← Chapters

အရှိန်အဟုန် ဧရာမစွမ်းအင်လှိုင်းလုံး၏ စွမ်းအား

Vol. 17 Ch. 226

အရှိန်အဟုန် ဧရာမစွမ်းအင်လှိုင်းလုံး၏ စွမ်းအား

Vol. 17 Ch. 226

"ငါ...."

မင်ကျန်းထောင်သည် တုန်တုန်ရီရီဖြင့် လှည့်ကြည့်လိုက်ရာ သူ၏ဂျူနီယာညီလေးသည် အခန်းထဲတွင် တည်ငြိမ်စွာ ထိုင်နေပြီး လက်ဖက်ရည်ခွက်ကို ကိုင်ကာ လက်ဖက်ရည်ကို တိကျသောရွေ့လျားမှုများဖြင့် ငှဲ့နေသည်ကို တွေ့လိုက်ရသည်။ လက်ဖက်ရည်၏ ကြွယ်ဝသောရနံ့သည် အခန်းထဲတွင် ပြည့်နှက်နေသော်လည်း သူသည် ထိုအရာကို မခံစားနိုင်ဘဲ ကြီးမားသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒနှင့် သေခြင်းတရား၏ အငွေ့အသက်တို့ကိုသာ ခံစားလိုက်ရသည်။

"စိတ်လှုပ်ရှားမနေပါနဲ့....ထိုင်ပါအုံး"

ကျန်းရွှမ်က ဖိတ်ခေါ်သည့်ပုံဖြင့် လက်ဟန်အမူအယာပြလိုက်သည်။

မင်ကျန်းထောင်၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။ သူသည် မငြင်းဆန်ဝံ့သဖြင့် ခြေတစ်လှမ်းချင်းလျှောက်လှမ်းကာ ရှေ့သို့တိုးသွားပြီး စိတ်မအေးစွာဖြင့် ထိုင်ချလိုက်သည်။ သူသည် လက်ဖက်ရည်ပန်းကန်ကို တုန်ရီနေသော လက်များဖြင့် ကောက်ယူလိုက်ရင်း အပြုံးတစ်ခုကို အတင်းအကြပ် ဖန်တီးလိုက်သည်။

"ဂျူနီယာညီလေး... မင်း အနားမယူဘူးလား"

"စိတ်လှုပ်ရှားနေဖို့ မလိုပါဘူး.... ငါသာ မင်းကို တကယ်သတ်ချင်ခဲ့ရင် မင်း မလေးမစား ပြုမူလိုက်တဲ့ အချိန်မှာတင် မင်း သေပြီးသား ဖြစ်နေလောက်ပြီ"

ကျန်းရွှမ်က သူ၏လက်ကို ဝှေ့ယမ်းပြီး ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။

မင်ကျန်းထောင်က သက်ပြင်းရှည်ကြီးတစ်ချက် ရှူထုတ်လိုက်သည်။ ဤသည်မှာ အဓိပ္ပါယ်ရှိပေ၏။ အကယ်၍ တစ်ဖက်လူသာ သူ့ကို အမှန်တကယ် သေစေလိုခဲ့လျှင် သူသည် ယခုအချိန်ထိ အသက်ရှင်နေနိုင်မည် မဟုတ်ချေ။

ကျန်းရွှမ်သည် မင်ကျန်းထောင်၏တိတ်ဆိတ်မှုကို သတိပြုမိသွားပြီး သူ၏လက်ချောင်းများဖြင့် စားပွဲခုံကို ဖြည်းညှင်းစွာပုတ်လိုက်သည်။ သူ၏မျက်နှာအမူအယာသည် တည်ငြိမ်နေပြီး မင်ကျန်းထောင်ကို စူးစိုက်၍ ကြည့်လိုက်၏။

"မင်းက ဒီကိစ္စကို သိသွားမှတော့ ငါက ဒါကို ဆက်ပြီး ဖုံးကွယ်ထားဖို့ မလိုတော့ဘူး... ဖရိုဖရဲကံကြမ္မာကျင့်ကြံသူဆိုတာက ဘာလဲဆိုတာ ငါ ရှင်းပြဖို့မလိုဘဲ မင်း နားလည်မှာပါ...ဒီအယောင်ဆောင်မှုတွေအားလုံးက သူတို့ထဲကို စိမ့်ဝင်ဖို့ အကွက်ချ စီစဥ်ခဲ့တာပဲ..ဒါက ကံကြမ္မာခန်းမရဲ့ဌာနချုပ်က အကြီးအကဲတွေအားလုံး စုပေါင်းပြီး ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ခုပဲ...ဒါက ဘာကို အဓိပ္ပာယ်ဆောင်လဲဆိုတာ မင်း သိသင့်တယ်"

ကျန်းရွှမ်သည် မိုချင်းကို သတ်ဖြတ်ခဲ့ပြီးနောက် မိုတောက်ဂိုဏ်းသည် ဤကိစ္စကို အလွတ်ပေးမည် မဟုတ်သည်အား သိရှိထားသည်။ သူတို့သည် ဂိုဏ်းရှိ ထိပ်သီးကျင့်ကြံသူများကို လွှတ်ကောင်းလွှတ်နိုင်သည် သို့မဟုတ် မိုပိုင်ယဲ့ ကိုယ်တိုင်ပင် ရောက်ရှိလာနိုင်သည်ကို သူ ကြိုတင်သိရှိထားပေ၏။ ထို့ကြောင့် သူသည် သူတို့ကို ဆွဲဆောင်ရန် ဤအသေးစိတ်စီစဥ်ထားသော ထောင်ချောက်ကို ကြိုတင်တည်ဆောက်ထားခဲ့သည်။

သူ၏လုပ်ရပ်များသည် ဖရိုဖရဲကံကြမ္မာကျင့်ကြံသူများကို ပစ်မှတ်ထားသော ကြီးမားသည့် အကြံအစည်တစ်ခု၏ တစိတ်တပိုင်းဖြစ်ကြောင်း ပြောင်ပြောင်တင်းတင်း ရှင်းပြခြင်းသည် မည်သူ့ကိုမျှ ယုံကြည်စေမည် မဟုတ်ပေ။ သို့ရာတွင် တစ်စုံတစ်ယောက်ကို အမှန်တရားအား သူကိုယ်တိုင် ရှာဖွေတွေ့ရှိရန် သဲလွန်စတစ်ခု ချန်ထားခဲ့ခြင်းသည် ယုံကြည်မှုကို ခိုင်မာစေလိမ့်မည်။ လူများသည် သူတို့၏ ကိုယ်ပိုင်ကြိုးပမ်းမှုများမှတစ်ဆင့် ရှာဖွေတွေ့ရှိခဲ့သည်ဟု တွေးထင်ရသောအရာကို အကြွင်းမဲ့ယုံကြည်ကြသည်။

ဤသည်ကြောင့် ကျန်းရွှမ်သည် မင်ကျန်းထောင်ကို စုံစမ်းစစ်ဆေးနိုင်ရန် အချိန်ပေးရန်အတွက် အစောပိုင်းက ဒဏ်ရာရဟန်ဆောင်ခဲ့ခြင်းဖြစ်သည်။

"ငါ နားလည်ပါတယ်"

မင်ကျန်းထောင်က ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်သည်။

ကျန်းရွှမ်၏စကားများမှ သူသည် အရေးကြီးသော သတင်းအချက်အလက် နှစ်ခုကို ထုတ်နှုတ်နိုင်နိုင်ခဲ့သည်။

ပထမတစ်ချက်မှာ အစောင့်တပ်မှူး ဖွင့်ဟခဲ့သမျှ အရာအားလုံးသည် အမှန်တရားပင်။ ဤပုဂ္ဂိုလ်သည် ဖရိုဖရဲကံကြမ္မာကျင့်ကြံသူများကို ကိုင်တွယ်ဖြေရှင်းရန် လင်းပုယန်အဖြစ် ဟန်ဆောင်ခဲ့သည်။

ဒုတိယတစ်ချက်မှာ သူ၏ရှေ့မှလူသည် သာလွန်ထူးကဲသော အထောက်အထားတစ်ခုကို ပိုင်ဆိုင်ထားပြီး ကံကြမ္မာခန်းမဌာနချုပ်ရှိ ဝါရင့်အကြီးအကဲတစ်ဦး ဖြစ်နိုင်ခြေများသည်။

အကြီးအကဲအိုးယန်ဟိုင်သည် ဤကဲ့သို့ လေးစားမှုမျိုးကို ပြသခဲ့သည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။ အဆင့်အတန်းအရဖြစ်စေခွန်အားအရ ဖြစ်စေ ဤလူသည် သူ့ထက် များစွာပို၍သာလွန်နေသည်။

"ကောင်းပြီလေ...မင်း နားလည်မှတော့ ဒီကိစ္စကို လျှို့ဝှက်ထားဖို့ ငါ မျှော်လင့်တယ်... ဖရိုဖရဲကံကြမ္မာကျင့်ကြံသူတွေက ဒီကိစ္စကို မတော်တဆကြားသိသွားခဲ့ရင် ငါတို့ရဲ့ ကြိုးပမ်းမှုအားလုံး အလဟဿ ဖြစ်သွားလိမ့်မယ်... မင်းက အကျိုးဆက်တွေကို ခံစားရရုံတင်မကဘဲ မိုတောက်ဂိုဏ်းတစ်ဂိုဏ်းလုံးနဲ့ ကျိုးယီအင်ပါယာတောင်မှ ကံကြမ္မာခန်းမဌာနချုပ်ရဲ့ အမျက်ဒေါသကို ရင်ဆိုင်ရလိမ့်မယ်"

ကျန်းရွှမ်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ မျက်စိတစ်မှိတ်အတွင်း လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါတစ်ရပ်သည် ကောင်းကင်ဘုံကို ဖြတ်ကျော်၍ပျံသန်းနေသော အစွမ်းထက်နဂါးတစ်ကောင်အလား ရှေ့သို့တိုးထွက်လာခဲ့သည်။ မင်ကျန်းထောင်သည် ထိတ်လန့်တကြားဖြစ်သွားကာ သူ၏ထိုင်ခုံမှ ပြုတ်ကျလုနီးပါး ဖြစ်သွားလေ၏။

ပြင်းထန်သော ဖိအားအရှိန်အဝါကြောင့် သူ အသက်ရှူနိုင်ရန်ပင်အားစိုက်ထုတ်နေရသည်။ ဤလူ၏ကျင့်ကြံဆင့်သည် သူ၏ကျင့်ကြံဆင့်ထက် များစွာပို၍ ကျော်လွန်နေသည်မှာ သိသာထင်ရှားနေသည်။

"ငါ...ငါ နားလည်ပါတယ်"

မင်ကျန်းထောင်သည် သူ၏မိုတောက်ဓားကို ဆုပ်ကိုင်ထားမှု လျော့ရဲသွားပြီး မြေပြင်ပေါ်သို့ ဘုန်းခနဲမြည်သံနှင့်အတူ ပြုတ်ကျသွားကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုလိုက်၏။

သူ၏ ကြောက်လန့်နေသော အမူအယာကို မြင်တွေ့ချိန်၌ ကျန်းရွှမ်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

ဤလွှမ်းမိုးချုပ်ကိုင်နိုင်မှု အရှိန်အဝါသည် အမှန်အားဖြင့် အိုးယန်ဟိုင်က ပေးအပ်ခဲ့သော 'အရှိန်အဟုန်ကံကြမ္မာ' မှ ရရှိခဲ့ခြင်းပင်။ သူသည် ထိုအရာကို အပြည့်အဝ မလေ့လာရသေးသော်လည်း စွမ်းအင်တစွန်းတစကို ထုတ်လွှတ်လိုက်ရုံမျှဖြင့် မင်ကျန်းထောင်ကို လွှမ်းမိုးရန် လုံလောက်သည်။

"ငါတို့က တွေ့ဆုံခဲ့ကြမှတော့ မင်းကို ငါ အခွင့်အရေးတစ်ခု ပေးမယ်"

ကျန်းရွှမ်၏မျက်နှာအမူအယာသည် ကြင်နာသော အပြုံးအဖြစ်သို့ နူးညံပျော့ပျောင်းသွားသည်။

"မင်းရဲ့ကျင့်ကြံမှုက လက်ရှိမှာ ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေတယ်...မင်း အဆင့်ချိုးဖျက်နိုင်မှု မရှိသေးတဲ့ အကြောင်းအရင်းက မင်းရဲ့ ရှင်းလင်းမှုမရှိတဲ့ စိတ်နှလုံးသားနဲ့ မသန့်စင်တဲ့ စိတ်ဝိညာဉ်ကြောင့်ပဲ...ဒါတွေက မွေးရာပါအားနည်းချက်တွေနဲ့ မင်းမှာ ရှိနေတဲ့ စိတ်မလုံခြုံမှုတွေကနေ အရင်းခံတယ်...ငါက မင်းကို ဒါတွေ ဖြေရှင်းဖို့ ကူညီပေးခဲ့ရင် အဲ့ဒီ ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားမှာ မဟုတ်လား"

မင်ကျန်းထောင်၏ခန္ဓာကိုယ် တုန်ရီသွားပြီး မယုံကြည်နိုင်မှုကြောင့် သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူ၏ပြဿနာသည် နှစ်ပေါင်းများစွာ တည်ရှိနေခဲ့ပြီး မရေမတွက်နိုင်သော ဆေးလုံးများ အပါအဝင် သူ ကြိုးစားခဲ့သမျှ ဖြေရှင်းနည်းတိုင်းကို ဆန့်ကျင်ခဲ့သည်။ သို့ရာတွင် ဤလူသည် တစ်ချက်ကြည့်ရုံဖြင့် ဤကိစ္စကို ထွင်းဖောက်တွေ့မြင်ခဲ့သည်။ ဤကဲ့သို့သော ထိုးထွင်းသိမြင်နိုင်မှုသည် သူ တွေ့ဆုံခဲ့ဖူးသမျှ လူများအားလုံးထက် ကျော်လွန်သွားခဲ့လေပြီ။

သူသည် အမှန်တကယ်ကို သာလွန်ထူးကဲလှကာ ကံကြမ္မာခန်းမဌာနချုပ်၏ အစစ်အမှန်ပါရမီရှင်တစ်ဦး ဖြစ်နိုင်သည်။

ကျန်းရွှမ်သည် သူ၏လက်များကို နောက်ပစ်ပြီး မတ်တတ်ထရပ်လိုက်သည်။

"လူသားတွေက အမြစ်ခြောက်ခုကို ပိုင်ဆိုင်ထားတယ်...ဒါတွေက မျက်စိ နား နှာခေါင်း လျှာ ရုပ်ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဥ်တို့ပဲ.. ဒီအမြစ်တွေ ပြီးပြည့်စုံမှသာ တစ်စုံတစ်ယောက်က ကံကြမ္မာကို နားလည်ပြီး တည်ထောင်နိုင်မယ်...မင်းရဲ့ပြဿနာက မပြည့်စုံတဲ့အမြစ်တွေမှာ တည်ရှိနေပြီးတော့ ကျင့်ကြံဆင့်ချိုးဖျက်ဖို့ အရမ်းခက်ခဲစေတယ်...ငါ မင်းကို လမ်းညွှန်ပေးမယ်... မင်း ထင်ယောင်ထင်မှားမြက်ပင်အကြောင်း ကြားဖူးလား"

မင်ကျန်းထောင်က ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့...ဒါက ထူးခြားတဲ့ရနံ့တစ်ခု ရှိတဲ့ ဆေးပင်တစ်မျိုးပဲ...ထင်ယောင်ထင်မှားတွေကို ဖြစ်စေပြီးတော့ ဝမ်းနည်းပူဆွေးမှုတွေကို သက်သာစေတယ်လို့ ဆိုကြတယ်...တချို့က ဒါကို မေ့လျော့ခြင်းမြက်ပင် ဒါမှမဟုတ် စိုးရိမ်သောကကင်းမြက်ပင်လို့ ခေါ်ကြတယ်"

"အတိအကျပဲ...ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့်ကို ချိုးဖျက်ဖို့ မကြိုးစားခင်မှာ အဲ့ဒီမြက်ပင်တစ်ပင်ကို ရှာပြီးတော့ မုန်တိုင်းထန်တဲ့ ညတစ်ညမှာ စားသုံးလိုက်ပါ.. ဒါက အံ့အားသင့်ဖို့ကောင်းတဲ့ရလဒ်တွေကို ပေးစွမ်းနိုင်လိမ့်မယ်...ဒါပေမဲ့ မင်း နားလည်ထားရမှာက. ဒါက ယာယီ ဖြေရှင်းနည်းတစ်ခုပဲ...ကံကြမ္မာကို အစစ်အမှန် နားလည်သဘောပေါက်ဖို့က ပိုပြီးတော့ နက်နဲသိမ်မွေ့တဲ့ နည်းလမ်းတွေ လိုအပ်တယ်"

ကျန်းရွှမ်က ရှင်းပြလိုက်ပြီးနောက် တံခါးမှထွက်သွားရန် လက်ဟန်အမူအယာ ပြလိုက်၏။

"လောလောဆယ်တော့ ဒီလောက်ပဲ... ငါက ငါ့ရရဲ့ဒဏ်ရာတွေ ပျောက်ကင်းအောင် ကုသဖို့ လိုသေးတယ်... ဂရုစိုက်ပါ စီနီယာအစ်ကို"

"ဟုတ်ကဲ့"

နှင်ထုတ်ခြင်းဖြစ်ကြောင်း သိရှိလိုက်သဖြင့် မင်ကျန်းထောင်သည် မတ်တတ်ထရပ်ကာ အလျင်စလို ထွက်ခွာလိုက်သည်။ အခန်းမှထွက်ခွာလာပြီးမှသာ သူ၏ကျောပြင်တွင် ဇောချွေးများဖြင့် စိုရွှဲနေသည်ကို သူ သတိပြုမိလိုက်သည်။ ထိုလူ၏တည်ရှိမှုသည် အလွန်အမင်း လွှမ်းမိုးချုပ်ကိုင်နိုင်ပေ၏။

"ထင်ယောင်ထင်မှား မြက်ပင်...ငါ ဒါကို စမ်းကြည့်ရမယ်"

မင်ကျန်းထောင်က သူ၏လက်သီးများကိုဆုပ်ပြီး စိတ်ပိုင်းဖြတ်လိုက်သည်။ ထိုလူသည် သစ္စာစောင့်သိမှုမှတဆင့် ပို၍ကြီးမားသော ဆုလာဘ်များကို ယူဆောင်လာနိုင်ကြောင်း မသိမသာညွှန်ပြခဲ့သည်။ ဤသည်မှာ သူ၏ အားနည်းချက်များကို ဖြေရှင်းနည်းများ မြင့်မားသော နယ်ပယ်များသို့ ချိုးဖျက်နိုင်မှု နှင့် မိုတောက်ဂိုဏ်းအပေါ် လွှမ်းမိုးနိုင်ခြေများပင်။

"ဒါက အရမ်းကြီးမားတဲ့ အခွင့်အရေးပဲ"

သူ၏မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားသည်။

အခန်းထဲတွင် ကျန်းရွှမ်က သက်ပြင်းတစ်ချက်ချလိုက်သည်။ သူသည် ကောင်းကင်ဘုံသောက ကံကြမ္မာကို ကျွမ်းကျင်ပြီး ဖြစ်သော်လည်း သူ၏ကမ္ဘာသစ်ကို လောင်ကျွမ်းခြင်းမပြုပါက သူသည် ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့် အထွတ်အထိပ်ကျင့်ကြံသူတစ်ဦးထက် အနည်းငယ် အားနည်းနေဆဲပင်။ သူ၏ဟန်ဆောင် ခြိမ်းခြောက်ခြင်းသည် စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်ခဲ့သော်လည်း ကံကောင်းစွာဖြင့် အလုပ်ဖြစ်သွားခဲ့သည်။

"ဒီအရှိန်အဟုန်ကံကြမ္မာက မယုံနိုင်လောက်အောင် အသုံးဝင်တာပဲ...ငါက ဒီကံကြမ္မာရဲ့ လျှို့ဝှက်ချက်တွေကို ပိုပြီး နက်နက်ရှိုင်းရှိုင်း တူးဆွကြည့်သင့်တယ်"

ကျန်းရွှမ်က ရေရွတ်လိုက်ပြီး သူ၏စိတ်သည် ကောင်းကင်ဘုံစာကြည့်တိုက်ထဲသို့ ဝင်ရောက်သွားသည်။ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အိုးယန်ဟိုင်မှ ပေးအပ်ခဲ့သော အရှိန်အဟုန်ကံကြမ္မာသည် သူ၏ရှေ့တွင် ထွက်ပေါ်လာပေ၏။

မီးခိုးရောင်ဖျော့ဖျော့စွမ်းအင်သည် မီးခိုးငွေ့အလား စီးဆင်းနေပြီး သက်ဝင်လှုပ်ရှားနေသော်လည်း ညင်သာသည်။ ထိုအရာအတွင်း၌ ကျန်းရွှမ်သည် အစွမ်းထက်စွမ်းအင်မြစ်တစ်စင်းနှင့် ဆင်တူသော အဆက်မပြတ် တိုးတက်နေသည့် စွမ်းအားတစ်ရပ်ကို ခံစားလိုက်ရသည်။

မြစ်၏အခြေသည် ကျယ်ပြန့်သော်လည်း စီးဆင်းမှုသည် အားနည်းနေပုံရပြီး ဗဟိုစီးကြောင်းမျှကိုသာ အားဖြည့်နေရာယူထားသည်။ ဤစွမ်းအင်မြစ်ကို လုံးလုံးလျားလျား ဖြည့်တင်းရန်အတွက် အလွန်များပြားသော ကောင်းကင်ကံကြမ္မာစွမ်းအင်ပမာဏကို လိုအပ်ပေလိမ့်မည်။

သူသည် စွမ်းအင်မြစ်တစ်ခုလုံးကို ဖြည့်တင်းရန် အနည်းဆုံး စွမ်းအင်တန်းတစ်ဘီလီယံခန့် လိုအပ်မည်ဟု ခန့်မှန်းလိုက်သည်။ သူ အစောပိုင်းက ထည့်သွင်းလိုက်သော စွမ်းအင်တန်းနှစ်သန်းဖြင့်ပင် ဤကံကြမ္မာစွမ်းအင်မြစ်၏ငါးပုံတစ်ပုံခန့်ကိုသာ ဖြည့်တင်းပေးနိုင်ခဲ့သည်။

"အဆုံးမရှိတဲ့ တွင်းနက်ကြီးပဲ"

ကျန်းရွှမ်သည် ခေါင်းခါယမ်းရင်း ရေရွတ်လိုက်သည်။ သို့ရာတွင် ဤအရှိန်အဟုန်ကံကြမ္မာ၏ ရှေ့အလားအလာသည် သူ့ကို စိတ်လှုပ်ရှားစေခဲ့သည်။ ထိုကံကြမ္မာကို ထုတ်လွှတ်လိုက်သည့်အချိန်တွင် ထိုအရာသည် သူ၏အရှိန်အဝါကို ပို၍ကြီးမားစေပြီး သူ့ကို ပြိုင်ဘက်ကင်းအစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးအဖြစ် ထွက်ပေါ်လာစေသည်။

သူ အသစ်တွေ့ရှိသော စွမ်းအားသည် စွန်းချန်နှင့်သောက်လီတို့ နှစ်ဦးလုံးကို ထိတ်လန့်သွားစေသည်။ သူတို့သည် ထိတ်လန့်တကြားဖြင့် သူတို့ကိုင်ထားသော ပစ္စည်းများကို မတော်တဆ လွှတ်ချမိသွားကြသည်။ သူတို့၏တုံ့ပြန်မှုများသည် ဤအရှိန်အဟုန် ဧရာမစွမ်းအင်လှိုင်းလုံး၏ ကြောက်မက်ဖွယ် ခြိမ်းခြောက်နိုင်စွမ်းကို အတည်ပြုပေးခဲ့သည်။

"ဒါနဲ့ဆိုရင် ထိပ်တန်းကျင့်ကြံသူတစ်ယောက်အဖြစ် ငါ့ရဲ့ဟန်ဆောင်မှုကို ဘယ်သူမှ သံသယဝင်တော့မှာ မဟုတ်ဘူး...ကျိုးယီအင်ပါယာကို သွားပြီး ခုန်းရှီကို ရှာဖွေဖို့ အချိန်တန်ပြီ"

ကျန်းရွှမ်၏မျက်လုံးများထဲတွင် ယုံကြည်မှု အရိပ်အယောင်များ ထင်ဟပ်လာပြီး သူက ပြုံးလိုက်သည်။

All Chapters