အခန်း (၁၈၆၇-၁၈၆၈)
Vol. 127 Ch. 1867-1868
အခန်း(၁၈၆၇)
"ခေါင်းဆောင် ရှုံးနိမ့်သွားတာလား"
"ဒါ.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ယန်ဝူကျီ ဦးဆောင်သော နန်လီမျိုးနွယ်စုဝင်များသည် တွေဝေမိန်းမောကာ မိမိတို့ မြင်တွေ့နေရသည်ကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြသည်။
အရှင် စန်းယန်သည် သူတို့ နန်လီမျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သလို နန်လီနယ်မြေ တစ်ခုလုံးကို ကိုယ်စားပြုသည့် တစ်ဦးတည်းသော နယ်မြေနတ်ဘုရားလည်း ဖြစ်သည်။
ဆိုရလျှင် အရှင်စန်းယန်သည် နန်လီနယ်မြေကို နှစ်သန်းပေါင်းများစွာ စိုးမိုးခဲ့ပြီး ယှဉ်ပြိုင်ဝံ့သူ မရှိခဲ့ပေ။
ထိုမျှ ဩဇာတိက္ကမ ကြီးမားသော နယ်မြေနတ်ဘုရားသည်ပင် မူလကမ္ဘာကို ထုတ်ဖော်ခဲ့သည့်တိုင် ကျန်းချန်၏ အဆင့်မြှင့်တင်ထားသော မဟာကောင်းကင် ကပ်ဘေးဒဏ်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရ၏။
နန်လီမျိုးနွယ်စုဝင် အများအပြား၏ ရင်ထဲတွင် စိုးရိမ်မှုများ ကြီးစိုးလာခဲ့သည်။
အရှင် စန်းယန်သာ ကျဆုံးသွားလျှင် သူတို့ နန်လီမျိုးနွယ်စုသည် အမှန်တကယ်ပင် ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရတော့မည် မဟုတ်ပါလား။
ဟွမ်ဖူလင်းတို့ လူစုကမူ ယန်ဝူကျီတို့ နန်လီ မျိုးနွယ်စုဝင်များ၏ အခြေအနေနှင့် ဆန့်ကျင်ဘက် ဖြစ်နေခဲ့ပြီး မျက်ဝန်းများတွင် အတိုင်းမသိ စိတ်လှုပ်ရှားမှုသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
နောက်ဆုံး အကြိမ်က ဟော်ယွင်တောင်တန်း၌ ယန်ကျင်းတို့နှင့် ရင်ဆိုင်ရစဉ် ကျန်းချန်သည် မဖြစ်နိုင်ရာကနေ ဖြစ်နိုင်ခြေကို ဖန်တီးကာ သူ၏ တစ်ကိုယ်တော် စွမ်းအားဖြင့် ယန်ကျင်းတို့ အားလုံးကို ရှင်းလင်းပစ်ခဲ့ပြီး အရှင်ဟော်ယွင်၏ အမွေအနှစ်ကို ရယူနိုင်ခဲ့သည်။
ယခုတစ်ကြိမ်တွင်လည်း နန်လီမျိုးနွယ်စု၏ ခေါင်းဆောင် စန်းယန် ရုတ်တရက် ပေါ်ထွက်လာပြီး သူတို့ ဟွမ်ဖူမိသားစု အသက်ဘေး အန္တရာယ်နှင့် ကြုံတွေ့နေရသည့် သေရေးရှင်ရေး အချိန်တွင် ကျန်းချန် ပေါ်လာခဲ့ပြန်သည်။
ကျန်းချန်က ကောင်းကင်ကပ်ဘေးကို နှစ်ကြိမ်တိုင်တိုင် ဆင့်ခေါ်ခဲ့ပြီး အခြေအနေအား ချက်ချင်း ပြောင်းပြန်လှန်နိုင်ခဲ့သည်။
ဟွမ်ဖူလင်း အတွက်မူ ကျန်းချန်သည် အမှန်တကယ်ပင် အံ့ဖွယ်ကိစ္စများကို ဖန်တီးနိုင်စွမ်းသော ပုဂ္ဂိုလ်တစ်ဦးပင်။
လေထုထဲ၌ ကျန်းချန်သည် လက်ပိုက်၍ ရပ်နေခဲ့ပြီး အောက်ဘက်ရှိ ပေတစ်ထောင်နက်သော ချောက်ကို ငုံ့ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
"ကျုပ် ထင်ထားတဲ့အတိုင်းပဲ.. အဆင့်မြှင့်တင်ထားတဲ့ မဟာကောင်းကင် ကပ်ဘေးက ခင်ဗျားကို မသတ်နိုင်ခဲ့ဘူး.. ခင်ဗျား ဘာသာ ထွက်လာမလား ဒါမှမဟုတ် ကျုပ် ခေါ်ထုတ်ပေးရမလား"
"ဝုန်း"
ကျန်းချန်၏ စကားသံ ဆုံးသည်နှင့် အောက်ဘက်ရှိ ပေတစ်ထောင်နက်သော ချောက်မှ သွေးရောင်ပုံရိပ် တစ်ခုသည် ပေါ်ထွက်လာခဲ့သည်။
ထိုသူမှာ အရှင် စန်းယန်ပင် ဖြစ်သည်။
သူ၏ ခေါင်းပေါ်ရှိ ဆံပင်များက ရှုပ်ပွနေခဲ့ပြီး နှုတ်ခမ်းထောင့်ကနေလည်း ချောင်းရေစီးသကဲ့သို့ သွေးများ ဆက်တိုက် စီးကျနေခဲ့၏။
ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောင် အဝတ်အစားမှာ ပျက်စီးသွားခဲ့ပြီး အဓိက အစိတ်အပိုင်းများကို ဖုံးအုပ်ရုံမျှသာ ကျန်ရစ်ခဲ့သည်။
သူ၏ ပခုံး၊ လက်မောင်းနှင့် အခြား အစိတ်အပိုင်းများမှ အသားနှင့် သွေးများက ပေါက်ကွဲလွင့်စဉ် သွားခဲ့ရာ အတွင်းရှိ ကြည်လင်သော အရိုးများကိုပင် အတိုင်းသား မြင်နေရ၏။
အရှင် စန်းယန်သည် ကျန်းချန်၏ အဆင့်မြှင့်တင်ထားသော မဟာ ကောင်းကင် ကပ်ဘေးကို ခုခံရန်အတွက် မူလကမ္ဘာနှင့် နယ်မြေနတ်ဘုရားအဆင့် ဝတ်စုံကို အားကိုးခဲ့သော်လည်း ရလဒ်အနေဖြင့် ကြီးမားသော ဆုံးရှုံးမှုများကိုသာ ခံစားခဲ့ရသည်။
ယနေ့တွင် အရှင် စန်းယန်သည် ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများကို ရရှိခဲ့ရုံသာမက ခန္ဓာကိုယ် အတွင်းရှိ မူလကမ္ဘာပင် ပြိုလဲလုနီးပါး ဖြစ်နေ၍ တိုက်ခိုက်နိုင်စွန်း မကျန်ရှိတော့ပေ။
ဆက်လက် တိုက်ခိုက်နေလျှင် သူ၏ မူလကမ္ဘာသည် အပြီးသတ် ပျက်စီးသွားမည် ဖြစ်ပြီး ယခုဘဝတွင် နယ်မြေနတ်ဘုရား အဆင့်သို့ ပြန်လည်ရောက်ရှိရန် ခက်ခဲတော့မည် ဖြစ်၏။
"ကျန်းချန်.. ဒီလောက်နဲ့ပဲ ရပ်လိုက်ရအောင်.. နန်လီမျိုးနွယ်စုက ဟွမ်ဖူအိမ်တော်နဲ့ ရှေးဟောင်းနဂါး ကုန်သည်အသင်း တို့ကို ဘယ်တော့မှ ဒုက္ခမပေးတော့ဘူးလို့ ဒီနတ်ဘုရား ကတိပေးတယ်"
အရှင် စန်းယန်သည် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ကျန်းချန်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"မင်းက မဟာကောင်းကင် နတ်ဘုရားအဆင့်ကို ရောက်သွားပေမယ့်လည်း ငါ့ကို သတ်ချင်ရင်တော့ ကြီးမားတဲ့ အဖိုးအခကို ပေးရလိမ့်မယ် ဆိုတာမမေ့နဲ့"
"ဒီလောက် ဘယ်လွယ်လိုက်မလဲ"
ကျန်းချန်က ခေါင်းခါယမ်းရင်း အရှင်စန်းယန်ကို ထီမထင်ဟန်ဖြင့် ကြည့်လိုက်သည်။
"ခင်ဗျားမှာ ကျုပ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အရည်အချင်း မရှိတော့ဘူး"
သူက မဟာကောင်းကင် နတ်ဘုရားအဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်ရာ အရှင်စန်းယန် အထွတ်အထိပ် အခြေအနေတွင် ရှိနေလျှင်ပင် ရင်ဆိုင်တိုက်ခိုက်ရန် အရည်အချင်း ရှိသည်။
ယခု အရှင်စန်းယန်က မဟာ ကောင်းကင်ကပ်ဘေးကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး အသက်တစ်ဝက်ပင် မကျန်တော့ရာ ကျန်းချန်က အရှင်စန်းယန်ကို မည်ကဲ့သို့ အရေးစိုက်စရာ လိုပါထည့်တော့မည်နည်း။
ဤတစ်ကြိမ် နန်လီနယ်မြေမှ ပြန်သွားပြီးနောက်တွင် သူသည် မဟာမြေရိုင်းနတ်ဂိုဏ်းသို့ သွားရောက်ကာ မဟာမြေရိုင်း သိုင်း ပြိုင်ပွဲတွင် ပါဝင်မည်ဖြစ်ပြီး၊ ပြိုင်ပွဲပြီးလျှင် မဟာမြေရိုင်းနယ်မြေမှ ထွက်ခွာကာ ရှေးဟောင်း နတ်ဖီးနစ် မျိုးနွယ်စုကို ရှာဖွေရန် ရည်ရွယ်ထားသည်။
ထို့ကြောင့် ဟွမ်ဖူမိသားစုနှင့် ရှေးဟောင်းနဂါး ကုန်သည်အသင်းတို့၏ ဘေးကင်းလုံခြုံမှု အတွက် အကောင်းဆုံးသော နည်းလမ်းမှာ အရှင်စန်းယန်ကို သုတ်သင်ရှင်းလင်းပြီး နန်လီမျိုးနွယ်စုကို အပြီးအပိုင် ဖယ်ရှားပစ်ရန်ပင် ဖြစ်သည်။
"ကျန်းချန်.. မင်းက သိပ်တင်စီးလွန်းတယ်"
ကျန်းချန်၏ စကားကို ကြားလျှင် အရှင်စန်းယန်၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလို အကျည်းတန်လာခဲ့၏။
"စန်းယန်.. ခင်ဗျားက နှစ်သန်းပေါင်းများစွာ အသက်ရှင်ခဲ့တဲ့ နယ်မြေနတ်ဘုရား တစ်ပါး ဖြစ်ပြီး ဒီလို စကားကို ပြောတာ ကလေးဆန်တယ်လို့ မထင်ဘူးလား.. ကျုပ်က ခင်ဗျားကို တင်စီးတော့ရော ခင်ဗျား ဘာတတ်နိုင်မှာမို့လဲ"
စကားဆုံးသည်နှင့် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ ကမ္ဘာ့စွမ်းအား ၇မျိုး၏ စွမ်းအားက ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာခဲ့သည်။
ကျန်းချန်က ရောင်စုံလက်သီးချက် တစ်ချက်ကို ထုတ်ဖော်ကာ အရှင် စန်းယန် ထံသို့ ပစ်သွင်းလိုက်သည်။
"ဝုန်း"
လက်သီးချက်ကြောင့် အရှင် စန်းယန်၏ ခန္ဓာကိုယ်သည် ကြေမွသွားခဲ့သည်။
ဤအချိန်တွင် ခန္ဓာကိုယ်အတွင်းရှိ ပျက်စီးနေသော မူလကမ္ဘာဖြင့်သာ ရပ်တည်နေရသူ စန်းယန်သည် ခုခံနိုင်စွမ်း လုံးဝမရှိတော့ဘဲ ပေထောင်ချီ အကွာအဝေးထိ တိုက်ရိုက် လွင့်စဉ်သွားခဲ့သည်။
"ပြေးမှဖြစ်မယ်"
အရှင် စန်းယန်က အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး ခရမ်းရောင်သက်တံ အသွင်သို့ ပြောင်းလဲကာ ထွက်ပြေးရန် ပြင်ဆင်တော့သည်။
မဟာကောင်းကင် နတ်ဘုရားသည် နယ်မြေနတ်ဘုရားများကို တိုက်ခိုက်နိုင်စွမ်း ရှိ၏။
ယခု ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအားသည် သူ၏ အထွတ်အထိပ် အခြေအနေက စွမ်းအားထက် အားမနည်းပေ။
ချက်ချင်း မပြေးလျှင် ယနေ့ နန်လီမြို့တော်တွင် သူ အမှန်တကယ် ကျဆုံးရပေတော့မည်။
"ကောင်လေး.. တစ်နေ့ကျရင် မင်းကို မသေမရှင် ဖြစ်အောင် သေချာပေါက် လုပ်ပစ်မယ်"
အရှင် စန်းယန်က ရင်ထဲတွင် ဒေါသများ ပြင်းထန်နေသော်လည်း အမြန်နှုန်းကို အစွမ်းကုန် ထုတ်ဖော်ကာ မျက်တောင်တစ်ခတ်အတွင်း မိုင်ရာပေါင်းများစွာ အကွာအဝေးသို့ ရောက်ရှိသွားခဲ့သည်။
"ထွက်ပြေးချင်တယ်ပေါ့"
ကျန်းချန်က အေးစက်စက် ပြုံးလိုက်ပြီး ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို ချက်ချင်း နှိုးဆွလိုက်ရာ လေထုထဲတွင် ဧရာမ ကောင်းကင် ဓားတစ်ချောင်း ဖြစ်ပေါ်လာခဲ့၏
ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းသည် မူလကတည်းကပင် မဟာ ကောင်းကင်နတ်ဘုရားများသာ ကျင့်ကြံနိုင်သည့် နတ်ဘုရင်အဆင့် နည်းစနစ် ဖြစ်သည်။
ယခင်က ကျန်းချန်သည် စနစ်၏ အကူအညီဖြင့် အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သော်လည်း ၎င်း၏ စစ်မှန်သော စွမ်းအားကို အပြည့်အဝ မထုတ်ဖော်နိုင်ခဲ့ပေ။
ယခုမူ သူက မဟာကောင်းကင် နတ်ဘုရားအဆင့်သို့ ထိုးဖောက်ခဲ့ပြီ ဖြစ်ရာ နတ်ဘုရင်အဆင့် နည်းစနစ်၏ စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်နိုင်ပြီ ဖြစ်သည်။
ကောင်းကင်ဓားက ဘုံကိုးပါးကနေ ကျဆင်းလာသည့်နှယ် ဓားချက် တစ်ချက်တည်းဖြင့် လေထုကို ပိုင်းဖြတ်လိုက်ပြီးအရာအားလုံးကို ခုတ်ဖြတ်လိုက်သည်။
မိုင်ထောင်ချီ အကွာအဝေး၌ ရောက်ရှိနေပြီဖြစ်သော အရှင် စန်းယန်သည် လေထဲတွင် ရုတ်တရက် ရပ်တန့်သွား၏။
နောက်ထပ် တစ်ခဏတွင် အရှင်စန်းယန်၏ ခန္ဓာကိုယ်တွင် ဆန်းကြယ်သော ကြယ်ဓား အရှိန်အဝါက ရုတ်ချည်း ထွက်ပေါ်လာပြီး စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ဖောက်ထွင်းဝင်ရောက်သွားရာ အရှင်စန်းယန် ထံတွင် အသက်စွမ်းအား တစ်စက်မျှပင် မကျန်ရှိတော့ချေ။
နန်လီမျိုးနွယ်စု၏ ခေါင်းဆောင် အရှင် စန်းယန်သည် ကျဆုံးသွားခဲ့ချေပြီ။
ဤအခိုက်အတန့်တွင် နန်လီမြို့တော် တစ်ခုလုံးသည် တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။
လူတိုင်းသည် တွေဝေမိန်းမောသော မျက်ဝန်းများဖြင့် သူတို့ရှေ့မှ မြင်ကွင်းကို စိုက်ကြည့်နေခဲ့ကြပြီး ကြောက်ရွံ့တုန်လှုပ်မှုကနေ အချိန်အတော်ကြာအောင် ရုန်းမထွက်နိုင်ခဲ့ကြပေ။
နန်လီမျိုးနွယ်စု၏ ခေါင်းဆောင်၊ နန်လီနယ်မြေတွင် နှစ်သန်းပေါင်းများစွာ ကြီးစိုးခဲ့သော နယ်မြေနတ်ဘုရား စန်းယန်သည် ကျန်းချန်၏ ဓားချက်အောက်တွင် သေဆုံးခဲ့ရသည်။
"ခေါင်းဆောင် စန်းယန် ကျဆုံးသွားပြီဟ"
ယန်ဝူကျီနှင့် နန်လီမျိုးနွယ်စုမှ အခြား အကြီးအကဲများသည် ဤမြင်ကွင်းကို ထိတ်လန့်စွာ ကြည့်ရှုနေခဲ့ကြသည်။
သူတို့အားလုံး၏ မျက်နှာများက ဖြူဖျော့နေပြီး ဝမ်းနည်းကြေကွဲသော အမူအရာများဖြင့် ပြည့်နှက်နေ၏။
လွန်ခဲ့သော တစ်နှစ်ခန့်က နန်လီမျိုးနွယ်စုသည် ဟော်ယွင် တောင်တန်းတွင် ကြီးမားသော ဆုံးရှုံးမှုများ ခံစားခဲ့ရပြီး နန်လီမျိုးနွယ်စု၏ အင်အားကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။
ဟွမ်ဖူမိသားစုကပင် နန်လီမျိုးနွယ်စုကို ပုခုံးချင်း ယှဥ်နိုင်လာခဲ့ရာ နန်လီနယ်မြေတွင် နန်လီမျိုးနွယ်စု၏ ဂုဏ်သတင်းသည် များစွာ ကျဆင်းခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် နန်လီမျိုးနွယ်စု ခေါင်းဆောင်သည် မကြာသေးမီက နန်လီမြို့သို့ ပြန်ရောက်လာခဲ့၏။
သူတို့က ခေါင်းဆောင် စန်းယန်၏ အင်အားဖြင့် ဟွမ်ဖူမိသားစုကို အလွယ်တကူ ဖိနှိပ်ကာ နန်လီမျိုးနွယ်စု၏ ဂုဏ်သတင်းကို ပြန်လည် ထူထောင်နိုင်လိမ့်မည်ဟု မူလက ထင်ခဲ့ကြသည်။
သို့သော်လည်း ဤကဲ့သို့ အရေးပါသည့် အချိန်တွင် ကျန်းချန်က ပေါ်ထွက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
ကျန်းချန်က ကောင်းကင်ကပ်ဘေးကို နှစ်ကြိမ် ဆက်တိုက် ဆင့်ခေါ်ခဲ့ပြီး အရှင်စန်းယန်ကို ကြီးမားစွာ ထိခိုက်စေခဲ့သည်။
နောက်ဆုံးတွင် ကျန်းချန်သည် မဟာ ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်ခဲ့ပြီး အရှင် စန်းယန်ကိုပင် သတ်ပစ်လိုက်သည်။
ယခု အရှင် စန်းယန်က ကျဆုံးသွားပြီ ဖြစ်ရာ မဟာကောင်းကင် နတ်ဘုရား ကျန်းချန်ကို သူတို့က မည်ကဲ့သို့ ရင်ဆိုင်ရပါမည်နည်း။
နန်လီမျိုးနွယ်စုမှ ကျင့်ကြံသူ အများအပြားသည် ဤအချိန်တွင် အလွန်အမင်း စိတ်ဓာတ်ကျနေကြ၏။
နန်လီမျိုးနွယ်စုသည် ဤတစ်ကြိမ်တွင် အပြီးတိုင် ပျက်သုဉ်းရဖွယ် ရှိနေသည် မဟုတ်ပါလား။
အခန်း(၁၈၆၇) ပြီး၏
အခန်း(၁၈၆၈)
"ခေါင်းဆောင် ကျဆုံးသွားပြီ.. ဘာဆက်လုပ်ကြမလဲ"
နန်လီမျိုးနွယ်စု၏ ကိုယ်ရံတော် တပ်ဖွဲ့ ခေါင်းဆောင် ယန်ထိုက်သည် ထိုမြင်ကွင်းကို မြင်လျှင် မျက်မှောင်ကြုတ်သွားခဲ့သည်။
ခေါင်းဆောင် စန်းယန် ကျဆုံးမှုနှင့်အတူ နန်လီမျိုးနွယ်စု၏ အခြေအနေမှာ အန္တရာယ် ကြီးမားသည့် အနေအထားသို့ ဆိုက်ရောက်လာခဲ့ချေပြီ။
နန်လီနယ်မြေကို စတင် ထူထောင်ချိန်မှစ၍ ဤမျှ ပြင်းထန်သည့် အကျပ်အတည်းမျိုးကို တစ်ခါမျှ မကြုံခဲ့ရဖူးပေ။
အနည်းငယ် ပေါ့ဆမိသည်နှင့် နန်လီမျိုးနွယ်စုသည် လုံးဝ ပျက်သုဉ်းသွားနိုင်ဖွယ် ရှိ၏။
"ဆုတ်ခွာကြတော့.."
ယန်ဝူကျီသည် သက်ပြင်းတစ်ချက် ရှူရှိုက်လိုက်သည်။
ယနေ့တိုက်ပွဲတွင် နန်လီမျိုးနွယ်စုသည် အကြီးအကျယ် ရှုံးနိမ့်ခဲ့ရပြီ ဖြစ်၏။
သူ့အနေဖြင့် ကိုယ်ရံတော် တပ်ဖွဲ့ဝင် သုံးထောင်ကို ခေါ်ဆောင်ကာ ဌာနချုပ်သို့ ဦးစွာ ဆုတ်ခွာပြီး ကြံ့ကြံ့ခံရန်သာ ရှိတော့၏။
သို့သော် ကိုယ်ရံတော်တပ်ဖွဲ့ဝင် သုံးထောင်နှင့်အတူ ဆုတ်ခွာရန် ယန်ဝူကျီ ပြင်ဆင်နေချိန်မှာပင် ကျန်းချန်၏ ပုံရိပ်သည် ဖျတ်ခနဲ လင်းလက်သွားခဲ့ပြီး ယန်ဝူကျိ တို့၏ အထက်ကောင်းကင်ယံတွင် ရိပ်ခနဲ ပေါ်ထွက်လာခဲ့သည်။
သူ၏ ကြောက်မက်ဖွယ် အရှိန်အဝါက မိုင်ထောင်ချီ ကျယ်ပြန့်သော လေထု တစ်ခုလုံးကို ဖိနှိပ်ချုပ်ချယ်ထားခဲ့သည်။
ယန်ဝူကျိက ကောင်းကင်ယံရှိ ကျန်းချန်ကို ကြည့်ရင်း မျက်နှာအနည်းငယ် ပျက်ယွင်းသွားခဲ့သည်။
သို့သော် နန်လီမျိုးနွယ်စု၏ သေရေးရှင်ရေး အကျပ်အတည်းဖြင့် ရင်ဆိုင်နေရချိန်တွင် အကြီးအကဲချုပ် အနေဖြင့် ဖိအားဒဏ်ကို ထိန်းသိမ်းကာ ပြောဆိုလိုက်သည်။
"ကျန်းချန်.. ငါတို့ နန်လီမျိုးနွယ်စုက မင်းနဲ့ နက်နက်ရှိုင်းရှိုင်း ရန်ငြိုးမရှိခဲ့ဘူး.. ဘာလို့ အားလုံးကို သတ်ဖြတ်ဖို့ လုပ်နေရတာလဲ"
"ဟားဟား... နက်နက်ရှိုင်းရှိုင်း ရန်ငြိုးမရှိဘူးတဲ့လား"
ကျန်းချန်က ဟက်ဟက်ပက်ပက် ရယ်လိုက်ရာ သူ၏ ရယ်သံသည် ကောင်းကင်ယံအနှံ့ ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။
"လွန်ခဲ့တဲ့ တစ်နှစ်လောက်က ဟော်ယွင်တောင်တန်းမှာ မင်းတို့ နန်လီမျိုးနွယ်စုက အရှင်ဟော်ယွင်ရဲ့ အမွေအနှစ်ကို လုယူဖို့ ရောက်လာခဲ့ကြတယ်.. ငါ့ရဲ့ ခွန်အားကြောင့်သာ မဟုတ်ရင် အခုအချိန်ထိ ငါ အသက်ရှင်နိုင်မယ် မထင်ဘူး"
"နောက်ပိုင်းမှာလည်း မင်းတို့ နန်လီ မျိုးနွယ်စုက ရှေးဟောင်းနဂါး ကုန်သည်အသင်းကို တိုက်ခိုက်ခဲ့တဲ့အပြင် ငါ့ကိုပါ ဖမ်းဆီးမိန့် ထုတ်ပြန်ခဲ့သေးတယ်.. ချီး .. ဒါတောင် နက်နက်ရှိုင်းရှိုင်း ရန်ငြိုးမရှိဘူးလို့ မင်းမို့လို့ ပြောရဲသေးတယ်"
ယန်ဝူကျီက မျက်စိပျက် မျက်နှာပျက် ဖြစ်နေခဲ့သည်။
"ကျန်းချန်.. ဒီနေ့ ငါတို့ နန်လီမျိုးနွယ်စုကို လွှတ်ပေးဖို့ မင်းမှာ စိတ်ကူးမရှိဘူး ထင်တယ်"
ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်သည်။
"သိပ်ဟုတ်တာပေါ့"
နန်လီမျိုးနွယ်သည် အမွေအနှစ် ကြွယ်ဝပြီး အခြေခံခိုင်မာသည့် နယ်မြေနတ်ဘုရား မျိုးနွယ်စု ဖြစ်သည်။
၎င်းတို့အား အသက်ရှူခွင့်ပေးလိုက်လျှင် နောက်တစ်ကြိမ် ပြန်လည် ထူထောင်လာနိုင်ခြေ ရှိသည်။
နန်လီမျိုးနွယ်စုကို အပြီးတိုင် ဖျက်ဆီးမှသာ ဟွမ်ဖူမိသားစုနှင့် ရှေးဟောင်းနဂါး ကုန်သည်အသင်း တို့သည် ဤနန်လီမြို့တော်တွင် ခြိမ်းခြောက်မှု ကင်းဝေးမည် မဟုတ်ပါလား။
"ကျန်းချန်.. မင်းက ငါတို့ နန်လီမျိုးနွယ်စုကို ဖျက်ဆီးချင်တယ်ဆိုရင် မင်းလည်း ကြီးမားတဲ့ အဖိုးအခ တစ်ခု ပေးဆပ်ရလိမ့်မယ်"
ကျန်းချန် အနေဖြင့် နန်လီမျိုးနွယ်စုအား လွှတ်ပေးမည့် ရည်ရွယ်ချက် လုံးဝ မရှိသည်ကို မြင်လျှင် ယန်ဝူကျီ၏ မျက်နှာထက်တွင် ရူးသွပ်သော အမူအရာများ ပေါ်လာခဲ့သည်။
"နန်လီမျိုးနွယ်စုရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ဝင်တို့.. ငါ့အမိန့်ကို နာခံပြီး တိုက်ပွဲဆင်နွှဲကြတော့"
"ဝုန်း.. ဝုန်း.. ဝုန်း"
ယန်ဝူကျိ၏ ကြုံးဝါးသံ ပဲ့တင်ထပ်လာသည်နှင့် တစ်ပြိုင်နက် ယန်ထိုက် အပါအဝင် တပ်ဖွဲ့ဝင် သုံးထောင်၏ စွမ်းအားများသည် တစ်ချိန်တည်း ပေါက်ကွဲထွက်လာခဲ့သည်။
ချက်ချင်းပင် မိုင်ပေါင်း ထောင်ချီ အချင်းဝက်ရှိသော လေဟာနယ်သည် ရုတ်ခြည်းဆိုသလို မီးပင်လယ် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ပူပြင်းသော အရှိန်အဝါများနှင့် ပြည့်နှက်နေသော လေမုန်တိုင်းများက လေထုထဲတွင် တိုက်ခတ်လာခဲ့ပြီး အရာခပ်သိမ်းကို ဆုတ်ဖြဲမည့် ကောင်းကင်မီး ဓားသွားများနှယ် ဖြစ်နေခဲ့သည်။
မဟာကောင်းကင် နတ်ဘုရား ကျန်းချန်နှင့် ရင်ဆိုင်ရချိန်တွင် ယန်ဝူကျီသည် တုံ့ဆိုင်းမနေတော့ဘဲ တပ်ဖွဲ့ဝင် သုံးထောင်၏ စွမ်းအားကို တိုက်ရိုက် စုစည်းကာ ပြင်းထန်သော တိုက်ခိုက်မှုတစ်ရပ်ကို ကျန်းချန်ထံ ထုတ်လွှတ်လိုက်သည်။
ဤတိုက်ခိုက်မှု၏ စွမ်းအားသည် နယ်မြေနတ်ဘုရား တစ်ပါး၏ စွမ်းအားနှင့် အလားတူ နီးပါးရှိသည်။
သာမန် ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား တစ်ပါးသည် ဤတိုက်ခိုက်မှုကိုသာ ရင်ဆိုင်ရလျှင် ကောင်းကင်မီး ဓားသွားများဖြင့် အစိတ်စိတ်အမြွှာမြွှာ စုတ်ဖြဲခံရမည် ဖြစ်၏။
သို့သော်လည်း ကျန်းချန်သည် ကြောက်ရွံ့ခြင်း အလျဥ်းမရှိချေ။
သူက လေထုထဲတွင် ဟန်ပါပါ ရပ်နေရင်း ခန္ဓာကိုယ်ကနေ ရောင်စုံ နတ်အလင်းတန်းများကို ထုတ်လွှတ်လိုက်ရာ ကောင်းကင်မီး ဓားသွား အားလုံးသည် ရောင်စုံနတ်အလင်းနှင့် ထိတွေ့သည်နှင့် အလိုအလျောက် ပျောက်ကွယ် ပျက်စီးသွားခဲ့သည်။
"နန်လီမျိုးနွယ်စုရဲ့ တပ်ဖွဲ့ဝင် သုံးထောင်က အင်အားကြီးမားသားပဲ.. ဒါပေမဲ့ ဒီလိုနည်းလမ်းနဲ့ ငါ့ကို တားဆီးချင်တယ်ဆိုရင်တော့ အားနည်းနေပါသေးတယ်"
ကျန်းချန်က အေးစက်စက် ပြုံးလိုက်သည်။
"မဟာကောင်းကင် နတ်ဘုရားက နယ်မြေနတ်ဘုရားကို ယှဥ်တိုက်နိုင်တယ် ဆိုတာ အပြောသက်သက် မဟုတ်ဘူး.. ဒီနေ့ မဟာကောင်းကင် နတ်ဘုရားရဲ့ စွမ်းအားက ဘယ်လိုလဲဆိုတာ မင်းတို့ကို ပြသပေးမယ်"
စကားအဆုံးတွင် ကျန်းချန်သည် တပ်ဖွဲ့ဝင် သုံးထောင် ဆီသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
ဤလက်သီးချက်သည် ပထမတွင် သာမန် လက်သီးချက်ဟုသာ ထင်ရ၏။
သို့သော် မကြာမီမှာပင် ကောင်းကင်ယံ တစ်ခုလုံး၌ ကျယ်လောင်သော လေခွင်းထံ ထွက်ပေါ်လာခဲ့ပြီး အောက်ဘက်ရှိ တောင်တန်းများကိုပင် တုန်ခါသွားစေခဲ့သည်။
လေထုထဲတွင်လည်း ကောင်းကင်နှင့် နေကို ဖုံးလွှမ်းနိုင်သည့် ရောင်စုံလက်သီးရိပ်များဖြင့် ပြည့်နှက်သွားခဲ့၏။
ထိုရောင်စုံလက်သီးရိပ်များသည် အရာခပ်သိမ်းကို ကြေမွသွားစေနိုင်လောက်သည့် စွမ်းအားမျိုး ရှိသည်။
"ဝုန်း.. ဝုန်း.. ဝုန်း"
ရောင်စုံလက်သီးရိပ်များ ဖြတ်သန်းသွားရာ လမ်းကြောင်း တစ်လျှောက်ရှိ ကောင်းကင်မီး ဓားသွားအားလုံးသည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
နောက်ဆုံးတွင် လက်သီးရိပ်များသည် တပ်ဖွဲ့ဝင် သုံးထောင်ကို ဖုံးလွှမ်းထားသည့် အကာအရံပေါ်သို့ ပြင်းထန်စွာ ကျရောက်သွား၏။
တပ်ဖွဲ့ဝင် သုံးထောင်ဖြင့် စုစည်းထားသော အကာအရံသည် အသက်ရှူကြိမ် အနည်းငယ်မျှပင် ခံနိုင်ရည်မရှိဘဲ တစ်ခါတည်း ပေါက်ကွဲ ပျက်စီးသွားခဲ့သည်။
ထိုအချိန်တွင် ယန်ဝူကျီ အပါအဝင် လူတိုင်းကို တောက်ပသော ရောင်စုံအလင်းက လွှမ်းခြုံသွားခဲ့၏။
မဟာကောင်းကင် နတ်ဘုရား ဆိုသည်မှာ အဘယ်နည်း။
ယင်းမှာ ကောင်းကင်နတ်ဘုရားများ၏ နယ်ပယ်အဆင့် ကန့်သတ်ချက်ကို ကျော်လွန်သည့် တည်ရှိမှု ဖြစ်သည်။
ထိုအဆင့်၏ စွမ်းအားသည် ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရားများထက် အဆပေါင်းများစွာ သာလွန်ပြီး နယ်မြေနတ်ဘုရားများ၏ စွမ်းအားနှင့်ပင် နှိုင်းယှဉ်နိုင်နေပြီ ဖြစ်သည်။
နန်လီမျိုးနွယ်စု၏ တပ်ဖွဲ့ဝင် သုံးထောင်က အားကောင်းသော်လည်း မဟာကောင်းကင် နတ်ဘုရားအဆင့်ကို ထိုးဖောက်ထားသူ ကျန်းချန်နှင့် မည်ကဲ့သို့ ယှဉ်ပြိုင်နိုင်ပါအံ့နည်း။
နန်လီမြို့သူ မြို့သားများ၏ ထိတ်လန့် တုန်လှုပ်ဖွယ် အကြည့်များအောက်မှာပင် ရောင်စုံအလင်းသည် တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။
လူတိုင်းက လေထုထဲရှိ အခြေအနေကို ကြည့်လိုက်ရာ တပ်ဖွဲ့ဝင် သုံးထောင် နီးပါးသည် ကျန်းချန်၏ လက်သီးချက်ကြောင့် ပြာမှုန် အဖြစ်သို့ ပြောင်းလဲသွားသည်ကို ထိတ်လန့်တကြား တွေ့မြင်ခဲ့ရသည်။
နန်လီမျိုးနွယ်စု တစ်ခုလုံးတွင် ယန်ဝူကျီနှင့် ယန်ထိုက်တို့ ကဲ့သို့ စွမ်းအားကြီးမားသူ အနည်းငယ်မျှသာ ကျန်ရှိတော့၏။
သို့ရာတွင် ၎င်းတို့၏ ခန္ဓာကိုယ်များသည် အလွန်တရာ အားနည်းသော အခြေအနေသို့ ရောက်ရှိနေသည်။
အကြီးအကဲချုပ် ယန်ဝူကျီ ဆိုလျှင် ဆံပင်များ ပြေကျနေခဲ့ပြီး ဝတ်ရုံစုတ်ပြဲကာ သွေးများကလည်း ဒွါရ ခုနစ်ပေါက်ကနေ စီးကျနေခဲ့၏။
ဤမြင်ကွင်းကို မြင်သူတိုင်းသည် အံ့အားသင့်သွားကြပြီး မယုံနိုင်အောင် ဖြစ်နေခဲ့ကြသည်။
တပ်ဖွဲ့ဝင် သုံးထောင်သည် နန်လီနယ်မြေကို နန်လီမျိုးနွယ်စု စိုးမိုးချိန်မှစ၍ နေရာတိုင်းမှ ကျင့်ကြံသူများကို ထိတ်လန့်စေခဲ့ပြီး နယ်မြေနတ်ဘုရား အဆင့်အောက်ရှိ မည်သူကမျှ ၎င်းတို့ကို ရင်မဆိုင်ရဲခဲ့ကြပေ။
သို့သော် ယခုအခါ ကျန်းချန်သည် တိုက်ကွက် တစ်ကွက်ဖြင့်ပင် တပ်ဖွဲ့ဝင် သုံးထောင်နီးပါးကို သုတ်သင်လိုက်ချေပြီ။
ယင်းက မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းလိုက်ပါသနည်း။
မဟာကောင်းကင် နတ်ဘုရားများက နယ်မြေနတ်ဘုရားများနှင့် ယှဉ်ပြိုင်နိုင်သည်မှာ အမှန်တကယ် ဖြစ်နေခဲ့၏။
"ခွေးမသား ကျန်းချန်.. မင်းက ငါတို့ နန်လီမျိုးနွယ်စုရဲ့ တပ်ဖွဲ့ဝင် သုံးထောင်ကို သတ်ဖြတ်ခဲ့တယ်.. ဒီရန်ငြိုးကို ဘယ်တော့မှ မကျေဘူး.. မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ငါ ယန်ဝူကျီ ဆယ်ဆ ပြန်လည် ပေးဆပ်စေမယ်"
"စိတ်မကောင်းစရာပဲ.. မင်းမှာ အဲဒီအခွင့်အရေး မရှိတော့ဘူး"
ကျန်းချန်က အေးစက်စက် ပြုံးလိုက်ပြီး ခြေလှမ်း တစ်လှမ်း လှမ်းလိုက်ရာ ယန်ဝူကျိ၏ ရှေ့သို့ ရိပ်ခနဲ ရောက်ရှိသွားခဲ့သည်။
ကျန်းချန် လှုပ်ရှားသည်ကို မည်သူမျှပင် သေချာ မမြင်လိုက်ရပေ။
ထို့နောက်တွင် ရောင်စုံလက်သီး တစ်လုံးသည် ယန်ဝူကျီ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။
ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်သည့် နန်လီမျိုးနွယ်စု၏ အကြီးအကဲချုပ် ယန်ဝူကျီသည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ထိုရောင်စုံလက်သီးချက်ဖြင့် တစ်စစီ ကြေမွ ပျက်စီးသွားခဲ့သည်။
"ထွက်ပြေးကြတော့"
ယန်ထိုက်နှင့် ကျန်ရှိသူများသည် ဝိညာဉ် လွင့်ထွက်မတတ် ကြောက်လန့်သွားခဲ့ပြီး အလင်းတန်းအဖြစ် အလျင်အမြန် ပြောင်းလဲကာ ကောင်းကင်ယံသို့ ထွက်ပြေးခဲ့ကြသည်။
"ထွက်ပြေးနိုင်မယ်လို့ ထင်နေကြတာလား"
ကျန်းချန်က ကြုံးဝါးလိုက်ပြီး ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို ချက်ချင်း ထုတ်ဖော်ကာ ဓားစွမ်းအင်လှိုင်းများကို ဆက်တိုက်ဆိုသလို ထုတ်လွှတ်လိုက်၏။
နန်လီမျိုးနွယ်စုမှ အင်အားကြီးမားသော ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များသည် ကြောက်မက်ဖွယ် ဓားစွမ်းအင်လှိုင်း အောက်တွင် တစ်ဝုန်းဝုန်း ပေါက်ကွဲထွက်သွားခဲ့သည်။
အသက်ရှူချိန် အနည်းငယ် ကြာပြီးနောက်တွင် အသက်လု၍ ထွက်ပြေးနေကြသော နန်လီမျိုးနွယ်စုမှ အင်အားကြီးမားသော ကျင့်ကြံသူ အနည်းငယ်သည် ကျန်းချန်၏ ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းအောက်တွင် ကျဆုံးသွားခဲ့ကြ၏။
အခန်း(၁၈၆၈) ပြီး၏