နေအိမ်သစ်
Vol. 17 Ch. 235
"ဘယ်သူလဲ..."
မိုတောက်ဂိုဏ်း ဌာနချုပ်အတွင်းတွင် မမျှော်လင့်ဘဲ တိုက်ခိုက်ခံရပြီး သေလုနီးပါး ဖြစ်သွားရာ မင်ကျန်းထောင်၏မျက်နှာ သုန်မှုန်သွားသည်။ ထို့နောက် သူ၏လက်ထဲမှ မိုတောက်ဓားကို မြှောက်လိုက်ရာ ဓားချီအလင်းတန်းတစ်ခုသည် မြစ်တစ်စင်းအလား ထွက်ပေါ်လာပြီး လေထုကို ဖြတ်တောက်သွားသည်။
ဒင်...ဒင်...ဒင်...ဒင်...
အမှတ်မထင် တုံ့ပြန်တိုက်ခိုက်ခံရသူသည် ထိတ်လန့်တုန်လှုပ်သွားပြီး ဓားချီအလင်းတန်းမြစ်ကို တားဆီးရန် လျင်မြန်သော လှုပ်ရှားမှု လေးခုဖြင့် အလျင်အမြန် ကာကွယ်လိုက်ရသည်။ သူ့ထံမှနေ၍ အံ့အားတသင့်ရေရွတ်သံတစ်သံ ထွက်ပေါ်လာသည်။
"အမ်..."
မင်ကျန်းထောင်သည် အံ့အားသင့်သွားပြီး ရှေ့သို့ စူးစိုက်၍ကြည့်လိုက်ရာ သူ ရင်းနှီးကျွမ်းဝင်သော ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။
"စီနီယာအစ်ကိုကြီးလား..."
ဤသည်မှာ သူ လာရောက်ရှာဖွေခဲ့သည့် စီနီယာအစ်ကိုကြီး မိုဟုန်ပင်။ ဤအချိန်တွင် မိုဟုန်သည် သူ၏မိုတောက်ဓားကို ဆုပ်ကိုင်ထားပြီး သူ၏စူးရှသော မျက်လုံးများဖြင့် လင်းယုန်တစ်ကောင်ကဲ့သို့ စူးစိုက်ကြည့်နေသည်။ သူသည် အန္တရာယ်ရှိသော အငွေ့အသက်များကို ထုတ်လွှတ်ထားပေ၏။
"ငါတို့ မလေ့ကျင့်ဖြစ်တာ ကြာပြီ... မင်း ဘယ်လောက်ထိ အစွမ်းထက်လာလဲဆိုတာ ကြည့်ရသေးတာပေါ့"
မိုဟုန်က ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်ရင်း သူ၏ဓားကို ထပ်မံ၍ လွှဲယမ်းလိုက်သည်။
အချိန်တခဏအတွင်းမှာပင် ဓားချီစွမ်းအင်များသည် လေထုအတွင်းတွင် ဖြတ်သန်းသွားပြီး မင်ကျန်းထောင်၏အရေပြားကို အေးစက်စက်လေနှင့် ထိတွေ့သကဲ့သို့ စူးရှသော ခံစားမှုတစ်ခုကို ဖြစ်ပေါ်စေသည်။
မင်ကျန်းထောင်၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။ ဤတိုက်ခိုက်မှုသည် သာမန်လေ့ကျင့်မှု မဟုတ်ဘဲ သူ့ကို နေရာတွင် သတ်ဖြတ်ရန် ရည်ရွယ်ပုံရသော ပြင်းထန်သည့်ဓားချက်ပင်။
အမှားအယွင်း တစ်ခုရှိလျှင်ပင် သေဆုံးခြင်းကို ဖြစ်စေနိုင်ကြောင့် သိလိုက်ရသဖြင့် မင်ကျန်းထောင်သည် စကားပြောဆိုဝံ့ခြင်းမရှိတော့ချေ။ သူသည် သူ၏မိုတောက်ဓားကို မြှောက်၍ ခုခံလိုက်၏။
မိုတောက်ကံကြမ္မာကို ကျွမ်းကျင်သူနှစ်ဦးသည် အင်အားကုန်သုံး၍ ထိပ်တိုက်ရင်ဆိုင်ကြသဖြင့် ဓားချီအလင်းတန်းများ အရပ်မျက်နှာအဘက်ဘက်သို့ ပွင့်အံ့ထွက်သွားသည်။ တုန်ခါမှုလှိုင်းများသည် မြေပြင်ပေါ်တွင် နက်ရှိုင်းသော အက်ကွဲကြောင်းများကို ဖြစ်ပေါ်စေပြီး ခြံဝန်းအတွင်းရှိ ခန်းမဆောင်များနှင့် စင်္ကြန်များ ပြိုကျသွားသည်။
"မဆိုးဘူး.... မင်းရဲ့စွမ်းအားက တော်တော်လေး တိုးတက်လာတာပဲ"
မိုဟုန်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ယခင်က သူ့ဂျူနီယာညီ၏ အစွမ်းသည် ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့်၏ အထွတ်အထိပ်တွင်သာ ရှိခဲ့သည်။ မိုဟုန် သူ့ကို သိုင်းကွက်သုံးကွက်အတွင်း အနိုင်ယူနိုင်ခဲ့သည်။ သို့သော် ရက်အနည်းငယ်အတွင်းမှာပင် မင်ကျန်းထောင်သည် ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီး ဓားနည်းစနစ်အပေါ် နားလည်သဘောပေါက်မှုသည်လည်း သိသိသာသာ နက်နဲသိမ်မွေ့လာသည်။ မိုဟုန်၏ ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့် အထွတ်အထိပ်တွင်ရှိသည့် စွမ်းအားဖြင့်ပင် သူ့ကို အနိုင်ယူရန် မလွယ်ကူတော့ချေ။
"ဆရာ ပြောတာ မှန်ပုံရတယ်... ဒီကောင်က တကယ်ကြီး ထူးဆန်းနေတယ်... ငါ့ရဲ့ အပြင်းထန်ဆုံးဓားကွက်နဲ့ စမ်းသပ်ကြည့်လိုက်မယ်"
နှစ်ပေါင်းများစွာ အတူတကွလေ့ကျင့်ခဲ့သဖြင့် တစ်ယောက်အကြောင်း တစ်ယောက် သိရှိနေမှုကြောင့် သာမန်လှုပ်ရှားမှုများဖြင့် အနိုင်ရရန် မဖြစ်နိုင်ပေ။ မိုဟုန်၏ အတွေးများ ပြောင်းလဲသွားပြီး သူ၏မိုတောက်ဓားကို စက်ဝိုင်းခြမ်းပုံစံ လွှဲယမ်းကာ အောက်သို့ ခုတ်ပိုင်းလိုက်သည်။
ဤသည်မှာ သူ နှစ်ပေါင်းများစွာကြာအောင် လေ့ကျင့်ခဲ့သော သူ့၏ အပြင်းထန်ဆုံး ဓားနည်းစနစ်ပင်။ ဓားချီစွမ်းအင်သည် မီတာဆယ်နှင့်ချီအတွင်းရှိ အရာအားလုံးကို ဖုံးလွှမ်းသွားပြီး ကံကြမ္မာကိုပင် ဖြတ်တောက်နိုင်လောက်အောင် အစွမ်းထက်သည်။
"စီနီယာအစ်ကိုကြီး..."
မင်ကျန်းထောင်၏မျက်နှာ ဖြူဖျော့သွားသည်။
ဆရာတူတပည့်များကြား လေ့ကျင့်မှုတွင် သေစေနိုင်လောက်သော အင်အားကို အသုံးမပြုဘဲ ထိန်းချုပ်ထားရပေမည်။ သို့ရာတွင် ဤတိုက်ခိုက်မှုသည် အင်အားအပြည့်အဝ သုံးထားပြီး စွမ်းအားများအားလုံးကို ဓားထဲသို့ စုစည်းထားသည်။ သူ အနည်းငယ် မှားယွင်းသွားရုံဖြင့် သေဆုံးသွားနိုင်ပေ၏။
သူ အလျှော့ပေး၍မရတော့ကြောင့် သိလိုက်ရသဖြင့် မင်ကျန်းထောင်သည် သူ၏ကိုယ်နေဟန်ထားကို ပြောင်းလဲလိုက်ပြီး သူ ကျန်းရွှမ်ထံမှ လောလောလတ်လတ် သင်ယူခဲ့သော "ချယ်ရီနီ"သိုင်းကွက်ကို ထုတ်ဖော်အသုံးပြုလိုက်သည်။
ထက်ရှသော ဓားချီစွမ်းအင်တန်းနှစ်တန်းသည် ထိပ်တိုက်ထိတွေ့မိလေ၏။
ဘုန်း...
"ချယ်ရီနီ" ၏ ဓားချီစွမ်းအင်သည် မိုဟုန်၏ အပြင်းထန်ဆုံးဓားချီကို ထောပတ်ကို ဓားပူဖြင့် လှီးဖြတ်သကဲ့သို့ ဖြတ်တောက်သွားပြီး တစ်ခဏအတွင်းမှာပင် နှစ်ခြမ်းကွဲထွက်သွားစေသည်။
"ဘာ..."
ဤလှုပ်ရှားမှု၏ လွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအားကြောင့် သတိလက်လွတ်ဖြစ်သွားသော မိုဟုန်သည် သူ၏နဖူးတွင် စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူ မတုံ့ပြန်နိုင်မီမှာပင် သူ့ဂျူနီယာညီ၏ ဓားသည် သူ၏ နဖူးရှေ့ လက်မအနည်းငယ်အကွာတွင် ရပ်တန့်သွားခဲ့သည်။
"စီနီယာအစ်ကိုကြီး..."
မင်ကျန်းထောင်သည်လည်း ထပ်တူထပ်မျှ အံ့အားသင့်နေပြီး ဤရလဒ်ကို ယုံရခက်နေသည်။
အရှင်ကျန်းရွှမ် သင်ပေးလိုက်သော နည်းစနစ်သည် လျင်မြန်ပြီး အစွမ်းထက်သော်လည်း သူက ဤသည်မှာ သူ့စီနီယာအစ်ကိုကြီး၏ အစွမ်းထက်ဆုံးဓားနည်းစနစ်နှင့် တန်းတူ ဖြစ်လိမ့်မည်ဟုသာ မျှော်လင့်ထားခဲ့သည်။ ဤသည်က သူ့စီနီယာအစ်ကိုကြီး၏ တိုက်ခိုက်မှုကို လုံးလုံးလျားလျား ဖျက်ဆီးပစ်လိမ့်မည်ဟု မည်သူက တွေးထင်ထားမိမည်နည်း။ ဤသည်မှာ မြန်ဆန်တိကျပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော အနိုင်ရလဒ်ပင်။
ဆိုလိုသည်မှာ သူတို့ဆရာ၏ အစွမ်းထက်ဆုံးဓားနည်းစနစ်သည် ကျန်းရွှမ်ထံမှ သင်ယူခဲ့သော နည်းစနစ်နှင့် နှိုင်းယှဉ်လျှင် ဟာသပြက်လုံးတစ်ခု လုံးလုံးလျားလျား ဖြစ်နေခြင်းပင်။
ဓားကို လျင်မြန်စွာ ရုပ်သိမ်းလိုက်ပြီး မင်ကျန်းထောင်က အနေရခက်သောအမူအယာဖြင့် တောင်းပန်လိုက်သည်။
"စီနီယာအစ်ကိုကြီး...တောင်းပန်ပါတယ်... ကျွန်တော် အချိန်မီ မထိန်းလိုက်နိုင်ဘူး..."
မိုဟုန်က သူ၏နဖူးကို စမ်းလိုက်ရာ စိုစွတ်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူ၏ဂျူနီယာညီသည် ဓားကို ပြန်ရုပ်သိမ်းသွားသော်လည်း ထိုအရာ၏ ထက်ရှသောဓားချီက ပြတ်ရှရာတစ်ခုကို ချန်ထားခဲ့သည်။
မင်ကျန်းထောင်သာ နောက်မဆုတ်ခဲ့လျှင် မိုဟုန်၏ခေါင်း ကွဲထွက်သွားပေမည်။
"မင်း..."
မိုဟုန်၏မျက်လုံးသူငယ်အိမ်များ ကျုံ့ဝင်သွားပြီး သူ၏ခန္ဓာကိုယ် တုန်ရီသွားသည်။
သူထံတွင် ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့် အထွတ်အထိပ်စွမ်းအား ရှိနေသော်လည်း သူ ရှုံးနိမ့်ခဲ့သည်။ ရက်အနည်းငယ်အတွင်းတွင် သူ၏ဂျူနီယာညီသည် မည်သည်ကြောင့် ဤမျှထိ တိုးတက်သွားသနည်း။ ထို့ပြင် ထိုနည်းစနစ်ကို သူ အနည်းငယ်မျှ ရင်းနှီးကျွမ်းဝင်မှုမရှိသဖြင့် သူတို့၏ဆရာမှ သင်ပေးခဲ့ခြင်း မဟုတ်နိုင်ချေ။
မိုဟုန်က သူ့ကိုယ်သူ အတင်းအကြပ်ဖိအားပေးပြီး ပြုံးလိုက်သည်။
"လေ့ကျင့်မှုမှာ ဒဏ်ရာရတာက ရှောင်လွှဲလို့ မရဘူး....မင်း ဒီလောက်ထိ တိုးတက်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
သူသည် တည်ငြိမ်ဟန်ဆောင်ပြီး ထပ်မံ၍ပြောဆိုလိုက်၏။
"မင်း ခရီးပန်းလာလို့ ပင်ပန်းနေလောက်ပြီ...ခဏ အနားယူလိုက်အုံး..ဆရာက လုပ်စရာကိစ္စတချို့ရှိလို့ အပြင်ကိုသွားနေတယ်... သူ ပြန်လာတဲ့အချိန်ကျရင် ငါ မင်းကို အကြောင်းကြားလိုက်မယ်"
"ဟုတ်ကဲ့ပါ စီနီယာအစ်ကိုကြီး.."
သူ၏စီနီယာအစ်ကိုကြီး စိတ်မဆိုးသောကြောင့် မင်ကျန်းထောင်သည် စိတ်သက်သာရာ ရသွားပြီး ထွက်ခွာသွားတော့သည်။
မိုဟုန်သည် သူ၏အိမ်သို့ ပြန်သွားလိုက်သော်လည်း သူ အိမ်ထဲသို့မဝင်မီမှာပင် မိုပိုင်ယဲ့ ထွက်ပေါ်လာသည်။
"ဆရာ..."
မိုပိုင်ယဲ့က ခေါင်းညိတ်လိုက်သည်။
"မင်းလည်း သတိထားမိမှာပါ...သူ့ရဲ့ဓားသိုင်းကွက်က ငါသင်ပေးထားတာ မဟုတ်ဘူး"
သူသည် ဤလေ့ကျင့်တိုက်ခိုက်မှုတစ်ခုလုံးကို စောင့်ကြည့်နေခဲ့ပြီး ထိုနည်းစနစ်၏ ကြောက်မက်ဖွယ်စွမ်းအားကို သတိပြုမိခဲ့သည်။ မိုပိုင်ယဲ့ကိုယ်တိုင်ပင်လျှင် ထိုဓားချက်ကို ခုခံရန် ရုန်းကန်ရလိမ့်မည်။
မိုဟုန်က တည်ကြည်လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
"ဒါက... ဂျူနီယာညီလေးက တခြား ကောင်းကင်ကံကြမ္မာတစ်ခုကို သင်ယူသွားတာများ ဖြစ်နေမလား..."
ပုံမှန်အားဖြင့် ကောင်းကင်ဘုံကံကြမ္မာကို ရွေးချယ်ပြီးသည်နှင့် ပြောင်းလဲရန် ခက်ခဲသည်။ သို့ရာတွင် တူညီသော အမျိုးအစားများဖြစ်သည့် ဥပမာ ဓားသိုင်းပညာအတွင်းတွင် ပို၍အဆင့်မြင့်သော လမ်းကြောင်းသို့ အဆင့်မြှင့်တင်ခြင်းသည် ဖြစ်နိုင်ပေ၏။
မိုပိုင်ယဲ့က ခေါင်းခါလိုက်သည်။
"အဲ့ဒီနည်းစနစ်က မိုတောက်ကောင်းကင်ကံကြမ္မာကနေပဲ မြစ်ဖျားခံတာ...ဒါပေမဲ့ ဓားသိုင်းကွက်တွေကို အများကြီးပိုကောင်းအောင် အဆင့်မြှင့်တင်ထားတယ်..ဒါက ငါ့ရဲ့ဓားနည်းစနစ်တွေထဲက တစ်ခုကို ပြုပြင်မွမ်းမံထားတာပဲ ဖြစ်မယ်...သူ မကြာသေးခင်က ဘယ်သူတွေနဲ့ ဆက်ဆံနေလဲဆိုတာ သွားပြီးစုံစမ်းစမ်း..."
"ဟုတ်ကဲ့"
မိုဟုန်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ အရိုအသေပေးပြီး အမိန့်အတိုင်း လိုက်နာရန် ထွက်ခွာသွားတော့သည်။
မင်ကျန်းထောင်သည် သူ၏အိမ်သို့ ပြန်ရောက်ချိန်၌ "ချယ်ရီနီ"နည်းစနစ်၏ ကြောက်မက်ဖွယ်စွမ်းအားကို အံ့အားသင့်နေမိသည်။
သူသည် ထိုနည်းစနစ်မှစွမ်းအား၏ သုံးဆယ်ရာခိုင်နှုန်းခန့်ကိုသာ ကျွမ်းကျင်သေးသော်လည်း သူ့ စီနီယာအစ်ကိုကြီး၏ တိုက်ခိုက်မှုကို လွယ်လင့်တကူ တန်ပြန်တိုက်ခိုက်နိုင်ခဲ့သည်။ အကယ်၍ သူသည် ထိုနည်းစနစ်ကို အပြည့်အဝကျွမ်းကျင်ပိုင်နိုင်သွားပါက သူ မည်သည့်အရာအား လုပ်နိုင်မည်နည်း။ သူ၏ကျင့်ကြံဆင့်ထက် များစွာကျော်လွန်သော ပြိုင်ဘက်များကိုပင် အနိုင်ယူနိုင်မည်လော။
ထိုအချိန်တွင် ကျန်းရွှမ်၏သီးသန့်လေဟာနယ်ထဲတွင် ကောင်းကင်ကံကြမ္မာ စွမ်းအင်စီးကြောင်းများဖြင့် ရစ်သိုင်းလွှမ်းခြုံနေသည်။ ကျန်းရွှမ်က ဤအကျိုးကျေးဇူးများသည် မင်ကျန်းထောင် သူ၏ဓားနည်းစနစ်ကို လေ့ကျင့်ခြင်းမှ လာသည်အား နားလည်သဘောပေါက်လိုက်၏။
"အစွမ်းထက်တဲ့ ကောင်းကင်ကံကြမ္မာတွေကို ဆုပ်ကိုင်ထားတဲ့လူတွေက ဘာလို့ တပည့်တွေ ခေါ်ယူကြတာလဲဆိုတာ အံ့အားသင့်စရာ မရှိတော့ဘူး...ဒီလို ဘာမှမလုပ်ဘဲ အလိုလိုရရှိလာတဲ့ ဆုလာဘ်တွေက တကယ့်ကို စိတ်ကျေနပ်စရာပဲ"
သူ တွေးတောလိုက်သည်။
'တပည့်တစ်ယောက်ရဲ့ကျင့်ကြံမှုက ဒီလောက်ထိ အကျိုးကျေးဇူး ပေးတယ်ဆိုရင် ဆယ်ယောက်ဆိုရင်ရော...တစ်ရာ...တစ်ထောင်.. ဒါဆိုရင် အကျိုးကျေးဇူးတွေက စိတ်ကူးယဥ်တွေးတောကြည့်လို့တောင် ရနိုင်မှာ မဟုတ်ဘူး'
"သခင်လေး...အိမ်ဝယ်ပြီးပါပြီ"
နောက်တစ်နေ့တွင် စွန်းချန် ရောက်လာပြီး ဦးညွှတ်အရိုအသေပြုကာ ပြောဆိုသည်။
ထိုအိမ်သည် တစ်ချိန်က မင်းသားတစ်ပါး၏အိမ်တော် ဖြစ်ခဲ့ပြီး ကျယ်ဝန်းကာ ကာကွယ်ရေးဝင်္ကပါများဖြင့် ကောင်းစွာစောင့်ကြပ်ထားသည်။ ကျန်းရွှမ်သည် အိမ်တော်ကို စစ်ဆေးပြီးနောက် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြ ကာညွှန်ကြားလိုက်၏။
"အိမ်တော်အခြေကျသွားရင်...ဘယ်လိုလုပ်ရင် ကံကြမ္မာဆရာသခင် ဖြစ်လာမလဲဆိုတာ သွားပြီးစုံစမ်းစမ်း"
"ဟုတ်ကဲ့ပါ သခင်လေး"
စွန်းချန်သည် တာဝန်ကို လုပ်ဆောင်ရန် ထွက်ခွာသွားတော့သည်။
အိမ်တော်၏ ကာကွယ်ရေးဝင်္ကပါများကို ပြုပြင်ပြီးနောက် ကျန်းရွှမ်သည် သူ၏အခန်းသို့ ပြန်လာပြီး အတားအဆီးများကို အသက်သွင်းကာ နောက်တစ်ဆင့် မည်သို့လှုပ်ရှားရမည်စဉ်းစားလိုက်သည်။
ဤသည်မှာ ခုန်းရှီကို ဆက်သွယ်ပြီး ကျိုးယီအင်ပါယာအတွင်းတွင် သူ၏ တည်နေရာကို ရှာဖွေရန်ပင်။
ကျန်းရွှမ်က သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ အေးစက်ငရဲဓားက သူ၏လက်ထဲတွင် ထွက်ပေါ်လာသည်။ သူသည် ကောင်းကင်ဘုံသောကဓားသိုင်းကို အသက်သွင်းပြီး သူ၏ဓားကို ရှေ့သို့ခုတ်ပိုင်းလိုက်သည်။
ဝှစ်...
လေဟာနယ်သည် တွန့်လိမ်သွားပြီး မြူခိုးတိမ်တိုက်တစ်ခုက သူ၏ရှေ့တွင် ထွက်ပေါ်လာသည်။ မကြာမီမှာပင် ထိုအရာအတွင်းမှနေ၍ အံ့အားသင့်မှုအပြည့်ဖြင့် ရေရွတ်လိုက်သော အသံတစ်သံ ပဲ့တင်ထပ်လာသည်။
"ဆရာကျန်...အခု ငါ့ကို ဆက်သွယ်တာက..မင်း ကျိုးယီမြို့ကို ရောက်လာတာများ ဖြစ်နေမလား"
"အမှန်ပဲ..."
ကျန်းရွှမ်က ခေါင်းညိတ်ပြပြီး တုံ့ပြန်အဖြေပေးလိုက်သည်။
"ဒါက တကယ့်ကို သတင်းကောင်းပဲ"
ခုန်းရှီက ပျော်ရွှင်စွာ ပြောဆိုသည်။
"မင်းရဲ့စွမ်းအားက တော်တော် တိုးတက်လာပုံရတယ်...ငါက ကျီးလန်တောင်ကြားကို သန့်စင်ဖို့ နည်းလမ်းတစ်ခုကို ရှာတွေ့ထားတယ်...ဒါပေမဲ့ ငါတစ်ယောက်တည်းနဲ့ အောင်မြင်ပြီးမြောက်ဖို့ အရမ်းခက်ခဲတဲ့ တာဝန် ဖြစ်နေတယ်.... မင်းရဲ့ ကျင့်ကြံမှုကို တတ်နိုင်သမျှ အမြန်ဆုံးမြှင့်တင်ပါ..မင်း ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့်ကိုရောက်ရင် ငါ့ကို လာရှာပါ"
"ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့်လား...."
ကျန်းရွှမ် အံ့အားသင့်သွားသည်။
"ကံကြမ္မာနတ်ဘုရားနယ်မြေတွေထဲကို ဝင်ဖို့အတွက်က ကျင့်ကြံဆင့်လိုအပ်ချက်ကို သတ်မှတ်ထားလို့လား"
"အမှန်ပဲ"
ခုန်းရှီသည် သူ၏မေးခွန်းကို ကြိုတင်မျှော်လင့်ထားပုံရကာ ရှင်းပြသည်။
"မင်းရဲ့စွမ်းအား မလုံလောက်ရင် ကံကြမ္မာနတ်ဘုရားနယ်မြေထဲကို မဆင်မခြင် ဝင်ရောက်တာက မင်းကို ကြီးမားတဲ့ အန္တရာယ်တွေနဲ့ တွေ့စေနိုင်တယ်"
ဤကိစ္စကို နားလည်သွားသဖြင့် ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
"ငါ နားလည်ပြီ...."
Thank For Reading.