← Chapters

ချယ်ရီနီ

Vol. 17 Ch. 234

ချယ်ရီနီ

Vol. 17 Ch. 234

သံအကြေးခွံတောင်ပံသားရဲ၏ကျောပေါ်တွင် ကျန်းရွှမ်သည် ပလ္လင်ခွေထိုင်နေလေ၏။ သူ အသက်ရှူလိုက်တိုင်း သူ၏နံဘေးပတ်ဝန်းကျင်မှ ရင်းမြစ်စွမ်းအင်များက သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။ ရုတ်တရက် သူ၏လက်ဝါးကို ရှေ့သို့တွန်းထုတ်လိုက်ရာ ပစ်ခတ်လိုက်သော လှံတစ်စင်း ပင်လယ်မှ ခုန်ထွက်လာသော နဂါးတစ်ကောင်နှင့် တူညီနေသည်။ လှံအလင်းတန်းတစ်တန်းသည် ရှေ့သို့မီတာဆယ်ချီအကွာအထိ ပျံ့လွင့်သွားပြီးမှ လေထုအတွင်းတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

"တိုးတက်မှု မရှိသေးဘူး..."

ကျန်းရွှမ်က မျက်လုံးဖွင့်လိုက်သည်။

မင်ကျန်းထောင်ကို သင်ကြားပေးပြီးနောက် သူသည် စီးဆင်းသောအလင်းတန်း လှံနည်းစနစ်ကို တတိယအဆင့်သို့ မြှင့်တင်ရန် ကြိုးစားနေခဲ့သည်။ သို့ရာတွင် သူ အဆင့်ချိုးဖျက်နိုင်ရန်မှာ မလွယ်ကူကြောင်း သိသာထင်ရှားနေသည်။ သူသည် လက်တွေ့လေ့ကျင့်မှု သို့မဟုတ် ရုတ်တရက် ဉာဏ်အလင်းပွင့်ခြင်းမရှိဘဲ သူ၏စိတ်ကူးသက်သက်ကို အားကိုးရုံမျှဖြင့် မလုံလောက်ချေ။

"အရှင်ကျန်း...ကျွန်တော်တို့ ကျိုးယီမြို့ကို ရောက်ပါပြီ"

မင်ကျန်းထောင်၏အသံ ထွက်ပေါ်လာသဖြင့် ကျန်းရွှမ်၏စိတ်အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့သည်။ သူ အောက်သို့ငုံ့ကြည့်လိုက်ချိန်၌ ကြီးမားကျယ်ပြန့်ပြီး ခမ်းနားထည်ဝါသော မြို့ကြီးတစ်မြို့သည် မိုးကုတ်စက်ဝိုင်းအထိ အဆုံးမရှိ တည်ရှိနေသည်ကို တွေ့လိုက်ရသည်။

"ကောင်းပြီလေ...အိမ်ခြံမြေ ဝယ်ဖို့ အဆင်ပြေတဲ့ နေရာရှာပြီး ငါ့ကို ချပေးခဲ့ပါ...ဒီနေရာမှာပဲ လမ်းခွဲကြတာပေါ့"

ဤမြို့သည် ခုန်းရှီ လိုက်လံဖမ်းဆီးခံခဲ့ရသော နေရာဖြစ်ပြီး သူ ပုန်းခိုနေခဲ့သည့် ကျီးလန်တောင်ကြားနှင့် မဝေးတော့သည်ကို သိလိုက်ရချိန်၌ ကျန်းရွှမ်က သက်ပြင်းချလိုက်ပြီး ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

"ဟုတ်ကဲ့"

မင်ကျန်းထောင်က ခေါင်းညိတ်လိုက်သည်။

ကျန်းရွှမ်သည် သူ၏ဂျူနီယာညီလေး မဟုတ်သည့်အပြင် လင်းပုယန်ကို သတ်ခဲ့သူ ဖြစ်သဖြင့် သူ၏ဆရာထံသို့ တိုက်ရိုက်ခေါ်သွားရန် မသင့်တော်ချေ။ ဤအခြေအနေကို သတိထား၍ ကိုင်တွယ်ရန် လိုအပ်သည်။ ထိုသို့မဟုတ်ပါက အကယ်၍ သူ၏ဆရာသည် ကျန်းရွှမ်ကို စိတ်ဆိုးအောင် လုပ်မိလျှင် မိုတောက်ဂိုဏ်းတစ်ဂိုဏ်းလုံး ပျက်စီးသွားနိုင်သည်။

မကြာမီမှာပင် သံအကြေးခွံတောင်ပံသားရဲသည် ကြီးမားသော ကုန်သွယ်ရေးအိမ်တော်တစ်လုံး၏ရှေ့တွင် ဆင်းသက်လိုက်၏။

"အရှင်ကျန်း.... ဒါက ကျိုးယီမြို့မှာ အကြီးဆုံး အိမ်ခြံမြေစျေးကွက်ပဲ...ငှားတာပဲဖြစ်ဖြစ် ဝယ်တာပဲဖြစ်ဖြစ် သင့်တော်တဲ့ အိမ်ခြံမြေကို ဒီနေရာမှာ ရှာတွေ့နိုင်တယ်"

မင်ကျန်းထောင်က ရှင်းပြသည်။

ကျန်းရွှမ်က ခေါင်းညိတ်ပြီး စွန်းချန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"သင့်တော်တဲ့ အိမ်တော်တစ်လုံး မြန်မြန် ရှာလိုက်တော့"

"ဟုတ်ကဲ့"

စွန်းချန်က ကုန်သွယ်ရေးအိမ်တော်ထဲသို့ ချက်ချင်းဝင်သွားသည်။ အချိန်တခဏအကြာတွင် သူသည် ကုန်သည်တစ်ဦးဟု ထင်ရသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့်အတူ ပြန်ထွက်လာပေ၏။

"လူကြီးမင်းတို့...ကျွန်တော့်ဆီမှာ ကံကြမ္မာခန်းမနားက နေရာကောင်းပြီး ကျယ်ဝန်းတဲ့ အိမ်တော်တစ်လုံး ရှိတယ်.. ဒါပေမဲ့ ဈေးကတော့ နည်းနည်း များတယ်..ရင်းမြစ်ဒင်္ဂါးသန်းသုံးရာ ကျသင့်ပါလိမ့်မယ်..."

ကုန်သည်သည် အလွန်ပြုံးရွှင်နေပြီး ကျန်းရွှမ်ကို ဆုံးဖြတ်ချက်ချမည့်သူအဖြစ် သတ်မှတ်ကာ ပြောဆိုလိုက်သည်။

"အရှင်ကျန်း...ကျွန်တော်ကို ခွင့်ပြုပါအုံး.."

အစီအစဉ်များ ပြုလုပ်ပြီးနောက် မင်ကျန်းထောင်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး နှုတ်ဆက်လိုက်သည်။

"ခဏနေအုံး... မင်းပြန်သွားရင် ဒုက္ခတွေ့နိုင်တယ်လို့ ငါ အာရုံခံမိနေတယ်....မင်းကို ဓားသိုင်းတစ်ကွက် သင်ပေးလိုက်မယ်...ဒါက မင်းအတွက် အသုံးဝင်လိမ့်မယ်"

ကျန်းရွှမ်သည် အိမ်ခြံမြေဝယ်ယူခြင်းကို စွန်းချန်အား တာဝန်လွှဲလိုက်ပြီ ခြံဝင်းငယ်တစ်ခုပါသော တည်းခိုခန်းငယ်တစ်ခုတွင် ယာယီတည်းခိုရန် နေရာရှာလိုက်သည်။ ထို့နောက် သူသည် မင်ကျန်းထောင်ကို ရှေ့သို့တိုးလာရန် လက်ဟန်ပြလိုက်ပြီး အပြုံးနှင့် ပြောဆိုလိုက်၏။

မိုပိုင်ယဲ့က မင်ကျန်းထောင်အား ချို့ယွင်းနေသော ဓားနည်းစနစ်ကို တမင်သက်သက်သင်ပေးခဲ့သဖြင့် သူ့တပည့်၏ ရှေ့အလားအလာကို ချိုးနှိမ်ထားရန် ရည်ရွယ်ကြောင်း ပြသနေသည်။ ကျန်းရွှမ်၏ လမ်းညွှန်မှုဖြင့် မင်ကျန်းထောင်သည် ချို့ယွင်းချက်များကို သိရှိသွားခဲ့ပြီး လျင်မြန်စွာ တိုးတက်နေလေပြီ။ ဤကဲ့သို့ တိုးတက်မှုကို မိုပိုင်ယဲ့သည် သတိမမူမိဘဲ နေမည်မဟုတ်ဘဲ တစ်ကြိမ်ရှာဖွေတွေ့ရှိသွားလျှင် မင်ကျန်းထောင်သည် ဒုက္ခရောက်မည်မှာ သေချာပေါက်ပင်။

ဤသည်မှာ ကျန်းရွှမ် ဂရုတစိုက် ပြုစုပျိုးထောင်ထားသော 'ကိုယ်စားလှယ်" ဖြစ်သဖြင့် ဤမျှထိ အလျင်အမြန် ကျဆုံးသွားတာမျိုး သူ အဖြစ်မခံနိုင်ချေ။

"နားလည်ပါပြီ"

မင်ကျန်းထောင်သည် ခေါင်းညိတ်လိုက်သော်လည်း သူ၏စိတ်ထဲတွင် သံသယ ဝင်နေမိသည်။ သူ့ဆရာသည် တခြားလူများအပေါ် တင်းမာခက်ထန်သော်လည်း သူ့ကို နှစ်ပေါင်းများစွာကြာအောင် ပြုစုပျိုးထောင်ခဲ့ပြီး လေးနက်သောချစ်ခင်မှု ရှိသည်။ နည်းစနစ်အတွင်းမှ ချို့ယွင်းချက်များကို ရှာဖွေတွေ့ရှိရုံမျှဖြင့် သူ့ကို သတ်ဖြတ်သည်အထိ လုပ်ဆောင်မည် မဟုတ်ချေ။

သို့ရာတွင် ကျန်းရွှမ်ကဲ့သို့ ထိပ်သီးတည်ရှိမှုကြီးတစ်ဦးထံမှ လမ်းညွှန်မှုကို ရရှိခြင်းသည် သူ လက်လွှတ်မခံနိုင်သော အခွင့်အရေးပင်။

မင်ကျန်းထောင်၏ သံသယများကို ဂရုမစိုက်ဘဲ ကျန်းရွှမ် လက်ဝှေ့ယမ်းလိုက်ရာ မင်ကျန်းထောင်၏ လက်ထဲမှ မိုတောက်ဓားသည် သူ၏ လက်ထဲသို့ ပျံသန်းလာသည်။ ပေါ့ပါးသော လှုပ်ရှားမှုဖြင့် ကျန်းရွှမ်က ဓားကိုမြှောက်ပြီး အောက်သို့ ခုတ်ပိုင်းလိုက်သည်။

အချိန်တခဏအတွင်းမှာပင် လွှမ်းမိုးချုပ်ကိုင်နိုင်သော ဓားချီစွမ်းအင်တစ်ခုက လေထုအတွင်းတွင် ဖြတ်သန်းသွားပြီး မယုံနိုင်လောက်သော အရှိန်ဖြင့် ထွင်းဖောက်သွားရာ အသံလှိုင်းများပင် ထွက်ပေါ်လာသည်။

ကျန်းရွှမ်သည် စီးဆင်းသောအလင်းတန်း ကောင်းကင်ကံကြမ္မာကို တတိယအဆင့်သို့ မတက်လှမ်းနိုင်သေးသော်လည်း သူ မကြာသေးမီက ရရှိခဲ့သော ဉာဏ်အလင်းပွင့်မှုများက မိုတောက်ဓားနည်းစနစ်အပေါ် သူ၏ နားလည်မှုကို ပို၍နက်ရှိုင်းစေခဲ့သည်။

ပုံမှန်အားဖြင့် စီးဆင်းသောအလင်းတန်း လှံနည်းစနစ်နှင့် မိုတောက်ဓားနည်းစနစ်တို့သည် သဟဇာတ မဖြစ်ချေ။ သို့ရာတွင် ကောင်းကင်ဘုံသောက စွမ်းအားချည်မျှင်များကို အသုံးပြု၍ သူသည် ထိုအရာနှစ်ခု၏ အစိတ်အပိုင်းများကို ပေါင်းစပ်နိုင်ခဲ့သည်။ ထို့ကြောင့် ဤဓားနည်းစနစ်သည် အသက်ဝင်လာခဲ့ပေ၏။

"ဘယ်လောက်တောင် အစွမ်းထက်တဲ့ ဓားနည်းစနစ်ပဲ... ဒါက နာမည်ရော ရှိလား..."

မင်ကျန်းထောင်သည် အံ့အားသင့်သွားကာ သူ၏မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာသည်။

ဤလှုပ်ရှားမှုသည် ထူးခြားပြီး သူ့ဆရာ၏နည်းစနစ်များနှင့် ကွဲပြားခြားနားသော်လည်း မိုတောက်ကောင်းကင်ကံကြမ္မာ၏ အနှစ်သာရကို တိုက်ရိုက်ထိတွေ့နေသည်။ ဤနည်းစနစ်ကို ကျွမ်းကျင်ပိုင်နိုင်သွားပါက သူ့ကို တတိယအဆင့်သို့ တွန်းပို့နိုင်လောက်သည်။

ကောင်းကင်ကံကြမ္မာ၏ တတိယအဆင့်သည် ကြယ်စင်မြစ်နယ်ပယ်၏ စတုတ္ထအဆင့်နှင့် ကိုက်ညီသည်။ ဤသည်မှာ ကြယ်စင်မြစ်နယ်ပယ် အလယ်အလတ်အဆင့်သို့ ဝင်ရောက်နိုင်သော ကြယ်သုံးပွင့် ကံကြမ္မာဆရာသခင်တစ်ဦး ဖြစ်လာရန် သိသာထင်ရှားသော ခုန်ပျံကျော်လွှားမှုတစ်ခုပင်။

"ဒီနည်းစနစ်မှာ နာမည်ရှိတာပေါ့... ငါက 'ချယ်ရီနီ' လို့ ခေါ်တယ်"

ကျန်းရွှမ်က ပြုံးလိုက်ပြီး တည်ငြိမ်စွာ ပြောဆိုသည်။

ဤလှုပ်ရှားမှုတွင် စီးဆင်းသောအလင်းတန်း လှံနည်းစနစ်၏ အစိတ်အပိုင်းများ ပါဝင်နေသဖြင့် ထိုအရာ၏အဓိကစိတ်ဝိညာဉ် ကျန်ရှိနေဆဲပင်။

"အလင်းတန်းက လူကိုစွန့်ခွာ...ချယ်ရီသီးတို့ နီမြန်းစေကာ ငှက်ပျောရွက်များ စိမ်းလန်းစေ"

"ချယ်ရီနီလား..."

မင်ကျန်းထောင်သည် အံ့အားသင့်သွားပြီးနောက် လျင်မြန်စွာ နားလည်သဘောပေါက်သွားသည်။

"ဒါက သင့်တော်တဲ့ နာမည်ပါပဲ..."

ဤနာမည်ရှိနေခြင်းမှာ ကျန်းရွှမ်က ဤဓားနည်းစနစ်သည် ပြိုင်ဘက်၏ခေါင်းကို ချယ်ရီနီရောင် သွေးများအဖြစ် ခုတ်ထစ်လိုက်သကဲ့သို့ ပြင်းထန်သည်ဟု ခံစားရခြင်းကြောင့် ဖြစ်ပေမည်။ ဤသည်မှာ အမှန်တကယ်ကို ရဲတင်းပြီး သွေးဆာသောနာမည်ပင်။

မင်ကျန်းထောင်၏ အတွေးများကို မသိဘဲ ကျန်းရွှမ်က မိုတောက်ဓားကို မြှောက်လိုက်ပြီး ပြောဆိုသည်။

"ငါ နောက်တစ်ခေါက် ပြပေးမယ်... မင်း ဘယ်လောက်ထိ နားလည်နိုင်မလဲဆိုတာကတော့ မင်းရဲ့အရည်အချင်းအပေါ် မူတည်တယ်"

"ဟုတ်ကဲ့"

မင်ကျန်းထောင်က အာရုံစိုက်၍ ကြည့်ရှုပြီး ထိုလှုပ်ရှားမှုကို လေ့လာမှတ်သားလိုက်သည်။ ထို့နောက် သူသည် ဓားကို ယူပြီး ဖြည်းညင်းစွာ လေ့ကျင့်လိုက်ရာ ထိုနည်းစနစ်၏အနှစ်သာရမှ နှစ်ပုံ သို့မဟုတ် သုံးပုံခန့်ကို အတုခိုးနိုင်ခဲ့သည်။

"မဆိုးဘူး..."

ကျန်းရွှမ်က ခပ်ဖျော့ဖျော့အပြုံးနှင့် ချီးကျူးလိုက်၏။

ဤနည်းစနစ်သည် စီးဆင်းသောအလင်းတန်း လှံနည်းစနစ်မှ ဆင်းသက်လာသော်လည်း သူ နှစ်ကြိမ်သာပြသရုံဖြင့် အခြေခံများကို ကျွမ်းကျင်ပိုင်နိုင်ခြင်းသည် မင်ကျန်းထောင်၏ ပါရမီကို သက်သေပြနေသည်။

"ကောင်းပြီ... မင်းဘာသာမင်း လေ့ကျင့်တော့"

ကျန်းရွှမ်က ဆက်မနေတော့ဘဲ သူ၏အခန်းသို့ ပြန်ရန် နောက်သို့လှည့်လိုက်သော်လည်း ရုတ်တရက် ကြက်သေသေသွားသည်။ ကောင်းကင်ကံကြမ္မာ စွမ်းအင်လှိုင်းလုံးကြီးတစ်ခုသည် သူ့ထံသို့ တိုးဝင်လာပြီး ကောင်းကင်ဘုံစာကြည့်တိုက်ထဲသို့ ဝင်ရောက်ကာ စာအုပ်သစ်များ ဖြစ်ပေါ်လာသည်။

"ဒါ..."

ကျန်းရွှမ်က မင်ကျန်းထောင်ကို အံ့အားတသင့် ကြည့်လိုက်သည်။

ဤစွမ်းအင်သည် မိုပိုင်ယဲ့၏တပည့်ထံမှ လာသည်မှာ သေချာပေါက်ပင်။ သို့ရာတွင် မင်ကျန်းထောင်၏နားလည်သဘောပေါက်မှုမှနေ၍ သူ သည် မည်သည်ကြောင့် အကျိုးကျေးဇူးများကို ရရှိခဲ့သနည်း။

ကောင်းကင်ကံကြမ္မာ၏ အခြေခံမူများအရ တပည့်တစ်ဦး၏ တိုးတက်မှုမှန်သမျှသည် သူတို့၏ဆရာကို အကျိုးပြုပေလိမ့်မည်။ ဤသည်မှာ ဆရာတပည့်ဆက်ဆံရေး၏ လည်ပတ်မှုပုံစံပင်။ သို့ရာတွင် မင်ကျန်းထောင်သည် မိုပိုင်ယဲ့၏တပည့်ဖြစ်သဖြင့် လှုပ်ရှားမှုတစ်ကွက်တည်းသာ သင်ပေးခဲ့သော ကျန်းရွှမ်သည် မည်သည်ကြောင့် ဤကဲ့သို့ ဆုလာဘ်များကို ရိတ်သိမ်းနိုင်မည်နည်း။

"မိုပိုင်ယဲ့ သင်ပေးတဲ့ နည်းစနစ်က ချို့ယွင်းနေပြီးတော့ ငါ့ရဲ့လမ်းညွှန်မှုက အဲ့ဒါကို ပြင်ဆင်ပေးလိုက်ရုံတင်မကဘဲနဲ့ အတွေးသစ်တစ်ခုကိုပေါက်ဖွားသွားစေလို့များ ဖြစ်နေမလား..."

အတွေးတစ်ခုက သူ၏ခေါင်းထဲသို့ ဝင်ရောက်လာသည်။

ဤသည်မှာ အမှန်ဖြစ်လျှင် ဤကိစ္စသည် သာမန်လမ်းညွှန်မှုမျိုး မဟုတ်တော့ဘဲ ကြီးမြတ်သောကံကြမ္မာကို လုယူခြင်းပင်။

ကောင်းကင်ဘုံစာကြည့်တိုက်ထဲသို့ အလျင်အမြန် ကြည့်လိုက်ပြီးနောက် သူ၏ ယူဆချက်များကို အတည်ပြုနိုင်ခဲ့သည်။ မိုတောက်ကောင်းကင်ကံကြမ္မာ စွမ်းအင်မြစ်သည် ပို၍ထူထဲလာပြီး အစောပိုင်း အဆင့်မှ အလယ်အလတ် အဆင့်သို့ မြင့်တက်သွားသည်။ စွမ်းအင်စီးကြောင်းတစ်ခုသည် လေဟာနယ်မှ စီးဆင်းလာပြီး စွမ်းအင်မြစ်၏ တိုးတက်မှုကို ခိုင်မာစေပေ၏။

"ဒါက... မင်ကျန်းထောင်ရဲ့ ကောင်းကင်ကံကြမ္မာပဲ"

ကျန်းရွှမ် ကြက်သေသေသွားသည်။

သူသည် မင်ကျန်းထောင်၏ ကောင်းကင်ကံကြမ္မာကို မိုပိုင်ယဲ့ထံမှ အောင်မြင်စွာ လွှဲပြောင်းယူနိုင်ခဲ့လေပြီ။ ယခုချိန်မှစပြီး မင်ကျန်းထောင် ပြုလုပ်သမျှ အဆင့်ချိုးဖျက်မှုတိုင်းသည် သူ၏ဆရာအတွက် မည်သည့်အကျိုးကျေးဇူးကိုမျှ ရရှိစေတော့မည် မဟုတ်ချေ။

ကံကြမ္မာခန်းမသည် ဖရိုဖရဲကံကြမ္မာ ကျင့်ကြံသူများအပေါ် မည်သည်ကြောင့် ဤမျှထိ ကြောက်ရွံ့နေသည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။ တပည့်များ၏ကောင်းကင်ကံကြမ္မာများကို ဆန္ဒရှိသကဲ့သို့ လုယူနိုင်သော စွမ်းရည်သည် မည်သူကိုမဆို ထိတ်လန့်ကြောက်ရွံ့စေရန် လုံလောက်သည်။

ကျန်းရွှမ်သည် သူ၏ထိတ်လန့်တုန်လှုပ်မှုကို ဖယ်ရှားပြီးနောက် သူ၏ စိတ်ခံစားချက်များကို ဖုံးကွယ်ကာ အခန်းထဲသို့ ပြန်လာခဲ့သည်။ ဤစွမ်းရည်သည် သူ့အတွက် သီးသန့်လော သို့မဟုတ် တခြားသူများလည်း အတုခိုးနိုင်သလောဟူသည်ကို စစ်ဆေးရန် လိုအပ်နေသည်။ တိုက်ရိုက်စုံစမ်းမေးမြန်း၍ မရသောကြောင့် သူ စာကြည့်တိုက်မှမှတ်တမ်းများကို ဖတ်ရှုခြင်းမှာ အကောင်းဆုံးချဉ်းကပ်မှု ဖြစ်ပုံရသည်။

ဤအချိန်တွင် မင်ကျန်းထောင်သည် သူ၏ကောင်းကင်ကံကြမ္မာ ပြောင်းလဲသွားသည်ကို မသိဘဲ 'ချယ်ရီနီ' သိုင်းကွက်ကို ကျွမ်းကျင်အောင် လေ့ကျင့်ရာ၌ အာရုံစိုက်နေသည်။ တစ်နာရီကျော် လေ့ကျင့်ပြီးနောက် သူသည် နောက်ဆုံးတွင် ကျွမ်းကျင်မှု ရရှိသွားပြီး သက်ပြင်းချလိုက်၏။

"ပြန်ဖို့ အချိန်တန်ပြီ"

သူသည် ကျေးဇူးတင်စွာဖြင့် ကျန်းရွှမ်၏ အခန်းဘက်သို့ လေးလေးနက်နက် ဦးညွှတ်လိုက်ပြီး သံအကြေးခွံတောင်ပံသားရဲပေါ်သို့ တက်ကာ မိုတောက်ဂိုဏ်းဆီသို့ အလျင်အမြန် ထွက်ခွာသွားသည်။

သူ ပြန်ရောက်သွားချိန်၌ ဆရာတူတပည့်များက သူ့ကို နွေးထွေးစွာ ဆီးကြိုနှုတ်ဆက်ကြသည်။ မိုပိုင်ယဲ့၏တိုက်ရိုက်တပည့်တစ်ဦးအနေဖြင့် မင်ကျန်းထောင်သည် တပည့်များအကြားတွင် အလွန်အမင်းရိုသေလေးစားခံရမှုကို ရရှိထားသည်။

"ဆရာ ဘယ်မှာလဲ"

သူက မေးမြန်းလိုက်သည်။

"ဆရာ့ ဘယ်နေရာမှာရှိလဲဆိုတာ မသိဘူး... ဒါပေမဲ့ စီနီယာအစ်ကိုကြီးက သခင်လေးကို သူ့ဆီ ချက်ချင်းလာဖို့ ပြောထားတယ်"

တပည့်တစ်ဦးက တုံ့ပြန်အဖြေပေးသည်။

မင်ကျန်းထောင်သည် ခေါင်းညိတ်ပြီး သူ၏စီနီယာအစ်ကိုကြီး နေထိုင်သောနေရာသို့ သွားလိုက်သည်။ ခြံဝင်းထဲသို့ သူ ဝင်ရောက်လိုက်ချိန်၌ တိတ်ဆိတ်ငြိမ်သက်မှုက သူ့ကို ဆီးကြိုနေသည်။ သူ တံခါးခေါက်သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရှိချေ။

"စီနီယာအစ်ကို ရှိလား...."

သူသည် အော်ခေါ်လိုက်ရင်း တံခါးခုံကို ကျော်ဖြတ်ကာ အတွင်းသို့ ဝင်ရောက်လိုက်သည်။

သူ ခြေလှမ်းနောက်တစ်လှမ်းမလှမ်းမီ မကောင်းသော နိမိတ်တစ်ခုက သူ၏စိတ်ထဲတွင် ထွက်ပေါ်လာသည်။ သူ လျင်မြန်စွာ နောက်ဆုတ်လိုက်ရာ သူ ယခင်က ရပ်နေခဲ့သော နေရာသို့ ကျရောက်လာသည့် သေစေနိုင်သော ဓားချီအလင်းတန်းတစ်တန်းကို ပွတ်ကာသီကာ ရှောင်ကြဥ်နိုင်ခဲ့သည်။

အကယ်၍ သူသာ တွေဝေတုံ့ဆိုင်းနေခဲ့လျှင် သူသည် "ချယ်ရီနီ" ၏ ပုံရိပ်စစ် ဖြစ်သွားနိုင်သည်။

All Chapters