← Chapters

ကျိုးယီမြို့ဖုမိသားစု

Vol. 17 Ch. 229

ကျိုးယီမြို့ဖုမိသားစု

Vol. 17 Ch. 229

"အမ်..."

ကျန်းရွှမ်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

သူသည် သူ၏အယောင်ဆောင်မှုအပေါ် ယုံကြည်ချက်ရှိခဲ့သော်လည်း တစ်နည်းနည်းဖြင့် လူအမြောက်အများသည် မသိသာသော သဲလွန်စများမှတဆင့် ကောက်ချက်ချနိုင်ခဲ့ကြသည်။ ဤအမျိုးသမီးသည် သူ့ကို နှစ်ကြိမ်သာ တွေ့ဖူးသော်လည်း သူမသည် အရာအားလုံးကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးပြီး ဖြစ်ပေ၏။ အယောင်ဆောင်ခြင်းလမ်းစဥ်သည် သူ့အတွက် အကောင်းဆုံး ရွေးချယ်မှု မဟုတ်ခဲ့ပုံပင်။

ထူးချွန်သောပုဂ္ဂိုလ်များအတွက် ဟန်ဆောင်ခြင်းများသည် ကျောက်မီးသွေးများကြားတွင် စိန်တစ်ပွင့်ကို ထားရှိခြင်းနှင့် ဆင်တူသည်။ ထိုအရာ၏တောက်ပမှုသည် ရွေးထုတ်ရန်မလိုအပ်ဘဲ ထွန်းလင်းတောက်ပနေသဖြင့် ဖုံးကွယ်ထားရန် မဖြစ်နိုင်ချေ။

သူ သက်ပြင်းချလိုက်မိသည်။

'အရမ်းထူးချွန်တာက ငါ့ကို မောပန်းစေတာပါလား'

ကျန်းရွှမ် မငြင်းဆန်သည်ကို မြင်သောကြောင့် ဖုယင်ယင်သည် သူမ မှန်ကန်စွာ ခန့်မှန်းမိသွားကြောင်း နားလည်သဘောပေါက်သွားသည်။ သူမသည် အံ့တင်းတင်းကြိတ်ပြီး သူ့ကို စူးစိုက်၍ကြည့်လိုက်သည်။

"ရှင် လင်းပုယန်အဖြစ် အယောင်ဆောင်ခဲ့ပြီးကတည်းက သူ ပေါ်မလာတော့ဘူး... ဖြစ်နိုင်ချေက တစ်ခုတည်းပဲ ရှိတော့တယ်...အစစ်အမှန်လင်းပုယန်က သေသွားခဲ့ပြီးပြီ... ကျွန်မ သိထားသလောက် မိုတောက်ဂိုဏ်းက အကြီးအကဲမင်ကျန်းထောင်က ခုထိ ဟန်ယွမ်မြို့မှာ ရှိနေတုန်းပဲ... ခုထိ သူ ထွက်မသွားသေးဘူး... သူသာ ဒါကို ကြားသွားရင် သူ ဘယ်လို တုံ့ပြန်လိမ့်မယ်လို့ ရှင် ထင်လဲ"

"မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား"

ကျန်းရွှမ်က တည်ငြိမ်အေးဆေးသောအပြုံးဖြင့် သူမကို ကြည့်လိုက်၏။

ဖူယင်ယင်က ခေါင်းငုံ့ကာ သူမ၏လက်သီးများကို ဆုပ်လိုက်သည်။

"ကျွန်မ မလုပ်ဝံ့ပါဘူး... ကျွန်မက အရှင်ကျန်းအပေါ် ကျွန်မရဲ့ ရိုးသားမှုကို ပြသချင်ခဲ့တာပါ... ကျွန်မက ဒီသတင်းအချက်အလက်ကို သိထားပေမဲ့ ထုတ်မပြောဘဲနဲ့ ထိန်းသိမ်းထားခဲ့တယ်... ဒါက ကျွန်မရဲ့စေတနာကောင်းကို သက်သေပြနေတာပဲ"

ကျန်းရွှမ်က ရယ်မောလိုက်သည်။

"ငါက မင်းရဲ့ စေတနာကောင်းကို မလိုအပ်ဘူး...ပြီးတော့ ငါက ခြိမ်းခြောက်မှုတွေကိုလည်း လက်မခံဘူး"

ဖုယင်ယင်က ဆက်လက်၍ ဖိအားပေးသည်။

"ကျွန်မက အရှင်ကျန်းကို ပြန်စဉ်းစားပေးဖို့ မျှော်လင့်မိတယ်... မိုတောက်ဂိုဏ်းက ကျိုးယီအင်ပါယာမှာ အင်အားကောင်းတဲ့ ဂိုဏ်းတွေထဲက တစ်ဂိုဏ်းဖြစ်ပြီးတော့ မကြာသေးခင်က ဓားတစ်သောင်းမဟာမိတ်အဖွဲ့ရဲ့ ဌာနခွဲတစ်ခု ဖြစ်လာခဲ့တယ်... ကျွန်မက ဒါကို ဖွင့်ဟမပြောခဲ့ရင်တောင်မှ သူတို့ သိသွားတဲ့အချိန်မှာ ဒါက ရှင့်ကို ဒုက္ခဖြစ်စေနိုင်တုန်းပဲ... ဒါပေမဲ့ ရှင်သာ ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မြစိမ်းရောင်တောင်တန်းကို မဟာမိတ်အဖြစ် ရရှိထားတာက ရှင့်ကို ဆန့်ကျင်ဖို့ မလုပ်ဆောင်ခင်မှာ သူတို့ကို နှစ်ခါပြန်စဉ်းစားစေလိမ့်မယ်"

"မြစိမ်းရောင်တောင်တန်းက အစွမ်းထက်လို့လား"

ကျန်းရွှမ်က သံသယဖြင့် မျက်ခုံးပင့်လိုက်သည်။

ဖုယင်ယင်၏မျက်နှာပေါ်တွင် ဂုဏ်ယူဝံ့ကြွားမှုဖြင့် ပြည့်နှက်နေသည်။

"မြစိမ်းရောင်တောင်တန်းက ကံကြမ္မာခန်းမ ဒါမှမဟုတ် အလုံးစုံသိမြင်ဂိုဏ်းလို ထိပ်တန်းအဆင့် အင်အားစုတွေနဲ့ မယှဥ်ပြိုင်နိုင်ပေမဲ့ ဒုတိယတန်းစား အင်အားစုတွေကြားမှာ ထင်ရှားပြီးတော့ ကုန်းမြေတခွင်မှာ နာမည်ကျော်ကြားတယ်... ဒါက မိုတောက်ဂိုဏ်းလို သေးငယ်တဲ့ ဂိုဏ်းတစ်ဂိုဏ်းက ယှဥ်ပြိုင်လို့ရတဲ့အရာ မဟုတ်ဘူး... ရှင်သာ ဆန္ဒရှိမယ်ဆိုရင် ကျွန်မက ရှင့်ကို အကြီးအကဲမင်ကျန်းထောင်ရဲ့ စုံစမ်းမေးမြန်းမှုတွေကနေ ကာကွယ်ပေးနိုင်တယ်...."

သူမ၏စကား မဆုံးမီမှာပင် အရပ်ရှည်ပြီး အနည်းငယ် ပိန်လှီသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ခန်းမထဲသို့ လျှောက်လှမ်း ဝင်ရောက်လာသည်။ သူသည် ဒူးတစ်ဖက်ထောက်၍ ထိုင်ချလိုက်ပြီး သူ၏လက်နှစ်ဖက်ကို ပူးဆုပ်လိုက်၏။

"ကျန်းထောင်က အရှင်ကျန်းကို ဂါရဝပြုပါတယ်... ကျွန်တော်က ဒီနေ့ ကျိုးယီအင်ပါယာကို ပြန်ဖို့ စီစဥ်ထားပါတယ်... အရှင်က ကျွန်တော်နဲ့ လိုက်ခဲ့ချင်လား"

"အမ်...."

ဤစကားကိုကြားချိန်တွင် ဖုယင်ယင်သည် လုံးလုံးလျားလျား ကြက်သေသေသွားပေ၏။ သူမ၏မျက်နှာသည် မယုံကြည်နိုင်မှုကြောင့် ရှုံ့မဲ့သွားပြီး သူမက အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးမြန်းလိုက်သည်။

"ဘာ... ရှင်ရဲ့နာမည် ဘယ်သူလို့ ပြောလိုက်တာလဲ"

မင်ကျန်းထောင်က မျက်မှောင်ကြုတ်လိုက်ပြီး သူမကို လှည့်ကြည့်ကာ ပြောဆိုလိုက်သည်။

"ငါ့ရဲ့နာမည်က မိုတောက်ဂိုဏ်းက မင်ကျန်းထောင်ပဲ... ငါက ရပ်နေတာပဲဖြစ်ဖြစ် ထိုင်နေတာပဲဖြစ်ဖြစ် ငါ့ရဲ့နာမည်ကို မပြောင်းလဲဘူး"

"...."

ဖုယင်ယင်သည် နေရာမှာပင် တောင့်တင်းသွားပေ၏။

သူမသည် ကျန်းရွှမ်ကို ခြိမ်းခြောက်ခဲ့ပြီး မင်ကျန်းထောင်သာ သူ၏အယောင်ဆောင်မှုကို တွေ့ရှိသွားပါက အန္တရာယ်ကျရောက်မည်ဟု ပြောဆိုခဲ့သည်။ သို့ရာတွင် နောက်ထပ်အချိန်တခဏတွင် ဤမိုတောက်ဂိုဏ်းအကြီးအကဲသည် ပြေးဝင်လာပြီး ဒူးထောက်ကာ သူ့ကို "အရှင်ကျန်း" ဟု ခေါ်ဝေါ်ခဲ့သည်...။

မင်ကျန်းထောင်းသည် အရာအားလုံးကို သိနှင့်ပြီးသား ဖြစ်နေသည်။ ထိုသို့ဆိုသည့်တိုင် သူမသည် ဤနေရာတွင် ဉာဏ်ရည်နိမ့်ပါးသော ခြိမ်းခြောက်မှုများကို ပြုလုပ်နေခဲ့သည်။ သူမသည် ယခုအချိန်တွင် မည်မျှထိ ရယ်ရွှင်ဖွယ် ကောင်းနေမည်နည်း။

သူမသည် ဆက်လက်၍ သည်းမခံနိုင်တော့ တုန်ရီနေသောနှုတ်ခမ်းများဖြင့် မေးမြန်းလိုက်သည်။

"ရှင်က သူ့ကို အရှင်ကျန်း လို့ ခေါ်တယ်... သူ လင်းပုယန်ကို သတ်ခဲ့တာ ရှင် မသိဘူးလား"

မင်ကျန်းထောင်က မျက်ခုံးပင့်လိုက်ပြီး မတ်တတ်ထရပ်ကာ ထုတ်ပြန်ကြေညာလိုက်သည်။

"ဒါက အရှင်ကျန်းရဲ့လက်ချက်နဲ့ သေဆုံးရတာက လင်းပုယန်အတွက် ဂုဏ်ယူစရာပဲ... ငါ ဒီကိစ္စအတွက် ပျော်တောင်ပျော်မိသေးတယ်... ဒါနဲ့ မင်းက ဘာကို ဆိုလိုချင်တာလဲ... မင်းက ငါတို့ကြားမှာ သွေးခွဲဖို့ ကြိုးစားနေတာလား"

"ဂုဏ်ယူစရာလား... ပျော်ရွှင်တယ်...ဟုတ်လား"

ဖုယင်ယင်သည် သူမ၏လောကကြီး ပြိုလဲကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏ဂျူနီယာညီလေး အသတ်ခံခဲ့ရသည့်တိုင် မင်ကျန်းထောင်သည် စိတ်မပူရုံသာမက လောကကြီးပေါ်တွင် အဖြစ်သင့်ဆုံး အရာတစ်ခုကဲ့သို့ ဒူးထောက်ကာ ကျန်းရွှမ်ကို ကာကွယ်ပေးနေခဲ့သည်။ ဤလူသည် ရူးနေသလော။

"ကောင်းပြီလေ... တခြားဘာကိစ္စမှ မရှိတော့ဘူးဆိုရင် မင်း သွားလို့ရပြီ"

ကျန်းရွှမ်က လျစ်လျှူရှုသောအမူအယာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"စွန်းချန်... သူ့ကို ပြန်ပို့လိုက်တော့"

"ဟုတ်ကဲ့"

စွန်းချန်က ရှေ့သို့ခြေလှမ်းတိုးလိုက်ပြီး လက်ဟန်ပြလိုက်သည်။

"သခင်မဖု... ကျေးဇူးပြုပြီး...."

ဤကဲ့သို့သဘောထားနှင့် ရင်ဆိုင်ရချိန်၌ ဖုယင်ယင်သည် သူမ ယခုကဲ့သို့ ဆက်လက်လုပ်ဆောင်ပါက သူတို့ကို ပို၍စိတ်အနှောင့်အယှက်ဖြစ်သွားစေမည်ကို သိလိုက်သည်။ သူမသည် ထွက်ခွာသွားရန် မလိုလားဘဲ တံခါးဝတွင် ရပ်တန့်ကာ နောက်သို့ လှည့်ကြည့်လိုက်သည်။

"အရှင်ကျန်း... ရှင်သာ ကျွန်မကို ကျွန်မရဲ့မိသားစုဆီကနေ အသိအမှတ်ပြုမှုရအောင် ကူညီမယ်ဆိုရင် ကျွန်မ ရှင့်ကို ကံကြမ္မာချပ်ပြား ငါးရာပေးမယ်... မဟုတ်ဘူး... တစ်ထောင်...."

"တစ်ထောင်လား...."

ထိုကမ်းလှမ်းမှုကြောင့် ကျန်းရွှမ်၏မျက်လုံးများ တောက်ပသွားသော်လည်း သူသည် အခကြေးငွေကို လျင်မြန်စွာ မြှင့်တင်လိုက်၏။

"ကံကြမ္မာချပ်ပြား ငါးထောင်... ဒါဆို ငါ မင်းကို ကူညီမယ်... မဟုတ်ရင် သဘောတူညီစရာ အကြောင်းမရှိဘူး"

ဤသည်မှာ အန္တရာယ်မရှိဘဲ ဝင်ငွေရရှိနိုင်သည့် ကိစ္စပင်။ မည်သူက အခွင့်အရေးကို လက်လွှတ်ခံမည်နည်း။ ကောင်းကင်ဘုံသောကကံကြမ္မာကို စုစည်းပြီးနောက် ကောင်းကင်ကံကြမ္မာစွမ်းအင်များသည် သူ့အတွက် မယုံနိုင်လောက်အောင် တန်ဖိုးရှိလာသည်။ သူမသည် ကံကြမ္မာချပ်ပြားတစ်ထောင်ဖြင့် ပေါ့ပေါ့ပါးပါး ကမ်းလှမ်းခဲ့သဖြင့် သူ အခကြေးငွေကို မြှင့်တင်သည်မှာ အပြစ်မရှိဟု ယူဆလိုက်၏။

"ငါးထောင်လား...."

ဖုယင်ယင်သည် တွေဝေတုံ့ဆိုင်းသွားကာ အံ့တင်းတင်းကြိတ်လိုက်သော်လည်း အချိန်တခဏအကြာတွင် သူမ၏ခေါင်းကို မော့လိုက်သည်။

"သဘောတူတယ်... ဒါပေမဲ့ ကျွန်မရဲ့မိသားစုဆီကနေ အသိအမှတ်ပြုမှုကိုရဖို့ ရှင် အာမခံရမယ်... ကျွန်မသာ အမွေဆက်ခံသူ ဖြစ်လာခဲ့ရင် ကံကြမ္မာချပ်ပြားငါးထောင်က ကျွန်မတို့ဖုမိသားစုအတွက် ပြဿနာတစ်ခု မဟုတ်ဘူး"

"ဖုမိသားစုလား... မင်းက ကျိုးယီမြို့က ဖုမိသားစုကလား"

မင်ကျန်းထောင်က အံ့အားတသင့် မေးမြန်းလေသည်။

"ဟုတ်ပါတယ်"

ဖုယင်ယင်က ခေါင်းညိတ်လိုက်၏။

ကျန်းရွှမ် သိချင်စိတ်ပြင်းပြသွားသည်။

"ဒီဖုမိသားစုက နာမည်ကျော်ကြားလို့လား"

မင်ကျန်းထောင်က ခေါင်းညိတ်လိုက်သည်။

"ဒါက ကျိုးယီအင်ပါယာမှာ အကြီးဆုံးမိသားစုတော့ မဟုတ်ဘူး... ဒါပေမဲ့ ဒါက အင်အားအကြီးဆုံးနဲ့ ချမ်းသာကြွယ်ဝဆုံး မိသားစုတွေထဲက တစ်ခုဖြစ်တာကတော့ သံသယဖြစ်စရာမရှိဘူး... သူတို့က ရင်းနှီးမြှုပ်နှံမှုတွေမှာ ထူးချွန်ပြီးတော့ အရမ်းလှပချောမောတဲ့ မိန်းမလှလေးတွေကို မွေးထုတ်ပေးတဲ့နေရာမှာ နာမည်ကျော်ကြားတယ်... ဒီနှစ်တွေတလျှောက် သူတို့ရဲ့ မဟာမိတ်ဖွဲ့မှုတွေမှာ ထူးကဲတဲ့ ပါရမီရှင်တွေ ဒါမှမဟုတ် ထူးခြားတဲ့ စီးပွားရေး ထိုးထွင်းသိမြင်မှုရှိတဲ့ လူတွေ ပါဝင်ခဲ့တယ်...ဒါက ဝန်ကြီးချုပ်တွေကနေ လူချမ်းသာကုန်သည်တွေအပြင် ကံကြမ္မာခန်းမရဲ့ ဒုတိယခန်းမသခင်နှစ်ယောက်တောင်မှ ဖုမိသားစုထဲကို လက်ထပ်ပြီးဝင်ခဲ့ကြတယ်... လူတော်တော်များများက ဖုမိသားစုဝင် အမျိုးသမီးတစ်ယောက်ကို လက်ထပ်ရတာက ဂုဏ်ယူစရာတစ်ခုလို့ သတ်မှတ်ကြတယ်... ကျွန်တော်တောင် တစ်ခါ ကြိုးစားဖူးသေးတယ်... ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး"

"မင်း....."

ကျန်းရွှမ်းက သူ့ကို သံသယဝင်သော အကြည့်ဖြင့် ကြည့်လိုက်၏။

'မင်း ကိုယ့်ရဲ့ကန့်သတ်ချက်ကိုတောင် ကိုယ်သိရဲ့လား..မင်းက ဖုမိသားစုထဲကို လက်ထပ်ပြီးဝင်ချင်တယ် ဟုတ်လား... မင်းက အရှက်မရှိတဲ့ကောင်ပဲ'

"ဒါက အမှန်ပါပဲ"

ဖုယင်ယင်က အတည်ပြုသည်။

"တကယ်လို့ ကျွန်မသာ စမ်းသပ်မှုကို အောင်မြင်ပြီးတော့ အမွေဆက်ခံသူ ဖြစ်လာခဲ့ရင် ကံကြမ္မာချပ်ပြားငါးထောင်က ပြဿနာတစ်ခု မဟုတ်ဘူး"

"ဘယ်လို စမ်းသပ်မှုမျိုးလဲ"

ကျန်းရွှမ်က စိတ်ဝင်တစား မေးမြန်းလိုက်၏။

ဖုယင်ယင်သည် အချိန်တခဏကြာမျှ တွန့်ဆုတ်သွားပြီးနောက် တုံ့ပြန်အဖြေပေးသည်။

"ကျွန်မ ပြောခဲ့သလိုပဲ. ကျွန်မတို့ မိသားစုက ညှို့ငင်ခြင်းနည်းစနစ်တွေကို အထူးပြုကျင့်ကြံတယ်... မိသားစုကံကြမ္မာကို အမွေဆက်ခံဖို့အတွက် ပါရမီရှိတဲ့ပုဂ္ဂိုလ်တွေအပေါ် စွဲဆောင်ညှို့ငင်နိုင်တဲ့စွမ်းရည်ကို သက်သေပြရတယ်"

"လူတွေအားလုံးမှာ အခွင့်အရေး ရှိတာလား"

ကျန်းရွှမ်က ထပ်မံ၍ မေးမြန်းလိုက်သည်။

သူမ မတုံ့ပြန်မီမှာပင် မင်ကျန်းထောင်က ဝင်ရောက်ပြောဆိုသည်။

"အဲ့ဒီလို မဟုတ်ဘူး... အဓိက မျိုးဆက်တွေပဲ အရည်အချင်း ပြည့်မီတာ... ပြီးတော့ သူတို့က မွေးဖွားကတည်းက သွေးမျိုးဆက်နှစ်ခြင်းခံယူမှုကို ခံယူရတယ်... မင်းက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ရွေးချယ်ခံခဲ့ရတဲ့ မွေးကင်းစ ကလေး ခုနစ်ယောက်ထဲက တစ်ယောက် မဟုတ်လား"

"ဟုတ်ပါတယ်"

ဖုယင်ယင်က တွန့်ဆုတ်ခြင်းမရှိဘဲ ဝန်ခံလိုက်၏။

ကျန်းရွှမ် စိတ်ရှုပ်ထွေးသွားသည်။

"လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်... ဒါက ဘယ်လိုကိစ္စမျိုးလဲ"

မင်ကျန်းထောင်က ရိုသေလေးစာစွာ ရှင်းပြသည်။

"အရှင်ကျန်း... ကံကြမ္မာရဲ့လမ်းကြောင်းကို နားလည်သဘောပေါက်နိုင်သလို အမွေဆက်ခံလို့လည်း ရပါတယ်... မြစိမ်းရောင်တောင်တန်းမှာ ဌာနခွဲရှစ်ခုရှိပြီးတော့ ဖုမိသားစုက အဲ့ဒီထဲက တစ်ခုပါ... လွန်ခဲ့တဲ့နှစ်တစ်ရာကျော်က မိသားစုရဲ့အကြီးအကဲတစ်ဦးဖြစ်တဲ့ သခင်မကြီးဟူချင်က ဖုမိသားစုထဲကို လက်ထပ်ဝင်ရောက်ခဲ့ပြီးတော့ ဒီမျိုးရိုးကို စတင်တည်ထောင်ခဲ့တယ်... မိသားစုဝင်အရေအတွက် တိုးပွားလာပေမဲ့ သူ ထိန်းချုပ်ခဲ့တဲ့ ကံကြမ္မာက လက်ဆင့်ကမ်းခြင်း မခံခဲ့ရဘူး"

"ရင်းမြစ်ကမ္ဘာရဲ့ကျင့်ကြံသူတွေက ကမ္ဘာတစ်ခုကို အုပ်ချုပ်တဲ့အရှင်သခင်တွေနဲ့ မတူဘဲနဲ့ သူတို့မှာ သက်တမ်းကန့်သတ်ချက်ရှိတယ်... ရင်းမြစ်ကျင့်ကြံသူအများစုက ကြယ်စင်မြစ်နယ်ပယ်ကို မရောက်မချင်း အသက်တစ်ရာကျော် ရှင်သန်ခဲ့တယ်... ကြယ်စင်မြစ်နယ်ပယ်မှာတော့ ကန့်သတ်ချက်က အနှစ်နှစ်ရာ ဝန်းကျင်လောက် ရှိတယ်"

"ဒါက ရုပ်ပိုင်းဆိုင်ရာ ယိုယွင်းမှုကြောင့် မဟုတ်ဘဲနဲ့ ကောင်းကင်ဘုံက သူတို့ရဲ့ကံကြမ္မာကို ဖိနှိပ်ထားလို့ပဲ... သူတို့ရဲ့ကံကြမ္မာတွေ တိုးတက်မလာဘူးဆိုရင် ဒါက ပြိုကွဲစပြုလာပြီးတော့ နောက်ဆုံးမှာ ကမ္ဘာကြီးထဲကို ပြန်ပြီးပျံ့လွင့်သွားတယ်"

"ဒါဆို... သူ့ရဲ့သက်တမ်းမကုန်ခင်မှာ ဆက်ခံသူတစ်ယောက်ရှာဖို့ စည်းမျဥ်းတွေကို သတ်မှတ်ခဲ့တာပေါ့"

ကျန်းရွှမ်က ခန့်မှန်းလိုက်သည်။

မင်ကျန်းထောင်က ခေါင်းညိတ်လိုက်၏။

"အတိအကျပဲ... သူက မွေးကင်းစမိန်းကလေး ခုနစ်ယောက်ကို ရွေးချယ်ခဲ့ပြီးတော့ သွေးမျိုးဆက် နှစ်ခြင်းခံယူမှုတွေ ပြုလုပ်ခဲ့တယ်...အဲ့ဒီနောက်မှာ သူတို့ကို သီးခြားစီ ကျင့်ကြံဖို့ စေလွှတ်လိုက်တယ်... အနှစ်နှစ်ဆယ်ကြာပြီးတဲ့နောက်မှာ ဖုမိသားစုရဲ့ မြေခွေးညှို့ငင်ကံကြမ္မာအပေါ် အကြီးမားဆုံးကျွမ်းကျင်မှုကို ပြသနိုင်တဲ့သူက ဒါကို အမွေဆက်ခံရမှာပါ"

ကျန်းရွှမ်က နားလည်သွားကာ ခေါင်းညိတ်လိုက်သော်လည်း သူသည် ရုတ်တရက် ဖုယင်ယင်ကို သံသယအပြည့်ဖြင့် ကြည့်လိုက်သည်။

"မင်းကိုကြည့်ရတာ အသက်သုံးဆယ်ကျော်လောက် ရှိနေပြီ... မင်းက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က မွေးကင်းစ ကလေးခုနစ်ယောက်ထဲက တစ်ယောက် ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

ဖုယင်ယင်သည် အမှတ်မထင် အမေးခံလိုက်ရသဖြင့် မျက်လုံးလှန်ကြည့်လိုက်သည်။

"ရှင်တောင် အယောင်ဆောင်နိုင်ရင် ကျွန်မလည်း အယောင်ဆောင်နိုင်တာပေါ့... ဒါက ကျွန်မရဲ့အစစ်အမှန်ရုပ်ရည် မဟုတ်ဘူး...ကျွန်မမှာ လုံလောက်တဲ့ ခွန်အားမရှိရင် ကျွန်မ ဝါးမျိုခံရတာ အချိန်အတော်ကြာနေလောက်ပြီ... ကံကြမ္မာကို မဆက်ခံခင်မှာ ကျွန်မတို့က ညှို့ငင်နိုင်တယ်... ဒါပေမဲ့ ကျွန်မတို့ရဲ့ စင်ကြယ်မှုကိုတော့ မဆုံးရှုံးစေရဘူး"

ကျန်းရွှမ်က တွေးတောနေဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ကောင်းကင်ဘုံစာကြည့်တိုက်သည် အားနည်းချက်များကို ဖွင့်ပြသော်လည်း တစ်စုံတစ်ယောက်၏ အယောင်ဆောင်မှုတွင် အပြစ်အနာအဆာကင်းမဲ့ပါက သရုပ်မှန်ကို ဖွင့်ချမည် မဟုတ်ပေ။ သူသည် သူမကို အသက် သုံးဆယ်ဝန်းကျင်ဟု ယူဆခဲ့သော်လည်း သူမသည် အသက်နှစ်ဆယ်ကျော်မျှသာ ရှိပြီး သူမ၏ပုံပန်းသွင်ပြင်သည် အတုအယောင် ဖြစ်နေပေ၏။

"မင်းရဲ့ရုပ်ရည်အစစ်အမှန်ကို ကြည့်လို့ရမလား... တကယ်လို့ လက်ခံနိုင်စရာဆိုရင် မင်းကို ကူညီဖို့ ငါ စဉ်းစားပေးမယ်"

ကျန်းရွှမ်က အချိန်တခဏကြာမျှ စဥ်းစားပြီးနောက် ပြောဆိုလိုက်၏။

ဖုယင်ယင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ထို့နောက် သူမ၏လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်နှင့် သူမ၏ခန္ဓာကိုယ်မှ အလင်းတန်းများဖြာထွက်လာသည်။ ရုတ်ချည်းဆိုသလိုပင် အလွန်အမင်း ညှို့ငင်ဖမ်းစားနိုင်သော မျက်နှာနှင့် မရေမတွက်နိုင်သော အမျိုးသမီးများကို မနာလိုအားကျဖြစ်စေမည့် ခန္ဓာကိုယ်အချိုးအစားတစ်ခု ပေါ်လွင်လာသည်။

All Chapters