အခန်း (၁၈၆၉-၁၈၇၀)
Vol. 127 Ch. 1869-1870
အခန်း(၁၈၆၉)
"အစွမ်းထက်လှချည်လား"
နန်လီမြို့တော်ကနေ တိုက်ပွဲကို စောင့်ကြည့်နေကြသော မြို့သူမြို့သား အပေါင်းတို့၏ မျက်ဝန်းများတွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာ၏။
ကျန်းချန်သည် နန်လီမျိုးနွယ်စု၏ နာမည်ကျော် ကိုယ်ရံတော် တပ်ဖွဲ့ သုံးထောင်ကို လက်သီး တစ်ချက်တည်းဖြင့် ချေမှုန်းခဲ့သည်။
နန်လီမျိုးနွယ်စု အကြီးအကဲချူပ် ယန်ဝူကျီ အပါအဝင် နန်လီမျိုးနွယ်စုမှ အင်အားကြီး ပုဂ္ဂိုလ်များကိုလည်း ရှင်းလင်းပစ်ခဲ့သည်။
ဆိုရလျှင် နန်လီမျိုးနွယ်စု၏ ထိပ်တန်းအင်အားစု အားလုံးနီးပါးကို ကျန်းချန် တစ်ဦးတည်းကပင် ရှင်းလင်းခဲ့ခြင်းပင်။
ဤအချိန်တွင် လူတိုင်းသည် ရှင်းရှင်းလင်းလင်း သိလိုက်ကြ၏။
နန်လီမျိုးနွယ်စုက နန်လီနယ်မြေကို စိုးမိုးခဲ့သော ခေတ်သည် လုံးဝ အတိတ် ဖြစ်သွားခဲ့ချေပြီ။
ရှင်းလင်းစွာ ဆိုရလျှင် နန်လီမျိုးနွယ်စုသည် ယခုတစ်ကြိမ်တွင် အပြီးတိုင် ကျဆုံးခဲ့ပြီ ဖြစ်၏။
"ခေါင်းဆောင်ဟွမ်ဖူ.. ငါနဲ့အတူ နန်လီမျိုးနွယ်စုကို အမြစ်ပြတ် ချေမှုန်းရအောင်.. နန်လီမျိုးနွယ်စုရဲ့ ဌာနချုပ်ကို သွားကြစို့"
နန်လီမျိုးနွယ်စုမှ ထိပ်တန်းပုဂ္ဂိုလ်များကို အလွယ်တကူ ရှင်းလင်းပြီးနောက်တွင် ကျန်းချန်က ဟွမ်ဖူလင်းကို ပြောဆိုလိုက်ပြီး နန်လီမြို့တော်၏ ဗဟိုဆီသို့ ဦးတည်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် မြက်ပင်ကို ခုတ်ပြီး အမြစ်ကို မနုတ်လျှင် နွေဦးလေ တိုက်ခတ်လာသောအခါ ပြန်လည်ပေါက်ရောက်လာမည် ဖြစ်သောကြောင့်ပင်။
ဤအခြေအနေထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ ကျန်းချန်သည် နန်လီမျိုးနွယ်စုကို လုံးဝ ဖျက်ဆီးပစ်ရန် ဆန္ဒရှိခဲ့ပြီး ပြန်လည် ထူထောင်ရန် အခွင့်အရေး မရစေလိုတော့ချေ။
"ဟွမ်ဖူမျိုးနွယ်စုဝင် အားလုံး ငါ့အမိန့်ကို နာခံကြ.. ငါနဲ့အတူ နန်လီမျိုးနွယ်စု ဌာနချုပ်ကို ချီတက်စို့"
ဟွမ်ဖူလင်းက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ် အမိန့်ပေးလိုက်ပြီး ဟွမ်ဖူ မိသားစုမှ အင်အားကြီး ပုဂ္ဂိုလ်များစွာနှင့် အတူ ကျန်းချန်၏ နောက်သို့ အလျင်အမြန် လိုက်ပါသွားခဲ့သည်။
နန်လီမျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သည့် အရှင်စန်းယန် ပြန်ရောက်လာချိန်မှစ၍ ဟွမ်ဖူမျိုးနွယ်စု၏ အခြေအနေမှာ အလွန်ပင် အန္တရာယ်များခဲ့သည်။
ယနေ့တွင် အရှင်စန်းယန်က နန်လီမျိုးနွယ်စုကို အင်အားအပြည့်ဖြင့် ဦးဆောင်ကာ ရောက်လာသောအခါ ဟွမ်ဖူလင်းသည် ဟွမ်ဖူအိမ်တော် မလွဲမသွေ ကျဆုံးတော့မည်ဟု ထင်မိခဲ့သည်။
သို့သော် ဟွမ်ဖူလင်း မထင်မှတ်ထားခဲ့သည်မှာ ဟွမ်ဖူမိသားစု၏ သေရေးရှင်ရေး အကျပ်အတည်း အချိန်တွင် ကျန်းချန်သည် နန်လီမြို့တော်သို့ ရုတ်တရက် ပြန်လာခဲ့ခြင်းပင်။
ကျန်းချန်က ကောင်းကင် ကပ်ဘေးကို နှစ်ကြိမ် ဆက်တိုက် ဖန်တီးခဲ့ပြီး အရှင်စန်းယန်ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ကာ ကောင်းကင် နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို ချိုးဖောက်၍ မဟာကောင်းကင် နတ်ဘုရားအဆင့်သို့ ဝင်ရောက်ခဲ့သည်။
ထို့နောက်တွင် နန်လီနယ်မြေ၏ အရှင်သခင် စန်းယန်နှင့် နန်လီမျိုးနွယ်စုမှ အင်အားကြီး ပုဂ္ဂိုလ် အားလုံးကို ရှင်းလင်းပစ်ခဲ့သည်။
နှစ်ပေါင်းများစွာကြာအောင် ဟွမ်ဖူမျိုးနွယ်စုသည် နန်လီမြို့တော်တွင် နန်လီမျိုးနွယ်စု၏ ဖိနှိပ်မှုကို ခံခဲ့ရသည်။
ယခု နန်လီမျိုးနွယ်စုဝင် အများအပြား ကျဆုံးသွားပြီ ဖြစ်ရာ ၎င်းတို့ကို အပြီးအပိုင် ဖျက်ဆီးရန် အကောင်းဆုံးအချိန် ဆိုလည်းမမှားပေ။
ထို့ကြောင့် ဤအခွင့်အရေးကို ဟွမ်ဖူလင်းသည် အလွယ်တကူ လက်လွတ်ခံမည် မဟုတ်ချေ။
နန်လီမျိုးနွယ်စုကို ဖျက်ဆီးပြီး သူတို့ဘက်တွင် မဟာကောင်းကင် နတ်ဘုရား ကျန်းချန် ရှိနေသရွေ့ နန်လီနယ်မြေသည် သူတို့ ဟွမ်ဖူမျိုးနွယ်စုနှင့် ရှေးဟောင်းနဂါး ကုန်သည်အသင်းတို့၏ ကမ္ဘာ ဖြစ်လာပေလိမ့်မည် မဟုတ်ပါလား။
နန်လီမြို့တော်မှ မရေမတွက်နိုင်သော မျက်ဝန်းများ၏ စိုက်ကြည့်မှုအောက်တွင် ကျန်းချန်နှင့် ဟွမ်ဖူလင်း တို့သည် ဟွမ်ဖူမျိုးနွယ်စုမှ အင်အားကြီး ကျင့်ကြံသူများကို ဦးခေါ်ကာ နန်လီမျိုးနွယ်စု၏ ဌာနချုပ် ဆီသို့ ချီတက်ခဲ့ကြသည်။
နန်လီမျိုးနွယ်စုသည် ရှည်လျားသော သမိုင်းကြောင်း ရှိသည့် နယ်မြေနတ်ဘုရား မျိုးနွယ်စု ဖြစ်သည့်အလျောက် နှိုင်းယှဉ်၍ မရအောင် နက်နဲသည့် ကြွယ်ဝမှုများ အပြင် နယ်မြေနတ်ဘုရားများ စီရင်ထားခဲ့သည့် ဌာနချုပ် အကာအကွယ် အစီအရင် များစွာလည်း ရှိသည်။
သို့သော်လည်း ယခု ကျန်းချန်သည် မဟာကောင်းကင် နတ်ဘုရား အဖြစ် ထိုးဖောက်ခဲ့ပြီ ဖြစ်ရာ စစ်မှန်သော နယ်မြေနတ်ဘုရား ကိုယ်တိုင် ရောက်လာလျှင်ပင် ဂရုစိုက်စရာ မလိုအပ်တော့ပေ။
ထို့ကြောင့် နယ်မြေနတ်ဘုရား ချန်ထားရစ်ခဲ့သည့် အရာဝတ္ထုများကို ဂရုစိုက်နေစရာ မလိုတော့ချေ။
နယ်မြေနတ်ဘုရား စီရင်ထားသည့် နတ်အဆင့် တားမြစ်အစီအရင် ဖြစ်စေ၊ နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်း သို့မဟုတ် နယ်မြေနတ်ဘုရားအဆင့် လက်နက်ဖြစ်စေ၊ ၎င်းတို့အားလုံးသည် ကျန်းချန်၏ အနိုင်ယူခြင်းကို အလွယ်တကူ ခံခဲ့ရသည်။
အဆုံးသတ်တွင် နှစ်ပေါင်း သန်း ၃၀ ကြာ နန်လီနယ်မြေကို အုပ်ချုပ်ခဲ့သော နန်လီမျိုးနွယ်စုသည် ကျန်းချန်နှင့် ဟွမ်ဖူမျိုးနွယ်စု၏ တိုက်ခိုက်မှုအောက်တွင် လုံးဝ ပျက်စီးသွားခဲ့၏။
နန်လီမြို့တော်မှ လူအားလုံးက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
ယခုမှစ၍ နန်လီနယ်မြေသည် မဟာကောင်းကင် နတ်ဘုရား ကျန်းချန်အတွက် ခေတ်သစ်တစ်ခု ဖွင့်လှစ်တော့မည်မှန်း လူတိုင်း ရှင်းရှင်းလင်းလင်း သိလိုက်ကြသည်။
-----------------
နန်လီမြို့တော်၊ ဟွမ်ဖူစံအိမ်တော်။
ဟွမ်ဖူအိမ်တော် တစ်ခုလုံးသည် မီးရောင်စုံတို့ဖြင့် လင်းထိန်တောက်ပနေပြီး ပျော်ရွှင်မြူးထူးနေကြသည်။
နန်လီမျိုးနွယ်စု ပျက်စီးပြီးနောက်တွင် ဟွမ်ဖူအိမ်တော်သည် ကြီးကျယ်ခမ်းနားသော အောင်ပွဲအတွက် ပွဲတစ်ပွဲ ကျင်းပခဲ့သည်။
ရှေးဟောင်းနဂါး ကုန်သည်အသင်း ခေါင်းဆောင် ကုမင်ဟဲသည် အရာအားလုံးကို အိပ်မက်ကဲ့သို့ ခံစားနေရ၏။
ကျန်းချန်သည် ရှေးဟောင်းနဂါး မျိုးနွယ်စုမှ အကြီးအကဲ တစ်ဦးဖြစ်ပြီး ကျန်းချန်၏ ပါရမီသည် မဟာမြေရိုင်းနယ်မြေမှ ပါရမီရှင်များစွာထက်ပင် သာလွန်ကြောင်း သူ သိရှိထားခဲ့သည်။
သို့သော်လည်း ကျန်းချန်က ဤတစ်ကြိမ် ပြန်ရောက်လာသောအခါတွင် မဟာကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်ပြီး တစ်ကိုယ်တော် စွမ်းရည်ဖြင့် အရှင် စန်းယန် ဦးဆောင်သော နန်လီမျိုးနွယ်စုကိုပင် ချေမှုန်းနိုင်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ဟွမ်ဖူမျိုးနွယ်စုမှ အကြီးအကဲများသည် အဓိက ထိုင်ခုံတွင် ဟွမ်ဖူလင်းနှင့် ဘေးချင်းယှဉ် ထိုင်နေသော ကျန်းချန်ကို ကြည့်နေခဲ့ကြသည်။
သူတို့အားလုံး၏ မျက်နှာထက်တွင် လေးစားသော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
လွန်ခဲ့သည့် တစ်နှစ်ခန့်က ဟော်ယွင် တောင်တန်းမှ တိုက်ပွဲအပြီးတွင် ဟွမ်ဖူမျိုးနွယ်စုနှင့် နန်လီမျိုးနွယ်စု တို့သည် ဆက်ဆံရေး လုံးဝ ပြတ်တောက်သွားခဲ့ပြီး ကမ္ဘာမကြေ ရန်ဘက်များ ဖြစ်လာခဲ့သည်။
နန်လီမျိုးနွယ်စုသည် ကြီးမားသော ဆုံးရှုံးမှုများ ခံစားခဲ့ရသော်လည်း ဟွမ်ဖူလင်းကမူ အရှင်ဟော်ယွင်၏ နယ်မြေနတ်ဘုရား သလင်းကျောက်ကို ရရှိခဲ့သဖြင့် ဟွမ်ဖူမျိုးနွယ်စုသည် နန်လီမျိုးနွယ်စုနှင့် ပုခုံးချင်း ယှဉ်နိုင်လာခဲ့သည်။
သို့သော်လည်း အရှင် စန်းယန် ပြန်ရောက်လာခြင်းသည် ဟွမ်ဖူမျိုးနွယ်စု အတွက် အဆုံးသတ်နေ့ သဖွယ် ဖြစ်လာခဲ့၏။
သို့ရာတွင် ဤအရာအားလုံးသည် ကျန်းချန် ထွက်ပေါ်လာမှုနှင့် အတူ ပြောင်းလဲသွားခဲ့သည်။
ကျန်းချန်က ကိုယ်ပိုင် စွမ်းအားကို အသုံးပြုကာ အင်အားကြီးမားသော နယ်မြေနတ်ဘုရား အင်အားစု ဖြစ်သည့် နန်လီမျိုးနွယ်စုကို ဖျက်ဆီးပစ်ခဲ့သည်။
ဟွမ်ဖူအိမ်တော်၏ တိုးတက်မှုကို ဖိနှိပ်ထားသည့် နန်လီမျိုးနွယ်စု မရှိတော့သဖြင့် ဟွမ်ဖူအိမ်တော်သည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပေတော့မည်။
"မိတ်ဆွေလေး ကျန်းချန်.. ဒီတစ်ခွက်နဲ့ မိတ်ဆွေလေးကို ဂါရဝပြုပါရစေ.. ဟွမ်ဖူမျိုးနွယ်စု ကိုယ်စား ငါက အထူး ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်.. နောင်အခါ မိတ်ဆွေလေး ကျန်းချန် အကူအညီ လိုအပ်ခဲ့ရင် ဟွမ်ဖူမျိုးနွယ်စုက မီးပင်လယ်ကို ဖြတ်ရရင်တောင် တုံ့ဆိုင်းမှု အလျဉ်း မရှိစေရဘူးလို့ ကတိပေးပါတယ်"
ဟွမ်ဖူလင်းက သူ၏ အရက်ခွက်ကို မြှောက်လိုက်ပြီး ကျန်းချန်ကို ကျေးဇူးတင်စကား ပြောလိုက်သည်။
ဤတစ်ကြိမ်တွင် ကျန်းချန်၏ အကူအညီသာ မရှိလျှင် နန်လီမြို့တော်တွင် ဟွမ်ဖူအိမ်တော် ရှိတော့မည် မဟုတ်ကြောင်း ဟွမ်ဖူလင်း ကောင်းစွာ သိသည်။
"ခေါင်းဆောင်ဟွမ်ဖူ.. ဒီလောက်ထိ လေးနက်နေစရာ မလိုပါဘူး"
ကျန်းချန် ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
"ဒီကာလအတွင်း ရှေးဟောင်းနဂါး ကုန်သည်အသင်းကို ဂရုစိုက်ပေးတဲ့ အတွက်လည်း ခေါင်းဆောင်ဟွမ်ဖူကို ကျေးဇူးတင်ပါတယ်.. ခေါင်းဆောင်တို့ ဟွမ်ဖူမျိုးနွယ်စု မရှိရင် ရှေးဟောင်းနဂါး ကုန်သည်အသင်းကို နန်လီမျိုးနွယ်စုက ဖျက်ဆီးခဲ့ပြီးလောက်ပြီ"
ဟွမ်ဖူလင်းက ခါးသီးစွာ ပြုံးလိုက်သည်။
"မိတ်ဆွေလေး ကျန်းချန်က မြှောက်နေပြန်ပါပြီ.. ရှေးဟောင်းနဂါး ကုန်သည်အသင်းကို မထိခိုက်စေရဘူးလို့ မိတ်ဆွေလေးကို ကတိပေးခဲ့ပေမယ့် ငါ မလုပ်နိုင်ခဲ့ဘူး"
"အရှင်စန်းယန် ရုတ်တရက် ပြန်ရောက်လာမယ်လို့ ဘယ်သူက ကြိုသိမှာလဲ.. ဒါက မတော်တဆမှု သက်သက်ပါ.. ခေါင်းဆောင်ဟွမ်ဖူကို ဘယ်လိုလုပ် အပြစ်တင်နိုင်မှာလဲ"
ကျန်းချန်က သူ၏ လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
"ဒီကိစ္စက ပြီးသွားပြီပဲ.. ခေါင်းဆောင် ဟွမ်ဖူ ခေါင်းထဲကထုတ်လိုက်တော့"
ဟွမ်ဖူလင်းက ခေါင်းညိတ်လိုက်ပြီး ထိုကိစ္စကို အလွန်အကျွံ တွေးမနေတော့ပေ။
သူက ကျန်းချန်ကို တိုက်ရိုက် ပြောလိုက်သည်။
"မိတ်ဆွေလေး ကျန်းချန်.. အခု နန်လီမျိုးနွယ်စုက ပျက်စီးသွားပြီဆိုတော့ မိတ်ဆွေလေးက ရှေးဟောင်းနဂါး ကုန်သည်အသင်းကို ဦးဆောင်ပြီး နန်လီနယ်မြေကို တာဝန်ယူစေချင်ပါတယ်.. ဟွမ်ဖူမျိုးနွယ်စုက ရှေးဟောင်းနဂါး ကုန်သည်အသင်းကို ခေါင်းဆောင်အဖြစ် လက်ခံဖို့ ဆန္ဒရှိပါတယ်"
ဟွမ်ဖူလင်း၏ စကားကို ကြားလျှင် ကုမင်ဟဲ၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားသော အရိပ်အယောင် အချို့ ဖြစ်ပေါ်လာသည်။
မဟာကောင်းကင် နတ်ဘုရားများသည် နယ်မြေနတ်ဘုရားများနှင့် နှိုင်းယှဉ်နိုင်သည်။
ကျန်းချန် တည်ရှိနေခြင်းဖြင့် ရှေးဟောင်းနဂါး ကုန်သည်အသင်းသည် မကြာမီ အချိန်အတွင်း နယ်မြေနတ်ဘုရား အင်အားစုနှင့် နှိုင်းယှဉ်နိုင်သော အင်အားစုတစ်ခု အဖြစ် တိုးတက်လာနိုင်၏။
"ခေါင်းဆောင်ဟွမ်ဖူ.. နန်လီနယ်မြေကို ခေါင်းဆောင်တို့ ဟွမ်ဖူမျိုးနွယ်စုက တာဝန်ယူတာ အကောင်းဆုံးပါ"
ကျန်းချန်က ခေါင်းခါယမ်း၍ ပြောလိုက်သည်။
"ကျွန်တော်က နန်လီနယ်မြေမှာ အကြာကြီး နေနိုင်မှာမဟုတ်ဘူး.. နောင်ကျရင် ကျွန်တော့်ကိုယ်စား ရှေးဟောင်းနဂါး ကုန်သည်အသင်းကို ဂရုစိုက်ပေးဖို့ပဲ မျှော်လင့်ပါတယ်"
ရှေးဟောင်းနဂါး ကုန်သည်အသင်း၏ ခွန်အားသည် အလွန်တရာ အားနည်းလှပြီး သူ ထွက်ခွာသွားသည်နှင့် ရှေးဟောင်းနဂါး ကုန်သည်အသင်းသည် နန်လီနယ်မြေကို တာဝန်ယူနိုင်သည့် စွမ်းရည် လုံးဝ မရှိပေ။
ဟွမ်ဖူမျိုးနွယ်စုသည် မူလကပင် နယ်မြေနတ်ဘုရား တစ်ပိုင်း အင်အားစု ဖြစ်ပြီး ဟွမ်ဖူလင်းသည်လည်း နယ်မြေနတ်ဘုရား သလင်းကျောက်၏ စွမ်းအားကို သိရှိ နားလည်နေပြီ ဖြစ်၍ နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ရန် သိပ်မဝေးတော့ပေ။
ထို့ကြောင့် ဟွမ်ဖူမျိုးနွယ်စုက နန်လီနယ်မြေကို ထိန်းချုပ်ခြင်းသည် အသင့်တော်ဆုံး ဖြစ်၏။
ဟွမ်ဖူမျိုးနွယ်စု၏ နောက်ခံရှိနေသ၍ ရှေးဟောင်းနဂါး ကုန်သည် အသင်းသည် နန်လီနယ်မြေတွင် ခိုင်မာသော ရပ်တည်မှုကို ရရှိနိုင်သည် မဟုတ်ပါလား။
"မိတ်ဆွေလေး ကျန်းချန်ရဲ့ ပါရမီနှင့်ဆိုရင် ဒီနန်လီနယ်မြေမှာပဲ နေထိုင်တာက မသင့်တော်တာတော့ အမှန်ပဲ"
ကျန်းချန်က နန်လီနယ်မြေကို စိတ်မဝင်စားကြောင်း သိရလျှင် ဟွမ်ဖူလင်းက ပြုံး၍ ပြောလိုက်သည်။
"မိတ်ဆွေလေး ကျန်းချန် စိတ်မပူပါနဲ့.. အခုချိန်ကစပြီး ဟွမ်ဖူမျိုးနွယ်စုနဲ့ ရှေးဟောင်းနဂါး ကုန်သည်အသင်း တို့က နန်လီနယ်မြေကို ပူးတွဲ တာဝန်ယူသွားမှာပါ"
အခန်း(၁၈၆၉) ပြီး၏။
အခန်း(၁၈၇၀)
အချိန်သည် ဒီရေနှင့် တူ၏။
မသိလိုက် မသိဘာသာဖြင့်ပင် နန်လီမြို့တော်၌ တုန်လှုပ်ဖွယ် တိုက်ပွဲကြီး ဖြစ်ပွားခဲ့ပြီးနောက် သုံးလကျော် ကြာမြင့်ခဲ့သည်။
ဤသုံးလတာ ကာလအတွင်း ဟွမ်ဖူအိမ်တော်သည် နန်လီမျိုးနွယ်စု၏ အကြွင်းအကျန်များကို အမြစ်ဖြတ် ရှင်းလင်းခဲ့ပြီး နန်လီနယ်မြေ၏ အရှင်သခင် အသစ် ဖြစ်လာခဲ့၏။
ဟွမ်ဖူအိမ်တော်၌ နယ်မြေနတ်ဘုရား မရှိသော်လည်း နန်လီမျိုးနွယ်စုကို တစ်ဦးတည်း ဖိနှိပ်ခဲ့သော မဟာကောင်းကင် နတ်ဘုရား ကျန်းချန် တည်ရှိနေခြင်းကြောင့် နန်လီနယ်မြေ တစ်ခုလုံးတွင် မည်သူကမျှ မဆန့်ကျင်ရဲပေ။
ရှေးဟောင်းနဂါး ကုန်သည် အသင်းကိုလည်း ဟွမ်ဖူအိမ်တော်၏ အကူအညီဖြင့် ပြန်လည် တည်ဆောက်ခဲ့သည်။
ကျန်းချန်၏ အကူအညီဖြင့် ကုမင်ဟဲသည် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်သို့ ထိုးဖောက် အောင်မြင်သွားခဲ့သည်။
နဝမအဆင့် နတ်အစီအရင်သခင် ရှယွမ်ခိုင်ကိုလည်း ကျန်းချန်က သူ၏ ကတိအတိုင်း စနစ်မှတစ်ဆင့် သင်ယူခဲ့သော ဒသမအဆင့် နတ်အစီအရင် အချို့ကို လွှဲပြောင်းပေးအပ်ခဲ့၏။
၎င်းတို့ကို ရရှိပြီးနောက်တွင် ရှယွမ်ခိုင်သည် အားရဝမ်းသာလွန်း၍ ရှေးဟောင်းနဂါး ကုန်သည် အသင်း၌ နေထိုင်ခဲ့ပြီး ရှေးဟောင်းနဂါး ကုန်သည်အသင်း၏ အကြီးအကဲချုပ် ဖြစ်လာခဲ့သည်။
ကုမင်းဟဲနှင့် ရှယွမ်ခိုင်တို့ တည်ရှိနေသည့် အပြင် ဟွမ်ဖူအိမ်တော်၏ ဂရုစိုက်မှုနှင့် အတူ ရှေးဟောင်းနဂါး ကုန်သည်အသင်းသည် နန်လီမြို့တော်တွင် အခက်အခဲမရှိ ခြေကုပ်ယူနိုင်ခဲ့သည်။
အရာအားလုံး ပြီးစီးသွားပြီးနောက်တွင် ကျန်းချန်သည် နန်လီနယ်မြေတွင် ကြာရှည်စွာ မနေတော့ဘဲ လူတိုင်းကို နှုတ်ဆက်ကာ မကြာမီ ကျရောက်လာတော့မည့် မဟာ မြေရိုင်း ပါရမီရှင် ပြိုင်ပွဲတွင် ပါဝင်ရန် ဟန်ယွဲ့နန်းတော်သို့ ပြန်လည် ထွက်ခွာလာခဲ့သည်။
----------------
လဝက်ခန့် ကြာပြီးနောက်တွင် ကျန်းချန်သည် ဟန်ယွဲ့မြို့သို့ ချောမွေ့စွာ ပြန်လည် ရောက်လာခဲ့သည်။
ထိုသတင်းကို ကြားလျှင် မြို့စားဝူက ချက်ချင်းပင် လာရောက် ကြိုဆိုခဲ့သည်။
“ညီငယ်လေး ကျန်းချန်.. မင်း ပြန်ရောက်လာတာနဲ့ အတော်ပဲ.. မင်းသာ ပြန်မလာသေးရင် ငါ နန်လီနယ်မြေကို လူလွှတ်ပြီးခေါ်ဖို့တောင် ပြင်နေခဲ့ပြီ”
ကျန်းချန်က ခဏမျှ အံ့အားသင့်သွားပြီးမှ မေးလိုက်သည်။
“မြို့စားဝူ.. ကျွန်တော်မရှိချိန်မှာ ဘာတွေ ဖြစ်ပျက်ခဲ့လို့လဲ”
မြို့စားဝူက သူ့ကို စိတ်ပူပန်စွာ ရှာဖွေနေခြင်းသည် ဟန်ယွဲ့ နန်းတော်တွင် တစ်စုံတစ်ရာ ဖြစ်ပျက်နေခြင်းကြောင့် ဖြစ်နိုင်သည်ဟု သူ တွေးလိုက်မိသည်။
ယင်းက မဟာ မြေရိုင်း ပါရမီရှင်ပြိုင်ပွဲ နှင့် သက်ဆိုင်နေပါသလော။
သို့သော် မဟာ မြေရိုင်း ပါရမီရှင် ပြိုင်ပွဲ မတိုင်မီ နှစ်လ ကျန်ရှိသေးသည် ဖြစ်ရာ သူ ပြန်လာသည့် အချိန်သည် လုံးဝ အချိန်မီနေပါသေးသည်။
ဝူထျန်းချီသည် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။
“အေးခဲမြစ်ဂိုဏ်းရဲ့ ခေါင်းဆောင် အရှင်ထျန်ဟဲက အေးခဲမြစ်ဂိုဏ်းက တပည့်အချို့နဲ့ အတူ ဟန်ယွဲ့ နန်းတော်ဆီ သိပ်မကြာခင်က ရောက်လာခဲ့တယ်”
"သူတို့က ဘာအတွက် ရောက်လာကြတာလဲ”
ကျန်းချန်က ထိုစကားကို ကြားလျှင် မျက်မှောင် အနည်းငယ် ကြုတ်သွားခဲ့သည်။
အေးခဲမြစ်ဂိုဏ်းနှင့် ဟန်ယွဲနန်းတော်သည် ဟန်ယွဲ့နယ်မြေ၏ နယ်မြေနတ်ဘုရား အင်အားစုများ ဖြစ်ကြသည်။
ဂူတစ်ဂူထဲတွင် ခြင်္သေ့ နှစ်ကောင် မအောင်းနိုင် ဟူသောစကားပုံ ကဲ့သို့ပင် အင်အားစုနှစ်ခု ကြားတွင် ပွတ်တိုက်မှုများ အမြဲတစေ ရှိခဲ့သည်။
ယခု အေးခဲမြစ်ဂိုဏ်း၏ ခေါင်းဆောင် ကိုယ်တိုင် အဖွဲ့ကို ဦးဆောင်ကာ ဟန်ယွဲ့ နန်းတော်သို့ ရောက်ရှိလာခြင်းသည် ကောင်းသော လက္ခဏာ မဟုတ်လောက်ပေ။
ဝူထျန်းချီက တုံ့ဆိုင်းမနေတော့ဘဲ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ကျန်းချန်အား ပြောပြခဲ့သည်။
လွန်ခဲ့သည့် လဝက်ခန့်က အေးခဲမြစ်ဂိုဏ်းမှ အရှင် ထျန်ဟဲသည် ဂိုဏ်း၏ အထွတ်အထိပ် တပည့် သုံးဦးနှင့်အတူ ဟန်ယွဲ့ နန်းတော်ရှိ တပည့်များကို စိန်ခေါ်ရန် ရောက်ရှိလာခဲ့သည်။
ကျန်းချန်က ဟန်ယွဲ့နန်းတော်တွင် မရှိသလို ကုန်းလင်ကလည်း သိုင်းပြိုင်ပွဲ အပြီးတွင် တံခါးပိတ် ကျင့်ကြံနေခြင်းကြောင့် ဟန်ယွဲ့ နန်းတော်ဘက်မှ ငြင်းဆိုခဲ့သော်လည်း အရှင် ထျန်ဟဲသည် အေးခဲမြစ်ဂိုဏ်းမှ တပည့်များကို ဟန်ယွဲ့ နန်းတော်၏ တပည့်များအား လှောင်ပြောင်ရန်စ စေခဲ့၏။
ထို့ကြောင့် အရှင်ဟောင်ယွဲ့သည် ကျန်းချန် ပြန်ရောက်လာလျှင် အေးခဲမြစ်ဂိုဏ်း၏ စိန်ခေါ်မှုကို လက်ခံရန် ဖိအားပေးခံခဲ့ရသည်။
ဝူထျန်းချီ၏ ရှင်းပြမှုကို ကြားပြီးနောက်တွင် ကျန်းချန်က မနေနိုင်ဘဲ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“အေးခဲမြစ်ဂိုဏ်းက အရင်ကလည်း ဒီလိုမျိုး မကြာခဏ လာရောက် စိန်ခေါ်လေ့ ရှိလား”
“အရင်ကတော့ ဟန်ယွဲ့နန်းတော်နဲ့ အေးခဲမြစ်ဂိုဏ်းတို့ ရံဖန်ရံခါ ပြိုင်ပွဲတွေ ကျင်းပခဲ့ကြပေမယ့် ဟန်ယွဲ့နန်းတော်ကို ဒီလို အတိအလင်း စိန်ခေါ်တာကတော့ ဒါ ပထမဆုံးအကြိမ်ပဲ”
ဝူထျန်းချီက ရှင်းပြလိုက်သည်။
“အကြီးအကဲချုပ် ကျဆုံးသွားတဲ့ နောက်ပိုင်းမှာ ဟန်ယွဲ့နန်းတော်က အရင်လို အေးခဲမြစ်ဂိုဏ်းကို လွှမ်းမိုးနိုင်စွမ်း မရှိတော့ဘူး”
ဝူထျန်းချီ၏ မျက်နှာက လေးနက်နေခဲ့သည်။
“ငါ ခန့်မှန်းတာမမှားရင် ဒီတစ်ကြိမ် အေးခဲမြစ်ဂိုဏ်းရဲ့ စိန်ခေါ်မှုက ဟန်ယွဲ့နန်းတော်ရဲ့ အင်အားကို စမ်းသပ်တာ ဖြစ်နိုင်တယ်”
ဟန်ယွဲ့နန်းတော်တွင် ယခင်က နယ်မြေနတ်ဘုရား သုံးပါး ရှိခဲ့သည်။
ထို့ကြောင့် အေးခဲမြစ်ဂိုဏ်းသည် ဟန်ယွဲ့နန်းတော်၏ ဂုဏ်သိက္ခာကို စိန်မခေါ်ရဲခဲ့ချေ။
အကြီးအကဲချုပ် ကျဆုံးသွားပြီနောက်တွင်မှ အေးခဲမြစ်ဂိုဏ်းသည် စတင် ပခုံးတိုင်းလာခဲ့သည်။
ဤတစ်ကြိမ် အေးခဲမြစ်ဂိုဏ်း လာရောက် စိန်ခေါ်ခြင်းကို ဟန်ယွဲ့ နန်းတော်က အနိုင်ရမှသာ ဟန်ယွဲ့နန်းတော်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။
သို့မဟုတ်လျှင် ဟန်ယွဲ့နယ်မြေရှိ ဟန်ယွဲ့နန်းတော်၏ ရပ်တည်မှုသည် ထိုအချိန်မှစ၍ ကျဆင်းသွားပေလိမ့်မည်။
ကျန်းချန်က အနည်းငယ် စဉ်းစားပြီးမှ မေးလိုက်သည်။
“အေးခဲမြစ်ဂိုဏ်းက ပါရမီရှင် တပည့်တွေရဲ့ ခွန်အားက ဘယ်လို အခြေအနေရှိလဲ”
“အရှင်ထျန်ဟဲက မပိုင်ဘဲ ဟန်ယွဲ့နန်းတော်ကို ဘယ်လို စိန်ခေါ်ရဲပါ့မလဲ.. အေးခဲမြစ်ဂိုဏ်းရဲ့ နံပါတ်တစ် ပါရမီရှင် မိုကျိဟန်က ပြိုင်ဘက်ကင်း ရေခဲလမ်းစဥ် သဘာဝ နတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ အတွက် သူ့ရဲ့ ကျင့်ကြံခြင်း အရှိန်အဟုန်က အတော် ကြောက်ဖို့ကောင်းတယ်.. နှစ်ပေါင်း သုံးရာအတွင်းမှာ သူက ကောင်းကင် နတ်ဘုရား ပဉ္စမအဆင့်ထိ ထိုးဖောက်နိုင်ခဲ့တယ်”
“လွန်ခဲ့တဲ့ နှစ်၂၀ ခန့်က မိုကျိဟန်က ကုန်းလင်နဲ့ တိုက်ခိုက်ခဲ့ဖူးတယ်.. တစ်နေ့နဲ့ တစ်ည တိုက်ခိုက်ပြီးမှ ကုန်းလင်က အနိုင်ရခဲ့တယ်.. ဒီကနေ့မှာတော့ မိုကျိဟန်ရဲ့ ခွန်အားက ကုန်းလင်ရဲ့ အောက်မှာ မရှိလောက်တော့ဘူး”
ဝူထျန်းချီသည် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။
ကျန်းချန်က အံ့အားသင့်သွားခဲ့သည်။
“ရေခဲလမ်းစဥ် သဘာဝ နတ်ခန္ဓာကိုယ် ဟုတ်လား”
ကျန်းချန်သည် နတ်ဘုရားနယ်မြေ အကြောင်း ဘာမှမသိသော ချာတိတ်လေး မဟုတ်တော့ပေ။
နတ်ဘုရားနယ်မြေတွင် ကွဲပြားခြားနားသော အထူး ခန္ဓာကိုယ်များစွာ ရှိနေကြောင်း သူ သိရှိထားသည်။
ထိုအထူးခန္ဓာကိုယ်များသည် သာမန် လူသားများထက် သာလွန်ပြီး သဘာဝ နတ်ခန္ဓာကိုယ်ဟု လူသိများ၏။
သူက ကောင်းကင် နိယာမများကို လျစ်လျူရှုနိုင်သောကြောင့် သူ၏ ခန္ဓာကိုယ်ကို ရှေးဟောင်း အနှိုင်းမဲ့ နတ်ခန္ဓာအဖြစ် မှားယွင်းစွာ မှတ်ယူခံခဲ့ရသည်။
ရေခဲလမ်းစဥ် သဘာဝ နတ်ခန္ဓာကိုယ်သည် ဒဏ္ဍာရီလာ ရှေးဟောင်း အနှိုင်းမဲ့ နတ်ခန္ဓာကိုယ် မဟုတ်သော်လည်း နတ်ဘုရားနယ်မြေတွင် ရှားပါးသော ဂုဏ်သတ္တိရှိသည့် သဘာဝ နတ်ခန္ဓာကိုယ် တစ်ခု ဖြစ်သည်။
ဤကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ ထူးခြားချက်ဖြင့် ဆိုလျှင် ကျင့်ကြံမှု အရှိန်အဟုန်သည် အလွန် လျင်မြန်ရုံသာမက ရေခဲလမ်းစဥ်ကို ကျင့်ကြံရာတွင်လည်း အတားအဆီး လုံးဝ မရှိသလောက် ဖြစ်ပြီး ရေခဲလမ်းစဥ်၏ မူလစွမ်းအားကိုပင် အလွယ်တကူ နားလည်နိုင်စွမ်း ရှိသည်။
တစ်နည်းအားဖြင့် ရေခဲလမ်းစဥ် သဘာဝ နတ်ခန္ဓာကိုယ် ပိုင်ဆိုင်သူများသည် ကောင်းကင်နတ်ဘုရား အဆင့်၏ ကျင့်ကြံခြင်း လမ်းကြောင်း တစ်လျှောက်လုံးတွင် အတားအဆီး တစ်စုံတစ်ရာနှင့်မျှ ကြုံတွေ့ရမည် မဟုတ်ပေ။
နတ်ဘုရားနယ်မြေရှိ ကျင့်ကြံသူ အများစုသည် သူတို့၏ တစ်သက်တာလုံး ကျင့်ကြံလျှင်ပင် ကိုယ်ခံပညာလမ်းစဥ်၏ မူလစွမ်းအားကို နားမလည်နိုင်ချေ။
ထို့ကြောင့် ဤကဲ့သို့ ထူးခြားဆန်းကြယ်သည့် သဘာဝ နတ်ခန္ဓာကိုယ်များသည် ကောင်းကင်နတ်ဘုရား အဆင့်ကို ရောက်ရန် အလွန် လွယ်ကူ၏။
မှန်ပါသည်၊ သဘာဝ နတ်ခန္ဓာကိုယ်က ရှားပါးသော်လည်း နတ်ခန္ဓာကိုယ် များစွာထဲတွင်မူ သာမန်မျှသာ ဖြစ်သည်။
မွေးဖွားလာချိန်မှာပင် ပကတိ နတ်ဘုရား အဆင့်ဖြင့် မွေးဖွားလာသည့် ကြောက်မက်ဖွယ် နတ်ခန္ဓာကိုယ် အချို့လည်း ရှိနေပါသေး၏။
ထိုသို့ စဉ်းစားမိသောအခါ ကျန်းချန်သည် စိတ်နှလုံးသားထဲတွင် သက်ပြင်းချလိုက်သည်။
ကောင်းကင်ကိုပင် ဆန့်ကျင်နေသော နတ်ခန္ဓာကိုယ် အချို့သည် သူ၏ စနစ်နှင့် နှိုင်းယှဉ်လျှင်ပင် မလျော့သော အခြေအနေတွင် ရှိနေကြသည်။
“ညီငယ်လေး ကျန်းချန်.. နတ်ဘုရားနယ်မြေမှာ နတ်ခန္ဓာကိုယ် ရှိတဲ့သူတိုင်းက ပါရမီရှင်တွေထဲက ပါရမီရှင်တွေပဲ.. မင်း ဒီတစ်ကြိမ် ဟန်ယွဲ့ နန်းတော်ကို ပြန်ရောက်ရင် မိုကျိဟန်နဲ့ တိုက်ခိုက်ရလိမ့်မယ်.. ဒါကြောင့် သတိထားပါ”
ဝူထျန်းချီက လေးနက်စွာ သတိပေးလိုက်သည်။
ကျန်းချန်သည် ပါရမီရှင် စိန်ခေါ်မှုတွင် ကုန်းလင်ကို အနိုင်ယူပြီး ပထမနေရာ ရရှိခဲ့သော်လည်း အေးခဲမြစ်ဂိုဏ်းမှ မိုကျိဟန်သည် ပေါ့ဆ၍ရသူ မဟုတ်ပေ။
ကျန်းချန်သာ အနည်းငယ် ပေါ့ဆမိလျှင် ရှုံးနိမ့်နိုင်သည့် အခြေအနေ အမှန်တကယ် ရှိနေခဲ့၏။
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“စိတ်မပူပါနဲ့.. ဒါက အေးခဲမြစ်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ပါပဲ.. ကျွန်တော့်အတွက် သိပ်အရေးထားဖို့ မလိုသေးပါဘူး”
ယခင်ကသာ အေးခဲမြစ်ဂိုဏ်းမှ မိုကျိဟန်ကို ရင်ဆိုင်ရလျှင် သူ့အနေဖြင့် သတိထားကောင်း ထားရပေလိမ့်မည်။
သို့သော် ဤတစ်ကြိမ် နန်လီနယ်မြေ ခရီးစဉ်တွင် သူသည် အဆင့်နှစ်ဆင့် ထိုးဖောက်ခဲ့ပြီး တစ်ချက်တည်းဖြင့် မဟာကောင်းကင် နတ်ဘုရား ဖြစ်လာခဲ့သည်။
မဟာမြေရိုင်း နတ်ဂိုဏ်း၏ ထိပ်ဆုံးအဆင့် ပါရမီရှင်သည်ပင် သူ့လို မဟာကောင်းကင် နတ်ဘုရား အဆင့်သာ ဖြစ်သည်။
ထို့ကြောင့် သူ၏ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် မဟာ မြေရိုင်း ပါရမီရှင် စာရင်း၏ ထိပ်ဆုံး နေရာ အတွက်ပင် တိုက်ပွဲဝင်ရန် အရည်အချင်း ရှိနေပြီ ဖြစ်၏။
မိုကျိဟန်က သဘာဝ နတ်ခန္ဓာကိုယ် နှင့် မွေးဖွားလာခဲ့သော်လည်း မဟာကောင်းကင် နတ်ဘုရား အဆင့်သို့ မရောက်သေးသ၍ ကျန်းချန်က အဘယ်ကြောင့် ဂရုစိုက်ရပါမည်နည်း။
အခန်း(၁၈၇၀) ပြီး၏။