ကမ္ဘာ့စွမ်းအား... ဒီကောင်လေးက မဟာကောင်းကင် နတ်ဘုရားအဆင့်ကို ထိုးဖောက်ဖို့ လုပ်နေတာလား"

သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း အရှင်စန်းယန်၏ မျက်နှာထက်တွင် ချက်ချင်းဆိုသလို ထိတ်လန့် တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာသည်။

ကျန်းချန်သည် သတ္တမမြောက် လမ်းစဥ်ကို ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး သတ္တမမြောက် ကမ္ဘာ့စွမ်းအားကို စုစည်း၍ မဟာကောင်းကင် နတ်ဘုရား အဆင့်သို့ ထိုးဖောက်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

ကျန်းချန် အစောပိုင်းက ဖြစ်ပေါ်စေခဲ့သည့် ကောင်းကင် နတ်ဘုရား ကပ်ဘေးကြောင့် သူက ပြင်းထန်သော ဒဏ်ရာများကို ရရှိထားခဲ့ပြီးပြီ ဖြစ်သည်။

ကျန်းချန်၏ မဟာကောင်းကင်နတ်ဘုရား ကပ်ဘေးကိုသာ ထပ်မံ ရင်ဆိုင်ရလျှင် သူ၏ ခွန်အားဖြင့်ပင် ခုခံရန် ခက်ခဲသွားပေလိမ့်မည် မဟုတ်ပါလား။

အရှင်စန်းယန်က ထိတ်လန့်သွားခဲ့ပြီး ကျန်းချန် ရှိနေသည့်နေရာလွတ်ကို ထိန်းချုပ်ထားသည့် ဧရာမ မီးလျှံလက်သည်းကို အလျင်အမြန် ဖြိုခွဲလိုက်ကာ ခန္ဓာကိုယ်ကို ခပ်သွက်သွက် ဆုတ်ခွာလိုက်သည်။

သို့သော်လည်း ကျန်းချန်က အရှင်စန်းယန်ကို မည်ကဲ့သို့ အလွယ်တကူ လွှတ်ပေးနိုင်ပါမည်နည်း။

အရှင်စန်းယန်က ဧရာမ မီးလျှံလက်သည်းကို ဖြိုခွဲလိုက်စဉ်မှာပင် ကျန်းချန်သည် အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ဧရာမ မီးလျှံလက်သည်း ထဲသို့ တိုးဝင်သွားခဲ့သည်။

ဧရာမ မီးလျှံလက်သည်းက ချက်ချင်း ပျောက်ကွယ်သွားသော်လည်း ကောင်းကင်တခွင် လွှမ်းမိုးနေသော မိုးကြိုးစွမ်းအားများသည် အရှင်စန်းယန် ဆီသို့ ဆင်းသက်ရန် တာစူနေခဲ့ချေပြီ။

မိုးကြိုးကပ်ဘေးထဲ တစ်ဖန် ဆွဲသွင်းခံလိုက်ရသည်ကို မြင်လျှင် အရှင် စန်းယန်သည် ဒေါသအမျက် ချောင်းချောင်း ထွက်လာခဲ့သည်။

ကောင်းကင်နတ်ဘုရား ကပ်ဘေးထဲ ထပ်မံ ပိတ်မိနေသော အရှင် စန်းယန်ကို ကြည့်ရင်း ကျန်းချန်၏ မောက်မာသော ရယ်သံသည် ကမ္ဘာအနှံ့ ပဲ့တင်ထပ်သွားခဲ့၏။

"ဟားဟား... ဒီနေ့တော့ ငါ ကျန်းချန်က မဟာကောင်းကင် နတ်ဘုရား ဖြစ်ပြီကွ.. ခွေးအိုကြီး စန်းယန်.. ငါ့ရဲ့ မဟာကောင်းကင်နတ်ဘုရား ကပ်ဘေး စွမ်းအားကို မြည်းကြည့်လိုက်စမ်း"

ဤအခိုက်အတန့်တွင် လေထုထဲ၌ ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို မရေမတွက်နိုင်သော မျက်ဝန်းများက စိုက်ကြည့်နေခဲ့ကြပြီး အကြည့်အားလုံးတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။

လမ်းစဥ်ခြောက်မျိုး၏ စွမ်းအားသည် နယ်မြေနတ်ဘုရား အဆင့်ကို တက်လှမ်းရန် အခြေခံလိုအပ်ချက် ဖြစ်သည်။

နတ်ဘုရား နယ်မြေတွင် ကောင်းကင်နတ်ဘုရားများ အများစုသည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အထိသာ ကျင့်ကြံနိုင်ကြပြီး လမ်းစဥ်ခြောက်မျိုး ဖြင့်ပင် နယ်မြေနတ်ဘုရားအဆင့်သို့ ထိုးဖောက်ကြသည်။

သမိုင်းတစ်လျှောက် အထူးချွန်ဆုံး ပါရမီရှင်ဟု သတ်မှတ်ခံရသော နတ်ဆိုးဆန်သည့် ပါရမီရှင် အချို့သာလျှင် ကောင်းကင်နတ်ဘုရားအဆင့်၌ လမ်းစဥ်ခြောက်မျိုးထက် ကျော်လွန်သော စွမ်းအားကို ကျင့်ကြံနိုင်ပြီး မဟာကောင်းကင် နတ်ဘုရား အဖြစ်သို့ ထိုးဖောက်နိုင်၏။

မဟာကောင်းကင် နတ်ဘုရား ဟူသည် ကောင်းကင် နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို ကျော်လွန်သောအဆင့် ဖြစ်သည်။

ထိုအဆင့်က ကောင်းကင် နတ်ဘုရား အဆင့် နှင့် နယ်မြေနတ်ဘုရား အဆင့်တို့ အကြားရှိ ကွာဟချက်ကို ဖြတ်ကျော်နိုင်ကာ နယ်မြေ နတ်ဘုရားကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိ၏။

ယင်းကဲ့သို့သော ပါရမီရှင်မျိုးသည် နတ်ဘုရားနယ်မြေ တစ်ခုလုံးမှာပင် ရှားပါးလှသည်။

သို့သော်လည်း သူတို့ရှေ့မှ ကျန်းချန်သည် ယခုအခါတွင် သတ္တမမြောက် ကမ္ဘာ့စွမ်းအားကို စုစည်းပြီး မဟာ ကောင်းကင်နတ်ဘုရား ကပ်ဘေးကို ဖြစ်ပေါ်စေခဲ့သည်။

ထို့ကြောင့် ယနေ့တွင် သူတို့သည် မဟာကောင်းကင် နတ်ဘုရားတစ်ပါး မွေးဖွားလာခြင်းကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုရပေတော့မည်။

အခန်း(၁၈၆၅) ပြီး၏

အခန်း(၁၈၆၆)

ကျန်းချန်က သတ္တမမြောက် ကမ္ဘာ့စွမ်းအင်ကို စုစည်းကာ မဟာကောင်းကင်နတ်ဘုရား ကပ်ဘေးကို လှုံ့ဆော်လိုက်ချေပြီ။

ဟွမ်ဖူလင်တို့ လူစုသည် ကောင်းကင်ယံမှ အခြေအနေကို မြင်လျှင် မျက်ဝန်းများ၌ ဝမ်းသာသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

အရှင် စန်းယန်က ကျန်းချန်၏ ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား ကပ်ဘေးကို အလွယ်တကူ နှိမ်နင်းကာ ကျန်းချန်ကို အပြည့်အဝ ဖိနှိပ်လိုက်သည်အား မြင်လျှင် အရာအားလုံး ပြီးဆုံးသွားပြီဟု သူတို့ ထင်ခဲ့ကြသည်။

သို့သော်လည်း ကျန်းချန်က သတ္တမမြောက် ကမ္ဘာ့စွမ်းအားကို စုစည်းနိုင်ခဲ့ပြီး မဟာကောင်းကင် နတ်ဘုရား ကပ်ဘေးကို ဆင့်ခေါ်နိုင်ခဲ့မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ပေ။

ယခုလေးတင် ဆင့်ခေါ်ခဲ့သည့် ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား ကပ်ဘေးသည်ပင် အရှင် စန်းယန်ကို အတော်လေး ဒုက္ခပေးခဲ့သည်။

ယင်းကြောင့် မဟာ ကောင်းကင်နတ်ဘုရား ကပ်ဘေး စွမ်းအားကို စန်းယန် အနေဖြင့် မည်သို့မှ ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။

ဆိုရလျှင် မဟာကောင်းကင် နတ်ဘုရား တစ်ပါးသည် နယ်မြေနတ်ဘုရားများကိုပင် ယှဥ်တိုက်နိုင်စွမ်း ရှိသည်။

စန်းယန်အနေဖြင့် ဤကပ်ဘေးကို တားဆီး ကာကွယ်နိုင်ခဲ့လျှင်ပင် ကျန်းချန်သည် ယခုအခါတွင် သူနှင့် ယှဉ်ပြိုင်နိုင်သော အရည်အချင်းများကို ပိုင်ဆိုင်နေပြီ ဖြစ်၏။

ဤအတိုင်းဆိုလျှင် သူတို့ ဟွမ်ဖူ အိမ်တော်က ကယ်တင်ခံရတော့မည် မဟုတ်ပါလား။

"ငါ့လခွမ်းထဲမှပဲ"

ကျန်းချန် ဆင့်ခေါ်လိုက်သည့် မဟာကောင်းကင် နတ်ဘုရား ကပ်ဘေး ထဲသို့ တစ်ဖန် ပြန်လည် ပါဝင်မိသည်ကို မြင်လျှင် အရှင် စန်းယန်၏ မျက်နှာ အမူအရာသည် အကြီးအကျယ် ပျက်ယွင်းသွားခဲ့သည်။

လေထုထဲတွင် တစ်ဝုန်းဝုန်း အသံများ ထွက်ပေါ်နေသော မိုးကြိုးလျှပ်စီးများကို စူးစိုက်၍ ကြည့်ရင်း သူ၏ ပင်ကိုသိစိတ်ကနေ ဆိုးရွားသော ခံစားချက်တစ်ခုကို ရရှိခဲ့၏။

သူက နန်လီမျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်ပြီး နှစ်ပေါင်း ငါးသန်းကျော် သက်တမ်း ရှိသော်လည်း မဟာ ကောင်းကင်နတ်ဘုရား ကပ်ဘေးကို တစ်ခါမျှ မကြုံတွေ့ဖူးသေးပေ။

သို့ရာတွင် ရှေးဟောင်း မှတ်တမ်းများမှ တစ်ဆင့် ဤကပ်ဘေးအကြောင်းကို အတိုင်းအတာ တစ်ခုအထိ နားလည်ထားခဲ့သည်။

သာမန် ကောင်းကင်နတ်ဘုရား အဆင့်သည် အဆင့်တက်တိုင်းတွင် ကပ်ဘေး တစ်ခုစီသာ တိုးလာမည် ဖြစ်သည်။

ထို့ကြောင့် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်သို့ ရောက်ရှိသောအခါ မိုးကြိုးကပ်ဘေး အများဆုံး အရေအတွက် ဖြစ်သည့် စုစုပေါင်း ကိုးကြိမ်ကို ရင်ဆိုင်ရမည် ဖြစ်၏။

သို့သော် ဒဏ္ဍာရီလာ မဟာကောင်းကင် နတ်ဘုရား ကပ်ဘေးမှာမူ တစ်ခုတည်းသာ ဖြစ်သည်။

ဤကပ်ဘေး၏ စွမ်းအားသည် နယ်မြေနတ်ဘုရား အဆင့်သို့ ထိုးဖောက်သည့် နယ်မြေနတ်ဘုရား ကပ်ဘေးထက်ပင် သာလွန်၍ အားကောင်းလှ၏။

ပြောနေစရာ မလိုလောက်အောင်ပင် ယခုအခါ သူက ကျန်းချန်၏ မဟာကောင်းကင် နတ်ဘုရား ကပ်ဘေးထဲသို့ ပါဝင်နေခြင်းကြောင့် ကပ်ဘေး၏ စွမ်းအားသည် ဆယ်ဆခန့် ပိုမို ပြင်းထန်လာမည်မှာ သေချာသလောက်ပင်။

အရှင်စန်းယန်က အနည်းငယ် ပေါ့ဆမိသည်နှင့် ဤ ကပ်ဘေးအောက်တွင် သူ အမှန်တကယ် ကျဆုံးသွားမည်ကို ကောင်းစွာ သဘောပေါက်လိုက်သည်။

"ဝုန်း"

အရှင်စန်းယန် ကြောက်ရွံ့နေစဉ်မှာပင် ကောင်းကင်ယံမှ နားကွဲမတတ် မိုးခြိမ်းသံကြီးက ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

မိုင်ပေါင်း ထောင်ချီကို လွှမ်းမိုးထားသည့် မိုးကြိုးပင်လယ်ကြီးသည် လေထုထဲ၌ ဧရာမ မိုးကြိုးနတ်ဘုရား ပုံရိပ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဦးခေါင်းက နဂါးနှင့်တူပြီး ကိုယ်ထည်က မြင်းနှင့်တူသည့် ထိုပုံရိပ်သည် မိုင်ပေါင်း ရာချီ၍ ကြီးမား၏။

ထိုပုံရိပ်သည် မိုးကြိုးတိမ်တိုက်များကို နင်းထားခဲ့ပြီး ခန္ဓာတစ်ခုလုံးတွင်လည်း မိုးကြိုးလျှပ်စီးများ တောက်ပနေ၏။

၎င်း၏ အကြည့်က သက်ရှိအားလုံးကို အရေးမစိုက်သည့်အလားပင်။

မိုးကြိုးနတ်ဘုရား ပုံရိပ် ပေါ်ထွက်လာသည်နှင့် နန်လီမြို့တော် တစ်ခုလုံးသည် ပြင်းထန်စွာ တုန်ခါသွားခဲ့၏။

ကောင်းကင်နှင့် မြေကြီးကို ဖိနှိပ်ထားသော မိုးကြိုးစွမ်းအင်များသည် နန်လီမြို့တော်၏ အထက် ကောင်းကင်ယံတွင် ချက်ချင်းဆိုသလို ပြည့်နှက်သွားခဲ့သည်။

ထိုအချိန်တွင် နန်လီမြို့တော်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူအားလုံးသည် စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံး အပိုင်းအထိ တုန်လှုပ် ချောက်ချားသွားသည့် ခံစားချက်ကို ရရှိခဲ့ကြသည်။

"ဝုန်း"

ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံထားသည့် မိုးကြိုးနတ်ဘုရား၏ အရှိန်အဝါကြောင့် အားလုံး တုန်လှုပ်နေကြစဥ်မှာပင် လေထုထဲမှ အားကောင်းသော မိုးကြိုးနှင့် လျှပ်စီးများသည် ရုတ်တရက် လှုပ်ရှားလာသည်။

မိုးကြိုးနတ်ဘုရား ပုံရိပ်က သန့်စင်သော မိုးကြိုးလျှပ်စီးများဖြင့် စုစည်းထားသည့် ဧရာမ လက်ကြီးကို မြှောက်လိုက်ကာ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ချက်ချင်းဆိုသလိုပင် လေဟာနယ်က ကွဲအက်သွားခဲ့ပြီး ပျက်စီးခြင်း စွမ်းအားများ ပါဝင်သည့် မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးကြောင်းများသည် အရှင် စန်းယန် ထံသို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာခဲ့၏။

အရှင်စန်းယန်၏ မျက်ဝန်းများက ရုတ်ချည်းဆိုသလို ကျဉ်းမြောင်းသွားခဲ့ပြီး ခန္ဓာကိုယ်ကနေ ခရမ်းရောင် မီးလျှံများကို ကောင်းကင်ယံသို့ ထုတ်ဖော်လိုက်သည်။

ထိုခရမ်းရောင်မီးလျှံများက ဧရာမ မီးလျှံငှက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လေထုထဲမှ မိုးကြိုးလျှပ်စီးများကို ဝင်ရောက် တိုက်ခိုက်လိုက်၏။

"ဝုန်း"

ထိုမီးလျှံငှက်သည် ကမ္ဘာဖျက် မိုးကြိုးနှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် အော်ဟစ် ပေါက်ကွဲသံနှင့် အတူ ချက်ချင်းပင် လွင့်စင် ပျက်စီးသွားခဲ့သည်။

'နတ်ခန္ဓာပုံရိပ်'

'ကပ်ဘေးအနန္တ မီးလျှံ တိုက်ကွက်'

'ခရမ်းရောင်မျက်လုံးကိုယ်ခံပညာရပ်'

အရှင် စန်းယန်က သူ၏ ခွန်အား အလုံးစုံကို ထုတ်ဖော်ကာ တိုက်ခိုက်ခဲ့သော်လည်း အားလုံးသည် အချည်းနှီးသာ ဖြစ်ခဲ့၏။

ထို ကြောက်မက်ဖွယ် ကမ္ဘာဖျက် နတ်မိုးကြိုးစွမ်းအား အောက်တွင် အရှင်စန်းယန်၏ စွမ်းအား ဟူသမျှသည် ပြိုလဲပျက်စီးသွားခဲ့သည်။

အရှင် စန်းယန်က ထိတ်လန့်တကြား ဖြစ်လာပြီး နယ်မြေနတ်ဘုရား စွမ်းအင်ကို စုစည်းကာ မဟာမီးလျှံကမ္ဘာ အဖြစ်သို့ ချက်ချင်း ပြောင်းလဲလိုက်သည်။

ထို့နောက်တွင် အရှင်စန်းယန်၏ ပုံရိပ်သည် မဟာမီးလျှံကမ္ဘာ ထဲသို့ လျင်မြန်စွာ တိုးဝင်၍ ပျောက်ကွယ်သွားခဲ့၏။

"ဒါက နယ်မြေနတ်ဘုရား တစ်ပါးရဲ့ မူလကမ္ဘာလား"

ကောင်းကင်ယံမှ မဟာမီးလျှံကမ္ဘာကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းများ၌ ထူးဆန်းသော အရိပ်အယောင် တစ်ခု ပေါ်လာခဲ့သည်။

ပကတိနတ်ဘုရား အဆင့်တွင် ကိုယ်ခံပညာ၏ မူလစွမ်းအားကို ကမ္ဘာ့စွမ်းအား အဖြစ် စုစည်း၍ ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်ရသည်။

သို့သော် နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ရန် အတွက်မူ ခန္ဓာကိုယ်အတွင်းရှိ ကမ္ဘာ့စွမ်းအား ၆မျိုးကို မူလကမ္ဘာ အဖြစ် ပေါင်းစည်းရန် လိုအပ်၏။

မူလကမ္ဘာသည် နယ်မြေနတ်ဘုရား တစ်ပါး၏ အဓိက အုတ်မြစ် ဖြစ်သည်။

မူလကမ္ဘာ ပြိုပျက်သွားသည်နှင့်အမျှ နယ်မြေနတ်ဘုရားသည်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိသွားမည် ဖြစ်၏။

ထို့ကြောင့် သေရေးရှင်ရေး အခြေအနေနှင့် မတွေ့ကြုံသ၍ နယ်မြေနတ်ဘုရားများသည် မူလကမ္ဘာကို အလွယ်တကူ ထုတ်ဖော်လေ့ မရှိကြချေ။

သို့သော် သူ၏ရှေ့မှ အရှင် စန်းယန်သည် မဟာ ကောင်းကင်နတ်ဘုရား ကပ်ဘေးကြောင့် အခြေအနေ ဆိုးရွားလာခဲ့ပြီး မူလကမ္ဘာကိုပင် မဖြစ်မနေ ထုတ်ဖော်ရန် လိုအပ်လာခဲ့ချေပြီ။

"ဝုန်း"

အဆုံးမဲ့ ကမ္ဘာဖျက် နတ်မိုးကြိုးသည် မဟာမီးလျှံကမ္ဘာ ပေါ်သို့ စတင် ကျရောက်လာသည်။

ချက်ချင်းဆိုသလိုပင် နန်လီမြို့တော်၏ အထက် ကောင်းကင်ယံ တစ်ခုလုံးသည် တုန်ခါသွားခဲ့၏။

ကောင်းကင်နှင့်မြေကြီး အကြား ရပ်တည်နေသည့် မဟာမီးလျှံကမ္ဘာသည် ကမ္ဘာဖျက် နတ်မိုးကြိုးကြောင့် ချက်ချင်းပင် ပြားချပ်သွားခဲ့သည်။

မဟာမီးလျှံကမ္ဘာ တစ်ခုလုံးသည် ကမ္ဘာဖျက် နတ်မိုးကြိုး၏ စွမ်းအားအောက်တွင် ဆက်လက် နစ်မြုပ်နေခဲ့ပြီး နောက်ဆုံးတွင် လေထုထဲ၌ တိုက်ရိုက် ပေါက်ကွဲ ပျက်စီးသွားခဲ့သည်။

မဟာမီးလျှံကမ္ဘာ ပြိုလဲသွားပြီးနောက် အရှင်စန်းယန်၏ ပုံရိပ်သည် ကမ္ဘာဖျက် နတ်မိုးကြိုး၏ ဒဏ်ကို ခံရကာ ကောင်းကင်ယံကနေ မြေပြင်သို့ အရှိန်အဟုန်ဖြင့် ရိုက်ချခံခဲ့ရသည်။

အဆုံးသတ်တွင် မြေပြင်ကို ထိုးခွဲကာ ပေတစ်ထောင်ခန့် နက်သော နေရာအထိ နစ်မြုပ်သွားခဲ့ပြီး နန်လီမြို့တော်သည်လည်း အတော်လေး ပျက်စီးသွားခဲ့သည်။

မြို့တောင်ဘက်နှင့် အနီးအနားရှိ လူအများအပြားမှာ ရှောင်တိမ်းရန်ပင် အချိန်မရလိုက်ဘဲ ကြောက်မက်ဖွယ်ကောင်းသော ထိုရိုက်ခတ်မှုကြောင့် ပြာမှုန် ဖြစ်သွားခဲ့ကြသည်။

"ဒါက မဟာကောင်းကင်နတ်ဘုရားရဲ့ နတ်ဘုရား ကပ်ဘေးလား.. သိပ်ကြောက်ဖို့ ကောင်းတာပဲ"

ကံကောင်းစွာ အသက်ရှင်ကျန်ခဲ့သူများသည် မိုင်ရာပေါင်းများစွာ အလျင်အမြန် ဆုတ်ခွာသွားခဲ့ကြပြီး မျက်လုံးများတွင်လည်း မယုံကြည်နိုင်လောက်အောင် ထိတ်လန့်သော အမူအရာများ ရှိနေခဲ့သည်။

"ပုံမှန်ဆိုရင် မဟာ ကောင်းကင်နတ်ဘုရား ကပ်ဘေးက ဒီလောက်အထိ ကြောက်စရာကောင်းမှာ မဟုတ်ဘူး.. ဒါပေမဲ့ အရှင်စန်းယန်က ကျန်းချန်ရဲ့ ကပ်ဘေးထဲကို ပါဝင်ပတ်သက်ခဲ့တာကြောင့် ကပ်ဘေးရဲ့ စွမ်းအားက အတော်လေး ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ အဆင့်ကို ရောက်သွားခဲ့တာပဲ.. ဒီကပ်ဘေးကို နယ်မြေနတ်ဘုရားတောင် ခုခံနိုင်စွမ်း မရှိလောက်ဘူး"

လူတိုင်းက ကောင်းကင်ယံ၌ မာန်ပါပါ ရပ်နေသော ကျန်းချန်ကို ကြည့်နေကြပြီး မှင်တက်ရာကနေ ပြန်လည် သတိဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

သူတို့ရှေ့မှ ကျန်းချန် ဆိုသော လူငယ်သည် အလွန် နက်ရှိုင်းသော စွမ်းအားကို လျှို့ဝှက်ထားခဲ့သည်။

ထိုလူငယ်သည် မဟာကောင်းကင် နတ်ဘုရားအဆင့်ကို ထိုးဖောက်နိုင်စွမ်း ရှိသော်လည်း ထိုးဖောက်ရန် ရွေးချယ်ခြင်း မရှိခဲ့ပေ။

ယခု အရှင် စန်းယန်နှင့် ရင်ဆိုင်ရချိန်တွင်မှ ကောင်းကင်ဥပဒေသကို လျစ်လျူရှုနိုင်သည့် သူ၏ အနှိုင်းမဲ့ နတ်ခန္ဓာကိုယ်ကို အသုံးပြုကာ ကောင်းကင် ကပ်ဘေးကို နှစ်ကြိမ် ဆက်တိုက် ဆင့်ခေါ်ခဲ့ပြီး စန်းယန်ကိုပါ ပူးတွဲ ပါဝင်စေခဲ့သည်။

ဤကဲ့သို့ အဆင့်မြှင့်တင်ထားသော မဟာ ကောင်းကင်နတ်ဘုရား ကပ်ဘေးနှင့် ရင်ဆိုင်ရချိန်တွင် စန်းယန်က နယ်မြေနတ်ဘုရား မူလကမ္ဘာကို ထုတ်ဖော်ခဲ့သည့်တိုင် တားဆီးနိုင်ခြင်း မရှိခဲ့ချေ။

ယခုအခါ အရှင် စန်းယန်၏ နယ်မြေနတ်ဘုရား မူလကမ္ဘာသည် ကပ်ဘေးကြောင့် ကွဲအက်ပျက်စီးသွားပြီ ဖြစ်ရာ အရှင်စန်းယန်က မသေသည့်တိုင် ပြင်းထန်သော ဒဏ်ရာများကို ရရှိလိမ့်မည်မှာ သေချာ၏။

ကျန်းချန်က မဟာကောင်းကင် နတ်ဘုရား အဖြစ်သို့ ထိုးဖောက်ခဲ့ပြီ ဖြစ်၍ သူ၏ ခွန်အားက နယ်မြေနတ်ဘုရားများနှင့် တန်းတူ ယှဉ်ပြိုင်နိုင်ပြီ ဖြစ်သည်။

အရှင်စန်းယန်က ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့လျှင်ပင် ကျန်းချန်၏ ပြိုင်ဘက် မည်ကဲ့သို့ ဖြစ်နိုင်ပါအံ့နည်း။

အရှင် စန်းယန်သည် ဤတစ်ကြိမ်တွင် လုံးဝ အမှားကြီး ကျူးလွန်မိချေပြီ။

မူလက အရှင် စန်းယန် ပြန်ရောက်လာခြင်းကြောင့် နန်လီမြို့တော်ရှိ လူတိုင်းသည် ဟွမ်ဖူ မိသားစုက ဤတစ်ကြိမ်တွင် ရှုံးနိမ့် ပျက်စီးရတော့မည်ဟု ထင်ခဲ့ကြသည်။

သို့သော်လည်း ကျန်းချန်က ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး အခြေအနေ အားလုံးကို ပြောင်းပြန်လှန်နိုင်ခဲ့၏။

ယနေ့မှစ၍ နန်လီမျိုးနွယ်စုက နန်လီနယ်မြေကို အုပ်စိုးခဲ့သည့် ခေတ်ကာလသည် လုံးဝ ကုန်ဆုံးသွားတော့မည် ဖြစ်သည်။

အခန်း(၁၈၆၆) ပြီး၏

All Chapters