မြေခွေးညှို့ငင်ကံကြမ္မာ
Vol. 17 Ch. 230
ဖုယင်ယင်ကို ကြည့်လိုက်ရင်း ကျန်းရွှမ်သည် မသိမသာခေါင်းညိတ်လိုက်၏။
"မင်းသာ မင်းရဲ့ရုပ်ရည်အစစ်အမှန်ကို အစောကြီးကတည်းက ပြသခဲ့ရင် ပါရမီရှင်တချို့ကို ညှို့ငင်ဖမ်းစားဖို့ ခက်ခဲခဲ့မှာ မဟုတ်ဘူး"
သူမ၏အလှနှင့်ခန္ဓာကိုယ်အချိုးအစားသည် လော့ယိုရှင်းကို မယှဥ်နိုင်သော်လည်း သူမသည် မိုယန်ရွှယ်နှင့်ယုရှောင်ယွီတို့ထက် များစွာ သာလွန်သော ရှားပါးသည့် အလှပဂေးတစ်ဦး ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။ သူမ၏ မြေခွေးညှို့ငင်ကံကြမ္မာနှင့် တွဲဖက်လိုက်ပါက သာမန်လူများကို မဆိုထားနှင့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများပင်လျှင် ခုခံရန် ခက်ခဲပေလိမ့်မည်။
ဥပမာအနေဖြင့် ပင်းယွမ်မင်းသား ဟန်ချန်ယဲ့ဆိုလျှင် သူသည် တိုက်ပွဲပင်မဝင်ရဘဲ ကျရှုံးသွားနိုင်ခြေရှိသည်။
"အလှတရားကြောင့် အကြီးအကျယ် ကသောင်းကနင်းဖြစ်ခြင်း" သို့မဟုတ် "အမျိုးသမီးတစ်ဦးကြောင့် တိုင်းပြည်ဆုံးရှုံးသွားခြင်း" ဆိုသည့် ကိစ္စများသည် ဒဏ္ဍာရီတစ်ခုမျှသာ မဟုတ်ချေ။ မြေခွေးညှို့ငင်ကံကြမ္မာသည် တိုက်ခိုက်ရာတွင် အလွန်သန်မာအားကောင်းခြင်းမရှိသော်လည်း ထိုအရာကို ကျွမ်းကျင်စွာ အသုံးပြုချိန်တွင် သက်ရောက်မှုသည် ကြီးမားပေ၏။
"အလှတရားက မှေးမှိန်သွားတတ်တယ်... ပြီးတော့ မြေခွေးညှို့ငင်ကံကြမ္မာရဲ့ အစစ်အမှန်ကျွမ်းကျင်မှုက မမြင်နိုင်တဲ့ အရာတွေပေါ်မှာ တည်ရှိတယ်... လောကကြီးရဲ့ ထိပ်သီးပါရမီရှင်တွေကို သာမန်ရုပ်ရည်တွေနဲ့ ညှို့ငင်ဖမ်းစားနိုင်တာက အဆုံးစွန်ဆုံး အောင်မြင်မှုပဲ... မြစိမ်းရောင်တောင်တန်းရဲ့ အရင်အုပ်စိုးသူအရှင်က ထူးထူးခြားခြား မလှပပေမဲ့ လူအများကို ဖမ်းစားနိုင်ခဲ့တယ်လို့ ဆိုကြတယ်... ကျွန်မက သူ့ရဲ့စွမ်းအားမျိုးကို ကျွန်မရဲ့ပန်းတိုင်အဖြစ် အမြဲတမ်း သတ်မှတ်ထားခဲ့တယ်"
ဖုယင်ယင်၏မျက်နှာအမူအယာသည် သူမ၏ နက်ရှိုင်းသော ရိုသေလေးစားမှုကို ဖော်ပြနေပေ၏။
"ကောင်းပြီလေ...မင်းကို ကူညီဖို့ ငါ သဘောတူနိုင်တယ်... ဒါပေမဲ့ မင်း လွတ်လွတ်လပ်လပ် ဆက်ပြီးရှာဖွေလို့ရတယ်... မိသားစု အကဲဖြတ်မှု မတိုင်ခင်မှာ မင်းက ငါ့ထက် ပိုကောင်းတဲ့ ပါရမီရှင်တစ်ယောက်ကို ရှာတွေ့ခဲ့ရင် သူ့ကို ငါ့အစား ကူညီခိုင်းလို့ ရတယ်"
ကျန်းရွှမ်က ပြောဆိုသည်။
"ရှင်က တကယ်ပဲ ကျွန်မကို တခြားတစ်ယောက်ကို အကဲဖြတ်မှုဆီ ခေါ်သွားခွင့် ပေးမှာ သေချာလို့လား"
ဤစကားကိုကြားချိန်တွင် ဖုယင်ယင်၏ မျက်လုံးများအတွင်း၌ ဝမ်းနည်းမှုအရိပ်အယောင်များဖြင့် ပြည့်နှက်သွားပေ၏။ ရုတ်ချည်းဆိုသလိုပင် ဟန်ယွမ်မြို့ကို သံမဏိလက်သီးဖြင့် နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော အမျိုးသမီးသည် အလွန်အမင်း နူးညံ့သိမ်မွေ့သွားပြီး လူအများအား ပြင်းထန်သော ကာကွယ်လိုစိတ်ကို ပေါက်ဖွားစေသည်။
မြေခွေးညှို့ငင်ကံကြမ္မာ အသက်ဝင်လာခဲ့သည်။ ဤအချိန်တွင် သူမ၏အလှသည် သူမကျင့်ကြံသော ကံကြမ္မာ၏ ဆွဲဆောင်မှုရှိသော စွမ်းအားနှင့် တွဲဖက်လိုက်သဖြင့် ယောက်ျားသားများ၏စိတ်နှလုံးသားများကို မထိန်းချုပ်နိုင်အောင် ယားယံစေရန် လုံလောက်ပေ၏။ နံဘေးမှ မင်ကျန်းထောင်ပင်လျှင် အလိုအလျောက် ဖြစ်ပေါ်လာသော တပ်မက်မှုဖြင့် လွှမ်းမိုးခံရကာ သူမကို စူးစိုက်၍ကြည့်နေမိသည်။
"ငါ့ကို ညှို့ငင်ဖို့ ကြိုးစားနေတာလား"
သူမ၏ရည်ရွယ်ချက်ကို နားလည်သွားပြီး ကျန်းရွှမ်သည် ခေါင်းခါလိုက်ကာ သူမကို ကူညီမည့် အကြံအစည်ကို ပယ်ဖျက်ရန် ဟန်ပြင်လိုက်၏။ သို့ရာတွင် သူသည် ကောင်းကင်ကံကြမ္မာစွမ်းအင်စီးကြောင်းများ လေဟာနယ်ကို ဆုတ်ဖြဲကာ သူမ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်ကို ရုတ်တရက် ခံစားမိလိုက်သည်။
ဤစွမ်းအင်ပမာဏသည် ကံကြမ္မာချပ်ပြားတစ်ခုမှ တိုက်ရိုက်စုပ်ယူခြင်းနှင့် မယှဥ်နိုင်သော်လည်း ဤသည်မှာ သူ့အတွက် အလွန်အမင်း အကျိုးရှိနေဆဲပင်။ အတွေးတစ်ချက်ဖြင့် ကျန်းရွှမ်သည် ထိုစွမ်းအင်စီးကြောင်းကို ကောင်းကင်ဘုံစာကြည့်တိုက်ထဲသို့ တိတ်တဆိတ် လမ်းကြောင်းလွှဲလိုက်ပြီး စာအုပ်အသစ်များ တစ်အုပ်ပြီးတစ်အုပ် ဖြစ်ပေါ်လာစေသည်။
ကျန်းရွှမ် စိတ်လှုပ်ရှားသွားပေ၏။ ကံကြမ္မာချပ်ပြားများ မရှိသည့်အချိန်တွင် ဤ ခိုးယူထားသော စွမ်းအင်အစအနများသည်ပင် အဖိုးမဖြတ်နိုင်ချေ။ မည်သို့ပင်ဆိုစေကာမူ အရေးကြီးသော အချိန်အခိုက်အတန့်များတွင် စွမ်းအားအနည်းငယ်ပင်လျှင် အရေးပါသည်။
"သူသာ ကျွန်မအပေါ် တကယ် ခံစားချက်တွေ ဖြစ်ပေါ်လာပြီး ကျွန်မနဲ့ အတူ ရှိချင်လာရင်ရော... ဒါက ရှင့်ကို စိတ်မကောင်း ဖြစ်စေမှာ မဟုတ်ဘူးလား"
ကျန်းရွှမ်သည် ယခင်ကလောက် ခုခံမနေတော့သည်ကို မြင်ချိန်၌ ဖုယင်ယင်၏မျက်လုံးများ တောက်ပသွားပြီး သူမ၏ သနားဖွယ်ကောင်းသောမျက်နှာအမူအယာဖြင့် သူ့ကို ဆက်လက်၍ စူးစိုက်ကြည့်နေခဲ့သည်။
"ငါ စိတ်မကောင်း ဖြစ်မိမှာ မဟုတ်ဘူး"
ကျန်းရွှမ်က ခေါင်းခါပြလိုက်၏။ သူ၏တုံ့ပြန်မှုနှင့်အတူ ကောင်းကင်ကံကြမ္မာစွမ်းအင် စီးကြောင်းသည် ဖြတ်တောက်ခံလိုက်ရသည့်အလား လုံးလုံးလျားလျား ရပ်တန့်သွားသည်။
မြေခွေးညှို့ငင်ကံကြမ္မာသည် တခြားလူများကို အောင်မြင်စွာ ညှို့ငင်ဖမ်းစားနိုင်ချိန်တွင်သာ တိုးတက်နိုင်ပြီး ကံကြမ္မာစွမ်းအားများ ရောက်ရှိလာစေသည်။ သို့ရာတွင် ထိုညှို့ငင်မှုသည် သူ့အပေါ် သက်ရောက်မှု မရှိသောကြောင့် စွမ်းအားများရောက်ရှိလာမှုသည်လည်း သဘာဝအတိုင်း ရပ်တန့်သွားသည်။
ကျန်းရွှမ်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး ဆက်လက်၍ စမ်းသပ်လိုက်သည်။
"ဒါဆိုရင်... ဘယ်သူက စိတ်မကောင်း မဖြစ်ဘဲ နေမှာလဲ"
ဝုန်း...
ရုတ်ချည်းဆိုသလိုပင် ကောင်းကင်ကံကြမ္မာစွမ်းအင်များသည် ယခင်ပမာဏ၏ နှစ်ဆအထိ မြင့်တက်လာခဲ့ပေ၏။ စာကြည့်တိုက်အတွင်းတွင် စွမ်းအင်လှိုင်းလုံးများကို သယ်ယူပို့ဆောင်နေပြီး စာအုပ်သစ်များကို အလျင်အမြန် ဖြစ်ပေါ်လာစေသည်။
"တကယ်လား"
ဤကဲ့သို့ တုံ့ပြန်မှုကို မမျှော်လင့်ထားသဖြင့် ဖုယင်ယင်သည် အချိန်တခဏကြာ ကြက်သေသေသွားပြီးနောက် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။
မြေခွေးညှို့ငင်ကံကြမ္မာ တိုးတက်ရန် အခြေအနေနှစ်ခုဖြင့် ပြည့်မီရပေမည်။ ပထမတစ်ခုမှာ ပစ်မှတ်ထံတွင် ထူးကဲသောပါရမီရှိရမည်။ လူတစ်ယောက်၏အရည်အချင်း ပို၍ထက်မြက်လေလေ အကျိုးကျေးဇူး ပို၍ကြီးမားလေလေပင်။ ဒုတိယတစ်ချက်မှာ ပစ်မှတ်သည် တည်ကြည်ပြတ်သားသော စိတ်ဆန္ဒကို ပိုင်ဆိုင်ရပေမည်။ ဤကဲ့သို့ ခုခံမှုကို ကျော်လွှား၍ ညှို့ငင်နိုင်ခြင်းသည် ပို၍ပင် ကြီးမားသော ရလဒ်များကို ဖြစ်ထွန်းစေပေမည်။
မှောင်ခိုစျေး၏ အရှင်မတစ်ဦးအနေဖြင့် သူမသည် "ပါရမီရှင်" ဟု ခေါ်ဆိုသူ အမြောက်အများနှင့် ကြုံတွေ့ခဲ့ဖူးပြီး သူတို့အားလုံးသည် သူမ သူမ၏ကံကြမ္မာကို ထုတ်လွှတ်လိုက်သည့် အချိန်အခိုက်အတန့်တွင် သူမ၏ညှို့ငင်မှုအောက်သို့ နာခံရို့ကျိုးစွာ ကျရောက်သွားကြသည်။ ကျန်းရွှမ်တစ်ဦးတည်းကသာ သူ၏ကိုယ်ပိုင်သတ်မှတ်ချက်များအတိုင်း ပြုမူပြီး သူမ၏ညှို့ငင်မှုများ အကျိုးသက်ရောက်မှုမရှိဘဲ ကျန်ရစ်ခဲ့သည်။
ထို့ကြောင့် သူမသည် သူ၏ပါရမီ သာလွန်ထူးကဲကြောင်းနှင့် သူ၏သရုပ်မှန်ကို ဖုံးကွယ်ထားသူ ဖြစ်နိုင်ခြေရှိကြောင်း သိရှိခဲ့ပေ၏။ နောက်ပိုင်းတွင် အသက်နှစ်ဆယ်ကျော်မျှသာ ရှိသေးသော ဤကျန်းရွှမ်သည် အေးစက်ငရဲသံချပ်ကာကို ဝတ်ဆင်ထားသော ဟန်ချန်ယဲ့အား တိုက်ကွက်တစ်ကွက်တည်းဖြင့် အနိုင်ယူခဲ့ကြောင်း သိရှိရချိန်တွင် သူမ ပို၍ပင် စိတ်ဝင်စားသွားခဲ့သည်။
သူ၏ မယိမ်းယိုင်သော စိတ်ပိုင်းဖြတ်မှုနှင့် ထူးကဲသောပါရမီတို့ကြောင့် သူသည် သူမ၏မြေခွေးညှို့ငင်ကံကြမ္မာကို ကျင့်ကြံရန်အတွက် ပြီးပြည့်စုံသော "လူသားမီးပြင်းဖို" ဖြစ်ခဲ့သည်။ အကယ်၍ သူမသာ အောင်မြင်ခဲ့လျှင် အကျိုးကျေးဇူးများသည် မခန့်မှန်းနိုင်လောက်အောင် ဖြစ်ပေမည်။
ထို့ကြောင့် သူမသည် သူ့ကို ချဉ်းကပ်ခဲ့ပြီး သူ ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ခဲ့ပေ၏။ သူ ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့လျှင်ပင် သူ့ကို သူမ၏မိသားစုထံ ခေါ်သွားခြင်းသည် သူမကို ထင်ပေါ်စေပေမည်။ သူမထံတွင် အစပိုင်း၌ မျှော်လင့်ချက် အနည်းငယ်သာ ရှိခဲ့သော်လည်း သူမ၏ အစစ်အမှန်ချောမောလှပမှုကို ဖော်ပြခြင်းသည် ချက်ချင်းအလုပ်ဖြစ်သွားသည်အား သူမ တွေ့ရှိခဲ့ရသည်။
ဟွန့်... ယောက်ျားတွေကတော့...
သူမသည် အလွန်ဝမ်းမြောက်သွားပြီး သူ့ကို ဆွဲဆောင်မှုရှိသော အကြည့်ဖြင့် ကြည့်လိုက်ကာ သူမ၏အသံသည် နူးညံ့ပြီး ညှို့ငင်ဖမ်းစားနိုင်သည်။
"ကျွန်မ ရှင့်ကို အကြွင်းမဲ့ ယုံကြည်တယ်... ရှင့်ရဲ့စကားတွေကို ပြန်မရုတ်သိမ်းပါနဲ့"
သူမ၏ပျားရည်ကဲ့သို့ ချိုမြသော လေသံသည် ကြားလိုက်ရသူတိုင်း၏ ကျောရိုးတစ်လျှောက် ကြည်နူးမှုကြောင့် တုန်ရီသွားစေနိုင်သည်။
သူမသည် ညှို့ငင်မှုစွမ်းအားအပြည့်ကို ထုတ်လွှတ်ပြီးနောက် ဖုယင်ယင်သည် သူမ၏ကံကြမ္မာတွင် တိုးတက်မှု တစ်စုံတစ်ရာ ရှိမရှိ စစ်ဆေးလိုက်၏။ သို့ရာတွင် သူမ အံ့အားသင့်တုန်လှုပ်သွားရသည်မှာ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းများသည် တစ်မျှင်မျှပင် သူမ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာမှု မရှိခြင်းပင်။ ဤသည်မှာ သူမ၏ကြိုးပမ်းမှုများအားလုံး အချည်းနှီး ဖြစ်သွားသည့်အလားပင်။ သူမသည် စိတ်ရှုပ်ထွေးသွားပြီး ကျန်းရွှမ်ကို လှမ်းကြည့်လိုက်ရာ ထိုလူသည် အလွန် ဝမ်းမြောက်နေပုံရပြီး ထပ်ခါတလဲလဲ ခေါင်းညိတ်နေသည်။
"ဒါပေါ့... မင်း ငါ့အပေါ် စိတ်ချနိုင်ပါတယ်"
သူ၏ စိတ်အားထက်သန်သော အမူအယာကို မြင်တွေ့ချိန်၌ ဖုယင်ယင်က သူသည် သူမ၏ညှို့ငင်မှုအောက်သို့ ကျရောက်သွားပြီဟု ယူဆလိုက်၏။ သူမသည် စိတ်သက်သာရာရသွားပြီး တဖန်ထပ်၍ အာရုံစိုက်လိုက်သော်လည်း သူမထံသို့ စွမ်းအားများ ရောက်လာခြင်း မရှိသေးသည်ကိုသာ တွေ့ရှိရသည်။
ဤအချိန်အခိုက်အတန့်တွင် သူမသည် တန်ဖိုးကြီးမားသော ပိုက်ကွန်တစ်ခုကို ပစ်လွှတ်လိုက်သော်လည်း လက်ဗလာဖြင့်သာ ပြန်ထွက်လာသကဲ့သို့ ခံစားလိုက်ရ၏။
"မိန်းကလေးဖု.. မင်း ဘာလိုအပ်လဲဆိုတာ ငါ့ကို ပြောလိုက်ပါ... ငါက မင်းအတွက် ဘာမဆို လုပ်ပေးပါ့မယ်"
ထိုအချိန်တွင် မင်ကျန်းထောင်၏နဖူးပေါ်တွင် သွေးကြောများ ထောင်ထလာပြီး သူထံမှနေ၍ ကြီးမားသော စိတ်အားထက်သန်မှုများ ရုတ်တရက် ပွင့်အံ့ထွက်လာကာ ပြောဆိုသည်။
ဖုယင်ယင်သည် သူ့ကို တိုက်ရိုက် ပစ်မှတ်မထားခဲ့သော်လည်း သူမ၏ကံကြမ္မာမှ ညှို့ငင်နိုင်သော စွမ်းအားတစ်စိတ်တစ်ပိုင်းသည် သူ့ကို လွှမ်းမိုးသွားခဲ့လေပြီ။
'ဒါက အဓိပ္ပာယ်မရှိဘူး... တကယ်လို့ ကျန်းရွှမ်က ညှို့ငင်မခံရရင်တောင် မင်ကျန်းထောင်ရဲ့ တုံ့ပြန်မှုတစ်ခုတည်းကတင် ဆုလာဘ်အနေနဲ့ ကောင်းကင်ကံကြမ္မာစွမ်းအင် တချို့ကို ငါ ရသင့်တယ်... ဘာလို့ ဘာမှမရှိရတာလဲ'
သူမသည် ဇဝေဇဝါဖြင့် ထပ်မံ၍ ကြိုးစားကြည့်သော်လည်း အချည်းနှီးဖြစ်နေသဖြင့် သူမကို လုံးလုံးလျားလျား ကြောင်အသွားစေသည်။
ဖုယင်ယင်သည် မည်သည့်အရာ မှားယွင်းသွားသည်ကို နားမလည်နိုင်ဘဲ စိတ်ရှုပ်ထွေးနေဆဲအချိန်တွင် မလှမ်းမကမ်းတွင်ရှိနေသော ကျန်းရွှမ်က ရုတ်တရက် ပြောဆိုသည်။
"မိန်းကလေးဖု... မင်း ဘာလိုအပ်လဲဆိုတာ ငါ့ကို ပြောပါ... ငါက မင်းအတွက် ဘာမဆို လုပ်ပေးပါ့မယ်"
သူ၏ စိတ်အားထက်သန်သော မျက်နှာအမူအယာကို ကြည့်ရင်း ဖုယင်ယင်သည် သူမ၏ ကံကြမ္မာအပေါ် နားလည်သဘောပေါက်မှုအား ထပ်မံ၍ စစ်ဆေးလိုက်သော်လည်း တိုးတက်မှု တစ်စုံတစ်ရာ မရှိသေးသည်ကိုသာ တွေ့ရှိရသည်။
သူမ မည်သို့ပင်ကြည့်စေကာမူ ကျန်းရွှမ်၏ ပါရမီနှင့်စိတ်ဆန္ဒသည် သူမ ကြုံတွေ့ခဲ့ဖူးသမျှ ယောက်ျားသားများအနက် အားအကောင်းဆုံးပင်။ သဘောတရားအရ သူမ၏ညှို့ငင်မှုသာ သူ့အပေါ် အလုပ်ဖြစ်ခဲ့လျှင် အကျိုးကျေးဇူးများသည် ကြီးမားသင့်ပေ၏။ ဤသည်မှာ သူမ၏မြေခွေးညှို့ငင်ကံကြမ္မာကို ဒုတိယအဆင့်သို့ မြှင့်တင်ပေးရန်ပင် လုံလောက်သည်။ သို့ရာတွင် ယခုချိန်၌မူ ထိုအရာသည် အနည်းငယ်မျှသော တိုးတက်မှုကိုပင် မပြသဘဲ လုံးလုံးလျားလျား ရပ်တန့်နေပုံရသည်။
ဖုယင်ယင်သည် နားမလည်နိုင်သော်လည်း ခေါင်းညိတ်လိုက်ပြီး သူမ၏ခန္ဓာကိုယ်ကို အနည်းငယ်စောင်းကာ ပြီးပြည့်စုံသော ကောက်ကြောင်းတစ်ခုကို လှစ်ဟပြလိုက်၏။ သူမကနှုတ်ခမ်းကိုက်လိုက်ပြီး နူးညံ့သိမ်မွေ့ပြီး အားနည်းပုံရသည့် အမူအယာမျိုးကို ပြုလုပ်လိုက်သည်။
"ရှင်က တကယ်ပဲ ကျွန်မအတွက် ဘာမဆို လုပ်ပေးဖို့ ဆန္ဒရှိတယ်ဆိုရင်.... ကျွန်မဆီက ကံကြမ္မာချပ်ပြားတွေ မရဘူးဆိုရင်တောင် ရှင်က ကျွန်မကို ကူညီပေးအုံးမှာလား"
သူ ချက်ချင်း သဘောတူလိမ့်မည်ဟု သူမ တွေးထင်ခဲ့သော်လည်း ထိုအစား အသံတစ်သံ ထွက်ပေါ်လာသည်။
"ဒါကတော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး..."
"..."
ဖုယင်ယင်၏ခန္ဓာကိုယ် တောင့်တင်းသွားပြီး ကျန်းရွှမ်ထံသို့ ပြန်လှည့်ကြည့်လိုက်ရာ သူ၏မျက်လုံးများသည် ကြည်လင်ပြီး တည်ငြိမ်နေကာ စွဲလန်းရူးသွပ်မှုအရိပ်အယောင် အနည်းငယ်မျှပင် မရှိသည်ကို တွေ့ရှိလိုက်ရသည်။
"ရှင်... ရှင်က ကျွန်မရဲ့ ညှို့ငင်တာကို ခံလိုက်ရပြီး မဟုတ်လား"
သူမ၏မျက်လုံးများ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားပေ၏။
သဘောတရားအရ သူမ၏ညှို့ငင်ခြင်းကို ခံရသူတိုင်းသည် သူမ တောင်းဆိုသမျှကို လွယ်လင့်တကူ သဘောတူသင့်သည်။ သို့ရာတွင် သူ၏ ပြောင်ပြောင်တင်းတင်း ငြင်းပယ်မှုသည် အလွန် ခိုင်မာပြတ်သားသဖြင့် သူမကို စကားပင်မပြောနိုင်အောင် ဖြစ်သွားစေသည်။
"အမှန်ပဲ..ငါက မင်းရဲ့ ညှို့ငင်တာကို ခံခဲ့ရတယ်... ဒါပေမဲ့ မင်းက ငါ မင်းကို အလကား ကူညီပေးမယ်လို့ ထင်နေရင်တော့ ဒါက ဖြစ်လာမှာ မဟုတ်ဘူး"
ကျန်းရွှမ်းက အလွန်တည်ကြည်လေးနက်သော လေသံဖြင့် တုံ့ပြန်အဖြေပေးသည်။
"..."
ဖုယင်ယင်၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားပေ၏။
'ဒါကို ရှင်က ညှို့ငင်ခံရတယ်လို့ ခေါ်တာလား.. ရှင် ကျွန်မကို နောက်နေတာလား...ညှို့ငင်မှုအောက် ရောက်နေတဲ့ လူတစ်ယောက်က ဒီလောက်ထိ အဓိပ္ပါယ်ရှိရှိ တွေးခေါ်တတ်ပြီးတော့ အရှုံးအမြတ်တွေကို ဒီလိုမျိုး တွက်ချက်နေတာကို ဘယ်သူ ကြားဖူးလို့လဲ'
'ကောင်းကင်ကံကြမ္မာစွမ်းအင်ဆုလာဘ်တွေ မရှိတာ အံ့အားသင့်စရာ မရှိတော့ဘူး.... ရှင်က ကျွန်မကို တလျှောက်လုံး ကစားနေခဲ့တာပဲ'
ဖုယင်ယင် အစောပိုင်းက ခံစားခဲ့ရသော ခဏတာစိတ်လှုပ်ရှားမှုသည် ချက်ချင်းဆိုသလိုပင် မျှော်လင့်ချက်ကင်းမဲ့မှုသို့ ကျဆင်းသွားသည်။
သူမသည် စိတ်ပျက်မိသော်လည်း သူမ သက်သာရာရသွားသကဲ့သို့လည်း ခံစားမိပေ၏။ ညှို့ငင်ရန် ဤမျှထိ ခက်ခဲသော တစ်စုံတစ်ယောက်ကို အောင်မြင်စွာ ညှို့ငင်နိုင်ခဲ့လျှင် အကျိုးကျေးဇူးများသည် ပို၍ပင် ကြီးမားပေလိမ့်မည်။ သူမသည် ယခုချိန်၌ ရှုံးနိမ့်ခဲ့သော်လည်း သူတို့ သူမ၏မိသားစုထံ ရောက်ရှိသွားပြီး သူမ သူမ၏ဘိုးဘေးများ၏ စွမ်းအားကို အခွင့်ကောင်းယူနိုင်သည့်အချိန်တွင် သူ၌ ဤကိစ္စတွင် ရွေးချယ်စရာ တစ်စုံတစ်ရာ ရှိတော့မည် မဟုတ်ပေ။
ဤအတွေးဖြင့် ဖုယင်ယင်သည် စိတ်တည်ငြိမ်အောင် ပြန်စုစည်းလိုက်ပြီး ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"အရှင်ကျန်းက သဘောတူပြီးမှတော့ ဒီကိစ္စကို ပြီးပြတ်သွားပြီလို့ သတ်မှတ်လိုက်ကြရအောင်... ကျွန်မတို့ ကျိုးယီမြို့ကို ရောက်တာနဲ့ ကျွန်မ ရှင့်ဆီကို လာခဲ့ပါ့မယ်"
ထိုသို့ပြောဆိုပြီးနောက် သူမသည် နောက်သို့ချာခနဲလှည့်ပြီး ထွက်ခွာသွားသည်။ သူမ အပြင်သို့ ခြေလှမ်းထွက်လိုက်သည့်အချိန်တွင် စာလိပ်တစ်လိပ်က သူမ၏ရှေ့တွင် ထွက်ပေါ်လာသည်။ အလင်းတန်းတစ်တန်းက သူမကို လွှမ်းခြုံသွားပြီးနောက် သူမ၏ ယခင်ပုံပန်းသွင်ပြင်ကို ပြန်လည်ရရှိသွားစေသည်။
"နှမြောစရာပဲ..."
ကောင်းကင်ကံကြမ္မာစွမ်းအင် စီးဆင်းမှု အဆုံးသတ်သွားသည်ကို မြင်တွေ့ချိန်၌ ကျန်းရွှမ်းသည် အနည်းငယ် စိတ်ပျက်သွားကာ ခေါင်းခါယမ်းလိုက်၏။ ထို့နောက် သူက မင်ကျန်းထောင်ကို ကြည့်လိုက်သည်။
"မင်းက ကျိုးယိမြို့ကို ပြန်ချင်နေတာလား"
"ဟုတ်ကဲ့"
မင်ကျန်းထောင်သည် သူ၏ အရူးအမူးစွဲလန်းနေသော ကြောင်ငေးမှုမှ လွတ်ကင်းသွားပြီး သူ၏လက်နှစ်ဖက်ကို လျင်မြန်စွာ ပူးဆုပ်လိုက်သည်။
"ငါ မင်းနဲ့ လိုက်ခဲ့မယ်"
ကျန်းရွှမ်သည် သူ၏အယောင်ဆောင်ထားမှုကို သူ၏ခန္ဓာကိုယ်အား အနည်းငယ် ခါယမ်းလိုက်ရုံမျှဖြင့် ဖယ်ရှားလိုက်ပြီး သူ၏ပုံပန်းသွင်ပြင်အစစ်အမှန်ကို ဖော်ပြလိုက်သည်။
"ဂိုဏ်းချုပ်မိုအတွက်ကတော့ မင်းက ကိစ္စတွေကို ညှိနှိုင်းပေးဖို့ လိုလိမ့်မယ်... ငါ့ရဲ့ ပါဝင်ပတ်သက်မှု ပေါက်ကြားမှာကို ငါ မလိုလားဘူး"
"နားလည်ပါပြီ"
မင်ကျန်းထောင်က တည်ကြည်လေးနက်စွာဖြင့် ခေါင်းညိတ်ပြလေ၏။
"ကျွန်တော်က ဆရာ့ကို ဘာပြဿနာမှမရှာဖို့ နားချလိုက်ပါ့မယ်"
"မင်း ပြင်ဆင်စရာရှိတာတွေကို အသင့်ပြင်ထားတော့... ငါတို့ ဒီနေ့ နေ့လယ်ကျရင် စပြီးထွက်ခွာမယ်"
ကျန်းရွှမ်က ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့"
မင်ကျန်းထောင်က ဦးညွှတ်အရိုအသေပြုပြီး ထွက်ခွာသွားသည်။
သူ ထွက်ခွာသွားပြီးနောက် ကျန်းရွှမ်သည် ခြံဝင်းထဲသို့ လျှောက်လှမ်းသွားလိုက်၏။ လော့ယိုရှင်း လော့ချီးချီး လျိုယန် ယွမ်ထောင်နှင့် တခြားလူများသည် ကျင့်ကြံနေကြဆဲပင်။ သူတို့သည် သူ ရောက်ရှိလာသည်ကို သတိပြုမိသည့်အချိန်တွင် သူတို့အားလုံး မတ်တတ်ထရပ်လိုက်ကြသည်။
သူတို့ အသက်သွင်းခဲ့သော ထိပ်တန်းအဆင့် ရင်းမြစ်ရေအိုင်များနှင့် မီးပြင်းဖိုများကြောင့် သူတို့၏ကျင့်ကြံမှုများ သိသိသာသာ တိုးတက်ခဲ့သည်။ ရက်အနည်းငယ်အတွင်းတွင် လော့ယိုရှင်းသည် ကျောက်စိမ်းအရိုးနယ်ပယ်သို့ ရောက်ရှိခဲ့ပြီးဖြစ်ကာ သူမသည် နောက်ထပ်အဆင့်ချိုးဖျက်ရန် အလှမ်းကွာခြင်း မရှိတော့ပေ။
တခြားသူများမှာမူ သူတို့သည် ရင်းမြစ်ရေအိုင်နယ်ပယ်၏ ဆဌမအဆင့်ဖြစ်သော အင်္ဂါအစိတ်အပိုင်းများ ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်သို့ ရောက်ရှိခဲ့ကြပြီး ဖြစ်ပေ၏။ သူတို့၏အရှိန်အဝါများသည်လည်း သာလွန်ထူးကဲသည်။
"မင်းတို့အားလုံးက ရွှမ်ကမ္ဘာထဲမှာ ဆက်ပြီးကျင့်ကြံသင့်တယ်... မင်းတို့ရဲ့ တိုးတက်မှုကို အရှိန်မြှင့်တင်ဖို့အတွက် ငါက အဲ့ဒီနေရာမှာ အချိန်စီးဆင်းမှုကို ထိန်းညှိပေးမယ်"
ကျန်းရွှမ်က ပြောဆိုသည်။
ရွှမ်ကမ္ဘာနှင့်ကမ္ဘာသစ်နှစ်ခုလုံးတွင် ကျန်းရွှမ်သည် လေဟာနယ်၏အရွယ်အစားနှင့် အချိန်စီးဆင်းမှုတို့ကို အတွေးတစ်ချက်တည်းဖြင့် ပြောင်းလဲနိုင်ပေ၏။ သူ၏လူများ အချိန်တစ်အချိုးတစ်ဖြင့် ရရှိခဲ့သော တည်ငြိမ်သည့် တိုးတက်မှုကိုကြည့်ပြီး ရွှမ်ကမ္ဘာကို တစ်ဆယ်အချိုးတစ် နှစ်ဆယ်အချိုးတစ် သို့မဟုတ် တစ်ရာအချိုးတစ်အထိ အချိန်အချိုး ညှိလိုက်ပါက သူတို့၏တိုးတက်မှုကို သိသိသာသာ အရှိန်မြှင့်တင်ပေးနိုင်ပေမည်။
ယခင်က ရွှမ်ကမ္ဘာကို တည်ငြိမ်စေရန် လုံလောက်သော ကောင်းကင်ကံကြမ္မာစွမ်းအင်များ ကင်းမဲ့ခဲ့လေရာ သူတို့ကို ထိုနေရာတွင် ကျင့်ကြံရန် ခက်ခဲစေခဲ့သည်။ သို့ရာတွင် ယခုချိန်၌ ရွှမ်ကမ္ဘာအတွင်းသို့ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း၅ သန်း စီးဝင်နေသဖြင့် ထိုနေရာသည် သူတို့၏ ကျင့်ကြံမှုကို အရှိန်မြှင့်တင်ပေးရန်အား ထောက်ပံ့ရန်အတွက် လုံလောက်အောင် ခိုင်ခံ့နေခဲ့လေပြီ။
"ဒါက အရမ်းကောင်းတယ်"
လော့ယိုရှင်းက အလျင်အမြန် ခေါင်းညိတ်လိုက်၏။
ဇနီးသည်တစ်ဦးအနေဖြင့် သူမသည် သူမ၏ခင်ပွန်းကို ကူညီပေးရန် ဆန္ဒရှိပေ၏။ သို့ရာတွင် သူမ၏ နိမ့်ကျသောကျင့်ကြံဆင့်သည် သူမကို စိုးရိမ်ပူပန်စေခဲ့သည်။ သူမ လျင်မြန်စွာ တိုးတက်နိုင်သော နည်းလမ်းတစ်ခုသည် သူမ လိုအပ်နေသောအရာ အတိအကျပင်။
"ကျွန်မလည်း သွားချင်တယ်"
လော့ချီးချီးက စိတ်အားထက်သန်စွာဖြင့် ဝင်ရောက်ပြောဆိုသည်။