ဖုယင်ယင်၏တောင်းဆိုမှု
Vol. 17 Ch. 228
သူသည် ဤတည်ရှိမှုမှ ခံစားရသော ဖိနှိပ်ချုပ်ကိုင်နိုင်မှု အရှိန်အဝါမှတဆင့် ထိုပုဂ္ဂိုလ်သည် ကျင့်ကြံမှုတွင် သူ့ထက် များစွာသာလွန်ကြောင်း ညွှန်ပြနေသည်။ သို့ရာတွင် ဓမ္မရုပ်သွင်ထင်ဟပ်ခြင်းနယ်ပယ်စွမ်းအား၏ အချိုးမကျစွာ ရောယှက်နေမှုက ထိုအရှိန်အဝါနှင့် မလိုက်ဖက်သကဲ့သို့ ဖြစ်စေသည်။
"ငါ အာရုံခံတာ မှားသွားတာပဲ ဖြစ်ရမယ်..."
မင်ကျန်းထောင်သည် ခေါင်းခါယမ်းကာ ထိုအတွေးကို ဖယ်ရှားလိုက်ပြီး ကျန်းရွှမ်၏အခန်းဆီသို့ လျှောက်လှမ်းသွားလိုက်သည်။
ဤနေရာရှိ ကိစ္စများ ပြီးပြတ်သွားသဖြင့် ကျိုးယီအင်ပါယာသို့ ပြန်ရန် အချိန်တန်လေပြီ။ ထိုသို့မဟုတ်ပါက သူ မရှိသည့်အချိန်တွင် သူ၏ဆရာသည် မည်သို့သော လုပ်ဆောင်မှုများအား ပြုလုပ်မည်ကို မည်သူ သိနိုင်မည်နည်း။
မင်ကျန်းထောင်သည် သူ၏အဆင့်ချိုးဖျက်မှု အရှိန်အဝါကို ခံစားမိလိုက်ကြောင်း မသိဘဲ ကျန်းရွှမ်သည် သူ၏အကြည့်ကို သူ၏ဓမ္မရုပ်သွင်ထံသို့ လှည့်လိုက်သည်။
သာမန်အားဖြင့် ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူတစ်ဦး၏ ဓမ္မရုပ်သွင်သည် ဆယ့်နှစ်ပေမျှ အမြင့်တွင် ရှိနေရပေမည်။ ထို့ပြင် ထိုအရာမှနေ၍ တစ္ဆေသရဲတစ်ကောင်အလား ခပ်ဖျော့ဖျော့ စိမ်းပြာရောင်အလင်းတန်းကို ထုတ်လွှတ်ထားပေမည်။ ထိုဓမ္မရုပ်သွင်များသည် ခန့်ညားထည်ဝါသော အရှိန်အဝါတစ်ခုကို သယ်ဆောင်ထားသော်လည်း မည်သည့် လှပမှု ဆွဲဆောင်မှုမျှ ရှိမည်မဟုတ်ချေ။
ဆန့်ကျင်ဘက်အနေဖြင့် ကျန်းရွှမ်၏ဓမ္မရုပ်သွင်သည် နှစ်ဆယ့်လေးပေခန့်မြင့်မားပြီး ခပ်ဖျော့ဖျော့ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်ထားသည်။ ထိုအရာသည် တိမ်တိုက်များပေါ်မှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးနှင့် ဆင်တူကာ ခန့်ညားထည်ဝါနေပြီး တစ်ချက်ကြည့်ရုံမျှဖြင့် မည်သူ့ကိုမဆို ခုခံလိုသော အတွေးများ မဝင်နိုင်အောင် ဖြစ်စေသည်။
"ဒါက ဘာလို့ ဒီလောက်ထိ ကွဲပြားနေရတာလဲ"
ကျန်းရွှမ်ကတွေးတောရင်း တီးတိုးရေရွတ်လိုက်သည်။
"ဒါက မြင်းကောင်ရေ ၉၉၉ခွန်အား အကန့်အသတ်ကို ချိုးဖျက်တာနဲ့များ ဆိုင်နေမလား"
ရွှေရောင်အလင်းတန်း ထွက်ပေါ်လာခြင်း၏။တိကျသော အကြောင်းအရင်းကို သူ သေချာမသိချေ။ သို့ရာတွင် သူသည် ဤသည်မှာ သူ၏ ကောင်းကင်ဘုံသောကကံကြမ္မာကို နားလည်သဘောပေါက်မှုနှင့် ဆက်စပ်နေမည်ဟု သံသယဝင်မိလေ၏။
ဓမ္မရုပ်သွင်သည် သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်လည် ပေါင်းစပ်ဝင်ရောက်သွားသည့်အချိန်တွင် သူ၏ နတ်ဘုရားစိတ်ဝိညာဥ် ပို၍ကျစ်လစ်သိပ်သည်းလာသည်ကို ခံစားလိုက်ရသည်။
ယခင်က သူ၏စိတ်ဝိညာဥ်သည် ညဘက်တွင် အဝေးသို့ ခရီးသွားနိုင်သော်လည်း နေ့ဘက်တွင်မူ ရုပ်ခန္ဓာကိုယ်နှင့် အနီးကပ်နေရန် လိုအပ်ခဲ့သည်။ ယခုချိန်၌ သူ၏စိတ်ဝိညာဥ်သည် မိုင်ရာပေါင်းများစွာကျယ်ဝန်းသော အချင်းဝက်အတွင်း ဘေးကင်းစွာ လှည့်လည်သွားလာနိုင်မည်ဟု ခံစားလိုက်ရသည်။ ပြင်းထန်သောလေပြင်းများပင်လျှင် သူ၏နတ်ဘုရားစိတ်ဝိညာဥ်ကို ပျံ့လွင့်သွားစေရန် ခက်ခဲလိမ့်မည်အား သူ တွေ့ရှိမိသည်။
ထိုသို့ဆိုသည့်တိုင် သူသည် သတိကြီးစွာထားနေဆဲပင်။ ရုပ်ခန္ဓာကိုယ်ကို အစောင့်အကြပ်မရှိဘဲ ထားခဲ့ခြင်းသည် စွန့်စားမှုတစ်ခု ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှုမရှိသောကြောင့် စိတ်ဝိညာဥ်ပညာရပ်များ သို့မဟုတ် ကံကြမ္မာ ခြယ်လှယ်မှုတွင် ကျွမ်းကျင်သော ကျင့်ကြံသူတစ်ဦးသည် သူ့ကို လွယ်ကူစွာ ဖျက်ဆီးနိုင်ပေလိမ့်မည်။ ထိုအချိန်ကျပါက သူ၏စိတ်ဝိညာဥ်မဲ့ခန္ဓာကိုယ်သည် ခုခံနိုင်စွမ်း လုံးလုံးလျားလျား ကင်းမဲ့သွားပေလိမ့်မည်။
သူသည် လင်းပုယန်နှင့် ဖြစ်ခဲ့သော အဖြစ်အပျက်ကို ပြန်လည်သတိရလိုက်သည်။ ထိုလူသည် သူ၏နတ်ဘုရားစိတ်ဝိညာဥ်ကို အသုံးပြု၍ သူ၏ခန္ဓာကိုယ်မှ ထွက်ခွာခြင်းဖြင့် ကျန်းရွှမ်ကို သတ်ဖြတ်ရန် ကြိုးစားခဲ့သည်။ သို့ရာတွင် စွန်းချန်၏ လက်ချက်ဖြင့် သူသည် သေခြင်းတရားနှင့်သာ တွေ့ဆုံခဲ့ရသည်။
"သခင်လေး... သခင်မဖုက ဧည့်ခန်းမဆောင်မှာ သခင်လေးကို စောင့်နေပါတယ်..."
စွန်းချန် လျှောက်လှမ်းလာပြီး သူ၏ကျင့်ကြံမှု တိုးတက်လာသည်မှာ သိသာထင်ရှားသည်။ သူ၏ဒီရေအလားအရှိန်အဝါသည် နက်နဲသိမ်မွေ့ပြီး အဆုံးအစမဲ့ကာ ဓမ္မခွဲထွက်ခြင်းနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်သွားခဲ့လေပြီ။
ကျန်းရွှမ်သည် သူ၏ကျင့်ကြံဆင့်ကို ဖုံးကွယ်လိုက်ပြီး ဧည့်ခန်းမဆောင်သို့ လျှောက်လှမ်းဝင်လိုက်ရာ ထိုနေရာတွင် ဖုယင်ယင် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူမကို ကြည့်ရသည်မှာ အာရုံပျံ့လွင့်နေပြီး အတွေးများထဲတွင် နစ်မြောနေပုံရသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း၌ ဟန်ယွမ်မြို့တော်တစ်ခုလုံးတွင် လှုပ်ခတ်မှုအမြောက်အများ ဖြစ်ပွားခဲ့သည်။ လူအများသည် အကြီးအကဲမင်ကျန်းထောင်၏ လက်ချက်ဖြင့် ဧကရာဇ်ဟန်ချန်ချောင် သေဆုံးရခြင်းကို မိုတောက်ဂိုဏ်းအား ပြစ်မှားမိခြင်းကြောင့်ဟု သတ်မှတ်ခဲ့ကြ၏။ သို့ရာတွင် ဖုယင်ယင်ကမူ အမှန်တရားကို သိနေခဲ့သည်။ ဤသည်က "လင်းပုယန်" နှင့် ဆက်စပ်နေသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
ပထမဦးစွာ ဖုန်းကျောက်ထင် အသတ်ခံခဲ့ရပြီး တစ်စုံတစ်ယောက်သည် လီယွဲ့အန်း၏ နာမည်အောက်မှ ဆုငွေကို သိမ်းယူခဲ့ပြီးနောက် လီယွဲ့အန်းကို သတ်ဖြတ်ခဲ့သည်။ ထိုဆက်တိုက်ဖြစ်စဥ်သည် ဟန်ချန်ချောင်က မိုချင်းကို သတ်ဖြတ်ပြီးနောက် ဆုလာဘ်ထုတ်ယူကာ သူကိုယ်တိုင် ဖယ်ရှားရှင်းလင်းခံလိုက်ရပုံနှင့် ထပ်တူကျနေသည်။
"လင်းပုယန်" ပါဝင်ပတ်သက်ခြင်း မရှိဟုဆိုလျှင် သူမ ဤကိစ္စကို ယုံကြည်နိုင်မည် မဟုတ်ချေ။
ထိုသို့ဆိုသည့်တိုင် လင်းပုယန်သည် ထိုကိစ္စကို ထုတ်မပြောရန် ရွေးချယ်ခဲ့သဖြင့် သူမသည်လည်း တိတ်တဆိတ်နေခဲ့သည်။
"လင်းပုယန်" သည် သာမာန်ထိတွေ့ဆက်ဆံမှုများတွင် နူးညံ့သိမ်မွေ့ပြီး အန္တရာယ်ကင်းမဲ့ပုံရသော်လည်း ကိစ္စများကိုလုပ်ဆောင်ရာတွင် သူ၏ ရက်စက်မှုသည် ပြိုင်ဘက်ကင်းပင်။ ဖုယင်ယင်ပင်လျှင် သူ့ကို ပေါ့ပေါ့တန်တန် ရန်စစော်ကားဝံ့ခြင်းမရှိချေ။
"သခင်မဖု..."
နူးညံ့ညင်သာသော အသံကြောင့် သူမသည် အတွေးများထဲမှ လန့်နိုးသွားသည်။ သူမ လှည့်ကြည့်လိုက်ရာ "လင်းပုယန်"သည် သူမ၏ရှေ့တွင် မတ်တတ်ရပ်နေသည်ကို မြင်တွေ့မိလေ၏။
ရက်အနည်းငယ်ကြာပြီးနောက် ဒုတိယခန်းမသခင်လင်း၏ အမူအယာသည် နက်နဲသိမ်မွေ့လာခဲ့ပြီး သူ၏အရှိန်အဝါသည် ပို၍လွှမ်းမိုးချုပ်ကိုင်နိုင်လာခဲ့သည်။ သူ၏ကျင့်ကြံမှုကို ဖုံးကွယ်ထားသော်လည်း ဖုယင်ယင်သည် အကယ်၍ သူသာ ဆန္ဒရှိပါက သူမကို လက်ဝါးတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ကြောင်း အလိုလိုသိနေခဲ့သည်။
သူမသည် အလျင်အမြန် မတ်တတ်ထရပ်လိုက်ပြီး သူမ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ဦးညွှတ် အရိုအသေပြုလိုက်သည်။
"ဒုတိယခန်းမသခင်လင်း... ရှင့်တောင်းဆိုတဲ့အတိုင်း ကံကြမ္မာချပ်ပြားတစ်ရာငါးဆယ်ကို ကျွန်မ အမြန်ဆုံးရအောင် ရှာဖွေပြီးတော့ ဒီနေရာကို ယူလာခဲ့ပါတယ်"
သူမသည် နံဘေးသို့ကြည့်ရန် လက်ဟန်ပြလိုက်ရာ ကျန်းရွှမ်သည် ကြမ်းပြင်ပေါ်တွင် ပုံထားသော ကံကြမ္မာချပ်ပြားပုံကြီးကို သတိပြုမိသွားသည်။
"အရမ်းကောင်းတယ်"
ကျန်းရွှမ်သည် ဝမ်းမြောက်ဝမ်းသာ အော်ဟစ်လိုက်ပြီး သူက ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်သည်။ သူ၏ကောင်းကင်ကံကြမ္မာစွမ်းအင်များ ကုန်ခမ်းသွားခဲ့လေရာ ဤအချိန်မီရောက်ရှိမှုသည် ငိုက်မျဉ်းနေသူကို ခေါင်းအုံးတစ်ခု ကမ်းလှမ်းလိုက်သည့်အလားပင်။
ကံကြမ္မာချပ်ပြားတစ်ရာ့ငါးဆယ်သည် များပြားခြင်း မရှိသော်လည်း သူ လောလောဆယ်အသုံးပြုရန်အတွက် လုံလောက်ပေလိမ့်မည်။ ဤသည်မှာ သူ၏ ကောင်းကင်ဘုံသောက ကံကြမ္မာကို အဆင့်မြှင့်တင်ခြင်း သို့မဟုတ် သူ၏ အရှိန်အဟုန်ကံကြမ္မာကို မြှင့်တင်ခြင်းတို့မှ ရှောင်ကြဉ်နေသမျှ ကာလပတ်လုံးပင်။
သူ ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းလိုက်သည်နှင့် ကံကြမ္မာချပ်ပြားများသည် သူ၏ကမ္ဘာသစ်ထဲသို့ ပျောက်ကွယ်သွားသည်။ ထို့နောက် သူသည် နောက်သို့လှည့်လိုက်ပြီး စွန်းချန်ကို အချက်ပြလိုက်၏။
စွန်းချန်က နွေးထွေးသော အပြုံးဖြင့် ရှေ့သို့ချဉ်းကပ်လာသည်။
"သခင်မဖု... ဒီမှာ ရင်းမြစ်ဒင်္ဂါးသန်းသုံးရာပါ..."
လောင်းကစားလုပ်ခြင်းနှင့် သေလူများထံမှ သိမ်းပိုက်ထားခြင်းတို့ကြောင့် ကျန်းရွှမ်သည် ငွေတော်တော်များများကို စုဆောင်းထားမိပြီး ဖြစ်သည်။ ရင်းမြစ်ဒင်္ဂါးသန်းသုံးရာသည် များပြားသောပမာဏ ဖြစ်သော်လည်း သူ လက်လှမ်းမမီသောအရာ မဟုတ်ချေ။
"ဒါက..."
ဖုယင်ယင်သည် အချိန်တခဏကြာခန့် တွေဝေတုံဆိုင်းသွားပြီးနောက် တဖန်ထပ်၍ ဦးညွှတ်အရိုအသေပြုသည်။
"ဒုတိယခန်းမသခင လင်း... ရှင့်အနေနဲ့ ကျွန်မကို ကူညီပေးမယ်ဆိုရင် ဒီကံကြမ္မာချပ်ပြားတွေကို လက်ဆောင်အဖြစ် သတ်မှတ်လိုက်ပါ"
"မင်းကို ဘာကူညီရမှာလဲ"
ကျန်းရွှမ်က စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်သည်။
ဖုယင်ယင်က ရှင်းပြသည်။
"ရိုးရိုးသားသား ဝန်ခံရရင် ကျွန်မကလည်း ကံကြမ္မာသခင်မ တစ်ယောက်ဖြစ်ပြီးတော့ မြေခွေးညှို့ငင်ကံကြမ္မာကို ကျင့်ကြံတယ်... ဒီကံကြမ္မာက တိုးတက်ဖို့အတွက် ငယ်ရွယ်ပြီး ပါရမီရှိတဲ့ ပုဂ္ဂိုလ်တွေကို လှည့်စားဖို့ လိုအပ်တယ်... သူတို့ရဲ့ပါရမီ ပိုပြီးကြီးမားလေ ကျွန်မ ပိုပြီးတိုးတက်လေလေပဲ..."
ကျန်းရွှမ် အံ့အားသင့်သွားသည်။ သူမ သည် မြေခွေးညှို့ငင်ကံကြမ္မာကို အထူးပြုကျင့်ကြံကြောင်း သူ သိနေခဲ့သော်လည်း ကျင့်ကြံနည်းစနစ်သည် ဤမျှထိ ထူးဆန်းနေလိမ့်မည်ဟု သူ မျှော်လင့်မထားမိချေ။
"ဒါဆိုရင် မင်းရဲ့တောင်းဆိုမှုက ဒီ မြေခွေးညှို့ငင်ကံကြမ္မာနဲ့ သက်ဆိုင်နေတာလား"
ကျန်းရွှမ်က မေးမြန်းလိုက်သည်။
"ဟုတ်ပါတယ်"
သူမက နှုတ်ခမ်းကိုက်ပြီး ဝန်ခံလိုက်သည်။
"ဒုတိယခန်းမသခင်လင်းက ကျွန်မရဲ့ ညှို့ငင်မှုကို လက်ခံပြီးတော့ ကျွန်မနဲ့အတူ မိသားစုဆီကိုလိုက်ခဲ့ဖို့ မျှော်လင့်ပါတယ်"
"မင်းရဲ့ ညှို့ငင်မှုကို လက်ခံရမယ်... ပြီးတော့ မင်းရဲ့ မိသားစုဆီကို လိုက်ခဲ့မှာလား"
ကျန်းရွှမ် ကြက်သေသေသွားပြီး သူ၏ခေါင်းကို အသည်းအသန် ခါယမ်းလိုက်သည်။
"တောင်းပန်ပါတယ်... ဒါပေမဲ့ ကျွန်တော့်မှာလည်း စည်းမျဥ်းတွေ ရှိတယ်..."
ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ...
ကံကြမ္မာချပ်ပြား ၁၅၀ အတွက် သူမသည် သူ့ကို ထိုကိစ္စအား လုပ်ဆောင်စေလိုသလော။ ဤသည်မှာ မဖြစ်နိုင်ချေ။
ဖုယင်ယင်၏မျက်နှာ နီမြန်းသွားပြီး အလျင်အမြန် ရှင်းပြသည်။
"ရှင် နားလည်မှု လွဲနေပြီ ဒုတိယခန်းမသခင်လင်း... ကျွန်မ ဆိုလိုချင်တာက... ရှင်က ညှို့ငင်ခံရသလိုမျိုး ဟန်ဆောင်ပြီးတော့ ကျွန်မနဲ့အတူ လိုက်ခဲ့ဖို့ မျှော်လင့်ပါတယ်... ကျွန်မက ကံကြမ္မာကို အမွေဆက်ခံပြီးတာနဲ့ ရှင်လွတ်လွတ်လပ်လပ် ထွက်သွားလို့ရပြီ.. ဒါပြင် ရှင့်ရဲ့စိတ်ဆန္ဒစွမ်းအားနဲ့ဆိုရင် ကျွန်မ ကြိုးစားခဲ့ရင်တောင်မှ ရှင့်ကို တကယ်ကြီး ညှို့ငင်နိုင်မှာမဟုတ်ဘူးလို့ ကျွန်မ သံသယဝင်မိတယ်"
သူမပြောသည်မှာ အမှန်ပင်။ သူမသည် ကျန်းရွှမ်ကို ညှို့ငင်နိုင်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပြီး မလျော်ကန်သော နည်းလမ်းများအထိပင် အသုံးပြုခဲ့သည်။ ထိုသို့ဆိုသည့်တိုင်အောင် သူသည် မျက်မမြင်တစ်ဦးကဲ့သို့ လုံးလုံးလျားလျား မသိကျိုးကျွန်ပြုနေခဲ့ရာ သူမကို လုံးလုံးလျားလျား စိတ်ပျက်သွားစေခဲ့သည်။
"မဟုတ်ဘူး... ငါ ဘယ်လိုမှ မကူညီနိုင်ဘူး"
ကျန်းရွှမ်းက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
သူ၏ဇနီးသည် အနောက်ဘက်ခြံဝန်းတွင် ရှိနေပေ၏။ ဖုယင်ယင်၏ညှို့ငင်မှုကို လက်ခံပြီး သူသည် သူမနှင့်အတူ ထွက်သွားရမည်လော။ ဤသည်မှာ သူ သေလမ်းရှာခြင်းဖြစ်ပေမည်။
ဖုယင်ယင်၏မျက်နှာပေါ်၌ စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
"ကျေးဇူးပြုပြီး ကူညီပေးပါ ဒုတိယခန်းမသခင် လင်း... မိသားစုရွေးချယ်ပွဲက လဝက်အတွင်းမှာ ကျင်းပတော့မှာပါ... ကျွန်မသာ သင့်တော်တဲ့ ကိုယ်စားလှယ်လောင်းတစ်ယောက်ကို ရှာမတွေ့ခဲ့ရင် ကံကြမ္မာကို အမွေဆက်ခံနိုင်မယ့် အခွင့်အရေးအားလုံးကို ကျွန်မ ဆုံးရှုံးရလိမ့်မယ်..."
"ဒါက မင်းရဲ့ ပြဿနာလေ... ငါ့ရဲ့ပြဿနာ မဟုတ်ဘူး"
ကျန်းရွှမ်က တုံ့ပြန်သည်။
"ဒါ့ပြင် မင်းရဲ့ ညှို့ငင်နည်းစနစ်က ငယ်ရွယ်ပြီးတော့ ပါရမီရှိတဲ့ လူငယ်တွေအပေါ်မှာ အကောင်းဆုံး မဟုတ်ဘူးလား...ငါက အသက်အရမ်းကြီးနေပြီး ဒီလိုစံသတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူး"
လက်ရှိတွင် အသက်ငါးဆယ်နီးပါးရှိသော လင်းပုယန်အဖြစ် ဟန်ဆောင်နေသည့် ကျန်းရွှမ်၏ ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့်ကျင့်ကြံမှုသည် ဟန်ယွမ်မြို့တော်တွင် အထင်ကြီးဖွယ်ရာပင်။ သို့ရာတွင် ကျိုးယီအင်ပါယာ သို့မဟုတ် ထို့ထက်ပို၍ကျယ်ပြန့်သော ဒေသများတွင် သူ့ကို ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ကြမည် မဟုတ်ချေ။
ဖုယင်ယင်သည် သူ့ကို စူးစိုက်၍ကြည့်လိုက်ပြီး သူမက အံ့တင်းတင်းကြိတ်လိုက်၏။
"ဒုတိယခန်းမသခင်လင်း... ရှင့်ရဲ့လက်ရှိပုံစံက အယောင်ဆောင်မှုတစ်ခုလို့ ကျွန်မ သံသယဝင်မိတယ်... ရှင့်ရဲ့ အသက်အမှန်က သုံးဆယ်အောက်မှာပဲ ရှိနေတယ် မဟုတ်လား"
"ဘာအကြောင်းအရင်းက မင်းကို အဲ့ဒီလို ထင်စေတာလဲ"
ကျန်းရွှမ်ကမျက်မှောင်ကြုတ်လိုက်သည်။
အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်ပြီးနောက် ဖုယင်ယင်က ရှင်းပြသည်။
"အလုံးစုံသိမြင်ဂိုဏ်းမှာ ပြိုင်ဘက်ကင်းတဲ့ ထောက်လှမ်းရေးကွန်ရက်တစ်ခု ရှိတယ်ဆိုတာ လူတိုင်း သိထားကြတယ်... ဒါပေမဲ့ မှောင်ခိုစျေးရဲ့ သတင်းအချက်အလက်ကွန်ရက်က အဲ့ဒီထက် မသာရင်တောင် အဲ့ဒီလောက်နီးနီး ယုံကြည်ရတယ်... ကျွန်မထင်တာ မှန်တယ်ဆိုရင် ရှင်က ဒုတိယခန်းမသခင်လင်း မဟုတ်ဘူး... ရှင်က အဖြူရောင်ကျောက်တုံးမြို့က ပါရမီရှင် ကျန်းရွှမ်ပဲ..."